Sunday, December 30, 2018

ဗိုမစ်ဘလတ်ဒ်


သည်စကားမှာ စလုံးစကားဖြစ်၏။ အော့နှလုံးနာစရာ ကိစ္စတစ်ခုခုကို တွေ့လျှင် စလုံးများက ဗိုမစ်ဘလတ် (Vomit blood.) ဟု ပြောတတ်ကြသည်။ သွေးတောင်အန်ချင်တယ် ဟု ဘာသာပြန်လို့ရမည် ထင်ပါ၏။

ယခုလည်း ဗိုမစ်ဘလတ်ကိစ္စတစ်ခု ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေလေ၏။

အခြားမဟုတ်။ မိတ်ဆွေတို့ ဝိုင်းဝန်းသြဘာပေးနေကြသည့် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲ အကြောင်း ဖြစ်ပါသည်။
သည်ကိစ္စ ကျွန်တော်ပထမဆုံး စဖတ်မိသည်မှာ ဆရာ သရဝဏ်(ပြည်) ၏ ပို့စ် အတိုလေး ဖြစ်၏။
မြို့တော်ခန်းမ၌ ကျင်းပသည့် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲတွင် လူတစ်ဦးတစ်ယောက် တက်ရောက်လာ၍ စာရေးဆရာများ ထပြန်သွားကြသည့် ကိစ္စဖြစ်၏။

စာရေးဆရာများ အဘယ်ကြောင့် ထပြန်သွားရသနည်း။
တော်ရုံတန်ရုံလူဆိုလျှင်ဖြင့် နားလည်မှုနှင့် သည်းခံကြပါလိမ့်ဦးမည်။
အနှီပုဂ္ဂိုလ်ကား သမိုင်းကြောင်း မကောင်းခဲ့သူဖြစ်၏။
တကယ့် အထင်ကရ စာရေးဆရာ၊ ဆရာမကြီးပေါင်း မြောက်များစွာ ၎င်း၏လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြ၊ ဒုက္ခသုက္ခ ရောက်ခဲ့ကြရ၏။

သက်ကြီးစာပေပညာရှင်ဟု ခေါ်ရလောက်အောင် စာပေနှင့်ပတ်သက်၍ ၎င်း၏စွမ်းဆောင်ချက်များကို ပြန်ကြည့်ရပါမည်။
ကျွန်တော်တွေ့သမျှကတော့ သူ့အကြောင်းကိုရေးထားသည့် "ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ - မှော်ဝန်းသားဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)" စာအုပ်တစ်အုပ်သာ ဖြစ်ပါသည်။ တခြား ဝတ္တုတွေ၊ ဆောင်းပါးတွေ ရေးတာပဲ မတွေ့မိပါ။ ကျွန်တော် မသိတာဆိုလျှင်လည်း ဤနေရာတွင် ထောက်ပြစေလိုပါသည်။ သူ့အတ္ထုပ္ပတ္တိစာအုပ်ကရော၊ သူကိုယ်တိုင်ရေးတာလား သူများကို ရေးခိုင်းတာလား။

ထိုစာအုပ်တစ်အုပ် ရေးဖူးရုံမျှဖြင့် စာပေပညာရှင်ဖြစ်ပါပြီလား။

သည်လိုဆိုလျှင် စာပေဆိုတာဘာလဲ ဆိုသည်ကို ပြန်စစ်ကြည့်ကြမည်။

စာပေဆိုလိုက်သည်နှင့် စစ်နှင့်ငြိမ်းချမ်းရေး၊ အင်နာကရနီနာ၊ လေရူးသုန်သုန် စသည်တို့ကိုသာ ပြောကြသည်။ မည်သူမျှ အတွဲပေါင်းများစွာရှိသည့် အင်္ဂလိပ်အင်ဆိုက်ကလိုပီးဒီးယားကြီးများကို မညွှန်းကြ။ အာကာသသိပ္ပံစာအုပ်ကြီးများ၊ ဘောဂဗေဒ ကျမ်းများကို မညွှန်းကြ။

အဝေးသင်တက္ကသိုလ်၊ မြန်မာစာ၊ တတိယနှစ်တွင် စာပေနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုပုံ ပါ၏။ ထိုအထဲမှ ဆရာဇော်ဇော်အောင် ၏ ဖွင့်ဆိုချက်ကို ညွှန်းထားတာလေး ပြန်လည် ဖောက်သည်ချပါရစေ။

ဆရာဇော်ဇော်အောင်၏ စာပေနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်၏။  

စာပေဆိုသည်မှာ တစ်စုံတစ်ခုသော ခံစားမှုကို စိတ်ကူးဉာဏ်ကွန့်မြူး၍ ဘာသာစကားကို အသုံးပြုကာ ပြန်လည်ဖန်တီးထားသော ရသ သဘော လွှမ်းမိုးလွန်ကဲ့နေသည့် အနုပညာပစ္စည်း ဖြစ်သည်။

သို့အတွက် စာပေဟူသည် အနုပညာတစ်ရပ် ဖြစ်၏။ လူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးချက် ဖြစ်၏။ ရသပါ၏။

(အဲလေ - မှော်ဝန်းသား၏ စာအုပ်တွင်လည်း ရသ ပါပါသည်။ ပါသမှ ရသမျိုးစုံပါသည်။ ပထမ - ဟာသရသပါသည်။ ဒုတိယ - အဗ္ဘုတရသ ပါသည်။ တတိယ - ဘယာနက ရသပါသည်။ ဘယာနကရသပါရခြင်းကား ဤစာအုပ်အကြောင်း ကျွန်ုပ်ရေးနေစဉ် ခြေလွန် လက်လွန်တွေပါသွားပြီး တရားစွဲခံရမှာ အလွန်အင်မတန် ကြောက်နေသောကြောင့် ဖြစ်သတည်း။

ကျွန်ုပ် အနှီ အတ္ထုပ္ပတ္တိစာအုပ်ကြီးကို ဖတ်နေပုံကိုသာ ဗီဒီယိုရိုက်ထားပါက အသင်တို့သည် ကျွန်ုပ်၏ အမျိုးမျိုး ပြောင်းလဲနေသည့် မျက်နှာကြီးကို မြင်ကြရမည် ဖြစ်၏။ အချို့နေရာများတွင် မဲ့ပြုံးပြုံးလိုက်သည်ကိုလည်းကောင်း၊ အချို့နေရာများတွင် မင်းပဲပြော ဟု မှတ်ချက်ပေးနေပုံကိုလည်းကောင်း၊ အချို့နေရာများတွင် မှတ်တောင်ထားလိုက်ရအုံးမယ် ဟု သရော်နေပုံကိုလည်းကောင်း မြင်ကြရပေမည်။

နမူနာ နည်းနည်းပြရလျှင် -
စာမျက်နှာ ၉၊ ၅၇ - ၈၈ အရေးအခင်း
စာ ၁၁၊ ၈၆ - ဒီမိုကရေစီစနစ်ကြီးကို တပ်မတော်အစိုးရက စတင်လမ်းခင်းပေးခဲ့ခြင်း
စာ - ၈၀ မှ ၈၄ ထိ - တပ်မတော်အစိုးရ၏ ဆောင်ရွက်ချက်များ
စာ - ၈၅ - သစ်တောတွေခုတ်ရတာ -
ဤကား စကားချပ်)

လက်တွေ့ဘဝအတွေ့အကြုံများကို နှလုံးသားဖြင့် ခံစားကာ မိမိ၏ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးထားသော စာသာလျှင် စာပေ စာရင်း ဝင်၏။ ဥပမာ တက္ကသိုလ်ဘုန်းနိုင်၏ နှင်းငွေ့တစ်ထောင့်၊ မိုးတစ်မှောင့်

သို့အတွက် ဘာဖန်တီးချက်မှမပါသော စာကို စာပေစာရင်းမသွင်း။ ဥပမာ - ကျွန်တော်၏ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက် ခြင်း စာအုပ်သည်လည်းကောင်း၊ ပိုက်ပြင်ပိုက်ဆက်လက်စွဲ စာအုပ်သည်လည်းကောင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး စာအုပ်များသည်လည်းကောင်း စာပေ စာရင်းမဝင်ပါ။

ထိုကျွန်ုပ်ရေးခဲ့သော စာအုပ်များမှာ အကြောင်းအရာ၊ အချက်အလက်များချည်းဖြစ်၏။ ဘာနှလုံးသား ခံစားချက်မှ မပါ။ တစ်နည်းအားဖြင့် စာဖတ်သူကို ဘဝအမောပြေစေရန် လုပ်မပေးနိုင်။ ဆရာဇော်ဂျီက စာပေဖန်တီးသူ၏ တာဝန်မှာ စာဖတ်သူကို ဘဝအမောပြေစေရန် ဖြစ်သည် ဆို၏။ ကျွန်ုပ်၏ စာအုပ်များမှာ စာဖတ်သူများကို ဘဝအမောပြေစေရန် မတတ်နိုင်သောကြောင့်၊ တစ်နည်း ဘဝအမောပြေစေရန်ဟူသည့် ရည်ရွယ်ချက်နှင့် အလှမ်းဝေးလျက်ရှိသောကြောင့် စာပေစာရင်း မသွင်းနိုင်ခြင်း ဖြစ်၏။

ဆရာကြီးပီမိုးနင်းအလိုအရ - အလောင်းစည်သူမင်း၏ အတ္ထုပ္ပတ္တိကိုရေးမည်ဆိုလျှင် လူတိုင်းရေးတတ်သည်။ သူ့မှာ မှီငြမ်းစရာ သမိုင်းစာအုပ်တွေ အများကြီးရှိသဖြင့် ကူးချလိုက်ရုံဖြစ်၏။ သို့သော် မီးဖိုချောင်ထဲက လက်နှီးစုတ်အကြောင်း ရေးပါဆိုလျှင်မူ ရေးရ အင်မတန်ခက်ချိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လက်နှီးစုတ်အကြောင်းကို မည်သည့်ကျမ်း၌ သွားရှာရပါမည်နည်း။ သို့အတွက် အလောင်းစည်သူမင်း အတ္ထုပ္ပတ္တိကို စာ ဟု မခေါ်။ လက်နှီးစုတ်အကြောင်းကို ဖတ်ကောင်းအောင် ရေးတတ်မှသာ စာဟု ခေါ်သည် ဆို၏။

ကျွန်ုပ်ဤမျှ လျှာရှည်ပြီးပြီဆိုလျှင် မိတ်ဆွေတို့အနေနှင့် လူရှေ့သူရှေ့တွင် အရှက်မရှိ မိန့်မိန့်ကြီးထိုင်ကာ အပူဇော်ခံနေသည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကြီးကို စာပေပညာရှင်ဟုတ်မဟုတ် ဆုံးဖြတ်ချက် ချနိုင်ကြပြီ ဖြစ်ပါသည်။

ထို့ထက် ထိုသူ့ကို စာပေပညာရှင်စာရင်းသွင်းကာ ဖိတ်ကြားလာသည့် သူများကိုလည်း ကျွန်ုပ် အလွန်တရာမှ အံ့သြမိရပါသည်။ အဲလေ ခါးလေးကုန်းပြီးတော့ လက်ဆောင်ပစ္စည်းပေးတဲ့သူကလည်း ပေးလိုက်သေး၏။ အင်း၊ သူ့အရပ်နဲ့ သူ့ဇာတ်တော့လည်း ဟုတ်လို့ကိုး။ ကျွန်ုပ်ပဲ မှားပါတယ်။

ဖြစ်ချင်တိုင်း (ဟုတ်ပေါင်) ပျက်ချင်တိုင်းပျက်နေသည့် ကျွန်ုပ်တို့တိုင်းပြည်ကြီး၌ သူများတိုင်းပြည်တွေမှာ မမြင်ရတာတွေ အကုန် မြင်ရမည်။ မကြားဖူးတာတွေ အကုန်ကြားရမည်။

တော်ပါပြီ။ စိတ်ကုန်လွန်းလို့ တကယ့်ကို တော်ပါပြီ။
စလုံးတွေပြောသလို ကျွန်ုပ်လည်း ဗိုမစ်ဘလတ် ဖြစ်၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၉ ဒီဇင်ဘာ၊ ၂၀၁၈။ ည ၁၁း ၅၄ နာရီ

Wednesday, December 26, 2018

ဗဟိုဝန်ထမ်းတက္ကသိုလ် ရှိသင့်သလား


(၁)

ဗဟိုဝန်ထမ်းတက္ကသိုလ် ရှိသင့်သလား။
ဟုတ်ကဲ့၊ ရှိသင့်ပါသည် ဟု ပြောလိုပါသည်။

(ဟိုးထားဆရာတို့ -
ခညားတို့ကလည်း ဆဲမယ်ဆိုတာချည်းပဲ။ နည်းနည်းလောက် ပြောပါရစေအုံးခင်ဗျ။ ဆုံးအောင်ဖတ်ပြီးမှ ဆဲပါ။ ကျွန်တော်က ဇီးပင်ကြီးကဆရာမဟုတ်သလို၊ ဇီးပင်ကြီးမှာလည်း ဆရာလုပ်ဖို့ မရည်ရွယ်ပါဘူး။ အကျိုးသင့်အကြောင်းသင့် ပြောပြမှာပါ။ အားလုံးဖတ်ပြီးမှ မကြိုက်ဘူး။ သဘောမတူဘူးဆို ဆဲသွားပါ။)

သည်အကြောင်း ကျွန်တော် နည်းနည်းလောက် ရှင်းပြပါမည်။ အဲလေ သိသူများလည်းသိကြ၊ ထောက်ပြသူများလည်း ထောက်ပြ ကောင်း ထောက်ပြကြပါလိမ့်မည်။ သူတို့လုပ်လို့မရသည့်အတွက် သည်အတိုင်း လက်ပိုက်ကြည့်နေရတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကျွန်တော် မသိပါ။

(၂)

သည်ကိစ္စ ကျွန်ုပ်က ယခုမှ ခါတော်မီ ကောက်ကက်ရေးတာ မဟုတ်ပါ။ သည်အကြောင်းနှင့် ပတ်သက်ပြီး ကျွန်ုပ်နှင့် ဆရာ ကိုနေမျိုးမောင်တို့ လွန်ခဲ့သော ၃ နှစ်ခန့်ကတည်းက အကျေအလည် ဆွေးနွေးခဲ့ဖူးပါ၏။ (အောင်မယ် - ဇီးပင်ကြီးက ဆရာ ဆရာမလေးတွေတောင် သွားပြီး လက်ချာရိုက်ခဲ့ပါသေး။ ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက် ဖိုးတင်စိုးတို့ အိမ်မှာဖြစ်၏။)

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်တွင် အစိုးရဝန်ထမ်းအဖြစ် ၁၉၉၀ ပြည့်နှစ် သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီတိတိ မှ ၁၉၉၇ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီထိ ခုနစ်နှစ်ခွဲခန့်တာဝန်ထမ်းဆောင်ခဲ့၏။ ဝန်ထမ်းကဒ်ကို ၁၉၉၈၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ညနေ ၃ နာရီခွဲတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ အုပ်ချုပ်ရေးရုံးမှ ရုံးအုပ် ဦးဘိုနီ လက်ထဲသို့ ပြန်အပ်ခဲ့၏။ ထိုအချိန်မှစကာ ဝန်ထမ်း ဘဝလည်း တစ်ခန်းရပ်ခဲ့၏။

အစိုးရဝန်ထမ်းဆိုတော့ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) သို့ တက်ရောက်ခဲ့ဖူးပါသည်။ တက်သမှ နှစ်ခါပြန်တောင် တက်ခဲ့ရ ပါသေး။

ပထမအကြိမ်မှာ ဝန်ထမ်းအသစ်များ မဖြစ်မနေတက်ရသော ပုံမှန်သင်တန်းဖြစ်၏။ သင်တန်းအမှတ်စဉ်မှာ ဇေယျ ၁၁၅ ဖြစ်ပြီး သင်တန်းနာမည် အပြည့်အစုံမှာ အခြေခံ ပြည်သူ့ရေးရာ ဝန်ထမ်းလောင်း သင်တန်း ဟူ၍ ဖြစ်၏။ သင်တန်းကာလမှာ လေးလ ဖြစ်ပြီး ၂၃ ဧပြီလ ၁၉၉၁ မှ ၆ စက်တင်ဘာ ၁၉၉၁ ထိ ဖြစ်၏။ ကျွန်ုပ်တို့သင်တန်းတွင် သင်တန်းသားစုစုပေါင်း ၁၂၃ ဦးရှိပြီး ကျား - ၉၀ + မ - ၃၃ ဦးဖြစ်၏။ ကျွန်ုပ်၏ သင်တန်းသားအမှတ်မှာ ကသ ၃၈ ဖြစ်၏။ ကြုံတုန်းကြွားရလျှင် ယခု စင်ကာပူ၌ သံအမတ်ဖြစ်နေသည့် ဦးဥက္ကာနှင့် ကျွန်ုပ်တို့မှာ တပ်ခွဲ (- လား တပ်စိတ်လား မမှတ်မိပါ။) အတူတူဖြစ်၏။ တစ်ဆောင်တည်း၌ အတူတူနေခဲ့ရ၏။ ကျွန်ုပ်တို့တပ်စိတ်၌ ဆရာဝန်နှစ်ဦးပါရာ ကိုသန်းလွင်နှင့် ကိုမြင့်သောင်းတို့ဖြစ်၏။ ပိတ်ရက် out pass ထွက်သည့်အခါ ကျွန်ုပ်မှာ ရန်ကုန်၌ မည်သည့်အဆွေအမျိုးမှ မရှိသောကြောင့် အဆောင်၌ပင် ကျန်ခဲ့၏။ Out pass မှ ပြန်အလာတွင် ကိုမြင့်သောင်းက ကျွန်ုပ်ဖို့ ဒန်ပေါက် ဝယ်လာပေးတတ်၏။ ကိုသန်းလွင်က အကောင်းဆုံး သင်တန်းသားဆုကို ဆွတ်ခူးရရှိခဲ့၏။

ဒုတိယအကြိမ်မှာ မြန်မာနိုင်ငံ ပြင်ညာရေးကော်မတီ (ပြင်လည်းပြင်ပြီး ညာလည်းညာသောကြောင့် ပြင်ညာရေးကော်မတီ ဟု ခေါ်သတည်း။ ဤကားစကားချပ်) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ဆရာဆရာမများအပေါ်ထားသော မေတ္တာ စေတနာ မုဒိတာ ဥပေက္ခာများကြောင့် တက်ရခြင်းဖြစ်၏။ သင်တန်းနာမည်က တက္ကသိုလ်ကောလိပ် ဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂) ဟူ၏။ (သောက်ကျိုးနဲ၊ မွမ်းပြီးမံတာတောင် အထူးတလည်မွမ်းမံ လိုက်ရပါသေး။) သင်တန်းမှာ တစ်လသင်တန်း ဖြစ်ပြီး ၉ မတ်လ ၁၉၉၂ မှ ၄ ဧပြီလ ၁၉၉၂ ထိ ဖြစ်၏။ သင်တန်းသား သင်တန်းသူ ပေါင်း ၂၀၉၆ ယောက်ရှိပြီး ကျွန်ုပ်၏ သင်တန်းသား အမှတ်စဉ်မှာ ကသ I - 54 ဖြစ်၏။

ထိုသင်တန်းတွင် ကျွန်ုပ် အလွန်ကြိုက်နှစ်သက်သည့် စိုင်းထီးဆိုင်၏ သီချင်းများ ဖန်တီးရှင် ဆရာဒေါက်တာစိုင်းခမ်းလိတ်နှင့်လည်း ဆုံဆည်းခွင့် ရခဲ့ပါ၏။ ဆရာက ဖောင်ကြီးသီချင်းတစ်ပုဒ်တောင် ရေးဖွဲ့ခဲ့ပါသေးသည်။ ခုထိမှတ်မိနေသေးသော သီချင်း တစ်ပိုင်း တစ်စမှာ . . . ဖောင်ကြီးမှာမှ . . ဆုံရတယ်လို့ . . . ဘယ်လိုရှေးရေစက်လဲမသိဘူး . . . မင်းလဲ သိလား . . . ။ ပင်ပန်းပေမယ့် . . . လသာညလေး . . . ကိုယ်လေ ဝင်အိပ်ရမှာ နှမြောလှပေါ့ကွယ် . . . ဟူ၏။

အဘယ်ကြောင့် ဤမျှ အသေးစိတ် လျှာရှည်နေရပါသနည်းဟူမူ ကျွန်ုပ်ကို ဘာမှန်းညာမှန်းမသိဘဲ နေရာတကာ ဆရာကြီးလုပ်ချင် တဲ့ကောင် ဟု ကဲ့ရဲ့သဂြိုဟ် အတင်းဆိုကြမည့်အရေး ကြိုတင်တွေးဆမိသောကြောင့် ကျွန်ုပ်သည်လည်း ဤသင်တန်းကို (ဘုရားစူးရပါစေ့) တကယ့်ကို ပယ်ပယ်နယ်နယ် တက်ခဲ့ဖူးပါသည်ဟု သိစေလိုသောကြောင့် ဖြစ်ပါသတည်း။

လက်နက်ငယ်သင်တန်းတွင် လက်တွေ့ပြသော စစ်သားက ကျွန်ုပ်တို့အရာရှိပေါက်စနများကို မျက်နှာထိ၊ မျက်နှာထားနှင့် "သေသေချာချာ ကြည့်ထားကြ၊ ဒါမျိုး သင်ရဘို့ဆိုတာ ဒီတစ်နေရာတည်းရှိတယ်။ တခြား ဘယ်နေရာမှာမှ သင်ခွင့်မရနိုင်ဘူး" ဆိုကာ ဂျပန်ခေတ်ကရိုင်ဖယ်သေနတ်ကို ဖြုတ်တပ်ပြတာ ၎င်း၏မျက်နှာနှင့်တကွ ယနေ့တိုင် မှတ်မိနေပါသေး၏။

အချီးနှင့် နိဒါန်းများ ပျိုးပြီးသကာလ ယခု ဗဟိုဝန်ထမ်းတက္ကသိုလ် ဘာကြောင့်ရှိသင့်ကြောင်း ကျွန်ုပ် ရှင်းပါတော့အံ့။

(၃)

ဘာအလုပ်ကို လုပ်သည်ဖြစ်စေ ထိုအလုပ်အကြောင်း သေချာကျန သိထားမှ စနစ်တကျ ဖြစ်မည်။ သေသေချာချာ လုပ်တတ်မည်။ ထိထိရောက်ရောက် ဖြစ်မည် မဟုတ်လော။ သည်ကဲ့သို့ သူလုပ်ရမည့်အလုပ်ကို သိဘို့ တတ်ဘို့ဆိုတာ ရော့၊ အင့် ဆိုပြီး ခန့်ထားလိုက်ရုံနဲ့ နတ်ရေကန်ထဲ ကန်ချလိုက်သလို အလိုလို ပြည့်စုံ တတ်မြောက်သွားနိုင်တာမျိုးမဟုတ်။

(ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ။ စင်ကာပူအကြောင်းတော့ နည်းနည်းလောက် ထည့်ပြောလိုက်အုံးမှ။) စင်ကာပူမှာဆို ဘာအလုပ်ပဲလုပ်လုပ်။ လုပ်ခိုင်းမည့်သူကို သေသေချာချာ သင်ပေးရသည်။ Safety သင်တန်းများဆို မတက်မနေရ သင်တန်းများ တက်ရန် ဥပဒေဖြင့် ပြဋ္ဌာန်းထား၏။ ထိုဥပဒေမှာ Factory (Safety Trainings) Order ဖြစ်၏။ စင်ကာပူက သင်တန်းများ အကြောင်း ကျွန်တော် ပို့စ်တစ်ပုဒ်ရေးဖူးပါသည်။ ကျွန်တော့် ဘလော့မှာ ရှာဖတ်ကြည့်ကြပါ။

Link: shwenyein.blogspot.com

အနို့ မင်းတို့ ဘယ်ကျောင်းကဆင်းထားပြီးသား၊ ဘာဘွဲ့တွေရပြီးသားမဟုတ်လားကွ။ ဘာဖြစ်လို့ မလုပ်တတ်ရမှာလဲ ဟု အရင် ငေါက်ချင်ဇော မကြီးပါနှင့်။

ကျောင်းကသင်ပေးလိုက်တာတွေဆိုတာ ပီဘိ သီအိုရီတွေချည်းဖြစ်၏။ တကယ့်လက်တွေ့မှာ တိုက်ရိုက်ချသုံးလို့ရတာ တစ်ခုမှ မပါ။ လက်တွေ့နှင့် သီအိုရီကို ပေါင်းစပ်တတ်ဘို့ လုပ်ငန်းခွင် သင်တန်းတွေလိုသည်။ အတွေ့အကြုံတွေလိုသည်။ အနို့ ခင်ဗျားတို့ တက္ကသိုလ်ဆိုတာကြီးတွေမှာ လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာတွေ၊ ရုံးလုပ်ငန်းက ဘာတွေ၊ လုပ်ထုံးလုပ်နည်း တွေက ဘာတွေ သင်မပေးလိုက်ဘူးလား။

နိုး။
အဲသဟာတွေဟာ တက္ကသိုလ်က သင်ပေးရမှာ မဟုတ်ပါ။ လုပ်ငန်းခွင်ထဲရောက်မှ လေ့လာသင်ယူရမှာ ဖြစ်ပါသည်။

သဟာဆို အဲဒါတွေကို ဘယ်လိုသင်ယူရမှာတဲ့လဲ။ ကိုယ့်ဘာသာ လေ့လာသင်ယူရမယ်ဆို အမှန်တကယ် လေ့လာသင်ယူလိုစိတ် ရှိပါတယ်ဆိုလျှင်တောင် စမ်းတဝါးဝါးနဲ့ လေ့လာနေရမည်။ အချိန်တွေကုန်မည်။ စာရွက်စာတမ်းတွေလည်း အလွယ်တကူ  ရှာလို့မရသဖြင့် ခရီးလည်း ပေါက်မှာမဟုတ်။ လူလည်း ပင်ပန်းမည်။

အနို့ စာမေးပွဲတောင် မတတ်သာလို့ တစ်ပွဲထိုး ကျက်ဖြေကြသေးတာ။ အဲသလို ကိုယ့်ဘာသာကိုယ် လေ့လာဘို့ ဆိုတာ ရေးဝေးထက်ဝေးတဲ့ ဝေလာဝေးထဲကပေါ့ ခင်ဗျာ။

သဟာဆို ယခုမှ ဝန်ထမ်းဖြစ်လာခါစ ကိုဟဝှာ၊ မဟဝှာလေးတွေကို ဝန်ထမ်းစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ရုံးစာပြင်တာကစ မြန်မာ နိုင်ငံအစိုးရရဲ့ ဖွဲ့စည်းပုံ၊ ဘယ်ဌာနတွေက ဘာတွေလုပ်နေသည် စတာတွေ သင်ပေးဘို့ မလိုပါသလော။ အမှန်ပင် လိုပေ၏။ အနို့ သည်လို ကျကျနန မသင်ပေးဘဲ ဘယ်ကဲ့သို့ တတ်နိုင်ပါမည်နည်း။

ရော့ ဒါတွေဖတ်ကြလဟ ဆိုပြီး စာအုပ်တွေ ပေးလိုက်လို့ ရချင်ရပါလိမ့်မည်။ သို့သော် တကယ်သေသေချာချာ ဖတ်၊ လေ့လာမည့် သူကား ၁၀၀၀ မှာ ၁ ယောက်တောင်မှ ရှိဘို့မလွယ်ပါ။ (အနို့ အဝေးသင်စာစဉ်တွေဆို ကျောင်းကထုတ်လာတဲ့အတိုင်း၊ အထုပ်လိုက် ချောင်ထဲ ထိုးထားကြတာ ဖြစ်၏။ အထဲမှာ ဘာတွေပါတယ်ဆိုတာ ကြိုးတောင် ဖြည်ကြည့်ကြတာမဟုတ်။) ကိုယ့်ဘာသာကိုယ် ဖတ်ဖို့ မပြောပါနှင့်။ ယခု ဖောင်ကြီးနှင့် ဇီးပင်ကြီးမှာ အတင်းအကြပ် ခေါ်သင်ပေးနေတာတောင် စိတ်ဝင်တစား လေ့လာသည့်သူ ဘယ်နှစ်ယောက် ရှိပါသနည်း။ စာရင်းကောက်ကြည့်စမ်းပါ။ မဖြစ်နိုင်လို့ တက်နေရသူမှာ အများစု ဖြစ်ပါလိမ့်မည်။ သင်တန်းမှာ ဘာတွေသင်လိုက်သလဲဟု သင်တန်းဆင်းလာသူများကို မေးကြည့်လိုက်ချင်စမ်းပါဘိ။

သို့သော် . . . သို့သော်လည်းပေါ့ ခင်ဗျာ။

သင်တန်းပေးတယ်ဆိုတာ ခုလိုအချိုးမျိုး၊ ခုလိုပုံစံမျိုး၊ ခုလို ဘာသာရပ်မျိုးတွေနဲ့တော့ မစွံရေးချ မစွံပါ။
ခုဟာကတော့ ဖောင်ကြီးဟေ့ ဆိုလိုက်တာနှင့် အကုန် အင် သွားကြသူတွေချည်းဖြစ်၏။ ငါတို့တော့ ဝန်ထမ်းဘဝ သိသင့်သိထိုက် တာတွေ သိရတော့မယ်။ ပျော်လိုက်တာ ဟု ပျော်ရွှင်မြူးတူးနေသူ ဘယ်နှစ်ယောက်များ ရှိပါသနည်း။ ကျွန်တော်တော့ မထင်ပါ။

အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။ သူတို့ကိုယ်နှိုက်က အဲသလိုဖြစ်အောင် လုပ်ထားသောကြောင့် ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်ဆိုတာ သူတို့ကို ပြောတာဖြစ်သည်။ (ဟေ့လူတွေ၊ ကျုပ်က အပြုသဘောနဲ့ ပြောနေတာနော။ အသရေဖျက်တယ် ဘာတယ်နဲ့ တရားစွဲတာတွေ ဘာတွေ လုပ်မနေနဲ့ဦး။ ခင်ဗျားတို့ကောင်းကြောင်းတွေ ပြောနေတာ။ ကျုပ်က ကြောက်တတ်တယ်။)

ယခု သင်ကြားပို့ချသည့်ပုံစံမှာ မမှန်ပါ။ မှားနေပါသည်။ မှားနေကြောင်းလည်း ဇီးပင်ကြီးက သူငယ်ချင်းကို ပြောပြဖူးပါသည်။ သို့သော် သူလည်း ဘာမှမတတ်နိုင်ပါ။

သဟာဖြင့် ဘာတွေ မှားနေသနည်း။
အကုန်မှားသည်။
ဘယ်ကစမှားသနည်း။
ကျောင်းနာမည်ကစ မှားသည်။

သည်ကျောင်းကို ဘယ်သူက တက္ကသိုလ်ဟု လုပ်လိုက်သနည်း။
အဘယ်ကြောင့် တက္ကသိုလ်ဟု လုပ်ချင်ရသနည်း။
တက္ကသိုလ်နဲ့ တူတူတန်တန် ဘာတွေများ သင်ပေးပါသနည်း။

အဲလေ၊ ဒါလည်း သူတို့ကို အပြစ်မဟုတ်ပါ။
ဗဟိုဝန်ထမ်းတက္ကသိုလ်ဆိုတာ စထောင်ကတည်းကိုက သူရို့ဒိုင်တွေရိုက်သွင်းဘို့ ရည်ရွယ်ချက်နဲ့ ထောင်ခဲ့သောကျောင်း ဖြစ်သဖြင့် သည်အတိုင်း ဖြစ်နေရခြင်းဖြစ်၏။ သဘာဝလည်း ကျပါသည်။

ကျောင်းဖွဲ့စည်းပုံကစ ယခင်က ပုံစံအတိုင်း ဖြစ်၏။ (ဖြစ်သည်ဟု ထင်ပါသည်။ သူတို့ကျောင်းအကြောင်းတော့ ဂဃနဏမသိပါ။)
သင်တာတွေကလည်း ယခင်က ပုံစံထဲကမထွက်။ (လူများပြောစကားအရ သိရပါသည်။)
ခေတ်စနစ်တွေ ပြောင်းလာပြီ။ ငါတို့လည်း ပုံစံပြောင်းမှဟု မတွက်။ ပုံစံဟောင်းထဲမှာ ကျင်လည်နေချင်ကြ၏။ (အဲသဟာကတော့ သူရို့တင်မဟုတ်၊ တစ်နိုင်ငံလုံးဖြစ်သည်။)
သည်တော့ ဒေါက်တာ စိုးသူရဇော်တို့ကို လာသင်သည့်သူတွေမှာ သည်လိုပုံစံ သည်လိုအပြောများရှိနေတာ ဘာမှမဆန်းပါ။

နောက်ပြီး သင်သည့်ဘာသာတွေကလည်း မမှန်ပါ။ ပါသင့်တာတွေ မပါဘဲ မပါသင့်တာတွေ ပါနေသည်။ (ကျွန်တော်တို့တုံးက စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ် ဆိုတာပါ သင်ရ၏။ ကျွန်ုပ်တို့ သိစရာလိုပါသလား။ ကျွန်ုပ်တို့က ဝက်မွေးစားမည့်သူများ ပါလား။ (မွေးမြူရေးဆရာလေးက ဝက်မွေးမြူရေးအကြောင်း သင်စဉ် နီရဲယောင်ယမ်းဆိုတာ ပြောလို့ ရီလိုက်ကြတာ မှတ်မိပါ သေး၏။ အဲလေ ခုလည်း တွေးမိတိုင်း ပြုံးမိပါသေးသည်။ ဤကား စကားချပ်)) ဤသည်မှာလည်း ကျောင်းအုပ်ချုပ်ရေးပိုင်းက သူတို့ လိုချင်သည့်ပုံစံအတိုင်း လုပ်ထားခြင်းကြောင့် ဖြစ်၏။ ကျောင်းအုပ်ချုပ်ရေးက လူတွေကို မပြောင်းသရွေ့ကာလပတ်လုံး သည်အတိုင်းဆက်ရှိနေဘို့ များပါသည်။

ဒါဆို သင်သည့်ပုံစံကရော တဲ့။
အရမ်းရော ကာရောကို မှားသည်။ ပစ္စလက်ခတ်ကို မှားသည်။ မဟားတရား မှားသည်။ သောက်ကျိုးနည်း မှားသည်။
မိတ်ဆွေတို့ စဉ်းစားကြည့်ပါခင်ဗျာ။
လူ ၆၀၀ လောက်ကို ရှေ့က တစ်ယောက်တည်းက သင်သတဲ့။
အနှီကဲ့သို့သော သင်ကြားပို့ချနည်း ကမ္ဘာပေါ်မှာ မြန်မာတစ်နိုင်ငံသာ ရှိမည်ထင်၏။ (ဂင်းနစ်မှတ်တမ်းဝင်လောက်၏။)

အဲသဟာ ဘာလုပ်တာပါနည်း။
ကျွန်တော် လင်္ကာဒီပချစ်သူ ပို့စ်တုံးက ရေးခဲ့ဖူးပါသည်။
ကျွန်တော်တို့လူမျိုးများသည် ဘာကိုလုပ်လုပ်၊ ဖြစ်ကတတ်ဆန်းလုပ်တတ်သည်။ ပြီးပြီးရော လုပ်တတ်သည်။
အကျိုးရှိမှန်း မရှိမှန်း နည်းနည်းမှ ထည့်မတွက်။ လုပ်ပြီး ပြီးတာပဲ ဟု သဘောထားကြ၏။
အဲသလိုသင်တာမှန်သလား။ ထိုသင်တန်းများက ဘာများ အကျိုးအမြတ်ထွက်သနည်းဟု ဘယ်သူကများ ထည့်သွင်း စဉ်းစားကြဖူး ပါသနည်း။

အမှန်ဆို ထိုသင်တန်းများမှာ နိုင်ငံတော်ပိုက်ဆံ အလွန်အကုန်အကျများစွာခံ၍ ဖွင့်ထားသော သင်တန်းများ ဖြစ်၏။
ထိုသင်တန်းများမှာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါက နိုင်ငံတော်ပိုက်ဆံများကို အလဟသ ဖြုန်းတီးနေခြင်းမျှသာ ဖြစ်သတည်း။

ဒါဆို သင်တန်းတက်သူတွေ ဘက်ကရောတဲ့။
ပိုလို့တောင် ဆိုးသေးသည်။

ဖောင်ကြီးတက်ရတော့မဟေ့ ဆိုကတည်းက စိတ်ညစ်နေကြ၏။
သင်တန်းတက်ရမယ့်အတူတူ သင်တန်းက ငါတို့ ဘာတွေတတ်အောင်သင်ခဲ့မယ်ဟု စဉ်းစားမိသူ ရှိသည့်တိုင် အရေအတွက်အားဖြင့် များလိမ့်မည်မဟုတ်ဟု ထင်ပါသည်။ အချိန်ကုန်တာတွေ၊ ငွေကုန်တာတွေ၊ ပင်ပန်းတာတွေအတွက် တစ်ခုခုပြန်ရအောင် ယူခဲ့ကြပါဟု တိုက်တွန်းပါ၏။
ဤသည်တို့မှာ နိုင်ငံနှင့်ချီ၍ နစ်နာမှုများ ဖြစ်၏။

(သူများသာ လက်ညှိုးထိုးနေတယ်။ မင်းကရော ဟု မေးပါ။ ကျွန်တော် ဖောင်ကြီးသင်တန်းတက်ခဲ့တုံးက မှတ်စုတွေ ယခုတိုင် ရန်ကုန်အိမ်မှာ ရှိပါသေးသည်။ ကျွန်တော် ဘယ်လို လက်ချာလိုက်ထားတယ်ဆိုတာ လာကြည့်ကြဘို့ ဖိတ်ခေါ်ပါသည်။ ဘေးထွက် အမြတ်အစွန်းအနေနှင့် ဖောင်ကြီးစာကြည့်တိုက်က မိုးတားဦးထွန်းရှိန်၏ ဇာတကစနြ္ဒိကာစာအုပ် ကို တစ်အုပ်လုံး လက်ရေးနှင့် ကူးယူခဲ့သလို မာကီယာဘယ်လီ၏ The Prince စာအုပ်ကို အစအဆုံးဖတ်ခဲ့ကြောင်း ယခုတိုင် မှတ်မိနေပါသေး၏။ ထို့ပြင် ကိုစောဘယ်သူဆိုပါလိမ့်၊ နာမည်မေ့နေပြီ - သူ့ကိုလည်း ဇာတာဖွဲ့နည်း အစအဆုံး အကုန်သင်ပေးခဲ့ပါသေး၏။)

ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တော်ကြောင်း အခြောက်တိုက် ကြွားနေတာမဟုတ်ပါ။ သင်တန်းတက်သူတွေကို အချိန်တွေငွေတွေ ကုန်တဲ့အတူတူ တစ်ခုခုတော့ရအောင် ယူသွားစေချင်သော စေတနာဖြင့် ပြောခြင်းမျှသာ ဖြစ်ပါ၏။

(၄)

သည်လောက်ပြောပြီးလျှင် ဗဟိုဝန်ထမ်းတက္ကသိုလ် အဘယ်ကြောင့်ရှိသင့်ကြောင်း ဘယ်လိုပုံစံနှင့် ရှိသင့်ကြောင်း ဒုံးမဝေးသော ကျွန်ုပ်မိတ်ဆွေတို့ အနည်းငယ် ရိပ်မိလောက်ပါပြီ။

ပထမ အဝီစိ ဟိုဘက်နားလောက်ရောက်အောင် ကျဆင်းနေသော ကျောင်းပုံရိပ်ကို မြှင့်တင်ကြရမည်။
နာမည်ကစ ပြောင်းရမည်။ တက္ကသိုလ်ဆိုတာကြီးကို ဖြုတ်ရမည်။
ဖွဲ့စည်းပုံ ပြင်ရမည်။ (ခေါင်းမမာချင်ကြပါနှင့်။ နိုင်ငံကောင်းစားဘို့အရေး စိတ်ကောင်းစေတနာကောင်း ထားကြပါ။)
ဌာနတွေ ပြန်ဖွဲ့သင့် ဖွဲ့ရမည်။

သင်ရိုးညွှန်းတမ်းတွေ ပြန်ဆွဲရမည်။
သင်ရိုးအားလုံးမှာ အလုပ်စဝင်မည့် ဝန်ထမ်းများ မသိမဖြစ် သိထားရမည့် ဘာသာရပ်များကို သင်ပေးရမည်။

သင်ကြားမည့် ဆရာများကို သေသေချာချာ လေ့ကျင့်ပေးရမည်။
ယခုက လူကြီးများကို သင်တာဖြစ်၏။ လူကြီးဆိုတာ ကလေးမဟုတ်။ (ဟိုက်ရှားဘား၊ ခုမှ ရှင်းသွားတော့တယ်။)
ကလေးမဟုတ်သည့်အတွက် ကလေးတွေကို သင်သလိုသင်လျှင် အကုန် အိပ်ငိုက်ကုန်မည်။
(ဖောင်ကြီးတုံးက သင်တန်းသားတွေ အိပ်ငိုက်နေပုံတွေကို ကျွန်တော်ဆွဲထားတာ ကြည့်ချင်သပဆို အိမ်ကိုကြွခဲ့ကြပါ။)
ဘယ်လိုသင်ရမယ်ဆိုတာ အသေးစိတ်သိချင်သူများ WSH ဂျာနယ်မှာ သင်တန်းဆရာများကို ပြုစုပျိုးထောင်ခြင်း ခေါင်းစဉ်ဖြင့် ကျွန်တော်ရေးထားတာ အများကြီးရှိသည်။ ဝယ်ဖတ်ကြည့်ကြပါ။

သင်တန်းကျောင်းကိုလည်း သင်တန်းကျောင်းပုံစံနှင့်တူအောင် ပြန်လည် ဖွဲ့စည်းရမည်။

(၅)

ရေးတာလည်း အတော်များသွားပြီမို့ အဆုံးသတ်ပါမည်။
နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နေတာ အစိုးရဖြစ်၏။ သည်အစိုးရယန္တယားကြီးကို လည်ပတ်နေတာ အစိုးရဝန်ထမ်းများ ဖြစ်၏။
အစိုးရကောင်းဘို့ ဝန်ထမ်းများကောင်းရန် လိုသည်။
အစိုးရဌာနများ၏ ဝန်ဆောင်မှုကောင်းဘို့ အစိုးရဝန်ထမ်းများ အရည်အသွေးပြည့်ဝရန် လိုသည်။
အရည်အသွေးဆိုရာဝယ် ရုပ်အရည်အသွေးရော၊ စိတ်အရည်အသွေး နှစ်ခုစလုံးကို ဆိုလိုသည်။
(ဥပမာ - ရှေ့မှာ လူလာပြီး မတ်တပ်ရပ်နေတာ မြင်တာတောင် ဟိုဘက်လှည့်ပြီး ကိုးရီးယားမင်းသားအကြောင်း အပြောမပျက် တာမျိုး၊ ကိုယ့်ဆီလာတဲ့သူတွေကို မတူသလို မတန်သလို ဆက်ဆံတာမျိုး။)
သည်တော့ အစိုးရဝန်ထမ်းတွေကို အရည်အသွေးပြည့်လာတောင် ပြုစုပျိုးထောင်ပေးဘို့လိုသည်။

လက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ အဲသဟာတွေ လုပ်ပေးဘို့ အကောင်းဆုံးနေရာ ဖြစ်လေသည်။ နောက်ပြီး လက်ရှိလည်း လုပ်နေဆဲဖြစ်တော့ သပ်သပ် ထပ်လုပ်စရာမလို။

အရေးကြီးသည်မှာ လုပ်ပုံလုပ်နည်းပြောင်းဘို့ ဖြစ်၏။

NLD အစိုးရကိုလည်း အပြစ်တင် မစောကြပါနှင့်။ သူတို့မှာလည်း သူတို့ဒုက္ခနှင့် သူတို့ဖြစ်၏။ လူ ၁၀၀ ထမ်းရမည့် ဝန်ကို ၇၅ ယောက် (ဒါတောင် တင်းပြည့်ကျပ်ပြည့်မဟုတ်။) ထဲနှင့် ထမ်းနေရသည်။ နောက်ပြီး သူတို့လုပ်လို့မရတာတွေ အများကြီးရှိသည်။
မဟုတ်မှန်းသိပေမယ့် သိသိကြီးနှင့် လက်ပိုက်ကြည့်နေရတာတွေ ရှိသည်။ ဟို ၉၉ ကြိမ်မြောက် ရုံးထုတ်တာကို ကြည့်ပါ။ သဟာကို မိတ်ဆွေတို့ သိပါသည်။

အဲဗျ။ အစိုးရကမှ လုပ်ဘို့မလွယ်ဘူး ဆိုမှတော့ ဘယ်သူ့သွား အဖေခေါ်ရမှာပါလိမ့်။ ကိုယ့်စကားနဲ့ကိုယ် တိုင်ပတ်ပြီ။
အဲဒါမှ ဒွတ်ခ။ လုပ်ကြပါဦး အရပ်ကတို့။
အဲသဟာတော့ ကျုပ်လည်း ရှင်းမပြတတ်။
စွမ်းသူတွေ ဆက်လုပ်ကြပါ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၆ ဒီဇင်ဘာ၊ ၂၀၁၈။ နံနက် လင်းအားကြီး ၁ နာရီ နဲ့ ၃၉ မိနစ်

Monday, December 24, 2018

ကြောင်များ အအေးပတ်သောတိုင်းပြည်


(၁)

ကျွန်ုပ်သည် မြန်မာပြည်ရှိ ကြောင်များကို အလွန်သနားမိလေသည်။
အကြောင်းကား ၎င်းတို့မှာ ခေတ်အဆက်ဆက် အအေးပတ်လာခဲ့သောကြောင့် ဖြစ်၏။
ဘီပီအိုင်မှထုတ်သော ဘာမီတွန်ဆေးပြားများ၏ ၉၀ ရာခိုင်နှုန်းမှာ ကြောင်များကို တိုက်ကျွေးခြင်းဖြင့် ကုန်ရသတည်း။
ကမ္ဘာပေါ်တွင် ကြောင် အအေးပတ်ဆုံးတိုင်းပြည်ကို ပြပါဆိုလျှင် ကျွန်ုပ်တို့ မြန်မာပြည်ကြီးကို ပြရမည်ဖြစ်လေသည်။

(၂)

မိတ်ဆွေဆရာမလေး၏ပို့စ်မှ ဆရာမတစ်ဦးပြင်ရသည့် စာရင်းဇယားများကိုကြည့်ပြီး ကျွန်တော် အတော် သွေးတက်သွားမိလေ၏။

သူရေးပြထားသည့် စာရင်းများကို ကူးယူတင်ပြရလျှင် အောက်ပါအတိုင်းဖြစ်၏။

အတန်းပိုင်တစ်ဦးပြင်ရသည့် စာရွက်စာတမ်းများ

၁) အချိန်ပိုင်း ကျောင်းခေါ်ကြိမ်
၂) တနေ့လုံး ကျောင်းခေါ်ကြိမ်
၃) လချုပ် ကျောင်းခေါ်ကြိမ်
၎) လစဉ် အမှတ်စာရင်း
၅) အမှတ်စာရင်းပေါင်းချုပ်
၆) အရည်အချင်းစစ် မှတ်တမ်း
၇) ကျောင်းသား ခွင့်မှတ်တမ်း
၈) မိဘ အုပ်ထိန်းသူနှင့် တွေ့ဆုံဆွေးနွေးမှု မှတ်တမ်း
၉) ကျောင်းသားများ၏ တကိုယ်ရည်ကျန်းမာမှု မှတ်တမ်း
၁၀) လစဉ် ပညာရည် တိုးတက်မှု မှတ်တမ်း
၁၁) လ အလိုက် ကျောင်းလုပ်ငန်းပါဝင်ဆောင်ရွက်မှု မှတ်တမ်း
၁၂) သန်ချဆေး / သံဓါတ်အားဆေး / ကိုယ်အလေးချိန် / အရပ်

စုစုပေါင်း ၁၅ အုပ်

ဘာသာပြအနေနှင့် ပြင်ရသော စာရွက်စာတမ်းများ

၁) သင်ထောက်ကူ မှတ်တမ်း
၂) သင်ပြမှုမှတ်တမ်း
၃) စစ်ဆေးမှုမှတ်တမ်း
၎) သင်ထောက်ကူပစ္စည်း
၅) အချိန်ပို မှတ်တမ်း
၆) ကုစားဖြည့်ဆည်း မှတ်တမ်း
၇) ဘာသာရပ် စီမံချက်
၈) လပိုင်း မာတိကာ
သူက နှစ်ဘာသာပြရလေတော့ စုစုပေါင်း ၁၆ အုပ် ပြင်ရလေသည်။

ဘာသာရပ်မှူး အနေနှင့် အောက်ပါစာရွက်စာတမ်းများပြင်ရပြန်၏။

၁) မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းစုံ သင်ရိုး ခွဲဝေ
၂) လပိုင်းမာတိကာ နှင့် လ အလိုက် ပြီးစီးမှု ကျန်ရှိမှု မှတ်တမ်း
၃) ဘာသာရပ် ဆွေးနွေးမှုမှတ်တမ်း 

စုစုပေါင်း ပြင်ရသည့် မှတ်တမ်းစာအုပ်ပေါင်း - ၄၅ အုပ်

ပညာရေးဝန်ကြီးဌာနမှ ဆရာကြီးများမှာ ရုရှားတွေကို အားကျလေသည်။

အင်တာနက်ဆိုတာကြီး ပေါ်လာတော့ ဘာမှ မလုံခြုံတော့။ မည်မျှ လုံခြုံရေးစနစ်တွေ ထားသည့်ဖြစ်စေ၊ အလွန် အစွမ်းထက် လှသော hacker များ၏ ရန်ကို ကြောက်နေရသည်။ သည်တော့ ရုရှားတို့က ခေတ်ဟောင်းက သုံးခဲ့သည့် လက်နှိပ်စက် စနစ်ကို ပြန်သွား၏။ အရေးကြီးသော စာရွက်စာတမ်းများကို ကွန်ပြူတာနှင့်မပြင်။ စာရွက်ပေါ်တွင် လက်နှိပ်စက်နှင့်ရိုက်သည် ဆို၏။ ကိုင်း၊ ဟက်စမ်း။ ကြိုက်သလောက်။

ယခုလည်း ပညာရေးဝန်ကြီးဌာနက ၎င်းတို့၏ မှတ်တမ်းများ ပေါက်ကြားသွားမှာကို အလွန်စိုးရိမ်လေ၏။ ထို့ကြောင့် ကျောင်းသားများ၏ ကျောင်းခေါ်ချိန်၊ အမှတ်စာရင်း စသည်တို့ကို လက်ရေးနှင့်သာ ရေးသွင်းရမည်။ ကွန်ပြူတာလုံးဝ သုံးခွင့်မပြု ဆို၏။ ၎င်းတို့၏ ပညာရေးစနစ်ကြီးပေါက်ကြားသွား၍ အမေရိကန်လို၊ ဂျပန်လိုနိုင်ငံမျိုးက အတုယူကာ လိုက်ပြင်ကြလျှင် အကျိုးနည်းရော့မည်။ ပညာရေးဌာနမှ အသက် ၉၀ (ဟုတ်ပေါင် ယောင်လို့) လူကြီးများ၏ အမြော်အမြင်ကြီးမှုကို ကျွန်ုပ်မှာ သြချယူရပါပေ၏။

ဤမျှ အလွန်များပြားလှပြီး ကျောင်းသားများ၏ စာတတ်မြောက်ရေးကို ဘာတစ်ခုမှ အထောက်အကူမပြုသော အနှီစာရင်းများကို လက်ရေးနှင့် ပြင်ခိုင်းခြင်းကား တမင်သက်သက် ညစ်ပတ်စုတ်ပဲ့တာသာ ဖြစ်၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုလူကြီးများမှာ ကွန်ပြူတာ မကိုင်ဖူးမှန်း သိသာလေသည်။

ကွန်ပြူတာသုံး၍ ပြင်ခြင်း၏ အားသာချက်များကို အနည်းငယ်မျှ ပြောပြပါရစေ။ ကျွန်တော့်မိတ်ဆွေများမှာ နလဘိန်းဒုံးများ ဖြစ်သည်ဟု ယူဆ၍ ပြောမှာမဟုတ်ပါ။ ခေတ်ဆွေးစနစ်ဆွေးကြီးထဲတွင် ပျော်မွေ့နေလိုသည့်၊ အလုပ်လုပ်ရမှာ လွယ်သွားမှာ၊ တိုးတက်သွားမှာကို သေမလောက်ကြောက်သည့် အနှီလူကြီးဆိုသူများ သိအောင် ပြောခြင်းသာ ဖြစ်ပါသည်။

အထက်ဖော်ပြပါ ဘာမှ အရာမနံသည့် စာရင်းကြီးတွေကို လတိုင်းပြုစုနေရခြင်းဖြင့် မည်မျှ အလုပ်များမည်ကို (ကျွန်တော်က မှန်းဆ၍သာပြောခြင်းဖြစ်ပြီး) ဆရာမများ ကိုယ်တွေ့ ဖြစ်ပါသည်။ သည်စာရင်းကြီးတွေ ပြုစုရမယ်ပဲ ထားပါ။ ကွန်ပြူတာသုံးလိုက် လျှင် များစွာ အဆင်ပြေ၊ လွယ်ကူသွားမည်ဖြစ်၏။

၁။ အီးမေးသုံးသည့်စနစ်တစ်ခု ကျင့်သုံးပါ။ (အီးမေးပြောတာနော် ဂျီမေးမပါဘူး။ တော်ကြာ ဂျီကျနေမှာ စိုးလို့။)
၂။ ထိုစာရင်းများကို Format တစ်ခုပြင်ပြီး မြန်မာပြည်မှ ကျောင်းအားလုံးကို ပေးလိုက်ပါ။
၃။ စာရင်းများကို ကွန်ပြူတာနှင့်ပြင်၊ pdf format ပြောင်း။ လတိုင်း အီးမေးနှင့်ပို့ခိုင်းပါ။

အလုပ်ရှုပ်လည်းသက်သာ၊ မြန်လည်းမြန်။ အလိုရှိသည့် စာရင်းတွေကိုလည်း အလွယ်တကူရှာနိုင်မည် ဖြစ်ပါသည်။
ဆာဗာတွေ ဘာတွေ၊ အွန်လိုင်း စတိုးရိတ်တွေဘာတွေ ထားပါ။ နည်းနည်း မြင့်လွန်းသည်။
အီးမေးလောက်က ဘာမဖြစ်နိုင်စရာ ရှိပါသနည်း။

မင်းပြောတော့ လွယ်လွယ်လေး။ ကျောင်းတွေမှာ ကွန်ပြူတာ ကိုင်တတ်တဲ့သူ ဘယ်နှစ်ယောက် ရှိသလဲ။
ကွန်ပြူတာကရော ဘယ်ကရမလဲ။

ဟုတ်ကဲ့။ မလုပ်ချင်သူတွေမှာ ဆင်ခြေတွေ၊ မြင်းချေတွေ၊ ခွေးချေတွေ၊ ကြောင်ချေ၊ လဒခြေတွေ အပြည့်ရှိသည်။
မြန်မာပြည်တွင် ပိုက်ဆံများကို အလဟဿဖြုန်းတီးပစ်နေသည့် ပွဲလမ်းသဘင်များ အလွန်ပေါများလှသည်။ ထိုပွဲလမ်းသဘင်များ ကို ၇၅% ဖြတ်ချလိုက်လျှင် ထိုပိုက်ဆံများကို တစ်နိုင်ငံလုံးမှာရှိသည့် ကျောင်းများ၌ ကွန်ပြူတာများ ဆင်ပေးလို့ရသည်။ မူလတန်းများထိ မဆင်းနိုင်လျှင် အနည်းဆုံး အထက်တန်းကျောင်းများမှာ လုပ်ပေးလို့ရသည်။

ကျောင်းသားများစာရင်း ဟူသည် တစ်နှစ်တာကာလပတ်လုံး အပြောင်းအလဲ အလွန်နည်းမှာ ဖြစ်သည့်အတွက် ထိုပုံစံတွင် တစ်ခါ ထည့်ထားလိုက်ရုံနှင့် တစ်နှစ်လုံး သုံးလို့ရသည်။ ကျောင်းတက်ချိန်၊ အမှတ် စသည်တို့လောက်သာ ပြင်ဘို့လိုတော့သည်။ အလွန် အင်မတန် အလုပ်ရှုပ်သက်သာသွားမည် ဖြစ်၏။

ခုတော့ ကျောင်းသားနာမည်၊ ကျောင်းဝင်အမှတ်၊ အဖေနာမည်၊ အမေနာမည်၊ ပထွေးနာမည်၊ ယောက္ခမနာမည် စသည်တို့ကို လတိုင်းလက်ရေးနှင့် ရေးရသည်။ ကျောင်းသားဆိုတာ တစ်ယောက်နှစ်ယောက်ထဲမဟုတ်။ ရာနှင့်ချီရှိသည်။ ထို ရာနှင့်ချီသော ကျောင်းသားနာမည်များကို များပြားလှသောစာရင်းများ၌ လတိုင်းရေးသွင်းနေရသော ဆရာမများ၏ ဒုက္ခကား မသေးလှ။ ဤသည်မှာ ဆရာမ တစ်ယောက်တည်းမဟုတ်။ တစ်ကျောင်းတည်း မဟုတ်။ မြန်မာတစ်နိုင်ငံလုံးက ကျောင်းများ၊ ဆရာမများ၏ ဒုက္ခဖြစ်သည်။ နောက်ပြီး ဒါ တစ်လမဟုတ်၊ နှစ်လ မဟုတ်။ လတိုင်း။ နှစ်တိုင်းဖြစ်၏။ ကျကျနနသာ တွက်ကြည့်မည်ဆိုပါက နည်းနည်းနောနော မဟုတ်သည့် အချိန်များ၊ လုပ်အားများ ဆုံးရှုံးရတာ ဖြစ်ပါသည်။ ထိုကဲ့သို့သော အရာမနံသည့် ကိစ္စများတွင် အချိန်များ၊ လုပ်အားများ များစွာဆုံးရှုံးနေရသည့်အတွက် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိတ်ချီးနိုင်ငံ ဖြစ်နေရခြင်း ဖြစ်လေသည်။

အကယ်၍သာ ထိုစာရင်းများကို ကွန်ပြူတာနှင့်ပြင်မည် ဆိုအံ့။ copy and paste (control+c & control+p) အသာလေး နှိပ်လိုက်ရုံနှင့် အနှီ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်နာမည်များကို အလွယ်ကလေး၊ မပင်ပန်းဘဲ ကူးနိုင်သည်။ (ဟူး၊ ဒုံးဝေးတဲ့သူတွေ ပြောပြရတာ မောပါ့။)

နောက်ပြီး လက်ရေးနှင့်ရေးတယ်ဆိုတာ ကွန်ပြူတာရိုက်တာထက် အများကြီး ပိုနှေးသည်။ မယုံလျှင် မြန်မာပြည်က အမြန်ဆုံးဆိုတဲ့ လက်ရေးသမားကိုရှာခဲ့ပါ။ ကျွန်ုပ်က ကွန်ပြူတာမှာ type ရိုက်ပြီး ပြိုင်ပါမည်။ အကယ်၍ ကျွန်ုပ်ရှုံးခဲ့သည်ရှိသော် လူလယ်ခေါင်မှာ ပါးချသွားခဲ့ပါ။ ဤသည်မှာ အလကား ဟာသပြောခြင်းမဟုတ်။ တကယ်စိန်ခေါ်တာ ဖြစ်ပါသည်။

ကွန်ပြူတာဆိုတာ လက်ဆယ်ချောင်းနှင့်ရိုက်တာဖြစ်၏။ စာရေးဘို့ဆိုတာ လက်တစ်ဖက်လုံး သုံးရတာဖြစ်၏။ နောက်ပြီး ကွန်ပြူတာက ခလုတ်ကလေးနှိပ်ရုံနှင့် စာဖြစ်သည်။ လက်နှင့် စာတစ်လုံးရေးဘို့ဆိုတာ အတော် အားစိုက်ရသည်။

ကျွန်တော် လက်နှင့်စာမရေးသည်မှာ ဆယ်စုနှစ်တစ်ခုမက ရှိပါပြီ။ ကျွန်တော် Compaq laptop ဝယ်တာ ၂၀၀၃ ခုနှစ်နှောင်းပိုင်း။ ထိုကာလကတည်းက စာကို ကွန်ပြူတာနှင့်သာ ရေးခဲ့၏။ (၂၀၀၃ က ဝယ်ခဲ့သော laptop ကလေးမှာ အတော်ခံသည်။ ၂၀၀၈ ခုနှစ်ကျမှ ပျက်သွားတာ ဖြစ်၏။) အဝေးသင်ဖြေဘို့ လက်ရေးနှင့်ရေးရတော့ လက်ရေးမှန်ဘို့၊ ညီဘို့ အတော်လုပ်ယူရသည်။ ရေးစက အတော်လက်ညောင်း၏။ နောင် အသားကျသွားတော့မှ အတော်ဟုတ်သွားတာ ဖြစ်၏။

ကျွန်တော်က နေ့တိုင်းကွန်ပြူတာရိုက်နေတာဆိုတော့ မြင်းများ ဒုန်းစိုင်းသွားသလို ရိုက်နိုင်သည်။ ကျွန်တော်သာမဟုတ်ပါ။ ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်မှာတုံးက ရုံးက မတင်တင်မြ တို့၊  မလေး တို့ဆို လက်နှိပ်စက်ကို တဖြောင်းဖြောင်းနေအောင် ရိုက်တတ်သည်။ တစ်လုံးမှ အမှားမပါစေရ။

ဒါ ကျွန်တော်တင်၊ မတင်တင်မြတို့တင် မဟုတ်ပါ။ ကွန်ပြူတာရိုက်နေကျ၊ လက်နှိပ်စက်ရိုက်နေကျသူတိုင်း သည်အတိုင်းချည်း ဖြစ်၏။ အနို့ ကျွမ်းကျင်ရာလိမ္မာ ဆို မဟုတ်လား။

နောက်ပြီး ကွန်ပြူတာဆိုတာ မှားလျှင် အလွယ်တကူပြန်ပြင်လို့ရသည်။ လက်ရေးက ပြန်ပြင်ဘို့ လွယ်တာမဟုတ်။ ပြင်လို့ရသည်ဆိုလျှင်ပင် ကြည့်လို့မကောင်း။ နောက်ပြီး လက်ရေးနှင့် ရေးသည်ဆိုလျှင် လက်ရေးညံ့ပါက ဖတ်ရအင်မတန် ခက်သည်။ ဂဏန်းတွေ မှားနိုင်သည်။ နာမည်တွေ မှားနိုင်သည်။ ကွန်ပြူတာစာလုံးမှာ လက်ရေးလှတယ်။ ညံ့တယ်ဆိုတာ မရှိ။ မည်မျှအရုပ်ဆိုးသည့်ကောင်မလေးပင် ရိုက်သည်ဖြစ်စေ။ အလွန်သားနားလှပသည့် ကျွန်ုပ်ရိုက်သည့်အတိုင်းပင် ထွက်တာဖြစ်၏။

နောက်ပြီး လက်ရေးက ကြီးသဖြင့်၊ ကြဲသဖြင့် စာရွက်ကုန်သည်။ ကွန်ပြူတာကျ လိုသလိုချိန်လို့ရသည်။ လက်ရေးနှင့် တစ်ရွက်စာ ကို ကွန်ပြူတာနှင့်ဆို တစ်မျက်နှာတည်းနှင့် ပြင်လို့ရသည်။ သပ်သပ်ယပ်ယပ်ရှိသည်။ လှသည်။ ဖတ်ရလွယ်သည်။
နောက်ပြီး ကွန်ပြူတာနှင့်က စာရွက်တွေ အများကြီး သုံးစရာမလို။ soft copy များ သိမ်းထားလို့ရသည်။ အထက်ကို တင်ချင်သပ ဆိုလျှင်လည်း အီးမေးနှင့် ကလစ်ကလေး တစ်ချက်နှိပ်လိုက်ရုံဖြစ်၏။

စာရွက်စာတမ်းများကို လက်နှင့်ပြင်ရသည့်အလုပ်မှာ အချိန်ကုန်၊ လူပန်း၊ အလုပ်ပျက်၊ စရိတ်တက်သည့် စနစ်ဖြစ်၏။ ဤသည်မှာ ရုပ်ဝတ္ထုအပိုင်းကိုသာ ပြောခြင်းဖြစ်၏။ ဆရာမများ စာသင်ချိန်ပျက်တာ၊ မဆုံးနိုင်သော စာရင်းဇယားကြီးတွေ အချိန်ရှိသရွေ့ ပြင်နေ ရသောကြောင့် စိတ်ဆင်းရဲရတာ၊ စိတ်ပျက်ရတာ၊ စိတ်ညစ်ရတာ၊ စိတ်ရှုပ်ရတာ၊ စိတ်ကုန်တာ၊ စိတ်ဓာတ်ကျတာ၊ မကျေမနပ် ဖြစ်ရတာ၊ happy မဖြစ်တာ (ဘာကျန် သေးတုံး) စသဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပါသေးသည်။ စာရင်းတွေ လုပ်ရလို့ စိတ်မရှည်၊ စိတ်မရှည်တော့ ကျောင်းသားတွေကို ဖိထောင်း စတာတွေက နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်၏။

နောက်ပြီး ကျောင်းကို စစ်ဆေးရေးဆိုတာ လာ၏။

ဘာစစ်သနည်း။
ခုနင်က ပြောခဲ့သည့် ဆရာမများ အပင်ပန်းခံ ပြုစုထားသည့် စာရင်းစာအုပ်တွေကို အားနာပါးနာလေးတောင် လှန်ကြည့်ဖော်မရ။ သည်အတိုင်း ဝတ်ကျေတန်းကျေ လက်မှတ်ထိုးသွားတာ ဖြစ်သည်။
ကျောင်းတက်ချိန် ဘယ်လောက်ရှိသတုံး။
ဘယ်လိုတွေ စာသင်နေကြသတုံး။
စာကြည့်တိုက်ကို တကယ်သုံးကြရဲ့လား။
ကျောင်းမှာ ဘာတွေလိုနေသတုံး။
သင်ခန်းစာတွေ သတ်မှတ်ကာလနဲ့ ညီသလား။
ကလေးတွေ စာတတ်မြောက်မှု အခြေအနေ။
ဆရာတွေရဲ့ ကြိုးစားအားထုတ်မှု။
ကျောင်းမှာရှိတာတွေဟာ အမှန်အကန်တွေ ဟုတ်မဟုတ်။ ကွန်ပြူတာရှိတယ်ဆို အဲဒီကွန်ပြူတာတွေ တကယ် အလုပ်လုပ်မလုပ်။
စာရင်းထဲမှာ ပြထားတဲ့အသုံးစရိတ်အတိုင်း တကယ်သုံးထားတာ ဟုတ်မဟုတ်။
ဝယ်ထားတဲ့ ပစ္စည်းတွေ တကယ် ရှိမရှိ။ စာရင်းထဲမှာပါတဲ့ ပစ္စည်းတွေ ဟုတ်မဟုတ်။
စသည့် . . . . ကိုယ်စစ်ရမယ့်ဟာကျတော့ တာဝန်ကျေအောင်မစစ်။

ဘာမှ အလုပ်မဟုတ်တဲ့ -
စာရင်းတွေကို ကွန်ပြူတာနဲ့ ပြင်ထားတာကျတော့ လာရစ်သည်။ လက်ရေးမူနဲ့ ပြင်ပေးပါဆိုလား။
စာရင်းတွေကို လက်ရေးနဲ့ ပြင်မပေးလို့ အကြီးအကျယ် ပြဿနာရှာသည်။
ကလေးတွေ စာတတ်ဘို့ဆိုတာ အရေးမကြီး။ စာရင်းတွေမှန်ဘို့ အရေးမကြီး။ ဆရာမတွေ စာသင်မသင် ဆိုတာ အရေးမကြီး။ ကျောင်းမှာ အိမ်သာကောင်းမကောင်း။ စာသင်ခုံတွေ လောက်မလောက်ဆိုတာ ငါတို့အလုပ်မဟုတ်။
စာရင်းတွေကို လက်ရေးမူနဲ့ရဘို့သာ အရေးကြီးလေသည်။
ကျွန်ုပ်ကတော့ အနှီလူကြီးမင်းများမှာ ကိုယ်ဘာလုပ်နေတယ်ဆိုတာရော ကိုယ့်ကိုယ်ကိုယ် သိပါလေစဟု သံသယဝင်မိပါသည်။

(၃)

ရန်ကုန်တိုင်း၊ ကရင်တိုင်းရင်းသားဝန်ကြီး နော်ပန်း စင်ကာပူလာတော့ ပြောသွားသည်။
သူအီးမေးပို့သည့် စနစ်ကို အတင်းအဓမ္မ အကောင်အထည်ဖော်လိုက်တာ တစ်လလျှင် (တစ်လလား၊ တစ်နှစ်လား မမှတ်မိ) စာရွက်စာတမ်းကြေး အမေရိကန်ဒေါ်လာ ၅ သန်းဘိုးလောက် (ဟုတ်ပေါင်) ကျပ် ၅ သန်းဘိုးလောက် သက်သာသွားသည်ဆို၏။
သဟာနှင့်များတောင် အနှီ ဂေါ်ဇီလာ (ဟုတ်ပေါင်) လူကြီးများမှာ အီးမေးသုံးရမှာကို ကျားဖင်နှိုက်ရမလောက် ကြောက်နေသဖြင့် အတင်းအကြပ်လုပ်ယူရသည် ဆို၏။ ဒါတောင် အီးမေးဖွင့်မကြည့်သူမှာ အများစုဖြစ်သည် ဟု ပြောပါသည်။

ဟုတ်သလေ၊ ခညားတို့ပဲ စဉ်းစားကြည့်ပါ။
စည်းဝေးပွဲတစ်ခုလုပ်ပြီဆို စည်းဝေးပွဲ ဖိတ်စာတွေ ပို့ရသည်။ ပြီးပြန်တော့ စည်းဝေးပွဲမှတ်တမ်းတွေ ပြင်ရ၊ ပို့ရသည်။
ထိုစာရွက်စာတမ်းများကို မိတ္တူပေါင်းများစွာဆွဲကာ သက်ဆိုင်ရာဌာနများ၊ လူပုဂ္ဂိုလ်များထံ လူကိုယ်တိုင် လိုက်ပို့ရသည်။
ကွန်ပြူတာနှင့်ပြင်လျှင် -

၁။ အချိန်မရွေး၊ နာရီမရွေး၊ နေရာမရွေး လုပ်လို့ရသည်။ စာရိုက်မြန်ပါက စည်းဝေးပွဲပြီးပါက တစ်ခါတည်းတောင် စည်းဝေးပွဲ မှတ်တမ်း ထွက်လာနိုင်သည်။
၂။ pdf နှင့် အီးမေးပို့လိုက်ခြင်းဖြင့် စာရွက်တန်ချိန်ပေါင်းများစွာ သက်သာသွားသည်။
၃။ မိတ္တူကူးခ အများကြီး သက်သာသွားမည်။
၎။ လူနှင့်လိုက်မပို့ရတော့သောကြောင့် စာပို့မည့်သူ ထားစရာမလို။ စာပို့သွားရမည့်ကားခ၊ အချိန် အကုန်လျှော့ချ ပစ်လိုက် နိုင်သည်။
၅။ အီးမေးဆိုတာ ခုပို့ ခုရောက်တာဖြစ်၏။ လုပ်စရာရှိတာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်သည်။ (မထင်ပါနဲ့ဗျာ။ အဲသလောက်များ ဝီရိယကောင်းနေမှ ခင်ဗျားတို့ မြန်မာပြည်ကြီး ခုလိုတောင် မနေဘူး။)

အရေးကြီးသည်မှာ တကယ်အသုံးတည့်မည့်အလုပ်များကို ဟန်ပြမဟုတ်ဘဲ တကယ်လုပ်ကြဘို့ ဖြစ်၏။
ကိုယ်လုပ်ရမည့်အလုပ်ကို ၁ ကျပ်ဘိုးအပြည့်မဆိုလိုပါ။ ဆယ်ပြားဘိုးလောက်မျှ လုပ်လျှင်ပင် ကျွန်ုပ်တို့တိုင်းပြည် အများကြီး ကောင်းသွားစရာ ရှိသည်။

ကြောင်ကို ရေချိုးပေးနေမည့်အစား ယောင်သည့်နေရာများကိုသာ ဆီလူးပေးမည်ဆိုပါက အမှန်တကယ် ပြောင်းလဲလာမည် ဖြစ်ပေသည်။

မြန်မာစကားတွင် မရှိတာထက်၊ မသိတာခက် ဆိုသော စကားသည်ရှိ၏။ မသိတာထက်၊ မသိချင်တာက ပိုခက်သည်။ အဆိုးဆုံးကား မသိချင်ယောင်ဆောင်နေတာ ဖြစ်လေ၏။

အမေမှာတဲ့ ဆန်တစ်ခွဲ၊ သုံးစိတ်နဲ့မလဲ ဆိုသည့် အမူအကျင့်များကို သည်ကနေ့ကစ ပြုပြင်ပြောင်းလဲကြဘို့ လူကြီးမင်း၊ လူလတ်မင်း၊ လူကလေးမင်းများကို အလေးအနက် တိုက်တွန်းလိုက်ရပါကြောင်း -

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄ ဒီဇင်ဘာလ၊ ၂၀၁၈

စာကြွင်း -
အမေမှာတဲ့ ဆန်တစ်ခွဲ၊ သုံးစိတ်နဲ့မလဲ ဆိုသည့်စကားကို ခေတ်လူငယ်၊ လုံမငယ်တို့ သိချင်မှ သိပါလိမ့်မည်။
အနည်းငယ် ရှင်းပါအံ့။

နို့ဆီဘူး ၈ လုံး = ၁ ပြည်
၎ ပြည် = ၁ စိတ်
၂ စိတ် = ၁ ခွဲ
၂ ခွဲ = ၁ တင်း
၁၆ ပြည် = ၁ တင်း - အချင်အတွယ်အရ

ဆန်တစ်တင်းတွင် နှစ်ခွဲ ရှိ၏။
တစ်ခွဲ တွင် နှစ်စိတ် ရှိ၏။
တစ်ခွဲတွင် နှစ်စိတ်သာ ရှိသောကြောင့် သုံးစိတ်က ပိုများသည်ကို ကလေးတောင် သိသည်။

အမေလုပ်သူက လူလေးရေ၊ ဆန်တစ်ခွဲ ဝယ်ချေဟေ့ ဟု မှာလိုက်၏။
ဆန်ဆိုင်က ငါတို့ ခရစ္စမတ်ဈေးရောင်းပွဲတော်ရှိလို့ ပရိုမိုးရှင်းအနေနဲ့ တစ်ခွဲအစား သုံးစိတ်ပေးလိုက်မကွဲ့ ဆိုတာကို -
အိုဗျာ - အမေက တစ်ခွဲပဲ မှာလိုက်တာ။ တစ်ခွဲပဲပေးပါ။ သုံးစိတ်တွေ လေးစိတ်တွေ လုပ်မနေပါနဲ့ ဟု အတင်းငြင်းလေ၏။

ဤသည်ကိုရည်၍ ရှေးလူကြီးများက "အမေမှာတဲ့ ဆန်တစ်ခွဲ၊ သုံးစိတ်နဲ့မလဲ" ဆိုသည့်စကားကို ထားခဲ့ခြင်း ဖြစ်လေသတည်း။
ထိုစကားပုံနှင့်ညီသော အခြားစကားပုံတစ်ခုမှာ လှေနံဓားထစ် ဟူသော စကား ဖြစ်၏။

Tuesday, December 18, 2018

လင်္ကာဒီပချစ်သူက ပြောပြနေသည့် မှားယွင်းနေသော ခံယူချက်များ


ဖေ့စ်ဘုတ်ပေါ်တွင် အသားကုန်အဆဲခံနေရသည့် မန္တလေးအမျိုးသားဇာတ်ရုံ၌ ကပြခဲ့သော လင်္ကာဒီပချစ်သူပြဇာတ်နှင့် ပတ်သက်၍ ကျွန်ုပ်၌ တွေးစရာများ ရလာပြန်သောကြောင့် ရေးလိုက်ရပြန်ပေကြောင်း။

ထိုပြဇာတ်နှင့်ပတ်သက်၍ အကောင်းဆုံးဝေဖန်ချက်မှာ ကိုဖြိုးမြင့်ဝေ၏ လင်္ကာဒီပချစ်သူစစ်တမ်း ဖြစ်ပါသည်။

Link:
https://www.facebook.com/phyomyint.wai.3/posts/1133889036819945

(၁) လင်္ကာဒီပချစ်သူဆိုတာ ရာမာယနနဲ့ လားလားမှမဆိုင်

ရာမာယနဇာတ် မြစ်ဖျားခံရာသည် အိန္ဒိယဖြစ်၏။ ရာမာယနဇာတ်ကို ပြုစုသူမှာ ဝါလမိကိရသေ့ကြီးဖြစ်၏။ မြန်မာယဉ်ကျေးမှုတွင် ရာမဇာတ်နှစ်မျိုးရှိ၏။ တစ်မျိုးမှာ ဝါလမိကိ၏ ရာမာယနမှ ဆင်းသက်လာသော ရာမဇာတ်ဖြစ်ပြီး နောက်တစ်မျိုးမှာ ဘုရား အလောင်း ရာမမင်းသားဇာတ်တော်ဖြစ်၏။ ထိုနှစ်ခုကို သီးခြားစီခွဲ၍ မှတ်ယူရမည်ဆို၏။ ထို့ပြင် ဟိန္ဒူတို့၏ ရာမနတ်ဘုရားလည်း ရှိသေး၏။ ဟိန္ဒူတို့က ၎င်းတို့၏နတ်ဘုရား ရာမ မှာ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားအလောင်း ရာမပင်ဖြစ်သည်ဟု မှတ်ယူကြောင်း ဖတ်ဖူးပါသည်။

ကျွန်တော်ငယ်စဉ် အလယ်တန်းကျောင်းသားဘဝက အစ်ကိုကြီးက စာပေဗိမာန်အသင်းဝင်ထားသောကြောင့် စာပေဗိမာန်ထုတ် စာအုပ်များကို လစဉ် ရရှိခဲ့ဖူး၏။ ထိုအထဲတွင် မြန်မာရာမဇာတ်ရုပ်စုံစာအုပ်လည်းပါ၏။ ပုံများမှာ အလွန်ကောင်းလှ၍ ကျွန်တော် အလွန်နှစ်သက်လှသော စာအုပ်ဖြစ်၏။ သို့သော် ကလေးဆိုတော့ စာအုပ်များကို ဘယ်လိုသိမ်းရမည်မှန်း သေသေချာချာ မသိသေး။ ထို့ပြင် ကျွန်တော်တို့ အလယ်တန်းအောင်သည့်အခါ ကွင်းကောက်မှ လေးမျက်နှာသို့ ပြောင်းခဲ့ရာ အိမ်အကူးအပြောင်း တွင် စာအုပ်တော်တော်များများ ပျောက်ကုန်သည် ထင်ပါသည်။

မြန်မာ့ယဉ်ကျေးမှုအတွင်း ရာမဇာတ်တော်သည် အတော်နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လျက်ရှိပါသည်။ မြန်မာမှန်လျှင် ရာမ၊ သီတာ၊ ဒသဂီရိတို့ကို မကြားဖူးသူမရှိ။ သည်တော့ သည်ကိစ္စကျွန်တော် အကြောရှည် မနေတော့ပါ။ လိုရင်းမရောက်မှာကို စိုးပါသည်။

မူရင်းက ရာမာယန၊ ၎င်းကို ဆရာချစ်ဦးညိုက လင်္ကာဒီပချစ်သူအဖြစ် ဖန်တီးလိုက်၏။ လင်္ကာဒီပချစ်သူဆိုတာ ဘယ်ကနေလာမှန်း တောင်မသိဘဲ လင်္ကာဒီပချစ်သူ ပြဇာတ်ကမယ် ဆိုတော့ ကျွန်တော့်မှာ ပြောစရာစကားတောင် မရှိတော့ပါ။ ကိုဖြိုးဝေမြင့်၏ ပို့စ်တွင်ပါသည့် အင်တာဗျူးလင့်ကိုကြည့်ပြီး အတော်တောင် လန့်ဖြတ်သွားမိသည်။ 

ပြောထားတာလဲ ကြည့်ပါဦးခင်ဗျာ။ (ကိုဖြိုးဝေမြင့်ရေးထားတဲ့အတိုင်း ကော်ပီကူးတင်ပါသည်။)

"လူတွေက လင်္ကာဒီပချစ်သူ ဆိုတာနဲ့ ရာမ၊ လက္ခဏဇာတ်ကို ပြေးမြင်ကြတယ်။ တကယ်တော့ ရာမ၊ လက္ခဏဇာတ် မဟုတ်ဘူး။ ဆရာကြီးချစ်ဦးညို စိတ်ကူးယဉ်ပြီး ရေးဖွဲ့ထားတဲ့ဝတ္ထုကို ပြန်ကမှာ။"

စကတည်းက အဲသလိုယူဆထားတယ်ဆိုတော့ ဒီလို ပေါက်တတ်ကရပုံတွေထွက်လာတာကို မအံ့သြမိတော့ပါ။

(၂) လွဲမှားသည့် ခံယူချက်များ

ထို လင်္ကာဒီပချစ်သူပြဇာတ်က ကျွန်ုပ်တို့သည် လွဲမှားသောခံယူချက်များနှင့် နှလုံးမွေ့လျော် ပျော်ပိုက်နေသော လူမျိုးများ ဖြစ်ကြောင်း ကောင်းကောင်းကြီး မီးမောင်ထိုးပြထား၏။

ကျွန်ုပ်တို့လူမျိုးများသည် (ဤနေရာတွင်ပြောသည့် ကျွန်တော်တို့လူမျိုးများ ဆိုသည်မှာ ၂၁ ရာစုသည်ဘက်ခေတ်က လူမျိုးများကို ပြောခြင်းဖြစ်၏။) ဘယ်အရာကိုပဲ လုပ်သည်ဖြစ်စေ၊ မည်သည့်အခါမှ လှလှပပ၊ ကျကျနန၊ သေသေသပ်သပ်။ စေတနာပါပါနှင့် ကောင်းကောင်းမွန်မွန် လုပ်လေ့မရှိကြ။ ပြီးပြီးရော လုပ်သည်။ ဖြစ်ကတတ်ဆန်းလုပ်သည်။
(ငါးခုံးမတစ်ကောင်မကောင်းမှုကြောင့် တစ်လှေလုံးကို ပတ်ရမ်းရတာ အားနာပါသည်။ သို့သော် ခဏတော့သည်းခံလိုက်ကြပါဦး။)

မအေးနှင်းယုက အလွန်ကောင်းလှပါသည်။ ကြည့်ဖြစ်အောင် ကြည့်ချေပါ ဟု တိုက်တွန်းသဖြင့် ကျွန်တော် မုန်းစွဲ ကို သွားကြည့်မည်ဟု နမူနာများရှာ ကြည့်၏။ သို့သော် သူ့ မုန်းစွဲသည်လည်း သည်ပုပ်ထဲက သည်ပဲပင် ဖြစ်၏။ နမူနာများကြည့်ပြီး စိတ်ပျက်လှသည်နှင့် ကျွန်တော် သွားမကြည့်ဖြစ်တော့ပါ။

နာမည်ကြီးလှသော ခီမောင်နှံ၏ ကားများကို ကျွန်တော် သွားကြည့်ပါသည်။ ကြည့်သမှ အာရုံကို ဘယ်မှမရောက်စေပဲ ကျကျနန နှစ်ပြီးကြည့်တာဖြစ်၏။

သည်တွင် ကျွန်တော်တစ်ခု သတိထားမိသည်မှာ သူတို့ရိုက်ထားသည့်အထဲ၌ အလွန်ထူးခြား ဆန်းပြားသည်များကို မတွေ့မိ။ (ကျွန်တော်ကပဲ နိုင်ငံခြားကားတွေ တောက်လျှောက်ကြည့်နေလို့လား မပြောတတ်။) လူတွေ အဘယ်ကြောင့် လက်ခံကြသနည်း ဆိုသည့်အချက်မှာ မပေါခြင်းကြောင့် ဖြစ်၏။ သူတို့ရိုက်ထားတာတွေက ဣနြေ္ဒရသည်။ အလွန်ပေါလှသည့်ကားများ အကြားမှ မပေါသည့်ကားထွက်လာတော့ အလွန် အောင်မြင်ရခြင်းဖြစ်သတည်း။

စက်တွေပိုကောင်းလာလို့ ရိုက်ချက်တွေ ပိုကောင်းလာတာသာ ရှိပါသည်။ ဟိုးယခင်က ဆရာကြီး ရွှေဒုံးဘီအောင်တို့၊ ဘိတ်ကလာတဲ့ငံပြာရည်တို့၊ ဆရာကြီး ဦးသုခတို့ ရိုက်ထားတဲ့ကားတွေကိုလည်း ကြည့်ကြည့်ကြစမ်းပါ။

ကျွန်တော်တို့မှာ နမူနာယူစရာ ရုပ်ရှင်ကားကောင်းတွေ အများကြီးရှိပါသည်။ ယခင်က ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊ ညွန့်ဝင်း၊ မြင့်အောင်၊ အောင်အောင်၊ ဦးကျောက်လုံး၊ ဖိုးပါကြီး၊ စိန်မြင့် စသဖြင့် အတုယူစရာ မင်းသားတွေ အများကြီးရှိသလို မင်းသမီး တွေထဲမှာလည်း ကြည်ကြည်ဌေး၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ နွဲ့နွဲ့မူ၊ တင်တင်ညို၊ မေသစ်၊ မမြလေး၊ ဒေါ်စိန်ခင် အများကြီးရှိပါသည်။ ရုပ်ရှင်တစ်ကားကောင်းဘို့ဆိုတာ ဇာတ်ဆောင်တွေတင်မဟုတ်။ ဇာတ်ရံတွေ၊ ဇာတ်ပို့တွေပါ ကောင်းဘို့လိုသည်။ သူတို့ကိုပါနမူနာ ယူရမည်။ ရှေးကဆရာကြီးတွေ ဘယ်လိုရိုက်ထားတယ်ဆိုတာ အတုယူရမည်။ သင်ယူရမည်။ လေ့လာယူရမည်။

နောက်ပြီး ရီရတယ်ဆိုတာ ပေါတိုင်းရီလို့ကောင်းတာ မဟုတ်။ အဆင့်အတန်းရှိရှိ ဟာသလုပ်လို့ရပါသည်။ ရုပ်ရှင်ကားကောင်း ဆိုတာ ဘာလဲသိချင်ရင်၊ မပေါဘဲရီရတယ်ဆိုတာ ဘာလဲသိချင်ရင် စိန်မြင့်၏ "အဖေတစ်ခု၊ သားတစ်ခု" တစ်ကားပဲကြည့်ပါ။ အသင်တို့ သိလာ (အဲလေ - ယူတတ်တယ်ဆိုရင်ပေါ့) ပါလိမ့်မည်။

ယခုတော့ ဖြစ်ကတတ်ဆန်းလုပ်ထားမှန်း သိသာလှ၏။ ကျွန်တော် ပုံတွေမြင်လိုက်ကတည်းက အတော်လေး စိတ်ကုန်မိပါသည်။
ဒါ ဒီပြဇာတ်တစ်ခုတည်းတင် မဟုတ်ပါ။ အိမ် အိမ်မို့လို့၊ ကျောင်း ကျောင်း မို့လို့။ လမ်း လမ်းမို့လို့။ ကျောင်းကား၊ ကျောင်းကားမို့လို့ (အဲလေ၊ ရောကုန်ပြီ။ ဆောရီးဆောရီး)။ နေရာတကာ ဖြစ်၏။

ဤသည်က ကျွန်တော်တို့လူများသည် ဘာပဲလုပ်လုပ် စီမံကိန်းချပြီး စနစ်တကျ မလုပ်တတ်။ ပြီးပြီးရော ဖြစ်ကတတ်ဆန်း လုပ်တတ်ကြမှန်း သိသာစေ၏။ အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်လုပ်မယ် ဟု စေတနာပါပါ မလုပ်တတ်မှန်း မြင်သာစေ၏။ ပိုက်ဆံတစ်ခုကလွဲပြီး အခြား ဘယ်အရာကိုမှ စိတ်မဝင်စားမှန်း ထင်သာစေ၏။

ကျွန်တော်တို့ မြန်မာမိန်းကလေးတွေပဲ တော်ကြာ ခုန်ချပြန်ပြီ။ တော်ကြာ အိမ်ရှင်ကို ဓားနဲ့ထိုး သတ်ပြန်ပြီ။ တော်ကြာ ထွက်ပြေး လာလို့ စသဖြင့် အသံတွေ ကြားရတယ်။ ဖိလစ်ပိုင်တွေကျ ဘာသံမှမကြားရပါလားဗျ - ဟု ကျွန်တော်က (စင်ကာပူမှ အိမ်အကူ မိန်းကလေးများနှင့်ပတ်သက်၍) ကိုတင်မင်းကို မေးသည့်အခါ ၎င်းက -

"ဒါက ဒီလိုရှိတယ်ဗျ ကိုအေးငြိမ်းရဲ့ -

ဖိလစ်ပိုင်တွေက သူတို့ ကောင်မလေးတွေကို ဘာတွေလုပ်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျကျနန လေ့ကျင့်ပေးလိုက် ကြတယ်။ ဟိုမိန်းကလေးတွေကလည်း တကယ်တတ်အောင် သင်လာကြတယ်။ ဟော ဒီကျတော့ ဘာမှ အခက်အခဲမရှိတော့ဘူး။ သူတို့ အကုန်လုပ်တတ်တယ်။ နောက်ပြီး အင်္ဂလိပ်လိုလည်း ကောင်းကောင်းပြောတတ်တယ်။ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ဘာတွေရှိတယ်ဆိုတာ သိသလို ရအောင်လည်း အလိမ္မာသုံးပြီး ယူတတ်ကြတယ်။ အဲဒီတော့ သူတို့မှာ ဘာပြဿနာမှ မရှိတော့ ဘူး။

မြန်မာပြည်ကလာတာတွေကျတော့ ပိုက်ဆံလိုချင်တာတစ်ခုပဲရှိတယ်။ ဘာဆိုဘာမှ ပြင်မလာဘူး။ အေးဂျင့်တွေကလည်း သင်တန်းပေးလိုက်တယ်လို့တော့ ဆိုပါရဲ့။ တကယ်တတ်အောင် သင်ပေးလိုက်တာ မဟုတ်ဘူး။ အဖြစ်ပဲ။ နောက်ပြီး ကောင်မလေး တွေကိုယ်နှိုက်ကလည်း မသင်ချင်ကြဘူး။ ငါ နိုင်ငံခြားသွားရမယ်။ အင်္ဂလိပ်စကားလေးတော့ ထမင်းစားရေသောက် တတ်အောင် လုပ်ထားမှလို့မရှိဘူး။ နောင်ခါလာ နောင်ခါဈေးသဘောထားကြတယ်။ အဲဒီတော့ ဒီလဲရောက်ရော။ ပြဿနာပေါင်းစုံနဲ့ တွေ့ရတော့ တာပဲ။ မခံနိုင်တဲ့သူတွေကျတော့ တိုက်ပေါ်က ခုန်ချတာတွေ ဖြစ်ကုန်တော့တာပေါ့။"

အဲသည့် မိန်းကလေးတွေတင်ပဲလားဆိုတော့ မဟုတ်ပါ။ ကျွန်တော် ကျွန်တော်တို့ရွာမှ ကောင်လေးတွေကို ရန်ကုန်လာ သင်တန်း တက်ခိုင်းဘို့ ကြိုးစားဖူးပါသည်။ ပြီးခဲ့သည့်အခေါက် ရန်ကုန်ပြန်တော့ ရွာကကောင်လေးတစ်ယောက်ကို ရန်ကင်းက သင်တန်း ကျောင်းမှာ သင်တန်းတက်ဘို့ လိုက်အပ်ပေး၏။ သင်တန်းကြေး တစ်ပြားမှမပေးရ။ တကယ်တတ်အောင်လည်း သင်ပေးသည်။ သင်တန်းတက်ဘို့ ဟိုက ဖုန်းလည်းခေါ်ရော မတက်တော့ဘူး ဟု အကြောင်းပြန်လေသည်။

အဲသဟာ သူတစ်ယောက်တည်းမဟုတ်။ တခြားသူတွေလည်း သူလိုချည်းသာမှတ်။
ရန်ကုန်တက်လာပြီး အလုပ်ရှာသည်။ ငါဘာလုပ်တတ်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မမေး။ လခဘယ်လောက်ရမလဲက စ မေးသည်။ လခတော့ ၃ သိန်းလောက် လိုချင်သည်။ ၃ သိန်းတန်အလုပ်တွေ ငါလုပ်နိုင်ရဲ့လားလို့ ပြန်မေးဘို့ ဘယ်သူမှ သတိမရကြ။

အခု ကျောင်းတက်ကြတာရော။ ဘာထူးပါသနည်း။
ပထမအရွယ် ပညာရှာဆိုသည့်စကားအရ ကျောင်းတက်ရမည့် ဝတ္တရားရှိလို့သာ တက်လိုက်ကြရသည်။ ပညာလိုချင်စိတ် နည်းနည်းကလေးမှ မရှိကြ။ သူတို့ပညာမတတ်လျှင် ခေတ်ကြီးကို ပုံချမည်။ ခေတ်ကြီးကိုက ဘယ်သို့။ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကြီးကိုက ဘယ်ညာ။ လက်ညှိုးထိုးသည့်အတတ်ပညာကိုမူ မသင်ပဲ တတ်ပေကြသကိုး။

အဝေးသင်တက္ကသိုလ် တက်နေသည့် ကျောင်းသားများထဲတွင် ကျောင်းကထုတ်လာသည့် စာစဉ်အထုပ်များကို ကြိုးဖြည်ဖူးသူ ဘယ်နှစ်ယောက်များ ရှိပါသနည်း။ စေ့စေ့စပ်စပ်လိုက် စုံစမ်းကြည့်စမ်းပါ။

များမကြာမီပင် ဤလူငယ်များ အရွယ်ရောက်လာ၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြဦးမည်။ သည်တိုင်းပြည်မှ ငါးပါးမမှောက်၊ ဘယ်တိုင်းပြည် မှောက်ပါတော့မည်နည်း။


(၃) နိဂုံး

ခေတ်ကြီးသည် အမြဲမပြတ် တိုးတက်ပြောင်းလဲလျက်ရှိ၏။ နည်းပညာတို့သည် လိုက်လို့မမီနိုင်အောင် မြန်မြန်ဆန်ဆန် ရွေ့လျားနေ၏။ အနို့ ခေတ်ကြီးကိုက အမြဲရွေ့နေမှ သူများနဲ့ ရင်ပေါင်တန်းနိုင်မှာ မဟုတ်လား။ မဟုတ်လျှင် တစ်ချက် သတိလက်လွတ် ဖြစ်သွားတာနှင့် အပြတ်အသတ် နောက်ကောက်ကျသွားနိုင်ကြောင်း နိုကီယာက သက်သေပြနေ၏။ နိုကီယာ စီအီးအိုက ငါတို့ ဘာမှ အမှားမလုပ်မိကြပါဘူးကွာ . . . ဒါပေမယ့် ဟု မျက်ရည်စက်လက်နှင့် ဆိုခဲ့၏။

ကျွန်တော်တို့သည် တိုးတက်ပြောင်းလဲလာသည့် ခေတ်ကြီးကို ကျော်မတက်နိုင်စေကာမူ သူများထက် နောက်မကျနေစေရန် အမြဲ ကြိုးစားအားထုတ်နေရပေမည်။ စဉ်ဆက်မပြတ် လေ့လာသင်ကြားမှုများ ပြုလုပ်နေရပေမည်။

"ကျွန်တော်တို့ဆီမှာ တီဗီတွေပေါလာတော့ အစိုးရဆိုတဲ့လူကြီးတွေက သူတို့ကောင်းမှုကြောင့် လူတွေ ခေတ်မီဖွံ့ဖြိုးတိုးတက် လာကြတယ်လို့ ထင်နေကြတယ်။ အမှန်က တခြားတိုင်းပြည်တွေက အင်မတန့်ကို လျှံထွက်လာလွန်းလို့ မြန်မာပြည်ကို ရောက်လာကြတာ။ ကိုယ်တော်လွန်းလှလို့ လို့ ထင်မနေနဲ့ဗျ။ အဲဒါ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု . . ." ဟု လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ကိုဌေးဝင်းနိုင်က ကျွန်တော့်ကို ကော်ဖီသောက်ကြရင်း ပြောဖူးတာ မှတ်မိနေပါသည်။ (ကိုဌေးဝင်းနိုင်မှာ ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့်အခါဝယ် စာအုပ်ကို ဘာသာပြန်သူ ဖြစ်၏။)

ကမ္ဘာကြီးသည် အလွန်လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေ၏။ ကျွန်ုပ်တို့မှာကား ယခုထက်ထိ အိပ်မောကျနေဆဲ ရှိသေးသည်။ စနစ်ဟောင်းကို ဖက်တွယ်ထားလိုသူများဖြင့် လည်ပတ်နေရသည့် အစိုးရယန္တယားပျက်ကြီးထဲတွင် ရုန်းကန်နေရဆဲ ရှိသေးသည်။ လူငယ်အများစုသည်လည်း မိုးမိုး (အင်းလျား) ၏ ဝတ္ထုခေါင်းစဉ်လို "ပျောက်သောလမ်းမှာ စမ်းတဝါး" ဘဝက လွတ်အောင် ရုန်းမထွက်နိုင်သေးကြ။

ဤပုံဖြင့် မိုးကြီးချုပ်လိမ့်မည်။
ဤကဲ့သို့သော ခံယူချက်များနှင့်တော့ ဆက်ပြီး မိုးကြီးချုပ်နေဦးမည်သာ ဖြစ်ပါတော့သတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၈ ဒီဇင်ဘာ၊ ၂၀၁၈။ သန်းခေါင်ကျော် ၁း၀၃ နာရီ