အိမ်တွင်နေရင်း၊ လမ်းသွားရင်း၊ ပျော်ပွဲရွှင်ပွဲများကျင်းပရင်းစသည့် နေရာတိုင်းအတွက် အရေးကြီး၏။
အိမ်များတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များရှိသည်။ သက်ကြီးရွယ်အို မိဘများရှိသည်။
အိမ်တိုင်းလိုလို ကျန်းမာရေးအတွက် ပါရာဆီတမော့ အစရှိသည့် သောက်ဆေးများလည်း ဆောင်ထားကြစမြဲဖြစ်၏။
ထိုဆေးဘူးများကို ကြမ်းပြင်ပေါ် ချထားပါက ကလေးများဆော့ကစားရင်း ကောက်မြိုလိုက်လျှင် အကျိုးနည်းလိမ့်မည်။
မီးပူတိုက်ရင်း မီးပူကို စားပွဲအစွန်းတွင် ကြိုးတန်းလန်းနှင့် ထားခဲ့သည်ဆိုပါစို့။ ကလေးများ ဆော့ကစားရင်း ကြိုးကိုဆွဲချလိုက်လျှင် ခေါင်းပေါ်ကျကာ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းတို့ ဖြစ်နိုင်သည်။
အလှူတွင် ထမင်းဟင်းများချက်ပြုတ်ရာ ဆားနှင့်ယမ်းစိမ်း မှားထည့်မိသဖြင့် လူအများ ဆေးရုံရောက်ရသည့်သတင်း၊ ရေတွင်းဟောင်းကို လုပ်အားပေးဆယ်ယူရာ အောက်ဆီဂျင်ပြတ်၍ သေဆုံးရသည့်သတင်း စသည်တို့မှာ မဖတ်ချင့်အဆုံး သတင်းများဖြစ်၏။
ကျွန်တော်တို့ငယ်စဉ်က သူငယ်ချင်းတစ်ယောက်မှာ ငဝန်မြစ်ထဲတွင် ရေချိုးရင်း ဂျွမ်းပစ်ရာ ဇက်ကျိုးသေဆုံးခဲ့ရသည်။
ရန်ကုန်တွင် မိုးတွင်းဘက် ရေလျှံစဉ်က လမ်းသွားလမ်းလာတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရသည်။
ထို့ကြောင့် ဤကဲ့သို့ မတော်တဆမှုများမဖြစ်စေရန် လူတိုင်းတွင် အန္တရာယ်ကင်းရေး အသိပညာများ ရှိထားရန်လို၏။ မည်ကဲ့သို့နေထိုင်လုပ်ကိုင်ပါက အန္တရာယ်ဖြစ်တတ်သည်။ ထို့ကြောင့် ဤကဲ့သို့မလုပ်သင့် အစရှိသည်တို့ကို သေချာစွာ ပြောပြ သင်ကြားပေးဘို့လိုသည်။ မြန်မာပြည်၌ လူဦးရေ သန်း ၅၀ ကျော်ရှိသည်ဖြစ်ရာ ထိုလူတိုင်းကို သည်အသိပညာများ လိုက်လံ ဖြန့်ဝေ၊ သင်ကြားပေးဘို့ရာမှာ လွယ်ကူလှသော အလုပ်မဟုတ်။
လူတိုင်းလူတိုင်း အန္တရာယ်ကင်းရေးအသိများ ရကြစေရန် ကလေးဘဝကတည်းက လေ့ကျင့်သင်ကြားပေးဘို့လိုသည်။
ရာခိုင်နှုန်းအနည်းငယ်သော ကလေးများမှလွဲ၍ ကလေးတိုင်း ကျောင်းသွားကြသည်။ ထို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် စသည့်အတန်းများတွင် ကလေးများကိုသာ သူ့အဆင့်နှင့်သူ ကိုက်ညီဆီလျော်မည့် အန္တရာယ်ကင်းရေး အသိများကို ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးမည် ဆိုပါက မြန်မာတစ်နိုင်ငံလုံးရှိ လူအားလုံးနီးပါးကို အန္တရာယ်ကင်းရေး အသိများ သင်ကြားပေးပြီး ဖြစ်မည်။
အခြေခံပညာရေးသည်ပင်လျှင် အနည်းဆုံး ဆယ်နှစ်ရှိသည်ဖြစ်ရာ အန္တရာယ်ကင်းရေးအသိများကိုသာ ဆယ်နှစ်တာမျှ သင်ကြားပေးလိုက်ရလျှင် အတော်ခရီးရောက်လိမ့်မည် ဖြစ်ပါသည်။ လုပ်ငန်းခွင်ဝင်တော့မည့် တက္ကသိုလ်ကျောင်းသားများကို အထူးပြုဘာသာရပ်အလိုက် သက်ဆိုင်သည့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေးကို သင်ပေးလိုက်ပါက အလုပ်လုပ်သည့်အခါ မတော်တဆမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ကျွန်ုပ်ဆိုလိုသည့် မူလတန်း၊ အလယ်တန်း စသည့်အတန်းများ၌ အန္တရာယ်ကင်းရေး အသိပညာများ သင်ကြားပေးရေးဆိုသည်မှာ ဘာသာရပ်တစ်ခုအနေနှင့် သီးသန့်ထည့်သွင်း သင်ကြားပေးဘို့မဟုတ်။ အခြားစာများ သင်ကြားရင်းနှင့်ပင် ဖတ်စာများ၌ "ပလပ်ပေါက်များအတွင်း လက်မနှိုက်ရ။ ကြမ်းပြင်ပေါ်ကျသွားသည့် အစားအစာများကို မစားရ။ အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးပါ။" စသဖြင့် ထည့်သွင်းသင်ကြားပေးဘို့ ဖြစ်ပါသည်။
မဖြစ်သင့်သော မတော်တဆမှုများ မဖြစ်ကြစေရန် အန္တရာယ်ကင်းရေး အသိပညာများကို သင်ခန်းစာများ၌ ထည့်သွင်းရေးဆွဲ ပေးကြပါဟု ကျောင်းသင်ရိုးညွှန်းတမ်း ရေးဆွဲသော ဆရာကြီးများအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။ မည်သည့် အန္တရာယ်ကင်းရေးအသိများ ထည့်သွင်းရမည်ကို ကျွန်ုပ်တို့ထံမှ အကြံဉာဏ်များ ရယူလိုပါကလည်း ကူညီရန် အသင့်ရှိပါသည်ဟု သတင်းစကား ပါးလိုက်ရပါကြောင်း။
အယ်ဒီတာ
No comments:
Post a Comment