Tuesday, April 24, 2018

နှစ်ကူးသင်္ကြန်

သင်္ကြန်ရက်အတွင်း လူတွေလည်း သူသင်္ကြန်၊ ငါသင်္ကြန်နဲ့ ရှုပ်ရှက်ခတ်နေလို့ နည်းနည်းအေးသွားအောင် စောင့်နေတာ။

တခြားမဟုတ်ပါဘူး။ နှစ်တိုင်းဖြစ်နေကျ ပြဿနာပါ။
သင်္ကြန်ဆိုတော့ သူသူငါငါ သင်္ကြန်အကြောင်း ရေးကြသပေါ့။
သင်္ကြန်ဘာကြောင့် ကျရတယ်။ ဧပြီလ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်ဖြစ်တယ် စသဖြင့်ပေါ့။
ဒါ အခု ဖေ့စ်ဘုတ်မပေါ်ခင်။ ဟိုး blog ခေတ် ကတည်းက။
ရေးသူတွေထဲမှာ လူတွေလည်းပါသလို ဘုန်းကြီးတွေလည်းပါ။
ဒကာဒကာမတွေလည်း ကော်ပီကူးကြ။ မှတ်ကြသားကြ။ ကျေးဇူးတွေတင်ကြ။
ပြဿနာက အတိအကျမသိဘဲ ကြားဘူးနားဝနဲ့ မှန်းတုတ်နေကြတာ။
သေသေချာချာလည်း သိအောင် မကြိုးစားကြ။

ကျွန်တော် မြန်မာပြက္ခဒိန်စာအုပ်ရေးခြင်းရဲ့ ရည်ရွယ်ချက်ကလည်း အဲသလို စိတ်ထင်တာတွေ ရှောက်ရေးကြရင်း အမှားတွေ လူတွေကြားထဲပြန့်။ အမှန်ကို မသိကြတော့။ ဒီကြားထဲ သေသေချာချာ ရေးထားတဲ့ စာအုပ်စာတမ်းကလည်း မရှိဆိုတော့ ရမ်းတုတ်တွေချည်း ဖြစ်ကုန်မှာစိုးလို့၊ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ မပျောက်ပျက်ကောင်းဘူး လို့။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဆိုကရေးတီးပြောတဲ့ နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ တာဝန်ကျေဘို့ ကြိုးစားထားတာ။

နာမည်တော့ မပြောတော့ပါဘူး။
ဗဟုသုတတွေ အဆက်မပြတ်တင်နေတဲ့ page တစ်ခုမှာ သင်္ကြန်မကျခင်ရက်တုံးက နှစ်ကူးအကြောင်း၊ မြန်မာပြက္ခဒိန် အကြောင်းနဲ့ သင်္ကြန်အကြောင်း တင်ထားတယ်။ ထုံးစံအတိုင်း ဟိုနားသည်နားက ကြားဖူးနားဝတွေကို ကိုယ်သိသလိုလိုနဲ့ စုပေါင်းစပ်ပေါင်းတင်ထားတာ။ မသိတဲ့သူဆိုရင်တော့ အဟုတ်။

ခွကျတာက မူရင်းတွေကို အကုန်ကူးတင်တာမဟုတ်ဘဲ မူရင်းတွေကိုခုတုံးလုပ်ပြီး သူထင်တာတွေ လျှောက်ရေးထားတာပဲ။
ကြီးကြီးကျယ်ကျယ် သူရိယသိဒ္ဓန္တဂဏန်းတွေပါ လျှောက်ထည့်ထားတော့ လူတွေလည်း သဘောကျကြသပေါ့။
အဲဒီပို့စ်မှာ like က 22,000။ share က 7809။ comment က 237 ဆိုတော့ သိပ်မနည်းလှပေဘူး။
အောက်က ကွန်မင့်တွေ လိုက်ဖတ်ကြည့်တော့လည်း စိတ်ပျက်စရာ။
ဘယ်တုံးကဘယ်သူက ဘယ်လိုလုပ်လို့ ဘယ်လိုဖြစ်တာနဲ့ ရေးထားလိုက်တာများ အတိအကျ။ သူတို့မျက်စိရှေ့မှာ ဖြစ်သွားတဲ့ အတိုင်း။

အနည်းဆုံးတော့ လူ နှစ်သောင်းကျော်လောက် ဒီအချက်အလက်တွေကို ယူသွားတယ်။ ဒါ သိပ်ကောင်းလှတာမဟုတ်ပေဘူး။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေက အဲဒါကိုအမှန်ဆိုပြီး သူရို့ သားမြေးမြည်းမြစ်တွေကို ပြန်သင်ပေးမှာမို့လို့ပဲ။
နည်းနည်းသိတဲ့ ဗဟုသုတဟာ အန္တရာယ်များတယ် ဆိုတာ ဒါကိုပြောတာ။

အမှားကို အမှန်က အနိုင်ယူလိမ့်မယ်ဆိုပေမယ့် လောလောဆယ်မှာတော့ အမှန်တရားဟာ မြောင်းထဲရောက်နေပြီး အမှားတရားတွေပဲ ဆင်ပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ အောင်မယ် ထီးဖြူတွေဘာတွေတောင် မိုးလို့။

မရေးတော့ဘူးလို့ပဲ။
မနေနိုင်တော့ ရေးမိလိုက်ပြန်ပြီ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၁ ဧပြီ၊ ၂၀၁၈

No comments: