(ဒီမိုခေတ်ကလေးများ
ရောက်လာပလားအောက်မေ့။ စာကလေး ရေးချင်တာတောင် ဟိုဟာနဲ့ငြိမှာကြောက်ရ။ ဒီလူက တရားစွဲမှာ
ကြောက်ရ။ ငါ့နှယ်။ ဒိုးခ ပါဘဲကွာ။ ဒီတော့ အန္တရာယ်ကင်း၊ ဘေးကင်း ဘယ်သူနဲ့မှမငြိတဲ့
(ငြိစရာအကြောင်းမရှိဘူးလို့ ထင်ရတဲ့) ဖိနပ်အကြောင်း ရေးမကွာ။ ဤကား စကားချပ်)
အမှန်မှာ
ကျွန်ုပ်တို့ ဖိနပ်ကို သေသေချာချာ စီးလာကြသည်မှာ ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိပါသေးသည်။
ကျွန်တော် လူပျိုပေါက် ဘဝလောက်ထိ ကျွန်တော်တို့ရွာသူရွာသားများမှာ ဖိနပ်စီးသည့် အလေ့အထ
သိပ်မရှိသေး။ ယခုထက်တိုင် ရွာထဲ၌ ဟိုနားသည်နား သွားကြလျှင် ဖိနပ်မစီးဘဲ ခြေထောက်ချည်းပဲ
သွားနေကြသေးသည်။
တစ်ခါက
ကျွန်ုပ်တို့ရွာမှ လှပျိုဖြူတို့ ရွာနှင့်သိပ်မဝေးလှသော ရွာကြီးတစ်ရွာသို့ ဇာတ်ပွဲကြည့်ရအောင်
သွားကြ၏။ ပွဲသွားသည် ဆိုတော့ လှလှပပ ဝတ်စား၊ မျက်နှာချေ၊ မိတ်ကပ်များ လိမ်းကာ သွားကြသပေါ့။
သို့သော် ဖိနပ်စီးမသွားကြသောကြောင့် "ဟင်၊ မျက်နှာမှာတော့ မိတ်ကပ်တွေနဲ့၊ ခြေထောက်မှာတော့
ဖိနပ်မပါဘူး" ဟု ရွာခံကာလသားများ၏ ကဲ့ရဲ့တာကို ခံကြရလေသည်။
ကျွန်တော်ကျောင်းသားဘဝက
ရွာမှ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများတွင် ဖိနပ်များပျောက်သဖြင့် ပလတ်စတစ်အိတ်များ ဝေရပုံ၊
ကာလသား၊
ကာလသမီးလေးများက အလှူလာသူတို့၏ ဖိနပ်များကို သိမ်းပေးရပုံတို့ကို မျက်စိထဲတွင် မြင်ယောင်နေမိပါသေး
သည်။ ယခုတော့ သည်ဓလေ့ ပျောက်သွားပြီလား မပြောတတ်။
လူသိပ်မများလှသော
ရွာမှ အလှူတွင် ဖိနပ်များပျောက်သည်ကို ကြုံခဲ့ဖူးသည့်အတွက် ရန်ကုန်ရောက်ပြီး တက္ကသိုလ်ကျောင်းသား
ဖြစ်လာတော့ ရန်ကုန်တက္ကသိုလ်များ ဓမ္မာရုံတွင် တရားပွဲလာသည့် များပြားလှသော ကျောင်းသူကျောင်းသားတို့၏
ဖိနပ်များကို မည်သူမှလည်း စောင့်ရှောက်မည့်သူ မရှိပါဘဲလျက် ဖိနပ်ပျောက်သည့် အကြောင်း
မကြားရသောအခါ ကျွန်တော့်မှာ တအံ့တသြ ဖြစ်ခဲ့ရပါသေးသည်။
ဖိနပ်နှင့်ပတ်သက်၍
ကျွန်တော့်ဘဝတွင် အမှတ်ရစရာကလေးများ ရှိခဲ့၏။
ကျွန်တော်အသက်
(၁၂) နှစ်လောက်က ကျွန်တော်တို့အိမ်တွင် လယ်ကူလီတစ်ဦး ငှားထား၏။ သူ့နာမည်မှာ ကိုတင်ထွေး
ဖြစ်၏။ ထိုစဉ်က ဆင်ကြယ်တံဆိပ် ယိုးဒယားဖိနပ်များ အတော်ခေတ်စား၏။ ရာဘာဖိနပ်ဖြစ်ပြီး
ဈေးကြီးသလို အစီးလည်းခံ၏။ မည်မျှ ကောင်းသနည်းဆိုလျှင် ဖိနပ်သဲကြိုးမှာ စီးလွန်း၍ ခြေညှပ်သည့်နေရာတွင်
ပီဘိပါးပါးကလေးသာ ကျန်ရမည်။ သဲကြိုးပြတ်သည် ဆိုတာ မရှိသလောက်ရှားသည်။
ဖိနပ်က
အောက်ခံအပြာရောင်တွင် အဖြူတင်ထားသဖြင့် ကြည့်လို့ လှ၏။ အောက်ခံအစိမ်းရောင်နှင့် လာသည်လည်း
ရှိ၏။ ထိုစဉ်က တစ်မိုးတွင်းလုံး နွားကျောင်းပါမှ စပါး (၁၅) တင်းသာ ရလေသည်။ ကောက်စိုက်၊
ပျိုးနှုတ်ခများမှာ တစ်နေ့လျှင် စပါး (၁) တင်း ဖြစ်၏။ စပါးဈေးကလည်း တစ်တင်းမှ တစ်ကျပ်လားပဲ
ရှိပါသည်။ ကျွန်တော်မေ့နေပြီ။ ကောင်းကောင်း မမှတ်မိ။ နည်းတော့ အတော်နည်းပါသည်။
ကိုတင်ထွေးက
ယိုးဒယားဖိနပ် အလွန်စီးချင်သည်။ ထိုစဉ်က ယိုးဒယားဖိနပ်မှာ တစ်ရံလျှင် (၃၀) ဖြစ်၏။ ထိုခေတ်ဈေးနှင့်ဆိုလျှင်
အလွန့်အလွန် ဈေးကြီးလှသော ဖိနပ်ဖြစ်၏။ သည်ဖိနပ်တစ်ရံစီးရဘို့အတွက် အနည်းဆုံး ကောက်အရက်
(၃၀) စိုက်ရမည်။
အစ်မကြီးက
(ကျွန်တော်တို့က အမေကို အစ်မကြီးဟုခေါ်သည်) ဟဲ့၊ တင်ထွေးရဲ့။ ယိုးဒယားဖိနပ်က တစ်ရံကို
(၃၀) ဟဲ့ ဟု ဆိုသောအခါ ကိုတင်ထွေးက ဘယ်ဗျာ၊ ဇယ်ဇယ်၊ စီးမှာပဲ ဟု ပြန်ပြောတာ ယခုတိုင်
မှတ်မိနေပါသေးသည်။
နောက်တစ်ခု။
ကျွန်တော် (၆) တန်းကျောင်းသားဘဝလောက်က ထင်ပါသည်။ အဖေကြီးတို့၊ အစ်မကြီးတို့က တစ်ဦးတည်းသော
သားကလေးကို ချစ်စနိုးနှင့် ကျောင်းတက်ရင်းစီးဘို့ ယိုးဒယားဖိနပ်လှလှလေးတစ်ရံ ဝယ်ပေးသည်။
ကျောင်းတွေပြန်ဖွင့်လို့
ရွာကနေ ကွင်းကောက်ကိုလာတော့ ကျွန်တော်က ထိုဖိနပ်ကလေးကို လက်က ကိုင်လာ၏။ လမ်းက တောလမ်းဆိုတော့
ရွံ့တွေ၊ ဗွက်တွေနှင့်မို့ ဖိနပ်စီးလို့မရ။ ခြင်ကိုက်ကွင်းရွာနားက တောထဲတွင် သရက်ပင်အောက်၌
ကျွန်တော်တို့ မောင်နှမတတွေ အမောပြေ၊ အပန်းပြေ ခေတ္တနားကြ၏။ ထို့နောက် ခရီးဆက်ထွက်လာတော့
လက်ထဲတွင်ကိုင်ခဲ့သော ဖိနပ် အသစ်ကြပ်ချွတ်ကလေး မေ့ကျန်ခဲ့သည်။ တော်တော်ကြီးလွန်လာမှ
သတိရ၏။
ဖိနပ်ကျန်ခဲ့မှန်း
သတိရလေသော် ကျွန်တော်လည်း ဟိုက်ရှားဘား၊ ငါ ဖိနပ် မေ့ကျန်ခဲ့ပဟ ဟု နောက်ကြောင်း အတင်းပြန်ပြေး
လေ၏။ ဈေးကြီးလှသည့် ယိုးဒယားဖိနပ် အသစ်ကလေးဆိုတော့ နှမြောတာပေါ့ခင်ဗျာ။ မမက ဟဲ့၊ မသွားနဲ့ဟု
အော်ကာ ကျွန်တော့်နောက်မှ ပြေးလိုက်လာ၏။ ကျွန်တော်က ဖိနပ်ဇောနှင့်ဆိုတော့ မနားပဲ အတင်းပြေး၏။
သို့သော် နားခဲ့သည့် သရက်ပင်အောက်ရောက်တော့ ဖိနပ်မရှိတော့ပါ။ တစ်ယောက်ယောက် ယူသွားပြီဖြစ်၏။
သည်လမ်းက တောလမ်းဆိုတော့ လူသိပ်မပြတ်။
ကျွန်တော်
အတော်ကြီးကို စိတ်မကောင်းဖြစ်မိသည်။ ထိုဖိနပ်ကို ပိုက်ဆံမရှိမဲ့ရှိမဲ့ပိုက်ဆံကလေးနှင့်
ခြစ်ချုပ်ဝယ်ပေးတာဆိုတာ ကျွန်တော်အသိ။ ထို့ကြောင့် အတော်နှမြောမိလေသည်။ နောက်ထပ်တစ်ရံထပ်ဝယ်ဘို့
မလွယ်။ ကျွန်တော်မျက်ရည်များ တသွပ်သွပ်ကျတော့ မမက ချော့သည်။
ကျွန်တော်
၅ တန်း၊ ၆ တန်း၊ ၇ တန်း၊ ၈ တန်းကို ကွင်းကောက်တွင် ကျောင်းတက်သည်။ ကျွန်တော်တို့အိမ်မှာ
ကွင်းကောက် တောင်ဘက်ကမ်း၊ ရွာသာကုန်းရပ်ကွက်တွင်ရှိ၏။ ကျွန်တော်တို့မောင်နှမများနှင့်
ကိုဖိုးချိန်း၊ မတင်ရီ၊ စိုးပိုင်တို့ မောင်နှမများမှာ အတော်ခင်ကြ၏။ မတင်ရီက မှဲ့ကလေးနှင့်
ခပ်ချောချော အပျိုကြီးဖြစ်၏။ သူ ကျွန်တော်တို့အိမ်ရောက်လျှင် ဖိနပ်ချွတ်ကိုကြည့်ကာ
မှောက်နေသည့်ဖိနပ်များရှိလျှင် လှန်ပေးသည်။ ဟဲ့ -
ဖိနပ်တွေကို မမှောက်စေနဲ့ဟဲ့။ (သူပြောတာ ဘာတဲ့၊ လာဘ်တိတ်တယ် ဆိုလား၊ ကောင်းကောင်း
မမှတ်မိတော့။) ကျွန်တော်တို့အိမ် လာသည့်အခါတိုင်း မှောက်နေသည့် ဖိနပ်များကို လှန်လှန်ပေးတာ
ခုထိ မှတ်မိနေပါသေးသည်။
နောက်တစ်ယောက်က
ကျွန်တော်တို့နှင့် သိပ်ဆွေမျိုးမကင်း။ ထောက်ကြံ့ကွင်းက ကိုတိုးဖြစ်၏။ ၁၉၈၈ ခုနှစ်လောက်က
ကျွန်တော် အလုပ်လက်မဲ့ဘဝဖြင့် ကိုမြင့်မောင်အိမ်တွင် ကပ်နေရ၏။ ကိုတိုးက စမ်းကုန်းက
ကိုမြင့်မောင့်နှမ မထွေးနှင့် ညား၏။ တစ်ခါသော် ကိုတိုးတို့မိသားစုအားလုံး ရန်ကုန်လာ၏။
ထိုစဉ်က ကိုမြင့်မောင်မှာ မင်္ဂလာဈေးတွင် ဈေးရောင်းသည်ပဲ ဆိုကြပါစို့။ ဆိုတော့ ရေနည်းနည်းလျှံ၏။
ဆိုတော့ ကတ္တီပါဖိနပ်များ အတော်လေးဟောင်းပြီဆိုလျှင် ချောင်ထိုးထားကာ အသစ်ဝယ်စီးသည်။
ကိုမြင့်မောင့်အိမ်တွင်
တည်းနေစဉ် ကိုတိုးက စပ်စပ်စုစု အကြိုအကြားများထဲ ရှာ၏။ ဖွေ၏။ ထိုအခါ ကိုမြင့်မောင်
မစီးတော့သဖြင့် ချောင်ထိုးထားသော ဖိနပ်အစုတ်များကို တွေ့လေ၏။
ဟ၊
မောင်အေးငြိမ်း၊ ဒီဖိနပ်တွေက မစီးတော့ဘူးလား။
ဟုတ်တယ်
ကိုတိုး။ အစ်ကိုကြီးဖိနပ်အဟောင်းတွေ။ ဘာလဲ ရွာသယ်သွားချင်လို့လား။
အေးလေကွာ၊
မင်းနှယ်၊ ဖိနပ်တွေက ဟောင်းသာဟောင်းတာ၊ အကောင်းချည်းတွေ ရှိသေးတာပဲကွ။ နည်းနည်းပါးပါး
ပြုပြင်စီးလို့ ရသေးတာပဲ။
သို့နှင့်
ကိုတိုးမှာ ချောင်ထဲထိုးထားသမျှ ဖိနပ်အဟောင်းအားလုံးကို ပလတ်စတစ်အိတ်နှင့်ထုပ်ကာ ရွာသို့
သယ်သွားလေ၏။ ကိုမြင့်မောင်က တဟားဟားရယ်ကာ ဟားဟားဟား၊ ငတိုးကတော့ကွာ ဟု ဆိုလေသည်။
ကျွန်တော်ငယ်စဉ်က
စာများထဲတွင် ရွှေခြေနင်း၊ နောက်ပိတ်ဖိနပ် စသည်တို့ကို ဖတ်ရလေရာ သိပ်နားမလည်။ ရွှေသွေး၊
တေဇများ၌ ဆရာကြီးဦးဘကြည်၏ ကာတွန်းများတွင် ဘုရင်များစီးသည့်ဖိနပ်ကို တွေ့မှ သြော်
- ရွှေခြေနင်းဆိုတာ ဒါကိုး ဟု နားလည်ရ၏။ ယခင်လူကြီးများက ဘွတ်ဖိနပ်ကို နောက်ပိတ်ဖိနပ်ဟု
ဘာသာပြန်သည်ကို ကျွန်တော် အတော် သဘောကျဖူး သည်။ ယခုတော့ နောက်ပိတ်ဖိနပ်ဟူသော အသုံးကို
သိပ်မတွေ့ရတော့ပါ။
အခုများတော့
ရှိသေးသလား မပြောတတ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကားတာယာများကို လုပ်ထားသည့်ဖိနပ်များ
အတော် သုံးကြပါသည်။ သူက အမြင်သာမလှတာ။ အတော်အကြမ်းပတမ်းခံသည်။ တောင်တက်သူများမှာ ကားတာယာဖိနပ်များကို
စီးကြသည်။ ခိုင်လည်းခိုင်သည်။ ဈေးလည်းချိုသည်။
၁၉၉၆
ခုနှစ်လောက်က M. Phil ဘွဲ့အတွက် ရန်ကုန် စက်မှုတက္ကသိုလ်တွင် တက်နေစဉ် အဆောင် F ၌ နေရ၏။
ကျွန်တော်နှင့် ကပ်လျက်အခန်းတွင် ကိုအောင်ကျော်မိုး (ထင်ပါသည်၊ နာမည်ခပ်မေ့မေ့) က သင်္ဘောတက်ဘို့
လုပ်နေ၏။ တစ်နေ့သော် သူက သင်္ဘောရပြီဆိုပြီး အဝတ်အစားများ ဝယ်လာသည်။ အင်္ကျီနှင့်ဘောင်းဘီက
ပြဿနာမရှိ။ Hub shoe စီးပြီးလမ်းလျှောက်တော့ ဖိနပ်က ခြေလှမ်းလိုက်တိုင်း ကျွတ် ကျွတ်
ထွက်နေသည်။ သို့နှင့် စင်္ကြန်တွင် ဖိနပ်ကြီးကို တဂွပ်ဂွပ်စီးကာ ဟိုလျှောက် သည်လျှောက်နှင့်
အတော်ကြာကြာ ဖိနပ်စီးကျင့်နေရသည်ကိုလည်း ယခုထိ မှတ်မိနေပါသေး၏။
လေ့လာစူးစမ်းချက်များအရ
လူသားများ ညှပ်ဖိနပ်ကို စစီးတာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းလောက်ကဟု ဆိုပါသည်။
သားရေဘွတ်ဖိနပ်ကိုစီးတာ ၃၅၀၀ ဘီစီကဟု သိရ၏။ (ဒါထားပါ။ သူတို့ဟာသူတို့ ဘယ်ကစစ။ ကျုပ်အပူမဟုတ်ပါဘူး။
ဂူဂယ်ထဲ ခေါက်ကြည့်ပြီး တွေ့တာကို ရေးထားတာပါ။)
ဖိနပ်နှင့်ပတ်သက်၍
ကမ္ဘာနှင့်ချီကာ နာမည်ကြီးသူ နောက်တစ်ဦးမှာ ဦးနေဝင်း၏ သမီးယောက်ဖ (လူအနေနဲ့ ဆွေမျိုးတော်တာ
မဟုတ်ပါ။ သောက်ကျင့်ယုတ်တာချင်း အမျိုးတော်တာကို ဆိုလိုပါသည်။) ဖိလစ်ပိုင်စစ်အာဏာရှင်
ဖာဒီနန်မားကို့စ် ၏ ပထမမိန်းမ (First = ပထမ + Lady = မိန်းမ။ ထို့ကြောင့် First
lady = ပထမမိန်းမ) အီမယ်လ်ဒါမားကို့စ် ဖြစ်၏။
အီမယ်လ်ဒါ
ဖိနပ်ချစ်လိုက်ပုံမှာ သူ့တွင်ရှိသောဖိနပ်များမှာ ကုန်တိုက်ကြီးတစ်ခု ဖွင့်လို့ရသည်
ဟု ဆို၏။
အချို့သော
ဖိလစ်ပိုင်ပြည်သူတို့မှာ ကျေးလက်တောရွာများ၌ ခြေဗလာဖြင့် လမ်းလျှောက်နေကြစဉ် အီမယ်လ်ဒါ
သည်မျှ ဖိနပ်တွေပိုင်နေခြင်းမှာ လွန်စွာရှက်ဖွယ်ကောင်းလှသည်ဟု သတင်းစာများက ရေးကြ၏။
၁၉၈၆
ခုနှစ်တွင် လူထုတော်လှန်ရေးဖြင့် စစ်အာဏာရှင် ဖာဒီနန်မားကို့စ်ကို ဖြုတ်ချလိုက်ပြီး
မားကို့စ် နိုင်ငံမှ ထွက်ပြေးသွားချိန် တွင် သမ္မတကတော် အီမယ်ဒါက ဖိနပ်အရံပေါင်း (၁၂၂၀)
ကို ချန်ရစ်ထားခဲ့သည် ဆို၏။ ဒီမိုကရေစီအိုင်ကွန် ကိုရာဇန်အကွီနိုက သည်ဖိနပ်တွေကို ပြတိုက်လုပ်ထားခဲ့သည်။
ပြတိုက်ထဲမှ အစွန့်ပစ်ခံဖိနပ်အတော်များများမှာ မိုးစို၍သော်လည်းကောင်း၊ ခြကိုက်၍ သော်လည်းကောင်း
ပျက်စီးကုန်ကြလေသည်။
အီမယ်လ်ဒါ
မားကို့စ်လိုပင် ကျွန်ုပ်တူမများလည်း ဖိနပ်ခရေဇီများ ဖြစ်ကြ၏။ သူတို့ဖိနပ်များမှာ အိမ်ရှေ့မှ
ဖိနပ်စင်မှာလည်းအပြည့်။ ဧည့်ခန်းထဲက ဖိနပ်ပုံးထဲမှာလည်းအပြည့်။ ဒါတင်မကသေး။ သူတို့အခန်း
ဝင်ကြည့်လိုက်သောအခါ စာကြည့်စားပွဲအောက်တွင် ဖိနပ်ပုံးများနှင့် နေရာလပ်မရှိအောင် ပြည့်နှက်နေတာ
တွေ့ရလေ၏။ သူတို့ရသောလခမှာ ဖိနပ်ဘိုးနှင့်တောင် လောက်ရဲ့လားမသိ။
လူ့ဂွစာဖြစ်သော
ကျွန်တော်ကား ယောက်ျားတန်မယ့် ရွှေဆွဲကြိုးဆွဲရမှာ၊ လက်စွပ်ဝတ်ရမှာကို သေမလောက် ရှက်သူဖြစ်၏။
ထိုမျှမကသေး ခေါင်းကို ခေါင်းလိမ်းဆီလိမ်းပြီး ကြော့နေအောင် ဖြီးရမှာ၊ ရေမွှေးဆွတ်ရမှာကိုလည်း
အလွန်မုန်းသူ ဖြစ်လေသည်။
နောက်တစ်ခု
ရှက်သည်မှာ ယောက်ျားတန်မယ့် အောကတ္တီပါဖိနပ် စီးရမှာဖြစ်၏။ ဟိုတစ်ခေါက် မန္တလေးက ပြန်လာတော့
ကျွန်တော့်ညှပ်ဖိနပ်မှာ တခြားကားတစ်စီးနှင့် ပါသွားသည်။ မန္တလေးက ရောက်ရောက်ချင်း သင်တန်းဆက်ပြရသည့်အခါ
စီးစရာဖိနပ်မရှိ၍ တခြားသူတစ်ဦး၏ ဖိနပ်ကို ငှားစီးသွားရ၏။ သူ့ဖိနပ်က အောကတ္တီပါ ဖြစ်၏။
သူ့ဖိနပ်ကို စီးနေစဉ်ကာလပတ်လုံး ကျွန်တော့်မှာ စိတ်သိပ်မလုံ။ ငါ့များ ဘယ်သူက ကြည့်တော့မှာပါလိမ့်ဟု
တထင့်ထင့် ဖြစ်နေသော ဟူသတတ်။
ဖိနပ်နှင့်ပတ်သက်၍
ကျွန်တော့်စိတ် အပြောင်းအလဲဖြစ်ပုံလေးနှင့် လက်စသပ်ပါမည်။
ကျွန်တော်စင်ကာပူစရောက်စက
အဆင်မပြေမှုများတွင် ခြေအိတ်စွပ်ကာ Safety shoe ကြီးကို တစ်နေ့လုံး စီးထားရတာလည်း ပါ၏။
Safety shoe ကြီးက လေးလည်းလေးသည်။ ပူလည်းပူသည်။ သို့သော် safety shoe နှင့် အနှစ်နှစ်ဆယ်နီးပါး
အသားကျ သွားတော့ ဟော ခုဆို ဆိုဒ်ထဲဝင်ပြီး safety shoe မစီးရသေးသည်နှင့် ခြေထောက်က
အလိုလို သိနေသည်။
ရှူးစီးနေကျပြီး
ရန်ကုန်ပြန်သည့်အခါများတွင် ညှပ်ဖိနပ်စီးသည့်အခိုက် ခြေချောင်းကလေးများ နာနေတတ်သည်။
နောက်ပြီး ညှပ်ဖိနပ်စီးရတာ ဟိုဟာနှင့်တိုက်မိတော့မလို၊ သည်ဟာနှင့် တိုက်မိတော့သလို
စိတ်သိပ်မလုံသလိုလိုလည်း ဖြစ်မိ၏။ သြော် - အကျင့်ပေကိုး။
ငယ်စဉ်ကတော့
ပိုက်ဆံကလည်း မတတ်နိုင်တော့ ဖိနပ်ဆိုတာ ပြေးရေကြည့်ပါမှ တစ်ရံသာ ရှိလေသည်။ ယခုတော့ဖြင့်
အလုပ်အတွက် Safety shoe, ဝေါကနဲရှူး၊ ရုံးသွားရင်းစီးဘို့ ဟပ်ဘ်ရှူး၊ အိမ်နေရင်းစီးဘို့
ရာဘာဖိနပ် စသည်ဖြင့် ကျွန်ုပ် တစ်ဦးတည်း၌ပင် ဖိနပ် လေးရံလောက်ရှိလေသည်။ လိုအပ်ချက်အရလို့ပဲ
ဆင်ခြေပေးရပါလိမ့်မည်။
ဤသည်ကား
ကျွန်ုပ်နှင့်ဖိနပ်အကြောင်း အလုပ်မရှိ အလုပ်ရှာ၍ ရေးလိုက်ရပေကြောင်း -
ဖေ့စ်ဘုတ်ကြွလာ
မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
အေးငြိမ်း
၂၉
မတ်လ၊ ၂၀၁၈
No comments:
Post a Comment