ဆရာကြီး
ဒေါက်တာအောင်ထွန်းသက်ကို ကျွန်တော် စတင်တွေ့ခဲ့ဖူးသည်မှာ ကျောင်းဆရာဘဝ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင်
တက္ကသိုလ်ဆရာဆရာမများ အထူးမွမ်းမံသင်တန်း တက်ရောက်ခဲ့စဉ်က ဖြစ်၏။
ထိုစဉ်က
အခြားသူများ ပို့ချတာ ကျွန်တော် သိပ်စိတ်မဝင်စားလှပါ။ သို့သော် ဆရာကြီးပို့ချတာကတော့ဖြင့်
အတော် ဆွဲဆောင်မှုရှိသည်။ စိတ်ဝင်စားစရာလည်း ကောင်း၏။ ထိုစဉ်ကတည်းက ကျွန်တော် ဒေါက်တာအောင်ထွန်းသက်
ဟူသည့် နာမည်ကို မှတ်မှတ်သားသား ရှိနေမိခဲ့တာ ဖြစ်ပါသည်။ သည့်နောက်ပိုင်းတွင်လည်း ကျွန်တော်
ဆရာကြီး၏ ဟောပြောပွဲများကို လူကိုယ်တိုင်မတက်ရောက်နိုင်သည့်တိုင် သူပြောတာတွေကို
Youtube မှ download လုပ်ကာ စုဆောင်း နားထောင်မှတ်သား ခဲ့ပါသည်။ ဆရာကြီးက တော်လည်းတော်၊
နိုင်ငံတကာ အတွေ့အကြုံကလည်းစုံ၊ လူပေါင်းစုံနှင့် ဆက်ဆံခဲ့ဖူးတာဖြစ်သဖြင့် ပြောစရာမရှိလောက်အောင်ပင်
ကောင်းပါပေသည်။
သို့တိုင်
ကျွန်တော် အောက်ပါ သူ့ပြောစကားတစ်ခွန်းကိုတော့ဖြင့် သဘောမကျနိုင်ခဲ့ပါ။ ကျွန်တော်မှားချင်မှားပါမည်။
သူက
ဝန်ထမ်းလုပ်သူများမှာ လူညံ့များဖြစ်သည်။ တစ်နည်းအားဖြင့် လူညံ့များသာ ဝန်ထမ်းလုပ်သည်
ဟု ပြောပါသည်။ ဤသည်မှာ အခြေအနေတစ်ခုပေါ်မူတည်ပြောတာ ဖြစ်ပါလိမ့်မည်။ ဝန်ထမ်းလုပ်သူများကို
ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး အောင်မြင် သူများဖြစ်လာစေရန် အားပေးသည့် စကားတစ်ခွန်းလည်း
ဖြစ်ပါမည်။
သို့သော်
ကျွန်တော်ကတော့ ဤကဲ့သို့ မယူဆပါ။ အဘယ်ကြောင့် ဤအဆိုကို ကျွန်တော် သဘောမတူရပါသနည်း။
ရှင်းပါအံ့။
ပထမ
ဝန်ထမ်း နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်သူ ကို အဓိပ္ပာယ်ဖွင့်ကြည့်ပါမည်။
ဝန်ထမ်း
ဟူသည် အလုပ်ရှင် သို့မဟုတ် အစိုးရထံမှ အခကြေးငွေ တစ်စုံတစ်ရာကိုယူ၍ အစိုးရအတွက် သို့မဟုတ်
အလုပ်ရှင် အတွက်၊ အစိုးရ၏အလုပ် သို့မဟုတ် အလုပ်ရှင်၏အလုပ်ကို လုပ်ပေးနေရသူ ဟု အဓိပ္ပာယ်ဖွင့်လျှင်
မှားနိုင်မည် မထင်ပါ။
သို့ဆိုလျှင်
မည်သူများသည် ဝန်ထမ်းဖြစ်သနည်း။
နိုင်ငံတော်သမ္မတသည်
နိုင်ငံတော်မှပေးသည့် လစာကိုစား၍ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေရသူဖြစ်ရာ နိုင်ငံ့ဝန်ထမ်း
ဖြစ်သည်။
အလားတူပင်
ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ညွှန်ကြားရေးမှူး၊
ဦးစီးမှူး၊ မန်နေဂျာ၊ လက်ထောက်ဆရာဝန်၊ တိုင်းပညာရေးမှူး၊ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ၊
အင်ဂျင်နီယာ၊ အာခီတက် မှစ၍ ညစောင့်၊ ပြာတာ၊ သန့်ရှင်းရေးထိ အားလုံးသည် ဝန်ထမ်းချည်းဖြစ်၏။
ခြုံ၍ပြောရလျှင်
လခစားမှန်သမျှ အားလုံး ဝန်ထမ်းချည်းဖြစ်၏ ဟု ပြောနိုင်ပါသည်။ အထက်တွင်ဆိုခဲ့သလို သူ့အလုပ်လုပ်ပေးဘို့
အလုပ်ရှင်/အစိုးရက ပိုက်ဆံပေးထားတာဖြစ်၏။ ထို့ကြောင့် သူ့ပိုက်ဆံယူပြီး သူ့ဝန်ကိုထမ်းပေးရသူဖြစ်၍
ဝန်ထမ်း ဟု ခေါ်ခြင်း ဖြစ်သတည်း။
ထို့နောက်
ကိုယ်ပိုင်စီးပွားရေးလုပ်သူ၊ လုပ်ငန်းရှင် ဆိုသည်ကို အဓိပ္ပာယ်ဖွင့်ကြည့်ပါမည်။
လုပ်ငန်းရှင်ဆိုကတည်းက
ထိုလုပ်ငန်း၏ပိုင်ရှင်ဟု ဆိုလိုသောကြောင့် ထိုလုပ်ငန်းကိုပိုင်သူဖြစ်သည်။ ကိုယ်ပိုင်စီးပွားရေးလုပ်သူ
ဖြစ်သည့်အတွက်လည်း ကိုယ့်စီးပွားရေးကို ကိုယ့်ဘာသာလုပ်သည်။ ဘယ်သူ့ဆီကမှ လခယူမနေ၊ ဘယ်သူ့အခိုင်းကိုမှ
မခံ။ ကိုယ့်ဘာသာလုပ်သူ ဟု အဓိပ္ပာယ်ရပါလိမ့်မည်။
သို့ဆိုလျှင်
မည်သူများသည် လုပ်ငန်းရှင်/ကိုယ်ပိုင်စီးပွားရေးလုပ်သူများ ဖြစ်သနည်း။
Microsoft
ကုမ္ပဏီကြီးကို ပိုင်သူ၊ ကိုကာကိုလာ ကုမ္ပဏီကြီးကို ပိုင်သူ၊ တိုယိုတာကုမ္ပဏီကြီးကို ပိုင်သူ၊
နေရှင်နယ်ကုမ္ပဏီကြီးကို ပိုင်သူ၊ ကမ္ဘောဇကုမ္ပဏီကြီးကို ပိုင်သူ၊ အဲယားကွန်းပြင်ဆိုင်ကို
ပိုင်သူ၊ ဘိနပ်လုပ်ငန်းကို ပိုင်သူ၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၊ ဟိုတယ်ပိုင်ရှင်၊ သင်တန်းကျောင်းပိုင်ရှင်၊
ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်၊ ကားပြင်ဆိုင်ပိုင်ရှင်၊ အလှပြင်ဆိုင်ပိုင်ရှင်၊
စတိုးဆိုင်ပိုင်ရှင်၊ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်၊ စိုက်ပျိုးရေးခြံပိုင်ရှင်၊ လယ်သမား၊
ကိုင်းသမား၊ ရေခဲချောင်းရောင်းသူ၊ ကွမ်းယာရောင်းသူ၊ မုန့်ဟင်းခါးရောင်းသူ၊ ဟင်းသီးဟင်းရွက်ရောင်းသူ၊
ငါးသည်၊ ကြက်သားသည် အားလုံးသည် လုပ်ငန်းရှင်/ ကိုယ်ပိုင်စီးပွားရေး လုပ်သူများ ဖြစ်သတည်း။
ဆိုတော့
ဝန်ထမ်းလုပ်တိုင်းသာ လူညံ့ဖြစ်ရမှာဖြင့် သမ္မတများ၊ ဝန်ကြီးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊
ကုမ္ပဏီမှ CEO များ၊ မန်နေဂျာများကိုလည်း လူညံ့စာရင်း သွင်းရပေလိမ့်မည်။ ကျွန်တော့်
အတ္တနောမတိအရ ပြောရပါမူ ထိုသူများသည် လူညံ့များ မဟုတ်ကြပါ။ လူတော်များဖြစ်ပါသည်။ မတော်သူကို
မည်သူက ထိုရာထူးတွင် ခန့်ထားပါမည်နည်း။
နောက်တစ်ခုမှာ
မည်သည့်နိုင်ငံတွင်မဆို လူ့ဘောင်အဖွဲ့အစည်းမှန်က အဖွဲ့အစည်းနှင့် လုပ်ကြရသည်ချည်းဖြစ်သည်။
အဖွဲ့အစည်း တစ်ခုဖြစ်လာပြီဆိုလျှင် လူတိုင်း ထိပ်ဆုံးမှာချည်းနေချင်လို့မရ။ လူအနည်းငယ်ကသာ
ထိပ်ပိုင်း၌ရှိပြီး အများစုမှာ အလယ်အလတ် နှင့် အောက်ပိုင်းတွင် လုပ်ကြရတာချည်း ဖြစ်ပါသည်။
မည်သူ အထက်ပိုင်းရောက်၍ မည်သူ အောက်ပိုင်းရောက်သည် ဆိုခြင်းမှာ ကံနှင့်မဆိုင်၊ ဉာဏ်နှင့်
ဝီရိယအရာဖြစ်၏။
အောက်ဆုံး
သန့်ရှင်းရေးဝန်ထမ်းသည် သူလုပ်ရမည့် သန်ရှင်းရေးအကြောင်း နားလည်လျှင် ပြီးပြီ။ တခြားဟာတွေ
သူနှင့်မဆိုင်။ အချိန်တန်လျှင် ကိုယ့်အလုပ်ဆီလာ၊ သန့်ရှင်းရေးလုပ်။ လကုန်လျှင် လခထုတ်မည်။
ထို့ထက်ပို သိစရာမလို။
သို့သော်
စူပါဗိုက်ဆာဖြစ်လာလျှင် သည်မျှနှင့်မရတော့။ မည်သည့်နေရာတွင် မည်သူ့ကို တာဝန်ချပေးရမည်။
သန့်ရှင်းရေးလုပ်ရန် မည်သည့် ပစ္စည်းတွေလိုသည်။ မည်သည့်နေရာကို မည်သည့်နေ့တွင် သန့်ရှင်းရေးလုပ်ရမည်။
မည်သူများ အလုပ်ဆင်းသည်။ မည်သူများပျက်ကွက်သည်ကို သိရမည်။ လုပ်ခိုင်းထားသောနေရာများ
တကယ် သန့်ရှင်းမရှင်း စစ်ဆေးရမည်။ သတ်မှတ်ထားသည့်အတိုင်း မသန့်ရှင်းဆိုပါက သန့်လာသည်ထိ
ရှင်းခိုင်းရမည်။
မန်နေဂျာဆိုပါက
သည့်ထက်ပို တာဝန်ကြီးသေးသည်။
ဆိုတော့
သည်တာဝန်များကို ထမ်းဆောင်ဘို့ရာ သူ့တွင် ပညာဓာတ်ခံ အလုံအလောက်ရှိရမည်။ အုပ်ချုပ်ရေးပိုင်း
နားလည်ရမည်။ စီမံခန့်ခွဲရေးဆိုတာ ဘာ ဆိုတာကို သိရမည်။
သို့မို့ကြောင့်
ထိုသူများကို လူညံ့များဟု ကျွန်ုပ် မဆိုချင်ပါ။
ထို့အတူ
အင်ဂျင်နီယာများမှာလည်း ဝန်ထမ်းများဖြစ်၏။ တော်ရုံတန်ရုံအရည်အချင်းနှင့် အင်ဂျင်နီယာမဖြစ်နိုင်။
ထို့ကြောင့် အင်ဂျင်နီယာဝန်ထမ်းများကိုလည်း လူညံ့စာရင်း သွင်းလို့မရ။
ထို့ပြင်တဝ
ဝန်ထမ်းများမရှိဘဲနှင့် သည်အစိုးရအဖွဲ့အစည်းကြီးကို မည်ကဲ့သို့လည်ပတ်ပါမည်နည်း။ သည်ဝန်ထမ်းများ
မရှိဘဲနှင့် သည်ကုမ္ပဏီကြီးကို မည်ကဲ့သို့ မောင်းနှင်ပါမည်နည်း။
ကုမ္ပဏီဆိုတာ
ပိုင်ရှင်တစ်ယောက်တည်းက လုပ်လို့ရတာမဟုတ်။ မန်နေဂျင်းဒါရိုက်တာ၊ မန်နေဂျာ၊ အင်ဂျင်နီယာ၊
စာရင်းကိုင် စသည်တို့ ခန့်ထား လည်ပတ်ရတာ ဖြစ်ပါသည်။ ပြောရလျှင် ကုမ္ပဏီပိုင်ရှင်အင်အားထက်
ဝန်ထမ်းအင်အားက ပိုများသေးသည်။
အဲလေ
ဘယ်ဝန်ထမ်းမှ မခန့်ဘဲလည်ပတ်လို့ရတာတွေ ရှိသပေါ့။ ဥပမာ - ကွမ်းယာဆိုင်၊ မုန့်ဟင်းခါးဆိုင်၊
လမ်းဘေး အသုတ်ဆိုင်။
သို့ဆိုလျှင်
ထိုကွမ်းယာသည်တို့ အောက်ကျို့စရာ မလိုတော့ပြီလော။ ထိုကွမ်းယာသည်တို့ အောက်ကျို့စရာ
မလိုသည့်နေရာမှာ ၎င်းဈေးရောင်းသည့် ကွမ်းယာလောကတွင်သာ ဖြစ်ပါလိမ့်မည်။
ဆရာကြီးက
ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူတွေဟာ ဘယ်သူ့မှ အောက်ကျို့စရာမလိုဘူး ဟု ဆိုပါသည်။ တချို့ကိုယ်ပိုင်စီးပွားရေး
လုပ်ငန်းရှင်ကြီးများမှလွဲ၍ ကိုယ်ပိုင်လုပ်ငန်းရှင် အတော်များများမှာ အောက်ကျို့ရကြောင်း
ကျွန်တော် သာဓက ပြပါရစေ။
ကိုယ်ပိုင်လုပ်ငန်းရှင်ထဲတွင်
ကိုယ့်လယ်ကိုယ် ထွန်ယက်စိုက်ပျိုးစားသောက်နေသူ တောင်သူများလည်း ပါပါသည်။ ၎င်းတို့သည် မည်သူ့ဆီကမှ
အခကြေးငွေမယူ။ ကိုယ့်လယ်ကိုယ်ထွန်၊ ကိုယ့်ကောက်ကိုယ်စိုက်ကြသူချည်းဖြစ်၏။ မြန်မာပြည်မှအလုပ်လုပ်သူ
အားလုံး၏ ၇၀ % မှာ တောင်သူများဖြစ်၍ ထိုအင်အားစုကို နည်းသည်ဟု မဆိုနိုင်ပါ။
သို့သော်
ထို ၃၅ သန်းမျှသော တောင်သူများကို စေ့စေ့ပေါက်ပေါက်လိုက်မေးကြည့်ပါ။ တောင်သူဘယ်နှစ်ဦး
အဆင်ပြေနေပါ သနည်း။ ကျွန်တော့် အဖေများ၊ ကျွန်တော့်အဖေ၏အဖေများ လက်ထက်ကတော့ ဟုတ်ချင်
ဟုတ်ပါမည်။ ယခုခေတ်တွင် တောင်သူများ အဆင်မပြေ၍ လုပ်နိုင်ကိုင်နိုင်သူ လူငယ်အများ အခြားနိုင်ငံများထွက်ကာ
အလုပ်လုပ်ကြသည်မှာ ယခုဆိုလျှင် လယ်ယာလုပ်ငန်း၌ လုပ်သားရှားပါးသည့် ပြဿနာကို ရင်ဆိုင်နေကြရပြီ
ဖြစ်ပါသည်။
စပါးတင်း
(၁၀၀) ရဘို့ဆိုတာ လွယ်သည့် အလုပ်မဟုတ်။ သို့တိုင် စပါး တင်း (၁၀၀) ရောင်း၍ ရသည့်ပိုက်ဆံကို
စင်ကာပူတွင် ကျွန်တော် (၂) ရက်မျှ စာသင်လိုက်ရုံနှင့် ရသည်။ ထိုင်း/မလေးရှား/စင်ကာပူတို့တွင်
အလုပ်လုပ်နေသည့် လူငယ်ကလေးများ၏ တစ်လစာမျှသာ ရှိသည်။ သို့သော် စပါးတင်း (၁၀၀) ဆိုတာက
တစ်နှစ်လုံးနေမှတစ်ခါသာ ရတာဖြစ်သည်။ သည်ပိုက်ဆံနှင့် နှစ်တစ်ပတ်လည် မည်ကဲ့သို့ သုံးစွဲပါမည်နည်း။
မိတ်ဆွေများခင်ဗျား။ ပြောတာသာလွယ်သည်။ လက်တွေ့တွင် သည်မျှမလွယ်ပါ။
အနှီတောင်သူကြီးများ
မည်သည့်နေရာများ၌ အောက်မကျို့ရပါသနည်း။ ကိုယ့်ရွာ၊ သူများရွာများတွင် ပြုလုပ်သည့် အလှူပွဲ၊
မင်္ဂလာပွဲ၊ အသုဘပွဲများ၌သာ အောက်မကျို့ရရှိမည်။ ထိုပွဲများမှလွဲ၍ ကျန်သည့်ကိစ္စအားလုံး
(အားလုံးဟုပင် ကျွန်တော် ဆိုချင်ပါသည်။) အောက်ကျို့ရသည်ချည်း ဖြစ်၏။
အနှီတောင်သူကြီးများ
ကိစ္စရှိ၍ ရုံးပြင်ကန္နား သွားရသည်ဆိုအံ့။ မျက်နှာကလေးအောက်ချကာ စားပွဲတစ်ခုအနီးသို့
ချဉ်းကပ်ရမည်။ ထို့နောက် ဂရုချတ်အကြောင်း အတင်းတုတ်နေသည့် မမကလေးများ သည်ဘက်လှည့်လာမည့်
အရေးကို ဆင့်ဟိုဒင်း၊ ဟဝှာမျှော်သလို မျှော်ရမည်။ ကျန်တာတွေထားလိုက်ပါ။ စိတ်ပေါက်ပေါက်နှင့်
ရေးမိလျှင် တရားစွဲခံရလိမ့်မည်။
ဤသည်ကိုမှ
အောက်ကျို့သည်မခေါ်လျှင် ဘယ်သင်းကို အောက်ကျို့ရသည် ခေါ်ရပါမည်နည်း။
ဆရာကြီးက
ကိုယ်ပိုင်လုပ်ငန်းရှင်တွေက အောက်မကျို့ရဘူးဆိုတော့ ဝန်ထမ်းတွေက အောက်ကျို့ရသည်ဟု အဓိပ္ပာယ်
သက်ရောက်ပါသည်။
ဆိုတော့
ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်မိပါသည်။
ကျွန်တော်လည်း
ကျောင်းပြီးကတည်းက လခစား ဝန်ထမ်း တောက်လျှောက်လုပ်လာခဲ့တာ ဖြစ်၏။ သို့သော် ကျွန်တော်
အောက်ကျို့ခဲ့ရသည့်ကိစ္စများ ရှိခဲ့ဖူးသည်ဟု မမှတ်မိပါ။ မမှတ်မိဆိုကတည်းက အောက်ကျို့ခဲ့ရသည်များ
ရှိသည့်တိုင် သာမန် အသေးအဖွဲမျှလောက်သာ ဖြစ်၍ ကျွန်တော့်စိတ်ထဲ စွဲမနေခြင်းဖြစ်ပါသည်။
ကျွန်တော်
မနက်မိုးလင်း အလုပ်သွား။ လုပ်စရာရှိတာလုပ်သည်။ ပြောစရာရှိတာ ပြောသည်။ ဆဲစရာရှိလျှင်
ဆဲသည်။ အဆဲခံရစရာရှိလျှင် အဆဲခံသည်။ သို့သော် အောက်ကျို့ရတာမျိုးတော့ အမှတ်ထင်ထင် မရှိခဲ့ဖူးပါ။
ကျွန်တော် အောက်ကျို့ခဲ့ရသည်များကို အမှတ်ရသူများ ပြန်လည်ဖော်ထုတ်ပေးမည်ဆိုပါက အထူးကျေးဇူးတင်မည်
ဖြစ်ပါသည်။
သို့သော်
ရုံးပြင်ကန္နားသွားရလျှင်တော့ အထက်တွင်ဖော်ပြခဲ့သလို မျက်နှာကို ဟို့ အောက်ဆုံးထိချကာ
မိမိကလေးများ ကိုယ့်အပေါ် မဟောက်ရေး၊ ကိုယ့်ကိစ္စ အဆင်ပြေပြေ ဆောင်ရွက်ပေးစေရေး အောက်ကျို့ရသည်များတော့
ရှိခဲ့ဖူးပါသည်။ သို့သော် ဤသည်မှာ ဝန်ထမ်းဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်မဆိုင်ပါ။ ဤအရာကား
ကျွန်တော်တို့လို မျက်နှာမရှိသူ သာမန်ပြည်သူလူထု တစ်ရပ်လုံးက ခံစားရသော ဘုံဒုက္ခ ဖြစ်ပါသည်။
တစ်ခုရှိသည်မှာ ဆရာကြီးရည်ညွှန်းသည့် ဝန်ထမ်း ဆိုသည်မှာ
အစိုးရဝန်ထမ်းဖြစ်ချင်ဖြစ်ပါမည်။ အစိုးရဝန်ထမ်းများ မည်သို့ မည်ပုံအောက်ကျို့ရသည်။
အဘယ်ကြောင့်အောက်ကျို့ရသည်များကိုတော့ ကျွန်တော်မသိပါ။ သိလည်း မသိချင်ပါ။
ပြောတာလည်း
အတော်များသွားပြီဆိုတော့ နိဂျုံးခုပ် (အဲလေ) နိဂုံးချုပ်ပါမည်။
တစ်ခါက
ရုံးမှပြန်လာသူ အစိုးရဝန်ထမ်း အမျိုးသမီးတစ်ယောက်ကို ကွမ်းယာရောင်းသူ အမျိုးသမီးက
-
အစ်မရယ်
- အစ်မတို့ တစ်နေ့တစ်နေ့ ရုံးသွားနေရတာ လခလည်း ဘယ်လောက်မှ မရဘဲ ပင်ပန်းလှပါတယ်။ ကျွန်မတို့လို
ကွမ်းယာရောင်းပါလား။ တစ်နေ့ ဘယ်လောက်တောင် မြတ်တယ် အစ်မရဲ့ ဟု ပြောလေ၏။ သူကတော့ တကယ့်
စေတနာနှင့် ပြောတာ ဖြစ်ပါလိမ့်မည်။ သို့သော် ယူနီဖောင်းဝတ်ထားသော မမကလေးက မခံနိုင်။
ကက်ကက်လန်အောင် ပြန်ရန်တွေ့ လေသည်။
ဟင်
- နင့်ကွမ်းယာကို ငါ ဘယ်အချိန်ကောက်ရောင်းရောင်း၊ ရောင်းလို့ရသဟဲ့။ နင် ငါ့ရာထူးမျိုးကို
ဘယ်အချိန်ကောက်ယူယူ၊ ရမယ်လို့များ ထင်နေသလား။
ဤသည်မှာ
ပုံပြင်မဟုတ်ပါ။ တကယ်ဖြစ်ပါ၏။ ဟင်္သာတက ကျွန်တော့်အစ်ကိုကြီး ကိုအေးသောင်း ပြန်ပြောပြတာ
ဖြစ်ပါသည်။
လူအချင်းချင်း
အတင်းတုပ်ခြင်း၊ ကင်းရှင်းကြပါစေ။
အေးငြိမ်း
၃ ဧပြီလ၊
၂၀၁၈
No comments:
Post a Comment