Saturday, November 23, 2013

ကျွန်ုပ် သွေးပေါင်ကျခြင်းအကြောင်း

လွန်ခဲ့သော တနင်္လာနေ့ (၁၈-၁၁-၂၀၁၃) ည သင်တန်းမှ ပြန်လာတော့ ခေါင်းထဲ ရိပ်တိပ်ရိပ်တိပ် ဖြစ်နေသည်။ ဘာကြောင့်မှန်းမသိ။ အိပ်လိုက်ရင် ကောင်းသွားမှာဘဲလေဟု အိပ်တော့ ခုတင်ပေါ် ခေါင်းချလိုက်သည်နှင့် ကမ္ဘာကြီးမှာ ချာလပတ် ရမ်းနေလေတော့၏။ သို့နှင့် အသာလေးမှိန်းနေကာ ကာလများစွာ မေ့လျော့နေခဲ့သော ဘုရားဂုဏ်တော်များကို ရွတ်လျှက် အိပ်ပျော်ရန် ကြိုးစားရ၏။ (လူဆိုတာ အဆင်ပြေနေတဲ့အချိန် ဘုရားကို မေ့နေတတ်တယ် ဟူသော အင်္ဂလိပ် စကားပုံတစ်ခုရှိပါသည်။)
            အိပ်တော့ ပျော်ပါသည်။ သို့သော် မနက်အိပ်ယာမှ ထတော့ ကမ္ဘာကြီးလည်ပတ်နေသည်ဆိုတာ မှန်ကြောင်း လက်တွေ့မျက်မြင် သဘောပေါက်ရတော့၏။ အလုပ်သွားဘို့ မဖြစ်နိုင်သည့်အတွက် ထိုင်ခုံပေါ် အသာထိုင်ကာ အမူးပြေအောင် စောင့်နေရသည်။ တော်တော်နှင့်မပြေ။
            မိုးလင်းတော့ ဆေးခန်းသွားသည်။ ထုံးစံအတိုင်း ဂျူရောင်းပိုလီကလစ်နစ်သို့ သွား၏။
များလိုက်ပါတဲ့လူတွေ။ ဘာမှလုပ်မရတော့ သည်အတိုင်း ထိုင်စောင့်။ ထို့နောက် အရပ်တိုင်း၊ သွေးပေါင်ချိန်။ သွေးပေါင်ချိန်တော့ သူနာပြုဆရာမကြီးက မျက်လုံးကြီးများပြူးကြည့်လျှက် မင်းဘယ်လိုနေသလဲကွဲ့ ဟု မေး၏။ မချိမဆန့် ခေါင်းမူးနေသဗျာ ဟု ဖြေ။ သူက မကျေနပ်သေးသဖြင့် သုံးခါလောက် ပြန်ချိန်ကြည့်သည်။ နောက်ပြီး ကွိစိ၊ ကွစ နှင့် ကျွန်ုပ်နားမလည်သော စိနတိုင်းဖြစ် ဘာသာစကားဖြင့် အချင်းချင်းပြောပြီး let doctor handle ဟု ပြောလေသည်။ အလွန်ခေါင်းမူးနေသဖြင့် စာရွက်ပေါ်ရေးထားသည်များကို မဖတ်နိုင်။

တစ်နာရီခွဲလောက်စောင့်ပြီးမှ ဆရာဝန်နှင့် တွေ့ရ၏။ ဆရာဝန်က သွေးပေါင်ချိန်ထားသည့် စာရွက်ကိုကြည့်လျှက် လက်ကိုနားကြပ်ဖြင့်ထောက်ကာ ပြဒါးတိုင်နှင့် ထပ်မံချိန်ပြန်၏။ ထို့နောက် very dangerous ဟု ဆိုကာ စာရွက်တစ်ရွက်ကို ပရင့်ထုတ်လျှက် မင်းသွေးပေါင် တွေကျနေတယ်။ NUH က A&E ကို ခုချက်ချင်း တက္ကစီငှားပြီး အမြန်သွားပါ ဟု ဆိုလေတော့၏။ ကျွန်တော်လည်း သောကြာနေ့တွင် ရက်ချိန်းရှိသော ဆီးချိုကိစ္စပါ တစ်ခါတည်းဖြတ်လိုသည်နှင့် ကျွန်တော့်ဆီးချို - - - ဟု စကားစရုံရှိသေး။ ဆီးချိုတာနောက်ထား။ သွေးပေါင်ကျတာက ပိုအရေးကြီးတယ်။ အခုသွားချေ ဟု ငေါက်လေရာ ကျွန်တော့်မှာ မချိသွားဖြဲလျက် NUH သို့ အပြေးသွားရလေ၏။

            NUH ရောက်တော့ ရောက်မဆိုက်ပင် ပိုက်ဆံ ၁၀၀ သွင်းပါဟု ဆိုလေ၏။ ဟိုက်ရှားဘား။ အောင်မယ်ကွယ် - ဘာကိစ္စ ဆိုလေသော် အခန်းသုံးခ၊ စက်သုံးခ၊ ဆရာဝန်အကြံဉာဏ်ယူခ စသဖြင့် လေးငါးခြောက်ခု ရွတ်ပြတော့ ပိုက်ဆံ ထုတ်ပေးလိုက်၏။ နောက်တော့ လက်ထဲမှ တိုကင်စာရွက်ပေါ်မှ နံပါတ်ပေါ်လာအောင် ထပ်စောင့်။ နံပါတ်ပေါ်တော့ သွား။ သူတို့မေးသော မေးခွန်း အခု ၃-၄၀ လောက်ဖြေနေရတာနှင့် ခေါင်းမှာ ပိုနောက်လာလေ၏။ ထို့နောက် တွန်းလှည်းပေါ် တင်ကာ တစ်နေရာခေါ်သွားသည်။ ထို့နောက် ကုတင်ပေါ်ပြောင်းတင်ကာ ရေးကြီးသုတ်ပြာတွန်းသွားပြီးနောက် ရုပ်ရှင်ထဲတွင် မြင်ဖူးသည့် စက်များစွာ ခြံရံနေသည့် နေရာတစ်ခုသို့ တွန်းလှည်းကိုတွန်းထည့်။ အင်္ကျီများချွတ်ကာ ခန္ဓာကိုယ်အနှံ့ ကြိုးများဆက်ကာ စက်နှိုး၏။ ပီပီ၊ တီတီ၊ တူတူ စသော အသံပေါင်းစုံကို ရုပ်ရှင်ထဲကအတိုင်း ကြားရလေသည်။
            ခဏနေသော် ဆရာဝန်တစ်ယောက် ရောက်လာ၏။ သူ့ကိုယ်သူ မိတ်ဆက်လျှက် ဟို ရှေ့အခန်းတွင် မေးခဲ့ဖူးသော မေးခွန်း အခု ၃-၄၀ လောက်ကို ထပ်မေးပြန်လေသည်။ ထို့နောက် ဒရစ်တစ်လုံးချိတ်ပေးမယ်၊ ပြီးရင် သွေးအားအခြေအနေ ကြည့်ပြီး ပြန်လွှတ်ပေးမယ်ဆိုလေ၏။ ဒရစ်ချိတ်ပြီးနောက် နောက်ထပ် ဆရာဝန်တစ်ယောက် ထပ်ရောက်လာပြန်သည်။ ထူးမခြားနား မေးခွန်းများ မေးပြန်၏။ ကျွန်ုပ်လည်း ထူးမခြားနားအဖြေများကို တတိယအကြိမ်မြောက် ဖြေရပြန်လေ၏။
            ထိုဆရာဝန်ထွက်သွားပြီး သူနာပြု ၀၀ကြီးတစ်ယောက် (အဲလေ အရမ်းတော့မ၀ပါ၊ တော်ကြာ သူဖတ်မိသွားရင် စိတ်ဆိုးပြီး နောက်တစ်ခါတွေ့ရင် အပ်တုံးတုံးနဲ့ ထိုးလွှတ်မှာကြောက်ရသေး)၊ ခပ်၀၀တစ်ယောက် ရောက်လာကာ ဦးအေးငြိမ်း၊ ဘယ်လိုနေသေးလဲဟု မြန်မာလိုမေးလေသော် ကျွန်ုပ်လည်း အနည်းငယ် အံ့သြသွားလျှက် အေးဗျာ၊ ခေါင်းတော့ မူးနေသေး တယ် ဟုဖြေ။ ထို့နောက် အနားမှ တတီတီမြည်နေသော စက်တစ်လုံးကို ကြည့်ကာ အင်း၊ ပရက်ရှာတော့ပြန်တက်လာပါပြီ။ ဗိုက်ဆာရင် သူတို့ကို ပြောလိုက်။ ပေါင်မုံ့နဲ့ မိုင်လိုလာပေးလိမ့်မယ် ဟု ဆို၏။
            ဘယ်လက်တွင် ဒရစ်အပ်စိုက်ထားပြီး ညာလက်တွင် သွေးပေါင်ချိန်သည့်လက်ပတ် ပတ်ထားတော့ လက်နှစ်ဖက်လုံး မအား။ ကုတင်က ကောင်းပင် ကောင်းသော်ငြားလည်း ပက်လက်မဟုတ်၊ ထိုင်လျက်မဟုတ်အနေအထားတွင် နေရတာ အဆင်မပြေ။ ခေါင်းများမူးနေသည့်ကြားက အခန်းကို အကဲခတ်တော့ အားပါး၊ ကိုယ့်လို ကုတင်တွေ မနည်းပါလား။ ခန်းလုံးပြည့်။ ဘယ်လိုလူတွေများ သည်လောက် အရေးပေါ်နေပါလိမ့်။
            ပထမ ဒရစ်တစ်လုံးကုန်သွားတော့ ကျွန်ုပ်လည်း တစ်ခါတော့ဖြင့် ၀ဋ်ကျွတ်ပေပြီဟု ၀မ်းသာအားရနှင့် အင်္ဂလိပ်စကား ကို မပီကလာပီကလာပြောသည့် တရုတ်သူနာပြုဆရာမကလေးကို မရကုတ်က အတင်းလှမ်းခေါ်လျှက် ဒရစ်ပုလင်းကို လက်ညှိုးထိုးပြ၏။ သူက လက်ကာပြကာ ဆရာဝန်ကို သွားခေါ်သည်။ ခဏနေသော် ဆရာဝန်ရောက်လာကာ အင်း၊ သွေးပေါင်ကတော့ ပြန်တက်လာပြီ၊ ဒါပေမဲ့ မင်းဘာလို့ခေါင်းမူးတယ်ဆိုတာ ငါတို့ စစ်ဆေးရအုံးမယ်၊ ဒီတော့ ဆေးရုံတက်ရမယ် ဟု ဆိုလေသော် ဒီတစ်လုံးဖြုတ်ပြီးရင် အိမ်ပြန်ရပြီဟု မျှော်လင့်ထားသော ကျွန်တော့်မျှော်လင့်ချက် ရောင်ခြည်ကလေးမှာ ကျေမွပျက်သုဉ်းသွားလေတော့၏။
            ခဏနေသော် တရုတ်မကလေးက နောက်ထပ် ဒရစ်နှစ်လုံးဆွဲကာ ပြန်ရောက်လာသည်။ ဟိုက်ရှားဘား။ ကျွန်ုပ်လည်း မျက်လုံးပြူးလျှက် ခုနင်က ဆရာဝန်ပြောတော့ တစ်လုံးမဟုတ်လားကွယ် ဟု လေသံပျော့ကလေးနှင့် မေးသော် သူက ခပ်တင်းတင်းဖြင့် နှစ်လုံး ဟု ဆိုလေသော် ကျွန်ုပ်လည်း စိတ်ပျက်လက်ပျက်ဖြင့် အင်း၊ တစ်လုံးကို နာရီဝက်၊ နှစ်လုံးဆိုတော့ တစ်နာရီ ကောင်းကောင်း ဒုက္ခခံရဦးမယ် ဟု တွေးကာ စိတ်လက် မချမ်းမသာဖြစ်သွားလေ၏။
            အတန်ကြာသော် ခုနင်က မြန်မာနာ့စ် ပြန်ရောက်လာကာ ဒီနေရာက အရေးပေါ်လူနာတွေထားတာ၊ အခု ဟိုဘက် ပြောင်းရမယ်ဟု ဆိုလျှက် ကုတင်ကို တစ်ဘက်သို့တွန်းသွားလေသည်။ ဆိုတော့ အရေးပေါ်ဘ၀ကတော့ လွတ်ခဲ့ပြီပေါ့။ လက်တွင် ပတ်ထားသော သွေးပေါင်ချိန်စက်က အချိန်မှန်ချိန်ပေးလျှက် ရှိလေ၏။ တရုတ်သူနာပြုဆရာမကလေးက မကြာခဏ သွေးပေါင်မှတ်တမ်းများ လာရောက်ရေးသွင်းသည်။
            ကျွန်တော့် ကုတင်ဘေးနှင့်ကပ်လျက်ကုတင်တွင် ကျွန်တော့်ထက် အနည်းငယ်ပိုငယ်လိမ့်မည်ဟု ခန့်မှန်းရသော မလေး အမျိုးသားတစ်ဦးမှာ ဝေါ်ကီတော်ကီနှင့် စကားပြောလျှက်ရှိ၏။ ကျွန်တော့်ကိုလည်း ဘာဖြစ်တာလဲဟု လှမ်းမေးလိုက် သေးသည်။
နှာခေါင်းပိုက်များတပ်ထားသည့် ခပ်လှမ်းလှမ်းမှ တရုတ်အဖွားအိုတစ်ဦးကမူ တစ်ခုခုကို တရုတ်လို မကြာခဏ အော်နေလေသည်။ ဟိုမှာ တခြားလူနာတွေအများကြီးရှိတယ်။ အော်မနေနဲ့။ သူတို့ကို အနှောင့်အယှက်ဖြစ်တယ်။ နင့်ကို ခုနပဲ အချိုရည် တွေတိုက်ထားပြီးပြီ။ ဘယ်နယ်လုပ် တောက်လျှောက်သောက်နေချင်လို့ရမလဲ ဟု နာ့စ်တစ်ယောက်က လာအော် ၏။ သူအော်လိုက်တော့ အဖွားကြီးမှာ ခဏတိတ်သွားသည်။ သို့သော် သိပ်မကြာလိုက်ပါ။ ယခင်ကအတိုင်း ပြန်အော်ပြန်လေ သည်။ သည်တော့ တစ်ယောက်က တရုတ်လို လာပြောပြန်လေသည်။ သည်လိုနှင့် အဖွားကြီးက အော်လိုက်၊ တစ်ယောက်က လာပြောလိုက်၊ ခဏတိတ်သွားလိုက်၊ ပြန်အော်လိုက်ဖြင့် အအော်သံသရာဝဲလည်နေလေသည်။
            ကျွန်တော့်မှာ လက်တွင်ဒရစ်ပိုက်များ တပ်ထားတာတောင် နေရထိုင်ရ သက်တောင့်သက်သာ မရှိသေးတာ။ သူ့လို နှာခေါင်းပိုက်က တစ်ဘက်၊ လက်ပိုက်က တစ်ဘက်နှင့်ဆို ဘယ်လိုများနေပါလိမ့်မလဲ ဟု ကိုယ်ချင်းစာမိပါသည်။ ကျွန်တော့် အထင်တော့ အဖွားကြီးမှာ အိမ်ပြန်ချင်နေပြီ ထင်ပါသည်။ သို့သော် သူများစိတ်နှင့်ကိုယ့်ကိုယ်နေရသည်ဖြစ်၍ အော်ရုံမှလွဲလို့ ဘာမှ မတတ်နိုင်။ သည်တော့ တောက်လျှောက် အော်နေလေသည်။
            ကျွန်တော်လည်း ပိုက်မှ ရေများတစ်စက်စက်ကျနေသည်ကို စိတ်မရှည်စွာကြည့်ရင်း ဘယ်လိုအချိန်ဖြုန်းရ ကောင်းမလဲ စဉ်းစားလေသော် ဂဏန်းများရေရန် စိတ်ကူးရ၏။ သို့နှင့် ရေစက်များကိုကြည့်ကာ ၁၊ ၂၊ ၃၊ ၄ စသဖြင့် ရေ၏။ သို့သော် ၃၀၀ မပြည့်မီပင် စိတ်က တခြားရောက်သွားသည်။ သို့နှင့် အာရုံများကို ပြန်စုစည်းကာ ဣတိပိသော၊ ဘဂ၀ါ ဟု ရွတ်ပြန်၏။ ဂုဏ်တော် ၉ ပါးကို သုံးကြိမ်တောင် မပြည့်သေး၊ အာရုံကတခြားရောက်ပြန်လေသည်။ သို့နှင့်ပင် ချည်တိုင်မှ အတင်းပြေးထွက်နေလိုသော နွားကို အဖမ်းရခက်ဘိသကဲ့သို့ အတင်းပြေးထွက်လိုက်၊ ချည်တိုင်ရောက်အောင် ပြန်ဆွဲလိုက် နှင့်ပင် ဒရစ်နှစ်လုံး ကုန်ပြန်လေသည်။
            ဒရစ်ပုလင်းများကုန်သွားသော်လည်း မမလေးက တော်တော်နှင့် ရောက်မလာ။ အတော်ကြီးကြာမှ ဆရာဝန် တစ်ယောက်နှင့် ပြန်ပေါက်ချလာ၏။ ဆောရီးဘဲကွာ၊ ငါတို့ဆီမှာ ကုတင်နေရာလွတ်မရှိဘူး။ အပြင်မှာဘဲ ခဏစောင့်ရလိမ့် မယ် ဟုဆိုကာ အခြားတစ်နေရာသို့ တွန်းသွားပြန်လေသည်။ ထိုနေရာတွင်လည်း တန်းစီကာ အခန်းစောင့်နေသော ကုတင် အများအပြားကို တွေ့ရလေ၏။ သူတို့ပြောတာနားထောင်ရင်း စောင့်နေသော ကုတင် ၁၆ လုံးမှန်း သိရသည်။
            ယခု ၄ နာရီကျော်နေပြီ။ ခုနင်က ပထမ ဒရစ်ပုလင်းဖြုတ်တော့ ကျွန်ုပ်ခေါင်းမူးနေသဖြင့် ဆေးရုံတက်နေရကြောင်း တူမကိုလှမ်းဖုံးဆက်ကာ NUH မှ A&E တွင် စုံစမ်းရန်၊ ခုတော့ ဘယ်ကုတင်ရမလဲ မသိသေးကြောင်း ပြောလိုက်၏။ ဖုံးကလည်း ဘက်ထရီက 1% ပဲ ကျန်တော့သည်။ ခဏနေကုန်တော့မည်ဖြစ်၏။ ကျွန်တော်က ဖုံးအဆက်အသွယ်မရသဖြင့် သူဘယ်ကိုလိုက်ရမှန်းမသိဖြစ်မှာ စိတ်ပူသည်။ သူက ၃ နာရီ ဂျူတီဆင်းတော့ လာခဲ့မည်ဟု ဆိုသည်။ ယခုလောက်ဆို ဆေးရုံ ရောက်နေလောက်ပြီထင်သည်။ ကျွန်ုပ်လည်း ဖုံးဘက္ကရီမရှိတော့သည်တစ်ကြောင်း၊ ကိုယ်ကိုယ်နှိုက်က ဘယ်ရောက်နေသည် ဆိုတာ မသိသဖြင့် တစ်ကြောင်းကြောင့် ထပ်မဆက်သွယ်တော့ဘဲ အေးလည်း အလွန်အေးလှသဖြင့် စောင်ခေါင်းမြီးခြုံကာ အိပ်ပျော်ရန် ကြိုးစားရလေ၏။ သို့သော် အဘယ်မှာ အိပ်နိုင်ပါမည်နည်း။ စိတ်ထဲတွင်တော့ ဆေးရုံရောက်သည့် ၃ - ၄ နာရီ လောက်ကို သုံးလေးနှစ်လောက်ကြာသည် ထင်နေလေ၏။
            ခေါင်းမြီးခြုံလိုက်၊ ပြန်ဖွင့်လိုက်နှင့် အတော်ကြီးကြာတော့ ဟော၊ ဟိုမှာ ဟု ဆိုတာ တူမရောက်ချလာသည်။ ဘာမှ လုပ်စရာမရှိသည်နှင့် အဆက်အသွယ်ရရန် သူ့ဖုံးကို ယူထားလိုက်ကာ ကျွန်တော့်ဖုံးကို ချာဂျင်သွင်းရန် ပြန်ပေးလိုက်သည်။ နောက် သည်မှာ နေရာမရှိသည်နှင့် Alexandra Hospital သို့သွားရမည်ဟု အသိပေးလိုက်ကာ ပြန်လွှတ်လိုက်သည်။ အတန်ကြာပြန်တော့ အလက်ဇန္ဒားက အဆောင် ၂၊ ကုတင် ၉ မှာ နေရာရတယ်။ သွားမလားဟု လာမေးတော့ သိပ်ရသပေါ့၊ ခု သွားမယ် ဟုအတင်းလောသော် နေပါဦးလေ၊ ငါတို့စီစဉ်စရာရှိတာ စီစဉ်ရဦးမယ် ဟုဆိုတော့ စောင့်ရပြန်၏။
            အတော်ကြာပြန်လေသော် လုံခြုံရေးယူနီဖောင်းနှင့် နှစ်ယောက်ရောက်လာကာ Mr. Nyein, lets move to AH ဟု ဆို၏။ သို့နှင့် ကုတင်ပေါ်မှ ထိုင်ခုံသို့ပြောင်း၊ ထိုင်ခုံကို အရေးပေါ်ကားဆီသို့တွန်းလာ၊ အရေးပေါ်ကားဆီရောက်သော် ဗျောက်၊ ဂွပ်နှင့် ချိုးလိုက်သော် ထိုင်ခုံဘ၀မှ ကုတင်အဖြစ် ပြောင်းသွားလေ၏။ ဆန်းပါပေ့။ ကျွန်ုပ်က အောက်သို့ဆင်းမည် ကြံသော် နိုး၊ နိုး နိုး မဆင်းနဲ့ ဟုဆိုပြီး ဒေါက်၊ ဂွပ် နှင့်ပင် ကုတင်ကို ကားအတွင်း ထိုးသွင်းလိုက်လေ၏။ ထိုင်လိုက်မလား၊ ဒီအတိုင်းပဲ အိပ်နေမလားဟု မေးလေသော် အိပ်လိုက်တာပဲ ကောင်းပါတယ်ကွာ ဟု ဖြေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်မှာ ထိုင်ရာမှအထ။ ထရာမှအထိုင်၊ အထူးသဖြင့် အိပ်ရာမှ ထလိုက်သည့်အခါများတွင် မခံမရပ်နိုင်အောင် မူးလွန်းသောကြောင့် နေရာမရွှေ့ချင်သောကြောင့် ဖြစ်၏။
            သူတို့လည်း မလေးလို သီချင်းများအော်ဟစ်ဆိုလျှက် မောင်းလာရာ သိပ်မကြာမီပင် အလက်ဇန္ဒားဆေးရုံသို့ ရောက်ရှိ။ များမကြာမီပင် အိန္ဒိယအမျိုးသားဆရာဝန်တစ်ဦးရောက်လာလျှက် မေးခွန်းအချို့မေးစမ်းကာ ငါ့နှာခေါင်းကိုကြည့်၊ ငါ့လက်ညှိုးသွားရာလိုက် ကြည့်၊ မင်းလက်ညှိုးနဲ့ ငါ့လက်ညှိုးကို မြန်နိုင်သမျှမြန်မြန်ထိ။ လျှာထုတ်ပြ။ ဟုတ်ပြီ ကိုင်း၊ ထ ထ။ လမ်းလျှောက်ကြည့်။ တည့်တည့်လျှောက်။ ကြောင်လမ်းလျှောက်သလိုလျှောက်။ ဟုတ်ပြီ။ မင်းနက်ဖြန် ဆင်းလို့ရပြီ။ ဟု ဆိုလေ၏။  
            ခဏနေသော် သူနာပြုတစ်ယောက် ရောက်လာကာ မင်းမှာ သောက်နေကျ ဆီးချိုဆေးတွေ ပါသလား ဟု မေး၏။ မင်းတို့ဘဲ ငါတို့ဆေးရုံမှာ ငါတို့ပေးတဲ့ဆေးကလွဲပြီး တခြားဘယ်ဆေးမှ မသောက်ရဘူးဆိုကွ ဟု (အလှည့်သာခိုက်) ပြန်ဟောက်လိုက်၏။ သည်တော့မှ ကိစ္စမရှိဘူး၊ မင်းတူမတွေကို ဆေးယူလာဘို့လှမ်းမှာလိုက်ပေါ့ ဟု ဆိုလေရာ အဲဒီအတွက်တော့ မပူပါနဲ့ကွာ၊ နောက် ၅ မိနစ်ကြာရင် သူတို့ ဟောဒီကိုရောက်လာလိမ့်မယ် ဟု အငေါ်တူးလိုက်လေ၏။ တကယ်ပင် ၅ မိနစ်၊ ၁၀ မိနစ်ခန့်ကြာသော် ကျွန်တော့်တူမများပေါက်ချလာလေ၏။
            သည်တော့ တစ်ခေါက်လာပြန်၏။ ကဲ၊ ဘယ်လိုလုပ်မလဲ ဆိုသော် မနက်ဖြန် ဆင်းရမယ်လို့ ဆရာဝန်ကပြောတယ်၊ တစ်ရက်နဲ့တော့ ဘာမှမဖြစ်ဘူး။ ပူမနေနဲ့ ဆိုသော် နေဦး၊ ငါဆေးမှာ ကြည့်ဦးမယ် ဆိုပြန်သော် ကျွန်တော်လည်း စိတ်မရှည် တော့သဖြင့် ကိုင်း၊ မမ။ ကြိုက်သလိုလုပ်၊ နောက်ပြီး ပိုတဲ့ဆေးတွေ ငါ့ပြန်ပေးလိုက်။ ဆေးဘိုးကို ဆေးရုံစရိတ်ထဲထည့်ပေါင်း ဟု ငေါက်လိုက်တော့မှ ဇာတ်လမ်းပြတ်တော့သည်။
            တူမများပြန်သွားတော့ အမျိုးသမီးဆရာဝန်တစ်ယောက် ပေါက်ချလာပြန်သည်။ ကျွန်မက ဒီဝပ်မှာတာဝန်ကျတဲ့ ဒေါက်တာ အေးသန္တာပါ ဟု မိတ်ဆက်၏။ (နာမည်တော့သိပ်မမှတ်မိပါ၊ ထိုနာမည်မျိုးပင်ဖြစ်ပါသည်။) ပြီးနောက် ဟိုဆရာဝန် မေးသည့် မေးခွန်းများကိုပင် မေးပြန်၏။ ဟိုဆရာဝန်လို ကျွန်မနှာခေါင်းကို တည့်တည့်ကြည့်ပါ၊ ကျွန်မလက်ညှိုးသွားရာလိုက် ကြည့်၊ ဦးလက်ညှိုးနဲ့ ကျွန်မလက်ညှိုးကို မြန်နိုင်သမျှမြန်မြန်ထိပါ၊ လျှာထုတ်ပြပါ စသဖြင့် ခိုင်းပြန်ပါ၏။ သည့်ထက်တော့ ပိုပြီး ဘာဗဟုသုတရစရာမှ မရှိပါ။ သည်လိုနှင့် ပြီးသွားတာသာဖြစ်ပါသည်။
            ကျွန်တော့်အတွက် အဆင်မပြေသည်မှာ ဒရစ်သွင်းရန်၊ သို့မဟုတ် ဆေးသွင်းရန် အဆင်သင့် လက်မောင်းတွင် ထိုးထားသည့် အပ်ကြီးဖြစ်ပါသည်။ တံတောင်ဆစ်ကို ကွေးလိုက်လျှင် အပ်ထောက်ပြီး သွေးကြောပေါက်သွားမှာ စိတ်ထဲတွင် စိုးရိမ်နေသဖြင့် လက်ကို သိပ်မလှုပ်ရဲ။ ဟိုဆရာမကလေးကတော့ ဘာမှမဖြစ်ဘူး။ ဒါ ပီဘိ အပ်သေးသေးလေး ဟု ပြော၏။
            ညနေပိုင်းတွင် အတော်သက်သာလာပါသည်။ သို့သော် လုံးဝကြည်သွားသည်မဟုတ်။ အထိုင်၊ အထများတွင် အတော် သတိထား ထိုင်၊ ထရသည်။ အစားအသောက်ကို ဆေးရုံမှ ကျွေးသည်။ တစ်နေ့ ၁၈၀၀ ကီလိုကယ်လိုရီ ဟု သတ်မှတ်ပြီး ကျွေးသည်။ မီနူးစာရွက်တွင် ဆီးချိုသမားအတွက်ဟု tick လုပ်ထားသဖြင့် စားရသည့်အစားအစာများမှာ ဆီမပါ၊ ဆားမပါ၊ ဘာမှမပါ။ အားလုံးရေလုံပြုတ်။ ကျွန်တော့်ကိုစောင့်သည့် အမျိုးသားသူနာပြုကောင်လေးက ဘယ်လိုနေတုံးကွ ဟု မေးလေသော် ဘာအရသာမှမရှိဘူးဟု ဖြေလိုက်၏။ ဆေးရုံဆိုတာတော့ မမေ့နဲ့ပေါ့ကွာဟု နှစ်သိမ့်လေသော် မဟုတ်ဘူးကွ ဆီးချိုဆိုပြီး ဘာမှမထည့်ပဲထားတာက ဆိုးတာ ဟု ပြန်ဖြေလိုက်သည်။

            နောက်နေ့ကျတော့လည်း အိပ်ယာထမှလွဲ၍ နေရထိုင်ရတာ အဆင်ပြေပါသည်။ ၁၀ နာရီခန့်တွင် ဆရာဝန်ကြီးဟု ယူဆရသူ round လှည့်ပါသည်။ ကြည့်ရုံကြည့်သွားပြီး ဘာမှ မမေး။ ကျွန်တော့်ကိုလာမေးသည့် အိန္ဒိယဆရာဝန်လေးက အကျိုးအကြောင်းရှင်းပြပြီး ဒီနေ့ဆင်းရမယ်ဟု ပြောပါသည်။




နေ့ခင်း ၁ နာရီကျော်လောက်တွင် ဆေးရုံဆင်းဘို့အတွက် စတင်ပြင်ဆင်သည်။ ဆေးရုံဘီလ်များ လက်မှတ်ထိုး ခြင်း၊ နောက်တစ်ခါ လာပြမည့်ရက်ကို ရက်ချိန်းပေးခြင်း၊ ဆီးစစ်ခြင်း၊ ကျွန်တော့်အတွက်ဝယ်ထားသော ဆီးချိုဆေးများကို ပြန်ပေး လိုက်ခြင်း စသည်။
            တိုတိုပြောရလျှင် ၂ နာရီခွဲလောက်တွင် ပြန်ဆင်းလာသည်။ ဆေးရုံတက်တာ အခန်းခ တစ်နေ့လျှင် ၁၃၀ ( C class, non-air cond, 8 person per room, government subsidies)။ သို့သော် သည်ပိုက်ဆံများကို ငွေသားပေးစရာမလိုပါ။ CPF account ရှိ Medisave account မှ ပေးချေခြင်းဖြစ်ပါသည်။ (မြန်မာနိုင်ငံမှ စာဖတ်သူများအနေနှင့် CPF နှင့် Medisave အကြောင်း သိချင်မှသိပါလိမ့်မည်။ သည်အကြောင်းကို နည်းနည်းကလေးနှင့်ရှင်းပြဘို့ရာ မဖြစ်နိုင်ပါ။ အောက်ပါ ကျွန်တော့် blog မှ link များတွင် ဖတ်ရှုနိုင်ပါသည်။ ဤကားစကားချပ်)


            ဆေးခန်းသွား၊ ဆေးရုံတက် စုစုပေါင်း ၅၀၀ နီးပါးလောက်ထွက်သွားသည်။ နှမြောလှပါဘိ။
အလွန်မိုက်မဲလှသော ကျွန်ုပ်မှာ ဆေးရုံမှဆင်းပြီး နောက်တစ်ရက်တွင် တူမတားနေသည့်ကြားက အလုပ်သွားရန် ပြင်ပါသည်။ သို့သော် ခန္ဓာကိုယ်က လက်မခံ။ အိပ်ယာထပြီး ခဏအကြာတွင် မူးပြီး အန်သဖြင့် အလုပ်သွားရန်အကြံကို လက်လျှော့လိုက်ရသည်။ မူးတာက တော်တော်နှင့် ပြေမသွား။ ဆေးရုံကလည်း အမူးပြေဆေး လုံးဝမပေးလိုက်။
            သို့နှင့် ဘယ်မှမသွား၊ ဘာမှ မလုပ်နိုင်ဘဲ။ အိမ်ထဲတွင်ပင် ထလိုက် ထိုင်လိုက်နှင့် အချိန်ကုန်ရသည်။ နေ့ခင်းပိုင်းတွင် အတော်လေး သက်သာလာသည်နှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင်ကို စာအုပ်ဖြစ်ရန် အားထုတ်လိုက်သည်။
ညပိုင်းကျတော့ သင်တန်းသွားရသည်။ ခေါင်းက သိပ်မကြည်သေးတော့ သင်တန်းဆရာပြောတာကို ကြားတစ်ချက်၊ မကြား တစ်ချက်။ မနည်းအာရုံပြု နားထောင်နေရသည်။ ဤသည်ကို သတိထားမိသော ကာလာက (သင်တန်းဆရာမမှာ ယခင် ဆရာစားချန်ခြင်းအကြောင်း ပြောပြခဲ့သည့် ကာလာဖြစ်ပါသည်။) ငြိမ်း၊ မင်း သေသေချာချာ နားလည်ရဲ့လား ဟု ဂရုတစိုက် မေးရှာပါ၏။ ကျွန်တော်လည်း ခေါင်းသာငြိမ့်ပြလိုက်ပါသည်။ သိပ်နေမကောင်းသည့်အတွက် အချိန်ကုန်ခံပြီး လေမရှည်ချင်တော့ပါ။
            သည်အကြောင်း မမတို့ဆီဖုံးဆက်တော့ သူတို့က ပြန်လာကာ တစ်ပတ်လောက် နားနားနေနေ နေစေချင်သည်။ သို့သော် ဘယ့်နှာလုပ် စူကာ့၊ စူကာ့ ပြန်လို့ရပါမတုံး။ အလုပ်တစ်ဖက်၊ သင်တန်းတစ်ဖက်နှင့်။ သည်လိုပဲ ကြည့်ကောင်းအောင် ပြောလိုက်ရသည်။
            မနေ့က (၂၂ - ၁၁ - ၂၀၁၃) ဆေးခန်းသွားသည်။ အလွန်ချာတူးလန်လှသည့် ပိုလီဆရာဝန်က ဘာမှ မမေး၊ ဘာမှလည်းမပြောဘဲ ဆီးချိုဆေး (၃) လစာ ထုတ်ပေးလိုက်သည်။ ငါ ခေါင်းမူးတာ မပျောက်သေးဘူး။ ခေါင်းမူးပြေဆေး လိုချင်တယ် ဆိုတော့မှ ဆေးထပ်ရေးပေးသည်။ စိတ်ပျက်စရာ။
ခုထိလည်း ခေါင်းထဲ သိပ်မရှင်းသေးပါ။ အထူးသဖြင့် အိပ်ယာထစ ဖြစ်၏။ အိပ်ယာမှနိုးပြီး ချက်ချင်းကောက်ထလျှင် သေဘို့သာပြင်။ ကမ္ဘာကြီး ၄ ဆလောက်လည်နေတာ တွေ့ရလိမ့်မည်။ သို့မို့ကြောင့် နိုးပြီးပြီးချင်း၊ အသာလေးမှိန်းနေ၊ ပြီးမှ ခေါင်းကို အသာလေးထောင်၊ အတော်ကြာမှ တတောင်၊ ခါး၊ ကိုယ် စသဖြင့် အချိန်ယူကာ ပီဘိ ဖြည်းဖြည်းချင်း ထရသည်။ ဒါတောင် အမူးက သိပ်မပြေတတ်။
ထပြီး အတန်ကြာမှ ကောင်းသည်။ သို့တိုင် လုံးဝခေါင်းထဲရှင်းသွားတာမျိုးမရှိသေး။ သွေးအားကတော့ ပုံမှန် ပြန်ဖြစ်လာပြီ။ မြန်မာပြည်ပြန်လျှင် ရက်ဆက်ဟောပြောပွဲများအတွက် ဒေါင်ဒေါင်မြည်နေမှ ဖြစ်မည်။ ခုကတည်းက အားမွေးမှ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၃ - ၁၁ - ၂၀၁၃ 

2 comments:

evergreen said...

Takecare U Aye Nyein.

I got a lot of knowledge.
Thank you!

Anonymous said...

Take care Uncle Nyein.

OL