၈၊ ၁၁။ အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံ (Respiratory
Protection Plan)
ဆောက်လုပ်ရေးလုပ်ငန်းဟူသည်
ယခုမှ အဆောက်အဦ စတင်ဆောက်လုပ်ခြင်းဖြစ်သဖြင့် မြေညှိခြင်း၊ မြေတူးခြင်း၊ မြေရှင်းခြင်း၊
အဆောက်အဦဟောင်းများကို ဖြိုဖျက်ရန်လိုပါက ကွန်ကရိခွဲခြင်း၊ နံရံ၊ ကြမ်းပြင်စသည်တို့ကို
ဖြိုချခြင်း၊ ပိုင်ရိုက်ပြီးလျှင်လည်း ပိုင်ထိပ်ကို ဖြတ်ခြင်း၊ ခွဲခြင်း၊ ဘိလပ်မြေအိတ်များကို
ဖောက်ခြင်း၊ ပလာစတာအဖြစ် ရောခြင်း၊ အမှိုက်သိမ်းခြင်း အစရှိသော လုပ်ငန်းများကို လုပ်ရ
ပေရာ ထိုလုပ်ငန်းအားလုံးပင် ဖုန်၊ အမှုန်များထသော လုပ်ငန်းများဖြစ်၏။ ထိုအလုပ်များကို
လုပ်ကိုင်နေရသော လုပ်သားများသည် ဖုံများကို ရှူရပေလိမ့်မည်။ သေချာစွာ အကာအကွယ်၊ အစီအမံများ
လုပ်ပေးမထားပါက ကာလကြာလာသည့်အခါ ၎င်းတို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ အဆုတ်ရောဂါ၊
ပန်းနာရင်ကြပ်၊ ထို့ထက်ပိုဆိုးပါက အဆုပ်ကင်ဆာထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း
မှ အလုပ်သမားများအတွက် အသက်ရှုလမ်းကြောင်းအန္တရာယ် ကာကွယ်ရေး အစီအမံများ ပြုလုပ်ပေးထားရန်
လိုပါသည်။ လုပ်ငန်းခွင် အတွင်း လုပ်ကိုင်နေသူ ကန်ထရိုက်တာအားလုံးသည် ဤအစီအမံအတိုင်း
လိုက်နာလုပ်ဆောင်ကြရန် လိုပါသည်။
အလုပ်သမားများအနေနှင့်
မိမိတို့အလုပ်လုပ်နေရသော ပတ်ဝန်းကျင်ရှိလေသည် မသန့်ရှင်း၊ ကျန်းမာရေးအတွက် ရှူရှိုက်ရန်
မသင့်တော်ဟု ယူဆပါက အသက်ရှူအထောက်အကူကိရိယာကို ၀တ်ဆင်ရန် အခွင့်အရေးရှိသည်။
ထိုလုပ်သားများအတွက် အလုပ်ရှင် သည် အသက်ရှူအထောက်အကူကိရိယာများ ထောက်ပံ့ပေးရမည်။
ထိရောက်သော အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံ အဆင့်ဆင့်
အကောင်အထည်ဖော်ပုံ
၈၊ ၁၁၊ ၁။ အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံကို အကောင်အထည်ဖော်သူ
ခန့်ထားခြင်း (Program Administrator)
အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး
အစီအမံကို အကောင်အထည်ဖော်သူသည် ဤစီမံချက်အတွက် အဓိက တာဝန်ရှိသူ ဖြစ်သည်။ ၎င်းသည် အခြားသော
အင်ဂျင်နီယာ၊ ကျန်းမာရေးအရာရှိ၊ ကြီးကြပ်ရေးမှုး စသည်တို့နှင့် တိုင်ပင်လျှက် ဤစီမံချက်ကို
အကောင်အထည်ဖော်ရမည်။ ၎င်းသည် လုပ်ငန်းခွင်အတွင်းမှထွက်သော ဖုန်၊ အမှုန်များအကြောင်း ကောင်းစွာ
နားလည်ရမည်။ မည်သည့်ဖုံများက သာမန်ဖုံများဖြစ်သည်။ အသက်ရှူလမ်းကြောင်းအတွက် သိပ်အန္တရာယ်မဖြစ်။
မည်သည့်ဖုံများ၊ မီးခိုးများက အဆုပ်ကင်ဆာ ဖြစ်စေနိုင်သည်။ မည်သည့် ဓာတုဆေးများက မည်သည့်ဓာတ်ငွေ့
ထုတ်ပေးပြီး ထိုဓာတ်ငွေ့က ကျန်းမာရေး အတွက် မည်မျှ အန္တရာယ်ရှိသည်။ ထို အန္တရာယ်ကို မည်ကဲ့သို့ကာကွယ်ရမည်၊
လုပ်ငန်းခွင်အတွင်းမှ ထွက်လာသည့် ဖုံ၊ အမှုန်၊ ဓာတ်ငွေ့များကို မည်သည့်နည်းများဖြင့်
ထိန်းချုပ် နိုင်သည် အစရှိသည်တို့ကို သေသေချာချာ၊ ဂဃနဏ သိထားရန်လိုပါသည်။
၈၊ ၁၁၊ ၂။ ကြီးကြပ်ရေးမှူး၏ တာဝန်နှင့်ဝတ္တရားများ
ကြီးကြပ်ရေးမှူးသည်
မိမိတာဝန်ယူရသည့် လုပ်သားများ အသက်ရှူအထောက်အကူကိရိယာများအား သေချာစွာ ၀တ်မ၀တ်။ ထို
ပစ္စည်းများ ကောင်းမကောင်း စစ်ဆေးရန်၊ မကောင်းသည့်၊ ကောင်းကောင်းအလုပ်မလုပ်တော့သည့်
အသက်ရှူအထောက်အကူကိရိယာများ ကို အသစ်ဖြင့် အစားထိုးလဲလှယ်စေရန် ဆောင်ရွက်ပေးရပါမည်။
မိမိအလုပ်လုပ်နေသည့် နေရာတွင် မည်သည့် အသက်ရှူ အထောက်အကူ ကိရိယာ ၀တ်ဆင်ရန်သင့်တော်သည်ကိုလည်း
အကဲဖြတ်တတ်ရမည်။ အစီအမံ အကောင်အထည်ဖော်သူ (program administrator) နှင့် တိုင်ပင်လျှက်
လိုအပ်သည်တို့ကို ပံ့ပိုးပေးရမည်။
၈၊ ၁၁၊ ၃။ အလုပ်သမားများ တာဝန်နှင့်ဝတ္တရားများ
အလုပ်ရှင်က
ပံ့ပိုးပေးသော သင်တန်းနှင့် fit test ကို တက်ရောက်ကာ ကောင်းစွာနားလည်အောင် လေ့လာရမည်။
လိုအပ်သည့် နေရာများ၌ အသက်ရှူ အထောက်အကူကိရိယာကို ၀တ်ဆင်ရမည်။ အသက်ရှူ အထောက်အကူကိရိယာ
မကောင်းတော့ပါက မိမိ၏ ကြီးကြပ်သူကို အကြောင်းကြားရမည်။ အကယ်၍ အသက်ရှူ အထောက်အကူကိရိယာဝတ်ထားစဉ်
မသက်မသာခံစားလာရပါက မိမိ၏ ကြီးကြပ်သူကို ချက်ချင်း အကြောင်းကြားရမည်။ မိမိအား ထုတ်ပေးထားသော
အသက်ရှူ အထောက်အကူကိရိယာကို ရိုရိုသေသေ သုံးစွဲပြီး နေ့စဉ် သန့်ရှင်းရေးလုပ်ရမည်။ ကောင်းမွန်စွာ
သိုမှီးသိမ်းဆည်းထားရမည်။
၈၊ ၁၁၊ ၄။ အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံတွင်
အောက်ပါတို့ ပါဝင်ရမည်။
၁။ လုပ်ငန်းတစ်ခုချင်းအလိုက် ရေးဆွဲထားသော လုပ်ငန်းအစီအစဉ်များရှိရမည်။
၂။ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ အသက်ရှူ အထောက်အကူကိရိယာ
ရွေးချယ်ခြင်း အစီအစဉ်
၃။ အသက်ရှူအထောက်အကူကိရိယာ ၀တ်ဆင်ပုံ သင်တန်းပေးခြင်း အစီအစဉ်
၎။ လေလုံမလုံ စမ်းခြင်း (Fit Test) အစီအစဉ်
၅။ အသက်ရှူအထောက်အကူကိရိယာကို စစ်ဆေးနည်း၊ သန့်ရှင်းရေးပြုလုပ်နည်း၊
ထိန်းသိမ်းနည်း၊ သိမ်းဆည်းနည်း အစီအစဉ်
၆။ လုပ်ငန်းမှ ထုတ်လွှတ်လိုက်သည့် အမှုန် သို့မဟုတ် ဓာတ်ငွေ့နှင့်
သင့်တော်မည့် အသက်ရှူအထောက်အကူ ကိရိယာ ရွေးချယ် ၀တ်ဆင်ခြင်း အစီအစဉ်
၇။ အသက်ရှူအထောက်အကူကိရိယာ ၀တ်ဆင်ရသော လုပ်သားများ၏ ကျန်းမာရေးစစ်ဆေးချက်
အစီအစဉ်
၈။ လုပ်ငန်းခွင်အတွင်းမှ လေသန့်စင်မှုကို တိုင်းတာခြင်း အစီအစဉ်
၉။ ဤအစီအမံ၏ ထိရောက်မှုအခြေအနေကို ပြန်လည် လေ့လာသုံးသပ်ချက်
အစီအစဉ်
၈၊ ၁၁၊ ၅။ ဆောက်လုပ်ရေးလုပ်ငန်းမှထွက်လာသည့် ဖုန်၊ အမှုန်၊
ဓာတ်ငွေ့များကို အင်ဂျင်နီယာနည်းသုံး၍ ထိန်းချုပ်ခြင်း
အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေးတွင်
အခြေခံအားဖြင့် အမှုန်မထွက်အောင် သို့မဟုတ် အမှုန်ထွက်ခြင်းနည်းအောင်၊ ဓာတ်ငွေ့ကိုရှုမိခြင်း နည်းနိုင်သမျှနည်းအောင် ဦးစွာစီမံရပါမည်။
ဤသို့ စီမံရာတွင် အင်ဂျင်နီယာနည်းဖြင့် စီမံနိုင်သည်။ ဥပမာ -
Ø ကွန်ကရိပိုင်တိုင်များကို ဖြတ်စက်ဖြင့်ဖြတ်သည့်အခါ အမှုန်များစွာထွက်သည်။
ထို့ကြောင့်ဖြတ်သည့်နေရာကို အမှုန်ထွက်မှု နည်းနိုင်သမျှနည်းအောင် ရေဖြန်းထားရမည်။
Ø သန့်ရှင်းရေးလုပ်ရာတွင် တံမြက်စည်းဖြင့်လှဲမည့်အစား ဖုံစုပ်စက်သုံးခြင်းဖြင့်
အမှုန်ထွက် သက်သာစေသည်။
Ø ကွန်ဖိုင်းစပေ့စ်များအတွင် ဆေးသုတ်ရာတွင် ဆေးသုတ်သူကို ဆေးငွေ့ရှူမိခြင်းမှ
သက်သာစေရန် ဆေးသုတ်သည့်အခန်းကို လေမှုတ်သွင်းပေး ထားရမည်။ တစ်ဖက်မှ လေမှုတ်သွင်းပေးထားသလို
အခြားတစ်ဖက်မှလည်း ဓာတ်ငွေ့စုပ်ပန်ကာဖြင့် စုပ်ထုတ်ပေးနေရမည်။
၈၊ ၁၁၊ ၆။ အသက်ရှူအထောက်အကူကိရိယာ ရွေးချယ်ခြင်း
အသက်ရှူအထောက်အကူကိရိယာရွေးချယ်ရာတွင်
ယေဘူယျအားဖြင့် အလုပ်သမားများ မည်ကဲ့သို့သော ဖုံအမှုန်များကို ရှူရှိုက်နေရသည်၊ မည်သည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ
အန္တရာယ်များနှင့် ရင်ဆိုင်နေရသည် ဆိုသည့်အပေါ် မူတည် ရွေးချယ်ရပါသည်။ အချို့သော အသက်ရှူအထောက်အကူကိရိယာများမှာ
အောက်ဆီဂျင်နည်းပါးသောနေရာများနှင့် မသင့်တော်ပါ။ ဤသည်ကိုလည်း သိထားရန် လိုပါသည်။
သာမန်ဖုံများအတွက် ရိုးရိုးဖုံကာ
(dust mask) ဆိုလျှင် လုံလောက်ပါသည်။ သို့သော် ဓာတုပစ္စည်းများမှထွက်သော ဖုံများအား
သာမန် ဖုံကာ (dusk mask) ဖြင့် အကာအကွယ်မပေးနိုင်ပါ။ ထိုအခါ အသက်ရှူ အထောက်အကူကိရိယာ
(respirator) ၀တ်ဆင်ရပါမည်။၈၊ ၁၁၊ ၇။ အသက်ရှူအထောက်အကူကိရိယာများ ၀တ်ဆင်ရန် သင်တန်းပေးခြင်း
အလုပ်သမားများအနေနှင့် အသက်ရှူအထောက်အကူကိရိယာများကို
စနစ်တကျ ၀တ်ဆင်တတ်စေရန် အသက်ရှူ အထောက်အကူပြု ကိရိယာများ ရောင်းချပေးသည့် ကုမ္ပဏီမှ အရောင်းကိုယ်စားလှယ်က
လာရောက်သင်တန်းပေးရပါမည်။ လုပ်ငန်းခွင် အတွင်းရှိနေသူအားလုံးကို သင်တန်းပေးရမည်။ ကြီးကြပ်သူအားလုံးနှင့်
အလုပ်သမားများအားလုံးသည် အသက်ရှူအထောက်အကူ ကိရိယာများကို မည်ကဲ့သို့ ရွေးချယ်ရမည်၊ မည်ကဲ့သို့
စနစ်တကျ ၀တ်ဆင်ရမည်၊ မည်ကဲ့သို့ ပြုပြင်ထိန်းသိမ်းရမည် စသည်တို့ကို ကောင်းစွာ သဘောပေါက်
နားလည်သည်ထိ သင်ကြားပြသပေးရမည်။
သင်တန်းပို့ချချက်များတွင်
အောက်ပါတို့ ပါဝင်ရမည်။
Ø အဘယ်ကြောင့် အသက်ရှူအထောက်အကူကိရိယာကို ၀တ်ဆင်ရန် အရေးကြီးသည်
Ø အကယ်၍ အသက်ရှူအထောက်အကူကိရိယာကို စနစ်တကျမ၀တ်ဆင်၊ မပြုပြင်၊
မထိန်းသိမ်းပါက တွေ့ကြုံနိုင်သည့် အန္တရာယ်များ
Ø အဘယ်ကြောင့် ထို အသက်ရှူအထောက်အကူကိရိယာကိုအသုံးပြုရသည်
Ø ထို အသက်ရှူအထောက်အကူကိရိယာကိုဝတ်ဆင်ရာ၌ ကန့်သတ်ချက်များ
Ø အသက်ရှူအထောက်အကူကိရိယာကို ၀တ်ဆင်ခြင်း၊ ဖြုတ်ခြင်း၊ ကောင်းမကောင်း
စမ်းသပ်စစ်ဆေးခြင်း
Ø အသက်ရှူအထောက်အကူကိရိယာကို သန့်စင်ရန်၊ စနစ်တကျ ပြုပြင်ထိန်းသိမ်းရန်၊
သိုလှောင်ရန် လိုအပ်ချက်များ
Ø အသက်ရှူအထောက်အကူကိရိယာ ကောင်းကောင်းအလုပ်မလုပ်လျှင် သိနိုင်သော
လက္ခဏာများ
၈၊ ၁၁၊ ၈။ လေလုံမလုံ စမ်းခြင်း (Fit Test)
Fit
Test အကြောင်း ၇၊ ၃၊ ၉ တွင် အပြည့်အစုံဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အသက်ရှူအထောက်အကူကိရိယာကို စနစ်တကျဝတ်ဆင်နိုင်ရန်
မျက်နှာမှ အမွေးအမှင်များ (မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး) စသည်တို့ကို ပြောင်စင်အောင်
ရိပ်ထားရန် လိုပါသည်။ အသက်ရှူအထောက်အကူကိရိယာမှ ရာဘာ (seal) များသည် မျက်နှာမှ အသားနှင့်
ထိတွေ့နေရန် အရေးကြီးပါသည်။ ဤသည်ကို အလုပ်သမားများ နားလည်အောင် ရှင်းပြထားရမည်။ Fit
test အား အလုပ်သမားအားလုံးကို လုပ်ပေးရန် လိုပြီး လုပ်ထားကြောင်းမှတ်တမ်းလည်း ယူထားရန်လိုပါသည်။
ဤသို့စမ်းရာတွင်
qualitative fit testing နှင့် Quantitative fit testing ဟု နှစ်မျိုးရှိ၏။ နှစ်မျိုးလုံးသည်
အသက်ရှူ အထောက်အကူ ကိရိယာကို မှန်ကန်စွာ၊ အန္တရာယ်ကင်းစွာ ၀တ်ဆင်ရေးအတွက် အရေးကြီး၏။
၈၊ ၁၁၊ ၉။ အသက်ရှူအထောက်အကူကိရိယာများအား ထိန်းသိမ်းခြင်း
အသက်ရှူ
အထောက်အကူကိရိယာကို နေ့စဉ်အသုံးပြုပြီးတိုင်း ဆပ်ပြာ၊ ရေတို့သုံးလျှက် ဆေးကြော သန့်စင်ရမည်။
ထို့နောက် ဖုန်မထူသော၊ အေး၍ခြောက်သွေ့သော၊ နေရောင်တိုက်ရိုက်မကျသော၊ မပူလွန်းသော၊ အင်ဂျင်အိတ်ဇောများနှင့်
ဝေးသော၊ ဓာတုပစ္စည်းများ မရှိသော၊ ရေငွေ့မများသော နေရာများ၌ ကျကျနန သိမ်းဆည်းထားရပါမည်။
ထုတ်ပေးစဉ်က ပါလာသည့် အသက်ရှူ အထောက်အကူ ကိရိယာ ထည့်သည့် အိတ်ကို လွှင့်မပစ်ပါနှင့်။
ထိုအိတ်အတွင်း ထည့်သွင်း သိမ်းဆည်းနိုင်ပါသည်။
၈၊ ၁၁၊ ၁၀။ အောက်ပါအခြေအနေများတွင် ထိုနေရာမှ ချက်ချင်းထွက်ခွါပါ။
Ø အသက်ရှူ အထောက်အကူကိရိယာသည် ကောင်းစွာအလုပ်မလုပ်ကြောင်း တွေ့ရလျှင်
Ø အသက်ရှူ အထောက်အကူကိရိယာမှ လေယိုစိမ့်နေလျှင်
Ø အသက်ရှူရ ခက်ခဲလာလျှင်
Ø ပုံမှန်မဟုတ်သော အနံ့အသက်များရလာလျှင်
Ø မသက်မသာခံစားလာရလျှင်
Ø ခေါင်းမူးခြင်း၊ မျက်ရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊
အော့အန်ခြင်း၊ ချမ်းတုန်ခြင်း စသည်တို့ ခံစားလာရလျှင်
ရည်ညွှန်းစာအုပ်စာတမ်းများ
၁။ Sustainable Workplace Alliance – Sample Respiratory
Protection Program for Spray Polyurethane Foam Applications
၂။ Envionmental Health & Safety, Iowa State
University - Respiratory Protection Program; 2006
၃။ OSHA 3079, 2002(Revised) – Rewpiratory Protection
၎။ University
of Toronto – Respiratory Protection Program
၅။ Stanford University – Respiratory Protection
Program
ဆက်ပါဦးမည်။
အေးငြိမ်း
၂၄၊ ၁၁၊ ၂၀၁၃။ ည ၉း၀၄ နာရီ
No comments:
Post a Comment