၇၊ ၆။ ဖောက်ကလစ် မောင်းနှင်ခြင်း (Forklift Safety)
ဖောက်ကလစ်ကြောင့် ဖြစ်တတ်သော မတော်တဆမှုများမှာ အောက်ပါတို့ဖြစ်၏။
- ဖောက်ကလစ်မှောက်ခြင်းကြောင့် ပိပြီးသေဆုံးခြင်း
- ဖောက်ကလစ်ဖြင့် အနင်းခံရပြီး သေဆုံးခြင်း
- ဖောက်ကလစ်သယ်လာသော ၀န်နှင့် နံရံ သို့မဟုတ် ပစ္စည်းတို့အကြား ညပ်ပြီးသေဆုံးခြင်း
- ဖောက်ကလစ်ဖြင့်တိုက်မိခြင်း
- ပစ္စည်းများကို တိုးမိတိုက်မိသဖြင့် တိုင်၊ အဆောက်အဦနံရံစသည်တို့ ပျက်စီးခြင်း
- သယ်လာသောပစ္စည်းများ ပြုတ်ကျသဖြင့် ပျက်စီးဆုံးရှုံးရခြင်း
ဖြစ်နိုင်သော အန္တရာယ်များ
- လိုင်စင်မရှိဘဲ မောင်းနှင်မှု၊ ကျွမ်းကျင်မှုမရှိဘဲ မောင်းနှင်မှု
- ဖောက်ကလစ်ပေါ်တွင် လူပိုတင်ဆောင်မှု၊ ဖောက်ပေါ်တွင် လူများကို သယ်ဆောင်မှု
- ခြေ၊ လက်၊ ဆံပင်တို့ ဖောက်များအကြား ညပ်မှု
- ဖောက်ကလစ်ကို အမြန်မောင်းနှင်မှု
- လူအများ သွားလာလှုပ်ရှားနေကြသော နေရာများတွင် ဖောက်ကလစ်မောင်းနှင်မှု
- ဆင်ခြေလျှောများတွင် ဖောက်ကလစ်ကို မောင်းနှင်မှု
- ဖောက်ကလစ်သွားရာလမ်းတွင် ပစ္စည်းများဖြင့် ကြပ်သိပ်၊ ပိတ်ဆို့နေမှု
- ဖောက်များကို မြှင့်ပြီးမောင်းနှင်ခြင်း
- မညီညာသောမြေ၊ ချော်နေသောကြမ်းပြင်၊ အပေါက်များရှိသောနေရာများ၌ ဖောက်ကလစ်မောင်းနှင်မှု
- ဖောက်ကလစ်ကို ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း
- ဖောက်ကလစ် မ,နိုင်သောဝန်ထက် ပိုတင်ခြင်း
- ဓာတ်လိုက်ခြင်း
အန္တရာယ်များကိုလျှော့ချနိုင်သော နည်းလမ်းများ
- ဖောက်ကလစ်မောင်းသူအား သေသေချာချာ သင်တန်းပေးခြင်း
- ဖောက်ကလစ်ကို ပုံမှန် ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ခြင်း
- ဖောက်ကလစ်မောင်းနှင်မည့် ပတ်ဝန်းကျင်ကို လေ့လာစုံစမ်းခြင်း။ မလိုအပ်သော ပစ္စည်းများ၊ အတားအဆီးများကို ဖယ်ရှားထားခြင်း
- ဖောက်ကလစ်မောင်းသူ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်လေ့လာခြင်း
- ကျွမ်းကျင်သူများအားသာ ဖောက်ကလစ်မောင်းခွင့်ပြုပြီး မောင်းနှင်ခွင့်မရှိသူများ မမောင်းနှင်နိုင်အောင် ကြပ်ကြပ်မတ်မတ် ထိန်းထားခြင်း
- ဖောက်ကလစ်မောင်းသူသည် မိမိဖောက်ကလစ်မောင်းမည့်နေရာအား သေသေချာချာ အကျွမ်းတ၀င်ရှိနေခြင်း
- ဖောက်ကလစ်ကို စတင်အသုံးမပြုမီ နေ့စဉ်စစ်ဆေးခြင်း
- အင်ဂျင်အအေးခံရေ၊ ဆီ၊ အင်ဂျင်ဝိုင်စသည်တို့ ပုံမှန်ဖြည့်တင်းခြင်း၊ ဟိုက်ဒြောလစ်ဆီ ပုံမှန်ထိုးခြင်း
ဖောက်ကလစ်မောင်းနှင်မည့် ပတ်ဝန်းကျင်မှ အန္တရာယ်များ
- ဖြတ်သန်းသွားလာနေသူများ
- မျက်ကွယ်များ
- အပြင်ဖွင့်တံခါး၊ အတွင်းဖွင့်တံခါးများ
- ကျဉ်းမြောင်းသောနေရာများ
- တိုင်များ၊ နိမ့်သော ထုပ်ယောက်တန်းများ
- အကွေ့များ
သွားလာနေသူများကြောင့်ဖြစ်ရသော အန္တရာယ်များ
- လမ်းသွားလမ်းလာများသည် ဖောက်ကလစ်မောင်းလာသည်ကို ဂရုမစိုက်ခြင်း
- မည်သည့်နေရာတွင်နေလျှင် အန္တရာယ်ကင်းမည်ကို မသိခြင်း
- လမ်းလျှောက်သည့်နေရာတွင် အာရုံမစိုက်ခြင်း
ဖောက်ကလစ်အား အန္တရာယ်ကင်းစွာ မောင်းနှင်ခြင်း
- မိမိဖောက်ကလစ်၏ မ,နိုင်သော ၀န်အားကို သိထားရပါမည်။
- မိမိ မ,မည့် ၀န်၏ အလေးချိန်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ရပါမည်။ ဤ၀န်ကို ဤဖောက်ကလစ်ဖြင့် အန္တရာယ်ကင်းစွာ မ,နိုင်၊ မ,မနိုင် ခန့်မှန်းတတ်ရပါမည်။
- မ,မည့် ၀န်အား သေချာကျနစွာ ချည်နှောင် ထုပ်ပိုးထားရပါမည်။
- သွားမည့်လမ်းကြောင်းအား ကြိုတင်ရွေးချယ်ထားရပါမည်။
- သွားမည့်လမ်းကြောင်း အပေါ်ဘက်တွင် နိမ့်သောထုပ်တန်းများ စသည်တို့ ရှိမရှိ ကြည့်ရှုထားရပါမည်။
- ၀န်ကို မ,ပြီးသွားနေစဉ် လုပ်ငန်းခွင်အတွင်း သွားလာနေသော အခြားယာဉ်များအား အထူးသတိထားရပါမည်။
- ၀န်သည် ဖောက်နှစ်ခု အလယ်တည့်တည့်တွင်ရှိပါစေ။
- ဖောက်ကလစ်ကို စက်မနှိုးမီ ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင်၊ ရေ၊ ဘရိတ်၊ စတီယာရင်၊ ဘက်ထရီ၊ ရှေ့မီး နောက်မီး၊ ဟွန်း၊ ဟိုက်ဒြောလစ်ဆီ ယိုစိမ့်မှုရှိမရှိ စသည်တို့ကို စစ်ဆေးရမည်။
- ၀န်ကိုချီပြီး ဖောက်ကလစ်မောင်းနှင်နေစဉ် ကုန်းတက်ကုန်းဆင်းများ၊ ချိုင့်ခွက်များ၊ တွင်းများ၊ ကမူများ၊ မညီညာသောလမ်းများ၊ ကြမ်းပြင်များကို အထူးသတိထားပါ။
- ဖောက်ကလစ်ကို နောက်ဆုတ်သည့်အခါ နောက်ဘက်တွင် လူများရှိမရှိ၊ တိုးမည့်တိုက်မိမည့် အရာများ ရှိမရှိ စသည်တို့ကို အထူးသတိထားပြီး ဖြည်းညင်းစွာ ဆုတ်ပါ။
- ဖောက်ကလစ်ကို အသုံးပြုပြီးသောအခါ ရပ်ထားလိုလျှင် -
- ဖောက်များကို ကြမ်းပြင်ထိ ချထားပါ။
- ဂီယာကို အလယ် (Neutral) တွင်ထားပါ။
- အင်ဂျင်ကို စက်သတ်ထားပါ။
- လက်ဆွဲဘရိတ်ကို ဆွဲထားပါ။
- သော့ကိုဖြုတ်သိမ်းသွားပါ။ သော့တန်းလန်းမထားခဲ့ပါနှင့်။
- အကွေ့များတွင် ဟွန်းတီးပါ။
- ရှုပ်သောနေရာများတွင် ယာဉ်အချက်ပြတစ်ယောက် ထားပါ။
- မြောင်းများ၊ ကျင်း၊ ချိုင့် နှုတ်ခမ်းများ၊ ကြမ်းပြင်အစွန်းများ စသည့်တို့မှ ခွါမောင်းပါ။
- မြှောက်ထားသော ၀န်အပေါ်၌သော်လည်းကောင်း၊ ၀န်အောက်၌သော်လည်းကောင်း မည်သူမျှရှိမနေပါစေနှင့်။
- အလုပ်သိမ်းသည့်အခါ ဖောက်ကလစ်ကို သတ်မှတ်ထားသည့်နေရာတွင်သာ ရပ်ထားပါ။
ရှောင်ကြဉ်ရမည့် အရာများ
- မြင်ကွင်းကို ၀န်ထုပ်များဖြင့် ကွယ်မနေပါစေနှင့်။
- ရှေ့မြင်ကွင်းကို ၀န်နှင့်ကွယ်နေလျှင် ခန့်မှန်းပြီး မမောင်းပါနှင့်။
- မည်သည့်အခါမှ ဖောက်ကလစ်ကို အမြန် မမောင်းပါနှင့်။
- အရက်သောက်ထားလျှင် ဖောက်ကလစ်မမောင်းပါနှင့်။
- ၀န်သယ်လာသည်ဖြစ်စေ၊ ၀န်မပါဘဲဖြစ်စေ ဖောက်များမြှင့်ပြီး မမောင်းပါနှင့်။ အမြဲနှိမ့် မောင်းပါ။
- တံတောင်ဆစ်ချိုးများ၌ အမြန်မကွေ့ပါနှင့်။
- ဖောက်ကလစ်ပေါ်တွင် လူပိုမတင်ပါနှင့်။ ဖောက်ကလစ်သုံးပြီး လူများမသယ်ပါနှင့်။
- ဖောက်ကလစ်ကို စက်နှိုးထားပြီး တခြားမသွားပါနှင့်။ သွားလိုလျှင် စက်ရပ်ခဲ့ပါ။
- ပိုက်များ၊ လျှပ်စစ်ဝိုင်ယာကြိုးများပေါ်မှ ဖြတ်မမောင်းပါနှင့်။
- ရုတ်တရက် ဘရိတ်ဆောင့်နင်းပြီးရပ်ခြင်း မပြုပါနှင့်။
- ကုန်းစောင်းကို ကန့်လန့်ဖြတ်မောင်းခြင်း မပြုပါနှင့်။
လိုက်နာရမည့်အချက်များ
- ဖောက်ကလစ်ကို အသုံးမပြုမီ မနက်တိုင်း သေချာကျနစွာ စစ်ဆေးပါ။
- ဖောက်ကလစ်သော့ကို မောင်းခွင့်ရှိသူအားသာ ထုတ်ပေးပါ။
- လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာပါ။
- လမ်းသွားလမ်းလာများကို ဦးစားပေးပါ။
- အကွေ့များ၊ မျက်ကွယ်များ၊ လူများသွားလာနေသည့် နေရာများတွင် ဟွန်းတီးပြီး အချက်ပေးပါ။
- တတောင်ဆစ်ချို့ကွေ့များ၊ အဆောက်အဦအတွင်း အ၀င်များ၌ ခေတ္တရပ်ပြီး အန္တရာယ်ကင်းမကင်း အကဲခတ်ပါ။
- ဖောက်များကို အနိမ့်ဆုံးနှိမ့်၍ မောင်းပါ။
- ၀န်ကို အပေါ်သို့မြှင့်တော့မည်ဆိုလျှင် အပေါ်ဘက်၌ မည်သည့်အတားအဆီးများရှိသနည်းကို စစ်ဆေးပါ။
- နောက်ဆုတ်သည့်အခါ နောက်ဘက်တွင် မည်သည့် အတားအဆီးများ၊ လူများရှိနေသည်ကို အမြဲ ဂရုစိုက် ကြည့်ရှုပါ။
- ၀န်မပါလျှင် အနိမ့်ပိုင်းသို့ မျက်နှာမူပြီး တက် / ဆင်း ပါ။
- ၀န်ပါလျှင် အမြင့်ဘက်သို့ မျက်နှာမူပြီး တက် / ဆင်း ပါ။
- ၀န်၏ မြေဆွဲအားဗဟို (Centre of Gravity) သည် ဖောက်နှစ်ခုကြား အလယ်တည့်တည့်တွင် ရှိပါစေ။
ဆက်ပါဦးမည်။
အေးငြိမ်း
၎၊ ၁၀၊ ၂၀၁၃။ ည ၁၀း ၅၀ နာရီ
No comments:
Post a Comment