အလွန်ကြောက်တတ်သော ကျွန်ုပ်
အလုပ်ရှုပ်နေတာနှင့်
ကျွန်ုပ်လည်း ဖေ့စ်ဘုတ်ပေါ် မရောက်ဖြစ်တာကြာပြီ။ စာလည်း မရေးဖြစ်တာ လနှင့်ချီကြာပေါ့။
အမှန်ဆို
ကျွန်ုပ်မှာ ပြောစရာစကားတွေ ရင်နှင့်မဆံ့အောင် ရှိပါသည်။ သို့သော် စိတ်ထဲရှိတိုင်း၊
အမှန်ကိုအမှန်အတိုင်း၊ အရှိကို အရှိအတိုင်းသာ ဖွင့်ချရပါမူ စင်ကာပူသို့ ပြန်ရစရာလမ်းမမြင်။
တရားရုံးသို့ချည်း တချိမ်းချိမ်း သွားနေရကိန်းရှိသည်။ အခန့်မသင့်လျှင် နိုင်ငံတော်မှ
ထောက်ပံ့ပေးသော တိုက်ခန်း၌ အလကားနေကာ၊ နိုင်ငံတော်မှ ကျွေးသောထမင်းကို စားလျက် ဘာမှ
မလုပ်ဘဲ၊ ဘယ်သူနှင့်မှလည်း စကားမပြောဘဲ၊ စားလိုက်အိပ်လိုက်၊ ဇိမ်နှင့်နှပ်နေရကိန်းပင်
ရှိလေသည်။
ကြာကြာဝါးမှ၊
ခါးမှန်းသိ ဆိုသော စကားပုံကို ရှေးလူကြီးတို့ အလကား ထားခဲ့တာမဟုတ်။
လူတစ်ဦးတစ်ယောက်ကို
ခဏပန်းအားဖြင့် ပေါင်းကြည့်ရင်တော့ အောင်မယ်၊ အဟုတ်၊ ဘုရားစူးရပါစေ့၊ တကယ့်ကို ဘုရားဒကာ၊
လူကြီးလူကောင်း ခင်ဗျ။
ဒါပေသိ၊
လပေါင်းနှစ်ပေါင်းများစွာ အတွင်းကျကျ ပေါင်းကြည့်တော့မှ ဖွတ်ထွက်သော တောင်ပို့ကြီး
ဖြစ်နေတတ်လေသည်။ ဤသည်ကို လက်တွေ့ကျကျ သိမြင်ခဲ့သော လူကြီးများက အထက်ပါ စကားပုံကို တီထွင်ခဲ့ခြင်း
ဖြစ်မည်။
အခုလည်း
ကျွန်တော် မြန်မာပြည်ကို လေးငါးလလောက်ပြန်ကာ အလုပ်လုပ်။ လူများနှင့် ပေါင်းသင်းကြည့်တော့မှ
သြော်၊ ဒီလိုကိုး ဟု 'ဦးနု သဘောပေါက်သကဲ့သို့' ခေါင်းတညိတ်ညိတ်နှင့် သဘောပေါက်ရလေတော့သတည်း။
သို့မို့ကြောင့်
စတီးလက်ကောက်နံ့နံသည့် ကိစ္စများ မပြောကြပါစို့နဲ့။ (တစ်ချိန်ကျရင်တော့ ခရစ္စတိုဖာပေါက်ကျိုင်း၌
အကုန်ဖွင့်ချ ပါမည်။) အခုတော့ အန္တရာယ်ကင်း
ဘေးကင်း။ ထန်းရည်အကြောင်း စာဖွဲ့ကြပါစို့။
"ပြောဘို့သတ္တိလည်း . . . အင်မတန် နည်းခဲ့ရလို့လည်း
. . . . ဒီ သီချင်းနဲ့ . . . စိတ်ကျေနပ်လိုက်တယ်။"
ထန်းရည်ကောင်းထွက်သည့် ကျွန်ုပ်တို့ရွာ
ကျွန်ုပ်တို့
ဝါးတောကွင်း ရွာကလေးမှာ ရခိုင်ရိုးမနှင့်ကပ်လျက်တွင် ရှိ၏။ လေးမျက်နှာမြို့နယ်၏ အနောက်ဘက်အကျဆုံး
ရွာလေး တစ်ရွာလည်း ဖြစ်၏။ တည်နေရာမှာ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ၊ ၄၁ မိနစ်၊ ၅၆ စက္ကန့်။
အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ၊ ၁ မိနစ်၊ ၄ စက္ကန့် တွင် ရှိ၏။ ရှာရလွယ်အောင် Google
Earth တွင် ကျွန်ုပ်က အမှတ်အသားလုပ်ထား၏။
ယခုခေတ်လူတွေကမှ
နိုင်ငံခြားသွားရတာ လွယ်သေးသည်။ ကျွန်တော်တို့ ငယ်ငယ်တုံးကဆို ဟင်္သာတလောက်တောင် ရောက်ဘို့
မလွယ်။ သွားရေးလာရေး အလွန်ခက်လှသည်။ ကျွန်တော်ဆို ဟင်္သာတ ဒေသကောလိပ် ပထမနှစ်လား၊ ဒုတိယနှစ်လား
တက်လို့ လူငယ်လုပ်အားပေး ပါတော့မှ ရန်ကုန် ရောက်ဖူးတာ ဖြစ်သည်။ "ရန်ကုန်မြို့ကြီးကိုတဲ့၊ ယောင်လည်လည် ရောက်လာခဲ့တယ်၊
မျက်လုံးလေး ကလယ်ကလယ်၊ ကားမှားစီးလို့ ရှက်စဖွယ် မျက်နှာငယ်၊ လှောင်ပြုံးခံရတယ် .
. . " ဆိုသည့် မင်းယျာ (ထင်ပါ၏) သီချင်းထဲကလို ဖြစ်၏။ တခြားသူတွေ လှောင်ကြ၊
ပြောင်ကြနှင့် ရီလို့မောလို့ ရှိနေချိန်တွင် ကျွန်တော့်မှာ မျက်လုံးအပြူးသားနှင့် ရန်ကုန်မြို့ကြီးကို
ငေးကြည့်နေခဲ့မိတာ ခုထိ မှတ်မိသေးသည်။
ကျွန်တော်တို့ရွာတွင်
ရွာအပြင်၊ အနီးဆုံးဆိုသော တောမြို့ကလေးကိုတောင် မရောက်ဖူးကြဘဲ သေသွားသူတွေ အပုံအပင်။
ခုများတော့ဖြင့် ရွာမှာ 'ဟဲ့၊ ဘယ်သူ ဘယ်ရောက်နေတုံး' မေးလိုက်လျှင် 'အဲဒီကောင်မလေးလေ
စင်ကာပူသွားလုပ်နေတာ ဘယ်နှစ်နှစ်တောင် ရှိပေါ့' စသဖြင့် ပြောသံကြားရနေရပြီ။ ရန်ကုန်ရောက်နေသည့်
ဝါးတောကွင်းသားတွေတောင် ရပ်ကွက် တစ်ရပ်ကွက်စာလောက် ရှိသည်။
ရွာသူရွာသားများမှာတော့
ယခင်ကအတိုင်း ဘာမှ မထူးခြား။ ကျွန်တော်တို့
ငယ်ငယ်ကလိုပင် သည်လယ်ကိုထွန်၊ သည်ကောက်ကိုရိတ်။ ထူးခြားတာဆို၍ ယခင်ကထက် အိမ်များ ပိုစုတ်လာ။
လူတွေ ပိုဆင်းရဲလာတာသာ ရှိသည်။ အဲလေ မော်တော်ဆိုင်ကယ်တွေကတော့ အိမ်တိုင်းလိုလိုရှိ၏။
တချို့အိမ်တွေဆို ၂ စီး၊ ၃ စီးရှိသည်။ ငယ်ငယ်က ရေဆင်းချိုးခဲ့သော ချောင်းကြီးသည်လည်း
ကျောက်ခဲများနှင့်ပြည့်လို့။ ရေမရှိသော ချောင်းကောကြီးဖြစ်နေပြီ။
သို့သော်
ကျွန်တော်တစ်ခု ကျေးဇူးတင်မိသည်မှာ မပြောင်းမလဲကျန်နေသေးသည့် ကျွန်တော်တို့ရွာ၏ ထန်းရည်အရသာ
ဖြစ်ပါသည်။
ကျွန်တော်ငယ်ငယ်ကတည်းက
ထန်းရည်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်ခဲ့သည်။ ကျွန်တော် ထန်းရည်သောက်သည်မှာ အရသာကို
ကြိုက်လို့သောက်တာသာ ဖြစ်ပြီး မူးချင်လို့ မဟုတ်ပါ။ မူးတာကြီးကိုမူ ကျွန်တော် မနှစ်သက်ပါ။
တခါတလေ နည်းနည်းများသွားလို့ နောက်နေ့ ခေါင်းကိုက်နေလျှင် အလွန် အခံရခက်ပါသည်။
(စကားစပ်မိ၍
ပြောရလျှင် ကျွန်တော် ဘီယာ၏ ခါးသက်သက် အရသာလေးကိုလည်း ကြိုက်ပါသည်။ ကြုံတိုင်း ဘီယာကိုလည်း
သောက်ဖြစ်ပါသည်။ သို့သော် မမူးအောင် ချိန်သောက်ပါသည်။ မူးတာကိုတော့ မခံနိုင်ပါ။ ထို့ထက်
မူးပြီး ယစ်သောလူများ၏ ဒဏ်ကိုလည်း မခံနိုင်ပါ။)
ကျွန်တော့်အဖေကတော့
ငယ်စဉ်မှ ယခုထိ ထန်းရည်၊ အရက် စသည်တို့ကို လျှာဖျားနှင့်တောင် တို့မကြည့်ခဲ့ဖူးပါ။
အံ့သြစရာ ပါတည်း။ ပြောရလျှင် ကျွန်တော်နှင့် အဖေကြီးမှာ တကယ့်ကို ပြောင်းပြန် ဖြစ်၏။
အဖေကြီးက အေးအေးဆေးဆေးနိုင်သလောက် ကျွန်တော်က
ထစ်ကနဲဆို ဗျစ်ကနဲ လုပ်လိုက်ရမှ ကျေနပ်သူဖြစ်၏။ အဖေကြီးက စိတ်ရှည်သည်။ ကျွန်တော်က စိတ်တိုသည်။
အဖေကြီးက ထမင်းခဲကို ယပ်ခပ်စားသည့် လူမျိုးဖြစ်ပြီး ကျွန်တော်က လုပ်စရာရှိလျှင် နောက်က
လူလိုက်လာသလို လုပ်တတ်သည်။ အဖေကြီးက အသားဖြူသည်။ ကျွန်တော်က ငယ်ငယ်ကတည်းက မည်းသည်။
ကျွန်တော်တို့ရွာတွင်
ယောက်ျားများသာမက မိန်းမများလည်း ထန်းရည်သောက်ကြ၏။ သို့သော် ထန်းရည်ခါးသောက်သူ အမျိုးသမီးများမှာ
အနည်းစုဖြစ်ပြီး များသောအားဖြင့် ထန်းရည်အချို သောက်ကြတာ ဖြစ်ပါသည်။
ဆီးချိုများတက်ခြင်း
ဟိုတစ်ခေါက်
ကျွန်တော် ရန်ကုန်ပြန်တော့ မမက ထန်းရည်များ ကြိုမှာထားသည်။
'ဟဲ့၊
ကြည်ပြာ၊ နင့်လေးလေးဘို့ ထန်းရည် ပို့ပေးလိုက်ဦး။'
သို့သော်
ထန်းရည်က ဆိုင်ကဝယ်ပေးလိုက်တာဆိုတော့ အစစ်မဟုတ်။ ရောထားသည်။ အရသာက ချဉ်စုပ်စုပ်။
ကျွန်တော်ကတော့
စစ်တာရော၊ မစစ်တာရော နားမလည်။ တစ်နေ့ မတ်ခွက်တစ်ခွက်နှင့် ရှိသမျှ အကုန်သောက်ပစ်လိုက်၏။
စင်ကာပူပြန်ရောက်လို့
ဆေးစစ်ကြည့်လိုက်တော့ ဆီးချိုများ မိုးထိုးမတတ် တက်နေလေ၏။
(ကျွန်တော့်တွင်
ဆီးချိုရောဂါဖြစ်နေသည်မှာ (၁၁) နှစ်ကျော်ပြီ။ နှစ်လ (သို့မဟုတ်) သုံးလတစ်ခါ ဆေးသွားစစ်ရ၏။
ဆေးစစ်သည့်အခါကျမှ ဆရာဝန်လက်မှတ်နှင့် ဆီးချိုဆေးများ ဝယ်ခွင့်ပြုသည်။ ယခု ကျွန်တော်
ဗိုက်ကို အင်ဆူလင် ၃၄ ယူနစ် မနက်တိုင်းထိုးရ၏။ ဂလစ်ပစ်ဆိုဒ် 10 mg, မနစ်တစ်ကြိမ်၊ ည
တစ်ကြိမ်သောက်ရ၏။ မက်ဖော်မင် 850mg ကို မနက်၊ နေ့၊ ည တစ်နေ့ သုံးကြိမ် နေ့စဉ်ရက်ဆက်
မပျက်မကွက် သောက်ရ၏။ ကြွားရလျှင် အင်ဆူလင်ဆေးထိုးပိုက်များ မည်မျှ စုမိဆောင်းမိရှိနေပြီကို
အောက်ပါ ဓာတ်ပုံတွင် ကြည့်ပါလေ။)
ထန်းလျက်ဆိုသည်မှာ
ထန်းရည်ကို ကျိုချက်ထားတာ မဟုတ်ပါလား။ ထို့ကြောင့် ထန်းရည်တွင် သကြားဓာတ်ပါဝင်နှုန်း
နည်းမည် မဟုတ်ပါ။
သို့သော်
ကျွန်တော်ဆီးချိုတက်ခြင်းကို ထန်းရည်တစ်ခုတည်း အပြစ်မဖို့ချင်ပါ။ မြန်မာပြည်တွင် နေရာတကာ
လျှောက်သွား၊ တွေ့သမျှ အကုန်စား၍လည်း ဖြစ်ပါလိမ့်မည်။
မည်သို့ဆိုစေ။
သည်တစ်ခေါက်ပြန်တော့ မမက ရန်ကုန်ကို ထန်းရည်လုံးဝယူမလာရဟု အမိန့်ထုတ်ထားလိုက်၍ ကျွန်ုပ်မှာ
သောက်ခွင့်မရတော့ပါချေ။ သို့တိုင် ရွာကို ဖေဖော်ဝါရီ ၁၄ ရက်က သွားတော့ ထို အလွန်အင်မတန်
အရသာရှိသော ထန်းရည်ကို တဝသောက်ခဲ့ပါသေးသည်။
ထန်းရည်ဋီကာ
ထန်းရည်ကိုသာသောက်တတ်သော်လည်း
ထန်းရည်ရအောင် ဘယ်လိုလုပ်ရသည်ကိုမူ ကျွန်တော် တစ်ခါမှ မေးမကြည့်ခဲ့မိဖူးပါ။ ထန်းပင်
အဖိုပင်ကလား အမပင်ကလား ဆိုတာတောင် မသဲကွဲပါ။ အမပင် ထင်ပါသည်။ အဖိုပင်မှလည်း ထန်းရည်ချလို့
ရသည်။ သို့သော် အမပင်က အရည်လောက် မကောင်းဆိုတာလည်း ကြားဖူးနားဝ ရှိခဲ့သည် ထင်ပါသည်။
ထန်းသီးထွက်သည့်
အခိုင်ရင်းကို သေသေချာချာ နူးအိနေအောင် လက်ပူတိုက်ကာ အလွန်ထက်လှသည့် ဓားဖြင့် ပါးပါး
လှီးပေးရသည်။ ထိုထိပ်ဝကမှ ထန်းရည် တစ်ပေါက်ပေါက် ကျသည် ဆို၏။ သည်တစ်ခေါက်ပြန်မှ သေသေချာချာ
မေးလာခဲ့မည်။ ဖြစ်နိုင်လျှင် ထန်းပင်ခပ်နိမ့်နိမ့်ပေါ် တက်ကြည့်ချင်သေးသည်။
အပင်ကကျလာသည့်
ထန်းရည်မှာ ပီဘိ အချိုသက်သက်သာ ဖြစ်သည်။ ထိုအရည်ကို မည်သည့်ချိုးမှ မရှိသေးသော အိုးသစ်ဖြင့်
ခံလျှင် ထန်းရည်အချိုကို ရသည်။ ထိုထန်းရည်ကို ထန်းလျက်ချက်သည်။ ထို ထန်းရည်အချိုကိုလည်း
ယခင်က ကျွန်တော် သောက်ဖူး ပါသည်။ ချီုအီနေပြီး သောက်လို့မကောင်းပါ။
နေ့တိုင်းခံနေသည့်
ထန်းရည်ကျည်တောက်တွင် ချိုးများကပ်လာသည်။ ထိုချိုးကို မခွာဘဲထားလိုက်ပါက နောက်ခံမည့်
ထန်းရည် များသည် တဆေးနှင့်ဖောက်ထားသကဲ့သို့ ဖြစ်ကာ အတန်ငယ် ပြင်းလာပါသည်။ ထိုထန်းရည်ကမှ
သောက်လို့ကောင်းသည်။ အထူးသဖြင့် ဆောင်းတွင်းမနက်စောစော သောက်ရသည့်ထန်းရည်မှာ အလွန်အရသာရှိလှသည်။
ထန်းရည်ကျည်တောက်မှ ချိုးများကြာလာသည့်အခါ ထပ်ထည့်သည့် ထန်းရည်မှာ ပိုပြင်းလာသည်။ အထူးသဖြင့် နေ့ခင်း မွန်းတည့်ကိုကျော်သည့် ထန်းရည်မှာ နေနှင့်ချက်ထားသကဲ့သို့ဖြစ်ပြီး ပိုပြင်းသည်။ ညနေ ၄ နာရီလောက် သောက်သည့် ထန်းရည်မှာမူ မသောက်တတ်သူများ သောက်ပါက အရက်သောက်သကဲ့သို့ ဖြစ်တော့၏။
ထန်းရည်အရောင်က ပြာလဲ့လဲ့လေးဖြစ်ပြီး ခွက်ထဲထည့်ထားသည့် ထန်းရည်မျက်နှာပြင်ကို ကြည့်လိုက်လျှင် ဖြောက်ဖြောက် ဖြောက်ဖြောက်နှင့် ပုဇွန်ဆိတ်များ ခုန်သကဲ့သို့ ခုန်နေသည်။ တမျိုးပင် ကြည့်လို့ ကောင်းလေသည်။
ကျွန်တော်တို့ရွာတွင်တော့ ထန်းရည်ကို ဝါးကျည်တောက်ဖြင့် ခံကြ၏။ ကြသောင်းဝါးတစ်ဆစ်စာမှာ တစ်နေ့စာ ထန်းရည်ခံရန် အနေတော် အရွယ်အစားပင် ဖြစ်၏။ ထန်းရည်ရောင်းသည့်အခါတွင်လည်း ကြသောင်းဝါးကိုပင် ပုလင်းတစ်လုံးစာ ဖြတ်ကာ ထို ဝါးဆစ်ခွက်နှင့် သောက်ကြခြင်း ဖြစ်၏။ ကျွန်တော်တို့ ငယ်ငယ်က ထို ဝါးဆစ်ခွက် တစ်ခွက်စာကို တစ်ကျပ်ပေးရသည်။ အမြည်းကတော့ ဘာရမတုံး။ ပဲကြီးလှော်ပေါ့ ခင်ဗျာ။
ထန်းရည်ကတော့ သစ္စာရှိပါသည်။ လူများက သစ္စာမဲ့တာ ဖြစ်၏။
ထန်းရည်အရောင်က ဆန်ဆေးရေ အရောင်နှင့်တူတော့ လူတွေက ထန်းရည်ထဲတွင် ဆန်ဆေးရေတွေ ရောသည်။ နောက်ပြီး မူးတတ်တဲ့ ဘာမြစ်ဆိုလား တွေ ထုထောင်းထည့်သည်။
အဖေကြီးက ထန်းရည်မသောက်ပေမင့် ရွာပတ်ပတ်လည်တွင် ထန်းပင် အပင် (၂၀ ဆိုလား ၁၀၀ ဆိုလား) စိုက်ထားခဲ့၏။ ရွာမှ သူ့တူမများက 'ပထွေးလေးစိုက်ခဲ့တဲ့အပင်တွေ ထန်းရည်သောက်နေရပြီ' ဟု သတင်းပေး၏။
ထန်းပင်တက်သည့် တက်ခနစ်မှာလည်း မပြောင်းသေးပါ။ ကျွန်တော်တို့ ငယ်ငယ်ကအတိုင်း မောင်းတက်နှင့်ပင် ဖြစ်၏။ မောင်းတက်ဖြင့် တက်သည် ဆိုသည်မှာ ဝါးကိုခုတ်ရာတွင် ဘေးမှ အတက်များကို အကုန်ခုတ်မပစ်လိုက်ပဲ ခြေတစ်ဖက်စာ နင်းလောက်ရုံ အခက်ကလေးများချန်ကာ ထို ဝါးလုံးကို ထန်းပင်တွင် ကပ်ထောင်လျှက် အတက်များပေါ် နင်းတက်ခြင်းဖြစ်သည်။
အန္တရာယ်တော့ များသပေါ့။ နို့ပေမယ့် ဒီလိုပဲ တက်နေကြတာပါဘဲ ခင်ဗျား။
အခြားရွာက ထန်းရည်တော့ မသောက်ဖူးလို့ ဘယ်လိုနေမည်မသိပါ။
ကျွန်တော်တို့ရွာက ထန်းရည်ကတော့ ခုထိ ကောင်းဆဲဖြစ်ပါသည်။
ခေတ်တွေ ဘယ်လိုပြောင်းပြောင်း။ ဘီယာတွေ ဘယ်လိုကောင်းကောင်း။
ကျွန်တော်ကတော့ ထန်းရည်ကို ခုံမက်နှစ်ခြိုက်စွာ သောက်သုံးနေဦးမည် ဖြစ်ပါသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၃ မတ်လ၊ ၂၀၁၈
ည ၁၁း၄၅ နာရီ
No comments:
Post a Comment