(၁)
ဤဒွန္နယာကြီးတွင်
သန်းခေါင်ထက် နက်သောညဥ့်များသည် ရှိ၏။ ထိုညဥ့်နက်များဖြစ်အောင် ဖန်တီးနေသည့် ဆိုးညစ်ယုတ်မာသူ
များသည် ရှိ၏။ ထို့အတူ ကောင်းသူများသည်လည်း ရှိပါ၏။ ထုံးစံအားဖြင့်တော့ မကောင်းသူများမှာ
အများစုဖြစ်ပြီး ကောင်းသူများမှာ လူနည်းစုမျှ ဖြစ်၏။ ဤနေရာတွင် ကျွန်တော်ဆိုလိုသည့်
ကောင်းသူ ဟူသည်မှာ အမှန်စင်စစ် ကောင်းသူများ ကိုသာ ဆိုလိုပြီး ကောင်းချင်သယောင် ဆောင်နေသည့်
ကြောင်သူတော် ကြွက်သူခိုးများ မပါပါ။ ကောင်းသယောင်ထင်ရသည့် ကြောင်သူတော် ကြွက်သူခိုးများသည်လည်း
မကောင်းသူများနည်းတူ အန္တရာယ်များသူများသာ ဖြစ်လေသည်။
ယုတ်မာသူများသည်
၎င်းတို့၏အလုပ်ဖြစ်သော ယုတ်မာသည့်အလုပ်များကို တစိုက်မတ်မတ် လုပ်ကြ၏။ ၎င်းတို့ ဆိုးညစ်ယုတ်မာ
သမျှ ကောင်းသူများက ရသလောက် ကယ်ရလေသည်။ သို့ရာတွင် ဆိုးသူများမှာ ကောင်းသူများထက် အဆပေါင်းများစွာ
ပိုလေရကား ကယ်တင်နိုင်သည့် ပမာဏမှာ ပီဘိ မဖြစ်စလောက် ရာနှုန်းအနည်းငယ်သာ ရှိလေသည်။ ထိုအခါ
ရေတိမ်နစ်သည် ဟူသည့် မြန်မာစကားသည်လည်း ပေါ်လာရလေတော့သတည်း။
(၂)
ဟိုတစ်နေ့က
ကျွန်တော့်သင်တန်းတွင် တိုင်းရင်းသူအမျိုးသမီးတစ်ယောက် ပါလာ၏။ ကိုယ့်နာမည်ကိုယ်တောင်
စာလုံးပေါင်း မှန်အောင် မပေါင်းတတ်။ ကျွန်တော်က သူ့ကို ကျောင်းဘယ်နှစ်တန်းထိ နေဘူးသလဲ
မေးတော့ ၂ တန်းဟု ဖြေသည်။ သို့သော် အေးဂျင့်က ဆယ်တန်းအောင်လက်မှတ် ပေး၏။
ကျွန်တော်
ရုံးကို ထိုအကြောင်း ပြောပြ၏။ ထို့ပြင် ကျွန်တော်က အင်မတန်လွယ်လှသော မေးခွန်း ၆ ခုကို
မြန်မာလိုရေးကာ ဖြေခိုင်း၏။ ဂဏန်း ၄ လုံးကို ပေါင်းရသည့် သင်္ချာ တစ်ပုဒ်။ ဂဏန်း ၄ လုံးကိုတည်၊
တစ်လုံးနှင့် မြှောက်ရသည့် သင်္ချာတစ်ပုဒ်။ ပထဝီဆိုင်ရာ သုံးပုဒ်။ အထွေထွေဗဟုသုတ တစ်ပုဒ်။
စုစုပေါင်း ၆ ပုဒ်အနက် အပေါင်းတစ်ပုဒ်သာ ဖြေသည်။ သူဖြေထားတာ ကိုသာ မိတ်ဆွေများ မြင်ရလျှင်
သေချင်စော် နံသွားလိမ့်မည်။
ဒီ
ဆယ်တန်းအောင်လက်မှတ်ရဘို့ ဘယ်လောက်ပေးခဲ့ရသလဲ ဆိုတော့ ဘာမှ မဖြေ။
နောက်တစ်ယောက်။
မျက်နှာက
ခလေးမျက်နှာကလေး။
ကျွန်တော်
သူတို့ကို သေသေချာချာ မေးလည်းမေး၊ ပြောလည်း ပြသည်။ အိမ်အကူလုပ်သားလုပ်ဖို့ အနည်းဆုံး
အသက် ၂၃ နှစ် ပြည့်မှရမယ်။ အကယ်၍ အသက်မပြည့်သေးရင် ခုကတည်းက ပြောပါ။ အချိန်မီသေးတယ်။
အသက်မပြည့်ရင် အခု မြန်မာပြည် ပြန်။ ၂၃ နှစ်ပြည့်မှ ပြန်လာ။ ဘာပြဿနာမှ မရှိဘူး။
ဒါပေမယ့်
အသက် ၂၃ နှစ်မပြည့်ဘဲ ပြည့်ပါတယ်လို့ ညာရင်တော့ ဥပဒေအရ အရေးယူခံရလိမ့်မယ်။
ကျွန်တော်
ထိုစကားကို အနည်းဆုံး ၃ ကြိမ်ပြောပါသည်။ ထိုကလေးမကလေးကိုလည်း ညည်း အသက် ဘယ်နှစ်နှစ်လဲ
ဆိုတော့ ၂၃ နှစ်ဟု ဖြေသည်။ သေချာရဲ့လား ဆိုတော့ မယုံရဲယုံရဲ ခေါင်းညိတ်ပြသည်။ အခု အသက်မှန်ကိုပြောရင်
အချိန်မီသေးတယ်နော် ဆိုတော့ ဘာမှ မပြော။
သင်တန်းတက်သူများကို
ဓာတ်ပုံရိုက်ကာ MOM သို့ မနက် ၁၀ နာရီအရောက် ပို့ရသည်။ ၁၁ နာရီလောက်ကျတော့ Under
aged suspect ဆိုကာ ထိုကလေးမကို လာခေါ်သွားသည်။ ဟိုရောက်လျှင် ပြဿနာတက်တော့မှာ သေချာလှ၏။
သူတို့ကို
အဲဒီလိုပြန်လွှတ်တော့ အေးဂျင့်ခ ပေးရသေးလားဟု ကျွန်တော့်မိတ်ဆွေကို မေးတော့ ဘယ်နေမလဲရှင်၊
ဒီလာကတည်းက နင်တို့ ၂၃ နှစ်လို့ပြောနော်။ ၂၃ နှစ်မပြောလို့ ပြန်လာရရင် သိန်း ၂၀ လျော်ပါ့မယ်
လို့ သူတို့အိမ်နဲ့ စာချုပ်လာခဲ့ရတာ ဟု ပြောပါသည်။ အလွန်ဆိုးရွားလှသော လူကုန်ကူးသူများပါတည်း။
အစိုးရဆိုသူများကိုတော့ ဘာမှ မပြောလို တော့ပါ။ အဲလေ၊ သူတို့ကလည်း ပြန်ပြောမှာပေါ့။
ငါတို့က အိမ်ဖော်တွေနိုင်ငံခြားမလွှတ်ရလို့ တရားဝင် စာထုတ်ထားတာပဲကွ၊ ဒါ သူတို့ဘာသာ
ဖြစ်တဲ့ကိစ္စ။ ငါတို့နဲ့ ဘာဆိုင်လို့တုန်း။ အဲဗျ၊ အဲသလိုဆိုတော့လည်း ဟုတ်တုတ်တုတ်။
အနို့၊
နေပါအုံး။ အဲဒီလို မလွှတ်ရလို့ အမိန့်ထုတ်ထားပါလျက်ကနဲ့ အဲဒီ ရာဂဏန်းတော်တော် များများသော
မိန်းကလေးတွေ ဘယ်ခွေးတိုးပေါက်ကနေ တိုးထွက်သွားတာလဲဆိုတာ သိချင်လှပါဘိ။
အောင်မယ်လေး၊
မြန်မာပြည်က အေးဂျင့်တွေတော့ မပြောပါနဲ့။ ဗိုက်ကြီးသည်တွေရော၊ စိတ်မနှံ့တဲ့သူတွေရော၊
အသက်မပြည့် သေးတဲ့သူတွေရော၊ စာတစ်လုံးမှ မတတ်တဲ့သူတွေရော အကုန်လွှတ်တာ။ သူတို့ပိုက်ဆံရဘို့တစ်ခုဘဲ
ကြည့်တယ်။ ဘယ်ရှင်၊ ဘယ် မိကောင်းဖခင်သားသမီးက ဒီလိုလွှတ်မှာလဲ၊ ရှင်ဘဲ စဉ်းစားကြည့်ပါ
ဟု ပြောတော့ ကျွန်တော့်မှာ အံ့သြလွန်း၍ သေမတတ်ဖြစ်ရပြန်သည်။
(၃)
ရန်ကုန်နှင့်
သိပ်ပင်မဝေးလှသည့်တိုင် သူတို့အိမ်မှာ အိမ်သာမရှိ။ နောက်ဖေးနောက်ဖီသွားချင်လျှင် ဟိုး
အနောက်က ယာခင်း ခြုံတောထဲ သွားကြသည်။ သည်တော့ ယာခင်းရှင်က သူတို့အကွက်ထဲ လာ အီးမပါရဟု
မောင်းထုတ်သည်။ သူတို့ အမေကလည်း အိမ်နားက အကွက်တွေမှာ မပါရ။ ယာခင်းထဲ သွားပါရမည်ဟု
အမိန့်ထုတ်ထားလေရာ သည်ကလေးများမှာ အီးပါစရာတောင် နေရာမရှိ။ အီးတစ်ခါပါဘို့အရေး လူအလစ်
ချောင်းရသေးသည်။
သည်
အီးကိစ္စမှာ ကလေးဘဝတုံးက ကိစ္စမရှိ။ သို့သော် အပျိုဖျန်းကလေးများ ဖြစ်လာတော့ ကိစ္စကရှိလာပြီ။
ခွေးသူခိုးများဟူသည်
လူတို့၏ အားနည်းချက်ကိုရှာကာ အလစ်သုတ်တတ်သည် ဖြစ်လေရာ ထို ဆယ်ကျော်သက်လာသော မိန်းကလေးမှာ
အရှက်တကွဲ အကျိုးနည်း ဖြစ်ရလေတော့သည်။
အန်တီရယ်၊
သမီးဝေဖာမုန့်လေးစားချင်လို့ ဖြစ်မိတာပါရှင် လို့ မျက်ရည်လည်ရွဲလေးနဲ့ ပြောပြတော့ ကျွန်မမှာ
ရင်တွေနာလိုက်တာ လေ ဟု ထိုမိန်းကလေးကို အိမ်အကူအလုပ်ရှာပေးသည့် ကျွန်တော့်မိတ်ဆွေက
ပြောပါသည်။
ဆယ်ကျော်သက်အရွယ်
အပျိုစင်လေးတစ်ဦး၏ ပန်းဦးကို ဝေဖာမုန့်တစ်ချပ်နှင့် နင်းချေရက်သော ခွေးထက်ယုတ်မာသည့်
ထိုအယုတ်တမာများ သေသည့်အခါ ဘယ်ဘုံသို့လားမည်ကို သိခွင့်ရလျှင် ကျွန်တော် သိချင်မိလေသည်။
မဖုံးနိုင်မဖိနိုင်ဖြစ်လာသည့်အခါတွင်မူ
မိခင်ဖြစ်သူက လင်ကောင်မပေါ်သည့် ကိုယ်ဝန်ကို ဖျက်ချလေသည်။ ဆယ်ကျော်သက် အရွယ်ပင်ဖြစ်လင့်ကစား
မိမိရင်သွေးလေးကို သံယောဇဉ်တွယ်မိရှာသည့် ထိုမိန်းကလေးမှာ စိတ္တဇဝေဒနာကို အကြီးအကျယ်
ခံစားခဲ့ရသည်။ ထိုအခါ အမေလုပ်သူက နင့်ကို ဒီမှာထားရင် စိတ်မချရဘူးဆိုကာ ထွက်ကုန်ပစ္စည်းများကို
နိုင်ငံခြားသို့ ပို့ရာ ပင်ရင်းဌာနဖြစ်သော မဟာရန်ကုန်ရွှေမြို့တော်သို့ ပို့လိုက်လေသည်။
(မြန်မာပြည်မှ နိုင်ငံခြားသို့ ပေါပေါများများပို့နိုင်သည့် တစ်ခုတည်းသော ထွက်ကုန်မှာ
(လူ) ဖြစ်လေသည်။ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုပေမင့် အခြားပစ္စည်းများထက် လူလုပ်ရတာက ပိုလွယ်သည်ထင့်။
မြန်မာပြည်တွင် လူများလုပ်ကာ နိုင်ငံခြားသို့ လှိုင်လှိုင်တင်ပို့နေတာ မမြင်ချင့်အဆုံး
ဖြစ်လေသည်။ ဤကား စကားချပ်)
အယ်မယ်လေး၊
ဒါလောက် ဟိုးလေးတကျော်ကျော် ဖြစ်နေတာ။ ဦးအေးမသိတာ အံ့ပါရဲ့ရှင်။ လျှောက်လွှာတစ်စောင်ကို
၅၀၀၀ ဆိုတာတောင် အလုအယက်ဝယ်ကြရတာ။ အဲဒီမှာ လူတိုးလို့သေတဲ့သူတွေတောင်ရှိတယ်။ ဟိုတလောကတောင်
သတင်းစာထဲ ပါလာသေးတယ်လေ ဟု အလွန်အလုပ်ဖြစ်လှသော တရားဝင် လူကုန်ကူး ဈေးကွက်ကြီးအကြောင်း
ကျွန်တော့်မိတ်ဆွေက ပြောပြပါသည်။ ဒီတစ်ခါ ပြန်လာမှ ကျွန်မလိုက်ပို့မယ် ဆို၏။
ထိုသတင်းကို
ကျွန်တော်လည်း သိုးသိုးသန့်သန့် ဖတ်လိုက်မိပါသည်။ သို့တိုင်သည်မျှ အခြေအနေဆိုးသည် မထင်ပါ။
ပြန်ကောက်ရလျှင်
အနှီမိန်းကလေး စင်ကာပူသို့ ရောက်လာသည်။ ဘာအလုပ်ရှိရမလဲဗျာ။ အိမ်အကူပေါ့။ သူလုပ်ရသည့်အိမ်တွင်
ယောက်ျားကလေးငယ်များ ရှိသည်။
သူက
မမြင်လိုက်ရတဲ့ သူ့သားလေးကို လွမ်းလို့ထင်ပါရဲ့ရှင်။ ကလေးလေးတွေ အိပ်နေရင် လက်ကလေးတွေကို
ကိုင်တာ။ နမ်းတာတွေ လုပ်တယ်။ အဲဒါကို အိမ်ရှင်သိတော့ သူ့ကို ကလေးတွေကို ကိုင်ခွင့်မပြုတော့ဘူး။
အဲဒီမှာတင် သူ့ စိတ္တဇ ဝေဒါနာ ထ တော့တာပဲ။
အိမ်ရှင်က
ကျွန်မဆီ ညကြီးမင်းကြီး သူ့ကိုခေါ်လာပြီး ရော့၊ နက်ဖြန်ပြန်ပို့ပေး၊ ငါ သည်းမခံနိုင်တော့ဘူး
တဲ့။
ဟဲ့၊
ညကြီးမိုးချုပ်။ လေယာဉ်လက်မှတ်က ဘယ့်နှာလုပ် ချက်ချင်းရမတုံး ဆိုတော့ နင့်ဟာနင် ရရ
မရရ၊ ငါတော့ လက်မခံနိုင်တော့ဘူး ဆိုပြီး အတင်းထိုးထည့်သွားတယ်။
ည ကျတော့
သောင်းကျန်းတော့တာပါဘဲရှင်။ အိပ်နေတဲ့သူတွေ အကုန်လိုက်နှိုးပြီး ပါးတွေကို တန်းစီရိုက်တော့တာပဲ။
အဲဒါနဲ့
ကျွန်မလည်း မိုးလင်းတော့ သူ့ကို Woodbridge ဆေးရုံကို ပို့လိုက်ရတော့တယ်။ ခုနပြောခဲ့တာတွေက
ဆေးရုံက သူ့ကို အိပ်မွေ့ချမေးလို့ အကုန်သိရတာ။
(၄)
လောကတွင်
ဤကဲ့သို့သော ရင်နာစရာ အဖြစ်အပျက်များ မည်မျှရှိလေသနည်း။ ယခုတွင်ပင် သတင်းစာ (အစိုးရသတင်းစာကို
မဆိုလို၊ အစိုးရသတင်းစာကား ကတ္တီပါဖိနပ်စီး၊ ရွှေထီးဆောင်းထဲက ဖြစ်လေသည်။)၊ ဂျာနယ်မှန်က
မုဒိန်းမှုနှင့် လူသတ်မှုမပါလျှင် သတင်းစာမမည်။
ဤဖြစ်ရပ်များမှာ
တမင်သက်သက်များ ဖြစ်ခွင့်ပေးထားသလား အောက်မေ့ရသည်။ ဖြစ်လဲဖြစ်နိုင်ပါပေ့။
ကာယကံရှင်ကို
မပြောပါနှင့်။ ကြားရသည့် ကျွန်တော့်မှာတောင် မခံစားနိုင်။
ကျွန်တော်မခံစားနိုင်သဖြင့်
မိတ်ဆွေတို့ကိုလည်း ရင်နာကြပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် ပြန်လည် မျှဝေလိုက်ပါကြောင်း။
လူအချင်းချင်း
ကုန်ကူးခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၇
ဧပြီလ၊ ၂၀၁၈
ည ၁၁း၀၈
နာရီ