Saturday, December 8, 2018

စိတ်ပျက်စရာကောင်းသော အယူအဆတစ်ခု


 (၁)

QA/QC သင်မည့်နေ့က ကျောင်းသို့အသွား မိတ်ဆွေများနှင့် ကော်ဖီဝင်သောက်ကြ၏။ ကျွန်တော့်မိတ်ဆွေက ကော်ဖီဆိုင်တွင် တင်ထားသော စာအုပ်အချို့ယူလာပေး၏။ ကျွန်တော်လည်း စာအုပ်ကို ကောက်လှန်ကြည့်မိ၏။

မြတ်စွာဘုရား။

အခြားစာများမဖတ်ရသေးမီ ပထမဆုံးစာမျက်နှာမှ စာတစ်ပိုဒ်ကို ဖတ်လိုက်ရသည်နှင့်ပင် ကျွန်ုပ်မျက်လုံးများမှာ ၅ စင်တီမီတာခန့် ပြူးကျယ်သွားရလေသတည်း။

အခြားစာများကို ဆက်ဖတ်ကြည့်ရင်း ကျွန်ုပ်မှာ စာများကို ဆက်မဖတ်ရဲတော့လောက်အောင်ပင် ကြောက်လန့်လာမိလေ၏။ သည်စာများကိုသာ လူငယ်များ ဖတ်မိကြလျင်ဖြင့် ဘုရားဘုရား။ (တစ်နှစ်လုံးနေလို့ တစ်ခါမှ ဘုရားကိုသတိမရ။ ယခုမှ သတိရလေသည်ဖြစ်ရာ ဘုရားကိုသတိရအောင် ပြုလုပ်ပေးသော အနှီမောင်မင်းကြီးသားကို ကျေးဇူးတင်ရပေသည်တမုံ့။)

၎င်းစာများကား အဆိပ်ထက်ဆိုးသော စာများတည်း။
အဆိပ်ဟူသည် သောက်သူတစ်ယောက်ကိုသာ သေစေနိုင်၏။ သို့တိုင် သေချင်သူမှလွဲ၍ အားအားလျားလျား မည်သူမှ အဆိပ်ကို ရေငတ်ပြေ သောက်သူဟူ၍ ရှိလိမ့်မည်မဟုတ်။ သို့အတွက် အဆိပ်ကို သိပ်ကြောက်စရာမရှိ။

သို့သော် သည်စာအုပ်ကို အပျင်းပြေ ကောက်ကက်လှန်ရာမှ သည်စာများကို သဘောကျကာ ကျင့်သုံးသွားလျှင်ဖြင့် ကိုယ်ကျိုးကြီး နည်းပေလိမ့်မည်။ နောက်ပြီး စာအုပ်ဆိုတာ တစ်အုပ်ထဲထုတ်တာမဟုတ်။ အနည်းဆုံး အုပ် ၅၀၀၊ ၁၀၀၀ မျှ ထုတ်တာဖြစ်သဖြင့် လူ ၅၀၀၊ ၁၀၀၀ လောက်များဖတ်မိလို့ကတော့ ရင်လေးစရာဖြစ်လေသည်။ သို့သော် ဖတ်သူတိုင်း သူ့အယူအဆကို ကြိုက်လိမ့်မည်လို့တော့ မယူဆပါ။

နောက်ပြီး စာအုပ်တဲ့ခင်ဗျာ။ ကြည့်လိုက်ပါဦး၊ ရေးထားတာတွေကလည်း။ လဖက်ရည်ဆိုင်မှာ ထိုင်ပြောတာတွေကို လိုက်မှတ်ထားသလိုမျိုး ရေးထားတာဖြစ်၏။ သဟာနှင့်တောင် စာအုပ် ၅ အုပ်လား၊ ၆ အုပ်လား ထုတ်ပြီးပြီဆို၏။

(၂)

ဖေ့စ်ဘုတ်ကောင်းမှုဖြင့် သိပ်မကြာသေးမီက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းမှ ကြေငြာချက်တစ်ခုကို ဖတ်လိုက်ရ၏။ ဘာတဲ့၊ ဖြတ်လေးဖြတ် စီမံကိန်းဆိုပါကလား။ 

  
ကျွန်တော်တို့ငယ်စဉ်ကလေးဘဝ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) များကို အပြတ်တိုက်တော့ တော်လှန်ရေးကောင်စီတပ်များက ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးခဲ့၏။ ရိက္ခာဖြတ်၊ သတင်းဖြတ်၊ လက်နက်ဖြတ် စသည်ဖြစ်ပါလိမ့်မည်။ ကျွန်တော်က ၅ နှစ်သား လောက်ပဲ ရှိသေးတော့ ကောင်းကောင်းမမှတ်မိ။

ထိုကျောင်းစီမံခန့်ခွဲသူက ဤသည်ကိုအားကျကာ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးသည်ထင့်။ သေပါပေရော့ မောင်ကျောင်းသားတို့။

ကျွန်ုပ်တို့ရွှေပြည်ကြီး၌ ကျောင်းတက်ရခြင်း၏ ရည်ရွယ်ချက်မှာ နှစ်ခုသာရှိလေသည်။

၁။ ဆရာဝန်ဖြစ်ဘို့
၂။ အင်ဂျင်နီယာဖြစ်ဘို့

ဆရာဝန်နှင့်အင်ဂျင်နီယာဖြစ်ဖို့သာ အရေးကြီးသည်။ တခြား ဘာအရည်အချင်းတွေ၊ ပညာတွေ၊ စာရိတ္တတွေ၊ ပြည်သူ့နီတိတွေ၊ နီတက်တွေ လာပြောမနေနှင့်။ အလကား။ ဘာမှ အသုံးကျတာတွေမဟုတ်။

"အားကစားလား။ မင်းအားကစားလုပ်လို့ ဘယ်လောက်ရမတုံး။ အားကစားဆိုတာ သက်မွေးဝမ်းကျောင်းပညာလားကွ။ ဖွမ်။"
"ပန်းချီ၊ ဟားဟား။ ဘယ်ပန်းချီဆရာသူဋ္ဌေးဖြစ်သတုံးကွာ။ ငါ့ကိုလက်ဆွဲပြစမ်းပါ။"
"ဂီတ။ အောင်မယ်လေးကွာ။ ပိုက်ဆံရှိသီချင်းဆိုလို့ ဖြစ်ပါတယ်ကွ။ ဟို မြို့မေတ္တာခံယူတဲ့သားလေးတောင် သီချင်းဆိုလို့ ဖြစ်သေးတာ။ ငါတို့က ဘာမဖြစ်စရာရှိမတုံး။"
"ဘာ၊ သမိုင်း။ မင်း သမိုင်းအဓိကနဲ့ဘွဲ့ရရင် ဘာအလုပ်ရှာမလဲ။ ငါ့ ပြောစမ်းပါကွာ။ သောက်ကယိုးနဲ၊ သမိုင်းများ ထူးထူးထွေထွေလုပ် သင်နေရတယ်လို့။ စာအုပ်ဆိုင်တွေသွားကြည့်၊ သမိုင်းစာအုပ်တွေမှ မလိုချင့်အဆုံး။"
သည်လိုပြောစကားများ မကြားချင်မှ အဆုံးရှိမည်။
တချို့ဘာသာရပ်တွေဆို တက်မည့်သူတောင်မရှိဟု သတင်းများတွင် ဖတ်ရ၏။

သည်တော့ ကျောင်းတက်ရာ၌ ဆယ်တန်းမှာ အမှတ်အများဆုံးရဘို့လောက် ဘယ်ဟာမှ အရေးမကြီး။ နင့်ဟာနင် ဗမာပြည် ဘယ်သူ သမ္မတဖြစ်ဖြစ်၊ ငါနဲ့ဘာဆိုင်တုံး။ ဆယ်တန်းမှာ အမှတ်ကောင်းမှ ဆရာဝန်ဖြစ်မှာ။

မိဘတွေကလည်း သည်းသည်းလှုပ်၏။ ပုဂ္ဂလိကကျောင်းတွေ၏ အဓိကရည်ရွယ်ချက်မှာလည်း ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူး ဘယ်နှစ်ယောက်ပါရမည်။ ဗမာပြည်မှာ အမှတ်အများဆုံးရရေး - ဒို့အရေး တွေ ဖြစ်ကုန်တော့သည်။
အိမ်း၊ သူတို့ကိုလည်း အဆိုးမဆိုသာပြန်။ ခေတ်ကြီးကိုက အဲသလို ဖြစ်နေမင့်ဟာကိုး။

ဒဿနိက၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ပထဝီ၊ သမိုင်း၊ ရုက္ခဗေဒ၊ သင်္ချာ၊ ရူပဗေဒ စသည့်ဘာသာရပ်များနှင့်ဘွဲ့ရလာလျှင် ဘာလုပ်စား မည်နည်း။ အလုပ်ရှိသည့်တိုင် လူသိမများ။ မတွင်ကျယ်။ အကန့်အသတ်ရှိသည်။ အဲလေ၊ အလုပ်ခေါ်စာများတွင် ဘွဲ့တစ်ခုခု ရရမည်ဆိုလျှင်တော့ မျှော်လင့်ချက်ရှိပါသည်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်မည် ဆိုလျှင်တော့ တမျိုးပေါ့။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွင် မိမိသင်ယူလေ့လာထားသည့် ပညာများကို ပြန်လည် အသုံးချဘို့ဆိုတာကတော့ သာမန် ကြက်တူရွေးစာကျက်သလိုမျိုးနှင့် မရနိုင်။ တကယ် စိတ်ဝင်တစားလေ့လာလျှင် တစ်နည်းနည်းနှင့် ပြန်လည် အသုံးချနိုင်ပါမည်။

ကျွန်တော်ကတော့ ဆယ်တန်းမှာ အမှတ်မကောင်းလို့ တစ်သက်လုံး လူရာမဝင်တော့ဟု မယူဆပါ။
သူတို့လိုဖြင့် အင်ဂျင်နီယာနှင့်ဆရာဝန်လိုင်းမရသူအားလုံး သုံးစားလို့မရဖြစ်တော့မည်။
သင့်အိမ်နားက လူတွေကို နည်းနည်းလောက် စေ့ငုကြည့်စမ်းပါ။
အင်ဂျင်နီယာ၊ ဆရာဝန်ဦးရေနှင့် အခြားလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်းလုပ်နေသူဦးရေ ဘယ်သူပိုများသနည်း။
(ငါတို့ ဘာလို့ကျောင်းတက်ကြသလဲ ခေါင်းစဉ်ဖြင့် ကျွန်တော် စာရှည်ကြီးတစ်ပုဒ်ရေးဖူးပါသည်။ မြို့ရွာ လေးငါးဆယ်ခု လောက်တွင်လည်း ဟောပြောပွဲများ ပြုလုပ်ပေးဖူးပါသည်။ စိတ်ဝင်စားသူများ ရှာဖွေဖတ်ကြည့်နိုင်ပါသည်။)

ကိုယ့်ကြိုးစားမှုဖြင့် ဆယ်တန်းမှာ အမှတ်ကောင်းရတာကို ကြိုဆိုပါသည်။
သို့သော် ဖြတ်လေးဖြတ် လုပ်ရလောက်အောင်ထိတော့လည်း မလိုအပ်ဟု ထင်ပါသည်။
(ဤသည်မှာ ကျွန်တော့်အယူအဆမျှသာ ဖြစ်ပြီး ကျွန်တော်သာမှန်ရမည်ဟု မဆိုလိုပါ။)

လူသည်လူသာဖြစ်၏။ စက်ရုပ်မဟုတ်။
အိုးနှင့်ဆန် တန်ရုံသာကောင်းသည်။
နွားကလေးကို စပါးနှစ်ဆယ်ဝန် ဆွဲခိုင်းလျှင် ဝန်ပိသေရုံသာရှိမည်။
ပုံတွင်ပြထားသော မြင်းကလေးကို ကြည့်ပါ။ နောက်မှ နောင်တ မရပါစေနှင့်။



