အာဆီယံနိုင်ငံများအတွင်း ကျွမ်းကျင်မှုပြိုင်ပွဲများ ကျင်းပရန် ၁၉၉၃ ခုနှစ်က ဂျပန်နိုင်ငံ၊ ချီဘာမြို့တွင်ကျင်းပသော ILO စည်းဝေးပွဲ တွင် အာဆီယံနိုင်ငံများ သဘောတူခဲ့ကြ၏။ ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများ၏ လုပ်ငန်း ကျွမ်းကျင်မှုအဆင့်ကို ကမ္ဘာ့ အဆင့်မီအောင် မြှင့်တင်ရေး၊ လူငယ်များအား ၎င်းတို့၏ ကျွမ်းကျင်မှုကို ကမ္ဘာ့အဆင့်မီအောင်နှင့် ခေတ်မီနည်းပညာများ တတ်မြောက်ရေး ကြိုးစားချင်စိတ်ကို လှုံ့ဆော်ပေးရန်တို့ ဖြစ်၏။ လူငယ် ကျွမ်းကျင်သူလုပ်သားများပေါ်ထွက်လာရေး ရည်ရွယ်ရင်း ဖြစ်သည်။
အရွေးချယ်ခံလူငယ်များသည် မိမိတို့နှင့်ရွယ်တူ လုပ်သားများထက်စာလျှင် မိမိတို့လုပ်ကိုင်နေသည့် လုပ်ငန်းကို ကျွမ်းကျွမ်း ကျင်ကျင် တတ်ကျွမ်းကြောင်း၊ နည်းပညာအရ ကောင်းစွာနားလည်ကြောင်းကို ပြသနိုင်မည်။
ပြိုင်ပွဲ စည်းကမ်းချက်များမှာ အောက်ပါအတိုင်း ဖြစ်၏။
၁။ ပြိုင်ပွဲကို (၂) နှစ်တစ်ခါ ကျင်းပသည်။ အဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်မှုဖြင့် အိမ်ရှင်နိုင်ငံကို ရွေးချယ်သည်။
၂။ အာဆီယံနိုင်ငံများအနေနှင့် ပြိုင်ပွဲဝင်မေးခွန်းများကို WorkldSkills Competition (နိုင်ငံတကာအဆင့် ကျွမ်းကျင်မှုပြိုင်ပွဲ) မှ နောက်ဆုံးသုံးထားသည့် ပြိုင်ပွဲဝင် မေးခွန်းများ မေးခြင်းကို သဘောတူရမည်။ (နိုင်ငံတကာအဆင့် ကျွမ်းကျင်မှုပြိုင်ပွဲတွင် အဖွဲ့ဝင် နိုင်ငံ ၇၈ နိုင်ငံရှိသည်။ နိုင်ငံတကာအဆင့် ကျွမ်းကျင်မှုပြိုင်ပွဲ မေးခွန်းများကို သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူ၊ ခေါင်းဆောင် ပိုင်းများက ရွေးချယ် ပြင်ဆင်သည်။) ပြိုင်ပွဲတွင် နောက်ဆုံးပေါ်နည်းပညာများ ပါဝင်စေရန် ပြိုင်ပွဲမစမီ အမြဲပြင်ဆင်လေ့ရှိသည်။ ထို့ကြောင့် အာဆီယံပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်မှုပြိုင်ပွဲမှ မေးခွန်းများကို ယူသုံးခြင်းဖြင့် အာဆီယံနိုင်ငံများမှ လူငယ် လုပ်သားများအား နောက်ဆုံးပေါ်နည်းပညာများနှင့် အမြဲထိတွေ့နေစေသည်။
၃။ ဘာသာရပ်တစ်ခုလျှင် နိုင်ငံတစ်နိုင်ငံမှ နှစ်ဦး ဝင်ပြိုင်နိုင်၏။ ပြိုင်ပွဲဝင်များမှာ အသက် ၂၂ နှစ်ထက် မကြီးစေရ။ ပြိုင်ပွဲမှာ ၃ ရက် ( ၁၅ နာရီမှ ၁၈ နာရီ) ကြာ၏။
ပြိုင်ပွဲသမိုင်းကြောင်း
ASC Host Country Month & Year Skill Areas
၁ မလေးရှား သြဂုတ်၊ ၁၉၉၅ ၆
၂ ဖိလစ်ပိုင် ဒီဇင်ဘာ၊ ၁၉၉၆ ၁၀
၃ ထိုင်း မတ်လ၊ ၂၀၀၁ ၁၂
၎ အင်ဒိုနီးရှား အောက်တိုဘာ၊ ၂၀၀၂ ၁၂
၅ ဗီယက်နမ် စက်တင်ဘာ၊ ၂၀၀၄ ၁၄
၆ ဘရူနိုင်း စက်တင်ဘာ၊ ၂၀၀၃ ၁၂
၇ မလေးရှား နိုဝင်ဘာ၊ ၂၀၀၈ ၁၉
၈ ထိုင်း နိုဝင်ဘာ၊ ၂၀၁၀ ၂၁
၉ အင်ဒိုနီးရှား နိုဝင်ဘာ၊ ၂၀၁၂ ၂၂
၁၀ ဗီယက်နမ် အောက်တိုဘာ၊ ၂၀၁၄ ၂၅
၁၁ မလေးရှား ဧပြီ၊ ၂၀၁၆ ၂၅
၂၀၁၈ ခုနှစ်အတွက် (၁၂) ကြိမ်မြောက်၊ အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲကို ၃၁ သြဂုတ်လ ၂၀၁၈ မှ ၂၉ စက်တင်ဘာ၊ ၂၀၁၈ ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ပါမည်။ စုစုပေါင်း ဘာသာရပ် (trade) ၂၆ မျိုးကို ပြိုင်ရန် သတ်မှတ်ထားရာ ၎င်းတို့မှာ အောက်ပါတို့ ဖြစ်၏။
1. Automobile Technology
2. Beauty Therapy
3. Bricklaying
4. Cabinetmaking
5. Car Painting
6. CNC Maintenance
7. Cooking
8. Electrical Installations
9. Electronics
10. Fashion Technology
11. Graphic Design Technology
12. Hairdressing
13. Industrial Automation
14. Information Network Cabling
15. Internet of Things
16. IT Network Systems Administration
17. IT Software Solutions for Business
18. Joinery
19. Mechanical Engineering CAD
20. Mechatronics
21. Mobile Robotics
22. Refrigeration and Air Conditioning
23. Restaurant Service
24. Wall and Floor Tiling
25. Web Design and Development
26. Welding
(၁၂) ကြိမ်မြောက်၊ အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲအတွက် Organizing Committee Meeting ကို ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာတွင် လည်းကောင်း။ ပထမအကြိမ် Technical Committee Meeting ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် လည်းကောင်း ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
ထို ပြိုင်ပွဲအကြောင်း ပြည်သူအများ သိနိုင်ရန် ထိုစည်းဝေးပွဲသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်များအနက်မှ အချို့နှင့် တွေ့ဆုံမေးမြန်းကာ ဖော်ပြလိုက်ပါသည်။
Air Conditioning ပြိုင်ပွဲ
ပထမဦးဆုံး မေးမြန်းခဲ့သူမှာ Air Kinetic System Engineering မှ Managing Director ဖြစ်သူ ဦးအောင်ကျော်စိုး ဖြစ်၏။
မေး။ ။ ဒီ ASEAN Skill Competition Programme အကြောင်း ပြောပြပေးပါခင်ဗျ။
AKS။ ။ ASEAN Skill Competition ကို နှစ်နှစ်တစ်ကြိမ် ကျင်းပပါတယ်။ ၂၀၁၆ ခုနှစ်တုံးက လုပ်တဲ့ပြိုင်ပွဲကို ကျွန်တော်တို့ မသိလိုက်တော့ သွားမပြိုင်ခဲ့ရဘူး။ World Skill competition ကို ၂၀၁၇ တုံးက အဘူဒါဘီမှာ ကျင်းပသွားတယ်။
(အဘူဒါဘီတွင် ကျင်းပသည့် World Skill competition မှာ ၄၄ ကြိမ်မြောက်ပြိုင်ပွဲ ဖြစ်၏။ စုစုပေါင်း ကျွမ်းကျင်မှုနယ်ပယ် ၅၁ ခုကို အဖွဲ့ဝင်နိုင်ငံ ၅၉ နိုင်ငံမှ လူငယ်ပညာရှင်များ လာရောက်ပြိုင်ခဲ့ကြသည်။ 3D Gigital Game တွင် စင်ကာပူက ရွှေ၊ ကိုးရီးယားက ငွေ။ Autobody Repair တွင် တရုတ်က ရွှေ၊ ဆွစ်ဇာလန်က ငွေ။ Automobile Technology တွင် တိုင်ပေက ရွှေ၊ တရုတ်က ငွေ။ Brick Laying တွင် တရုတ်က ရွှေ၊ သြစတြီးယားက ငွေ စသည်ဖြင့် အသီးသီး ဆွတ်ခူးသွားကြသည်။ ၄၅ ကြိမ်မြောက် World Skill competition ကို ၂၀၁၉ ခုနှစ်တွင် ရုရှားနိုင်ငံ၊ ကာဇန် ၌ ကျင်းပမည်ဖြစ်ပြီး ၄၆ ကြိမ်မြောက်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်း၌ ကျင်းပမည်ဖြစ်ပါသည်။ ဤကား စကားချပ်)
ASEAN Skill Competition ကို ဒီနှစ်သြဂုတ်နဲ့စက်တင်ဘာလတွေမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကျင်းပပါမယ်။ ၂၀၂၀ မှာ စင်ကာပူ၊ ၂၀၂၂ မှာ ကမ္ဗောဒီးယားမှာ ကျင်းပမယ်။
မေး။ ။ ဒီပြိုင်ပွဲကို ဘယ်သူမဆိုဝင်ပြိုင်လို့ ရပါသလား။
AKS။ ။ အသက်ကန့်သတ်ချက်ရှိပါတယ်။ အသက် (၂၂) အောက်ဖြစ်ရမယ်။ ပညာအရည်အချင်း ကန့်သတ်ချက်တော့ မရှိဘူး။ ဒါပေမယ့် drawing ဖတ်တာတွေပါတော့ အနည်းဆုံး အထက်တန်းအဆင့်လောက်ရှိမှ အဆင်ပြေတယ်။ အလုပ်သမား ဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာန ပေါင်းပြီး ပြင်ဆင်ပေးပါတယ်။ GIZ က sponsor ပေးပါတယ်။
(မှတ်ချက်။ ။ GIZ ဆိုသည်မှာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးအတွက် အကူအညီပေးနေသည့် ဂျာမနီအခြေစိုက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။)
မေး။ ။ ပြိုင်ပွဲဝင်တွေကို ဘယ်လိုခေါ်ပါသလဲ။ သတင်းစာထဲကနေ ခေါ်ပါသလား။
AKS။ ။ အရင်လုပ်တဲ့ပုံစံတွေကတော့ မြန်မာနိုင်ငံ ကျွမ်းကျင်မှုပြိုင်ပွဲ (Myanmar Skill Competition) ကို အရင်လုပ်ပါတယ်။ အဲဒီကမှ လက်ရွေးစင်တွေကို ရွေးပါတယ်။ ASEAN Skill Competition က ၆ လတစ်ကြိမ် စည်းဝေးပွဲလုပ်တယ်။ ၂၀၁၈ သြဂုတ်လ၊ ထိုင်းမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ၂၀၁၈၊ ဇန္နဝါရီ ၂၀ ရက်နေ့မှာ စည်းဝေးဖိတ်တယ်။ သက်ဆိုင်ရာနိုင်ငံတွေက expert တွေ စည်းဝေးပွဲ သွား တက်တယ်။ ဖေဖော်ဝါရီ ၅ ရက်ကနေ ၉ ရက်နေ့ထိ စည်းဝေးပွဲကျင်းပတယ်။ အဲဒီစည်းဝေးပွဲမှာ ဒီနှစ်လုပ်မယ့် ASEAN Skill Competition မှာမေးမယ့် မေးခွန်းတွေ၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းတွေထုတ်ဘို့ ညှိနှိုင်းကြပါတယ်။
Trade တစ်ခုကို Expert (ကျွမ်းကျင်) တစ်ယောက်၊ Delegate (ကိုယ်စားလှယ်) တစ်ယောက် သွားရတယ်။ GIZ က အထောက်အပံ့ပေးတယ်ဆိုတာက ပြိုင်ပွဲဝင်ဘို့အတွက်ပဲ ပေးတာ။ ခုလိုမျိုး စည်းဝေးပွဲတွေကျတော့ ကိုယ့်စရိတ်နဲ့ကိုယ် သွားရတယ်။
ပြိုင်ပွဲဝင်ဘို့ကျတော့ Expert ကတစ်ယောက်၊ ပြိုင်မယ့်သူက တစ်ယောက်၊ တစ်ဖွဲ့ကို နှစ်ယောက်စီ သွားရတယ်။ expert က ပြိုင်မယ့်သူကို ထိန်းပေးရတာ။ သူက ဆရာပေါ့။ Trade တစ်ခုကို နှစ်ယောက်ထိ ဝင်ပြိုင်လို့ရတယ်။ GIZ က Expert တစ်ယောက်နဲ့ ပြိုင်ပွဲဝင်တစ်ယောက်အတွက် sponsor ပေးတယ်။ တကယ်လို့ ပြိုင်ပွဲဝင်နှစ်ယောက်ဖြစ်လာရင်တော့ အဲဒီ နောက်တစ်ယောက်က ကိုယ့်စားရိတ်နဲ့ကိုယ် လိုက်ရမှာပါ။ အစိုးရက အထောက်အပံ့ ပေးတာ အလွန်နည်းပါတယ်။
မေး။ ။ ဘာတွေပြိုင်ရမယ်ဆိုတာများ ကြိုသိထားပါသလား။
AKS။ ။ ဖေဖော်ဝါရီလတုံးက သွားရတဲ့စည်းဝေးပွဲမှာ အာဆီယံဆယ်နိုင်ငံတွေက expert တွေရယ်၊ အိမ်ရှင် ထိုင်းနိုင်ငံက ဒိုင် ၃ ယောက်ရယ်၊ မေးခွန်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်။ ဒီ ASEAN skill ဆိုတာကလည်း world skill 2017 ကို အခြေခံဆွဲတာပါ။ World Skill မှာ ဘယ်ဟာတွေကို အခြေခံသလဲ။ အာဆီယံက ဘာကိုအခြေခံမလဲ။ ဘာတွေကို ဖြုတ်မယ်၊ ဘာတွေ ထပ်ထည့် မယ် စသဖြင့် ဆွေးနွေးကြတယ်။ ဆိုတော့ မေးခွန်းတွေကို ကျွန်တော်တို့ ရပြီးသားပါ။ အဲဒါတွေကို www.wsasean2018.com မှာ ကြည့်လို့ရပါတယ်။ ဒါပေမယ့် Forum ကပေးတဲ့ password နဲ့မှ ကြည့်လို့။ download လုပ်လို့ရတယ်။ ဒီအတိုင်းတော့ ကြည့်လို့မရဘူး။
နောက် ပြိုင်ပွဲမှာသုံးတဲ့ တချို့ပစ္စည်းတွေက ကျွန်တော်တို့ဆီမှာ မရှိဘူး။ ဒါကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြရတယ်။ ဒါတော့ ငါတို့ဆီမှာ မရှိဘူးပေါ့။ အဲဒါဆိုရင်တော့ သူတို့က ဒီပစ္စည်းသုံးဘို့ ခြွင်းချက်ထားတယ်။
အရင်တုံးက ပြိုင်ခဲ့တာတွေကို ကျွန်တော်တို့မသိခဲ့ဘူး။ အခု အဲယားကွန်းလုပ်ငန်း လုပ်ကိုင်သူများအသင်း လို့ လုပ်တဲ့အခါ ကျတော့မှ ဒီပြိုင်ပွဲအကြောင်း သိလာရတာ။ အဲယားကွန်းလုပ်နေတဲ့ ကလေးတွေကို ကျွန်တော်တို့က NSSA level 1, 2 ဆိုပြီး ဖြေခိုင်းတယ်။ အဲဒီအခါကျမှ သူတို့နဲ့ဆက်သွယ်မိပြီး ဒီ ASEAN Skill Competition ဆိုတာရှိတယ်လို့ သိရတာ။ TVET Association က ကျွန်တော်တို့ကို စည်းဝေးပွဲတက်ပါဆိုလို့ ကျွန်တော်တို့ သွားတက်လိုက်တာ။
(မှတ်ချက်။ ။ NSSA level 1, 2 ဆိုသည်မှာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (National Skills Standard Authority) မှ ကျွမ်းကျင်မှု အဆင့် သတ်မှတ်ချက်များ ဖြစ်၏။ ကျွမ်းကျင်မှုကို အဆင့်လေးဆင့် ခွဲထား၏။ Level 1 - Semi-skilled Worker, Level 2 - Skilled Worker, Level 3 - Advanced Skilled Worker နှင့် Level 4 - Supervisor ဟု ဖြစ်ပါသည်။
TVET Association = Technical and Vocational Education and Training - နည်းပညာနှင့် သက်မွေးဝမ်းကျောင်း ပညာရေးနှင့် လေ့ကျင့်ရေးအဖွဲ့)
စည်းဝေးပွဲခေါ်တဲ့အခါကျတော့လည်း ကိုယ့်စရိတ်နဲ့ကိုယ် လိုက်ရမယ်တဲ့။ ကျွန်တော်တို့က ပြောပိုင်ဆိုပိုင်၊ ဆွေးနွေးပိုင်ခွင့် ရှိမယ်ဆိုမှလိုက်မယ် ဆိုပြီး လိုက်သွားတာ။ အဲဒီတော့မှ ဒီ ASEAN Skill ဆိုတာကြီးကို သိလာရတာ။
အဲဒီလို စည်းဝေးပွဲသွားတက်လိုက်တော့ မြန်မာနိုင်ငံအနေနဲ့ ဝင်ပြိုင်လို့ ဖြစ်နိုင်တယ်ဆိုတာ သိလာရတယ်။ ဘာဖြစ်လို့လဲဆိုတော့ Aircond က refrigeration system ကို အခြေခံပြီး မေးထားတာကိုး။
Aircond မှာ module သုံးခုရှိတယ်။ ပထမတစ်ခုက Fabrication ပိုင်း။ refrigeration system ရဲ့ condenser coil နဲ့ evaporator coil ကို fabricate လုပ်ခိုင်းတာ။
ဒုတိယအပိုင်းက installation ပိုင်း။ Refrigeration system တစ်ခုလုံးရဲ့ အစိတ်အပိုင်းအားလုံးကို ပေးထားပြီး သူတို့လိုချင်တာ ရအောင် ဆင်ခိုင်းတာ။ ဥပမာ - ice temperature, hot water temperature ဘယ်လောက်ရအောင် ဆင်ပေးရတယ်။
တတိယအပိုင်းက fault finding, အဲဒီအခါကျမှ air conditioning က ပါလာတာ။
သူတို့ ဘာတွေပြိုင်မယ်ဆိုတာကို စည်းဝေးပွဲသွားတက်လိုက်တဲ့အခါကျတော့မှ သေသေချာချာ သိရတာ။ အဲဒီတော့ ဒီမှာ မြန်မာပြည်တွင်းမှာပဲ အရင်ပြိုင်မယ်။ Myanmar Skill Competition ပေါ့။ အဲဒီကမှ အာဆီယံမှာပြိုင်မယ့်သူတွေကို ရွေးထုတ်မှာ။
ပြဿနာက ကျွန်တော်တို့ဆီမှာက ဘွဲ့ရပြီးမှ အလုပ်လုပ်ကြတာ။ ဆိုတော့ အသက် ၂၂ နှစ်အောက် ကျွမ်းကျင်လုပ်သားရဘို့ အရမ်းခက်တယ်။ ကျွန်တော် သူတို့ကို မင်းတို့ဆီမှာ ပြိုင်ပွဲဝင်ဘို့ လူ ဘယ်လိုရွေးလဲဆိုတော့ သူတို့က သင်တန်းကျောင်းတွေမှာ သေသေချာချာ သင်ပေးထားတာလို့ ပြောတယ်။ ဒီပြိုင်ပွဲဝင်ဘို့အတွက် သီးသန့်ကို လေ့ကျင့်ပေးနေတာ။
အဲဒီကလေးတွေက THS (Technical High School) လို၊ ပုဂ္ဂလိကသင်တန်းကျောင်းတွေကလို ဟာမျိုးတွေကနေ ရွေးထားတာ။
ကျွန်တော်တို့ကတော့ ၈ တန်း ၉ တန်း အောင်ပြီး အဲယားကွန်းဆိုင်တွေမှာ ဝင်လုပ်နေတဲ့ ကောင်လေးတွေကို ရွေးတယ်။ နောက်ပြီး Myanmar skill အတွက် လေ့ကျင့်ပေးတယ်။ သူများနိုင်ငံတွေနဲ့ ကျွန်တော်တို့နိုင်ငံက ဘာကွာလဲဆိုတော့ တခြားနိုင်ငံတွေမှာ ဒီ Technical လုပ်ငန်းတွေအတွက် အစိုးရကလည်း ပံ့ပိုးပေးတယ်။ ပုဂ္ဂလိက ပံ့ပိုးမှုတွေလည်းရှိတယ်။
အခု ကျွန်တော်တို့ကတော့ ကျွန်တော်တို့အသင်းအနေနဲ့ လေ့ကျင့်ပေးတယ်။ ပြီးတော့ Myanmar skill ပြိုင်ပွဲလုပ်မယ်။ အဲဒီအထဲကမှ စိတ်ကြိုက် လေးယောက် ရွေးမယ်။ အဲဒီ လေးယောက်နဲ့ သွားပြိုင်မယ်။
ပြိုင်ပွဲမှာ အဓိကက ပြိုင်ပွဲလုပ်ရတဲ့ ဦးတည်ချက်ဘဲ။ ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ကလေးတွေရဲ့ ကျွမ်းကျင်မှုကို လိုချင်တာ။ ပထမ၊ ဒုတိယက အဓိကမဟုတ်ဘူး။ စစ်တဲ့အခါ အမှတ်ပေးစည်းမျဉ်းအတိုင်း သွားတာ။
ဆိုကြပါစို့။ စုစုပေါင်း အမှတ် (၅၀၀) ပေးတယ်ဆိုပါတော့။ Modula A က အမှတ် ၂၀၀, Module B က အမှတ် ၂၀၀, Module C က အမှတ် ၁၀၀။ တကယ်လို့ module တစ်ခုမပြီးရင် အဲဒီ module အတွက် အမှတ်မရတော့ဘူး။ Process တစ်ခုချင်းအလိုက် အမှတ်ကို တစ်ခုစီ ပေးတယ်။ လုပ်တဲ့အပေါ်မူတည်ပြီး Good, No good, Excellent ဆိုပြီးပေးတယ်။ Excellent ဆိုရင် အမှတ်ပြည့်ရမယ်။ Good ဆိုရင် နည်းနည်းအမှတ်လျှော့ခံရမယ်။ No good ဆိုရင်တော့ အမှတ် အများကြီး အလျှော့ခံရမယ်။ ပိုက်ကွေးတာ၊ ဂဟေဆော်တာ အကုန်လုံး ဒီအတိုင်း Good, No good, Excellent နဲ့ အမှတ်ပေးတယ်။ သူက အမှတ်ပြည့် ပေးထားပြီး ပြန်လျှော့သွားတဲ့စနစ်။
နိုင်ငံ ၁၀ နိုင်ငံက ပြိုင်ပွဲဝင် ၁၂ ယောက်ရှိတယ်ဆိုပါတော့။ အမှတ်ပြည့်က ၃ ယောက်ရတယ်ဆိုရင် ၃ ယောက်လုံးကို ရွှေတံဆိပ် ဆုပေးတယ်။ နောက်အမှတ်တူနေရင်လည်း တူတဲ့သူအားလုံးကို ဆုပေးတယ်။ ပထမ၊ ဒုတိယ လို့ ရွေးတာ မဟုတ်ဘူး။ Safety ရော၊ သန့်ရှင်းရေးပါ အမှတ်ပေးတယ်။
မေး။ ။ အခု Myanmar Skill အတွက် လူဘယ်နှစ်ယောက် ရွေးထားပါသလဲ။
AKS။ ။ ကျွန်တော် ဆွေးနွေးပွဲကပြန်လာတော့ မန္တလေးအသင်းနဲ့ နေပြည်တော်အသင်းကို ဘယ်လိုလုပ်ကြမလဲလို့ လှမ်းပြီး အကြံတောင်းတယ်။ မန္တလေးက အခု ပွင့်လင်းရာသီဖြစ်တော့ သူတို့ အလုပ်လုပ်ဖို့ရှိသေးတယ် လို့ အကြောင်းပြန်တယ်။ နေပြည်တော်ကတော့ သူတို့သင်တန်းကျောင်းကနေ ၄ ယောက်ပေးတယ်။ ရန်ကုန်က အဖွဲ့တွေက ၁၂ ယောက်ပို့ပေးတယ်။ စုစုပေါင်း (၁၆) ယောက်ပေါ့။ အခု သူတို့ကို စပြီး လေ့ကျင့်ပေးနေပါပြီ။
မေး။ ။ Myanmar Skill Competition ကို ဘယ်တော့လောက်လုပ်မလဲ။
AKS။ ။ ဧပြီလ ၁၊ ၂၊ ၃ လောက် လုပ်ဖို့ မှန်းထားပါတယ်။ လက်ရှိရှိနေတဲ့ ၁၆ ယောက်ထဲကနေ လေ့ကျင့်ပေးနေတဲ့ အနေအထားကို လေ့လာပြီး ၈ ယောက်ကို ပြိုင်ခိုင်းပါမယ်။ အဲဒီ ၈ ယောက်ထဲကမှ အာဆီယံပြိုင်ပွဲအတွက် ၄ ယောက် ထပ်ရွေးပါမယ်။ Module 1, Module 2, Module 3 ဆိုပြီး အာဆီယံစံနှုန်းအတိုင်းပဲ ပြိုင်ရမှာပါ။ ပြိုင်ပွဲက ၂ ရက်။
Module 1 မှာ evaporator fabrication လုပ်ခိုင်းမယ်။ ၃ နာရီစာ။
Module 2 က complete set installation, အဲဒီအတွက်ကို ၆ နာရီစာ မှန်းပါတယ်။
Module 3 က aircond split type, fault finding, အဲဒါက စုစုပေါင်း ၄ နာရီပါ။ အဲဒါကို Mitsubishi က ကူညီပါလိမ့်မယ်။
ဒါတွေအားလုံးက စာတွေ့မပါဘူး။ လက်တွေ့တွေချည်းပဲ။
ASEAN Skill Competition မှာ မြန်မာပြည်အနေနဲ့ trade ၁၂ ခုပြိုင်ပါလိမ့်မယ်။
မေး။ ။ ဒီပြိုင်ပွဲတွေကို ဘာကြောင့်လုပ်ပေးနေတယ်လို့ ထင်ပါသလဲ။
AKS။ ။ အဲဒီမှာ ကလေးတွေအပေါ်မှာထားတဲ့ သူတို့စေတနာကို သွားတွေ့တယ်။ သူတို့က လူငယ်တွေကို သိစေချင်၊ တတ်စေချင်တယ်။ တကယ့် professional တွေ ဖြစ်သွားအောင် သင်ပေးစေချင်တယ်။
ကျွန်တော်တို့ဆီမှာ ၂၂ နှစ်အောက် ကျွမ်းကျင်လုပ်သားရဘို့ အတော်ခဲယဉ်းတယ်။ စက်မှုကျောင်းတွေသွားရှာတော့လည်း မရှိဘူး။ ကလေးတွေကို တကယ်တတ်အောင် သင်ပေးရမှာ။ ကျွန်တော်တို့ဆီမှာက သေသေချာချာ သိလို့လုပ်နေတာမဟုတ်ဘူး။ အလုပ်ဖြစ်ရုံလောက်ပဲ လုပ်နေကြတယ်။ အခု ကျွန်တော်တို့ အဲဒါကို ဆရာတစ်ယောက် သီးသန့်ခေါ်ပြီး သေသေချာချာ ပြန်သင်ပေးနေရတယ်။
သူတို့ကို refrigeration system တစ်ခုလုံးရဲ့ basic theory တွေပါ သင်ပေးတယ်။ Dry bulb temperature တိုင်းပုံ၊ Wet bulb temperature တိုင်းပုံ၊ Psychometric Chart ဖတ်ပုံ စတာတွေ သင်ပေးရတယ်။
မေး။ ။ နေပြည်တော်က လာတက်ရတဲ့သူတွေအတွက် ဘယ်လိုတွေများ စီစဉ်ပေးထားပါသလဲ။
AKS။ ။ လာဘို့အတွက်ကတော့ နေပြည်တော်အဖွဲ့က စီစဉ်ပေးတယ်။ ကျွန်တော်တို့က ဒီမှာ နေဘို့ထိုင်ဘို့၊ စားဘို့သောက်ဘို့ နဲ့ အသုံးစရိတ်ကအစ စီစဉ်ပေးထားပါတယ်။
မေး။ ။ နောက်ထပ်ဘာများ ဖြည့်ပြောချင်ပါသေးသလဲ။
AKS။ ။ အာဆီယံပြိုင်ပွဲကို လာပြိုင်ကြတဲ့ နိုင်ငံတွေမှာ ကဗ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေက အစိုးရက အပြည့်အဝ ထောက်ပံ့ပေးတယ်။ မြန်မာပြည်မှာကျတော့ အရမ်းနည်းတယ်။ ခု စည်းဝေးပွဲသွားတာ ကျွန်တော်တို့ ကိုယ့်စရိတ်နဲ့ကိုယ် သွားရတယ်။
သူတို့က လူငယ်တွေ တိုးတက်လာမယ့်လမ်းကြောင်းကို အရင်ဆုံး ချပြတာ။ အခု စစ်တယ်ဆိုတာ ကျွမ်းကျင်မှု တစ်ခုတည်းတင် မဟုတ်ဘူး။ လုပ်ငန်းအဆင့်တိုင်း အဆင့်တိုင်းကို ကျွမ်းကျင်မှုရှိသလား။ သန့်ရှင်းသပ်ယပ်မှု ရှိသလား။ စေ့စပ်သေချာမှု ရှိသလား။ သူ့အလုပ်ကိုသူ အန္တရာယ်ကင်းအောင် လုပ်တတ်သလား။
ပိုက်ကိုကွေးတယ်ဆိုရင်လည်း သူတို့ပေးထားတဲ့ အတိုင်းအတာရအောင် ကွေးနိုင်သလား။ သတ်မှတ်ထားတဲ့ အချိန် အတောအတွင်း ပြီးသလား။ သင့်တော်တဲ့ လက်နက်ကိရိယာတွေကို သုံးသလား။ ဂဟေဆော်တယ်ဆိုရင်လည်း ဂဟေဆက်တိုင်း၊ ဂဟေဆက်တိုင်းဟာ ကောင်းနေရမယ်။
သူတို့က digital pressure gauge တွေ သုံးတယ်။ ကျွန်တော်တို့မှာရှိတာက analog။ ဆိုတော့ သူတို့ကို digital pressure gauge တွေဝယ်ပေးပြီး သုံးတတ်အောင် သင်ပေးဘို့ လိုတယ်။ ပြိုင်ပွဲမှာတော့ သုံးစရာ လက်နက်ကိရိယာ အစုံပေးထားမှာပေါ့။ ဒါပေမယ့် သူတို့ကို ဒါတွေ သုံးတတ်အောင် ကြိုလေ့ကျင့်ထားဘို့ လိုမယ်။ ဒါကြောင့် ဒီလက်နက်ကိရိယာတွေကို အစုံဝယ်ပြီး ကြိုလေ့ကျင့်ပေးထားမှ ရမယ်။ ဒီလက်နက်ကိရိယာတွေ အစုံဝယ်မယ်ဆို ဆယ်သိန်းလောက်ကျတယ်။ အဲဒါကို လုပ်ငန်းရှင်ကလည်း မပေးချင်ဘူး။ အစိုးရကလည်း လက်နက်ကိရိယာတင် ဆယ်သိန်းဆိုတော့ ဟုတ်မှဟုတ်ပါ့မလားလို့ အင်တင်တင်ဖြစ်နေတယ်။
နောက်တစ်ခုက ကျွန်တော်တို့ဆီကလူတွေရဲ့ စိတ်ဓာတ်နဲ့ သူတို့ဆီကလူတွေရဲ့ စိတ်ဓာတ်။ သူတို့ဆီမှာက လာပြိုင်မယ့် ကလေးရဲ့ အရည်အသွေးကို ဘယ်အဆင့်အထိ တတ်နေပြီးသား ဖြစ်ရမယ်ဆိုတာ တစ်ခါတည်း သတ်မှတ်ထားပြီး တကယ်လည်း တတ်အောင် သင်ပေးထားတယ်။ ဒီလို တကယ်တတ်တဲ့ ကလေးတွေသာ ဒီ trade မှာ များလာရင် သူတို့ဟာ တကယ့် specialist တွေ ဖြစ်လာမယ်။ ခေတ်မီနည်းပညာတွေနဲ့ အလုပ်လုပ်နိုင်လာမယ်။ အရည်အသွေးမြင့်လုပ်သားတွေ ပေါ်ထွက်လာမယ်။ တိုင်းပြည် ကုန်ထုတ်လုပ်ငန်း တက်လာမယ်။ ဒါက သူတို့ အစိုးရရဲ့ အမြင်။
အသက် ၂၂ နှစ်အောက်လို့ ကန့်သတ်ထားတာကိုက သူတို့ဟာ အနာဂတ်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတယ် ဆိုတာ သိနိုင်တယ်။ အခုလတ်တလောအတွက် မဟုတ်ဘူး။ အနာဂတ်အတွက် အလုပ်လုပ်နေတာ။ အသက် ၂၂ နှစ်နဲ့ ဒီ ကလေးဟာ ဒီလောက်ကျွမ်းကျင်နေရင် သူ့လေ့လာနိုင်တဲ့ အတိုင်းအတာပေါ်မူတည်ပြီး နောင် ဆယ်နှစ်ဆို အများကြီး တက်သွားပြီ။ သူတို့က အဲဒါကို လိုချင်တာ။
