Monday, February 26, 2018

မန္တလေး၏ ထလပ်ဖစ်ယဉ်ကျေးမှု

ကျွန်တော် ယခုတလော မန္တလေးကို မကြာခဏ ရောက်ဖြစ်နေပါသည်။ များမကြာမီ ထပ်လာရဖွယ်လည်းရှိ၏။
ယခုတစ်ခေါက်တော့ နည်းနည်းကြာသည်။
သင်တန်းက နှစ်ခုဆက်တိုက်။ ပထမသင်တန်းက (၃) ရက်။ နောက် တစ်ရက်နားပြီး နောက်သင်တန်းက (၂) ရက်။
ဆိုတော့ မန္တလေးတွင် (၅) ရက်တိတိကြာမည်။

ယခင်အခေါက်များက သိပ်သတိမထားမိ။
ယခုတစ်ခေါက် ကျွန်တော် သိသိသာသာ သတိထားမိသည်မှာ မန္တလေးကအိမ်များနှင့် မော်တော်ယာဉ်များ ဖြစ်၏။
မန္တလေးတွင် အိမ်များကို ခြံကျယ်ကျယ်ထဲတွင် ဒီဇိုင်းလှလှ၊ ခန့်ခန့်ညားညား ဆောက်ထား၏။ ရန်ကုန်မှာလို အိမ်နှင့်ခြံအပြည့် ဆောက်ထားတာ မဟုတ်။ နောက်ပြီး အိမ်များမှာ ဒီဇိုင်းခပ်ဆန်းဆန်းတွေ ဖြစ်၏။ အမှတ်တမဲ့ဆိုလျှင် ဟော်တယ်လိုလိုထင်ရသည်။ လူဦးရေ သိပ်မများလှသေးသဖြင့် ခြံတစ်ခြံထဲတွင် အိမ်နှစ်လုံး၊ သုံးလုံး၊ လေးငါးလုံး စုပြုံဆောက်ထားတာ ရှာမှရှား ဖြစ်၏။

နောက်ပြီး မန္တလေးတွင် ကားပိတ်စရာအကြောင်း သိပ်မရှိ။

မန္တလေးမှလမ်းများမှာ အရှေ့အနောက်လမ်းပြိုင်များနှင့် တောင်မြောက်လမ်းပြိုင်များ ဖြစ်သဖြင့် သည်လမ်းက သွားလို့မရလျှင် ဟိုလမ်းက သွားလို့ရသည်သာ ဖြစ်၏။ ၇၈ လမ်းမှာပိတ်နေလျှင် လမ်း ၈၀ ကသွားလို့ရသည်။ ၃၂ လမ်းမှာ ပိတ်နေလည်း ဘာဖြစ်သတုံး။ ၂၈ လမ်းကနေသွားမည်။ ဘာပြဿနာမှမရှိ။


လမ်းများမှာအပြိုင်များဖြစ်သဖြင့် လမ်းဆုံများ အလွန်များလှသည်။ ဆိုရလျှင် ဘလောက်တစ်ခုလျှင် လမ်းဆုံတစ်ခု ဖြစ်၏။ လမ်းဆုံတိုင်းသာ မီးပွိုင့်ထားလို့ကတော့ မန္တလေးအရှေ့ဘက်ကနေ အနောက်ဘက်သို့လာချင်လျှင် တစ်နေကုန်မှ ရောက်မည်။ (ချွင်းချက်အနေနှင့် လမ်းမကြီးများနှင့်ဖြတ်သော လမ်းဆုံများတွင်မူ မီးပွိုင့်များ ရှိပါသည်။ သဟာတောင် သည်မီးပွိုင့်တွေ ပေါ်လာတာ ကြာသေးဟန်မတူ။ ကျွန်တော်တို့ ကျောင်းသားဘဝတုံးက မန္တလေးမှာ မီးပွိုင့်ဆိုတာ လက်ချိုးရေလို့ရသည်။)

သဟာဖြင့် သည်လမ်းဆုံတွေမှာ မီးပွိုင့်မရှိဘဲ ဘယ်သို့ဖြတ်သနည်းဟု မေးလာလျှင် သည်လိုပဲ ဖြတ်သည်ဟု ဖြေရမည်ဖြစ်၏။ 
မန္တလေးကလူများ ကား၊ ဆိုင်ကယ် မောင်းကြသည်မှာ အလွန်ရီစရာ ကောင်းလေသည်။ ကျွန်ုပ်ကိုသာ မန္တလေးမှ ထလပ်ဖစ် စည်းကမ်း ဖြေခိုင်းပါက အမှတ် (၂၀) တောင် ရဘို့မလွယ်။

သူ့ဟာသူ မျဉ်းသေဖြစ်ဖြစ်၊ မျဉ်းရှင်ဖြစ်ဖြစ် ဖြတ်ချင်သည့်နေရာက ဖြတ်သည်။ ကွေ့ချင်သည့်နေရာက ကွေ့သည်။ ယူတန်းသော၊ ယူမတန်းသော ဘာမှ နားမလည်။ လမ်းလယ်ခေါင်ကနေလည်း ဖြတ်ကွေ့ကြသည်သာ ဖြစ်၏။ မန္တလေးသားများ၏ ထလပ်ဖစ် ကျွမ်းကျင်ပုံကို ကျွန်ုပ်မှာ သြချယူရပါပေသည်။

အဲ - ခုနကပြောသည့် လမ်းဆုံများတွင်ရော။ လမ်းမကြီးသော လမ်းသွယ်သော နားမလည်။ သူမှားတယ် ကိုယ်မှန်တယ်မရှိ။ ဦးသူ ဖြတ်စတမ်းစနစ်ဖြစ်သည်။ လမ်းမကြီးမှလာသည့် ကားများဆိုင်ကယ်များ အများအပြားရှိနေသည့်တိုင် လမ်းသွယ်မှထွက်လာသည့် ကား၊ ဆိုင်ကယ်များက နည်းနည်းမှ ဂရုမစိုက်။ သည်အတိုင်း အတင်းရောကာရော ဖြတ်ဝင်သည်သာ ဖြစ်လေသည်။ လမ်းမကြီးမှ အတည့်လာ၍ ဦးစားပေးမယ်ဆိုတာ မတွေ့ရ။

ဒါပေမယ့်ခင်ဗျား -

လမ်းမကြီးဘက်က ကားတွေဆိုင်ကယ်တွေလာနေတာကို လမ်းသွယ်ကကောင်တွေ အတင်းဖြတ်ဝင်ရပါမည်လားဟု လမ်းမကြီးကလူတွေ နည်းနည်းမှ စိတ်ဆိုးတာမတွေ့ရ။ သွားလို့မရသေးလျှင် လမ်းလယ်၌ပင် ရပ်စောင့်နေကြသည်။ စောင့်ရင်းနှင့်မှ ဖြည်းဖြည်းတိုးကြသည်။ သူလည်းတိုးသည်။ ငါလည်းတိုးသည်။

ရန်ကုန်မှာသာ သည်ကဲ့သို့ လမ်းမကြီးက ကားတွေကို ဦးစားမပေးဘဲ လမ်းသွယ်ဘက်က အတင်းဝင်လာသည်ဆိုပါစို့။ ကားပေါ်မှ သံတုတ်တွေနှင့် အုပ်စုလိုက်ဆင်းလာလိမ့်မည်။ အနည်းဆုံးတော့ ငါ . . . . ချင်းမိုးမွှန်သွားမည်။ နင့်အမေ . . . . တွေအကုန် ခေါင်းကြိမ်းကြလိမ့်မည်။ ဟွန်းသံတွေ နားမခံသာအောင် ကြားကြရလိမ့်မည်။

မန္တလေးသားများကတော့ အင်မတန်ချီးကျူးစရာ ကောင်းလေသည်။ 
ကားနှင့်ဆိုင်ကယ်များ လမ်းလယ်တွင် ကန့်လန့်ဖြစ်နေသည့်တိုင် နင်ပဲငဆ ဆဲသံဆိုသံများ လုံးဝမကြားရ။ ဟွန်းတစ်ချက်မတီး။
မန္တလေးသားတို့ နိုင်ငံကြီးသား ပီသလိုက်ကြပါပေ့။

ဘယ်ဘက်ကိုကြည့်မောင်းနေပေမင့် ညာဘက်က ဝေါကနဲ ကျော်တက်သွားတာလည်း တွေ့ရမည်။ ရှေ့တည့်တည့်မှ လာနေသော ဆိုင်ကယ်က ဇတ်ကနဲ ကွေ့ဝင်လာတာလည်း ကြုံရမည်။ သို့သော် သူတို့အတွက်ကတော့ (ကိုအောင်သန်း ပြောသလို) နိုး ပလော်ပလမ်။ ရိုးနေပြီ။

ယနေ့ညနေ ကျွန်တော်တို့ ညနေစာစားရန် လမ်းလျှောက်လာကြတော့ လမ်း ၈၀ လမ်းမကြီးတလျှောက် ကားများကို လမ်းကန့်လန့်ဖြတ်လျှက် ရပ်ထားတာ တွေ့ရ၏။ 4 lane ရှိသော လမ်းမကြီးမှာ ဟိုဘက်သည်ဘက် ကားများကို ကန့်လန့်ဖြတ် ရပ်လိုက်တော့ အလယ် 2 lane သာ ကျန်တော့သည်။ ထို့ပြင် လမ်းများ၌ လူလမ်းလျှောက်စရာ ပလက်ဖောင်းဟူ၍ မတွေ့ရ။
ကျွန်တော့်မှာ ကျောချမ်းစွာနှင့်ပင် ကားများနှင့်နီးနိုင်သမျှနီးနီး ကပ်လျက် လမ်းပေါ်မှ လျှောက်ရသည်။

ဤသည်ကား မန္တလေးသားတို့၏ traffic ယဉ်ကျေးမှု ဖြစ်သတည်း။

လူအချင်းချင်း ပုလင်းပစ်ခြင်း၊ ကင်းရှင်းကြပါစေ။

အေးငြိမ်း
၁ ဖေဖော်ဝါရီလ၊ ၂၀၁၈ 

No comments: