ကျွန်ုပ်
ပို့ချခဲ့သော စကား
=============
အခု
ညည်းတို့ စင်ကာပူလာ အလုပ်လုပ်တယ် ဆိုတော့ ဆွေမျိုးသားချင်းများ ရှိကြသလားကွဲ့။
မရှိပါဘုရား
(အဲလေ - တရားပွဲနဲ့မှားကုန်ပြီ)။
အိမ်း၊
အိမ်း၊ ခုမှရောက်ခါစဆိုတော့ သူငယ်ချင်းတွေ ဘာတွေလည်း ဘယ်ရှိလိမ့်အုံးမတုံး။
ရှိတယ်ဆိုရင်တောင်
သူလည်း သူ့အလုပ်နဲ့သူ၊ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ်။
ဘယ်
စွပ်ကယ်စွပ်ကယ် တွေ့နိုင်ပါမတုံးကွဲ့။
သည်တော့ကာ
ကိုယ်နဲ့ အရင်းဆုံးပေါင်းသင်းဆက်ဆံရမှာ၊ နေ့တိုင်း တွေ့ချင်လည်းတွေ့ရ၊ မတွေ့ချင်လည်း
တွေ့နေရမှာက ကိုယ်အလုပ်လုပ်နေတဲ့ အိမ်ကလူတွေ၊ ကိုယ့်အိမ်ရှင်တွေပဲ မဟုတ်လားကွဲ့။
သည်တော့ကာ
ကိုယ့်အတွက် ကောင်းတိုင်ပင် ဆိုးတိုင်ပင်လုပ်ရမှာက အဲသည် ကိုယ့်အိမ်ရှင်တွေပဲကွဲ့။
ကိုယ့်ရဲ့အရေးကိစ္စတွေကို
လုပ်ကိုင်ပေးနိုင်မှာလည်း သူတို့ပဲ ဖြစ်မှာပဲ။
အဲသည်တော့
သူတို့နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးဟာ အင်မတန် အရေးကြီးပေတယ်။
အဲသလိုဆက်ဆံရေးကောင်းဘို့ဆိုတာလည်း
ကိုယ့်အပေါ်မှာပဲ မူတည်သကွဲ့၊ ဘယ်သူမှ လုပ်ပေးလို့ မရနိုင်ဘူး။
ဒီတော့
အိမ်ရှင်နဲ့ကိုယ့်အကြား ဆက်ဆံရေးကောင်းအောင် ဘယ်လိုလုပ်ရမလဲတဲ့။
အကျဉ်းချုပ်အားဖြင့်
အချက် (၅) ချက်ရှိတယ်။
၁။
မေတ္တာ
၂။
စေတနာ
၃။
သစ္စာ
၎။
ရိုးသားခြင်း
၅။
ဧည့်သည်
၁။
မေတ္တာ နဲ့ ၂။ စေတနာ
----------------------------
ကိုယ်က
သူတို့အပေါ်မှာ မေတ္တာထားပါ။ တစ်မိသားစုလုံးအပေါ် မေတ္တာထားပါ။
ခု
စင်ကာပူကိုလာလုပ်ရတာကို ပိုက်ဆံရဘို့လို့ သူများဆီ ကျွန်လာခံရတာလို့ လုံးဝမတွေးပါနဲ့။
အဲဒီအတွေးဝင်တဲ့နေ့ဟာ ကျဆုံးတဲ့နေပဲဆိုတာ မှတ်ထားလိုက်ပါ။
ငါဟာ
သူတို့မိသားစုအတွက် အရေးကြီးတယ်။ သူတို့က င့ါကိုလိုအပ်လို့ ခန့်ထားတာ။ အဲဒီတော့ သူတို့မိသားစုအတွက်
အကောင်းဆုံးဖြစ်အောင် ငါလုပ်ပေးမယ် လို့ မှတ်ယူထားပါ။
နောက်ပြီး
အဲဒီအိမ်ဟာ ကိုယ်နေနေတဲ့အိမ်ဖြစ်လို့ ကိုယ့်အိမ်လို့ သဘောထားပြီး လုပ်ပါ။ သူတို့အတွက်
လုပ်ပေးတာကိုလည်း ကိုယ့်မိဘ၊ မောင်နှမ၊ တူတူမတွေအတွက် လုပ်ပေးနေရတယ်လို့ အောက်မေ့ပါ။
သူတို့ကိုလည်း ကိုယ့်မိဘသားချင်းတွေလို သဘောထားပါ။ ဘယ်သူမှ ကိုယ့်ဆွေမျိုးမရှိတဲ့အရပ်မှာ
သူတို့ကို ဆွေမျိုးလို့ မအောက်မေ့၊ ဘယ်သူ့ကို သွားအောက်မေ့မတုံး။
လုပ်တယ်ဆိုတဲ့နေရာမှာလဲ
ဝတ်ကျေတန်းကျေမျှ မလုပ်ပါနဲ့။ တကယ်စေတနာထားပြီး အကောင်းဆုံးလုပ်ပေးပါ။ ကြမ်းတိုက်တာပဲ
ဖြစ်ဖြစ်၊ အိမ်သာဆေးတာပဲ ဖြစ်ဖြစ်။ စိတ်ပါဝင်စားစွာနဲ့ တကယ့်ကို သန့်ရှင်းသပ်ယပ်နေအောင်
လုပ်ပါ။
ကလေးတွေပြုစုရရင်လည်း
ကိုယ့်ညီငယ်ညီမငယ်လေးတွေလို့ ယူမှတ်ပြီး ယုယုယယ ပြုစုပေးပါ။
အဖိုးကြီး
အဖွားကြီးတွေကို ပြုစုရရင်လည်း ကိုယ့်အဖိုးအဖွားတွေလိုပဲ ကြင်ကြင်နာနာ ပြုစုပါ။
အဲသလိုသာ
ကိုယ်က သူတို့ကို စေတနာ၊ မေတ္တာထား ဆက်ဆံ၊ ပြုစုလုပ်ကိုင်ပေးရင် သူတို့ကလည်း ကိုယ့်ကိုယ်
တစိမ်းတရံဆံလို ဆက်ဆံတော့မှာမဟုတ်ဘူး။ ညည်းတို့ကို သူတို့မိသားစုဝင်တစ်ယောက်လို နေရာပေးဆက်ဆံလာလိမ့်မယ်။
အဲသလို
အခြေအနေမျိုးရပြီဆိုရင် ကိစ္စတော်တော်များများ ပြီးသွားပြီ။
ကိုယ်က
သူတို့နဲ့နေ့တိုင်းတွေ့နေရမှာ။ ဒီအလုပ်ကို လုပ်ချင်လဲ လုပ်ရ၊ မလုပ်ချင်လဲ လုပ်ရမှာပဲ။
အဲဒီတော့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ လက်ချမ်းသာနဲ့ လုပ်ချင်သလား။ နေ့တိုင်း ဆူပူကြိမ်းမောင်းတာခံပြီး
စိတ်ညစ်ခံချင်သလား။ ကိုယ့်ဘာသာ ရွေးလို့ရပါတယ်။ ကိုယ်နဲ့သူတို့နဲ့ အဆင်ပြေသွားပြီဆိုရင်
လုပ်ရကိုင်ရတာ အင်မတန် အဆင်ပြေတယ်ဆိုတာ တွေ့ပါလိမ့်မယ်။
၃။
သစ္စာ
-------------
နောက်တစ်ခုက
ကိုယ့်အိမ်ရှင်အပေါ် သစ္စာရှိပါ။ သူတို့ကို မဟုတ်တာ မမှန်တာ လုပ်လိုက်မဟဲ့လို့ ယောင်လို့တောင်
စိတ်မကူးလိုက်လေနဲ့။ သူတို့ခန့်လို့သာ ကိုယ် စင်ကာပူကိုလာနိုင်တာ။ သူတို့က ကိုယ့်ကို
လတိုင်းလခ မှန်မှန်ပေးမယ်။ ကိုယ့်မိသားစုဆီ ပုံမှန် ပိုက်ဆံပြန်ထောက်ပံ့နိုင်မယ်။ အဲဒီအတွက်
သူတို့ကျေးဇူး ကိုယ့်အပေါ် ရှိတယ်။ အဲဒါကြောင့်လည်း သူတို့ကို ကျေးစွပ်တဲ့စိတ်ဓာတ် လုံးဝ
မမွေးပါနဲ့။
သူတို့ဆိုတာ
မနက်မိုးလင်းကနေ မိုးချုပ်ထိ အလုပ်ထဲမှာ အချိန်ကုန်ကြရတာ။ အိမ်ဆိုတာက ပီဘိ အိပ်ရုံကလေးပဲ။
အဲဒီတော့ သူတို့အိမ်ကို ညည်းတို့လက်ထဲ အပ်ခဲ့ရတာ။ အရွယ်မရောက်သေးတဲ့ သူတို့ ကလေးတွေ၊
အသက်ကြီးတဲ့ သူတို့မိဘတွေကို ကိုယ်နဲ့ ထားခဲ့ရတာ။ အဲဒီတော့ သူတို့ အလုပ်ကို စိတ်ဖြောင့်ဖြောင့်နဲ့
သွားပါစေ။ စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်ကြပါစေ။ အဲဒီလို သူတို့ စိတ်ချလက်ချသွားနိုင်ဘို့
ကိုယ်က သူတို့အပေါ် သစ္စာရှိရမယ်။
သူတို့အိမ်ကို
ကိုယ့်အိမ်လို စောင့်ရှောက်ရမယ်။ သူတို့ကလေးတွေ၊ မိဘတွေ တစုံတခုမဖြစ်ဘို့ အလုံးစံတာဝန်ယူရမယ်။
ကိုယ်ကသာ
သူတို့ကို သစ္စာရှိရှိ နေထိုင် လုပ်ကိုင်ပေးမယ်ဆိုရင် သူတို့ ကိုယ့်ကို ယုံကြည်လာမယ်။
ကိုယ့်ကိုယုံပြီဆိုတာနဲ့ ကိစ္စ တော်တော်များများပြီးသွားပြီ။
ယုံကြည်မှုပျက်သုဉ်းခြင်းဟာ
အလုံးစုံ ပျက်သုဉ်းခြင်းပဲ ဆိုတဲ့စကားပုံရှိတယ်။
ကိုယ့်ကိုမယုံဘဲ
သူတို့ ဘယ်လိုလုပ် စိတ်ချလက်ချနေနိုင်မလဲ။ ငါ့ကလေးများ ဘာဖြစ်လိမ်မလဲ လို့ စိတ်တထင့်ထင့်ဖြစ်နေရရင်
ကောင်းပါဦးမလား။
တကယ်လို့
ငါသာ သူဆိုရင်ရော ဆိုတဲ့ ကိုယ်ချင်းစာစိတ်မွေးပါ။
ချုပ်ရရင်
ကိုယ့်အိမ်ရှင်၊ ကိုယ့်အိမ်ရှင်မိသားစု၊ ကိုယ့်အိမ်ရှင်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ်မှာ
သစ္စာရှိပါ။
အဲဒါဆို
ကိုယ့်အပေါ် သူတို့ စိတ်ချယုံကြည်လာလိမ့်မယ်။
ကိုယ့်အပေါ်ယုံကြည်လာပြီဆိုတာနဲ့
ဆက်ဆံရေး မပြေပြစ်စရာအကြောင်း လုံးဝရှိတော့မှာမဟုတ်ဘူး။
အဲဒီအခါ
စိတ်မချမ်းသာစရာ၊ စိတ်ဆင်းရဲစရာတွေ တွေ့ရစရာအကြောင်း မရှိတော့ဘူး။
၎။
ရိုးသားခြင်း
---------------------
ရိုးသားပါ။
အနေအထိုင် ရိုးရိုးသားသားနေပါ။ စားတာသောက်တာ ရိုးရိုးသားသား စားသောက်ပါ။ နောက်တစ်ခုက
ကိုယ်ကျင့် သိက္ခာပျက်စေတဲ့အလုပ် လုံးဝ မလုပ်ပါနဲ့။
မသိတာကို
မသိဘူးလို့ ရိုးရိုးသားသား ဝန်ခံပါ။ မသိတာကို မသိဘူးဝန်ခံမှ သိတဲ့သူ ဖြစ်လာမယ်။
ဦးရေ့
- ဒါတော့ သမီးမသိဘူး။ ဘယ်လိုလုပ်ရတယ်ဆိုတာ သင်ပေးပါ လို့ ရိုးရိုးသားသား ဝန်ခံပါ။
မသိဘဲ
ရမ်းလုပ်လိုက်လို့ မှားသွားတယ်၊ ပျက်သွားတယ်ဆို အဆဲခံရလိမ့်မယ်။ အဲဒါဆို သူရောကိုယ်ရော
ကောင်းနိုင်စရာ မရှိတော့ဘူး။
နောက်တစ်ခုက
ကိုယ်အမှားလုပ်မိရင်လည်း ရိုးရိုးသားသား အမှားလုပ်မိပါတယ် လို့ ဝန်ခံပါ။
ဘယ်တော့မှ
မညာပါနဲ့။
ကိုယ်က
အမှားလုပ်မိကြောင်း ကြိုကြိုတင်တင် ဝန်ခံထားရင် သူတို့က ကိုယ့်ကို ခွင့်လွှတ်လိမ့်မယ်။
ဘာဖြစ်လို့ မှားရသလဲဆိုတာ သိအောင်လုပ်ပါ။ နောက်တစ်ခါ ဒီလို အမှားမျိုးမလုပ်မိအောင်
သင်ခန်းစာယူပါ။
ဥပမာ
- ကိုယ့်ကြောင့် ပန်းကန်ကျကွဲသွားတယ်ဆိုပါစို့။ သူတို့မမေးခင် ကိုယ်ကကြိုဝန်ခံထားပါ။
သမီးတောင်းပန်ပါတယ်။ နောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူး လို့ ပြောပါ။
နောက်ပြီး
သူတို့က ကိုယ့်အိမ်ဆိုတော့ ပိုက်ဆံတို့၊ အဖိုးတန် ပစ္စည်းတွေကို သည်အတိုင်း ထားချင်ထားသွားလိမ့်မယ်။
အဲဒီ
ပစ္စည်းတွေ ကိုယ့်မျက်စိရှေ့မှာတွေ့နေရင်တောင် ယောင်လို့မှ စိတ်နဲ့ မပြစ်မှားပါနဲ့။
ပိုက်ဆံ
တစ်ကျပ်ကစ ပြန်ပေးပါ။
ခိုးတာဝှက်တာ
လုံးဝမလုပ်ပါနဲ့။
ကိုယ်သာ
ရိုးသားရင် တကယ်ပစ္စည်းပျောက်တဲ့အခါတောင် ကိုယ့်ကို သံသယရှိမှာမဟုတ်ဘူး။
ကိုယ်သာ
ခြေဆော့လက်ဆော့လုပ်တတ်ရင် နောက်ကျ ဘာလေးပဲပျောက်ပျောက်၊ ကိုယ်ယူတာမဟုတ်ရင်တောင် ကိုယ့်ကိုပဲ
ယိုးစွပ်နေလိမ့်မယ်။ အဲဒီအခါ ကိုယ်လည်း စိတ်ချမ်းသာမှာ မဟုတ်ဘူး။
အဲဒီအတွက်
ဘယ်လိုအခြေအနေပဲနေရောက်နေပါစေ။ ကိုယ့် ရိုးဂုဏ်ကိုတော့ ဘယ်လိုနည်းနဲ့မှ အပျက်မခံပါနဲ့လို့
မှာပါရစေ။
၅။
ဧည့်သည်
-----------------
နောက်ပြီး
ကိုယ်က သူတို့တိုင်းပြည်မှာ လာနေတယ် ဆိုတာ သတိရပါ။
သူတို့
ပြောတာဆိုတာ၊ နေတာထိုင်တာ၊ ဝတ်တာဆင်တာ၊ စားတာသောက်တာတွေဟာ ကိုယ့်မျက်စိထဲမှာ အမြင်မတော်တာ
ဖြစ်ချင်ဖြစ်နေမယ်။ အနို့ မြန်မာပြည်မှ မဟုတ်ဘဲကိုး။
ဒါပေမယ့်
ဒါဟာ သူတို့တိုင်းပြည်၊ သူတို့ယဉ်ကျေးမှု။ သူတို့နေချင်သလို နေခွင့်ရှိတယ်။ အမြင်မတော်ရင်
