Sunday, October 13, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၈)


၇၊ ၇၊ ၂၄။ အသက်ကယ်ကြိုးကို ဖမ်းထားမည့် နေရာများ (Anchor Points) (အန်ကာပွိုင့်)

            Anchor Point အတွက် စံနှုန်းမှာ EN795, Class A,B,C နှင့် EN362 တို့ဖြစ်၏။ Anchor Point အတွက် အနည်းဆုံး ကျိုးပြတ်အားမှာ ၁၅ ကီလိုနျူတန် (15kN) ဖြစ်သည်။ Body Harness များ၏ အဆက်သံကွင်းများ (connectors) ၏ အနည်းဆုံး ကျိုးပြတ်အားမှာလည်း ၁၅ ကီလိုနျူတန် (15kN) ပင်ဖြစ်၏။ ကိုယ်သိုင်းကြိုးများ၊ အသက်ကယ်ကြိုးများ မည်မျှ ကောင်းသည်ဖြစ်စေ ၎င်းတို့ကိုဖမ်းထားသည့် anchor point မကောင်းပါကလည်း အသက်ကို ကယ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် anchor point များကိုလည်း သေချာကျနစွာ တပ်ဆင်ရန်လိုပါသည်။
            Anchor point နှစ်မျိုးရှိသည်။ အမြဲတမ်း (permanent) နှင့် ယာယီ (temporary) တို့ဖြစ်၏။ အမြဲတမ်းအတွက် တပ်ဆင်ထား သော anchor point မှာ သေသေချာချာဆင်ထား၍ စိတ်ချလက်ချ သုံးနိုင်မည်ဖြစ်သော်လည်း ယာယီအတွက် ဆင်ထားသော anchor point များကိုမူ သေသေချာချာ ခိုင်ခိုင်မြဲမြဲရှိစေရန် စမ်းသပ်စစ်ဆေးရန် လိုပါသည်။
Anchor point တွင် အသက်ကယ်ကြိုး (Life line) ကိုချည်ရာ၌ ထုံးစံအားဖြင့် အထုံးထုံးချည်ကြပါသည်။ ထိုကဲ့သို့ အထုံးထုံး လိုက်သောအခါ ကြိုး၏ခံနိုင်ရည်အားမှာ ၄ ပုံတစ်ပုံမျှ လျော့ကျသွားသည်။ ထို့ကြောင့် ထို အသက်ကယ်ကြိုးသည် လူ ပြုတ်ကျသွားသည့် ဒဏ်ကို ခံနိုင်သော ခိုင်မာတောင့်တင်းသည့် ကြိုးဖြစ်ရန် အရေးကြီးပါသည်။
ထိန်းချုပ်ကြိုး ချိတ်ရမည့်နေရာ (Anchor Point) ဒီဇိုင်းအမျိုးမျိုးရှိပါသည်။ အောက်တွင် အချို့ ဒီဇိုင်းများကို ဖော်ပြထားပါသည်။






 ၇၊ ၇၊ ၂၅။ ကိုယ်သိုင်းကြိုးကို စနစ်တကျ ၀တ်ဆင်ခြင်း


 ၇၊ ၇၊ ၂၆။ အမြင့်မှ ပြုတ်ကျခြင်းကို ကာကွယ်ပေးသည့် ပစ္စည်းများ (Fall Prevention Equipment) အား ထိန်းသိမ်းခြင်း

  • ပစ္စည်းများကို သုံးပြီးသည့်အခါတိုင်း သန့်ရှင်းရေးလုပ်ပါ။
  • ရေသန့်သန့်တွင် ဆပ်ပြာမှုန့်အနည်းငယ်ထည့်ပြီး သန့်ရှင်းရေး လုပ်နိုင်ပါသည်။
  • သံကွင်းများကို ခြောက်သွေ့သော အ၀တ်စသန့်သန့်ဖြင့် သုတ်ပါ။
  • အခြောက်ခံသည့်အခါ ကျောဘက်ရှိ ကွင်း (D-Ring) မှ ချိတ်လှန်းပါ။
  • နေပူထဲတွင်မလှန်းပါနှင့်။ အရိပ်ထဲတွင်ပင် လှန်းပါ။
  • ကိုယ်သိုင်းကြိုးကို သန့်ရှင်းရေးလုပ်ရာတွင် အရောင်ချွတ်ဆေး၊ ချေးချွတ်ဆေးစသော မည်သည့် ဓာတုဗေဒပစ္စည်းမှ မသုံးပါနှင့်။
  • ကိုယ်သိုင်းကြိုးကို နေရောင်တိုက်ရိုက်ကျသည့်နေရာ၊ ပူလွန်းသောနေရာများတွင် မထားပါနှင့်။
  • အေး၍ခြောက်သွေ့သောနေရာတွင် ထားပါ။
  • ကြာရှည်မသုံးပါက သန့်ရှင်းသောအိတ်အတွင်း ထည့်ထားပါ။


၇၊ ၇၊ ၂၇။ ပြုတ်ကျလျှင် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း

  • ပြုတ်ကျသည့်အခါ ခန္ဓာကိုယ် လေထဲတွင် တန်းလန်းနေနိုင်ချိန်မှာ ၈ မိနစ်မှ ၁၀ နစ်ထက် မပိုပါ။
  • ပြုတ်ကျလျှင် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ပြုမည်။
  • ခြေထောက်ပိုင်းတွင် သွေးများသည် နှလုံးသို့ ပြန်ရောက်နိုင်အား နည်းသွားသည်။
  • နှလုံးမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးပို့နိုင်စွမ်း ကျသွားသည်။
  • မူးဝေလာမည်။
  • မေ့မျောသွားနိုင်သည်။
  • ပြုတ်ကျပြီး ဆယ်မိနစ်အတွင်း မကယ်နိုင်လျှင် အသက်အန္တရာယ်ရှိပါသည်။

               ပြုတ်ကျလျှင် တန်းလန်းနေခြင်းထက် ဒူးကိုကွေးပြီး ထိုင်သည့်ပုံစံရောက်အောင် နေခြင်းဖြင့် သက်သာရာ ရစေနိုင်ပါသည်။ ကြိုးကိုဆွဲပြီး မိမိဘာသာဆွဲတက်နိုင်လျှင် ပိုကောင်းပါသည်။ အကယ်၍ ဆွဲတက်ရန် အားမရှိပါက အသက်ကယ်ကြိုး (life line) ကို ကွင်းပြုလုပ်ကာ ထိုကွင်းအတွင်း တက်ရပ်နေလျှင် ကြာရှည်နေနိုင်ပါသည်။ သို့မဟုတ် နံရံကိုကန်ထားကာ ကိုယ်အလေးချိန်ကို ပင့်ထားခြင်းဖြင့် သက်သာရာရစေနိုင်ပါသည်။


၇၊ ၇၊ ၂၈။ အပေါ်မှကျလာသော ပစ္စည်းများဖြင့် ထိခိုက်မိခြင်း (Struck by Falling Objects)

            ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ထိခိုက်ရှနာများသည့် နောက်အန္တရာယ်တစ်မျိုးမှာ အမြင့်မှကျလာသည့် ပစ္စည်းများနှင့် ထိခိုက်မိခြင်းဖြစ်ပါသည်။ ကျလာသည့် ပစ္စည်းအရွယ်အစားနှင့် အမြင့်တို့ပေါ်မူတည်၍ ဒဏ်ရာပြင်းထန်မှုပမာဏ ကွာသွားပြီး အသက်သေသည်ထိ ဖြစ်နိုင်ပါသည်။
            ပစ္စည်းများ အပေါ်မှပြုတ်မကျနိုင်စေရန် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

၁။ ကြမ်းပြင်အစွန်းများကို ကာရံထားပါ (Barricades) ။ ခြေကာပြား (Toe board) များ တပ်ဆင်ထားပါ။
၂။ အပေါက်များကို ဖုံးထားပါ။
၃။ ပစ္စည်းများကို အပေါက်များအနီး၊ ကြမ်းပြင်အစွန်းများ၌ မထားပါနှင့်။ 
၎။ အန္တရာယ်ကင်းပိုက်ကွန် (Safety Net) များ ကာရံထားပါ။
၅။ လုပ်ငန်းခွင်ကို အမြဲသန့်ရှင်းရေး လုပ်ပါ။ (House Keeping)








  • ငြမ်းစင်ပေါ်တွင် မည့်သည့်အခါမှ ပစ္စည်းများကို ဖရိုဖရဲမထားပါနှင့်။
  • ငြမ်းစင်ပေါ်မှ ပစ္စည်းများ၊ အမှိုက်များကို ပစ်မချရ။
  • လက်သုံးကိရိယာများကို လက်နက်သေတ္တာအတွင်း ထည့်ထားပါ။ အလွတ်ထားလျှင် ပြုတ်ကျတတ်သည်။
  • အဆောက်အဦများ၏ အပြင်ဘက်ပတ်လည်တွင် အပေါ်မှ ပြုတ်ကျလာသည့် ပစ္စည်းများကို ဖမ်းယူထားနိုင်ရန် catch platform များ တပ်ဆင်ထားပါ။
  • Catch platform နှင့် walk way များ အပေါ်ဘက်၌ အလုပ်လုပ်စရာရှိပါက ဘွန်းမ်လစ်ဖ် (boom lift) သုံးပါ။






ဆက်ပါဦးမည်။

အေးငြိမ်း
၁၃၊ ၁၀၊ ၂၀၁၃။ ည ၀၁း ၀၈ နာရီ


No comments: