(၅၉) ၀ါးတောကွင်းကျေးရွာ၌ ဆေးခန်းဆောက်လုပ်လှူဒါန်းခြင်း
နှင့် စာကြည့်တိုက်ထောင်ပေးခြင်း
စနေဓမ္မမိတ်ဆွေများအဖွဲ့သက်တမ်း
၂ နှစ်ခန့်ရလာသောအခါ ကျွန်တော်က ကျွန်တော်တို့ရွာတွင် ဆေးခန်းတစ်ခု ဆောက်လုပ် လှူဒါန်းရန်
စိတ်ကူးရသည်။ ကျွန်တော်တို့ကျေးရွာအုပ်စုအတွက် ဟိုးယခင် ပါတီကောင်စီလက်ထက်ကတည်းက သားဖွားဆရာမ
တစ်ဦး ချပေးထားသည်။ ထိုစဉ်က ဆေးခန်းရှိသည်။ ဆေးခန်းမှ တော်တော်ကြီးကြီးဖြစ်၏။ မိသားစုတစ်စု
ကောင်းကောင်းနေလို့ ရသည်။ အမှန်မှာ ဆေးခန်းပင်မဟုတ်ပါ။ အိမ်ကြီးတစ်လုံးဖြစ်သည်။ ထိုအိမ်၌
ဆေးခန်းလည်းဖွင့်၊ သားဖွားဆရာမ မိသားစုလည်းနေပေါ့။ ထိုဆေးခန်းတွင် အကြာဆုံးနေသွားသူမှာ
မခင်မေညိုဖြစ်သည်။ သူက သူ့မိသားစုပါ ခေါ်လာကာ နေကြခြင်းဖြစ်သည်။ သူ့ယောက်ျားက ကိုဖိုးနီဖြစ်ပြီး
အင်မတန် သဘောကောင်းလှသူများ ဖြစ်၏။ ဘယ်နှနှစ်မှန်းမမှတ်မိတော့သော်လည်း အတော်တော့ကြာပါသည်။
ထို့ကြောင့် ကျွန်တော်တို့ ရွာသူရွာသားများနှင့် ဆွေမျိုးသဖွယ်ဖြစ်နေလေတော့၏။ ကျွန်တော်တို့နှင့်လည်း
အလွန်ခင်ပါသည်။
ကျွန်တော်ရွာမှထွက်လာပြီးသည့်နောက်ပိုင်း
ထိုဆေးခန်း မည်ကဲ့သို့ပျောက်ပျက်သွားမှန်း သတိမထားမိတော့ပါ။ ယခု လက်ရှိ ဆေးခန်းမှာ
အတော်လေးစုတ်ပါသည်။ အင်ဖက်မိုး၊ ထရံကာဖြစ်၏။ သားဖွားဆရာမ ဒေါ်မင်းမင်းမော်မှာ သူ့အဒေါ်နှင့်
ထို တဲသာသာ ဆေးခန်း၌နေသည်။ သည်တော့ ကျွန်တော်က ဆေးခန်းခပ်ကြီးကြီးဆောက်ပြီး သူတို့လည်း
အဲဒီမှာနေ။ ဆေးကုချင်သူများလည်း သီးသီးသန့်သန့် သည်လာကုလို့ရမည်ဟု တွက်ကာ ဆေးခန်းဆောက်လုပ်လှူဒါန်းရန်
ကြံစည်သည်။
အမှန်မှာ
ကျွန်တော်ဆောက်ချင်သည့်ပုံစံက ဆေးခန်းတစ်ခုထဲမဟုတ်။ ဆေးခန်း၊ ကျေးရွာအုပ်ချုပ်ရေးရုံး၊
စာကြည့်တိုက် စသည်တို့ပါသည့် အဆောက်အဦ ခပ်ကြီးကြီးဖြစ်သည်။ ကျွန်တော့်စိတ်ကူးထဲတွင်
အဆောက်အဦပုံစံကိုပင် ပုံဖော်ပြီးနေပါပြီ။ သို့သော် ပိုက်ဆံမတတ်နိုင်။ အဲသလောက်လှူဘို့
ကျွန်တော့်မှာ ငွေပိုငွေလျှံမရှိ။
ကျွန်တော်က
စနေဓမ္မမိတ်ဆွေများအဖွဲ့ကို ၂၀၀၃ ခုနှစ် မတ်လ တစ်လစာ အလှူခံလိုက်သည်။ အကယ်၍ ပိုက်ဆံမလောက်ပါက
ကျန်သည့်ပိုက်ဆံကို ကျွန်တော်စိုက်မည်ဖြစ်၏။ ၂၀၀၃ ခုနှစ် ဧပြီလ ၈ ရက် (ကျွန်တော့်မွေးနေ့)
တွင် ကျွန်တော်ပို့လိုက်သော အလှူငွေ ၈ သိန်းရသဖြင့် မမက ကိုသောင်းတန်ကိုဖုံးဆက်ကာ ၀ါးတောကွင်းဆေးခန်းအတွက်
အလှူငွေများရပြီဖြစ်သဖြင့် ၈ သိန်းခန့်ကုန်မည့် ဆေးခန်း ပုံစံထုတ်လာရန် ဖုံးဆက်ပါသည်။
ကိုသောင်းတန်က အင်္ဂလိပ်အက္ခရာ (T) ပုံစံ၊ ဆယ်ပေပတ်လည် လေးခန်းဆိုလျှင် အလှူငွေဖြင့် လောက်နိုင်မည်။
မသကာ မလောက်လို့စိုက်ရလည်း တစ်သိန်းပေါ့ ဟု ဆို၏။ သို့ဖြင့် ဆေးခန်းဆောက်ရန် ၀ါးတောကွင်းသွားဘို့
အချိန်းအချက် လုပ်ကြသည်။ လက်သမားပါ တစ်ပါတည်းခေါ်သွားနိုင်ရန် ဟင်္သာတမှ အစ်ကိုဖြစ်သူ
ကိုအေးသောင်းကို လက်သမား ကြိုငှားခိုင်းထားသည်။
အောက်ပါတို့မှာ
သူတို့ ၀ါးတောကွင်းရွာသို့ ဆေးခန်းသွားဆောက်ပုံကို မမက ပြန်ပြောပြခြင်း ဖြစ်ပါသည်။
၉ - ၎
- ၂၀၁၃ နေ့၊ နေ့လည် ၁ နာရီလောက်ကျတော့ ကိုသောင်းတန် ရောက်လာတယ်။ နေမပူခင်သွားရအောင်
စောစောလာခဲ့ လို့မှာထားရက်သားနဲ့ ခုမှရောက်လာတာ။ ရောက်ရောက်ချင်း ကားငှားပြီး ဒဂုံ
- ဧရာအဝေးပြေးဂိတ်ကို သွားကြတယ်။ နေ့ခင်းကြီးဆိုတော့ နေအရမ်းပူတာပေါ့ဟယ်။ ကားလက်မှတ်က
ဟင်္သာတကို နှစ်ယောက်စာ ၁၉၀၀ (ကျပ်) ပေးရတယ်။ အယ်မယ်လေး။ အဝေးပြေးဝင်းသာ ဆိုတယ်။ ပွဲခင်းလိုပဲ။
ထရံမိုး၊ ထရံကာ၊ တစ်ဖက်ဟက်တဲလေးတွေ ထိုးလို့ပါလား။ သစ်ပင်ဆိုတာ မူးလို့တောင်ရှူစရာမရှိဘူး။
ဖုံတွေထူလိုက် တာလဲ မပြောပါနဲ့တော့။ ၂ နာရီထိုးတော့ ကားထွက်တယ်။ ဟင်္သာတကို ၆ နာရီကျော်ကျော်လောက်
ရောက်တယ်။ ကိုအေးသောင်းလည်း နေမကောင်းဘူး။ သူက လက်သမားတွေသွားခေါ်ခိုင်းတော့ ည လာခဲ့မယ်လို့
ပြောတယ်တဲ့။ ဒါနဲ့ ရေမိုးချိုး၊ ထမင်းစားပြီးတော့ လက်သမား ရောက်လာတယ်။ ကိုသောင်းတန်နဲ့
လက်သမား လေ၊ ခေါင်းချင်းဆိုင်ပြီး ပုံစံအမျိုးမျိုးထုတ်လိုက်၊ ကုန်မဲ့ ဘိလပ်မြေ၊ သွပ်၊
သစ်တွေ တွက်လိုက်နဲ့ လုံးချာလည်လိုက်နေတာ တော်တော်နဲ့ကို မပြီးဘူး။ သန်းခေါင်ကျော်လာတော့
မပြီးနိုင်တာနဲ့ အိပ်လိုက်ရတယ်။
၁၀ ရက်နေ့မနက်
၆ နာရီလောက်ထပြီး တစ်ခါ တွက်ကြပြန်ရောဟေ့။ နောက်ဆုံး ၈ နာရီခွဲလောက်ကျမှ ကိုသောင်းတန်
ဆွဲပေးတဲ့ပုံကို အတည်ယူပြီး ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ် ဘယ်လောက်ကုန်မလဲ အပြီးသတ်တွက်နိုင်တော့တယ်။
မနက်ကတည်းက ဘာမှလည်း မစားရသေးဘူး။ အဲဒါကြောင့် မုံ့ဟင်းခါးသွားစားကြတယ်။ စားသောက်ပြီးတော့
လိုတဲ့ သွပ်တို့၊ ဘိလပ်မြေတို့၊ သံတို့ ၀ယ်ကြတယ်။ ဘိလပ်မြေက တစ်အိတ်ကို ၂၆၀၀၊ ထုံးက
၁၂၀၀၊ သွပ်က တစ်ပေကို ၃၂၀။ နောက်ပြီး တခြား သံတို့ ကျင်တွယ်တို့ စသဖြင့် လိုတဲ့ တိုလီမိုလီတွေ
အကုန်ဝယ်ရတာပေါ့။
အားလုံးဝယ်ခြမ်းပြီးလို့
လယ်တံငယ်ရောက်မဲ့ကားမေးတော့ စောပြာကားရှိတယ်။ ဆိုင်က ကားပေါ်သူတို့တင်ပေးမယ် တဲ့။ ဘယ်အချိန်ကားထွက်မလဲ
မေးတော့ ၁ နာရီထွက်မယ်ပြောလို့ အိမ်ပြန် ရေမိုးချိုးထမင်းစားကြတယ်။ နောက်ပြီးမှ ကားဂိတ်ပြန်လာတာပေါ့။
အရေးထဲမှဟယ်၊ ကင်မရာဓါတ်ခဲမေ့လာလို့လိုက်ဝယ်တာ ဈေးကြီးလိုက်တာ မပြောပါနဲ့တော့၊ ၃၀၀၀
တောင်ပေးရတယ်။ ရန်ကုန်မှာဆို ၂၂၀၀ ပဲရှိတာ။ မ၀ယ်လို့ကလည်း မဖြစ်ဘူးလေ။ မှတ်တမ်းတင်ဓါတ်ပုံရိုက်ဘို့
အရေးကြီးတယ်မဟုတ်လား။
ကားလည်းကြည့်လိုက်အုံး။
ထိုင်ခုံမပြောနဲ့ အောက်မှာတောင် ထိုင်စရာမရှိဘူး။ ဒါနဲ့ အတင်းကပ်သပ်ပြီး ကိုယ့်အိတ်ကိုယ်
ဖင်ခု ထိုင်လိုက်ကြရတယ်။ ကျပ်ကကျပ်၊ အိုက်ကအိုက်။ ကျပ်လိုက်သမှ ဒူးချစရာတောင် နေရာမရှိဘူး။
လက်သမားကလည်း လုပ်လက်စတွေ မပြတ်သေးလို့ ခုမလိုက်နိုင်ပါဘူးလုပ်နေသေးတယ်။ ကိုင်း၊ ကိုယ့်လူ။
အခု အရေးကြီးလို့ ၂ ရက်လောက် ပန္နရိုက်ရုံ၊ လိုက်ရိုက်ပေး။ သင်္ကြန် ကျော်မှ မင်းလူတွေခေါ်ပြီး
ပြန်လာခဲ့ ဟုတ်ပလား လို့ ကိုအေးသောင်း နဲ့ ကိုသောင်းတန်တို့ အသည်းအသန်ပြောပြီး အတင်းခေါ်လာရတယ်။
ဟင်္သာတကနေ
၂ နာရီမှာ ကားထွက်တယ်။ ဒါလောက် ကျပ်သိပ်နေတာတောင် ကိုသောင်းတန်ဆိုတာ အိပ်သလား မမေးနဲ့။
မြို့ကွင်းမှာ ခဏရပ်တော့ ကြံရည်နဲ့ ဖရဲသီးဝယ်စားကြတယ်။ လယ်တံငယ်ကို ညနေ ၅ နာရီခွဲမှာရောက်တယ်။
ရောက်တော့ ပစ္စည်းတွေ ချနေလိုက်တာတင် တစ်နာရီလောက်ကြာတယ်။ ဘယ်ရက်လာမလဲဆိုတာ မသိကြတော့
ရွာက လာကြိုမနေဘူး။ ဒါပေမဲ့ တော်သေးတယ်။ ၀ါးတောကွင်းက ခင်မြင့်နဲ့တွေ့လို့ ငါတို့ရောက်နေတဲ့အကြောင်း
မှာလိုက်တယ်။ လက်သမားလည်း သူနဲ့ပဲ ထည့်လိုက်တာပေါ့။
ပစ္စည်းတွေချပြီးလို့
ခဏကြာတော့ သာယာ (ကျွန်တော့်တူ) နဲ့ အုန်းမြင့်သားတို့ ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ ရောက်လာကြ
တယ်။ ပစ္စည်းတွေကို ကားလမ်းမှာ ဆိုင်ဖွင့်ထားတဲ့ ကိုအောင်စိုးကို သေသေချာချာ အပ်ခဲ့ပြီး
ငါတို့တော့ သာယာတို့နဲ့ ၀ါးတောကွင်းကို ဆက်လာကြတယ်။ ၀ါးတောကွင်းရောက်တော့ ည ၇ နာရီတီးနေပြီ။
တို့ရောက်ပြီး
သိပ်မကြာခင် ဖိုးအောင်ရောက်လာတယ်။ (ကိုဖိုးအောင်မှာ လူပျိုကြီးဖြစ်သည်။ မိဘလက်ငုတ်
လယ်များကို အငှားချထားကာ သီးစားခဖြင့် စားသောက်နေသဖြင့် ဘာအလုပ်မှမရှိ။ အမေတစ်ခု၊ သားတစ်ခုဖြစ်သည်။
အမေဖြစ်သူမှာလည်း ဘာမှ လုပ်ကိုင်ပေးစရာ ဝေယျာဝစ္စအထွေအထူးမရှိရကား သူ့အဓိကအလုပ်မှာ ရပ်ရေးရွာရေး
ဖြစ်၏။) သူ့ကို ငါတို့ ဒီည ဆေးခန်းဆောက်ရေး ဆွေးနွေးကြမယ်။ ဆေးခန်းဖြစ်မြောက်ရေး ကော်မတီဝင်တွေ
လိုက်ခေါ်ချေလို့ပြောလိုက်တော့ သူ လူလိုက်စုတယ်။ ငါတို့ထမင်းစားသောက် ပြီး ၈ နာရီလောက်ကျတော့
လူစုံတက်စုံရောက်လာတယ်။ ကိုမြင့်အောင် (ရ-ယ-က ဥက္ကဌ)၊ ဦးလေးဝင်းမြင့်၊ အုန်းမြင့် တင်ဦး၊
ကိုသန်း အောင်၊ ကိုလှိုင်၊ မြင့်စိုး၊ ဥမောင်၊ မျိုးမြင့်၊ ၀င်းလွင်၊ တခြားလူတွေလည်း
ပါသေးပေမဲ့ ငါ အကုန်မမှတ်မိတော့ဘူး။
ကားလမ်းမှာ
ထားခဲ့တဲ့ပစ္စည်းတွေကို မနက်စောစော လှည်းဆယ်စီးနဲ့ သွားတိုက်ကြဘို့ သူတို့ဟာသူတို့ စီစဉ်ကြတယ်။
အုတ်လည်းရနေပြီလို့ တင်ဦးက ပြောတယ်။ အုတ်ခဲတစ်လုံးကို ၁၂ ကျပ်ဈေးတဲ့။ ကိုသောင်းတန်က
ဆေးခန်းပုံစံပြပြီး ကုန်ကျမှာရယ်၊ ရွာက ကူညီဘို့တွေရယ်၊ လက်သမားကို ထမင်းကျွေးဘို့ရယ်
ပြောတယ်။ သူတို့က အုတ်၊ သဲ၊ ကျောက်သယ်ဘို့ ရွာကကူမယ်။ လက်သမားကို လည်း အလှည့်ကျ ထမင်းကျွေးမယ်
ပေါ့။ ပြောကြတယ်။ နင် သိတယ်မဟုတ်လား။ စည်းဝေးပွဲဆိုတော့ တင်ဦးတို့၊ အုန်းမြင့်တို့၊
ဖိုးအောင် တို့ ငြင်းကြတာဟယ်၊ နားကိုမခံသာဘူး။ အဲဒီနောက်တော့ အလ္လာပ၊ သလ္လာပတွေပြောပြီး
၁၂ နာရီတီးတော့ အိပ်ကြတယ်။
၂၀၀၃ ခု၊
ဧပြီလ ၁၁ ရက်နေ့ မနက်စောစောပဲ ဆေးခန်းကို ပန္နက်ရိုက်ကြတယ်။ ပန္နက်ရိုက်ပြီးတော့မှ ကိုသောင်းတန်က
သိပ်ကြည့်မကောင်းလို့ နောက်ဖက်မှာ အဖီဆွဲလိုက်မှ လှသွားမယ်ဆိုတာနဲ့ ၅ပေခွဲအကျယ်နှစ်ခန်း
နောက်မှာ ထပ်ထည့်လိုက်တယ်။ မီးဖိုချောင်လုပ်လို့ရတာပေါ့။ ကိုင်း၊ ပန္နက်တော့ရိုက်ပြီးပြီ။
မြေတူးဘို့လုပ်အားပေးခေါ်မလားဆိုတော့ ဖိုးအောင်က ဟာ၊ လူတွေ အများကြီးနဲ့၊ မကောင်းဘူး။
ကျောင်းဆောက်တုံးကလည်း ဒီလိုပဲ ပစ်ရရော။ ငှားတူးတာ ကိုယ့်စိတ်ကြိုက် သေသေချာချာ တူးခိုင်းလို့ရတယ်
ဆိုတာနဲ့ လူငှားကြတယ်။ စိုးသန်းတို့ကိုငှားတော့ မြေ ၆ ကျင်းခွဲကို ၇၀၀၀ ပေးတာ နည်းတယ်ဆိုလို့
လူထပ်ရှာရတယ်။ လူကလည်း တော်တော်နဲ့ မရနိုင်ဘူး။ ၁၀ နာရီက တီးနေပြီ။ အဲဒီတုံးမှာ ဘိလပ်မြေအိတ်တွေသွားသယ်တဲ့
လှည်းတွေရောက်လာလို့ လှည်းတွေပေါ်က သယ်ချ။ ရ-ယ-က ရုံးထဲသွင်း လုပ်ရတာနဲ့ အဲဒီမနက် မြေမတူးရတော့ဘူး။
ညနေပိုင်းကျမှ တူးနိုင်တော့တယ်။ မြေကမာ၊ တူးရတာကမလွယ်နဲ့ ဟယ်။
ညနေကျတော့
လက်သမားပြန်သွားတယ်။ ဖိုးသောင်းလိုက်ပို့တယ်။
အစတုံးကတော့ မြေတူးပြီးရင် တစ်ခါတည်း အုတ်မြစ်ချဘို့ပဲ။ ဒါပေမဲ့
နောက်နေ့ထိ မြေကတူးမပြီးသေးတော့ ကိုသောင်းတန်က ကျောက်၊ သဲ၊ ဘိလပ်မြေကို ဘယ်အချိုးစပ်လို့မှာခဲ့ရတယ်။
မြေတူးမပြီးသေးတော့ ဆက်လုပ်လို့မရဘူး။ နေ့ခင်းကျတော့ တင်ဦး အုတ်ဖိုကို သွားပြီး အုတ်တွေရေ၊
ပုံထားခဲ့တယ်။ ပြီးတော့ ကုန်မဲ့သစ် တွက်ကြတယ်။ တွက်တော့ စုစုပေါင်း သစ် ၂ တန်လောက်လိုမယ်တဲ့။
တင်ဦးဆီက သစ်ဝယ်ဘို့ပြောတော့ ဈေးက တစ်သိန်းရှစ်သောင်းလို့ ပြောတယ်။ ဦးလေးဝင်းမြင့်က
၁၇၀၀၀၀ ဈေးထားကွာလို့ ဈေးဆစ်ပြီး စရံ ၅ သောင်းပေးလိုက်တယ်။
အဲဒီတော့မှ
ငါလဲ မျက်လုံးပြူးရတော့တာဘဲ။ အလှူငွေက ၈ သိန်း၊ ကုန်မှာက ခုတင် ၁၂ သိန်းလောက်ဖြစ်နေပြီ
ဆိုတော့ ငါက ၄ သိန်းစိုက်ရမဲ့ကိန်း ဖြစ်နေတယ်။ ၁ သိန်း၊ ၁သိန်းခွဲလောက်ဆို တော်သေးတာပေါ့ဟယ်။
နောက်တော့ သန်းသန်းလွင်က ပြောတယ်။
မမကြီး၊ ငါစဉ်းစားနေတာ။ သစ်က အလုံးလိုက်မှ တစ်သိန်း၊
ထန်ကုန် ၁သိန်း၂ သောင်းပဲရှိတယ်။ ဆွဲခက တစ်တန်မှ ၁ သောင်းပဲ ရှိတာ။ ခု ကိုတင်ဦးတောင်းတဲ့ဈေး
အရမ်းများတယ်။ နင်တို့က လာလှူတာကို ငါတို့က ကူညီရမှာပေါ့။ ဒီတော့ ကိုတင်ဦးကို ဈေးထပ်လျှော့
ခိုင်း။ သူမလျှော့နိုင်ရင် ငါဖြစ်အောင်လုပ်ပေးမယ်။ ဦးလေးဝင်းမြင့်က လက်သမားရှာပေးပါ။
ဟဲ့၊ သန်းသန်းလွင်။ ဆေးခန်းဆောက်ပြီး ငါတို့က ပြန်သွားမှာ။
တော်ကြာ တင်ဦးက နင်တို့ကို ရန်လုပ်နေမယ်။
ငါတို့
အဲဒီလိုဖြစ်နေတော့ ဖိုးအောင်က ကိုင်း၊ ပြောနေကြာရော့၊
အဲဒီအကောင် ငါအခုသွားခေါ်မယ် ဆိုပြီး တင်ဦးကိုသွားခေါ် လာတယ်။ နောက်ပြီး တင်ဦးကို
ဟောက်တယ်။
ဟေ့ကောင်တင်ဦး။ မင်းလုပ်ပုံဟုတ်သလား။ မင်း မကျင်တို့ကို
တစ်တန် ၁ သိန်း ၈ သောင်းဈေးနဲ့ ရောင်းတာ မလွန်ဘူးလားကွာ။ သူများတွေဆို မင်းဟာမင်း
၂ သိန်းရောင်းရောင်း၊ ဘာအကြောင်းလဲကွ။ အခု သူတို့က ငါတို့ရွာအတွက် လာလှူတာ။ ခု သန်းသန်းလွင်
ပြောတော့ သစ်က အလုံးလိုက်မှ တစ်သိန်းကျော်၊ ခွဲခက တစ်သောင်းပဲရှိတယ်တဲ့။ သန်းသန်းလွင်က
ငယ်ပေတဲ့ မင်းထက် ဦးဏှောက် ရှိတယ်။ ဒီတော့ မင်း သစ်ဈေးကို ၁သိန်း၃သောင်း ပြင်ပေးပါ။
မပြင်နိုင်ဘူးဆိုရင်တော့ ခုနကပေးလိုက်တဲ့ စရံ ၅ သောင်းပြန်ပေးပေတော့။ သန်းသန်းလွင်ကို
လုပ်ခိုင်းလိုက်မယ်။
အဲဒီတော့မှ
တင်ဦးက စပ်ဖြဲဖြဲနဲ့ ဟဲ၊ ဟဲ၊ ဟဲ၊ ဟဲ။ မမရယ်။
နေပါဦးဟ။ နင်တို့က ၁ သိန်း ၃ သောင်းထားဆိုလည်း ထားပါ့မယ်၊ သန်းသန်းလွင်နဲ့ အတူတူလုပ်ကြတာပေါ့
ဆိုပြီး ဖြစ်သွားတယ်။
ညကျတော့
စာကြည့်တိုက်ဖွင့်ဘို့ စည်းဝေးပွဲလုပ်ကြတယ်။ စည်းဝေးပွဲကလည်း သန်းခေါင်ကျော်မှ ပြီးတာပဲ။
စည်းဝေးပွဲလည်း ပြီးရော တို့လည်း ပြန်ဘို့အထုပ်အပိုးပြင်ပြီး ကားလမ်းကို လာခဲ့ကြတယ်။
ဖိုးစိုနဲ့ ထွန်းကြည်တို့ လိုက်ပို့တယ်။ ဖိုးသောင်း ကားလက်မှတ် သွားယူတုံးက ကားလမ်းမှာ
မနက် ၄ နာရီစောင့်နေပါဆိုတာနဲ့ ငါတို့လည်း ၃ နာရီခွဲကတည်းက ရောက်နေကြတာ။ ကားက ၄ နာရီလည်း
မလာ၊ ၅ နာရီလည်းမလာ။ ငါ့မှာသာ ရင်တမမနဲ့ ကားလမ်းပေါ်တက်စောင့်နေရတယ်။ ကိုသောင်းတန်ဆိုတာ
လှည်းပေါ်မှာ တခူးခူးနဲ့ အိပ် တာမှ ပြောမနေနဲ့။ အနို့၊ ရင်မ,မလို့က မဖြစ်ဘူး။ ဒီနေ့က
အကြိုနေ့။ နက်ဖြန် သင်္ကြန်အကျနေ့ဆို ဘာကားမှရှိတော့မှာ မဟုတ်ဘူး။
ကားကလည်း
မနက် ၇ နာရီကျော်မှလာတယ်။ ငါတို့မှာ ဗိုက်ဆာလိုက်တာဟယ်။ ရန်ကုန်ကို ၁၀ နာရီလောက် ရောက်တယ်။
ကိုသောင်းတန်တော့ ထမင်းစားပြီး ၁၁ နာရီလောက်ကျတော့ ဘုန်းကြီးဆွမ်းကပ်စရာရှိသေးလို့တဲ့။
ပြန်သွားတယ်။
(၆၀) ဆေးခန်း နှင့် စာကြည့်တိုက်ဖွင့်ပွဲ မှတ်တမ်း
ကျွန်တော်က
စာကြည့်တိုက်ကို တက်နေ၀န်း ဟု အမည်ပေးလိုက်ပါသည်။ တက်သစ်စနေမင်းကြီးသည် လောကကြီးကို
အလင်း ရောင်ပေးသည့်အလား ပညာတည်းဟူသော အလင်းရောင်ကို ရွာသူရွာသားများအား ပေးမည့်နေရာအဖြစ်
တင်စားမှည့်ခေါ်လိုက်ခြင်း ဖြစ်ပါ သည်။ မူလဆေးခန်းအဟောင်းအား ပြင်ဆင်ကာ စာကြည့်တိုက်လုပ်လိုက်သည်။
ဆေးခန်းနှင့် စာကြည့်တိုက်ဖွင့်ပွဲသို့ သွားခဲ့သည့် ခရီးစဉ် အားလည်း မမက အောက်ပါအတိုင်း
ပြန်ပြောပြပါသည်။
ဝါးတောကွင်းစာကြည့်တိုက်အတွက်
ငါရယ်၊ မူမူရယ် တို့ညီအစ်မနှစ်ယောက် ပန်းဆိုးတန်းစာအုပ်ဆိုင်တွေ သွားဝယ်ကြတယ်။ ငါတို့လိုချင်တဲ့
စာအုပ် အစုံမရပါဘူးဟယ်။ စာအုပ် တစ်သောင်းခုနစ်ထောင်ဘိုးဝယ်ခဲ့တယ်။ နောက်ပြီး ဂုဏ်ပြုလက်မှတ်တို့၊
ပညာလို အိုသည်မရှိ။ အလိမ္မာ စာမှာရှိ။ စာအုပ်စာပေ လူ့မိတ်ဆွေ။ စာအုပ်များ အပြင်သို့ယူမဖတ်ပါနှင့်။
ကွမ်းမစားရ။ ဆေးလိပ်မသောက်ရ။ စကားတိုးတိုးပြောပါ။ ဆူညံခြင်းမပြုရ စတဲ့ ဆိုင်းဘုတ်တွေရိုက်၊
ပလတ်စတစ်လောင်းတာ ၂၁၀၀ ကျတယ်။
နက်ဖြန်
(၂၅ - ၅ - ၂၀၀၃) ၀ါးတောကွင်းသွားဘို့ ကားလက်မှတ်ကြိုဖြတ်ထားရတယ်။ လက်မှတ်တစ်စောင်ကို
၁၄၀၀။
ဝါးတောကွင်းဆေးခန်းနဲ့
စာကြည့်တိုက်ဖွင့်ပွဲကို အစကတော့ စာရေးဆရာ မင်းလှမြတ်ထွေးနဲ့ ဆရာဦးထိန်ဝင်းတို့ လိုက်ဦးမလို့ပဲ။
ဒါပေမဲ့ ရာသီဥတုက မကောင်းဘူး။ တော်ကြာ လူကြီးတွေ ဒုက္ခရောက်မှာစိုးတာနဲ့ မခေါ်ဖြစ်တော့ဘူး။
မခင်ဆွေလှရယ်၊ သူ့သမီး ဇင်ဇင် ရယ်၊ ကိုသောင်းတန်ရယ်၊ ငါရယ်၊ အဖေကြီးရယ် သွားကြတယ်။
မနက် ၎
နာရီခွဲလောက်မှာ ဒို့အိမ်နား (နာနတ်တောလမ်း) ကို ကားရောက်လာတယ်။ အဝေးပြေးကွင်းကနေ မနက်
၆ နာရီခွဲမှာ ထွက်တယ်။ အိမ်ကနေ ကော်ဖီတို့၊ မုံ့တို့ယူလာခဲ့တော့ ကိုသောင်းတန်တို့၊
မခင်ဆွေလှတို့ ကားပေါ်မှာပဲ စားကြသောက်ကြတယ်။ ၁၀နာရီခွဲ တော့ လယ်တံငယ်ကို ရောက်တယ်။
ကိုအေးသောင်း၊ သာယာ၊ ကိုသန်းအောင်သား၊ ကိုမြဂွမ်းသား၊ ၀င်းလွင်တို့ လာကြိုနေကြတယ်။
စာကြည့်တိုက်ဖို့ ၀ယ်သွားတဲ့စာအုပ်က ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေဗဟုသုတ စသဖြင့် အုပ်ရေ
၅၆၀။ ပီနံအိတ် ၅ လုံးနဲ့ အပြည့်။ စာအုပ်ထုပ်တွေကိုတော့ ရွာကအလယ်တန်းကျောင်းအတွက် ဓနိဝယ်ရအောင်လာတဲ့လှည်းတွေ
စာစီကုန်းမှာရှိလို့ ကိုအေးသောင်းနဲ့ သာယာတို့ သွားပို့ကြတယ်။
လယ်တံငယ်မှာပဲ
ထမင်းစား၊ ခဏနားကြပြီး ၁ နာရီလောက်ကျတော့ ခရီးဆက်ခဲ့ကြတယ်။ ကိုသောင်းတန်နဲ့ တခြားသူတွေ
ကတော့ စက်ဘီးတို့ ဆိုင်ကယ်တို့နဲ့ လိုက်သွားကြတယ်။ လူမစေ့တာနဲ့ ငါနဲ့ မခင်ဆွေလှတော့
ခြေလျင်ပဲလျှောက်ခဲ့ကြတယ်။ တော်တော်လေးလျှောက်မိတော့ ရွာဘက်ကပြန်လာတဲ့ ဆိုင်ကယ်တစ်စီးနဲ့
တွေ့တယ်။ အဲဒီလူက လေးမျက်နှာကျန်းမာရေးရုံးက။ မခင်ဆွေလှနဲ့ သိတယ်။ နောက်က ဆရာဝန်ကြီးတဲ့။
သူတို့က ဆေးခန်းဖွင့်ပွဲကို ရက်မှားပြီးတော့ လာကြတာ။ နောက်နေ့မှ ကျန်းမာရေးမှူး ကို
လွှတ်ပေးမယ်လို့ ပြောတယ်။ ဆေးခန်းကိုလည်း ကြည့်ခဲ့ပြီ တဲ့။
ဒါနဲ့
ဆက်လျှောက်လာလို့ ခေါင်းပြတ်တံတားနားရောက်တော့ နားနေတုံး သာယာနဲ့ အုန်းမြင့်သားတို့
ဆိုင်ကယ် တစ်ယောက် တစ်စီးနဲ့ ရောက်လာကြတယ်။ တို့ကို လာကြိုတာ။ ရွာရောက်လို့ ဆေးခန်းသွားကြည့်တော့
ဆေးခန်းက အကုန်မပြီးသေးဘူး။ အမိုးနဲ့ အောက်ခြေ ၃ ပေလောက်ပဲတက်ရသေးတယ်။ ဆေးခန်းအတွက်
နောက် ထပ်ဝယ်ရတဲ့စာရင်းတွေလုပ်။ စာအုပ်တွေ ဘီရိုထဲထည့် နဲ့ အဲဒီနေ့ အချိန်ကုန်သွားတယ်။
၂၆-၅-၂၀၀၃
နေ့ကျတော့ လေးမျက်နှာက ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့ဝင်၊ ကျန်းမာရေးမှူး၊ ပြည်ခိုင်ဖြိုးအတွင်းရေးမှူး၊
ပန်းတောကြီးနဲ့ ဘဲ့ပြားကုန်းက ဖိတ်ထားတဲ့ ဧည့်သည်တွေ၊ မဝေ၊ ရွှေရွှေ တို့လာကြတယ်။ အားလုံးကို
ဦးလေးဝင်းမြင့်တို့အိမ်မှာ ထမင်းကျွေးတယ်။ စားသောက်ပြီးကြတော့ လဖက်ရည်သောက်ရင်း စကားပြောကြတာပေါ့။
စနေဓမ္မမိတ်ဆွေများအဖွဲ့အကြောင်း၊ ၀ါးတော ကွင်းနဲ့ လယ်တံငယ်ကြားမှာရှိတဲ့ တံတားတွေအကြောင်း
စသဖြင့်ပေါ့။ နောက် အခန်းအနားအစီအစဉ် ရေးကြတယ်။ အခန်းအနားကိုတော့ ကျောင်းမှာလုပ်တယ်။
ယူနီဖောင်းဝတ်တွေ အတော်များပါလားဟဲ့။ မိခင်နဲ့ကလေးတို့၊ မီးသတ်တို့၊ အမျိုးသမီးရေးရာတို့၊
ကြံ့ခိုင်ရေးတို့ အစုံပဲ ဟေ့။
မဝေက အခန်းအနားမှူး
လုပ်တယ်။ ပထမဆုံး အဖွင့်အမှာစကားကို ဥက္ကဌ ကိုမြင့်အောင်က ပြောတယ်။
“ဒီနေ့ဟာ
ကျွန်တော်တို့ရွာမှာ ဆေးခန်းရော စာကြည့်တိုက်ပါဖွင့်လှစ်နိုင်တဲ့နေ့မို့လို့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်။
အခုလို အလှူရှင်တွေ မရှိဘဲ ဒီ ဆေးခန်းတို့ စာကြည့်တိုက်တို့ ဘယ်လိုမှ ဖွင့်နိုင်စရာမရှိပါဘူး။
ဒီလိုဆေးခန်းဖြစ်အောင် ဆောက်လုပ်လှူဒါန်းခဲ့ကြတဲ့ အလှူရှင် စနေဓမ္မမိတ်ဆွေများအဖွဲ့ကို
ကျွန်တော်တို့ ၀ါးတောကွင်းရွာအနေနဲ့ အလွန့်အလွန် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ရွာဘက်ကတော့
ဆေးခန်းဆောက်ရာမှာ ပစ္စည်းတွေ ၀ိုင်းသယ်ပေးတာ၊ လက်သမားထမင်းကျွေးတာ၊ လိုတာတွေဝိုင်းကူပေးတာလောက်ပဲ
တတ်နိုင်ပါတယ်။ ရွာသူရွာသားတွေအနဲ့လည်း ၀ိုင်းဝန်းကူညီကြဘို့လိုပါတယ်။ ဟာ၊ ငါတစ်ယောက်မသွားရုံနဲ့
ဘာမှ မဖြစ်ပါဘူး။ တခြားလူတွေ လုပ်လိမ့်မပေါ့ လို့ မတွေးကြပါနဲ့။ အဲသလိုသာ လူတိုင်းတွေးနေကြရင်
ဘာမှ ဖြစ်လာနိုင်စရာမရှိပါဘူး။ ဘယ်အလုပ်ပဲဖြစ်ဖြစ် တစ်ယောက်တစ်လက် ၀ိုင်းဝန်းလုပ်ကြမှ
အောင်မြင်မယ်ဆိုတာ အားလုံးသိထားဘို့လိုပါတယ်။ မနေ့က လေးမျက်နှာက ဆရာဝန်ကြီးလာသွားတုံးကလည်း
လေးမျက်နှာမြို့နယ်ထဲမှာ ဆေးပေးခန်းနဲ့ စာကြည့်တိုက်ရှိတာဆိုလို့ ဒီ ၀ါးတောကွင်းတစ်ရွာပဲ
ရှိသေးတယ်လို့ ပြောသွားပါတယ်။ - - ” စသဖြင့်
ပြောတယ်။
အဲဒီနောက် ဆေးပေးခန်း၊ စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း၊ စာအုပ်စာရင်း
စတာတွေကို လွှဲအပ်တယ်။ ငါကပေးပြီး ဆေးမှူးဦးငွေလှိုင်က လက်ခံတယ်။ ပြီးတော့ ဂုဏ်ပြုလွှာကို
ဆရာမ ဒေါ်မင်းမင်းမော်က ပေးပြီး အဖေကြီးက လက်ခံယူတယ်။ ပြန်/ဆက်က ပေးတဲ့ အလှူငွေ တစ်သောင်းကို
မြို့နယ်က ကိုသိန်းဇင်က ပေးပြီး ကိုမြင့်အောင်က လက်ခံတယ်။
အားလုံးပြီးသွားတော့
ငါက ဒီဆေးခန်း ဆောက်လုပ်လှူဒါန်းရတဲ့ အကြောင်းကို ပြောတယ်။
“ကျမတို့ ဘာဖြစ်လို့ ဒီဆေးခန်းကို ဆောက်လှူရတာလဲဆိုရင် ရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက်
ဆရာ၊ ဆရာမမရှိလို့ မဖြစ်ဘူး။ နောက်ပြီး အဲဒီဆရာမကိုလည်း အဆင်ပြေပြေနေနိုင်အောင် အိမ်နဲ့ဘာနဲ့
ကျကျနနထားဘို့လိုတယ်။ ဆေးခန်းရှိရင် မြို့နယ်ဆရာဝန်ကြီး ဖြစ်ဖြစ်၊ ကျန်းမာရေးမှူးဖြစ်ဖြစ်
ပင့်ဖိတ်ပြီး အနီးပတ်ဝန်းကျင်က လူတွေကို ဆေးကုသပေးနိုင်မယ်။ အရေးကြီးရင် ဒီဆေးခန်းမှာပဲ
ထားပြီး အနီးကပ် ပြုစုပေးနိုင်မယ်။
ဒီဆေးခန်းနဲ့ စာကြည့်တိုက်ဆောက်ဖို့
ကျမတို့ မျှော်လင့်တာ ကြာပါပြီ။ အကြောင်းအပေါင်းမသင့်လို့ ခုမှ အကောင်အထည် ဖော်နိုင်တာပါ။
ဒီဆေးခန်းဟာ ဒီရွာအတွက်ဖြစ်လို့ ဆေးခန်းမှာလိုအပ်တာရှိရင် ရွာက၀ိုင်းဝန်းပြီး လုပ်ကိုင်ပေးကြဘို့
မေတ္တာရပ်ခံချင်ပါတယ်။ ဆေးခန်းကို ရေရှည်တည်တံ့အောင် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ပေးဘို့
လိုပါတယ်။ ဆေးခန်းမှာ တစ်ခုခုလိုလို့ ဆရာမကခေါ်ရင် သူ့၊ ငါ တွက်ကပ်မနေဘဲ ညီညီညွတ်ညွတ်
ဝိုင်းဝန်းလုပ်ဆောင်ကြဘို့ လိုပါတယ်။
စာကြည့်တိုက်က စာအုပ်တွေကိုလည်း
မပျောက်မပျက်ရအောင် ၀ိုင်းဝန်းထိန်းသိမ်းကြဘို့ လိုပါတယ်။ စာကြည့်တိုက်ကို လာကြပါ။
စာဖတ်ကြပါ။ တတ်နိုင်တဲ့သူတွေက စာအုပ်အသစ်တွေ ထပ်ဖြည့်ပေးပါ။ ကျမတို့လည်း မကြာမကြာ စာအုပ်တွေ
ဝယ်ပို့ပါ့မယ်။ စာအုပ်တွေကို စနစ်တကျ ထိန်းသိမ်းဘို့ တစ်ယောက်ယောက်က တာဝန်ယူပါ။
ဒီဆေးခန်းဆောက်တာ ၁၃ သိန်းကုန်ပါတယ်။
စနေဓမ္မမိတ်ဆွေများအဖွဲ့ကလှူတာ ၈ သိန်းပါ။ ကျန်တဲ့ငါးသိန်းကိုတော့ ကျမတို့ စိုက်ထုတ်လုပ်ပေးပါတယ်။
ကုန်ချင်ကုန်ပေ့စေ။ ဆေးခန်းကို ကောင်းကောင်းလေးဖြစ်အောင် လုပ်ပေးလိုက်ပါလို့လည်း ကျမမောင်လေးက
သေသေချာချာ မှာလိုက်ပါတယ်။ ဒီလိုလုပ်တာ ကျွန်မတို့မှာ ပိုက်ဆံတွေ ပိုလွန်းနေလို့၊ ချမ်းသာလို့မဟုတ်ပါဘူး။
ကိုယ်စားမဲ့အထဲက ချွေတာပြီး လှူတာပါ။ အဲဒီအတွက် ဒီစာကြည့်တိုက်နဲ့ ဆေးခန်းကို ရေရှည်တည်တံ့
ခိုင်မြဲအောင် ကြိုးစားကြပါလို့ မှာချင်ပါတယ်။”
ငါပြောပြီးတော့
ကိုသောင်းတန်ပြောတယ်။ သူက စနေဓမ္မမိတ်ဆွေများအကြောင်း ပြောတယ်။
“ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့ကို ၂၀၀၁ ခုနှစ် သြဂုတ်လက သူငယ်ချင်း
၅ ဦးဖြစ်တဲ့ ကျွန်တော်၊ ကိုအေးငြိမ်း၊ ကိုရေချမ်း၊ ကိုမြင့်သိန်း၊ ကိုဉာဏ်ပိုတို့နဲ့
စဖွဲ့ခဲ့ကြတာပါ။ အစပိုင်းကတော့ ကျွန်တော်တို့ ၅ ယောက်ပဲ ပိုက်ဆံစုပြီး တစ်သိန်းပြည့်ရင်
တစ်နေရာ လှူမယ်ပေါ့။ အလှူငွေ ၂ သိန်းစုမိတဲ့ ၂၀၀၁ ခုနှစ် ဒီဇင်ဘာမှာ မော်လမြိုင်အနာကြီးရောဂါ
အထူးကုဆေးရုံကို ပထမဆုံး စပြီးလှူလိုက်တယ်။ နောက်တော့ ကိုကျော်နိုင်စိုး၊ ကိုနွယ်ဝင်း၊
ကိုရေချမ်းရဲ့သူငယ်ချင်း ကိုကျော်ဇော၊ ကိုမင်းမင်း၊ ကိုဝင်းမြင့်၊ ကိုတင်ကို၊ ကိုသောင်းတန့်
သူငယ်ချင်း ကိုမိုးဦး၊ ကိုကျော်ကျော်ဝင်း၊ ကိုကျော်စွာလင်း၊ တို့ပါ ပါဝင်လာပြီး သူတို့သူငယ်ချင်းတွေဆီကပါ
အလှူငွေတွေကောက်ခံပေး ပါတယ်။ ခုဆို အလှူရှင် ၁၀၀ ကျော်ရှိနေပါပြီ။ သူတို့က တစ်ခါတစ်ရံလှူတာမဟုတ်ဘဲ
လတိုင်းလှူတာပါ။
အခု တစ်လကို အလှူငွေ ဆယ်သိန်းလောက်
လစဉ်လှူနေနိုင်ပါပြီ။ ဒီနေ့ထိ ၄၆ နေရာကို လှူဒါန်းငွေ စုစုပေါင်း ၁၂၃ သိန်းကျော် လှူဒါန်းနိုင်ခဲ့ပါပြီ။
ကွန်တော်တို့လှူတာ နိုင်ငံရေး၊ ဘာသာရေး လုံးဝကင်းပါတယ်။ လိုနေတဲ့နေရာတွေကို ပစ္စည်းတိုက်ရိုက်လှူပြီး
ကူညီပေး တာပါ။ လှူလိုက်တဲ့အပေါ်ကနေ ဘာတစ်ခုမှ ကျွန်တော်တို့ မမျှော်လင့်ပါဘူး။ ခရီးစရိတ်နဲ့
အထွေထွေကုန်ကျစရိတ်ကို အလှူငွေထဲက မသုံးပါဘူး။ ကိုယ့်ဟာကိုယ် စိုက်ထုတ်သုံးစွဲကြတာပါ။
ကျွန်တော်တို့အဖွဲ့မှာ ဥက္ကဌ၊
အတွင်းရေးမှူးစတာတွေမရှိပါဘူး။ စိတ်တူသဘောတူ သူငယ်ချင်းတွေစုပြီး တာဝန်ခွဲယူလုပ်ကြ တာပါ။
လတိုင်းလတိုင်း စုလို့ရတဲ့ အလှူငွေအားလုံးကို လှူပါတယ်။ လက်ကျန်ငွေ လုံးဝမထားပါဘူး။ ကျွန်တော်တို့အများဆုံးလှူတာ
စာသင် ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သီလရှင်သင် ပညာရေးကျောင်း၊ ဆေးရုံ၊
ဆေးခန်း၊ လမ်း၊ တံတားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများရဲ့ ကိစ္စအ၀၀ကိုတော့
ကိုအေးငြိမ်းကပဲ ဦးဆောင်ပြီး လုပ်နေတာပါ။ ကိုအေးငြိမ်းက ခင်ဗျားတို့ရွာကို အင်မတန်တိုးတက်စေချင်ပါတယ်။
ကိုအေးငြိမ်းဖြစ်စေချင်တာတွေကို ခင်ဗျားတို့က ၀ိုင်းဝန်းလုပ်ဆောင်ကြဘို့ လိုပါတယ်။
ဒီဆေးခန်းဆောက်လုပ်ရေးမှာ
ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။”
သူပြောပြီး
လေးမျက်နှာက ဆေးမှူးဦးငွေလှိုင် ပြောတယ်။ ခုဖြစ်နေတဲ့ SARS ရောဂါအကြောင်း၊ ဒီရောဂါက
ဘယ်လိုစဖြစ်တတ် တယ်။ ရောဂါလက္ခဏာတွေကဘာ၊ ဘယ်လိုနည်းနဲ့ကူးနိုင်တယ်။ ဘယ်လိုကာကွယ်ရမယ်၊
ယင်လုံအိမ်သာဆောက်ဘို၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စသဖြင့်ပြောတယ်။
နောက်ပြီး မခင်ဆွေလှ ပြောတယ်။ သူက သူ အရင်က ဒီရွာမှာ ဆယ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်
ဒီရွာအပေါ် သံယောဇဉ်ဖြစ်နေလို့ လိုက်လာတဲ့အကြောင်း၊ သူတို့နေတုံးက နေစရာရယ်လို့သီးသန့်မရှိတော့
အဆင်ပြေသလို ကြံဖန်နေရကြောင်း၊ အခု ဆရာမက မိုးလုံလေလုံ တိုက်ခန်းကလေးနဲ့ နေရတော့မှာ
ဖြစ်လို့ အင်မတန်ကံကောင်းပါကြောင်း၊ နောက်ပြီး ဒီလိုဖြစ်လာအောင် စေတနာ နဲ့ လုပ်ပေးတဲ့
ကျင်ကျင်တို့ကို ကျေးဇူးတင်ရမှာဖြစ်ကြောင်း၊ ရွာသားတွေအနေနဲ့ ငါတို့နဲ့မဆိုင်ဘူးလို့
သဘောမထားဘဲ ကြာရှည်ခံအောင် ၀ိုင်းဝန်း ပြုပြင်ထိန်းသိမ်းကြဘို့ လိုတဲ့အကြောင်း စတာတွေ
ပြောတယ်။
သူပြောပြီးတော့ ရွာခံဆရာမ ဒေါ်မင်းမင်းမော် ပြောတယ်။ သူက ကာကွယ်ဆေးထိုးဘို့ ခေါ်လိုက်တဲ့အခါ
၁၀ နာရီဆိုရင် ၁၀ နာရီ အရောက်လာကြဘို့အကြောင်း၊ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးဆိုတာ
ပိုးအရှင်တွေကို မသေအောင် ရေခဲနဲ့ထားရပြီး တပြိုင်နက် ထိုးရကြောင်း၊ ပိုးတွေသေသွားခဲ့ရင်
ထိုးလိုက်တဲ့ဆေးဟာ ဘာအာနိသင်မှ ရှိမှာ မဟုတ်တော့ကြောင်း၊ ဆေးကိုလေးမျက်နှာသွားသယ်တဲ့
အခါ ရေခဲနဲ့သယ်ရလို့ ရေခဲဝယ်ရတဲ့အကြောင်း၊ ဆေးသယ်ဘို့တောင် သယ်ချင်သူမရှိလို့ ဆေးယူရတာ
အင်မတန်ခက်ခဲကြောင်း၊ အဲဒီ စရိတ်စကတွေအတွက် အလှူငွေကောက်တာ တစ်ခါမှ ငွေတစ်ဆယ်ပြည့်အောင်တောင်
မရဖူးကြောင်း၊ နောက်ပြီး ဒီဆေးဟာ ဘာဆေး ဖြစ်တယ်လို့ရှင်းပြတာကို သေသေချာချာမှတ်ထားကြစေလိုကြောင်း၊
ဟိုတခါ ဆေးမှူးလာတော့ အဆုပ်ရောဂါကာကွယ်ဆေး ထိုးပေး ထားတာကို ကျောက်ဆေးလို့ ရမ်းဖြေတဲ့အတွက်
မျက်နှာမရကြောင်း၊ လာရင်လည်း တစုတဝေးထဲလာရင် အားလုံးကို တပြိုင်နက် ရှင်းပြနိုင်မှာဖြစ်ကြောင်း၊
ခုတော့ တစ်ယောက်စီတစ်ယောက်စီလာနေတဲ့အတွက် လူတိုင်းကိုရှင်းပြနေရတာ အဆင်မပြေကြောင်း၊
ကိုယ့် အတွက်လုပ်ပေးတာကို ကိုယ့်အသိစိတ်ဓါတ်နဲ့ လာကြဘို့လိုကြောင်း စသဖြင့် ပြောသွားတယ်။
နောက်ပြီး ဦးလေးဝင်းမြင့် နည်းနည်းပြောတယ်။ သူက “ရွာသားတွေ အတုယူကြစမ်းပါ။ ခုကြည့်၊ မကျင်တို့၊ ကိုအေးငြိမ်းတို့ ဆိုတာ သူတို့ဟာသူတို့
အေးအေးဆေးဆေး နေနိုင်ရက်သားနဲ့ ဘာဖြစ်လို့ ခုလိုလာလှူရတာလဲ တဲ့။ ဒါ ကိုယ့်ဇာတိဒေသကို
မမေ့လို့။ နောက် အရေးကြီးဆုံးက စေတနာ။ သူတို့သာ လုပ်ပေးချင်တဲ့စေတနာမရှိရင် ဟောဒီဆေးခန်းဆိုတာ
ဖြစ်လာစရာအကြောင်းမရှိဘူး။ ဒီတော့ သူတို့ လှူလို့ ရလာတဲ့ ဆေးခန်းကို ခင်ဗျားတို့ ကျွန်တော်တို့က
ရေရှည်ခံအောင် ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ပြုပြင်ထိန်းသိမ်းကြဘို့ လိုတယ် - - ” စသဖြင့်ပေါ့။
နောက်ပြီး ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးတင်ဝင်း
ပြောတယ်။ သူက လေးမျက်နှာမြို့နယ်မှာရှိတဲ့ ၄၄ အုပ်စုထဲမှာ ဆေးခန်းနဲ့ စာကြည့်တိုက်ရှိတာဆိုလို့
ဒီတစ်ရွာပဲ ရှိတဲ့အကြောင်း၊ ရွာသားတွေအနေနဲ့ဆို ဒီလိုဆေးခန်းဆောက်ဘို့ဆိုတာ တတ်နိုင်ရင်တောင်မှ
ဆောက်လှူဘို့ ဘယ်သူမှ စိတ်မကူးကြတဲ့အကြောင်း၊ ခုဆို ကိုယ်ကျန်းမာဘို့ ဆေးခန်းရော၊ စိတ်ကျန်းမာဘို့
စာကြည့်တိုက်ကိုပါ လှူသွားတဲ့ အတွက် အင်မတန် ကျေးဇူးတင်ဘို့ကောင်းကြောင်း၊ ကိုအေးငြိမ်းက
ခုလို ခင်ဗျားတို့ကို လုပ်ပေးတာဟာ နောက်ထပ် ကိုအေးငြိမ်းတွေ ၀ါးတောကွင်းရွာကနေ ထွက်လာအောင်
လုပ်ပေးတာဖြစ်ကြောင်း၊ သူတို့ရဲ့သန့်ရှင်းတဲ့ စေတနာကို တန်ဘိုးထားသောအားဖြင့် ဒီဆေးခန်း
နဲ့ စာကြည့်တိုက်ကို ရေရှည်ခံအောင် ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်း စသဖြင့် ပြောတယ်။
ကိုအေးသောင်းနဲ့ အဖေကြီးတို့လည်း ပြောသေးတယ်။ ပြောတဲ့သူတွေများတဲ့အခါကျတော့
နားထောင်တဲ့လူတွေတော့ ဘယ်လို နေမယ်မသိဘူး။ ပြောတာတွေကို သူတို့ ဘယ်လောက်နားလည် သဘောပေါက်သလဲဆိုတာလဲ
မခန့်မှန်းတတ်တော့ဘူး။ ပြောတဲ့လူက ပြောပေတဲ့ ယူတတ်မှလဲ ရအုံးမှာကိုးဟဲ့။
ဤသည်မှာ
အစ်မကြီးပြန်ပြောပြသည့် ဆေးခန်းဖွင့်ပွဲ အကြောင်း ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ် မေလ နောက်ဆုံးပါတ်က
သွားခဲ့ကြ တာဖြစ်၏။
(၆၁) စာကြည့်တိုက်တွေ စာအုပ်တွေ လှူကြစမ်းပါ
အမှန်ဆိုလျှင်
သည်ဆေးခန်းနှင့် စာကြည့်တိုက်ဆောက်ဘို့ ကျွန်တော်အိပ်မက်မက်တာ နှစ်ကာလ အတန်ကြာကပင်
ဖြစ်ပါသည်။ သို့သော် ပိုက်ဆံကလည်းမရှိ။ အကြောင်းအပေါင်းကလည်း မသင့်သေးသဖြင့် ယခုမှ
ဆောက်ဖြစ်တာ ဖြစ်ပါသည်။ မှန်းတုံးက ၉ သိန်း လောက် ကုန်မည်မှန်းသော်လည်း တကယ့်တကယ်ကျတော့
၁၁ သိန်းကျော် ကုန်သည်။ ပိုသမျှ ကျွန်တော်ထည့်ရတာ ဖြစ်သဖြင့် ကျွန်တော့်အလှူ ၃ သိန်းကျော်
ဖြစ်သွား၏။ ဒါတောင် ဆောက်လုပ်ရေးကိစ္စတစ်ခုတည်းဖြစ်ပြီး ဗာဟီရ၊ ဘာဘာညာညာ ကုန်တာတွေ မပါသေး။
သို့သော် သည်ဆေးခန်းနှင့် စာကြည့်တိုက် အကောင်အထည်ပေါ်သွားခြင်းကို ကျွန်တော် အလွန်ဝမ်းသာပီတိ
ဖြစ်မိပါ၏။
၂၀၀၉ ခုနှစ်
ကျွန်တော်ရွာပြန်ရောက်စဉ် စာကြည့်တိုက်တွင်ထိုင်ကာ သူငယ်ချင်းများနှင့် စကားပြောနေသည့်အခိုက်
ကျောင်းလွှတ်လိုက်သဖြင့် ကျောင်းသားကလေးများ သူ့ထက်ငါ အပြေးအလွှားလာကာ စာအုပ်များကို
လှန်လှောဖတ်ကြသည်ကို တွေ့ရ သည့်အခါ ကျွန်တော် အလွန်ဝမ်းသာအားရဖြစ်မိပါ၏။ ဖိုးအောင်က
ဟေ့ကောင်တွေ၊ စာအုပ်တွေ ရိုရိုသေသေကိုင်ကြ၊
ပြဲစုတ်ကုန်မယ် ဟု အော်သည်ကို ကျွန်တော်က ပြဲစမ်းပါစေကွာ၊
ဖတ်လို့စုတ်သွားတာ ငါမနှမြောပါဘူး။ မဖတ်ဘဲ ချောင်ထဲထိုးထားပြီး စုတ်ကုန်တာသာ နှမြော
ရမှာ ဟုဆိုကာ ကလေးများကို ဖတ်သာဖတ်ကြ၊ မင်းတို့လိုချင်တဲ့စာအုပ်တွေလည်းပြော၊
ဦး ၀ယ်ပေးမယ်။ မင်းတို့ဖတ်လို့ စာအုပ်စုတ်သွား တော့လဲ စာအုပ်အသစ်ရတာပေါ့ကွာ ဟု
အားပေးရ၏။
ရွာမှလူကြုံတိုင်းလည်း
မမတို့က ၃၂ လမ်းသို့သွားကာ စာအုပ်များ သူတို့သယ်နိုင်သလောက် ၀ယ်ပေးပါသည်။ ထိုစာအုပ်များမှာ
ဈေးသက်သာသဖြင့် တစ်သောင်းဘိုးမျှဝယ်လျှင်ပင် အများကြီးရပါသည်။ တစ်သောင်းဆိုသည်မှာ
စင်ကာပူဒေါ်လာ ၁၄ - ၅ ကျပ်၊ ၂၀ မျှသာရှိပေရာ ကျွန်တော်တို့အဖို့ ဘာမှမတတ်နိုင်စရာမရှိ။
သို့သော် စာအုပ် တစ်သောင်းဘိုးမျှ ၀ယ်ပေးလိုက်လျှင် ရွာမှကလေးများ အလွန် ပျော်ပါသည်။
သူတို့စာဖတ်နိုင်ရေးအတွက် ကျွန်တော် စင်းဒေါ်လာ ၁၅ ကျပ်၊ ၂၀ ကို အဘယ်ကြောင့် အကုန်မခံနိုင်ရပါမည်နည်း။
အရေးတကြီးမဟုတ်သော အလှူများကိုသော်မှ အားနာပါးနာနှင့် ၅၀ မျိုး၊ ၁၀၀ မျိုးထည့်နေရသေးတာ။
စာအုပ်လှူခြင်း
ဟူသည်မှာ အသိဉာဏ်ကို လှူခြင်းဖြစ်ပါသည်။ ပညာကို လှူခြင်းဖြစ်ပါသည်။ သို့သော်လည်း အများကတော့
စာအုပ်ဝယ်ဘို့၊ စာအုပ်လှူဘို့ အင်မတန် နှမြောတွန့်တိုကြပါသည်။ တခြားဟာတွေသာ ငွေ လေးငါးဆယ်သိန်း
အကုန်အကျခံ လှူချင် လှူရမည်။ စာအုပ် လေးငါးထောင်ဘိုးကျတော့ “ဟင်၊ ငါးထောင်ဘိုးကြီးများတောင်”
ဟု နှာခေါင်းရှုံ့တတ်ကြပါသည်။
ကျွန်တော် ကျောင်းပြီးစ နေ့စားဘ၀နှင့် လုပ်တုံးက ကျောင်းသားဘ၀တုံးက ပိုက်ဆံမတတ်နိုင်သဖြင့်
မ၀ယ်နိုင်ခဲ့သော စာအုပ်များ ကို အတိုးချဝယ်ပါသည်။ လုပ်လို့ရသမျှ ထမင်းစားဘို့နှင့်
လမ်းစရိတ်မျှချန်ကာ ကျန်သည့် ပိုက်ဆံအားလုံးကို စာအုပ်ဝယ်ပါသည်။ သို့သော် ရသည့်ပိုက်ဆံက
တစ်နေ့မှ ခြောက်ကျပ်။ မဖြစ်စလောက် ဆိုတော့ ဈေးကြီးသော စာအုပ်များကို အနားမသီနိုင်။
ပန်းဆိုးတန်း၊ ကုန်သွယ် လယ်ယာရုံးအနောက်ဘက်က စာအုပ်အဟောင်းတန်းတွင် စိမ်ပြေနပြေထိုင်ပြီး
ဈေးလည်းသက်သာ ကောင်းလည်းကောင်းသည့် စာအုပ်များကို ရွေးချယ်ဝယ်ရတာ ဖြစ်ပါသည်။
ကျွန်တော်တို့ဆီမှာ ဖတ်စရာ စာကြည့်တိုက် အင်မတန်ရှားလှ၏။ ရှိသော စာကြည့်တိုက်များမှာလည်း
ကျီးနှင့်ဖုတ်ဖုတ်ဖြစ်၏။ စိတ်ဝင်တစားနှင့် ၀င်ထွက်သွားလာ၊ စာအုပ်တွေ ဖတ်ကြ၊ ငှားကြ၊
စာအကြောင်း၊ ပေအကြောင်း ဆွေးနွေးကြတာ အင်မတန် ရှားလှ၏။ ခုမှ ဟိုနားမှာ စာကြည့်တိုက်ဖွင့်တယ်၊
ဒီရွာမှာ စာကြည့်တိုက်ဖွင့်တယ်၊ နည်းနည်း အသံလေးများ ကြားလာရတာ ဖြစ်ပါသည်။
စင်ကာပူမှ စာကြည့်တိုက်များကို မိတ်ဆွေများ လမ်းကြုံသည်ဖြစ်စေ၊ မကြုံသည်ဖြစ်စေ။
တစ်ခေါက်တစ်ကျင်းလောက် သွားလည် ကြည့်ကြစမ်းပါ။ စာကြည့်တိုက်အတွင်း၌ စာအုပ်ငှားနေသူများ၊
စာအုပ်ရှာနေသူများ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ထိုင်ဖတ်နေသူများနှင့် အလွန်စည်ကားလှပါသည်။
ဤသည်မှာ စာကြည့်တိုက်တစ်ခုတစ်လေသာ မဟုတ်ပါ။ ကျွန်တော် ကျွန်တော်တို့အနားမှ ဂျူရောင်းစာကြည့်
တိုက်၊ မြို့လယ်မှ ဗဟိုစာကြည့်တိုက်ကြီး၊ အယ်လ်ဂျူးနီ စာကြည့်တိုက် စသဖြင့် စာကြည့်တိုက်တော်တော်များများကို
ရောက်ဖူးပါသည်။ စာကြည့်တိုက်အားလုံး၌ပင် သည်လို စာဖတ်သူများနှင့် စည်ကားနေတာ တွေ့ရပါသည်။
ဤသည်မှာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု၏ ပြယုဂ်တစ်ခုဖြစ်ပါ၏။
ကျွန်တော်တို့ရွာက စာကြည့်တိုက်မှာတော့ ကျွန်တော်ဝယ်ထည့်ပေးထားသည့် အဖိုးတန်စာအုပ်များ
တစ်အုပ်မှ မကျန်တော့ပါ။ စာကြည့်တိုက်ဖွင့်ပြီး ပထမနှစ်မှာပင် အားလုံးစုတေကုန်ကြပါသည်။
ယခုတော့ ကလေးများဖတ်သည့် ကာတွန်း၊ ဂျာနယ်၊ နောက်ပြီး သူတို့ သိပ်စိတ်မ၀င်စားသည့် သုတပဒေသာလို
စာအုပ်မျိုးလောက်သာ ကျန်သည်။ ထိန်းသည့်သူရှိသည့်တိုင် မနိုင်။ သို့သော်လည်း သည်ဟာတွေ
ကိုသာ စိတ်ပျက်ပြီး မလုပ်လို့ကတော့ ဘာမှဖြစ်လာစရာ မရှိ။ သည်းခံပြီးတော့ သတင်းစာ၊ ဂျာနယ်၊
မဂ္ဂဇင်းများ မပြတ် ၀ယ်ထည့်ပေး ရသည်။ ဘယ်လောက်ဖတ်ဖတ်၊ ဖတ်လို့ရတာအမြတ်ဟု သဘောထားရ၏။
သည်တော့ လူငယ်များကို ဒီအကောင်တွေ စာလည်းမဖတ်ကြဘူး ဟု အပြစ်မတင်ပါနှင့်။ အပြစ်တင်တာ
လူတိုင်းလုပ်တတ် ပါသည်။ အပြစ်တင်နေခြင်းဖြင့် ဘာတိုးတက်မှုမှ ရနိုင်စရာ လမ်းမမြင်ပါ။
သူတို့စာဖတ်ချင်လာအောင် ဟောပြောပြသပေးဘို့ လိုပါသည်။ ဖတ်ချင်စရာစာအုပ်များ လက်တစ်ကမ်းတွင်
ရှိနေစေရန် လုပ်ပေးထားရပါမည်။ စာအကြောင်း၊ ပေအကြောင်း၊ ကဗျာအကြောင်း ဆွေးနွေး ပေးရမည်။
ထို့ကြောင့် စာရှုသူမိတ်ဆွေများကိုလည်း ကျွန်တော်က တခြားဟာတွေ လှူတာထားပြီး စာကြည့်တိုက်များ
လှူကြစမ်းပါ။ စာအုပ်တွေ ၀ယ်လှူကြစမ်းပါ။ အဖိုးနည်းနည်းနှင့် တန်ဘိုးများများပြန်ရတာဆိုလို့
စာအုပ်လှူတာ တစ်ခုသာ ရှိပါသည်ဟု တိုက်တွန်းလို ပါသည် ခင်ဗျား။
ဆက်ပါဦးမည်။
အေးငြိမ်း
၃၊ ဇွန်လ၊ ၂၀၁၃။ ည ၉း၃၀ နာရီ
No comments:
Post a Comment