သူတို့ပတ်ဝန်းကျင်၊ သူတို့ လူကြီးမိဘတွေ ဆုံးမလိမ့်မယ်။ ကိုယ်နဲ့ ဘာမှ မဆိုင်ဘူး။ ကိုယ်က
သူတို့ဆီမှာ ခဏတဖြုတ်လာနေတာ။
အဲဒီအတွက်
အဲဒီ သူတို့ယဉ်ကျေးမှုကို ကိုယ်လက်ခံနိုင်အောင် ကြိုးစားပါ။ သူတို့နဲ့ သဟဇာတ ဖြစ်အောင်
နေတတ်ပါစေ။
ကိုယ်မကြိုက်တာတွေ့ရင်
မမြင်ချင်ယောင်၊ မကြားချင်ယောင် ဆောင်နေပါ။
သူတို့က
အိမ်ရှင်၊ ကိုယ်က ဧည့်သည်ဆိုတာ မမေ့ပါနဲ့။
အိမ်ရှင်ကို
ဧည့်သည်က မစော်ကားရဘူး။
နောက်ပြီး
ကိုယ်က ဧည့်သည်ဖြစ်နေတဲ့အတွက် အိမ်ရှင်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ့် တာဝန်ရှိတယ်။
စင်ကာပူက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေ ပြောခဲ့ပြီးပါပြီ။ အဲဒါတွေကို
တင်းတင်းကျပ်ကျပ် လိုက်နာဘို့ လိုပါတယ်။ မလုပ်ရဘူးဆိုတာတွေကို လုံးဝမလုပ်ပါနဲ့။
နောက်ပြီး
အရေးကြီးဆုံးက ကိုယ် စင်ကာပူကို လာတာသည် ကိုယ့်မိသားစုအတွက် ပိုက်ဆံလာရှာတာ။ အဲဒီအတွက်
ငါဟာ ငါ့မိသားစုအတွက် အရေးကြီးတယ်။ ငါ ကောင်းကောင်း၊ ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်မှ
ငါ့မိသားစု အဆင်ပြေမယ် ဆိုတာ အမြဲ ခေါင်းထဲ ထည့်ထားပါ။ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ် အန္တရာယ်ဖြစ်စေတဲ့အရာ
လုံးဝ မလုပ်ပါနဲ့။
ကိုယ်ဟာ
တစ်ယောက်ထဲမဟုတ်ဘူး။ စင်ကာပူမှာ ကိုယ့်ကို ကူညီဘို့ အသင့်စောင့်နေတဲ့သူတွေရှိတယ်ဆိုတာ
အမြဲမှတ်ထားပါ။
တစ်ခုခုဖြစ်ရင်
သူတို့ကို လှမ်းအကူအညီတောင်းပါ။ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ရန်ရှာဘို့ မတွေးပါနဲ့။
အဲတော့
ပြန်ချုပ်ရအောင်။ အခုပြောပြတဲ့ အချုပ်ကို ပြန်ရွတ်ပြစမ်းပါ။
၁။
မေတ္တာ
၂။
စေတနာ
၃။
သစ္စာ
၎။
ရိုးသားခြင်း
၅။
ဧည့်သည်
ဟုတ်ပြီနော်။
အခုပြောလိုက်တာတွေကို မြဲမြဲမှတ်ထားပါ။
<<သူတို့စာအတိုင်းသင်ရတာ
အားမရလို့ ကိုယ့်ဘာသာ အပိုထပ်ဆောင်း ပွားခြင်းဖြစ်ကြောင်း>>
အားလုံး
အဆင်ပြေကြပါစေ။
အေးငြိမ်း
၇ ဧပြီလ၊
၂၀၁၈
No comments:
Post a Comment