ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်မတော့
HSE ဆိုကာ Health, Safety and Environment ကို သုံးခုပေါင်း ပြောသည်။ အရှေ့တောင်အာရှနိုင်ငံများတွင်
Environment ကို ထားလို့ Health တောင်မှ အသံခပ်သဲ့သဲ့သာ ကြားရသည်။ များသောအားဖြင့်
safety သာ ပြောကြတာ များ၏။
HSE ဟူသည် လုပ်ငန်းခွင် ကျန်းမာရေး၊ အန္တရာယ်ကင်းရေး
နှင့် သဘာဝပတ်ဝန်းကျင် ဖြစ်၏။ လူများလည်း ဘေးအန္တရာယ်ကင်းအောင်၊ အလုပ်ကြောင့် ကျန်းမာရေးမချို့တဲ့ရအောင်၊
သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးပြုန်းတီးမှု မဖြစ်ရ လေအောင် တပါတည်း ပေါင်းလုပ်သည်။
ကျွန်တော်တို့ဆီမှာတော့ Environment တွေ၊ Health တွေထားလို့။ Safety တောင် ခပ်ဝါးဝါး
အခြေအနေမှာ ရှိသေးသည်။ ခပ်ဝါးဝါး ဆိုသည်မှာ တကယ်လုပ်တာကို ပြောတာမဟုတ်သေး။ အဓိပ္ပာယ်ကိုတောင်
အတိအကျမသိသေးသူ အတော်များသေးကြောင်း ဆိုလိုရင်းဖြစ်၏။
သတင်းစာ၊ ဂျာနယ်နှင့် ရုပ်မြင်သံကြားများ၌
ရေးသားကြ၊ လွှင့်ထုတ်ကြသည်များကို ကြည့်လျှင် safety ကို 'လုံခြုံရေး' ဟု ဘာသာပြန်ထားတာ
နေရာတော်တော်များများတွင် တွေ့ကြရပါလိမ့်မည်။ Safety ဟူသည် အန္တရာယ်ကင်းရေးသာ ဖြစ်၏။
လုံခြုံရေးမဟုတ်ပါ။ ဥပမာ - အလုပ်သမားတစ်ယောက် ကျောက်စက်တိုက်ရင်း မျက်လုံးထဲ သံစ-ဝင်တာသည်
မလုံခြုံလို့ မဟုတ်ပါ။ ၎င်း၏ အန္တရာယ်ကင်းရေးအတွက် သူ့ဘာသူ ဂရုမစိုက်၍ ဖြစ်ပါသည်။ အလုပ်သမားတစ်ယောက်ကို
အမြင့်မှ လိမ့်မကျအောင် လုပ်ပေးထားတာသည် အန္တရာယ်ကင်းရေး အစီအစဉ်များသာ ဖြစ်ပြီး လုံခြုံရေးနှင့်
လားလားမှ မဆိုင်ပါ။
သို့သော်လည်း မဟုတ်တာ သိနေသည့်တိုင် မှန်ရာကို
မပြောရဲပါ။ ကျွန်ုပ်တို့မှာ အားလုံးကို ကြောက်နေရသည်။ စကားကို အတော်လေး ဆင်ခြင်ပြောရသည်။
ယခင်တုံးကတော့ အသွားမတော်၊ တစ်လှမ်း။ အစားမတော်၊ တစ်လုပ် ဟု စကားပုံတွင် သွားတာနှင့်
စားတာကိုသာ ပြောထားသည်။ သူတို့ခေတ်က လွတ်လွတ်လပ်လပ် ပြောခွင့်ရနေသေး၍ အပြောကို ထည့်မထားတာ
ဖြစ်နိုင်ပါသည်။
တိုးတက်လာသော ကျွန်ုပ်တို့ခေတ်တွင်မူ အထက်ပါစကားပုံတွင်
အပြောမတော်၊ တစ်ခွန်း ဟုပါ ထပ်ထည့်ရမည်။ အပြောမတတ်ပါက ခေါင်းနှင့်ကိုယ် အိုးစားကွဲ
သွားနိုင်သောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း
ပြောဆို လုပ်ကိုင်နေသူတွေ ရှိပါ၏။ သို့သော် လက်ချိုးရေလို့ ရသည့် အဆင့်၌ပင် ရှိပါသေးသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုသည်မှာ ပုဂ္ဂလိက အဖွဲ့အစည်းများကိုချည်း အားကိုးနေလို့
ရစကောင်းသည့် အရာမဟုတ်။ အစိုးရကပါ ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ လုပ်မှ ဖြစ်တာမျိုး ဖြစ်သည်။
ရေကြီးခြင်း၊ ရေပြတ်လပ်ခြင်း၊ မိုးခေါင်ခြင်း၊ အလွန်ပူခြင်း၊ အလွန်အေးခြင်း စသည့် ရာသီဥတုဖောက်ပြန်မှုများမှာ
သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်း။ စိတ်ထင်သလို ဖျက်လိုဖျက်ဆီးလုပ်ကြ၍ သဘာဝတရားကြီးက
ဒဏ်ပြန်ခတ်ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့တိုင်းပြည်တွင်
ဓာတုဗေဒအမှိုက်များကို မည်ကဲ့သို့ စွန့်ပစ်ကြသနည်း။ သည်အတိုင်း သာမန် အမှိုက်ပုံတွင်
စွန့်ပစ်လိုက်ကြတာ ဖြစ်သည်။ ဓာတုဗေဒ ဆေးရည်များကို သည်အတိုင်း မြေကြီးပေါ် သွန်သည်။
ချောင်းတွေ၊ မြောင်းတွေ၊ အင်းတွေ၊ အိုင်တွေထဲ သွန်သည်။ မြစ်ချောင်းများမှာ စက်ရုံများမှ
ရေဆိုးများ ထုတ်လွှတ်ရာနေရာ ဖြစ်သည်။
အနို့ သည်လိုမပစ်လို့ရော၊ မည်သည့်နေရာတွင်
သွားပစ်ပါမည်နည်း။ မည်သည့်အဖွဲ့က တာဝန်ယူ ရှင်းပေးပါမည်နည်း။ ယခုတော့ စက်ရုံများမှထွက်လာသည့်
ရေဆိုး၊ ရေညစ်များကို သန့်စင်စက်နှင့် စစ်ကာ စွန့်ထုတ်ရသည် ဆို၏။ မည်မျှ သန့်စင်ကာ၊
မည်ကဲ့သို့ စွန့်ထုတ်သည်ကို ကျွန်တော်မသိပါ။ သို့သော် သည်ကိစ္စ လွယ်လွယ်လေး မဟုတ်မှန်းတော့
သိပါသည်။ စက်ရုံများမှ တရံမလပ် စွန့်ပစ်နေသော ရေဆိုးများကို ၂၄ နာရီစောင့်ကြည့်ဘို့ရာ
မည်ကဲ့သို့ စီစဉ်ထားပါသနည်း။ မည်သူများက စောင့်ကြည့် စစ်ဆေးပါသနည်း။ စွန့်ပစ်ရေ၏ အရည်အသွေးကို
မည်ကဲ့သို့ စစ်ဆေးပါသနည်း။ လူကြားကောင်းရုံ၊ အဖြစ်မျှမဟုတ်ဘဲ သေသေချာချာ စနစ်တကျလုပ်ရန်
အရေးကြီးပါသည်။
ပတ်ဝန်းကျင်ဆိုရာတွင် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊
မြေထုညစ်ညမ်းမှု အားလုံးပါသည်ဖြစ်ရာ သည်ကိစ္စမှာ အလွန်ကျယ်ပြန့်လှ၏။ ပတ်ဝန်းကျင်သန့်ရှင်းရေးမှာ
ရေတိုလုပ်ရမည့် ကိစ္စမဟုတ်။ စဉ်ဆက်မပြတ် လုပ်နေရမည့် ကိစ္စဖြစ်လေရာ တစ်ပွဲထိုး ကောက်ကက်
လုပ်ကြတာမျိုးမဟုတ်ဘဲ အမြော်အမြင်ကြီးစွာဖြင့် အနှစ် (၁၀၀) စီမံချက်လိုဟာမျိုး ချမှတ်
အကောင် အထည်ဖော် ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။
အယ်ဒီတာ
၁၁
မတ်လ၊ ၂၀၁၈
No comments:
Post a Comment