ကျွန်တော်တို့ဆီမှာကျတော့ အာဆီယံပြိုင်ပွဲ ဝင်ပါဟဲ့ ဆိုတာတောင် အဲဒီပြိုင်ပွဲဝင်ရင် ဘာဖြစ်မှာလဲ တဲ့။ ကျွန်တော့်မှာ ဘာပြန်ဖြေရမှန်းတောင် မသိဘူး။ ဒီကလေးကို ဒါလုပ်ခိုင်းတော့ ဘာဖြစ်လာမှမို့လဲ တဲ့။ ပြီးရော။
ဒါ့ထက် ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့က တကယ်လုပ်နေတာ မဟုတ်ဘူး။ ပေါ်လစီအရပဲ လုပ်နေကြတာ။ အာဆီယံပြိုင်ပွဲမှာ မြန်မာမပါဘူးဆိုတာ မဖြစ်ရရုံလေးသက်သက် ပြိုင်နေကြတာ။ ငါတို့မြန်မာလည်း ပါတယ်ဟေ့ ဆိုရုံထက် မပိုဘူး။
ဒါပေမယ့် တကယ်လုပ်တဲ့ ကျွန်တော်တို့ကျတော့ ကိုယ့် အတတ်ပညာကို ကိုယ် သိက္ခာအကျမခံနိုင်ဘူး။ ငါတို့ပြိုင်ရင် နိုင်ကို နိုင်ရ မယ်။ ဒီလို ခံစားချက်ရှိတယ်။ တကယ်လည်း ကိုယ်လုပ်နိုင်ပါလျက်ကနဲ့ အရှုံးမပေးနိုင်ဘူး။ ကျွန်တော်တို့ မတော်တဆ ရှုံးသွားတယ် ဆိုပါတော့။ ဟာ - မင်းတို့ ဗမာတွေကွာ။ ဒါလေးတောင် မလုပ်တတ်ဘူးလား။ ဗမာပြည်က အဲယားကွန်းတွေကွာ ဘာမှလည်း တတ်တာမဟုတ်ဘူး။ အလကားပါ ဆိုပြီး နိုင်ငံနဲ့ချီ သိက္ခာချမှာ။ အဲဒါကို ကျွန်တော်တို့ မခံနိုင်ဘူး။
ကျွန်တော် အခု စည်းဝေးပွဲသွားတက်တာနဲ့တင် တော်တော် ခံစားရတယ်။ သူတို့က ဗမာဆို လှည့်တောင် ကြည့်တာမဟုတ်ဘူး။ ကိုယ်က အတင်းရောကာရော သူတို့နဲ့ ဆွေးနွေးတဲ့အခါကျမှ အသိအမှတ်ပြုဖော်ရလာတာ။
ဒီမှာ ကျွန်တော်ပြောချင်တာက ပြိုင်ပွဲတွေသွားတယ်။ ဆွေးနွေးပွဲတွေသွားမယ်ဆို တကယ် ကျွမ်းကျင်တဲ့သူတွေ သွားပါ။ ကျွန်တော်တို့ဆီမှာက ပတ်သက်ရာ ပတ်သက်ကြောင်းတွေကိုလွှတ်တာ အစဉ်အလာ ဖြစ်နေတယ်။ တကယ်တတ်တဲ့ သူတွေကို မလွှတ်ဘူး။ ဆိုတော့ ဟိုလည်းရောက်ရော သူများပြောတာ ဘာမှနားမလည်ဘဲ ပါးစပ်ကြီး အဟောင်းသားနဲ့ ငေးနေရတယ်။ ဘယ်သူမှ လူရာမသွင်းဘူး။ အကုန် ဝိုင်းနင်းကြရော။
အခု သူတို့ ထိုင်းကို ဥက္ကဋ္ဌနေရာပေးတယ်။ ဒါ အိမ်ရှင်နိုင်ငံမို့လို့ ပေးတာမဟုတ်ဘူး။ အခု trade ၂၄ ခုရှိတယ်။ သူတို့ expert က အဲဒီ ၂၄ ခုစလုံးရဲ့ process တစ်ခုချင်း၊ တစ်ခုချင်းစီကို လက်တန်းပြောပြသွားတာ။ စေ့စပ်သေချာလိုက်တာ။ အရမ်းကောင်းတယ်။ ကျွန်တော်တို့ဆီကလူတွေကတော့ ဓာတ်ပုံတွေရိုက်မယ်။ ငါ ဘယ်ကိုသွားခဲ့တာဟေ့ ဆိုတာ ကြွားမယ်။ ဒါလောက်ပဲရှိတယ်။
နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့က ဘာပံ့ပိုးမှုမှမရှိဘဲ လုပ်နေရတာ အတော့်ကို မလွယ်ပါဘူး။ နောက်ပြီး ကျွန်တော်တို့က ကိုယ့်စီးပွားရေးလည်း ကိုယ်လုပ်နေရသေးတယ်ဆိုတော့ အရမ်းခရီးမတွင်ဘူးပေါ့။ ဒါပေမယ့် ဒါလေးကို ကျွန်တော် သေသေချာချာလေး လုပ်ပေးမယ်။ ကလေးတွေကို ဒါတွေ ဒီလိုရှိပါလားဆိုတာ သိသွားစေချင်တယ်။ တကယ် တတ်စေချင်တယ်။ ဒါဆို သူတို့ဘဝအတွက်သာမကဘူး။ နိုင်ငံအတွက်လည်း ကောင်းသွားမယ်။
အခုလို ပြောပြခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment