Sunday, December 30, 2018

ဗိုမစ်ဘလတ်ဒ်


သည်စကားမှာ စလုံးစကားဖြစ်၏။ အော့နှလုံးနာစရာ ကိစ္စတစ်ခုခုကို တွေ့လျှင် စလုံးများက ဗိုမစ်ဘလတ် (Vomit blood.) ဟု ပြောတတ်ကြသည်။ သွေးတောင်အန်ချင်တယ် ဟု ဘာသာပြန်လို့ရမည် ထင်ပါ၏။

ယခုလည်း ဗိုမစ်ဘလတ်ကိစ္စတစ်ခု ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေလေ၏။

အခြားမဟုတ်။ မိတ်ဆွေတို့ ဝိုင်းဝန်းသြဘာပေးနေကြသည့် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲ အကြောင်း ဖြစ်ပါသည်။
သည်ကိစ္စ ကျွန်တော်ပထမဆုံး စဖတ်မိသည်မှာ ဆရာ သရဝဏ်(ပြည်) ၏ ပို့စ် အတိုလေး ဖြစ်၏။
မြို့တော်ခန်းမ၌ ကျင်းပသည့် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲတွင် လူတစ်ဦးတစ်ယောက် တက်ရောက်လာ၍ စာရေးဆရာများ ထပြန်သွားကြသည့် ကိစ္စဖြစ်၏။

စာရေးဆရာများ အဘယ်ကြောင့် ထပြန်သွားရသနည်း။
တော်ရုံတန်ရုံလူဆိုလျှင်ဖြင့် နားလည်မှုနှင့် သည်းခံကြပါလိမ့်ဦးမည်။
အနှီပုဂ္ဂိုလ်ကား သမိုင်းကြောင်း မကောင်းခဲ့သူဖြစ်၏။
တကယ့် အထင်ကရ စာရေးဆရာ၊ ဆရာမကြီးပေါင်း မြောက်များစွာ ၎င်း၏လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြ၊ ဒုက္ခသုက္ခ ရောက်ခဲ့ကြရ၏။

သက်ကြီးစာပေပညာရှင်ဟု ခေါ်ရလောက်အောင် စာပေနှင့်ပတ်သက်၍ ၎င်း၏စွမ်းဆောင်ချက်များကို ပြန်ကြည့်ရပါမည်။
ကျွန်တော်တွေ့သမျှကတော့ သူ့အကြောင်းကိုရေးထားသည့် "ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ - မှော်ဝန်းသားဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)" စာအုပ်တစ်အုပ်သာ ဖြစ်ပါသည်။ တခြား ဝတ္တုတွေ၊ ဆောင်းပါးတွေ ရေးတာပဲ မတွေ့မိပါ။ ကျွန်တော် မသိတာဆိုလျှင်လည်း ဤနေရာတွင် ထောက်ပြစေလိုပါသည်။ သူ့အတ္ထုပ္ပတ္တိစာအုပ်ကရော၊ သူကိုယ်တိုင်ရေးတာလား သူများကို ရေးခိုင်းတာလား။

ထိုစာအုပ်တစ်အုပ် ရေးဖူးရုံမျှဖြင့် စာပေပညာရှင်ဖြစ်ပါပြီလား။

သည်လိုဆိုလျှင် စာပေဆိုတာဘာလဲ ဆိုသည်ကို ပြန်စစ်ကြည့်ကြမည်။

စာပေဆိုလိုက်သည်နှင့် စစ်နှင့်ငြိမ်းချမ်းရေး၊ အင်နာကရနီနာ၊ လေရူးသုန်သုန် စသည်တို့ကိုသာ ပြောကြသည်။ မည်သူမျှ အတွဲပေါင်းများစွာရှိသည့် အင်္ဂလိပ်အင်ဆိုက်ကလိုပီးဒီးယားကြီးများကို မညွှန်းကြ။ အာကာသသိပ္ပံစာအုပ်ကြီးများ၊ ဘောဂဗေဒ ကျမ်းများကို မညွှန်းကြ။

အဝေးသင်တက္ကသိုလ်၊ မြန်မာစာ၊ တတိယနှစ်တွင် စာပေနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုပုံ ပါ၏။ ထိုအထဲမှ ဆရာဇော်ဇော်အောင် ၏ ဖွင့်ဆိုချက်ကို ညွှန်းထားတာလေး ပြန်လည် ဖောက်သည်ချပါရစေ။

ဆရာဇော်ဇော်အောင်၏ စာပေနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်၏။  

စာပေဆိုသည်မှာ တစ်စုံတစ်ခုသော ခံစားမှုကို စိတ်ကူးဉာဏ်ကွန့်မြူး၍ ဘာသာစကားကို အသုံးပြုကာ ပြန်လည်ဖန်တီးထားသော ရသ သဘော လွှမ်းမိုးလွန်ကဲ့နေသည့် အနုပညာပစ္စည်း ဖြစ်သည်။

သို့အတွက် စာပေဟူသည် အနုပညာတစ်ရပ် ဖြစ်၏။ လူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးချက် ဖြစ်၏။ ရသပါ၏။

(အဲလေ - မှော်ဝန်းသား၏ စာအုပ်တွင်လည်း ရသ ပါပါသည်။ ပါသမှ ရသမျိုးစုံပါသည်။ ပထမ - ဟာသရသပါသည်။ ဒုတိယ - အဗ္ဘုတရသ ပါသည်။ တတိယ - ဘယာနက ရသပါသည်။ ဘယာနကရသပါရခြင်းကား ဤစာအုပ်အကြောင်း ကျွန်ုပ်ရေးနေစဉ် ခြေလွန် လက်လွန်တွေပါသွားပြီး တရားစွဲခံရမှာ အလွန်အင်မတန် ကြောက်နေသောကြောင့် ဖြစ်သတည်း။

ကျွန်ုပ် အနှီ အတ္ထုပ္ပတ္တိစာအုပ်ကြီးကို ဖတ်နေပုံကိုသာ ဗီဒီယိုရိုက်ထားပါက အသင်တို့သည် ကျွန်ုပ်၏ အမျိုးမျိုး ပြောင်းလဲနေသည့် မျက်နှာကြီးကို မြင်ကြရမည် ဖြစ်၏။ အချို့နေရာများတွင် မဲ့ပြုံးပြုံးလိုက်သည်ကိုလည်းကောင်း၊ အချို့နေရာများတွင် မင်းပဲပြော ဟု မှတ်ချက်ပေးနေပုံကိုလည်းကောင်း၊ အချို့နေရာများတွင် မှတ်တောင်ထားလိုက်ရအုံးမယ် ဟု သရော်နေပုံကိုလည်းကောင်း မြင်ကြရပေမည်။

နမူနာ နည်းနည်းပြရလျှင် -
စာမျက်နှာ ၉၊ ၅၇ - ၈၈ အရေးအခင်း
စာ ၁၁၊ ၈၆ - ဒီမိုကရေစီစနစ်ကြီးကို တပ်မတော်အစိုးရက စတင်လမ်းခင်းပေးခဲ့ခြင်း
စာ - ၈၀ မှ ၈၄ ထိ - တပ်မတော်အစိုးရ၏ ဆောင်ရွက်ချက်များ
စာ - ၈၅ - သစ်တောတွေခုတ်ရတာ -
ဤကား စကားချပ်)

လက်တွေ့ဘဝအတွေ့အကြုံများကို နှလုံးသားဖြင့် ခံစားကာ မိမိ၏ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးထားသော စာသာလျှင် စာပေ စာရင်း ဝင်၏။ ဥပမာ တက္ကသိုလ်ဘုန်းနိုင်၏ နှင်းငွေ့တစ်ထောင့်၊ မိုးတစ်မှောင့်

သို့အတွက် ဘာဖန်တီးချက်မှမပါသော စာကို စာပေစာရင်းမသွင်း။ ဥပမာ - ကျွန်တော်၏ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက် ခြင်း စာအုပ်သည်လည်းကောင်း၊ ပိုက်ပြင်ပိုက်ဆက်လက်စွဲ စာအုပ်သည်လည်းကောင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး စာအုပ်များသည်လည်းကောင်း စာပေ စာရင်းမဝင်ပါ။

ထိုကျွန်ုပ်ရေးခဲ့သော စာအုပ်များမှာ အကြောင်းအရာ၊ အချက်အလက်များချည်းဖြစ်၏။ ဘာနှလုံးသား ခံစားချက်မှ မပါ။ တစ်နည်းအားဖြင့် စာဖတ်သူကို ဘဝအမောပြေစေရန် လုပ်မပေးနိုင်။ ဆရာဇော်ဂျီက စာပေဖန်တီးသူ၏ တာဝန်မှာ စာဖတ်သူကို ဘဝအမောပြေစေရန် ဖြစ်သည် ဆို၏။ ကျွန်ုပ်၏ စာအုပ်များမှာ စာဖတ်သူများကို ဘဝအမောပြေစေရန် မတတ်နိုင်သောကြောင့်၊ တစ်နည်း ဘဝအမောပြေစေရန်ဟူသည့် ရည်ရွယ်ချက်နှင့် အလှမ်းဝေးလျက်ရှိသောကြောင့် စာပေစာရင်း မသွင်းနိုင်ခြင်း ဖြစ်၏။

ဆရာကြီးပီမိုးနင်းအလိုအရ - အလောင်းစည်သူမင်း၏ အတ္ထုပ္ပတ္တိကိုရေးမည်ဆိုလျှင် လူတိုင်းရေးတတ်သည်။ သူ့မှာ မှီငြမ်းစရာ သမိုင်းစာအုပ်တွေ အများကြီးရှိသဖြင့် ကူးချလိုက်ရုံဖြစ်၏။ သို့သော် မီးဖိုချောင်ထဲက လက်နှီးစုတ်အကြောင်း ရေးပါဆိုလျှင်မူ ရေးရ အင်မတန်ခက်ချိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လက်နှီးစုတ်အကြောင်းကို မည်သည့်ကျမ်း၌ သွားရှာရပါမည်နည်း။ သို့အတွက် အလောင်းစည်သူမင်း အတ္ထုပ္ပတ္တိကို စာ ဟု မခေါ်။ လက်နှီးစုတ်အကြောင်းကို ဖတ်ကောင်းအောင် ရေးတတ်မှသာ စာဟု ခေါ်သည် ဆို၏။

ကျွန်ုပ်ဤမျှ လျှာရှည်ပြီးပြီဆိုလျှင် မိတ်ဆွေတို့အနေနှင့် လူရှေ့သူရှေ့တွင် အရှက်မရှိ မိန့်မိန့်ကြီးထိုင်ကာ အပူဇော်ခံနေသည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကြီးကို စာပေပညာရှင်ဟုတ်မဟုတ် ဆုံးဖြတ်ချက် ချနိုင်ကြပြီ ဖြစ်ပါသည်။

ထို့ထက် ထိုသူ့ကို စာပေပညာရှင်စာရင်းသွင်းကာ ဖိတ်ကြားလာသည့် သူများကိုလည်း ကျွန်ုပ် အလွန်တရာမှ အံ့သြမိရပါသည်။ အဲလေ ခါးလေးကုန်းပြီးတော့ လက်ဆောင်ပစ္စည်းပေးတဲ့သူကလည်း ပေးလိုက်သေး၏။ အင်း၊ သူ့အရပ်နဲ့ သူ့ဇာတ်တော့လည်း ဟုတ်လို့ကိုး။ ကျွန်ုပ်ပဲ မှားပါတယ်။

ဖြစ်ချင်တိုင်း (ဟုတ်ပေါင်) ပျက်ချင်တိုင်းပျက်နေသည့် ကျွန်ုပ်တို့တိုင်းပြည်ကြီး၌ သူများတိုင်းပြည်တွေမှာ မမြင်ရတာတွေ အကုန် မြင်ရမည်။ မကြားဖူးတာတွေ အကုန်ကြားရမည်။

တော်ပါပြီ။ စိတ်ကုန်လွန်းလို့ တကယ့်ကို တော်ပါပြီ။
စလုံးတွေပြောသလို ကျွန်ုပ်လည်း ဗိုမစ်ဘလတ် ဖြစ်၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၉ ဒီဇင်ဘာ၊ ၂၀၁၈။ ည ၁၁း ၅၄ နာရီ

No comments: