၁၁၃။ တာဝန်ယူမှု
မည်သည့်အလုပ်ကို
လုပ်သည်ဖြစ်စေ မိမိလုပ်သောအလုပ်ကို မိမိတာဝန်ယူရမည် ဖြစ်ပါ၏။ ငါ့လက်ကလွတ် ဗြွတ် ဟု
မလုပ်သင့်ပါ။ မိမိကြောင့် လူတစ်ဖက်သား မည်မျှနစ်နာမည်လဲ အမြဲဆင်ခြင်ရမည် ဖြစ်ပါသည်။
ဤဘာသာပြန်ရေးကိစ္စတွင်
အဓိကတာဝန်ရှိသူမှာ ဘာသာပြန်ရန် တာဝန်ယူထားသော ECC Project မှ အရာရှိ ဖြစ်ပါသည်။ အကယ်၍
ထိုအရာရှိ အနားယူသွားလျှင် သူ့ကိုဆက်ခံသော သူမှာတာဝန်ရှိပါသည်။ ဟာ - သူ လုပ်သွားတဲ့
ကိစ္စ ကျုပ်နဲ့ ဘာဆိုင်သလဲဗျ ဟု တရားလက်လွတ် မပြောသင့်ပါ။ သူ့တာဝန်ကို ကိုယ် ဆက်ယူရခြင်းဖြစ်၍
သူလုပ်သွားသည့် ကိစ္စကိုလည်း ရှင်းပေးရပါမည်။
ဘာသာပြန်စာအုပ်
ရလာပြီ ဆိုကတည်းက တတ်ကျွမ်းနားလည်သော မြန်မာ Safety တစ်ဦးဦးကို ပြသမေးမြန်းကာ အကြံဉာဏ်
တောင်းခံသင့်ပါသည်။ အသုံးအနှုံးများ မှန်မမှန်၊ ၀ါကျ တည်ဆောက်ပုံ၊ သတ်ပုံများ စသည်တို့ကို
သေသေချာချာ စစ်ဆေးပြီးမှ နောက်ဆုံး အဆင့်အနေနှင့် စာအုပ်ထုတ်ဘို့ လုပ်သင့်ပါသည်။
ဤမျှ အကုန်အကျခံ၊
အလုပ်ကြီး အကိုင်ကြီးလုပ်ပြီးမှ ဖြစ်ကတတ်ဆန်း ရလဒ်တစ်ခု ထွက်ပေါ်လာသည့်အပေါ် သူတို့ မည်သို့
သဘောထားသည်ကို ကျွန်တော် နားမလည်နိုင်ပါ။
နောက်
တာဝန်ရှိသူမှာ အခကြေးငွေယူပြီး ဤစာအုပ်ကို ဘာသာပြန်ပေးသူ ဖြစ်ပါသည်။
လက်တွေ့
ဘာသာပြန်ပေးသူ ထို သူငယ်မကလေးထံ ရောက်ရန် ECC အရာရှိမှတစ်ဆင့် ဘယ်နှစ်ယောက် လက်လွှဲ
တာဝန်ယူ ခဲ့သည်ကို မသိပါ။ သို့သော် ငါးယောက်ထက်တော့ နည်းမည်မထင်။ ထို ကလေးမလေးအနေနှင့်
အီးစီစီဆိုတာ ဘာမှန်းသိလိမ့်မည် မဟုတ်ပါ။ အီးစီစီ အရာရှိမှ တစ်စုံတစ်ယောက်သို့ တာဝန်ပေးလိုက်မည်။
ထိုတစ်ယောက်က မိမိနှင့်ကျွမ်းဝင်သူ နောက် မြန်မာတစ်ဦးသို့ လွှဲလိုက်မည်။ ထိုသူက သိပ်မနည်းလှသော
ငွေကြေးကို ဘာမှမလုပ်ရဘဲ အချောင်ရမည့်ကိစ္စ ဖြစ်သဖြင့် ၎င်းနှင့် ပတ်သက်ဆက်နွယ်နေသူ တစ်ဦးကို
ပေးလိုက်မည်။ ထိုသူကမှ တစ်ဆင့် မြန်မာပြည်ရှိ သူ့ဆွေမျိုး တစ်ဦးဦးသို့ ပေးလိုက်မည်။
ထိုသူကမှ တစ်ဆင့် ဟို ဘာသာပြန် သည် ဆိုသော ကလေးမလက်ထဲ ရောက်လာတာ ဖြစ်ပါလိမ့်မည်။
သိန်း
၁၅၀ ကို အဆင့်ဆင့် ဖြတ်အုပ်ကြမှာ သေချာနေသည် ဖြစ်ရကား ထိုကလေးမလေးအနေနှင့် ငါးသိန်းလောက်သာ
ရတာ ဖြစ်ပါလိမ့်မည်။ ထိုအခါ ဘယ်ရောက်မည်မှန်း မသိရသော ထိုစာများအတွက် မြန်မာစာဖြစ်ပြီးရော
သဘောဖြင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဘာသာပြန်ချလိုက်တာ ဖြစ်ချင်ဖြစ်ပါလိမ့်မည်။
သို့မဟုတ် ကြိုးစားပမ်းစား ဘာသာပြန်ပါသော်လည်း ဘာမှ နားမလည်သဖြင့် ဤကဲ့သို့ ဖြစ်သွားရခြင်းလည်း
ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဘာပဲပြောပြော သူ့ထံမှ ပိုက်ဆံယူပြီးလုပ်သည့်အတွက် သေသေချာချာ
လုပ်ပေးဘို့ မကောင်းပါလော။
ကျွန်တော်တို့
ကိုရွှေဗမာများ တာဝန်မဲ့တာ သည်တစ်နေရာတည်း မဟုတ်ပါ။ လွန်ခဲ့သည့် ငါးနှစ်ကျော်က ကျွန်တော့်မိတ်ဆွေများ
ဆောက်နေသော တိုက်၌ အခန်းတစ်ခန်း ၀ယ်လိုက်၏။ ၀ယ်ရင်းဈေးက သိန်း ၂၂၀။ နောက် အခင်းမကောင်းတော့
ပြင်လိုက်။ နံရံများမှာ လိုဏ်ခေါင်းတွေ ချည်းဖြစ်နေသဖြင့် ပြန်ပြင်လိုက်။ အိမ်သာကြွေခွက်ကို
အညံ့စားကြီး ထည့်ထားသောကြောင့် အသစ်လဲထည့်လိုက်။ တံခါးများကို တောသစ်အညံ့စားများနှင့်
လုပ်ထားသဖြင့် ပြန်လဲလိုက်။ မီးကြိုးများကို နှစ်ပင်လိမ် ကြိုးသေးသေးလေးများ ထည့်ထားသဖြင့်
ပြန်လဲလိုက်။ ရေတင်သည့် မော်တာ။ ရေတိုင်ကီ စသဖြင့် တစ်အိမ်လုံးလိုလို ပြန်လဲထည့်ရလေရာ
နောက်ဆုံး စာရင်းချုပ်လိုက်တော့ သိန်း ၃၅၀ ခန့်ဖြစ်သွား၏။ လက်ရှိအိမ်နားနီးနေသဖြင့်
မမက နေ့တိုင်းသွားကြည့်ကာ တစ်ပြောထဲပြောနေသဖြင့်သာ ဤမျှ လူနေလို့ရရုံ တိုက်ခန်း တစ်ခန်း
ဖြစ်လာပါသည်။ ပိုင်ရှင်ကဘာမှ မပြောဘဲ သည်အတိုင်းဆောက်ထားသော တိုက်ခန်းများ သွားကြည့်ကြပါခင်ဗျား။
သို့ဆိုလျှင်
ဤတိုက်ဆောက်သူမှာ မိမိဆောက်သော တိုက်အတွက် တာဝန်မရှိဘူးလား။ ဘယ့်နှာကြောင့် ဖြစ်ကတတ်ဆန်း
ပစ္စည်းအညံ့စားတွေနှင့် လုပ်ရသနည်း။ သည်မျှတန်ဘိုးကြီးသောအိမ်ကို ပစ္စည်းအညံ့စားများဖြင့်
ဆောက်ရန်မသင့်ဟု မတွက်ပါသလော။ သို့မဟုတ် ပစ္စည်းအကောင်းစားများသုံးလျှင် ဈေးကြီးပြီး
လူမ၀ယ်မှာစိုးသဖြင့် ဈေးချရောင်းကာ ပစ္စည်းအညံ့များ သုံးသလော။
အိမ်ဆိုသည်မှာ နှစ်နှစ်၊ သုံးနှစ်နေပြီး ပစ်လိုက်ရသည့် ခဏပန်းသုံးရသော ပစ္စည်းမျိုးမဟုတ်။
မိမိတို့တစ်သက် သားစဉ်မြေးဆက် နေသွားရန် ကြံရွယ်ကြသူချည်း။ သို့အတွက် ကောင်းကောင်းလေး
ဆောက်မပေးသင့်ပါသလော။
ကျွန်တော် ၂၀၀၉ ဇန္န၀ါရီလ အိမ်ပြန်သွားတော့ အိမ်အခြေအနေ အကဲခတ်ကြည့်ပါသည်။ ပီဗီစီနှင့်ပြေးထားသည့်
ရေပိုက်များမှာ ကောက်သည့်နေရာကကောက်၊ ကွေးသည့်နေရာကကွေး၊ နံရံပေါ်တွင် ကပ်တပ်ထားပါသည်။
ပိုက်နှင့် နံရံအကြားတွင် ပလာစတာ ဖြူဖြူများ ကပ်ထားရာ ကျွန်တော်သွားကြည့်ချိန်တွင်
အတော်များများမှာ ကွာကျ၍အပေါက်များ ဖြစ်နေသည်ကို တွေ့ခဲ့ရပါသည်။ အိမ်သာသို့ သွယ်ထားသည့်
ရေပိုက်မှ ရေယိုကာ တစ်စက်စက်ကျနေသဖြင့် အနီးရှိကုန်မာဆိုင်သို့ ပီဗီစီပိုက်ကလေးများ
သွားဝယ်ကာ ကိုယ့်ဟာကိုယ် ပြင်လိုက်ရပါသည်။ ဒါတောင် ရေပိုက်မှာ အထဲ၌ ဖိအားရှိတာမဟုတ်။
တိုက်ခေါင်မိုးပေါ် တင်ထားသော ရေကန်မှ မြေဆွဲအားဖြင့် ဆင်းလာသောရေ ဖြစ်၏။
အိမ်နောက်ဖေးဘက်၊ အရေးပေါ်ထွက်ပေါက် လှေခါးတပ်ထားတာလည်း ကြည့်လိုက်ပါဦး။ ထိုလှေခါးကို
ငါးမူးသံချောင်းများဖြင့် လုပ်ထားသည်။ ခြေနင်းတန်းများမှာ ဂဟေဆော်ထားတာမဟုတ်။
tacking တွဲထားခြင်းမျှ ဖြစ်၏။ ထိုလှေခါးကို မည်သို့ဆင်းရပါမည်နည်းဟု ကျွန်တော် နေရာလိုက်ရှာကြည့်သည်။
မီးဖိုချောင် ပြတင်းပေါက်မှ ကျော်ဆင်းလျှင် ရနိုင်သည်။ သို့သော် ထိုသို့ ဆင်းလျှင်တောင်မှ
လှေခါး နှင့် ပြတင်းပေါက်မှာ နှစ်မီတာခန့် ဝေးနေသေးသည်ဖြစ်ရာ ပြတင်းပေါက်မှ ကျော်ပြီး
လှေခါးကိုကူးလျှင် တိုက်အောက်သို့ ပြုတ်ကျမည်မှာ သေချာလှပေသည်။ ထို့ကြောင့် အရေးဟေ့ဆိုလျှင်
မီးလောင်လို့မသေ၊ အရေးပေါ်လှေခါးမှ ပြုတ်ကျလို့ သေစရာရှိသည်။
မိတ်ဆွေများခင်ဗျား -
“ကိုယ့်ကိစ္စပဲလုပ်လုပ်၊ သူများကိစ္စပဲ လုပ်လုပ်၊ အလုပ်ကိစ္စပဲ ဖြစ်ဖြစ်၊ ကူညီတာပဲ
ဖြစ်ဖြစ်။
ဘာပဲလုပ်လုပ် စေတနာကလေးထားပြီး သေသေသပ်သပ်၊ ကောင်းကောင်းမွန်မွန် လုပ်ပေးပါ”
ဟု ကျွန်တော် ဤနေရာမှ တိုက်တွန်းလိုက်ပါသည်။
အီးစီစီ ပရောဂျက်အကြောင်း ပြန်ဆက်ပါမည်။
သည်ပရောဂျက်က ရှဲလ်ကပိုင်သဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အတော်လုပ်ကြောင်း
ပြောခဲ့ပါ၏။ သို့သော် သူတို့ ဘယ်လို လုပ်သည်ကို ကျွန်တော် သေသေချာချာ မသိပါ။ ကျွန်တော်မြင်ရသလောက်တော့
အရမ်းအထင်ကြီးစရာ မရှိပါ။ အဘယ်ကြောင့်ဆိုသော် အာရှတိုင်းပြည်ဖြစ်သောကြောင့်ပါတည်း။
သည်လိုပင်ပြောရပါလိမ့်မည်။
ဂျေဗီ၌
safety ၀န်ထမ်းများစွာကို လခကောင်းကောင်းပေးကာ ခန့်ထားပါသည်။ သို့သော် များသောအားဖြင့်
၎င်းတို့မှာ ဆေးလိပ် သောက်သည့်ရုံ၌ စုရုံးစုရုံး လုပ်လိုက်။ ကန်တင်း၌ စုရုံးစုရုံးလုပ်လိုက်။
သည်မျှသာ ဖြစ်ပါသည်။ သည့်အတွက်လည်း ယခင်က safety ဆို ကျွန်တော်အထင်မကြီးတာ ဖြစ်၏။ ကျွန်တော့်အမြင်မတော့
လပ်လျားလပ်လျားသမားများချည်း ဖြစ်၏။
တစ်နေ့တွင်
ပရောဂျက်ထဲ၌ ရုတ်ရုတ်၊ ရုတ်ရုတ်ဖြစ်၏။ အကြောင်းကို မေးလေသော် ထိုကျွန်းပေါ်မှ အလုပ်သမားများထားရာ
အဆောင်များ၌နေသော ကိုဇေယျာထွန်းက အောက်ပါအတိုင်း ပြန်ပြောပြပါသည်။
“မနက် လေးနာရီလောက်မှာ ဂက်စ်နံ့တွေ အရမ်းနံလာတယ်
အစ်ကို၊ အသက်ရှူကြပ်ပြီး မျက်လုံးတွေလည်း စပ်လာတယ်။ ကျွန်တော်တို့လည်း ကြောက်လန့်ပြီး
သင်္ဘောဆိပ်ကို အလုအယက်ပြေးကြတာပေါ့။ အဲဒီမှာ ညဘက်တာဝန်ကျနေတဲ့ ဂျေဗီက safety တွေ လည်းရှိတာပဲ။
ဒီလောက် ဆူညံပွက်လောရိုက်နေတာ သူတို့ ဘယ်မသိဘဲ နေမလဲ။ ဆစ်စကို ရဲတွေကလည်း သူတို့ကို
သေချာပေါက် အကြောင်းကြားမှာပဲ။ ဒါပေမဲ့ အဲဒီအချိန်တုံးက ဘယ်သူမှ ပေါ်မလာ၊ ဘာအရေးတယူမှ
လုပ်မပေးဘူးအစ်ကို။ ခုထိလည်း ဘာသံမှ မကြားရဘူး။ အဲဒီ ဂက်စ်တွေ ဘယ်ကထွက်တာလဲ။ ဘာဂက်စ်တွေလည်း။
အဲဒီ ဂက်စ်နံ့နံရင် ဘာလုပ်ရမလဲ။ ဘယ်လို ကယ်ဆယ်ရေး အစီအစဉ်တွေရှိသလဲ။ ကျွန်တော်တို့
ဘာမှမသိရဘူး။ ဖြစ်လို့ကတော့ အကုန်သေကုန်မှာဘဲ။ ကျွန်တော်ကတော့ ဂက်စ်က ရေနဲ့ဆို သက်သာတယ်ဆိုလို့
အ၀တ်ကို ရေဆွတ်ပြီး နှာခေါင်း အုပ်ထားရတာပဲ။”
ကိုဇေယျာထွန်းပြောတာ
အမှန်ဖြစ်ပါသည်။ အမှန်ဆို သည် ဓါတ်ငွေ့ယိုစိမ့်သည့်အကြောင်း ကန်ထရိုက်တာအားလုံးသို့
အကြောင်းကြားကာ မည်သည့်ဓါတ်ငွေ့ဖြစ်သည်။ အန္တရာယ်မည်မျှရှိသည်။ မည်ကဲ့သို့လုပ်ရမည် စသဖြင့်
ညွှန်ကြားချက် ထုတ်ဘို့ မကောင်းပါလား။ ယခုတော့ အားလုံးတိတ်ဆိတ်နေသည်။ မည်သူကမှ ဘာမှမပြော။
ကျွန်တော်လည်း စာရောက်နိုးရောက်နိုးနှင့် စောင့်ကြည့်တာ ဘာစာမှ မရပါ။
သို့ဆိုလျှင်
၎င်းတို့ အရေးတကြီးထား လုပ်နေပါသည်ဆိုသော safety ဆိုတာ ဘာ safety လည်းဟု မေးခွန်းထုတ်စရာ
မဟုတ်ပါ လော။ ကိုဇေယျာထွန်းပြောသကဲ့သို့ပင် တကယ့်တကယ်သာ သေလောက်သော ဓါတ်ငွေ့တွေထွက်လာပါက
အကုန်သေကုန်မည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကျွန်းမှလွဲ၍ မည်သည့်နေရာသို့ ပြေးမည်နည်း။
မဟာဇနက္ကမင်းသားထုံး၊ နှလုံးမူကာ ပင်လယ်ထဲ လက်ပစ်ကူး ဘို့သာ ရှိ၏။
သည်တော့
ကျွန်ုပ်က ၎င်းတို့ တာဝန်ယူသည်ဆိုသည်မှာ ဘာတာဝန်တွေကို ယူတာပါလဲဟု နှုတ်ခမ်းတစ်ဖက်ကိုရွဲ့ကာ
မေးလိုက်ချင်ပါသည်။
၁၁၄။ ၀င်ဝါး (Wing Wah)
သည်ပိုက်လိုင်းကို
ကျွန်တော်တို့ ကန်ထရိုက်ပေးထားသည့် ကုမ္ပဏီမှာ ၀င်ဝါး ဖြစ်၏။ သူတို့ အဓိကလုပ်တာက ပန့်များပြင်တာ၊
ပြုပြင်ထိန်းသိမ်းရေးလုပ်ပေးတာ ဖြစ်၏။ ပိုက်လုပ်ငန်းအတွေ့အကြုံ မရှိ။ သည်တော့ လုပ်ရတာ
အတော်လေး ခွကျပါသည်။ သို့သော် ကျွန်တော်ကံကောင်းပါသည်။ ၎င်းတို့တွင် မြန်မာများရှိ၏။ ပိုက်လုပ်ငန်းအတွေ့အကြုံလည်းရှိသည်။
စူပါဗိုက်ဆာများမှာ ကိုနိုင်ဝင်း၊ ကိုမင်းမင်းထွန်း၊ ကိုမင်းသန့် နှင့် ကိုဇော်မင်းလတ်တို့
ဖြစ်၏။ အလုပ်သမားလေးများလည်း ရှိပါသည်။ ကိုမင်းသန့်မှာ ၀င်ဝါး၏ sub-con မှ ဖြစ်သည်။
သူတို့ရှိ၍သာ ကျွန်တော် အတော်သက်သာခြင်းဖြစ်၏။
ကိုယ့်ငါ့ချဉ်မို့
ကိုယ်ချဉ်သည်ဟု မထင်ပါနှင့်ခင်ဗျား။ ကျွန်တော်တို့မြန်မာများမှာ တစ်ထွာပြလျှင် တစ်တောင်မြင်သည်။
နားပါးသည်။ မြန်မာအားလုံးမဟုတ်သော်မှ အများစုမှာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြသူများ
ဖြစ်၏။ ထို့ကြောင့် ကျွန်တော်ကတော့ မြန်မာများကို သဘောကျသည်။ ကိုနိုင်ဝင်းရေ့၊ ဒီနေရာမှာဒီလိုရှိတယ်။
ဟောဒါကို ဒီလိုပြေးရမယ် စသဖြင့် ပြောလိုက်လျှင် သူတို့ဟာသူတို့ ကြည့်ကျက်လုပ်သွားတာဖြစ်၏။
တစ်ခါတစ်ရံ သူတို့မသိတာ၊ မရှင်းတာကျမှ လာမေးသည်။ သည်တော့ ကျွန်တော် ခေါင်းမခဲရ။ ကိုယ်လုပ်စရာရှိတာ
အာရုံစိုက် လုပ်နိုင်သည်။
ကိုမင်းမင်းထွန်းက ပိုက်အထိုင် (pipe support) များတာဝန်ယူလုပ်သည်။ ကျွန်တော်က
ပိုက်အထိုင်အမျိုးအစားများ၊ မည်သည့် နေရာတွင် မည်သည့်ပိုက်အထိုင်များ တပ်ရမည်ဖြစ်ကြောင်း
ပြောပြလိုက်၏။ နောက်ပိုင်း သူ့ဟာသူ ကြည့်ကျက် တပ်သွားသည်။ ဘာပြဿနာမှမရှိ။ ကိုမင်းသန့်တို့
လတ်လတ်တို့က ဗားများ စသည့် ကိရိယာ (instrument) များ တပ်သည်။ ဒါလည်း ပြဿနာမရှိပါ။ သူတို့
ကို P&ID (Piping and Instrument Diagram) drawing ဖတ်တတ်အောင်ပြထားလိုက်သည်နှင့်
ကိစ္စပြီးတော့သည်။
ကျွန်တော်တို့ ရွှေမြန်မာများက ဘာကိစ္စမှ မရှိ။ ကိစ္စရှိသည်မှာ သူတို့လူများဖြစ်သည်။
ပရောဂျက်မန်နေဂျာအဖြစ်
ရောက်လာသူများမှာ အူကြောင်ကြားများ ဖြစ်၏။ ဒါ သူတို့အပြစ်မဟုတ်ပါ။ သူတို့လုပ်နေကျအလုပ်
မဟုတ်လို့ မလုပ်တတ်တာ ဘာမှအပြစ်မရှိ။ သူတို့ကလည်း ပိုက်အကြောင်းနားမလည်ကြောင်း ရိုးရိုးသားသား
ဝန်ခံပါသည်။ တစ်ခါသော် ပိုက်အထိုင်များ ရောက်လာပြီဆိုသဖြင့် ကျွန်တော်သွားကြည့်သည်။
သောက်တလွဲ။ လွဲသမှ တစ်ခုနှစ်ခုမဟုတ်။ ပိုက်အထိုင် အားလုံးလိုလို မှားနေသည်။
သည်တော့
ကျွန်တော်က ပိုက်အထိုင်တွေ မှားနေကြောင်း၊ သည်ပိုက်အထိုင်များကို တာဝန်ယူလုပ်နေသူအား
ကျွန်တော့်ဆီ လွှတ်လိုက်ပါ။ ကျွန်တော်သေသေချာချာ ရှင်းပြပါမည် ဆိုတာကို သူတို့က
drawing အတိုင်း အတိအကျလုပ်တာပါ ဆိုကာ အတင်း အကျောက်အကန် ငြင်း၏။ ကျွန်တော်ဆိုသည့်လူကလည်း
စိတ်က - င်ဝပြူနေသူဖြစ်ရာ သူတို့လည်း မသိပါဘဲလျှက် အတင်းငြင်းနေခြင်းကို သည်းမခံနိုင်။
အလွန် စိတ်ဆိုး၏။ သည်တော့ သူတို့မန်နေဂျာဖြစ်သူ ပီတာကို ချဲလင်းလုပ်သည်။
ဒီမှာကိုယ့်လူ။
ငါ အင်ဂျင်နီယာဘွဲ့ကို မာစတာနဲ့ပြီးထားတာ။ ပိုက်လုပ်ငန်းလုပ်လာတာ ဆယ်နှစ်ကျော်ပြီ။
မင်းက ငါ့ထက်ပိုတတ် ပါတယ်ဆိုရင် အဲဒီရှေ့မှာပုံထားတဲ့ drawing အားလုံးယူခဲ့ပါ။ မင်းနဲ့ငါ
ပြိုင်ဖတ်မယ်။ မဖတ်တတ်တဲ့လူ အရှုံး။ ဘယ့်နဲ့လဲ ဟု လူရှေ့သူရှေ့၌ စိန်ခေါ်လေသော် အနှီ
မန်နေဂျာကြီးမှာ မျက်နှာကြီးများနီလျှက် စိတ်ရိုင်းဝင်နေသည့် နွားသိုးကြီးပမာ ရှူးရှူးရှဲရှဲ
ဖြစ်နေလေတော့၏။
ကျွန်ုပ်ကား
ဤကဲ့သို့ အလွန်မိုက်မဲသူဖြစ်လေသည်။ အမှန်ဆို လဖက်ရည်ဆိုင်ခေါ်သွားပြီး အေးအေးဆေးဆေးရှင်းပြရမည်
မဟုတ်ပါလော။ ကျွန်တော့်ဘ၀တွင် ဤကဲ့သို့လုပ်ခဲ့မှုများကြောင့် ရိုက်ပေါက်တိုးခဲ့ပေါင်း
မနည်းတော့ပြီ။
တစ်ခါကလည်း
ကိုရေချမ်း၏ သူငယ်ချင်းဖြစ်သူကို အလှူကိစ္စနှင့်ပတ်သက်၍ လူရှေ့သူရှေ့တွင် မျက်နှာကို
စေ့စေ့ကြည့် ပြောလိုက် သောကြောင့် သူငယ်ချင်းအချင်းချင်း မျက်နှာပျက်ခဲ့ရဖူးသည်။ ငယ်စဉ်ကလည်း
မတတ်သူများအကြား ကြွားလုံးထုတ်နေသည့် ဗေဒင်ဆရာ ကို သောက်မြင်ကပ်လှသည်နှင့် လူအများကြားတွင်
မေးခွန်းများမေးလျှက် ဒုက္ခရောက်စေခဲ့လေရာ မင်း၊
ငါတို့ဘက်လာခဲ့အုံးပေါ့ကွာ ဟု ဒါးကြိမ်းကြိမ်းတာ ခံခဲ့ရသေး၏။
ယခုအထိ ကျွန်တော်နှင့်အပေါင်းအသင်း ဖြစ်နေသေးသော ကိုသောင်းတန်တို့၊ ကိုရေချမ်းတို့၊
ကိုမြင့်သိန်းတို့ ဆိုသည်မှာ ကျွန်တော့်သည်းညည်းကို အလွန်ခံကြရသူများ ဖြစ်လေသည်။ အထူးသဖြင့်
ကိုမြင့်သိန်းမှာ အပြောခံရဆုံးဖြစ်၏။ ကျွန်တော်က ပြောစရာ ရှိလျှင် ကွယ်ရာတွင် အတင်းပြောတတ်သူမဟုတ်။
မဟုတ်တာတွေ့လျှင် ခံနိုင်သည်ဖြစ်စေ၊ မခံနိုင်သည်ဖြစ်စေ ရှေ့၌၊ လူအများကြား၌ တည့်တည့်ပြောတတ်သူ
ဖြစ်လေ၏။ အကယ်၍သာ ကိုမြင့်သိန်းနေရာ၌ ကျွန်တော်ဖြစ်ခဲ့ပါမူ မိတ်ဆွေစာရင်းမှ ပယ်ဖျက်ခံရတာ
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ်၏။ ထို့ကြောင့် ကျွန်တော့်အား သည်းခံပေါင်းကြသော
မိတ်ဆွေများကို ကျေးဇူးတင်ပါကြောင်း ဤနေရာမှ ပြောလိုက်ပါ၏။ (သည်းခံပါခင်ဗျား။ မဆိုင်တာတွေ
ရောပါသွားသည်။)
သည် ပိုက်အထိုင်များကို သူတို့ဝပ်ရှော့၌ တာဝန်ယူလုပ်သည်မှာ ယခုမှ ကျောင်းဆင်းခါစ
ယီကွမ်းဆိုသူ တရုတ်ကလေး ဖြစ်၏။ ကျွန်တော် သူ့ကို လှမ်းဖုံးဆက်သည်။ ဟေ့ကောင်၊ မင်းငါ့ဆီလာခဲ့၊
drawing ဖတ်ပုံဖတ်နည်း ငါသင်ပေးမယ်။ မင်းလုပ်တာတွေ မှားနေ တယ်။ မင်းလုပ်လို့ ဒီမှာ
ငါအကြီးအကျယ် ဒုက္ခရောက်နေတယ်။ ပိုက်အထိုင်တွေ တစ်ခုမှ မဆင်ရသေးဘူး။ ဂျေဗီက နားပူနားဆာ
လုပ်လှပြီ ဆိုလေသော် သူက လာမယ်၊ လာမယ်ဆိုပြီး တော်တော်နှင့်ရောက်မလာ။ သည်ကြားထဲ ပိုက်အထိုင်တွေ
ထပ်ရောက်လာပြန်သည်။
သည်တစ်ခါတော့ ကျွန်တော် စိတ်မဆိုးတော့ပါ။ ဒီမယ်ယီကွမ်း၊ မင်းငါ့ဆီမလာဘူးဆိုရင်
အဲဒီပိုက်အထိုင်တွေလုပ်နေတာ ရပ်တန်းက ရပ်လိုက်ပါ။ မင်းဆီကလာသမျှပိုက်အထိုင်တွေ ငါတစ်ခုမှ
လက်မခံဘဲ မင်းဆီအကုန်ပြန်ပို့မယ် ဆိုလိုက်မှ မျက်နှာငယ်လေးနှင့် ရောက်လာသည်။
ပြောစမ်းပါအုံးကွာ၊ မင်းက drawing အတိုင်းလုပ်တယ်ဆိုရအောင် ဘယ် drawing အတိုင်း
လုပ်တာလဲ ဟု မေးလေသော် ဒီမှာကြည့်လေကွာ ဟု ဆိုကာ နမူနာပြထားသော ပုံကို ပြလေ၏။ ထိုကောင်လေးသာ
မြန်မာဆိုလျှင် “ယီကွမ်းရယ်၊ မင်းဟိုရှေ့ကတိုင်နဲ့သာ ဆောင့်သေလိုက်ပါကွာ” ဟု ပြောမိမည်ဖြစ်၏။
ကိုင်း၊ ကိုင်း၊ လာ မောင်မင်းကြီးသား ဟု ရှိသမျှ drawing များကိုလှန်လျှက် အဲသဟာက
နမူနာလကွ၊ အသေးစိတ်ကို ဟောဒီ iso drawing ထဲမှာ ပြထားတယ်။ ဟောဒီမှာကြည့်။
SR 301W ဆိုတာမှာ S ဆိုတာကဘာ၊ R ဆိုတာကတော ဘာကိုညွှန်းတယ်။ 3 ဆိုတာ ဘာကိုခေါ်တယ်။
0 ဆိုတာကတော့ ဘယ်လိုသံအမျိုးအစားဖြစ်တယ်။ 1 ဆိုတာဘာ၊ W ဆိုတာဘာ၊ PS 8W ဆိုတာဘာ၊
D=52, L=350, K=125, H=300, N=200 ဆိုတာ တွေက ဘယ်အတိုင်းအတာတွေ ဖြစ်တယ်။
အဲဒီအတိုင်းအတာရဲ့ အညွှန်းတွေကို ဟောဒီ ဇယားမှာ အသေးစိတ်ပြထားတယ်။ ဟိုဇယားကတော့
ငါတို့နဲ့ မဆိုင်ဘူး၊ အဲဒါက သံပိုက်တွေအတွက် လုပ်ထားတာ။ ဒီပုံထဲမှာ Angle Bar တွေ့တိုင်း
အကုန်လုံး angle bar လို့ မယူရဘူးလကွ။
ဖူး၊ မောပါ့။ မရှင်းပြလို့ မဖြစ်ပါ။ သူမှားလျှင် အဆဲခံရရုံသာရှိမည်။ ကျွန်တော်က
အပတ်စဉ် တိုးတက်မှု စည်းဝေးပွဲ (Progress Meeting) သို့တက်နေရသည်ဖြစ်ရာ သည် ပိုက်အထိုင်များကိစ္စမေးလျှင်
မည်ကဲ့သို့ ရှင်းရပါမည်နည်း။ သည်ပိုက်လိုင်းကြီးတစ်ခုလုံးပြီးဘို့ တာဝန်က ကျွန်တော့်ခေါင်းပေါ်မှာ
ရှိသည်။ သည့်အတွက် အနှီငနဲသားကို အတင်းရော၊ အဓမ္မပါ သင်ပေးရခြင်းဖြစ်သတည်း။
သင်ပေးလိုက်တော့မှ မျက်လုံးလေးကလယ်၊ ကလယ်နှင့် သြော်၊ ဟုတ်လား၊ သြော်၊ ဟုတ်လား
နှင့် ခေါင်းတငြိမ့်ငြိမ့် ရှိနေပေ၏။ အရင်က လာပါဆိုတုံးက ဟိုပြောသည်ပြောလုပ်နေပြီး
ခုမှ မခုတ်တတ်သည့်ကြောင်လို လုပ်နေသော သည်ငနဲကို တံတောင်နှင့် ထ, ထောင်းချင်စိတ်အား
မနည်းအောင့်အည်း မြိုသိပ်ထားရ၏။
နောက်တစ်ယောက်ရှိသေးသည်။ စရီနာ ဟူ၏။ သူ့ကို Projedt
Planner ဆိုပြီး ငှားထားသည်။ Plan ဆွဲသည်ဆိုခြင်းမှာ လုပ်ငန်း အစအဆုံး ကောင်းကောင်းနားလည်မှ
ဖြစ်သည်။ ပိုက်လိုင်းတွင် မည်သည့်ပစ္စည်းများလိုသည်။ မည်သည့်ပစ္စည်းကို လွယ်လွယ်မရနိုင်သဖြင့်
မည်သည့်အချိန်ကတည်းက မှာထားရမည်။ ပိုက်လိုင်းပြေးဘို့ရာ ဘာက စလုပ်ရမည်။ ဘယ်ပိုက်လိုင်းကို
အလျင်ပြေးမှ သင့်တော်မည်။ ဘာမပြီးသေးဘဲနှင့် ဘာကိုလုပ်လို့မရ။ သည့်အတွက် မည်သည့်အရာကို
ဦးစွာလုပ်ရမည်။ မည်သည့် အချိန်တွင် testing လုပ်ရမည် စသဖြင့် လုပ်ငန်းကြီးတစ်ခုလုံးကို
ခြုံငုံကာ ဂဃနဏ သိထားရသည်။ သို့မှ plan ဆွဲလို့ရမည် မဟုတ်ပါလော။
ခုတော့
ဘယ်က တရုတ်မကို ကောက်ကက်ငှားလာသည်မသိ။ အစပိုင်းတွင် ကျွန်တော်နှင့် တွဲပေးထားပါသည်။
သူတို့လုပ်ပုံကို အစာမကျေသော ကျွန်ုပ်နှင့် သည်တရုတ်မ မည်ကဲ့သို့ မျက်နှာကြောတည့်ပါမည်နည်း။
ငါ့အနားမှာ နင်ရှိမနေတာ ပိုကောင်းလိမ့်မယ် ဟု နှင်လွှတ်လိုက်ပါသည်။ သို့တိုင် သူဆွဲထားသော
project plan များ ရောက်ရောက်လာပါသည်။ သူ့စာရွက်ထပ်ကြီးကို ကျွန်တော် လှန်၍ပင် မကြည့်ပါ။
သည်အတိုင်း ချောင်ထိုးထားလိုက်သည်။ ဂျေဗီကလည်း မင်းပဲဆွဲပေးပါကွာ ဆိုသဖြင့် ကျွန်တော်က
ကိုနိုင်ဝင်းတို့နှင့် ညှိကာ drawing ပေါ်တွင် ပြီးနိုင်မည့်ရက်များကို ရေးပေးလိုက်ပါသည်။
ထို့နောက် လုပ်ငန်းအခြေအနေအရ ထိုရက်များကို အတိုးအလျှော့လုပ်ပေး သည်။
နောက်တစ်ယောက်။
အဲနာ (Anna) ဟူသည့် ဖဦးထုပ်မ ဖြစ်သည်။ မျက်နှာလေးကတော့ ချစ်စရာပါ။ ကိုယ်လုံးကတော့
လိပ်ခါး၊ ဖားဖင်။ ရုပ်ကအရေးမကြီးပါ။ ကျွန်တော်မကြိုက်တာ သူ့အကျင့် ဖြစ်၏။ ရုံးသို့ရောက်သည်နှင့်
ဝတ္တုဖတ်ချင် ဖတ်နေသည်။ သို့မဟုတ် ဖေ့စ်ဘွတ်နှင့် အချိန်ဖြုန်းချင် ဖြုန်းနေသည်။ သည်တုံးက
(၂၀၀၈) ကျွန်တော် ဖေ့စ်ဘွတ်ကို ကြားရုံသာကြားဖူးပြီး သုံးရကောင်းမှန်း မသိသေးပါ။ ထိုမျှသာမက
အင်တာနက်မှ အလကားကြည့်လို့ရသည့် ရုပ်ရှင်များကိုပါ မမောနိုင် မပန်းနိုင် ထိုင်ကြည့်နေသည်။
ကျွန်တော်
ညာမပြောပါခင်ဗျား။ ကျွန်တော်လည်း အလုပ်ကို အချိန်ပြည့်လုပ်နေတာ မဟုတ်ပါ။ အီးမေးလက်ခံတာ၊
ပို့တာ လောက်တော့ လုပ်ပါသည်။ သို့သော် ကိုယ့်အလုပ်ကို မထိခိုက်အောင် လုပ်ပါသည်။ အလုပ်တွေများနေလို့ကတော့
ကိုယ့် ကိုယ်ရေး ကိုယ်တာ အီးမေးကို ဖွင့်တောင်မကြည့်အားပါ။ ကိုယ်ဂလေမရိုက်သလို သူများ
အိယောင်ဝါးလုပ်နေလျှင်လည်း အလွန်မုန်းပါသည်။
ထို့ကြောင့်လည်း
ကျွန်တော် အဲနာကို ကြည့်မရပါ။ ကျွန်တော် သူ့ကို drawing စာရင်းများ လုပ်ခိုင်းပါသည်။
ကျွန်တော် နောက်လိုက် မကင်းပါ။ သူများပေါက်တတ်ကရလုပ်ထားတာကို ပြန်စစ်ရတာထက် ကိုယ့်ဟာကိုယ်
လုပ်လိုက်တာက ပိုစိတ်ချမ်းသာ ပါသည်။ ထို့ကြောင့် ပထမ တစ်ခါ၊ နှစ်ခါလောက်ပဲ ခိုင်းပြီး
နောက်ပိုင်း ကျွန်တော် အဲနာကို ဘာမှမခိုင်းတော့ပါ။ ကျွန်တော်မခိုင်းတော့ သူ့အဖို့ လွတ်လပ်ရေးရနေပါသည်။
နောက်
အများကြီးရှိပါသေးသည်။ ပြောရလျှင် ၀င်ဝါး၌ ကျွန်တော်ကြိုက်သည့်လူဆို၍ မြန်မာများနှင့်
ရှမ်း ဆိုသော တရုတ် အဖိုးကြီး၊ မာရီယိုဆိုသော ဖဦးထုပ် အဖိုးကြီး သည်နှစ်ဦးသာရှိသည်။
တစ်နေ့သော
တနင်္ဂနွေတွင် ကျွန်တော် အိမ်၌ရှိနေခိုက် ကိုနိုင်ဝင်း လှမ်းဖုံးဆက်၏။ ပါမစ်ကိစ္စထင်ပါသည်။
သူတို့ အလုပ်လုပ်လို့ မရကြောင်း ပြော၏။ တနင်္ဂနွေနေ့ မလာဘူးဆိုလည်း သောကြာ သို့မဟုတ်
စနေနေ့ကတည်းက စီစဉ်ခဲ့ရမှာ မဟုတ်ပါလား။ သည်ကိစ္စ အဓိကတာဝန်ရှိသူမှာ safety
coordinator ဖြစ်သူ ဆီရပ်ခ်ျ ဆိုသည့် ကုလားဖြစ်၏။ ကျွန်တော်ကား ဒေါသထွက်လျှင် နေ့သော၊
ညသော၊ မနက်သော၊ ညနေသောရွေးလေ့မရှိ။ မြင်သည့်နေရာတွင် သုတ်လေ့ရှိရာ တနင်္လာနေ့ ရုံးရောက်ရောက်ချင်း
ထိုကုလားကို ခေါ်လျှက် အသားကုန် ဆဲလွှတ်လိုက်ပါသည်။ ကျွန်တော့်ဘေးနားတွင်ရှိသော သူတို့မန်နေဂျာ
ပီတာမှာ မျက်နှာကြီး မဲမှောင်လျှက်ရှိ၏။
ကုလားထွက်သွားသော်
ပီတာက မင်းကွာ၊ စောစောစီးစီး၊ နောက်မှ အေးအေးဆေးဆေးပြောလဲ ရသားနဲ့။ ငါသာ ဆီရပ်ခ်ျဆိုရင်
ထွက်သွားတာ ကြာပေါ့ ဟု ဆို၏။ ဒီမှာကိုယ့်လူ၊ မင်းကောင် အလုပ်မဟုတ်တာကျတော့ မင်းက ဘာမှပြောဖော်မရဘူး။
ခုမှ ချိုးပြော၊ မိုးပြော လာမပြောနဲ့။ မကျေနပ်ရင် မင်းပါခုထွက်သွားလို့ရတယ် ဟု သူ့ကိုပါ
ဆက်ဟောက်လိုက်လေရာ ပီတာမှာ ဘာမှမပြောဘဲ ထွက်သွားလေ၏။
နာရီဝက်ခန့်ကြာသော်
ကျွန်တော့်မန်နေဂျာဖြစ်သူ မယ်လဘင်းက လှမ်းဖုံးဆက်သည်။ ပြဿနာတစ်ခုကို ခေါင်းအေးအေး နှင့်
အေးအေးဆေးဆေးရှင်းဘို့အကြောင်း ဖြစ်၏။ ကျွန်တော်ကလည်း သည်ကောင်တွေ သည်လိုပုံမျိုးနှင့်ဆိုလျှင်
ကျွန်တော် သူတို့နှင့် အလုပ် ဆက်မလုပ်နိုင်ဟု ပြောလိုက်ပါသည်။ မယ်လဘင်းက မင်းအသာနေပါကွာ၊
ငါ သူတို့သူဌေးနဲ့ သွားညှိပါ့မယ်၊ ဘာပြဿနာနဲ့တွေ့တွေ့၊ သူတို့ နဲ့ ထိပ်တိုက်မတွေ့နဲ့။
ငါ့ကိုပြော ဟု ဆို၏။ ဤမှစ၍ ကျွန်တော်လည်း စိတ်ကို လျှော့ထားလိုက်ရတော့သည်။
ပြောလျှင်
ဆုံးတော့မည်မဟုတ်ပါ။ သူများမကောင်းကြောင်းတွေချည်း ဖြစ်နေသည်။ သို့သော် မကောင်းသည့်သူများကိုတော့
မကောင်းသလို ပြောရပါမည်။ ကျွန်တော် ဘုရားအလောင်းမဟုတ်ပါ။ သာမန် ပုထုဇဉ်သာ ဖြစ်၏။ ပုထုဇဉ်တောင်
သူများ ပုထုဇဉ်တွေလို ဘုရားသွား၊ ကျောင်းတက်လုပ်နေသည့် ပုထုဇဉ်မဟုတ်။ ထစ်ကနဲဆို ဗြစ်ကနဲလုပ်တတ်သော
အလွန်စိတ်တိုတတ်သည့် အညံ့စားပုထုဇဉ် မျှသာဖြစ်၏။
ကျွန်တော်
ကွန်ပလိန်းလုပ်သဖြင့် ဆီရပ်ခ်ျကို အလုပ်ထုတ်လိုက်ပြီး နောက်တစ်ယောက် ခေါ်လာပြန်သည်။
ဘယ်သူဆိုပါလိမ့်။ ဆီဗားဆိုလား။ နာမည်မေ့နေပြီ။ ၎င်းမှာလည်း မထူးပါ။ အချိန်ရှိသရွေ့ ဆံပင်ကလေး
သပ်နေကာ ရုံးခန်းထဲ နှပ်နေသူဖြစ်သည်။ သူ့အလုပ်အတွက် ဘာမှ သုံးစရာမရှိသော အင်တာနက်ကို
အချိန်ပြည့်ဖွင့်ကာ ယူကျူ့မှ ရုပ်ရှင်များကြည့်လိုက်၊ ချတ်တင်လုပ်လိုက်၊ သီချင်းလေးနားထောင်ကာ
ခေါင်းလေး ဟိုဘက်သည်ဘက် လှုပ်လိုက်နှင့် ငြိမ့်နေ၏။ သူက ကျွန်တော့်စားပွဲရှေ့တွင် ထိုင်နေသည်ဖြစ်ရာ
သူဘာလုပ်နေသည်ကို အတိုင်းသား မြင်နေရသည်။ စားပွဲပေါ်တင်ထားသည့် ဝေါ်ကီတော်ကီနှင့် ကောက်မထုမိစေရန်
ကျွန်တော် မနည်းစိတ်ကို ထိန်းထားရသည်။ သည်ကုလားကိုလည်း ကြာကြာမထားပါ။ ကန်ထုတ်လိုက်၏။
နောက်ရောက်လာသည့် ကုလားမှာ ရာဂူး ဟူ၏။ သူ့ကျတော့ စတိုင်တစ်မျိုး။ ရက်ဆား၊ ရက်ဆား
နှင့် ကျွန်တော့်ကို ဖားသည်။ နောက်ပြီးတော့ ဘယ်သွားနေမှန်းမသိ။ ဆိုဒ်ထဲမှ ပျောက်နေသည်။
ကျွန်တော် သည်ကုလားကို မသင်္ကာ။ ဆေးဘဲဖြစ်မည်ထင်သဖြင့် ကိုမင်းမင်းထွန်းကို ကိုင်း၊ ကိုယ့်လူ၊
ဒီကုလားတော့ ပုံမှန်မဟုတ်ဘူး။ ကိုရင်၊ အချိန်ယူပြီး လေ့လာစမ်း ဟု ကုလားကို နောက်ယောင်ခံ
စုံစမ်းခိုင်းရာ သူက ဆေးချပြီး ဂျေဗီက အိမ်သာထဲမှာ
သွားယူနေတာဗျ အစ်ကိုကြီးရ ဟူသော အဖြေကိုရ၏။
အနှီကုလားကိုမူ
ကျွန်တော်ဘာမှ မလုပ်လိုက်ရ။ ဂျေဗီမှ အလွန် အေးအေးဆေးဆေးနေသော လဗင့်ပင်လျှင် မခံနိုင်။
ဟေး၊ ငြိမ်း။ မင်းကောင်ကြည့်ပါဦးကွာ။ လူကတော့ ဒီမှာ မတ်တပ်ရပ်နေတာပဲ။ ဒါပေမဲ့ ဒီကောင့်ဝိဉာဉ်က
လေထဲမှာ ၀ဲပျံနေတာကွ ဟု ဆိုကာ ဂျေဗီ safety ဌာနကို စာတစ်ကြောင်းနှစ်ကြောင်းမျှ ရေးလိုက်ရာ
ရာဂူးမှာ ၎င်းဝဲပျံလိုသောနေရာသို့ လွတ်လပ်စွာ ပျံဝဲခွင့် ရသွားလေတော့၏။
တစ်ယောက်ပြီးတစ်ယောက်
ပြောင်းနေသော အနှီ ကုလား safety များကြောင့် မယ်လဘင်းလည်း ခေါင်းကိုက်လာကာ ကျွန်တော်တို့
မိတ်ဆွေဟောင်း အားနက်စ်ကို ခေါ်ချလာသည်။ အားနက်စ်မှာ အခြားသူမဟုတ်။ ဟို့ယခင်ကတည်းက ကျွန်တော်တို့နှင့်
ဂျူရောင်းအိုင်းလင်းတွင် အတူလုပ်ခဲ့ဖူးသော safety ဖြစ်၏။ အားနက်စ်ရောက်လာမှ ကျွန်တော်လည်း
သက်သာရာရတော့သည်။ အားနက်စ်မှာ ပညာမတတ်သဖြင့် ဗဟုသုတတော့ နည်း၏။ သို့သော် ကျွန်တော်လိုချင်တာ
ရအောင်လုပ်ပေးနိုင်သော အစွမ်းရှိသဖြင့် အားကိုးရသည်။ မသိတာသည် အပြစ်မဟုတ်ပါ။ မလုပ်ချင်သည့်
စိတ်ဓါတ်ကိုသာ ကျွန်တော် မုန်းခြင်းဖြစ်ပါသည်။
ဝင်ဝါးတွင်
ကျွန်တော်နှင့် အစပ်တည့်တာ နှစ်ဦးသာ ရှိပါသည်။ တစ်ဦးမှာ အသက် ၇၀ နားကပ်နေပြီဖြစ်သည့်
ရှမ်း ဟုခေါ်သော တရုတ်အဖိုးကြီးဖြစ်သည်။ သူက လူကြီးဖြစ်သဖြင့် စေ့စေ့စပ်စပ်လုပ်သည်။
ကျွန်တော်ရှင်းပြသည်ကို သေသေချာချာနားထောင်ပြီး ကျကျ နန လုပ်ပေးသည်။ သူလည်း အသားလွတ်ဂလေရိုက်နေသည့်
ဖဦးထုပ်မ အဲနာကို ကြည့်လို့ရသူမဟုတ်။ အဲဒီ
ဒေးဗစ်ကွာ။ အဲနာကို ဘာများ သဘောကျလို့ ခန့်ထားတယ် မသိပါဘူး ဟု ဆို၏။ ဒေးဗစ်ဆိုသည်မှာ
အသက် ၂၇ လောက်ပဲရှိသေးသည့် သူဌေးသားဖြစ်သည်။ ဆိုဒ် မန်နေဂျာဆိုပြီး လွှတ်ထားခြင်းဖြစ်၏။
လုပ်ငန်းအကြောင်း ဘာမှနားလည်တာ မဟုတ်။ လတ်လျားလတ်လျားနှင့် မြောက်ကြွမြောက်ကြွ လုပ်နေတာ
ဖြစ်၏။ ဖုံးပြောသည့်အခါ ‘ရား၊ ဒေးဗစ်၊ ဒါရိုက်တာ အော့ဖ် ၀င်ဝါး’ ဟု ပြောလေ့ရှိသည်။
ဤကဲ့သို့ စကားပြောတိုင်း သူ့ကိုယ်သူ ဒါရိုက်တာ ဟု ပြောသည်ကို နားကြားပြင်းကပ်သူမှာ
ရှမ်း ပင် ဖြစ်၏။
“အဲဒီ ဒေးဗစ်ကွာ၊ သူ့ကိုယ်သူ ဒါရိုက်တာ၊ ဒါရိုက်တာနဲ့၊
ဘာမှလုပ်တာလည်း မဟုတ်၊ ဘာမှ သိတာလည်း မရှိဘဲနဲ့များ” ဟု ကျွန်တော့်အနားလာကာ အတင်းပြောလေ့
ရှိသည်။ ဒီမယ် ရှမ်း၊ ဘုန်းကြီးရူးနဲ့ လှေလူး။
ထားလိုက်စမ်းပါကွာ။ သူတို့အကြောင်းပြောရင်းနဲ့ ငါတို့ရဲ့ အဖိုးတန်တဲ့ အချိန်တွေ မဖြုန်းကြပါစို့နဲ့
ဟု ကျွန်တော်က တားပါသည်။ ကျွန်တော် သူတို့အကြောင်း အရေးတယူလုပ် ပြောမနေချင် ပါ။
ကျွန်တော်နှင့်
အစပ်တည့်သော နောက်တစ်ဦးမှာ ဖဦးထုပ်ကြီးဖြစ်သည့် မာရီယို ဖြစ်သည်။ သူလည်း အသက်ကြီးလှပြီ။
၆၀ နား ကပ်နေပြီ။ သို့သော် အလွန် ကြိုးစားပမ်းစား လုပ်သူဖြစ်၏။ သူ့ကို သနားသဖြင့် ကျွန်တော်က
မာရီယိုရာ၊ အေးအေးဆေးဆေး လုပ်ပါကွာ၊ ပင်ပန်းပါတယ် ဟု ဆိုလျှင် ရတယ်၊ ရတယ်။ အလုပ်ပြီးဘို့က
ပိုအရေးကြီးတယ် ဟု ဆိုလေ့ရှိသည်။ သူ့ကိုတော့ ငြမ်းစင်များကိစ္စ၊ တာဝန် ပေးထားပါသည်။
ကျွန်တော်က ငြမ်းဆင်ရန်လိုသည့်နေရာများကို drawing ပေါ်တွင် အရောင်ခြယ်ပေး၊ အမြင့်ကိုလည်း
သတ်မှတ်ပေး လိုက်သည်။ သူက ငြမ်းဆင်သည့် ကန်ထရိုက်တာကို ခေါ်ကာ ထိုနေရာကို လိုက်ပြရခြင်း၊
ငြမ်းစင်ပြီးမပြီးကြည့်ကာ ပြီးပြီဆိုလျှင် ကိုနိုင်ဝင်း တို့လူစုကို အကြောင်းကြားရခြင်း
စသည်တို့လုပ်ရသည်။
ကျွန်တော်တို့ပိုက်လိုင်းမှာ
ပရောဂျက်တစ်ခုလုံး ပြေးထားသည်ဖြစ်ရာ ငြမ်းဆင်ရသည့် နေရာများမှာလည်း အနှံ့ဖြစ်၏။ ထို့ပြင်
ပိုက်စင် (Pipe rack) များမှာလည်း သုံးဆင့်၊ လေးဆင့် စသဖြင့်ရှိရာ မိမိလိုသော နေရာအတိအကျကို
ပြရန် ပိုက်စင်ပေါ်တက်သင့် တက်ရ သည်။ ထို့ကြောင့် ထိုအလုပ်မှာ အလွန်ပင်ပန်းလှ၏။ မာရီယိုကိုကြည့်လိုက်လျှင်
အမြဲ ချွေးများဖြင့် စိုရွှဲနေသည်ကို တွေ့ရသည်။ ကျွန်တော့် မှာ သနားပင် သနားလှသော်လည်း
သူ့ကိုတာဝန်ပေးထားသဖြင့် အရေးမကြီးသည့်နေရာများဆိုလျှင် ဒီနေရာကိုတော့ နက်ဖြန်မနက်မှ
လိုက်ပြလိုက် ဟု ရက်ရွှေ့ပေးရသည်။
နောက် အူကြောင်ကြားတစ်ဖွဲ့ ရှိသေးသည်။ ကျူစီ (Quality
Control) အဖွဲ့ဖြစ်၏။ သိပ်တော့ များများစားစား မဟုတ်။ အမြဲတမ်း နေသူများမှာ နော်မန်
နှင့် ကိုကို ဖြစ်သည်။ ကိုကို မှာ YIT ကျောင်းဆင်း၊ မြန်မာအင်ဂျင်နီယာလေး ဖြစ်၏။ သူတို့
မန်နေဂျာက တစ်ခါတစ်ရံ မှ လာသည်။
ကျူစီ
ရောက်လာတော့ ကျွန်တော်က သူတို့ကို ပိုက်လိုင်းများလိုက်စစ်ခိုင်းကာ ပိုက်လိုင်းကို
testing လုပ်ရန်အတွက် test pack လုပ်ခိုင်းပါသည်။ ပိုက်လိုင်းနှင့် မရင်းနှီးသူများအတွက်
Test Pack အကြောင်း အနည်းငယ်ပြောပြပါမည်။ Test Pack ဆိုသည်မှာ သည်ပိုက် လိုင်း ရေလုံမလုံ
စမ်းသပ်၊ စစ်ဆေးရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို စုစည်းထားသော စာအုပ် သို့မဟုတ်
ဖိုင် ဖြစ်ပါသည်။ ထိုအထဲတွင် ပိုက်လိုင်းနှင့် ပတ်သက်တာမှန်သမျှ အားလုံးပါရ၏။ ပိုက်လိုင်းကို
စစ်ဆေးသော စစ်ဆေးချက်မှတ်တမ်းများပါသည်။ ဂဟေဆော်ရလျှင် ဂဟေဆော်သူ၏ လက်မှတ်။ ဂဟေကို
စစ်သည့် စစ်ဆေးချက်၊ အဆက်များကို ဆက်သူများ၏ လက်မှတ်။ စမ်းပုံစမ်းနည်း။ မီတာခွက်များ၏
လက်မှတ် အစရှိသဖြင့် အားလုံးပါရသည်။
နော်မန်က
Test Pack ပြင်တာ သူတို့အလုပ်မဟုတ်ပါ ဟု ဆိုလေသည်။ အောင်မယ်ကွယ်၊ ကျူစီက test pack
မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ငါလုပ်ရမှာလား။ ဒါဖြင့် မင်းတို့ရဲ့ တာဝန်နဲ့ ၀တ္တရားတွေကဘာလဲ
ဟု မေးပြီး သူတို့ မန်နေဂျာကို လှမ်းဖုံးဆက်ကာ ကွန်ပလိန်းလုပ်၏။ အတန်ကြာလျှင် သူတို့မန်နေဂျာရောက်လာလေရာ
ကျွန်တော်က ပြောစမ်းပါဗျာ။ ကျူစီက ပိုက်လိုင်းစစ်တာ၊ တက်စ်ပက် ပြင်တာ မလုပ်ရင် သူတို့ရဲ့
တာဝန်နဲ့ ၀တ္တရားတွေက ဘာလဲ ဟု ငေါ့လေသော် ထိုမန်နေဂျာလည်း နော်မန်တို့ကို ပိုက်လိုင်းများ
စစ်ရန်၊ test pack လုပ်ရန် ပြောလေ၏။
နော်မန်က
ကျွန်တော့်ထံမှ test pack နမူနာတောင်းလေသော် ကျွန်တော်လည်း မသိချင်ယောင်ဆောင်၍ ဂျေဗီမှာ
သွား တောင်းချေဟု ညစ်ကာလွှတ်လိုက်သည်။ ကိုယ်ဘာလုပ်ရမယ်ဆိုတာလောက်မှ
နားမလည်သောကြောင့် အမြင်ကပ်လို့ သက်သက် လုပ်တာ ဖြစ်၏။
၁၁၅။ ECC မြန်မာမိသားစု၏ လှုပ်ရှားမှုများ
နာဂစ်တွင်
ကျွန်တော်တို့ ECC မြန်မာမိသားစုကလည်း သည်ပရောဂျက်အတွင်းမှ နာဂစ်ဒဏ်ခံရသည့် မြန်မာလုပ်သားများကို စာရင်းကောက်ယူကာ ၀ိုင်းဝန်းအကူအညီများ ပေးကြသည်။
အများစုမှာ ဧရာဝတီတိုင်းမှ ဖြစ်၏။ ကုမ္ပဏီအလိုက် အလှူငွေများကောက်ပြီး၊ နာဂစ်ဒဏ်ခံရသူများကို
အကူအညီပေးခြင်း ဖြစ်ပါသည်။ ၂၀၀၈၊ မေလ ၁၇ ရက်နေ့တွင်အလှူငွေအားလုံး စုလိုက်တော့ ပထမအရစ်
စင်ကာပူဒေါ်လာ ၃၃၄၇.၅၀ ရသည်။ ထိုအထဲမှထက်ဝက် (၁၆၇၃.၇၅) ကို ဧရာဝတီတိုင်းမှ လေဘေးဒုက္ခသည်များကိုလှူပြီး
ကျန် ထက်ဝက်ကို လေဘေးဒဏ်ခံရသော အီးစီစီတွင်လုပ်နေသည့် မြန်မာဝန်ထမ်းများအား ထောက်ပံ့၏။
စာရင်းကောက်လိုက်တော့
နာဂစ်ဒဏ်ခံရသူ (၂၀) ဟု သိရသည်။ အထက်ပါ စုဆောင်းရရှိငွေကို ထို (၂၀) အားခွဲပေးလိုက်သော်
တစ်ဦးလျှင် ၉၃ ကျပ်စီရ၏။ ဒုတိယအသုတ် ထပ်ကောက်သေးသော်လည်း သိပ်များများမရတော့သဖြင့်
တစ်ဦးလျှင် ၁၅ ကျပ်လောက်သာ ထောက်ပံ့နိုင်ပါတော့သည်။
အစပိုင်းကတော့
ကြီးကြီးကျယ်ကျယ်၊ သောက်ကျိုးနည်း၊ အိမ်ပြိုသူများအား အိမ်ပြန်ဆောက်ပေးရန်ထိ ရည်မှန်းခဲ့တာဖြစ်၏။
သို့သော် တွက်ကြည့်တော့မှ စက်မရှိ ဖြစ်ခါ ငွေ ၁၀၀ မျှနှင့် ချွေးသိပ်လိုက်ရသည်။ သည်
၁၀၀ လောက်နှင့်တော့ အိမ်ဆောက်ဘို့ မဆိုထားနှင့်။ သွပ်မိုးတောင် ကောင်းကောင်းမရနိုင်ပါ။
ဂျေဗီမှ ပုဂ္ဂိုလ်ကြီးများကလည်း သူတို့ပဲ ပိုက်ဆံတွေ ထည့်တော့မလိုလို၊ ကျွန်တော်တို့စည်းဝေးပွဲသို့လာပြီး
အာဘောင်အာရင်းသန်သန်နှင့် စကားတွေဘာတွေပြောသွားသော်လည်း နောက် ဘာသံမှ မကြားရ တော့ပါ။
၎င်းတို့ကို နေတိုး (NATO – No Action, Talk Only) ဟု ခေါ်သတတ်။
ဦးမြင့်လွင်က
သူကိုယ်တိုင် မွတ်ဆလင်ဖြစ်သော်ငြားလည်း ကျွန်တော်တို့ကို ခု ၀ါဆိုရောက်ပြီဗျ။ ကျွန်တော်တို့
ဝါဆိုသင်္ကန်း ကပ်ပွဲလုပ်ရင်ကောင်းမယ် ဟု ဆော်သြလေရာ စည်းဝေးပွဲခေါ်ပြီး လုပ်မည့်အစီအစဉ်များကို
တာဝန်ခွဲဝေကြ၏။
မူလက ကျွန်းတွင်နေသူများအတွက်
အဆင်ပြေစေရန် West Coast Park ပန်းခြံ၌လုပ်ဘို့ ကိုမင်းမင်းက အကြံပေးသေး၏။ သို့သော်လက်တွေ့တွင်
နေရာငှားခ ဈေးကြီးသောကြောင့် တစ်ကြောင်း၊ မိုးရွာလျှင် ဒုက္ခများမည်တို့ကြောင့် တစ်ကြောင်းကြောင့်
HDB မှ သာလာယံဇရပ်၌လုပ်ရန် စဉ်းစားကြ၏။ ၀ါဆိုသင်္ကန်းကပ်ပွဲကို ဆရာတော် ဦးသုပိယကျောင်းတွင်
လုပ်မည်ဆုံးဖြတ်သောကြောင့် ထိုကျောင်းနှင့် အနီးဆုံး HDB ဇရပ် ၌လုပ်ရန် စုံစမ်းရာ အဆင်ပြေ၏။
အကျွေးအမွေးကို ဒန်ပေါက်ကျွေးသည်။ အချက်အပြုတ်ကို ဆန်ကိုမှ ကိုမျိုးသန့်က တာဝန်ယူ၏။
သူတို့စုံတွဲက ချက်ပြုတ်၊ စီစဉ်၊ ကျန်တဲ့သူတွေက ၀ိုင်းကူပေးပေါ့။ ချက်ဘို့နေရာကိုတော့
ကလီမင်တီဘုန်းကြီးကျောင်းနှင့် မနီးမဝေးမှ အိမ်တစ်အိမ်ကို ကိုဘိုးကာ အကူအညီဖြင့် ရ၏။
လိုသည့် အိုးခွက်ပန်းကန်များကို ကလီမင်တီဘုန်းကြီးကျောင်းမှ ငှားသည်။ သွားဘို့လာဘို့ကို
ကိုသိန်းမော်က သူ့ လော်ရီလေးဖြင့် ကူညီသည်။
သို့နှင့် နေ့တွင် ၀ါဆိုသင်္ကန်းကပ်ပွဲ ကျင်းပသည်။ အတီးအမှုတ်၊
အကအခုန်ကလေးများလည်း ပါသပေါ့။ ကျွန်တော်က အခန်းအနားပြင်ပေးသည်။ ဘုန်းကြီးကျောင်း၌ပင်
ပရင်တာနှင့် ထုတ်ကာ စာလုံးကပ်သည်။ ကာတွန်းပုံလေးများဆွဲကာ ချိတ်သည်။
ကိုနွယ်ဝင်းတို့အဖွဲ့က အကျွေးအမွေးတာဝန်ယူသည်။ တီးမည့်၊ မှုတ်မည့်သူများလည်း
ညကတည်းက ဇာတ်တိုက်နေကြပြီ။
နောက်နေ့ကျတော့
ဆရာတော်များကို ပင့်ဖိတ်ကာ ၀ါဆိုသင်္ကန်းကပ်ကြသည်။ ထုံးစံအတိုင်း အဖွဲ့လိုက်ရော၊ ပုဂ္ဂလိကအလှူရှင်
များပါ ပါသည်ပေါ့။ သင်္ကန်းကပ်ပြီး တရားနာ။ နောက်ပြီး တဖွဲဖွဲရောက်ရှိလာသော ဧည့်ပရိသတ်များကို
အကျွေးအမွေးဖြင့် ဧည့်ခံရင်း သီဆိုကြ၊ တီးမှုတ်ကြသည်။
ကျွန်တော်တို့ ၀ါဆိုသင်္ကန်းကပ်ပွဲသို့ လဗင့်လည်းလာသည်။ ကိုနွယ်ဝင်းတို့
safety ဌာနမှ ဂျပန်ကြီးလည်းလာကာ အောင်မယ်၊ သီချင်းတွေ ဘာတွေတောင် ဆိုသွားပါသေး။ ၀ါဆိုပွဲကို
မြနန္ဒာဖြင့် ပိတ်သည်။ ဦးနေမင်းဟိန်းက ကိုင်း၊ ဟောဒီအမိုးကြီး ပွင့်ချင်ပွင့်သွားပါစေ၊
အသားကုန် အော်ကြမယ် ဟု လှုံ့ဆော်ပြီးသကာလ အားလုံးဝိုင်းဝန်းအော်ကြရာ ဘေးပတ်ဝန်းကျင်က
ဘာတွေဖြစ်နေပါလိမ့်ဟုပင် ထင်ကြပါလိမ့်မည်။ တပျော်တပါးကြီး ဖြစ်ပါ၏။ အားလုံးပြီးတော့
ကိုယ့်အမှိုက်ကိုယ်ကောက်၊ သန့်ရှင်းရေးလုပ်ကြသည်။ ၀ါဆိုသင်္ကန်းကပ်ပွဲ လုပ်တာ ၀၉ - ၀၈
- ၀၉ နေ့က ဖြစ်၏။
နောက်
ကထိန်သင်္ကန်းကပ်ပွဲလုပ်ကြသေးသည်။ သည်တစ်ခါတော့ နေရာလည်း ကျယ်ကျယ်ဝန်းဝန်းရအောင် ဂျူရောင်းအိစ်ရှိ
Informatic Campus, Auditorium ခန်းမတွင် ကျင်းပသည်။ ၁ - ၁၁ - ၂၀၀၉ ခုနှစ် (တန်ဆောင်မုန်းလပြည့်နေ့)
တွင် ဖြစ်၏။ ကျွန်းမှ လာသူများအတွက် ပါစီပန်ဂျန်းမော်တော်ဆိပ်တွင် ဘတ်စ်ကားများ စီစဉ်ပေးထားသည်။
ရွှေပွဲလာ ပရိသတ်များကို အုန်းထမင်း၊ ကြက်သား ဟင်း၊ ဘာလချောင်ကြော်၊ ချဉ်ပေါင်းဟင်း
တို့ဖြင့် ကျွေးမွေးဧည့်ခံသည်။
ကိုယ့်အဖွဲ့နှင့်ကိုယ် ကထိန်အတွက် ပဒေသာပင်များသီးကြ၏။ နောက်ပြီးတော့ ကျောင်းဝင်းအတွင်း
ကန်တင်းကိုပတ်ကာ စီတန်း လှည့်လည်ကြသည်။ အိုးစည်ဗုံမောင်းများနှင့်။ ကိုနွယ်ဝင်းက ဘုရားဆင်းတုတော်
ပိုက်လိုက်လို့။ ငွေဖလားကြီးများ ပိုက်လျှက် ပရိသတ်များ ထံမှလည်း အလှူခံကြ၏။
ကထိန်ပွဲအတွက် အလှူငွေ တော်တော်များများရသည်။ ဆရာတော်သံဃာတော်များပင့်ဖိတ်ကာ
ကထိန်သင်္ကန်းများ ကပ်လှူပူဇော် ကြ၏။ ထုံးစံအတိုင်း အတီးအမှုတ်၊ အကအခုန်လေးများလည်း ပါသည်။
အီးစီစီတွင် မြန်မာအင်အား ၈၀၀ ခန့်ရှိလေရာ ကထိန်ပွဲသို့ အားလုံးလိုလို ပါဝင်ဆင်နွှဲကြသည်။
ခန်းမကြီးနှင့် အပြည့်။ ၀ါသနာအိုးများက သံချပ်များ၊ ပြဇာတ်တိုကလေးများဖြင့် တင်ဆက်၏။
ကျွန်တော်လည်း ပါးစပ်ယားလာသောကြောင့် သီချင်းတစ်ပုဒ် တက်ဟဲလိုက်သည်။ မွန်းအောင်၏ ၀တ်မှုံ ဖြစ်၏။ စိတ်ရှိလက်ရှိ သီချင်းမဆိုရ
တာကြာပြီဖြစ်သောကြောင့် ဤကဲ့သို့ စင်ပေါ်တက်ဟဲလိုက်ခြင်းဖြင့် အတော်အာသာပြေသွားသည်။
အတော့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်၏။
` ဤသည်မှာ
အကြီးအကျယ်လုပ်သော ပွဲများဖြစ်ပြီး တွေ့ဆုံပွဲ၊ စားပွဲသောက်ပွဲများကိုမူ ပရောဂျက်ထဲမှ
ကန်တွင်းတွင် တစ်လ တစ်ခါ၊ နှစ်လတစ်ခါဆိုသလို လုပ်ကြသည်။ မုန့်တစ်ခုခုနှင့် အအေးတိုက်တာ
ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် တရုတ်များ အဆာပြေသောက် သည့် ကန်စွန်းဥ သို့မဟုတ် ပဲနှင့်လုပ်ထားသည့်
သောက်စရာတစ်ခုခုတိုက်သည်။
အီးစီစီတွင်
လုပ်ရတာ ပိုက်ဆံကလေးလည်း မြိုးမြိုးမြက်မြက်ရသည်။ အတွေ့အကြံလည်း စုံသည်။ ဦးမြင့်လွင်၊
ဦးနေမင်းဟိန်း၊ ဦးသန်းဝင်း၊ ကိုသက်ဆွေ၊ ကိုသိန်းမော်၊ ကိုမျိုးသန့်၊ ဦးစောဝေ၊ ကိုကျော်ထင်လင်း၊
ကိုမြတ်မင်းဦး၊ ဦးဝင်းတင်၊ ဦးဝင်းလွင်၊ ဦးဝင်းမြင့်၊ ကိုဇော်မြင့်၊ ကိုသန့်ဇင်
စသည်စသည့် သူတို့နှင့်လည်း မိတ်ဆွေ ဖြစ်ရသေးသည်။ ပျော်စရာရွှင်စရာကလေးတွေလည်း ရှိသည်။
ထို့ကြောင့်လည်း ကျွန်တော် စင်ကာပူတွင်လုပ်ခဲ့သမျှ ပရောဂျက်အားလုံးတွင် အီးစီစီအား
အနှစ်ခြိုက်ဆုံးဟု ဆိုခဲ့ခြင်း ဖြစ်ပါ၏။
ဆက်ပါဦးမည်။
အေးငြိမ်း
၈-၆-၂၀၁၃၊ ညနေ ၅း၀၀ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027
No comments:
Post a Comment