ဖေ့စ်ဘုတ်ပေါ်တွင်
အသားကုန်အဆဲခံနေရသည့် မန္တလေးအမျိုးသားဇာတ်ရုံ၌ ကပြခဲ့သော လင်္ကာဒီပချစ်သူပြဇာတ်နှင့်
ပတ်သက်၍ ကျွန်ုပ်၌ တွေးစရာများ ရလာပြန်သောကြောင့် ရေးလိုက်ရပြန်ပေကြောင်း။
ထိုပြဇာတ်နှင့်ပတ်သက်၍
အကောင်းဆုံးဝေဖန်ချက်မှာ ကိုဖြိုးမြင့်ဝေ၏ လင်္ကာဒီပချစ်သူစစ်တမ်း ဖြစ်ပါသည်။
Link:
https://www.facebook.com/phyomyint.wai.3/posts/1133889036819945
(၁)
လင်္ကာဒီပချစ်သူဆိုတာ ရာမာယနနဲ့ လားလားမှမဆိုင်
ရာမာယနဇာတ်
မြစ်ဖျားခံရာသည် အိန္ဒိယဖြစ်၏။ ရာမာယနဇာတ်ကို ပြုစုသူမှာ ဝါလမိကိရသေ့ကြီးဖြစ်၏။ မြန်မာယဉ်ကျေးမှုတွင်
ရာမဇာတ်နှစ်မျိုးရှိ၏။ တစ်မျိုးမှာ ဝါလမိကိ၏ ရာမာယနမှ ဆင်းသက်လာသော ရာမဇာတ်ဖြစ်ပြီး
နောက်တစ်မျိုးမှာ ဘုရား အလောင်း ရာမမင်းသားဇာတ်တော်ဖြစ်၏။ ထိုနှစ်ခုကို သီးခြားစီခွဲ၍
မှတ်ယူရမည်ဆို၏။ ထို့ပြင် ဟိန္ဒူတို့၏ ရာမနတ်ဘုရားလည်း ရှိသေး၏။ ဟိန္ဒူတို့က ၎င်းတို့၏နတ်ဘုရား
ရာမ မှာ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားအလောင်း ရာမပင်ဖြစ်သည်ဟု မှတ်ယူကြောင်း ဖတ်ဖူးပါသည်။
ကျွန်တော်ငယ်စဉ်
အလယ်တန်းကျောင်းသားဘဝက အစ်ကိုကြီးက စာပေဗိမာန်အသင်းဝင်ထားသောကြောင့် စာပေဗိမာန်ထုတ်
စာအုပ်များကို လစဉ် ရရှိခဲ့ဖူး၏။ ထိုအထဲတွင် မြန်မာရာမဇာတ်ရုပ်စုံစာအုပ်လည်းပါ၏။ ပုံများမှာ
အလွန်ကောင်းလှ၍ ကျွန်တော် အလွန်နှစ်သက်လှသော စာအုပ်ဖြစ်၏။ သို့သော် ကလေးဆိုတော့ စာအုပ်များကို
ဘယ်လိုသိမ်းရမည်မှန်း သေသေချာချာ မသိသေး။ ထို့ပြင် ကျွန်တော်တို့ အလယ်တန်းအောင်သည့်အခါ
ကွင်းကောက်မှ လေးမျက်နှာသို့ ပြောင်းခဲ့ရာ အိမ်အကူးအပြောင်း တွင် စာအုပ်တော်တော်များများ
ပျောက်ကုန်သည် ထင်ပါသည်။
မြန်မာ့ယဉ်ကျေးမှုအတွင်း
ရာမဇာတ်တော်သည် အတော်နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လျက်ရှိပါသည်။ မြန်မာမှန်လျှင် ရာမ၊
သီတာ၊ ဒသဂီရိတို့ကို မကြားဖူးသူမရှိ။ သည်တော့ သည်ကိစ္စကျွန်တော် အကြောရှည် မနေတော့ပါ။
လိုရင်းမရောက်မှာကို စိုးပါသည်။
မူရင်းက
ရာမာယန၊ ၎င်းကို ဆရာချစ်ဦးညိုက လင်္ကာဒီပချစ်သူအဖြစ် ဖန်တီးလိုက်၏။ လင်္ကာဒီပချစ်သူဆိုတာ
ဘယ်ကနေလာမှန်း တောင်မသိဘဲ လင်္ကာဒီပချစ်သူ ပြဇာတ်ကမယ် ဆိုတော့ ကျွန်တော့်မှာ ပြောစရာစကားတောင်
မရှိတော့ပါ။ ကိုဖြိုးဝေမြင့်၏ ပို့စ်တွင်ပါသည့် အင်တာဗျူးလင့်ကိုကြည့်ပြီး အတော်တောင်
လန့်ဖြတ်သွားမိသည်။
ပြောထားတာလဲ
ကြည့်ပါဦးခင်ဗျာ။ (ကိုဖြိုးဝေမြင့်ရေးထားတဲ့အတိုင်း ကော်ပီကူးတင်ပါသည်။)
"လူတွေက လင်္ကာဒီပချစ်သူ ဆိုတာနဲ့ ရာမ၊
လက္ခဏဇာတ်ကို ပြေးမြင်ကြတယ်။ တကယ်တော့ ရာမ၊ လက္ခဏဇာတ် မဟုတ်ဘူး။ ဆရာကြီးချစ်ဦးညို
စိတ်ကူးယဉ်ပြီး ရေးဖွဲ့ထားတဲ့ဝတ္ထုကို ပြန်ကမှာ။"
စကတည်းက
အဲသလိုယူဆထားတယ်ဆိုတော့ ဒီလို ပေါက်တတ်ကရပုံတွေထွက်လာတာကို မအံ့သြမိတော့ပါ။
(၂)
လွဲမှားသည့် ခံယူချက်များ
ထို
လင်္ကာဒီပချစ်သူပြဇာတ်က ကျွန်ုပ်တို့သည် လွဲမှားသောခံယူချက်များနှင့် နှလုံးမွေ့လျော်
ပျော်ပိုက်နေသော လူမျိုးများ ဖြစ်ကြောင်း ကောင်းကောင်းကြီး မီးမောင်ထိုးပြထား၏။
ကျွန်ုပ်တို့လူမျိုးများသည်
(ဤနေရာတွင်ပြောသည့် ကျွန်တော်တို့လူမျိုးများ ဆိုသည်မှာ ၂၁ ရာစုသည်ဘက်ခေတ်က လူမျိုးများကို
ပြောခြင်းဖြစ်၏။) ဘယ်အရာကိုပဲ လုပ်သည်ဖြစ်စေ၊ မည်သည့်အခါမှ လှလှပပ၊ ကျကျနန၊ သေသေသပ်သပ်။
စေတနာပါပါနှင့် ကောင်းကောင်းမွန်မွန် လုပ်လေ့မရှိကြ။ ပြီးပြီးရော လုပ်သည်။ ဖြစ်ကတတ်ဆန်းလုပ်သည်။
(ငါးခုံးမတစ်ကောင်မကောင်းမှုကြောင့်
တစ်လှေလုံးကို ပတ်ရမ်းရတာ အားနာပါသည်။ သို့သော် ခဏတော့သည်းခံလိုက်ကြပါဦး။)
မအေးနှင်းယုက
အလွန်ကောင်းလှပါသည်။ ကြည့်ဖြစ်အောင် ကြည့်ချေပါ ဟု တိုက်တွန်းသဖြင့် ကျွန်တော် မုန်းစွဲ
ကို သွားကြည့်မည်ဟု နမူနာများရှာ ကြည့်၏။ သို့သော် သူ့ မုန်းစွဲသည်လည်း သည်ပုပ်ထဲက
သည်ပဲပင် ဖြစ်၏။ နမူနာများကြည့်ပြီး စိတ်ပျက်လှသည်နှင့် ကျွန်တော် သွားမကြည့်ဖြစ်တော့ပါ။
နာမည်ကြီးလှသော
ခီမောင်နှံ၏ ကားများကို ကျွန်တော် သွားကြည့်ပါသည်။ ကြည့်သမှ အာရုံကို ဘယ်မှမရောက်စေပဲ
ကျကျနန နှစ်ပြီးကြည့်တာဖြစ်၏။
သည်တွင်
ကျွန်တော်တစ်ခု သတိထားမိသည်မှာ သူတို့ရိုက်ထားသည့်အထဲ၌ အလွန်ထူးခြား ဆန်းပြားသည်များကို
မတွေ့မိ။ (ကျွန်တော်ကပဲ နိုင်ငံခြားကားတွေ တောက်လျှောက်ကြည့်နေလို့လား မပြောတတ်။) လူတွေ
အဘယ်ကြောင့် လက်ခံကြသနည်း ဆိုသည့်အချက်မှာ မပေါခြင်းကြောင့် ဖြစ်၏။ သူတို့ရိုက်ထားတာတွေက
ဣနြေ္ဒရသည်။ အလွန်ပေါလှသည့်ကားများ အကြားမှ မပေါသည့်ကားထွက်လာတော့ အလွန် အောင်မြင်ရခြင်းဖြစ်သတည်း။
စက်တွေပိုကောင်းလာလို့
ရိုက်ချက်တွေ ပိုကောင်းလာတာသာ ရှိပါသည်။ ဟိုးယခင်က ဆရာကြီး ရွှေဒုံးဘီအောင်တို့၊ ဘိတ်ကလာတဲ့ငံပြာရည်တို့၊
ဆရာကြီး ဦးသုခတို့ ရိုက်ထားတဲ့ကားတွေကိုလည်း ကြည့်ကြည့်ကြစမ်းပါ။
ကျွန်တော်တို့မှာ
နမူနာယူစရာ ရုပ်ရှင်ကားကောင်းတွေ အများကြီးရှိပါသည်။ ယခင်က ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊
ညွန့်ဝင်း၊ မြင့်အောင်၊ အောင်အောင်၊ ဦးကျောက်လုံး၊ ဖိုးပါကြီး၊ စိန်မြင့် စသဖြင့်
အတုယူစရာ မင်းသားတွေ အများကြီးရှိသလို မင်းသမီး တွေထဲမှာလည်း ကြည်ကြည်ဌေး၊ ဝါဝါဝင်းရွှေ၊
ခင်သန်းနု၊ နွဲ့နွဲ့မူ၊ တင်တင်ညို၊ မေသစ်၊ မမြလေး၊ ဒေါ်စိန်ခင် အများကြီးရှိပါသည်။ ရုပ်ရှင်တစ်ကားကောင်းဘို့ဆိုတာ
ဇာတ်ဆောင်တွေတင်မဟုတ်။ ဇာတ်ရံတွေ၊ ဇာတ်ပို့တွေပါ ကောင်းဘို့လိုသည်။ သူတို့ကိုပါနမူနာ
ယူရမည်။ ရှေးကဆရာကြီးတွေ ဘယ်လိုရိုက်ထားတယ်ဆိုတာ အတုယူရမည်။ သင်ယူရမည်။ လေ့လာယူရမည်။
နောက်ပြီး
ရီရတယ်ဆိုတာ ပေါတိုင်းရီလို့ကောင်းတာ မဟုတ်။ အဆင့်အတန်းရှိရှိ ဟာသလုပ်လို့ရပါသည်။ ရုပ်ရှင်ကားကောင်း
ဆိုတာ ဘာလဲသိချင်ရင်၊ မပေါဘဲရီရတယ်ဆိုတာ ဘာလဲသိချင်ရင် စိန်မြင့်၏ "အဖေတစ်ခု၊
သားတစ်ခု" တစ်ကားပဲကြည့်ပါ။ အသင်တို့ သိလာ (အဲလေ - ယူတတ်တယ်ဆိုရင်ပေါ့) ပါလိမ့်မည်။
ယခုတော့
ဖြစ်ကတတ်ဆန်းလုပ်ထားမှန်း သိသာလှ၏။ ကျွန်တော် ပုံတွေမြင်လိုက်ကတည်းက အတော်လေး စိတ်ကုန်မိပါသည်။
ဒါ
ဒီပြဇာတ်တစ်ခုတည်းတင် မဟုတ်ပါ။ အိမ် အိမ်မို့လို့၊ ကျောင်း ကျောင်း မို့လို့။ လမ်း
လမ်းမို့လို့။ ကျောင်းကား၊ ကျောင်းကားမို့လို့ (အဲလေ၊ ရောကုန်ပြီ။ ဆောရီးဆောရီး)။ နေရာတကာ
ဖြစ်၏။
ဤသည်က
ကျွန်တော်တို့လူများသည် ဘာပဲလုပ်လုပ် စီမံကိန်းချပြီး စနစ်တကျ မလုပ်တတ်။ ပြီးပြီးရော
ဖြစ်ကတတ်ဆန်း လုပ်တတ်ကြမှန်း သိသာစေ၏။ အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်လုပ်မယ် ဟု
စေတနာပါပါ မလုပ်တတ်မှန်း မြင်သာစေ၏။ ပိုက်ဆံတစ်ခုကလွဲပြီး အခြား ဘယ်အရာကိုမှ စိတ်မဝင်စားမှန်း
ထင်သာစေ၏။
ကျွန်တော်တို့
မြန်မာမိန်းကလေးတွေပဲ တော်ကြာ ခုန်ချပြန်ပြီ။ တော်ကြာ အိမ်ရှင်ကို ဓားနဲ့ထိုး သတ်ပြန်ပြီ။
တော်ကြာ ထွက်ပြေး လာလို့ စသဖြင့် အသံတွေ ကြားရတယ်။ ဖိလစ်ပိုင်တွေကျ ဘာသံမှမကြားရပါလားဗျ
- ဟု ကျွန်တော်က (စင်ကာပူမှ အိမ်အကူ မိန်းကလေးများနှင့်ပတ်သက်၍) ကိုတင်မင်းကို မေးသည့်အခါ
၎င်းက -
"ဒါက
ဒီလိုရှိတယ်ဗျ ကိုအေးငြိမ်းရဲ့ -
ဖိလစ်ပိုင်တွေက
သူတို့ ကောင်မလေးတွေကို ဘာတွေလုပ်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျကျနန လေ့ကျင့်ပေးလိုက်
ကြတယ်။ ဟိုမိန်းကလေးတွေကလည်း တကယ်တတ်အောင် သင်လာကြတယ်။ ဟော ဒီကျတော့ ဘာမှ အခက်အခဲမရှိတော့ဘူး။
သူတို့ အကုန်လုပ်တတ်တယ်။ နောက်ပြီး အင်္ဂလိပ်လိုလည်း ကောင်းကောင်းပြောတတ်တယ်။ သူတို့ရဲ့
ရပိုင်ခွင့် အခွင့်အရေးတွေ ဘာတွေရှိတယ်ဆိုတာ သိသလို ရအောင်လည်း အလိမ္မာသုံးပြီး ယူတတ်ကြတယ်။
အဲဒီတော့ သူတို့မှာ ဘာပြဿနာမှ မရှိတော့ ဘူး။
မြန်မာပြည်ကလာတာတွေကျတော့
ပိုက်ဆံလိုချင်တာတစ်ခုပဲရှိတယ်။ ဘာဆိုဘာမှ ပြင်မလာဘူး။ အေးဂျင့်တွေကလည်း သင်တန်းပေးလိုက်တယ်လို့တော့
ဆိုပါရဲ့။ တကယ်တတ်အောင် သင်ပေးလိုက်တာ မဟုတ်ဘူး။ အဖြစ်ပဲ။ နောက်ပြီး ကောင်မလေး တွေကိုယ်နှိုက်ကလည်း
မသင်ချင်ကြဘူး။ ငါ နိုင်ငံခြားသွားရမယ်။ အင်္ဂလိပ်စကားလေးတော့ ထမင်းစားရေသောက် တတ်အောင်
လုပ်ထားမှလို့မရှိဘူး။ နောင်ခါလာ နောင်ခါဈေးသဘောထားကြတယ်။ အဲဒီတော့ ဒီလဲရောက်ရော။ ပြဿနာပေါင်းစုံနဲ့
တွေ့ရတော့ တာပဲ။ မခံနိုင်တဲ့သူတွေကျတော့ တိုက်ပေါ်က ခုန်ချတာတွေ ဖြစ်ကုန်တော့တာပေါ့။"
အဲသည့်
မိန်းကလေးတွေတင်ပဲလားဆိုတော့ မဟုတ်ပါ။ ကျွန်တော် ကျွန်တော်တို့ရွာမှ ကောင်လေးတွေကို
ရန်ကုန်လာ သင်တန်း တက်ခိုင်းဘို့ ကြိုးစားဖူးပါသည်။ ပြီးခဲ့သည့်အခေါက် ရန်ကုန်ပြန်တော့
ရွာကကောင်လေးတစ်ယောက်ကို ရန်ကင်းက သင်တန်း ကျောင်းမှာ သင်တန်းတက်ဘို့ လိုက်အပ်ပေး၏။
သင်တန်းကြေး တစ်ပြားမှမပေးရ။ တကယ်တတ်အောင်လည်း သင်ပေးသည်။ သင်တန်းတက်ဘို့ ဟိုက ဖုန်းလည်းခေါ်ရော
မတက်တော့ဘူး ဟု အကြောင်းပြန်လေသည်။
အဲသဟာ
သူတစ်ယောက်တည်းမဟုတ်။ တခြားသူတွေလည်း သူလိုချည်းသာမှတ်။
ရန်ကုန်တက်လာပြီး
အလုပ်ရှာသည်။ ငါဘာလုပ်တတ်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မမေး။ လခဘယ်လောက်ရမလဲက စ မေးသည်။
လခတော့ ၃ သိန်းလောက် လိုချင်သည်။ ၃ သိန်းတန်အလုပ်တွေ ငါလုပ်နိုင်ရဲ့လားလို့ ပြန်မေးဘို့
ဘယ်သူမှ သတိမရကြ။
အခု
ကျောင်းတက်ကြတာရော။ ဘာထူးပါသနည်း။
ပထမအရွယ်
ပညာရှာဆိုသည့်စကားအရ ကျောင်းတက်ရမည့် ဝတ္တရားရှိလို့သာ တက်လိုက်ကြရသည်။ ပညာလိုချင်စိတ်
နည်းနည်းကလေးမှ မရှိကြ။ သူတို့ပညာမတတ်လျှင် ခေတ်ကြီးကို ပုံချမည်။ ခေတ်ကြီးကိုက ဘယ်သို့။
မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကြီးကိုက ဘယ်ညာ။ လက်ညှိုးထိုးသည့်အတတ်ပညာကိုမူ မသင်ပဲ တတ်ပေကြသကိုး။
အဝေးသင်တက္ကသိုလ်
တက်နေသည့် ကျောင်းသားများထဲတွင် ကျောင်းကထုတ်လာသည့် စာစဉ်အထုပ်များကို ကြိုးဖြည်ဖူးသူ
ဘယ်နှစ်ယောက်များ ရှိပါသနည်း။ စေ့စေ့စပ်စပ်လိုက် စုံစမ်းကြည့်စမ်းပါ။
များမကြာမီပင်
ဤလူငယ်များ အရွယ်ရောက်လာ၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြဦးမည်။ သည်တိုင်းပြည်မှ ငါးပါးမမှောက်၊
ဘယ်တိုင်းပြည် မှောက်ပါတော့မည်နည်း။
(၃)
နိဂုံး
ခေတ်ကြီးသည်
အမြဲမပြတ် တိုးတက်ပြောင်းလဲလျက်ရှိ၏။ နည်းပညာတို့သည် လိုက်လို့မမီနိုင်အောင် မြန်မြန်ဆန်ဆန်
ရွေ့လျားနေ၏။ အနို့ ခေတ်ကြီးကိုက အမြဲရွေ့နေမှ သူများနဲ့ ရင်ပေါင်တန်းနိုင်မှာ မဟုတ်လား။
မဟုတ်လျှင် တစ်ချက် သတိလက်လွတ် ဖြစ်သွားတာနှင့် အပြတ်အသတ် နောက်ကောက်ကျသွားနိုင်ကြောင်း
နိုကီယာက သက်သေပြနေ၏။ နိုကီယာ စီအီးအိုက ငါတို့ ဘာမှ အမှားမလုပ်မိကြပါဘူးကွာ . . .
ဒါပေမယ့် ဟု မျက်ရည်စက်လက်နှင့် ဆိုခဲ့၏။
ကျွန်တော်တို့သည်
တိုးတက်ပြောင်းလဲလာသည့် ခေတ်ကြီးကို ကျော်မတက်နိုင်စေကာမူ သူများထက် နောက်မကျနေစေရန်
အမြဲ ကြိုးစားအားထုတ်နေရပေမည်။ စဉ်ဆက်မပြတ် လေ့လာသင်ကြားမှုများ ပြုလုပ်နေရပေမည်။
"ကျွန်တော်တို့ဆီမှာ
တီဗီတွေပေါလာတော့ အစိုးရဆိုတဲ့လူကြီးတွေက သူတို့ကောင်းမှုကြောင့် လူတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်
လာကြတယ်လို့ ထင်နေကြတယ်။ အမှန်က တခြားတိုင်းပြည်တွေက အင်မတန့်ကို လျှံထွက်လာလွန်းလို့
မြန်မာပြည်ကို ရောက်လာကြတာ။ ကိုယ်တော်လွန်းလှလို့ လို့ ထင်မနေနဲ့ဗျ။ အဲဒါ ကိုယ့်ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှု . . ." ဟု လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ကိုဌေးဝင်းနိုင်က ကျွန်တော့်ကို
ကော်ဖီသောက်ကြရင်း ပြောဖူးတာ မှတ်မိနေပါသည်။ (ကိုဌေးဝင်းနိုင်မှာ ဤကမ္ဘာကို တရုတ်တို့
ကြီးစိုးသည့်အခါဝယ် စာအုပ်ကို ဘာသာပြန်သူ ဖြစ်၏။)
ကမ္ဘာကြီးသည် အလွန်လျှင်မြန်စွာ
တိုးတက်ပြောင်းလဲနေ၏။ ကျွန်ုပ်တို့မှာကား ယခုထက်ထိ အိပ်မောကျနေဆဲ ရှိသေးသည်။
စနစ်ဟောင်းကို ဖက်တွယ်ထားလိုသူများဖြင့် လည်ပတ်နေရသည့် အစိုးရယန္တယားပျက်ကြီးထဲတွင်
ရုန်းကန်နေရဆဲ ရှိသေးသည်။ လူငယ်အများစုသည်လည်း မိုးမိုး (အင်းလျား) ၏
ဝတ္ထုခေါင်းစဉ်လို "ပျောက်သောလမ်းမှာ စမ်းတဝါး" ဘဝက လွတ်အောင် ရုန်းမထွက်နိုင်သေးကြ။
ဤပုံဖြင့်
မိုးကြီးချုပ်လိမ့်မည်။
ဤကဲ့သို့သော
ခံယူချက်များနှင့်တော့ ဆက်ပြီး မိုးကြီးချုပ်နေဦးမည်သာ ဖြစ်ပါတော့သတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၈ ဒီဇင်ဘာ၊ ၂၀၁၈။
သန်းခေါင်ကျော် ၁း၀၃ နာရီ
No comments:
Post a Comment