ဆယ်တန်းတွင် အမှတ်ကောင်းရဘို့ အလွန်အရေးကြီးကြောင်း လက်ခံပါသည်။ သို့သော် အတင်းတွန်းလုပ်လို့ ကလေးက ကြောင်သွားတာ၊ ရူးသွားတာ၊ စိတ်ကျရောဂါရသွားတာမျိုးဆိုလျှင်တော့ မိဘတွေ ရင်ကျိုးစရာဖြစ်လိမ့်မည်။

စင်ကာပူတွင်မတော့ များမကြာသေးမီက အသက် ၁၁ နှစ်သာရှိသေးသည့် ကျောင်းသားတစ်ယောက် စာမေးပွဲကျ၍ တိုက်ပေါ်မှ ခုန်ချသေသွားသည့်သတင်းကို ဖတ်လိုက်ရသည်။ စာမေးပွဲကျခြင်းသည် သေလောက်သည့်ကိစ္စတစ်ခုဖြစ်ပါသလား။ ထိုကလေး အဘယ်ကြောင့် တိုက်ပေါ်မှ ခုန်ချရသနည်း။

Ref:
https://www.straitstimes.com/singapore/courts-crime/death-of-boy-11-who-fell-17-floors-after-failing-his-exams-for-the-first-time

စဉ်းစားစရာ ဖြစ်ပါသည်။

ကျွန်တော်ဒေသကောလိပ်ကျောင်းသားဘဝတုံးက နက်ဖြန်ခါ သင်္ချာဖြေမယ်ဆိုတာတောင် သည်ကနေ့ ရုပ်ရှင်သွားကြည့်တာ မှတ်မိပါသေးသည်။ ရုပ်ရှင်ကားနာမည်က Which Is Sronger Karate or Tiger. ဖြစ်၏။

သည်စာအုပ်ထဲက စာတွေကို မေးတာသာဖြစ်၍ နှစ်စမှ နှစ်ဆုံးတိုင် ကျေကျေညက်ညက် လုပ်သွားလျှင် ဘာမှ စခန်းသွင်းတာတွေ၊ စခန်းသွက်တာတွေ လုပ်နေစရာမလို။ ဖြတ်လေးဖြတ်တွေ၊ ဖြတ်ရှစ်ဖြတ်တွေ လုပ်နေစရာမလို။ ပုံမှန်အိပ်၊ ပုံမှန်စား၊ ပုံမှန်ကစား၊ ပုံမှန်ရုပ်ရှင်ကြည့်၊ ပုံမှန်သီချင်းဆိုနေရင်း စာမေးပွဲကို သက်တောင့်သက်သာ ကျော်လွှားနိုင်ပါသည်။

အသည်းအသန် သေကောင်ပေါင်းလဲလုပ်ခြင်းအားဖြင့် မိမိရည်မှန်းချက်သို့ မရောက်နိုင်ကြောင်း ခင်ဗျားတို့၊ ကျွန်ုပ်တို့ ကိုးကွယ်နေသည့် မြတ်စွာဘုရားက ဒုက္ကရစရိယာကို (၆) နှစ်ကျင့်သုံးပြီး သက်သေပြသွားခဲ့လေပြီ။ သဟာနှင့်များတောင်မှ အသင်တို့က အနှီ အတ္ထကိလမထာနုယောဂေါလမ်းစဉ်ကြီး မှန်ပါသည်ဆိုလျှင်ဖြင့် ကျွန်ုပ်အနေနှင့် ပြောစရာမရှိပါ။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဤသည်မှာ ကျွန်ုပ်၏ ကိုယ်ပိုင်အယူအဆသာ ဖြစ်၍ ကြိုက်မှလက်ခံ၊ မကြိုက်လျှင် အားမနာ၊ ပါးမနာ လွှင့်ပစ်လိုက်ပါ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း (အတင်းအဓမ္မဆိုသည့်စကားကို ရွံမုန်းသူ)
၈ ဒီဇင်ဘာ၊ ၂၀၁၈

No comments: