Monday, November 4, 2013

ပြက္ခဒိန်စာအုပ် သမိုင်း


ကျွန်တော်မြန်မာပြက္ခဒိန်စာအုပ်ကို စရေးတာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပါသည်။ စာတစ်အုပ်လုံးပြီးတာ လေးလပင်မကြာ။ ၁၂ အောက်တိုဘာ ၂၀၁၂ တွင် အားလုံးပြီးသည်။ ဒါ ကျွန်တော်က အလုပ်တစ်ဖက်နှင့်ရေးတာ ဖြစ်၏်။ နံက် ၆ နာရီအိပ်ရာမှထကာ အလုပ်သွားလျှက် တစ်နေ့လုံးလုပ်ပြီး ညနေ ၆ နာရီကျော်မှ အိမ်ပြန်ရောက်သည်။ ပြန်ရောက်တော့ နာရီဝက်ပြေး၊ ရေမိုးချိုး၊ ညစာစားအပြီး ည ၇ နာရီခွဲတွင် စာကြည့်စားပွဲစထိုင်သည်။ အီးမေးလေး ဘာလေးဖတ်၊ ပြန်စရာရှိတာပြန်ပြီး စာရေးသည်။ ည ၁၁နာရီခွဲတွင် အိပ်သည်။ တစ်ခါတစ်လေ မပြတ်နိုင်လျှင် သန်းခေါင် ကျော်ချင် ကျော်သွားတတ်သေးသည်။ သို့သော် အရမ်းညဥ့်နက်လို့မရ။ မနက် ၅း၅၅ တွင် အိပ်ရာက မဖြစ်မနေထရသည်။ အလုပ်က နောက်ကျလို့မရ။

ပြက္ခဒိန်စာအုပ်ပြီးသွားတော့ ကိုယ့်ဟာကိုယ် ဟုတ်လှပြီဟု မှန်နေလို့မရ။ တတ်ကျွမ်းနားလည်သည့် ဆရာကြီးတစ်ဦးဦးကို ဖတ်ခိုင်းပြီး အတည်ပြုချက်ရယူမှ ဖြစ်မည်။ သာမန် ၀တ္ထုစာအုပ်က အချက်အလက်တွေ မှားသွားလို့ ဘာမှမဖြစ်။ ကျွန်တော်က သည်စာအုပ်ကို မြန်မာ့ယဉ်ကျေးမှုအတွက်၊ နောင်လာနောက်သားများအတွက် ရည်ညွှန်းစာအုပ်အဖြစ် ရည်မှန်းပြီး ထုတ်တာ ဖြစ်သည်။ သည်တော့ နည်းနည်းကလေးမှ အမှားမခံနိုင်။ ဂဏန်းကလေးတစ်လုံးတစ်လေ လွဲလျှင်ပင် အကြီးအကျယ် ပြဿနာတက်သွားနိုင်သည်။ စာတစ်လုံးတစ်လေမှားလျှင်ပင်၊ စာလုံးပေါင်းမှားလျှင်ပင် အဓိပ္ပါယ် အကြီးအကျယ် လွဲနိုင်သည်။ သည်တော့ ဖြစ်နိုင်လျှင် ကျွန်တော်က ကျွန်တော့်စာအုပ်ကို တတ်နိုင်သမျှ ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်စေချင်သည်။ ထို့ကြောင့် နားလည်တတ်ကျွမ်းသော ဆရာကြီးများကို တည်းဖြတ်ခိုင်းမှ ဖြစ်မည်။ နောက်ပြီး သည်စာအုပ်မျိုး။ သည်ပညာရပ်မျိုးဆိုတာ တော်ရုံတန်ရုံလူ နားလည်တတ်ကျွမ်းတာမျိုးမဟုတ်။

သည်တော့ ပြက္ခဒိန်စာအုပ်ကို မြန်မာနိုင်ငံ ဝေဒသုတေသနအသင်းမှ ဥက္ကဌ၊ ဆရာကြီး ဦးခင်အောင်ဗိုလ်ထံပို့ကာ စစ်ဆေး  စေပါသည်။ သူ့ဆီပို့တာ ၂၀၁၂ နိုဝင်ဘာလ ၇ ရက်နေ့။ သို့သော် ဆရာကြီးက အသက်ကြီးလှပြီ။ ကျွန်တော့်စာအုပ်မှ စာလုံးလေးများ သေးသည်၊ ဖတ်ရတာ အဆင်မပြေဟု ဆို၏။ ကျွန်တော်က စာရေးလျှင် ဇော်ဂျီဖောင့် နံပါတ် ၁၀ နှင့် ရေးသည်။ သို့သော် စာမျက်နှာများ လျှော့လိုသောကြောင့် font size ကို 9 သို့လျှော့ကာ ပို့လိုက်ခြင်းဖြစ်၏။ သူက စာလုံးများ သေးသည်ဆိုတော့ font size ကို 10 သို့ပြန်ပြောင်းကာ ထပ်ပို့လိုက်သည်။ သို့တိုင် တော်တော်နှင့် ဖတ်ဖြစ်မည်မထင်ပါ။

ကျွန်တော်ရန်ကုန်ပြန်တော့ ၂၀၁၂ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ၃၇ လမ်းမှ သူတို့ ဝေဒအသင်းရုံးသို့သွားသည်။ ဆရာကြီးက သင်တန်းပို့ချနေ၏။ ကျွန်တော်က အကျိုးအကြောင်းပြောပြတော့ သူက ဆရာဦးကျော်မြင့်ကို ဖတ်ခိုင်းထားပါသည် ဆို၏။ ဆရာဦးကျော်မြင့်ဖတ်တာ အခန်း (၁) တောင်တစ်ဝက်မကျိုးသေး။ ကျွန်တော် အတော်လေး စိတ်ဓာတ်ကျပါသည်။ ဦးကျော်မြင့်က သိပ်အမှားမပါပါဘူးဗျာ။ နက္ခတ္တဗေဒမှာ အယူအဆလွဲတာလောက်ပါ ဟု ဆို၏။ ကျန်တာကတော့ စာလုံးပေါင်းမှာတာ အနည်းအကျဉ်းမျှသာ ဖြစ်ပါသည်။

စင်ကာပူပြန်ရောက်ပြီး မေလလောက်တွင် ကျွန်တော် ဦးကျော်မြင့်ဆီ ဖုံးဆက်မေးသည်။ အခန်း (၃) တောင်မပြီးသေး။ ကျွန်တော်လည်း ပြီးသလောက်သာပေးလိုက်ပါဆိုကာ မမတို့ကို သွားယူခိုင်းလျှက် ပြင်စရာရှိတာ ပြင်မည်ကြံသည်။ သို့တိုင် ကျွန်တော်ရေးတာတောင် ၆ လမကြာ။ သူတို့လက်ထဲမှာတင် ၇ လလောက်ကြာနေတော့ ကျွန်တော်လည်း စိတ်ကုန်လှသည် နှင့် မေ့ထားလိုက်ကာ safety စာအုပ်များ ဆက်ရေးနေလိုက်သည်။

၂၀၁၃ ဇူလိုင်လလောက်တွင် ဖုံးဆက်တော့ ဟာ၊ ပြီးနေပြီ၊ ပြီးခဲ့တဲ့လကတည်းက ပြီးနေတာ၊ ကျွန်တော်လည်း ခင်ဗျားကို ဘယ်လိုဆက်သွယ်ရမှန်းမသိလို့ ဆိုတော့မှ ကျွန်တော့်မှာ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလည်း ဝေခွဲမရဖြစ်လျှက် မမတို့ကို သွားယူခိုင်းကာ ဒေါ်သန်းသန်းနုနှင့် အမြန်ပို့ခိုင်းလိုက်ရသည်။

အလွန်စိတ်မောစရာကောင်းလှသည့် ၈ လလောက်ကာလကို ဖြတ်အပြီး နောက်ထပ် စိတ်ပင်ပန်းစရာတစ်ခုကို ထပ်ဆက်ရပြန်ပါသည်။ ထုတ်ဝေရေး ကိစ္စဖြစ်၏။ ထုတ်ဝေသည့်နေရာတွင်လည်း အနည်းဆုံး လေးငါးလတော့ ကြာမည်ဆိုတာ အလိုလိုသိနေပါသည်။ ငါးလနှင့်ရလျှင် ကံကောင်း။

ရန်ကုန်ထုတ်ဝေသူဆီစာမူများပို့တာ ၂၀၁၃၊ ဇူလိုင်လ ၁၆ ရက်နေ့။ ကျွန်တော်က ကွန်ပြူတာနှင့် ရေးထားတာ။ စာလုံးပေါင်းကစ အားလုံးစစ်ပြီး။ အဆင်သင့်။ ကျွန်တော့်စာများကို ဘာတစ်လုံးမှ မပြင်ဘဲ သည်အတိုင်း copy and paste ဘဲလုပ်ပါ။ စာမျက်နှာဘဲ ခွဲပါ ဟု အတန်တန်မှာထားသည်။ သည် copy and paste လုပ်တာကို ဘယ့်အတွက် သည်မျှကြာနေရပါသနည်းဆိုတာ ကျွန်တော် နားမလည်နိုင်။

ကျွန်တော့်ဆီကို ပထမဆုံးအခန်း (၁) ပြန်ပို့လာတာ စက်တင်ဘာ ၁၃ ရက်နေ့။ ဆိုတော့ တစ်ခန်းထဲကို ၂ လကြာသည်။ သူတို့ ဘာဆိုဘာမှလုပ်စရာမလို။ ကျွန်တော့်စာများကို copy and paste လုပ်ရုံ။ အဲဒါကို ၂ လကြာသည်။ ပြီးချင်တဲ့အချိန်မှ ပြီးပေါ့ကွာ၊ ကိုယ်ဘာတတ်နိုင်တာလိုက်လို့ဟု စိတ်ကို အကုန်လျှော့ထားရသည်။ မဟုတ်လျှင် သွေးတက်သည့်ဒဏ် မခံနိုင်။
နောက်ဆုံး အခန်း (၆) ကို ပြန်ပို့လာတာ အောက်တိုဘာ ၁ ရက်နေ့။

ဘာမှမပြင်ပါနှင့်၊ ကျွန်တော်ရေးထားသည့်အတိုင်း အတိအကျရအောင် ပြင်ပေးပါဟု ဆိုသည့်တိုင် ကျွန်တော်စာအတိုင်း ရအောင်လုပ်မထား၊ ဂဏန်းသင်္ချာအတွက်အချက်များ အားလုံးကို ဇယားများထဲထည့်လိုထည့်၊ ဟိုဟာမှား သည်ဟာမှား။
အမှားအားလုံးကို တစ်ရက်နှစ်ရက်အတွင်း အပြီးပြင်ကာ ပြန်ပေးလိုက်သည်။ သူတို့ဆီ အခန်း (၁) မှ (၆) အားလုံးကို ပြင်ပြီး နည်းနည်းချင်းပြန်ပို့တာ စက်တင်ဘာ ၁၅ ရက်မှသည် အောက်တိုဘာ ၂ ရက်နေ့ထိ။

ကျွန်တော်ပြင်ပြီး ပြန်ပေးလိုက်သည့်နောက်ပိုင်း ဘာသံမှ မကြားရတော့။ ဘာတွေဖြစ်နေသလဲ၊ ဘာကြောင့် ပြင်မပေးနိုင်သလဲ အီးမေးလှမ်းပို့သည်။ တစ်ခါ - အကြောင်းမပြန်။ နှစ်ခါ - အကြောင်းမပြန်။ ကျွန်တော် အတော့်ကို စိတ်ကုန်ပါသည်။ ကျွန်တော်သာ ကိုယ့်ဟာကိုယ်လုပ်လျှင် သည်ပြင်တာလောက်ကို တစ်ရက်နှင့် ၆ ခန်းစလုံး အပြီးလုပ်နိုင်သည်။ သည်လိုမျိုး လုပ်တာတွေနှင့် ဆက်ဆံရတော့ မြန်မာပြည် ပြန်ချင်သည့်စိတ်ကလေးတောင် ဘယ်ရောက်ကုန်သည်မသိ။ တော်ပါပြီ၊ ဒီမှာဘဲ နားအေးပါအေးလုပ်တာကောင်းပါတယ် ဟု စိတ်ဒုံးဒုံးချမိသည်။

တစ်လနီးပါးလောက်ကြာတော့မှ သူတို့အလုပ်တွေရှုပ်နေလို့ပါ ဟု အကြောင်းပြန်လာသည်။ အောက်တိုဘာ လကုန်တော့မှ ပြင်ထားသည်များကို ပြန်ပို့လာသည်။ ယခု နိုဝင်ဘာလ ပထမပတ်ရောက်သည်ထိ ပြင်တာတွေ လက်စမသပ်သေး။

သောက်ကျိုးနဲ။ သူတို့ စာတစ်လုံးမှ မရိုက်ရပေလို့ဘဲ။ ကိုယ်ကလက်ရေးနဲ့ရေးပြီး သူတို့များ ကွန်ပြူတာစာစီခိုင်းရရင် ဘယ်နှနှစ်ကြာအောင် စောင့်ရမည်မသိ။ မြန်မာပြည်မှ လက်နှင့်စာရေးသော စာရေးဆရာကြီး၊ ဆရာမကြီးများကို အလွန် ကိုယ်ချင်းစာမိပါသည်။ ၎င်းတို့အနေနှင့် စာတစ်အုပ်ထွက်မည့်အရေး ထုတ်ဝေသည့်တိုက်ကို ဘယ်နှစ်ခေါက်သွားရသလဲ ဆိုတာ မှတ်တမ်းတင်ထားဘို့ မကောင်းပါသလော။

အခန်းတစ်ခန်းပြီးတိုင်း ဖလင်တင်လို့ရပါပြီဟု ပြောသည့်တိုင် ဘာအကြောင်းမှ မပြန်။

ဒါ သူတို့တင်မဟုတ်ပါ။ မနှစ်က ကျွန်တော်မြန်မာပြည်ပြန်စဉ် ဆီမီနာတွေလုပ်ဖို့ မိတ်ဆွေများဆီ အီးမေးပို့တော့လည်း သည်အတိုင်းပင်ဖြစ်၏။

ကျွန်တော်က သူတို့ဆီ သည်နေ့၊ သည်အချိန်၊ သည်အကြောင်းကို ဆီမီနာလုပ်ချင်ပါသည်ဟု အီးမေးပို့သည်။ အကြောင်းမပြန်။ ထပ်မေးသည်။ ဘာမှ မထူးခြား။ နောက်ဆုံး မဖြစ်ချေဘူး ဟု ဖုံးဆက်မေးတော့မှ ဟာ၊ လာပါ၊ ရပါတယ် ဟု ဆိုလေသည်။

ဤသည့်အတွက်ကြောင့်လည်း ကျွန်တော် အလွန်စိတ်ပျက်မိရခြင်း ဖြစ်ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၎၊ ၁၁၊ ၂၀၁၃။ ည ၁၀း၅၀ နာရီ

No comments: