(၁)
ကျွန်တော်စာရေးတာ ပိုက်ဆံလိုချင်လို့၊
ဂျာနယ်တွေထဲ၊ စာစောင်တွေထဲပါချင်လို့၊ နာမည်ကြီးချင်လို့ မဟုတ်ပါ။ ကိုယ်ပြောချင်သည့်
အကြောင်းအရာများအား မိတ်ဆွေများကို ပြောပြချင်သည့်ရည်ရွယ်ချက်ကြောင့် ရေးခြင်းဖြစ်ပါသည်။
တစ်နည်းအားဖြင့်လည်း မနေနိုင်၍ ရေးခြင်းဖြစ်ပါ၏။ သည်လိုမှ ချမရေးလိုက်ရလျှင် အိပ်ခြင်းကို
အနှောင့်အယှက် ပေးလှသည်။
ယခုလည်း ပြောစရာအကြောင်း ပေါ်လာပြန်ပါ၏။
သင်တန်းက ၁၀ နာရီမှပြီးတော့ ၁၁ နာရီတီးခါနီးမှ အိမ်ပြန်ရောက်သည်။ ရေးချင်တာ လက်ယားလှပြီဖြစ်သည့်
သည်အကြောင်းကို ကပျာကယာ ရေမိုးချိုး ပြီးပြီးချင်း ကောက်ကက် ရေးလိုက်ခြင်း ဖြစ်ပါ၏။
ကျွန်တော် သင်တန်းဆရာဖြစ်သင်တန်း
ACTA (Advanced Certificate in Training and Assessment) တက်နေကြောင်း မိတ်ဆွေများကို
ပြောခဲ့ပြီးပါပြီ။ သင်တန်းက တစ်ခုတည်းမဟုတ်။ ၆ ခု ဖြစ်၏။ CU1 မှသည် CU6 အထိဖြစ်၏။ ယခုမှ
CU1, CU2 နှစ်ခုပဲပြီးသေးသည်။ ၄ ခုကျန်သေး၏။ ယခုတက်နေတာ CU5 ။ သူက 1, 2, 3, 4 စသဖြင့်
အစဉ်လိုက်တက်စရာမလို။ တက်ချင်သည့်အပိုင်းကို အဆင်ပြေသလိုတက်လို့ရသည်။ ၆ ခုပြည့်ပြီးရော။
ယခင်က
ဈေးသက်သာသည့် STADA တွင်တက်သည်။ သို့သော် ယခု CU5 က ရက်ပြည့် ၃ ရက် တက်ရမည်။
STADA တွင်ညနေပိုင်း သင်တန်းများမရှိ။ ရက်ပြည့်သင်တန်းများသာရှိ၏။ ကျွန်တော်က ကိုယ့်စားရိတ်နှင့်ကိုယ်
တက်တာဆိုတော့ သင်တန်းတက်ဘို့ ခွင့်ယူရမည်။ ခွင့်ယူလျှင် အိမ်ပြန်မည့်ရက်များ ပဲ့တော့မည်။
ထို့ကြောင့် ခွင့်မယူရသည့် ညနေပိုင်းသင်တန်းများရှာတော့ သက်ကြီးသင်တန်းကျောင်း
(IAL – Institute for Adult Learning) တွင်တွေ့သဖြင့် သင်တန်းမှတ်ပုံတင်ကာ သွားတက်သည်။
ဆိုတော့ သည်ကနေ့ ပထမဦးဆုံးအချိန်သွားတက်သည်။ ကျွန်တော်တွေ့ခဲ့သည့်
စင်ကာပူမှ သင်တန်းဆရာ များမှာ (သူတို့က facilitator ဟုခေါ်သည်) အလွန်တော်သူများဖြစ်ပါပေ၏။
ယနေ့သင်တန်းဆရာက
အိန္ဒိယအမျိုးသမီးဖြစ်၏။ အပြောကောင်း အဆိုကောင်း၊ အလွန်တော်၏။ အင်မတန်ပျင်းစရာကောင်းသည့်
အကြောင်းအရာကို စိတ်ဝင်စားအောင်၊ တစ်ချက်ကလေးမှ လစ်ဟာချက်မရှိပဲ လက်ချာပေးသွားသည်မှာ
လက်ဖျားခါလောက်ပါပေ၏။
ဒါတွေထားပါ။
ယခု ကျွန်တော် ပြန်လည်ဝေမျှလိုသည်မှာ သူပြောသွားသည့်အကြောင်းအရာ များစွာထဲမှ ဆရာစားချန်သည့်အကြောင်း
ဖြစ်၏။ သူက ဥပမာဖြင့်ပြောသည်။
(၂)
ဟောဒီ
မောင်ကကြီးကို ကြက်သားဟင်းချက်ဘို့ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန် လိုတာအကုန်ပေးမယ်။ ဟောဒီ
မောင်ခခွေးကိုလည်း ကြက်သားဟင်းချက်ဘို့ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန် လိုတာအကုန်ပေးမယ်။
နောက်ပြီး သူတို့ နှစ်ယောက်ကိုချက်ခိုင်းရင် မောင်ကကြီးချက်တဲ့ကြက်သားနဲ့ မောင်ခခွေးချက်တဲ့ကြက်သား၊
အရသာချင်းတူပါ့မလား။ (မတူပါဘူး အချာမ)
ဒါဖြင့်ရင်ကွာ၊
အဲဒီ မောင်ကကြီးကိုရော မောင်ခခွေးကိုရော ချက်နည်းရော၊ ဟင်းစပ်တွေပါ အကုန်အတူတူ ပေးပြီး
ချက်ခိုင်းလိုက်မယ်။ သူတို့နှစ်ယောက်ချက်တဲ့ဟင်း အရသာချင်းတူပါ့မလားကွယ်။ (မတူနိုင်ပါဘူး
အချာမ)
ကိုင်းဒါဖြင့်
နောက်ဆုံးအဆင့်အနေနဲ့ မောင်ကကြီးက သူချက်တဲ့နည်းအတိအကျ၊ မောင်ခခွေးကို ပြောပြပြီး ချက်ခိုင်းမယ်။
မောင်ခခွေးကလည်း သူချက်တဲ့နည်းအတိအကျ၊ မောင်ကကြီးကို ပြောပြပြီး ချက်ခိုင်းမယ်။ အရသာချင်း
တူနိုင်ပါ့မလားကွယ်။ (မတူနိုင်ပါဘူး အချာမ)
ဒါဖြင့်
ဘာကြောင့်လဲတဲ့။
ထိုအခါ
ကျွန်တော်တို့အထဲမှ ကိုယ်ဝန် (၇) လရှိပြီဖြစ်သော ဖဦးထုပ်မကလေးက ပြန်ဖြေ၏။ (သင်တန်းမစမီ ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ်
မိတ်ဆက်ရသည်။ ထို့ကြောင့် သူ့ကိုယ်ဝန် ၇ - လ ရှိပြီဖြစ်ကြောင်း သိရခြင်း ဖြစ်ပါ၏။ ဤကား
စကားချပ်။)
ဟင်းစပ်ပုံချင်းတူပေမဲ့၊ လက်အယူအဆ၊ မီးအယူအဆ၊ ဟင်းချက်တဲ့အပေါ်
စိတ်ဝင်စားမှု စတာတွေပေါ် အများကြီးမူတည်နေတယ်။
ကြိုက်ပြီ။
ကိုယ်လိုချင်တာ အဲဒါပဲ။ ကမ္ဘာပေါ်မှာ ရှိရှိသမျှလူအားလုံးဟာ unique ဖြစ်တယ်။ (မှတ်ချက်။ ။ unique ဖြစ်တယ်ဆိုခြင်းမှာ တစ်ယောက်အပြင်၊ နှစ်ယောက်မရှိခြင်းဖြစ်၏။)
မင်း စဉ်းစားကြည့်စမ်း၊ တခြားဟာတွေ အသာထားလို့ လူတစ်ယောက်နဲ့ တစ်ယောက်၊ လက်ဗွေချင်းတွေတူသလား။
မတူဘူး။ အဲသလိုပဲ။
မင်းတို့သင်တန်းဆရာဖြစ်တဲ့အခါ
အကုန်သာ သင်ပေးပါ။ ဘာမှ ဆရာစားချန်စရာမလိုဘူး။ ငါ အခု မင်းတို့ကို ငါသိထားသမျှ၊ ငါတတ်ထားသမျှ
အကုန်သင်ပေးမယ်။ မင်းတို့ ငါ့လို တစ်ပုံစံတည်း ဖြစ်လာပါ့မလား။ နိုး။ ဘယ်လိုမှ ဖြစ်စရာအကြောင်းမရှိဘူး။
မင်းတို့ ငါ့ထက်ပိုတော်ချင်တော်သွားမယ်။ ဒါပေမဲ့ ငါ အခု ပြောနေတဲ့ပုံစံ၊ ပို့ချနေတဲ့ပုံစံနဲ့
တော့ ထပ်တူရစရာ ဘယ်နည်းနဲ့မှ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငါဟာငါဘဲ။ မင်းမဟုတ်လို့ဘဲ။
ဒီတော့
တခြားသူတွေက ပြောမှာပေါ့ကွာ။ မင်းအကုန်သင်ပေးလိုက်ရင် မင်းရာထူးကို ၀င်လုသွားမှာပေါ့
လို့။ ကမ်းမွန်။ သူ င့ါနေရာဝင်ယူမယ်ဆို ငါ့အတွက်ကတော့ ၀မ်းတောင်သာသေးပေါ့ကွာ။ ဘာဖြစ်လို့လဲဆိုတော့
သူဒီနေရာ ရောက်လာတာ ငါ့အတွက် ပိုမြင့်တဲ့နေရာ၊ ရာထူးကို ရောက်သွားဘို့ ဖြစ်လာတာပဲ။
ကောင်းတဲ့စိတ်ကိုထားပါ။
ကောင်းတဲ့နေရာရောက်မယ်။ အပျက်စိတ်တွေးနေတဲ့သူအဖို့ သူကိုယ့်နေရာ ရောက်လာရင် ကိုယ် သူ့အောက်ရောက်သွားလိမ့်မယ်။
အဲဒါ သူ့အပြစ်မဟုတ်ဘူး။ မင်းရဲ့ အပျက်စိတ်က မင်းကို ဖျက်ဆီးလိုက်တာဘဲ။
(၃)
အဲဒါပါပဲခင်ဗျား။
အခု ၁၂ နာရီတီးပြီ။ မနက် ၅း၅၀ အိပ်ယာကထရမည်။ အိပ်မှ။
အင်္ဂလိပ်စကားပုံတွင်
လူတစ်ယောက်ကိုခင်တယ်ဆိုရင် ငါးဟင်းစားမပေးပါနဲ့။
ငါးရှာနည်းသင်ပေးလိုက်ပါ ဟု အဆိုရှိသည်။
မြန်မာစကားပုံတွင်မူ
ဟင်းစားသာပေး၊ ကွန်ချက်မပြနဲ့ ဟု ရှိလေ၏။
မနာလိုဝန်တိုသည့် အလေ့ကြောင့်၊ ကိုယ့်ထက်သာသွားမှာ ကြောက်သည့်အလေ့ကြောင့် ဆရာ့ထက်တပည့်ညံ့၊
ထိုတပည့်က ဆရာဖြစ်လာသည့်အခါ သူ့တပည့်ကထပ်ညံ့၊ ထိုတပည့်၏တပည့်ကထပ်ဆင့်ညံ့ နှင့် တစ်နိုင်ငံလုံး
လူညံ့များချည်းဖြစ်လာကာ လူညွန့်တုံး စေမည့် ဆရာစားချန်သောအလေ့။ ဟင်းစားသာပေး၊ ကွန်ချက်မပြနဲ့ ဟူသော စကားပုံတို့ကို
သည်ကနေ့မှစ၍ မြေကြီးထဲတူးမြှုပ်လိုက်ကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၅၊ ၁၁၊ ၁၃။ ၀၀း၀၆ နာရီ
1 comment:
မျှဝေခွင်.ပြုပါခင်ဗျာ။
Post a Comment