Thursday, October 17, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၂၁)


၇၊ ၈၊ ၉၊ ၆။ သင့်တော်သည့် ၀င်/ထွက်ပေါက်များ စီစဉ်ပေးခြင်း

            ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ၀င်/ထွက်ရန် အန္တရာယ်ကင်းသော ၀င်/ထွက်ပေါက်၊ လှေခါးစသည်တို့ စီစဉ်ပေးထား ရပါမည်။ ထိုဝင်/ထွက်ပေါက်ကို မည်သည့်ပစ္စည်းနှင့်မှ ပိတ်ဆို့မနေစေရ။ ၀င်/ထွက်ပေါက်တွင် မီးအလုံအလောက် ထွန်းပေး ထားရမည်။ ၀င်/ထွက်ပေါက်ကို အတွင်း၌ လူများရှိနေစဉ်သာ ဖွင့်ထားပြီး အလုပ်သိမ်း၍ အထဲမှ လူအားလုံး ပြန်ထွက် လာသည်နှင့် အပေါက်ကို သေချာစွာပိတ်ကာ  ‘ကွန်ဖိုင်းစပေ့စ်၊ အန္တရာယ်ရှိသည်၊ မ၀င်ရ’ ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲ ထားခဲ့ရပါမည်။
            အကယ်၍ ကွန်ဖိုင်းစပေ့စ်တွင် အပေါက် နှစ်ပေါက်၊ သုံးပေါက်ဖြစ်နေခဲ့ပါက ၀င်/ထွက်ပေါက် တစ်ပေါက်မှ လွဲ၍ ကျန်အပေါက်အားလုံးကို ပိတ်ထားကာ‘ကွန်ဖိုင်းစပေ့စ်၊ အန္တရာယ်ရှိသည်၊ အခွင့်မရှိ မ၀င်ရ’ ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲ ထားရမည်။ ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်သူများသည် သတ်မှတ်ထားသည့် ၀င်/ထွက်ပေါက်မှသာ ၀င်/ထွက်ရမည်။
           
၇၊ ၈၊ ၉၊ ၇။ ရေများရှိနေလျှင် စုတ်ထုတ်ပစ်ခြင်း

            မြေအောက်ပိုက်လိုင်းများ၊ လိုဏ်ဂူများ၊ ကတုတ်ကျင်းများအတွင်း၌ ရေများရှိနေတတ်သည်။ အကယ်၍ ရေများ ရှိနေပါက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ စုပ်ထုတ်ပစ်ရပါမည်။ အဘယ်ကြောင့်ဆိုသော် ကွန်ဖိုင်းစပေ့စ်ထဲမှ ဓာတ်ငွေ့များကြောင့် အမှတ်မထင် မူးလဲကျသွားလျှင် ရေနစ်သေဆုံးတတ်ပါသည်။ ရေစပ်စပ်ရှိလျှင်ပင် ချော်လဲတတ်ပါသည်။
            အကယ်၍ လျှပ်စစ်သုံး လက်နက်ကိရိယာများ သုံးစွဲရမည်ဆိုပါက ရေရှိလျှင် ဓာတ်လိုက်မည့် အန္တရာယ်လည်းရှိပါ သည်။ အလုပ်လုပ်သည့်နေရာတွင်လည်း ရေထဲတွင်လုပ်ရသည်နှင့် ခြောက်သွေ့သည့်နေရာတွင် လုပ်ရတာ သက်တောင့် သက်သာရှိတာခြင်း မတူပါ။ ခြောက်ခြောက်သွေ့သွေ့လုပ်ရလျှင် အလုပ်ပိုတွင်ကျယ်ပါသည်။
            ထို့ကြောင့် ဖြစ်နိုင်လျှင် ကွန်ဖိုင်းစပေ့စ်ထဲတွင် ရေများရှိနေလျှင် အားလုံးကုန်အောင် စုပ်ထုတ်ပြီး အလုပ်လုပ်မည့် နေရာကို အ၀တ်စများဖြင့် ခြောက်သွေ့သည်ထိ သုတ်ထားသင့်ပါသည်။

၇၊ ၈၊ ၉၊ ၈။ သင့်တော်သည့် တစ်ကိုယ်ရေသုံးပစ္စည်းများ (PPE) ၀တ်ဆင်ခြင်း

            ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်သူအားလုံး ကိုယ်သိုင်းကြိုး (safety harness) ၀တ်ရပါမည်။ သို့သော် လင်းယတ် ချိတ်စရာ မလိုပါ။ အဘယ်ကြောင့်ဆိုသော် အကြောင်းတစ်ခုခုကြောင့် မူးမေ့လဲကျပါက ထိုကိုယ်သိုင်းကြိုးရှိ ချိတ်အား အသက်ကယ်ကြိုးနှင့် ချိတ်ကာ ဆွဲထုတ်ရ၊ သို့မဟုတ် မ,ထုတ်ရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။
            လူတစ်ယောက်၏ ခန္ဓာကိုယ် အလေးချိန်ကို ကောင်းကောင်းသယ်နိုင်မည့် အသက်ကယ်ကြိုးကို အပေါက်ဝမှနေ၍ အလုပ်လုပ်သည့်နေရာတိုင်အောင် ဆွဲထားရပါမည်။ သို့မှသာ ဓာတ်ငွေ့များကိုရှူမိ၍ မတော်တဆမူးလဲပါက အတွင်းသို့ ၀င်ရန် မလိုဘဲ အပြင်မှနေ၍ ကယ်ထုတ်နိုင်မည်ဖြစ်ပါသည်။ 


အခြားလိုအပ်သော တစ်ကိုယ်ရေသုံးပစ္စည်းများမှာ အန္တရာယ်ကင်းဘွတ်ဖိနပ် (safety shoe)၊ ခမောက်အမာ (helmet)၊ အသက်ရှူအထောက်အကူပြုကိရိယာ (respirator) နှင့် လုပ်ငန်းအတွက်လိုအပ်မည့် အန္တရာယ်ကင်း မျက်မှန် (safety glasses), လက်အိတ် (hand gloves), စသည်တို့ ဖြစ်ပါသည်။
            ကွန်ဖိုင်းစပေ့စ်သည် အလုံပိတ်နေရာဖြစ်သဖြင့် အနံ့အသက်မကောင်းနိုင်ပါ။ ထိုအနံ့များကြောင့် မူးမော်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အတွင်းဝင်လျှင် အသက်ရှူ အထောက်အကူပြုကိရိယာ (respirator) ၀တ်ဆင်သင့်ပါသည်။ ထိုပစ္စည်းက လေထဲမှမကောင်းသော အနံ့အသက်နှင့် အမှုန် အမွှားအားလုံးကို စစ်ပေးသဖြင့် အသက်ရှူရ အလွန်သက်တောင့်သက်သာ ရှိပါသည်။ သို့သော် ထိုကိရိယာသုံးစွဲမှုတွင် ကန့်သတ်မှုရှိသည်။ အောက်ဆီဂျင် အလွန်နည်းသည့်နေရာ၊ လေ၀င်လေထွက် အလွန်ညံ့သည့်နေရာ၊ အဆိပ်ငွေ့များရှိနေ နိုင်သည့်နေရာများတွင် ဤကိရိယာကို မသုံးသင့်ပါ။
            အောက်ဆီဂျင်အလုံအလောက်မရသော နေရာများ၌ အောက်ဆီဂျင်ဘူးများပါသည့် အသက်ရှုအထောက်အကူ ကိရိယာများ ၀တ်ဆင်ရပါသည်။


၇၊ ၈၊ ၉၊ ၉။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့နှင့် ကိရိယာများ အရံသင့်ထားရှိခြင်း


အရေးပေါ်အခြေအနေများအတွက် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်း လေ့ကျင့်ပေးထားရပါမည်။ ကယ်ဆယ်ရေးအဖွဲ့ ဟူသည် အလုပ်နှင့်မဆိုင်သော အခြားသူများ ဖြစ်စရာမလိုပါ။ သူတို့ကို သီးသန့်ခန့်ထားပြီး အဆင်သင့် ထိုင်စောင့်ခိုင်း ထားစရာလည်း မလိုအပ်ပါ။
            ထိုအဖွဲ့တွင် ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်နေသော အလုပ်သမားများ၊ ၎င်းတို့ကို ကူမည့်သူများ၊ ကင်းသမား၊ ကြီးကြပ်ရေးမှုး စသူတို့ ပါမည်။ ကြီးကြပ်ရေးမှုးလုပ်သူက အဖွဲ့ကို ခေါင်းဆောင်နိုင်သည်။ သို့သော် ၎င်းတို့ကို အရေးပေါ် အခြေအနေ (ဥပမာ - မီးလောင်ခြင်း၊ အဆိပ်ငွေ့ထွက်ခြင်း၊ တစ်စုံတစ်ယောက် မူးလဲခြင်း စသည်) ဖြစ်ပေါ်လာပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သင်ကြား လေ့ကျင့်ပေးထားရမည်။
            ကယ်ဆယ်ရေးအစီအစဉ် (Emergency Preparedness) ကိုလည်း ရေးဆွဲထားရမည်။ အရေးပေါ် ဆက်သွယ်ရမည့်ဖုံးနံပါတ်တို့ (ဥပမာ - အရေးပေါ်ယာဉ်၊ မီးသတ်၊ ရဲ၊ အနီးဆုံး ဆေးခန်း၊ ဆေးရုံ စသည်) လက်လှမ်းတမီတွင် အဆင်သင့် ရှိနေရမည်။
            ထို့ပြင်လည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် တစ်နှစ်တစ်ကြိမ် အစမ်းလေ့ကျင့်ခန်းလုပ်ရန် လိုပါသည်။ သို့မဟုတ်ပါက ကြာလျှင်မေ့လျော့ကုန်ပြီး အရေးကြုံလာသည့်အခါ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်တတ်ပါသည်။
            အရေးပေါ်ကယ်ဆယ်ရေးကိရိယာများကို တစ်လတစ်ကြိမ် စစ်ဆေးရန်လိုပြီး စစ်ဆေးပြီးကြောင်း မှတ်တမ်းတင် ထားရပါမည်။ အကယ်၍ တစ်စုံတစ်ရာ ချွတ်ယွင်းချက်တွေ့ပါက ချက်ချင်း အစားထိုးလဲလှယ်ရန်လည်း အရေးကြီးပါသည်။
            အရေးကြီးသည်မှာ ကယ်ဆယ်ရေးအဖွဲ့ဝင်များကိုယ်တိုင် ကွန်ဖိုင်းစပေ့စ်အတွင်း၌ မူးမေ့လဲကျခြင်း မဖြစ်ရန် ဖြစ်ပါသည်။ ထို့ကြောင့် အန္တရာယ်ကင်းစွာ ကယ်ဆယ်ရေး အစီအစဉ် (Safe Work Procedure) ကို သေချာကျနစွာ ရေးဆွဲ ထားရန်လိုပါသည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အတွက် လိုအပ်မည့် ပစ္စည်းများ (သည့်ထက်ပိုချင်ပိုနိုင်ပါသည်)

v  ကိုယ်သိုင်းကြိးနှင့် အသက်ကယ်ကြိုး
v  ထမ်းစင်
v  လှေခါး
v  လက်နှိပ်ဓာတ်မီး
v  SCBA (Self-Contained Breathing Apparatus)
v  မီးသတ်ဘူး
v  ရှေးဦးသူနာပြုသေတ္တာ

၇၊ ၈၊ ၉၊ ၁၀။ အပေါက်ဝတွင် ကင်းစောင့်ထားခြင်း (Confined Space Attendant) နှင့် လူအ၀င်အထွက်ကို စောင့်ကြပ်ခြင်း

            ကွန်ဖိုင်းစပေ့စ်သည် အန္တရာယ်ရှိသော နေရာဖြစ်သဖြင့် လူအ၀င်အထွက်ကို တင်းတင်းကြပ်ကြပ်တားမြစ် ထားရ မည်ဖြစ်၏။ ကွန်ဖိုင်းစပေ့စ်ကို မသက်ဆိုင်သူများမ၀င်နိုင်စေရန် ကာရံထားရပါမည်။ အခွင့်ရှိသူများသာဝင်ရမည် ဟူသော ဆိုင်းဘုတ်လည်း ချိတ်ဆွဲပြသထားရမည်။
            ကွန်ဖိုင်းစပေ့စ်အတွင်းဝင်ရာ အပေါက်ဝတွင် ကင်းစောင့်တစ်ယောက် ထားရမည်။ ထိုကင်းသမားသည် အထဲ၌ လူရှိနေသမျှ ကာလပတ်လုံး မည်သည့်နေရာသို့မှ မသွားရပါ။ အကယ်၍ အိမ်သာသွားလိုလျှင် အခြားတစ်ယောက်ကို သေသေချာချာမှာကာ လူစားထားခဲ့ရမည်။
            ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်မည့်သူများသည် ၎င်းတို့၏ ကွန်ဖိုင်းစပေ့စ်သင်တန်းဆင်းလက်မှတ် ကဒ်ပြားကို ကင်းသမားသို့ ပေးခဲ့ရမည်။ ကင်းသမားက ထိုကဒ်ပြားများကို အပေါက်ဝရှိ သင်ပုန်းပေါ်တွင် ချိတ်ဆွဲထားရမည်။ ထို့နောက် အတွင်းသို့ မည်သူများ၊ မည်သည့်အချိန်က ၀င်သွားကြောင်း မှတ်တမ်းစာအုပ် (log book) ပေါ်တွင် ရေးမှတ်ထားရမည်။ အကယ်၍ အထဲမှ တစ်ယောက်ယောက်ပြန်ထွက်လာလျှင် ၎င်းအား သူ့ကဒ်ပြားကို ပြန်ပေးလိုက်ပြီး ထိုသူမည်သည့်အချိန်က ထွက်သွားကြောင်း မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားရမည်။ ထိုသူပြန်ဝင်လာသည့်အခါတွင် မည်သည့်အချိန်က ပြန်ဝင်သွား ကြောင်း ထပ်မံမှတ်သားရမည်။ ဤနည်းအားဖြင့် ကွန်ဖိုင်းစပေ့စ်ထဲတွင် မည်သူတို့ ရှိနေကြောင်း အတိအကျ သိနိုင်သည်။
မည်သူပင်ဖြစ်စေ၊ မည်မျှကြီးမားသော အရာရှိကြီးပင်ဖြစ်စေ ကွန်ဖိုင်းစပေ့စ်သင်တန်းဆင်းလက်မှတ် မပါသူအား အထဲသို့ ၀င်ခွင့်မပြုရပါ။ ဤအချက်သည် အလွန်အရေးကြီး၏။
            ကင်းသမားသည် အထဲမှ လူများအခြေအနေကို ၁၅ မိနစ်၊ မိနစ် ၂၀ ကြာတိုင်း တစ်ခါ မေးမြန်းနေရမည်။ ပြင်ပမှ အခြေအနေကို အန္တရာယ်ကင်းမကင်း အမြဲအကဲခတ်နေရမည်။ ပြင်ပတွင် (မီးလောင်ခြင်းကဲ့သို့သော) အန္တရာယ်ရှိသည့် အခြေအနေတစ်ခုခု တွေ့ပါက အတွင်းမှလူများကို အပြင်ထွက်လာရန် အမြန်ဆုံး အကြောင်းကြားရမည်။
            အလုပ်ပြီးသွားသည့်အခါ ကင်းသမားသည် အထဲသို့ဝင်သွားသူအားလုံး ပြန်ထွက်လာကြောင်း သေချာစေရမည်။ မည်သူ တစ်ဦးတစ်ယောက်မှ ကင်းသမားမရှိဘဲ အထဲတွင် ကျန်မနေစေရပါ။
            အလုပ်လုပ်နေစဉ်အတွင်း Confined Space Safety Assessor က ကွန်ဖိုင်းစပေ့စ်အတွင်းမှ ဓာတ်ငွေ့အခြေအနေကို အနည်းဆုံး ၂ နာရီလျှင် တစ်ကြိမ် လာတိုင်းနေရမည်။
            နောက်ဆုံး အလုပ်ပြီးသွားပြီ။ လူအားလုံးပြန်ထွက်လာပြီ ဆိုလျှင် ထိုကွန်ဖိုင်းစပေ့စ် အပေါက်ဝကို သေချာစွာ ပိတ်ခဲ့ရမည်။ ထို့နောက် အန္တရာယ်ရှိသည်၊ မ၀င်ရ ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲခဲ့ရမည်။ တစ်ချိန်တည်းမှာပင် ထိုကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်ခွင့် လက်မှတ်ကိုလည်း ပိတ်သိမ်းလိုက်ရမည်။ ထိုအချိန်မှစ၍ ကွန်ဖိုင်းစပေ့စ်အတွင်း မည်သူမှ ၀င်ခွင့်မရှိတော့ပါ။


ဆက်ပါဦးမည်။

အေးငြိမ်း
၁၇၊ ၁၀၊ ၂၀၁၃။ ည ၁၁း ၀၅ နာရီ


No comments: