Monday, March 19, 2018

အာဆီယံနိုင်ငံများ ကျွမ်းကျင်မှု ပြိုင်ပွဲ (ASEAN Skill Competition) အကြောင်း သိကောင်းစရာ-3

Automobile Technology ပြိုင်ပွဲ

ထို့နောက် Automobile Technology အတွက် ပြိုင်ပွဲဝင်မည့် အဖွဲ့ကို ဦးဆောင်မည့် ဦးအောင်ကျော်လင်း နှင့် တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

မေး။      ။ Automobile Technology အတွက် ပြိုင်ပွဲဝင်ဘို့ ပြင်ဆင်နေတာလေးတွေ ပြောပြပါခင်ဗျား။
လင်း။     ။ Myanmar Skill ရော ASEAN Skill အတွက်ပါ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က MES မှာ စည်းဝေးပွဲလုပ်ပါတယ်။ Myanmar Skill Competition ကို စက်မှုဝန်ကြီးဌာနအောက်က သင်တန်းကျောင်းဖြစ်တဲ့ မကွေး၊ ITC (Industrial Training Centre) မှာ လုပ်ပါမယ်။ ပြိုင်ပွဲရက်က မတ်လ ၂၉၊ ၃၀၊ ၃၁ ပါ။ အာဆီယံပြိုင်ပွဲဝင်ဘို့ကတော့ ဒီနှစ်မှ စတာပါ။

မေး။      ။ Myanmar Skill Competition အတွက် ဘယ်နှစ်ယောက်လောက် ဝင်ပြိုင်မှာပါလဲ။ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်း လည်း သိချင်ပါတယ်။
လင်း။     ။ ပြိုင်ပွဲဝင်ဘို့ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေထဲကနေ လျှောက်လွှာတွေ ခေါ်ထားပါတယ်။ ပြိုင်ပွဲဝင်ဘို့ (၁၂) ယောက်လောက် ခေါ်ပါမယ်။ အဲဒီအထဲကမှ ASEAN ပြိုင်ပွဲဝင်ဘို့ (၄) ယောက် ရွေးပါမယ်။ အဲဒီ (၄) ယောက်ကိုတော့ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လတွေမှာ စခန်းသွင်းပြီး လေ့ကျင့် ပေးပါမယ်။ အဲဒီ (၄) ယောက်ထဲကမှ (၂) ယောက်ထပ်ရွေးပြီး အာဆီယံပြိုင်ပွဲ ဝင်ခိုင်းပါမယ်။ Automobile Technology အတွက် အာဆီယံ (၇) နိုင်ငံက တစ်နိုင်ငံကို (၂) ယောက်စီနဲ့ စုစုပေါင်း (၁၄) ယောက် ပြိုင်ရပါမယ်။ ကမ္ဘောဒီးယား၊ လာအို နဲ့ ဘရူနိုင်း တို့က ဝင်မပြိုင်ဘူး။

ဒီပြိုင်ပွဲဝင်ဘို့အတွက် ဖုံးဆက်လို့လည်း ရပါတယ်။ ဖုံးနံပါတ်တွေက - ရန်ကုန်အတွက် - ဦးအောင်ကြည်မောင် - ၀၉၄၃၂၀၂၀၁၁။ မန္တလေးအတွက် - ဦးအောင်အောင်ဦး - ၀၉၄၄၁၀ ၀၉၄၈၅။ မကွေးအတွက် - ဒေါ်ချယ်ရီထွန်း - ၀၉၄၄၀၂ ၂၆၅၅၁ တို့ ဖြစ်ပါတယ်။ ဒေါ်ချယ်ရီထွန်းက မကွေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးပါ။



ပြိုင်ပွဲဝင်ဘို့ သတ်မှတ်ထားတာက အသက် (၂၂) နှစ်အောက် ဖြစ်ရပါမယ်။ ပညာအရည်အချင်းကန့်သတ်ထားတာ မရှိပေမယ့် အာဆီယံပြိုင်ပွဲဝင်ဘို့အတွက်တော့ အင်္ဂလိပ်လို ရေးတတ်၊ ဖတ်တတ်၊ စကားပြောတတ်မှ ဖြစ်ပါမယ်။ နောက်ပြီး တိုင်းတာ ထွာတာတွေလည်း လုပ်တတ်ရမယ်ပေါ့။

မေး။      ။ Myanmar Skill အတွက်ရော လေ့ကျင့်ပေးသေးလား။ ပြိုင်မယ့်သူတွေကို ဘာတွေ ပြိုင်ရမယ်ဆိုတာရော ပြောထားသေးလား။
လင်း။     ။ Myanmar Skill အတွက်တော့ လေ့ကျင့်မပေးပါဘူး။ အပြင်က မက္ကင်းနစ်တွေနဲ့ သင်တန်းကျောင်းတွေက လာပြိုင်ကြ မှာ။ ပြိုင်ပွဲအတွက် လျှောက်လွှာလာတင်ကတည်းက သူတို့ကို ဘာတွေပြိုင်ရမယ်ဆိုတာ တစ်ခါတည်း ပြောလိုက်ပါတယ်။ Myanmar Skill အတွက် မော်ဒျူး (၄) ခု ပြိုင်မယ်။

မော်ဒျူးတစ်ခုကို (၃) နာရီ နဲ့ (၃) ရက် ပြိုင်ရပါမယ်။

Module A က မော်တော်ယာဉ်ဆိုင်ရာ အထွေထွေဗဟုသုတ ရေးဖြေ။
Module B က Engine Overhaul and measurement။
Module C က Autogear Overhaul and measurement။
Module D က Electrical Wiring ပိုင်းပါ။


ပြိုင်မယ့်သူတွေကို အသေးစိတ်တော့ ပြောပြမထားဘူး။ ခေါင်းစဉ်တွေလောက်ပဲ ပြောထားတယ်။

မေး။ ။ အာဆီယံမှာက ဘယ်နှစ်ခု ပြိုင်ရမှာပါလဲ။
လင်း။ ။ ASEAN Skill မှာတော့ မော်ဒျူး (၅) ခု ပြိုင်ရပါမယ်။ ပြိုင်ရမှာတွေတော့ ဟောဒီ ဆလိုက်ထဲမှာ ပြထားတယ်။ မော်ဒျူးတစ်မျိုးကို ၃ နာရီနဲ့ စုစုပေါင်း နှစ်ရက်ခွဲ ပြိုင်ရပါမယ်။






မေး။      ။ ဒီပြိုင်ပွဲအတွက် အစိုးရက ပံ့ပိုးပေးတာများ ရှိပါသေးလား။
လင်း။     ။ အစိုးရက Expert တစ်ယောက်၊ ပြိုင်ပွဲဝင်တစ်ယောက်စာ ပေးပါတယ်။ ကျန်တဲ့သူတွေတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာပေါ့။ ပြိုင်ပွဲဝင်နေတုံးတော့ ပြိုင်ပွဲက ကျွေးပါတယ်။ တည်းမယ့်ဟော်တယ်ကို ဘန်ကောက်က Booking လုပ်ပေးပေမယ့် ကိုယ့်ဘာသာကိုယ်ရှင်းရမှာပါ။

လေ့လာသူအနေနဲ့လိုက်ချင်ရင် ဘယ်အပိုင်းကိုလေ့လာချင်တယ် စသဖြင့် နာမည်ကြိုပေးထားပြီး ကိုယ့်စရိတ်နဲ့ကိုယ် လိုက်လို့ ရပါတယ်။ မြန်မာပြည်က ဘယ်သူတွေသွားမယ်ဆိုတာကို ဇူလိုင်လကုန်လောက်မှာ စာရင်းပေးရပါမယ်။

မေး။      ။ ပြိုင်ပွဲရက်နဲ့ဆို စုစုပေါင်း ဘယ်လောက်ကြာမလဲ။
လင်း။     ။ ပြိုင်ပွဲက (၃) ရက်။ ဆုပေးမှာ ဘာညာနဲ့ဆို (၅) ရက်လောက် ကြာပါလိမ့်မယ်။ ဒါပေမယ့် ဒိုင်လုပ်မယ့် expert အဖွဲ့ကတော့ ပြိုင်ပွဲမတိုင်မီ (၆) ရက်လောက် ကြိုသွားရမယ်။ ပြိုင်ပွဲအတွက် စည်းဝေးပွဲလုပ်ဖို့ စသဖြင့်ပေါ့။

မေး။      ။ ဟုတ်ကဲ့။ တခြားဘာများ ဖြည့်ပြောချင်ပါသေးလဲ။
လင်း။     ။ NSSA လက်မှတ်အတွက် Automotive Mechanic ဖြေနေတာ အယောက် (၃၀၀) ကျော်သွားပြီ။ ဝင်ဖြေတဲ့ သူတွေထဲမှာ လက်တွေ့ စက်ပြင်နေတဲ့သူတွေပါတယ်။ နောက်ပြီး သင်တန်းကျောင်းတွေမှာ NSSA ရဲ့ သင်ရိုးတွေအတိုင်း သင်တန်းပေးထားတဲ့သူတွေ ပါတယ်။

Automotive အတွက် NSSA အသိအမှတ်ပြု Assessment Centre သုံးခုရှိပါတယ်။ တစ်ခုက စက်မှုဝန်ကြီးဌာနအောက်က မကွေး၊ ITC သင်တန်းကျောင်း။ နောက်တစ်ခုက ဆင်တဲ ITC သင်တန်းကျောင်း။ နောက်တစ်ခုက ရန်ကုန်က Glory Career Training Centre ပါ။ NSSA လက်မှတ်ရ စာမေးပွဲတွေကို အဲဒီနေရာတွေမှာ စစ်ပါတယ်။

တကယ်တော်တဲ့တတ်တဲ့ လူငယ်လုပ်သားတွေ ပေါ်ထွက်လာအောင် လုပ်ပေးနေတာဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကို ဝင်ကြပါလို့ ကျွန်တော့်အနေနဲ့ လူငယ်တွေကို တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ASEAN Skill Marking Scheme

 ASEAN Provided Material
 ASEAN Skill Time Table
ASEAN Skill Provided Tools

နိဂုံး

အရည်အသွေးမြင့် ကုန်ထုတ်ပစ္စည်းများ ရဘို့ရာ တော်တည့်ထက်မြက်သော လုပ်သားများ လိုပါသည်။ နယ်ပယ်စုံတွင် ထိုကဲ့သို့ လုပ်သားများရရန် မွေးထုတ်ပေးရန် အရေးကြီးလှ၏။

မြန်မာနိုင်ငံတွင် လုပ်သားများ၏ ကျွမ်းကျင်မှုအတွက် ဆောင်ရွက်နေသော အစိုးရ အဖွဲ့အစည်းမှာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ နှင့် NSSA (National Skill Standards Authority) ဖြစ်ပါသည်။ ထိုဌာနများတွင် သင်တန်းကျောင်းများ ရှိသလို ကျွမ်းကျင်သင်တန်း များလည်း သင်ကြားပို့ချပေးလျက်ရှိ၏။

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၁၃) ရပ်ကွက်၊ မြနန္ဒာလမ်းရှိ NSSA သင်တန်းကျောင်းတွင် Aircond, Welding, Carpenter, Electrical စသည့်သင်တန်းများကို အခမဲ့ သင်ကြားပေးလျက်ရှိပါသည်။ ထို့ပြင် ပုဂ္ဂလိက သင်တန်းကျောင်းများအားလည်း ၎င်းတို့သတ်မှတ် ထားသည့် စံနှုန်းများနှင့်ကိုက်ညီပါက စစ်ဆေးရေးဌာန (Assessment Centre) အဖြစ်လည်း သတ်မှတ်ပေးပါသည်။


ကျွမ်းကျင်လုပ်သားများအနေနှင့် ထိုစစ်ဆေးရေးဌာနများတွင် သွားရောက် ဖြေဆိုကာ NSSA မှ ထုတ်ပေးသော ကျွမ်းကျင် လက်မှတ်များ ရယူနိုင်ကြပါသည်။ ထိုကျွမ်းကျင်လက်မှတ်များမှာ မိမိတို့ အလုပ်အကိုင် အခွင့်အလမ်းများအတွက် များစွာ အထောက်အကူ ပြုပါသည်။

ယခု ကျွန်တော် အာဆီယံနိုင်ငံများအတွင်း ယှဉ်ပြိုင်ရသော ASEAN Skill Competition အကြောင်း လက်လှမ်းမီသမျှ မေးမြန်း တင်ပြလိုက်ပါသည်။ ယှဉ်ပြိုင်နိုင်သောလုပ်ငန်း ၂၆ ခုရှိသည့်အနက် မြန်မာနိုင်ငံက (၁၂) ခုမျှသာ ပြိုင်နိုင်မည်ဟု သိရပါသည်။ ယခင်ပြိုင်ခဲ့သော ပြိုင်ပွဲများတွင်လည်း မြန်မာနိုင်ငံက ဘာဆုမှ မချိတ်ခဲ့ပါ။ ကျွန်တော်လည်း သည်အကြောင်း ခုမှ သိရသဖြင့် အတိတ်က မည်ကဲ့သို့ ပြိုင်နေကြသည်ကို မသိရပါ။

နောင်လာမည့်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ အတတ်ပညာ အတော်များများ ဝင်ပြိုင်နိုင်ရန် ကြိုးပမ်းကြစေလိုပါသည်။ ယခင်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဆုမရခဲ့ခြင်းမှာ မြန်မာများ ညံ့၍မဟုတ်။ အခြေအနေအကြောင်းကြောင်းကြောင့်သာ ဖြစ်ကြောင်း ကျွန်တော်ပြောရဲပါသည်။

မြန်မာလုပ်သားများထဲတွင် ထူးချွန်ထက်မြက်သူများရှိပါသည်။ ၎င်းတို့ကို စနစ်တကျ မြေတောင်မြှောက်ပေးရန် လိုပါသည်။ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို ပေးသိစေရန်လည်း လိုပါသည်။ ပြိုင်ပွဲအကြောင်း ကျယ်ကျယ် ပြန့်ပြန့် ချပြဘို့၊ လုပ်သားများကို လေ့ကျင့်ပေးဘို့ လိုပါသည်။

အနာဂတ်ကို ထုဆစ်ကြမည့် လူငယ်လုပ်သားထုအား လေးစား တန်ဘိုးထားလျှက် ၎င်းတို့ကို ကြိုးစားလိုစိတ်များ ဖြစ်ပေါ် လာအောင် ဆောင်ရွက်ကြပါ။ စည်းရုံးကြပါ။ ထိုကဲ့သို့ လုပ်နေသူများကိုလည်း အထောက်အပံ့များပေးကြပါ။ လိုအပ်သော ပံ့ပိုးမှုများ ပေးဘို့ရာ လက်မနှေးကြပါနှင့် ဟု တိုက်တွန်းလိုက်ရပါသတည်း။


အေးငြိမ်း (လေးမျက်နှာ)
၈ မတ်လ၊ ၂၀၁၈


No comments: