၇၊ ၉၊ ၆။ ၀န်ချီလုပ်ငန်းဆိုင်ရာ ကိရိယာများ (Lifting
Gear / Lifting Sling / Lifting Belts)
ဝန်ချီလုပ်ငန်းဆိုင်ရာ ကိရိယာများမှာ ထုတ်လုပ်သည့် ကုမ္ပဏီကိုလိုက်၍
အမျိုးမျိုး ကွဲပြားသွားသည်။ သို့သော် အခြေခံအသုံးပြုပုံမှာမူ အတူတူပင်ဖြစ်ပါသည်။ ၀န်ချီကြိုးကို
ပြုလုပ်သည့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သံနှင့် သံမဟုတ်သော (ဖိုက်ဘာ၊ ပိုလီယက်စတာစသည်)
ပစ္စည်းဟု နှစ်မျိုးခွဲနိုင်ပါသည်။ သံကြိုးတွင် ကွင်းများဆက်ထားသော ချိန်းကြိုး
(Chain Sling)နှင့် ၀ိုင်ယာများလိမ်ထားသော စလင်း (Wire Rope Sling) ဟု နှစ်မျိုးနှစ်စားရှိ၏။
ဝန်ချီကိရိယာအားလုံးကို
သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၌ စစ်ဆေးပြီး မှတ်ပုံတင်ထားရန်လိုပါသည်။ ထိုစစ်ဆေးချက်တွင်
သက်တမ်းရှိ၏။ (စင်ကာပူတွင် ထိုသက်တမ်းမှာ တစ်နှစ်ဖြစ်ပါသည်။) သက်တမ်းကုန်သွားလျှင်
ပြန်လည်စစ်ဆေးကာ လက်မှတ်ပြန်လည်ရယူထားရပါမည်။ ကြိုးချည်သူသည် ထိုပစ္စည်းကိရိယာများကို
တစ်နေ့တာ လုပ်ငန်းမစမီ သေချာစွာစစ်ဆေးကြည့်ရှုရမည်။ အပြစ်အနာအဆာကင်းသည့် ကိရိယာများကိုသာ
သုံးရမည်။
ဝန်ချီကိရိယာများသည်လည်း ၀န်ချီခြင်းလုပ်ငန်းတွင် အလွန်အရေးကြီးသည့်
ပစ္စည်းများဖြစ်၏။ ထိုပစ္စည်းများကို စနစ်တကျမသုံးစွဲလျှင်လည်း အန္တရာယ်ကြီးသည်သာဖြစ်၏။
ထို့ကြောင့် ထိုပစ္စည်းများကို သုံးစွဲရာတွင်လည်းကောင်း၊ သိမ်းဆည်းရာတွင်လည်းကောင်း
စနစ်တကျ ရိုသေစွာ သုံးစွဲ၊ သိမ်းဆည်းထားရမည်။
အသုံးမပြုသည့်အခါများတွင် ၀န်ချီကိရိယာများကို မြေကြီးပေါ် သည်အတိုင်း ပစ်မထားရ။ ၀န်ချီကိရိယာများ ထားသို သည့်နေရာတွင် စနစ်တကျ ထားသိုရမည်။ ဖြစ်နိုင်သမျှ ရာသီဥတုဒဏ်မှ ကာကွယ်ထားရပါမည်။ နေပူထဲတွင်ထားခြင်း၊ မိုးရွာထဲတွင်ထားခြင်းတို့ကို ရှောင်ကြဉ်ပါ။ အေး၍ ခြောက်သွေ့သော နေရာတွင် ထားရပါမည်။
ဝန်ချီကြိုးနှင့် ၀န်ချီကိရိယာများမှ အပြစ်အနာအဆာများ
ဝန်ချီကြိုးနှင့်
ဝန်ချီကိရိယာများတွင် နည်းမျိုးစုံဖြင့် အပြစ်အနာအဆာများ ဖြစ်တတ်သည်။ ပျက်စီးနေသော
ဝန်ချီ ကြိုးနှင့် ကိရိယာအချို့ကို အောက်တွင် ဖော်ပြထားပါသည်။
၇၊ ၉၊ ၇။ ပစ္စည်းများ၏ အလေးချိန် (Weight of the
material)
ဝန်ချီရာတွင်
မိမိသယ်မ,မည့်ပစ္စည်း၏ အလေးချိန်ကို မှန်မှန်ကန်ကန် တွက်ဆတတ်ရန် အရေးကြီးပါသည်။ မိမိ
တွက်ဆမှု မှားယွင်းသွားလျှင် ကရိန်းသည် မနိုင်ဝန်ဖြစ်မည်။ ၀န်ချီကြိုးများ၊ ၀န်ချီကိရိယာများ
ကျိုးပဲ့၊ ပျက်စီးနိုင်သည်။ ၀န်ချီနေစဉ်ကြိုးပြတ်ကျလျှင် လူပေါင်းများစွာ သေကြေပျက်စီးနိုင်သည်။
ထို့ကြောင့် ၀န်ချီခြင်းလုပ်ငန်းနှင့် ပတ်သက်နေသူ တိုင်း မိမိသယ်မည့် ၀န်၏ အလေးချိန်ကို
အနီးစပ်ဆုံး ခန့်မှန်းနိုင်ရန် လိုပါသည်။
အောက်ပါဇယားမှာ
ပစ္စည်းများ၏ စံအလေးချိန်ဖြစ်၏။ ပစ္စည်း၏ထုထည်ကိုတွက်ချက်ပြီး ထိုဇယားကို မှီငြမ်းပြု၍
မိမိ ချီမ-မည့်ဝန်၏ အလေးချိန်ကို ခန့်မှန်းနိုင်ပါသည်။
ပစ္စည်းများ၏ ထုထည်ကို တွက်နိုင်ရန် ပိုက်ပြင်ပိုက်ဆက်လက်စွဲစာအုပ်မှ
ပုံသေနည်းများကို ပြန်ထည့်ပေးလိုက်ပါသည်။
၇၊ ၉၊ ၈။ အရာဝတ္တုများ၏ ပုံသဏ္ဍာန်နှင့် မြေဆွဲအား ဗဟို
(Form and Centre of Gravity of Constructio Materials)
ဆောက်လုပ်ရေးလုပ်ငန်းများ၌
ဝန်ချီရာတွင် ပစ္စည်းအမျိုးစုံသလောက် ပုံပန်းသဏ္ဍာန်မှာလည်း မျိုးစုံပေသည်။ အရာဝတ္တုတစ်ခုကို
တည်ငြိမ်စွာ ချီမ-နိုင်ရန် ပစ္စည်းများ၏ မြေဆွဲအား ဗဟိုအကြောင်းကိုလည်း သိနားလည်ထားရန်
အရေးကြီး၏။ သို့မဟုတ်ပါက ပစ္စည်းနှင့် ထိခိုက်မိမည့်အန္တရာယ်၊ ကြိုးတစ်ချောင်းတည်းအပေါ်တွင်
ဝန်ပိနေမည့် အန္တရာယ် တို့ ရှိနိုင်ပါသည်။
ပစ္စည်းများကို တည်ငြိမ်စွာ ချီမ-နိုင်ရန် ၀န်ချီကြိုးနှင့်
ထိုပစ္စည်းတို့၏ မြေဆွဲအားဗဟိုတို့ အထက်အောက် မျဉ်း တဖြောင့်တည်း ကျနေရန်လိုသည်။ ထို့ကြောင့်
ဝန်ချီလုပ်ငန်းကြီးကြပ်သူနှင့် ကြိုးချည်သူတို့သည် အရာဝတ္ထုတို့၏ မြေဆွဲအား ဗဟိုတည်နေရာကို
ခန့်မှန်းတတ်ရမည်။
အောက်ပါတို့မှာ
ပုံမှန်ပစ္စည်းများတွင်ရှိသည့် မြေဆွဲအား ဗဟိုများဖြစ်ပါသည်။
မည်သည့်အနေအထားတွင်ဖြစ်စေ ၀န်ကိုချိတ်မည့် ချိတ်နှင့်
မြေဆွဲအားဗဟိုတို့ အထက်အောက် မျဉ်းတပြေးတည်း ကျနေရန် လိုပါသည်။ ပစ္စည်း၏ ပုံသဏ္ဍာန်ပြောင်းသွားသည်နှင့်
မြေဆွဲအားဗဟို၏ တည်နေရာလည်း ပြောင်းသွားပါသည်။ အောက်ပါပုံတို့ကို လေ့လာကြည့်ပါ။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၁ အောက်တိုဘာ ၂၀၁၃။ ည ၉း၀၆ နာရီ
No comments:
Post a Comment