(၁၀၉) ပင်နင်စူလာမှ ငွေလွှဲကြပုံ
မြန်မာနိုင်ငံတွင်
နိုင်ငံခြားဘဏ်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ဘဏ်သော်လည်းကောင်း၊ နိုင်ငံခြားဘဏ်ခွဲများသော်
လည်းကောင်း မရှိသည့်ပြင် ယခင်က နိုင်ငံခြားငွေကို အများပြည်သူများကိုင်ဆောင်ခွင့် မရှိသောကြောင့်
နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်သူများမှာ ကိုယ့်မိသားစုထံ ငွေပြန်ပို့လိုလျှင်
မိမိတို့ရောက်ရှိရာ နိုင်ငံများရှိ မြန်မာဆိုင်များ သို့မဟုတ် နိုင်ငံခြားငွေဝယ်သော
အေးဂျင့်များထံမှသာ လွှဲကြရသည်။ ၂၀၁၂ နှစ်လယ်လောက်ကစ၍ ဘဏ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့
ငွေလွှဲနိုင်တော့မည်ဟု သတင်းများထွက်ပေါ်လာသော်လည်း တော်တော်နှင့် အလုပ်ဖြစ်တာ မတွေ့ရပါ။
မြန်မာနိုင်ငံနှင့် ဆက်သွယ်အလုပ်လုပ်နေသော စင်ကာပူမှဘဏ်မှာ ယူအိုဘီ ဖြစ်၏။ သို့သော်
ယူအိုဘီမှလွှဲလျှင်ပင် မြန်မာနိုင်ငံမှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB - Myanmar
Foreign Trade Bank) သို့သာ TT (Telegraphic Transfer) နှင့် လွှဲလို့ရမည်။ ဤသို့လွှဲလိုလျှင်
MFTB တွင် အကောင့်ဖွင့်ရမည်။ အကောင့်ထဲမှာလည်း တချို့ပိုက်ဆံတွေ အိပ်နေရဦးမည်။ ထို့နောက်
သည်ပိုက်ဆံတွေ ဘယ်ကရသလဲအမေးခံရမည်။ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်သူများအား
တရားဝင်အဖြစ် သတ်မှတ်သည်လား။ ၎င်းတို့ရလာသည့် ၀င်ငွေများကိုရော ငွေဖြူများအဖြစ် သတ်မှတ်သည်လား။
ကျွန်တော် သေသေချာချာမသိပါ။ သို့သော်လည်း ကိုယ်ရသည့်ဝင်ငွေထဲမှ လစဉ် သံရုံးသို့ အခွန်ဆောင်နေရသည်ကို
ကြည့်ခြင်းဖြင့် တရားဝင်ငွေများဖြစ်သည်ဟု ယူဆပုံရပါသည်။
မြန်မာနိုင်ငံအတွင်း၌ နည်းမျိုးစုံဖြင့်ရနေပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ
ချမ်းသာနေသူများ၏ ငွေများမှာသာ ဖြူချင် ဖြူရမည်။ ဟော်တယ်ကြီးတွေ ဆောက်လို့ ရရမည်။ ကားကြီးကားငယ်
အသွယ်သွယ်၊ သွင်းခွင့် ရရမည်။ ကျွန်တော်တို့ နဖူးကချွေး၊ ခြေမကျအောင် လုပ်လို့ရထားသော
နှစ်ပဲတစ်ပြား ပိုက်ဆံကလေးများမှာမူ အလွန်မျက်နှာငယ်ရပါ၏။ ကိုယ့်ပိုက်ဆံနှင့်ကိုယ်
သွားလုပ်ပြီး လတိုင်း အခွန်ဆောင်နေရတာတောင်မှ တစ်စက်ကလေးမှ အကောင်းပြောခံရတာမဟုတ်။
သည့်ပြင် ယခင်က အပြင်ဈေး၌ အမေရိကန် တစ်ဒေါ်လာ ၁၀၀၀ ခန့်ပေါက်နေစဉ် MFTB ကဈေးမှ
၆ကျပ်ခွဲ သာဖြစ်၏။ ထို့ကြောင့် ကိုယ်လွှဲလိုက်သည့် ပိုက်ဆံများကို မြန်မာငွေနှင့် ပြန်ထုတ်သည့်အခါ
၆ကျပ်ခွဲ နှင့်သာရှင်းပေးလို့ကတော့ သေပြီဆရာ။ ထိုမျှသာမက သိတော်မူကြသည့်အတိုင်း ဘဏ်သို့သွားရခြင်းဟူသည့်ဒုက္ခမှာ
မသေးလှပါ။ တစ်နေ ကုန်သွားမည်။ နောက်ပြီး ကိုယ့်ပိုက်ဆံကိုယ် ထုတ်တာတောင် မျက်နှာငယ်ကလေးနှင့်
ဆင့်ဟိုဒင်း၊ ခွေးမျှော်သလို မျှော်နေရဦးမည်။ နောက်ပြီး ယူအိုဘီကလည်း ငွေလွှဲခကို အသားကုန်ရိတ်ပါ၏။
ကိုင်း၊ ဘဏ်ကလွှဲတာ ဘာများကောင်းကျိုး ရှိပါသနည်း။ (အရင်ကပြောပါတယ်။ အဲလေ - ခုလည်း မထူးပါဘူး)။
သို့သော်လည်းပေါ့လေ၊ ကြံဖန်တွေးမည် ဆိုလျှင်တော့ တစ်ခုကောင်းနိုင်ပါသည်။ ဘဏ်ဆိုတော့ ငွေလိမ်သွားမှာ မပူရဘူးပေါ့ ဟု
ဖြစ်၏။ ထိုသို့တွေးသည်မှာလည်း မှန်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် စင်ကာပူမှ မြန်မာဆိုင်အချို့
ငွေလွှဲသူများထံမှ ပိုက်ဆံများ လိမ်ကာ ထွက်ပြေးသွားသည့် သာဓကများ ရှိသောကြောင့် ဖြစ်၏။
များမကြာမီအချိန်က စင်ကာပူမှ အထင်ကရဆိုင်ကြီးတစ်ခု စင်ကာပူဒေါ်လာ သန်းနှင့်ချီ
လိမ်လည်သွားသည့်ဖြစ်ရပ် ကြုံခဲ့ရပါ သေးသည်။ သူလိမ်သည်မှာ သူ့ဆီငွေလာလွှဲသူများ ထံမှသာမဟုတ်။
ပင်နင်စူလာမှ အခြားမြန်မာဆိုင်များထံမှလည်း လိမ်သွားပါသေးသည်။ ငွေလွှဲသူများဆီကလိမ်တာ
ဘာရှိလိမ့်မတုံး။ အများဆုံးရှိလှ တစ်ယောက် ၁၀၀၀ -၂၀၀၀ ပေါ့။ သို့သော် ဆိုင်များမှလိမ်သွားသော
ငွေများမှာမူ အတော့်ကိုများပါသည်။ ကျွန်တော့်မိတ်ဆွေများဆိုင်ပင် ပါသွားသေး၏။ ဖြစ်ခါစက
ဟိုတိုင်၊ ဒီတောလုပ်။ အင်တာနက်၊ ဖေ့စ်ဘွတ်များမှာလည်း ဖွ။ လုပ်ကြပါသေးသည်။
သို့သော် ဤကဲ့သို့ငွေလွှဲခြင်းမှာ သိသာသိစေ၊ မမြင်စေနဲ့ဆိုသည့် တရားဝင်မဟုတ်သော
လုပ်ငန်းများထဲမှ တစ်ခုဖြစ်လေရာ သူတို့ကို မည်သည့်ပုဒ်မဖြင့် အရေးယူလို့ ရပါမည်နည်း။
အင်္ဂလန်မှာ အဖမ်းခံရသလိုလို ကြားပါသည်။ နောက်တော့ ကျွန်တော်လည်း ကိုယ်နှင့်မပတ်သက်သည့်အတွက်
မစုံစမ်းတော့သဖြင့် ဘယ်သို့ဖြစ်သွားသည် မသိရတော့ပါ။ ငွေလွှဲသူများကိုတော့ ပြန်အမ်းပေးသည်
ကြားရပါသည်။ ဘယ်လောက်ပြန်အမ်းသည်ကို မသိပါ။
အောင်မယ်၊ သူတို့ငွေလိမ်တဲ့အကြောင်း တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ဟိုးလေးတကျော်
ဖြစ်နေတာတောင်မှ ဟန်မပျက် ဆိုင်ဆက်ဖွင့်နေပါသေးလား။ ၀ယ်တဲ့သူအနည်းအပါးလည်း တွေ့ပါရဲ့။
သွားမေးတော့ ဒါ၊ သူတို့နဲ့မဆိုင်ပါ ဆိုလား ပြောသည်ဟု ဆိုပါသည်။ (သြော်၊ ဟုတ်လား။ အေးပေါ့၊
ဆိုင်တယ်လို့ပြောရင် ရှင်းရတော့မှာကိုး။ ဒါတော့ ဟို့ စကားပြောတတ်ကာစ ကလေး သွားမေးတောင်
သိပါ့။)
၂၀၁၂၊
နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ စင်ကာပူစာတိုက် Sing Post မှနေ၍ မြန်မာနိုင်ငံ CB
Bank သို့ ငွေလွှဲနိုင်တော့မည် ဟု ကြေငြာသံသဲ့သဲ့ ကြားလိုက်ရ၏။ သို့နှင့် ကျွန်တော်လည်း
အနည်းငယ်စိတ်ဝင်စားသဖြင့် Sing Post website တွင် ၀င်ဖတ်ကြည့်ရာ အဆင့်များ၊ များလွန်းလှပါသည်။
အဆင်မပြေလှပါ။ အသုံးမတည့်ဟုထင်သဖြင့် လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို ဤနေရာတွင် မဖော်ပြ
တော့ပါ။ စာတိုက်မှလွှဲ၍ အဆင်ပြေသည်ပင်ဖြစ်စေ အနည်းဆုံးတော့ စာတိုက်သို့သွားရမည်။ များလှစွာသောလူများနောက်တွင်
တန်းစီ ရမည်။ ပုံစံများဖြည့်ရမည်။ မြန်မာပြည်ဘက်တွင်လည်း ဘဏ်သို့သွားရမည်။ စောင့်ရမည်
စသည့်ဒုက္ခများနှင့် မလွဲမသွေရင်ဆိုင်ရမည်သာ ဖြစ်ပေသည်။
ကျွန်တော်တို့
စင်ကာပူရောက်မြန်မာများ ငွေလွှဲသည့်နေရာမှာ ပင်နင်စူလာပလာဇာမှ မြန်မာဆိုင်များ ဖြစ်ပါသည်။
ကျွန်တော်က ပင်နင်ဆူလာမှ ဆိုင်တစ်ဆိုင်တွင်စွဲ၍ လွှဲပါသည်။ ရောက်စကာလများကမူ အများသူငါကဲ့သို့
မည်သည့်ဆိုင်က ဈေးပိုများသလဲစုံစမ်းကာ ဈေးပိုရသောဆိုင်မှ လွှဲလေ့ရှိ၏။ ဈေးပိုရသည်ဆိုရ၌
သိပ်များများစားစားတော့ မဟုတ်ပါ။ ၁ ကျပ် မျိုး၊ ၂ ကျပ်မျိုးသာဖြစ်ပါသည်။ သို့သော် ဘယ်လောက်ပိုပို၊
နည်းနည်းပိုလည်း ကိုယ်ပိုသုံးရတာပေါ့ဟုတွေးလျှက် ထိုကဲ့သို့ ဟိုဆိုင်မှလွှဲလိုက်၊ သည်ဆိုင်မှလွှဲလိုက်
အတည်တကျမရှိ။ ကြုံသလိုလွှဲခြင်းဖြစ်၏။
သို့သော် နောက်ကျတော့ ပိုက်ဆံလွှဲတာလောက်နှင့် ပင်နင်စူလာသွားရမှာ ပျင်းသည့်အတွက်
တစ်ဆိုင်ထဲကို မူသေထား လွှဲပါသည်။ ကျွန်တော်ငွေလွှဲသောဆိုင်မှာ
ပြုံးတစ်ရာဆင့် ဖြစ်၏။ ပြုံးတစ်ရာဆင့်နှင့် အဆက်ဖြစ်ရခြင်းမှာလည်း ဇာတ်လမ်းရှိသည်။
တစ်နေ့ ကျွန်တော် ပင်နင်စူလာသို့လာပြီး ငွေလည်းလွှဲရင်း၊ စနေဓမ္မမိတ်ဆွေများအဖွဲ့အတွက်
လက်ကမ်းစာစောင်၊ အလှူရှင် စာရင်းစသည့် စာရွက်စာတမ်းများကို မိတ္တူကူးလာပါသည်။ စာရွက်စာတမ်းတစ်ထပ်ကြီးကို
မိတ္တူကူးအပြီး ပြုံးတစ်ရာဆင့်၌ ငွေသွားလွှဲ၏။ ထိုအခါ ဆိုင်မှအမျိုးသမီးက ဘာစာရွက်တွေများလဲဟု
စပ်စုလာပါ၏။ သည်တော့ ကျွန်တော်လည်း လက်ကမ်းစာစောင်တစ်ရွက်ကိုပေးရင်း စနေဓမ္မမိတ်ဆွေများအဖွဲ့အကြောင်း
ရှင်းပြသည်။ သူတို့ဆိုင်တွင် မကြာခဏ ငွေလွှဲနေသဖြင့် ယခင်ကတည်းက မျက်မှန်းတန်းမိနေပါသည်။
သို့သော် ကိစ္စမရှိသဖြင့် မရင်းနှီးသေးတာဖြစ်၏။
သည်တွင် သူတို့က စနေဓမ္မမိတ်ဆွေများအဖွဲ့ကို လစဉ်အလှူငွေထည့်ရာမှ အလှူအကြောင်းပြော၊
ဟိုပြော၊ သည်ပြောနှင့် ရင်းနှီးသွားပါတော့၏။ စနေဓမ္မမိတ်ဆွေများအဖွဲ့အကြောင်း စပ်စုသည်မှာ
မရီတာ ဖြစ်ပါသည်။ နောက်တော့ ဆိုင်ရှိလူကုန် အားလုံးနှင့် ရင်းနှီးသွားသည်။ အိမ်သို့
ပြန်ပို့သည့်ငွေများအပြင် အလှူငွေများကိုလည်း ကျွန်တော်က သူတို့ဆိုင်မှပင်လွှဲသည်။ ထို့ကြောင့်
သူတို့ဆိုင်တွင်ပင်စွဲ၍ လွှဲဖြစ်ခြင်း ဖြစ်၏။ အဘယ်ကြောင့်နည်း။ မည်သည့်အားသာချက်များ
ရှိ၍နည်း။
စင်ကာပူတွင်
ငွေအပေးအယူကို ပိုက်ဆံများကိုင်သွားလျှက် လူကိုယ်တိုင်ပေးစရာမလိုဘဲ ဘဏ်အကောင့် (ဘဏ်ငွေစာရင်း)
သိလျှင် အကောင့်ထဲသို့တိုက်ရိုက်လွှဲလို့ရ၏။ ဤသို့လွှဲရာတွင်လည်း နည်းမျိုးစုံဖြင့် လွှဲနိုင်ပါသည်။
ဘဏ် ပိုက်ဆံထုတ်သောစက်များ (ATM – Automatic Teller Machine) မှလည်း လွှဲနိုင်သည်။ ထိုသို့လွှဲရာတွင်
မိမိအကောင့်မှ လွှဲလိုသောအကောင့်သို့ ပြောင်းထည့်လိုက်ခြင်း ဖြစ်၏။ သို့မဟုတ် ငွေသွင်းစက်
(Cash Deposit Machine) များမှလည်း လွှဲနိုင်သည်။ ငွေသားကိုစက်ထဲထည့်ကာ မိမိပို့လိုသော
အကောင့် အတွင်းသို့ ထည့်ပေးလိုက်တာဖြစ်၏။
ပို၍အဆင်ပြေသောနည်းမှာကား
အင်တာနက်ဘန့်ကင်း (iBanking - Internet Banking) ဖြစ်၏။ သူကတော့ ဘယ်မှသွားစရာ မလို။
ကိုယ့်စားပွဲ၌ပင်ထိုင်ကာ အင်တာနက်သုံးလျှက် မိမိအကောင့်အတွင်းမှ လွှဲလိုသောအကောင့် အတွင်းသို့
ပြောင်းထည့်ပေးလိုက်ခြင်း ဖြစ်၏။ ငွေစက္ကူကိုမြင်ရမှ စိတ်ကျေနပ်သည့် ကျွန်တော်တို့တောမှ
အဖိုးကြီး၊ အဖွားကြီးများကမူ ကြိုက်မှာ မဟုတ်ပါ။ မင်းနှယ့်ကွာ၊ ပိုက်ဆံမှမမြင်ရဘဲ ကိုယ့်ဆီပိုက်ဆံရောက်လာမှန်း ဘယ့်နဲ့ယုံလို့ရမလဲ။
ငါတို့တော့ မကြိုက်ပေါင်ကွာ ဟု ဆိုမှာ သေချာပါ၏။
ယခု အိုင်ဖုံးများပေါ်လာတော့
ပိုလွယ်သေးသည်။ ဘယ်မှသွားနေစရာမလို။ ကားပေါ်ဖြစ်ဖြစ်၊ ရထားပေါ်ဖြစ်ဖြစ်၊ ပန်းခြံထဲဖြစ်ဖြစ်၊
ရောက်သည့်နေရာကနေ လွှဲလို့ရသည်။ ၎င်းကို mBanking (Mobile Banking) ဟု ခေါ်သည်။ ကိုင်း
- အဆင်မပြေပါလား။
သည်တော့ အကယ်၍ လကုန်ရက်များတွင် ကျွန်တော်မိသားစုထံ ပိုက်ဆံပြန်ပို့တော့မည်
ဆိုပါက ပြုံးတစ်ရာဆင့်သို့ ဖုံးဆက်လိုက်၏။ မပြုံးရေ - ကျွန်တော်ငွေလွှဲချင်လို့ပါခင်ဗျ။
ဘယ်လောက်လွှဲပါမယ်။ ဘယ်သူ့ဆီကိုပို့ပေးပါနော် ဟု ပြောလိုက်ပြီး iBanking ဖြင့်လွှဲလိုက်၏။
လွှဲပြီးတော့မှ ကျွန်တော် ပိုက်ဆံဘယ်လောက် လွှဲလိုက်ပါပြီ ဟု ဖုံးမက်ဆေ့ခ်ျ (sms) ပို့လိုက်။
ကိစ္စပြီး၏။ ၅ မိနစ်အတွင်း ငွေလွှဲသည့်ကိစ္စပြီးသည်။ ဘယ်မှသွားစရာမလို။ ဘာဒုက္ခမှ များစရာမလို။
ဘဏ်ဝန်ထမ်းများ၏ တစ်ကမ္ဘာလုံး သူတို့လုပ်စာစားနေရသည့်ပုံစံ မျက်နှာထားများကို မျက်နှာငယ်ကလေးဖြင့်
ကြည့်နေစရာမလို။ ဘယ်အချိန် ခေါ်မည်မှန်းမသိသဖြင့် မိမိအလှည့်ကျော်သွားမှာ စိုးသော ကြောင့်
ဆီးချုပ်၊ ၀မ်းချုပ်ခံကာ တစ်နေကုန်၊ တစ်နေခန်း ဒုက္ခခံ စောင့်နေစရာမလို။
ကိုယ့်စာကြည့်စားပွဲတွင်
သက်တောင့်သက်သာ ဇိမ်နှင့်ထိုင်ကာ ဂျေမောင်မောင်၏ အသည်းကွဲမြို့တော်ကို နားထောင်လျှက်
ကလစ်ကလေး သုံးလေးချက်မျှ နှိပ်လိုက်ရုံဖြင့် ကိစ္စပြီးသည်။ ဟိုသွားဒီသွား၊ သွားရမှာအလွန်ပျင်းလှသည့်၊
လူထူထူကြားထဲတိုးလျှက် ဆူညံပွက်လောရိုက်နေသော စကားသံများကို နားထောင်ရန် အာရုံမလာတတ်သည့်
ကျွန်ုပ်အဖို့ သည် အင်တာနက်ဘန့်ကင်းကို အထူးကျေးဇူးတင်မိပါ၏။
ထိုမျှသာမက
မြန်မာပြည်ဘက်မှာရောတဲ့။ သည်ကနေ့ စင်ကာပူမှလွှဲလိုက်လျှင် နက်ဖြန်နေ့လည်လောက် အိမ်အရောက်
လာပို့ပါလိမ့်မည်။ ဘယ်မှသွားစရာမလို။ လက်မှတ်ထိုး၊ ငွေရေပြီးယူထားလိုက်ရုံဖြစ်၏။ သို့သော်
အစွန်အဖျားဒေသများဆိုလျှင်တော့ ကိုယ်တိုင်လာထုတ်ဘို့ လိုချင်လိုပါလိမ့်မည်။ နယ်မှဖြစ်လျှင်
မိမိလွှဲလိုရာဘဏ်သို့ ပို့ပေးပါလိမ့်မည်။ ငွေထုတ်သည့်အခါ စင်ကာပူမှ ငွေလွှဲလိုက်သည့်လူကိုယ်တိုင်
မှတ်ပုံတင်နှင့် လာထုတ်ရပါမည်။ ကိုင်း၊ အဆင်မပြေပါလား။
စည်းဝေးပွဲစသော
ကိစ္စအထွေအထူးမရှိလျှင် ကျွန်တော် အခန်းထဲက ဘယ်မှမထွက်။ စာဖတ်မည်၊ သီချင်းနားထောင်ရင်း
စာရေးမည်။ ဖန်တရာတေအောင် ကြည့်ထားသော်လည်း မရိုးနိုင်သည့် မိုက်ကယ်ဂျက်ဆင်၏ Black
or White, Remember the Time, Heal the World, They Don’t Care About Us စသည်တို့ကို
version အမျိုးမျိုးဖြင့် ကြည့်မည်။ အင်တာနက်မှ ဒေါင်းလုပ်လုပ်ထားသော အင်္ဂလိပ်ရုပ်ရှင်
ကားကောင်းများ ကြည့်မည်။ သည်လိုပဲ ကိုယ့်အာရုံနှင့်ကိုယ်နေချင်သည်။
ပိုက်ဆံလွှဲရာတွင်
ငွေဈေးကိုတော့ ဘယ်သူမှ ပုံသေကားချပြောလို့မရ။ နာရီနှင့်အမျှ ပြောင်းနေတာဖြစ်သည်။ သည်တွင်
စင်ကာပူဒေါ်လာပေါက်ဈေးများကို မိတ်ဆွေတို့ သိနိုင်ရန် ဖော်ပြလိုက်ပါသည်။ ကျွန်တော်က
ငွေလွှဲမှတ်တမ်းများ အားလုံးကို စာရင်းလုပ် ထားသဖြင့် မည်သည့်လက ပိုက်ဆံဈေးမည်မျှရှိသည်ကို
အလွယ်တကူ ကြည့်နိုင်၏။
အောက်ပါဂရပ်မှာ
ကျွန်တော်စင်ကာပူရောက်စ ၁၉၉၈ မှ ယခုတိုင် ငွေဈေးများဖြစ်၏။ ဤဂရပ်များကိုကြည့်ခြင်းဖြင့် ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင်
ငွေဈေးမှာ နှစ်ဆမျှထိ ခုန်တက်သွားသည်၊ တစ်နည်းအားဖြင့် ငွေဖောင်းပွမှု အမြင့်ဆုံးကာလ
ဖြစ်သည်ကို တွေ့နိုင်ပါ သည်။ ၁၉၉၈၊ ၉၉ ခုနှစ် နှင့် သည်ဘက်ခေတ် ၂၀၁၀ နောက်ပိုင်းတွင်
ငွေဈေးအတန်ငယ် တည်ငြိမ်နေသည်ကို တွေ့ရပါသည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် ငွေဈေးမှာ
၁၀၀၀ ခန့်ထိပင်ရောက်လာသည်ကို တွေ့ပါလိမ့်မည်။
(၁၁၀) ဖုံးကဒ်နှင့် အိုဗာစီး (Oversea) ခေါ်ပုံ
နိုင်ငံရပ်ခြားတွင်ရောက်ရှိ
အလုပ်လုပ်နေသူများအဖို့ မြန်မာပြည်ရှိ မိဘဆွေမျိုး၊ ဇနီးမယား၊ သမီးသားများထံ မလွဲမသွေ
ဖုံးဆက်ရ ပေလိမ့်မည်။ ဤသို့ဖုံးခေါ်ရာတွင် လိုင်းဖုံးများသုံးက အလွန်ဈေးကြီးလှ၏။ စင်ကာပူတွင်
စင်ကာပူမှ မြန်မာပြည်သို့ တိုက်ရိုက်လိုင်း (Singtel, M1, Starhub) စသည်တို့မှ ခေါ်လျှင်
တစ်မိနစ်ကို စင်ကာပူဒေါ်လာ ၂ ဒေါ်လာ ကျော်ကျော် ကျပါသည်။ အလွန့်အလွန် ကြီးလှသောဈေး ဖြစ်၏။
သည်လောက်ဈေးကြီးမှတော့ လိုင်းလည်းကောင်းသည်ပေါ့။
စင်ကာပူမှ
အခြားနိုင်ငံများသို့ (oversea) ဖုံးခေါ်ဆိုရန် ဖုံးကဒ်များ အများအပြား ရှိပါသည်။
Singtel မှ Hello ကဒ်၊ M1 မှ 1818 စသဖြင့် ထုတ်လုပ်ရောင်းချ၏။ ကျွန်တော်တို့ စင်ကာပူရောက်စ
၁၉၉၈ ခုနှစ်ကာလများက ၁၀ ဒေါ်လာတန် ကဒ်တစ်ကဒ် ကို ၆ မိနစ်ခွဲမျှ သာ ပြောရသည်။ ဒါတောင်
တစ်ခါတစ်လေ ဖုံးက ring မြည်ပြီး ခေါ်လို့မရသည့် အခါများတွင်၊ သို့မဟုတ် သည်ဘက်မှပြောသည်ကို
ဟိုဘက်မှ မကြားရလျှင်၊ သို့မဟုတ် ဟိုဘက်ကပြောသည်ကို သည်ဘက်မှ မကြားရလျှင်၊ မပြောရပေမင့်
ပိုက်ဆံဖြတ်သွားသေးသည်။ ထို့ကြောင့် အချုပ်ဆိုရလျှင် ၁၀ တန်ကဒ်တစ်ကဒ်ကို ၅ မိနစ်မျှသာ
ပြောရသည်။ တစ်ခါမှ မပြောလိုက်ရဘဲ ဟဲလို၊ ဟဲလို၊ ကြားလား၊ ကြားလား နှင့်ပင် ၁၀ ကုန်သွားသည်လည်းရှိ၏။
အလွန် ဈေးကြီးလှပါသည်။
သို့သော်လည်း ယခုအခါတွင် ၁၀ တန် 1818 ကဒ်ကိုဝယ်လျှင် ၈ ကျပ်ခွဲသာပေးရပြီး
၂၃ မိနစ်ပြောနိုင်သည်။ ၁၀ တန် Pagoda ကဒ်ကတော့ ၁၀ ပေးရသော်လည်း ၅၅ မိနစ်ပြောလို့ရပါသည်။
ယခင်ကထက်စာလျှင် အများကြီး ဈေးသက်သာလာပြီဟုဆိုနိုင်သော်လည်း အိန္ဒိယ၊ ဘင်္ဂလားတို့နှင့်စာလျှင်
များစွာဈေးကြီးနေပါသေးသည်။ ၁၀ တန်ကဒ်တစ်ကဒ်ဖြင့် ဘင်္ဂလားသို့ဖုံးခေါ်လျှင် မိနစ် ၃၀၀
လောက် ပြောလို့ရသည်။
အမေရိကန်၊
ကနေဒါ၊ သြစတေးလျ စသည့်နိုင်ငံကြီးများသို့ စင်ကာပူမှ လိုင်းဖုံးဖြင့်ခေါ်လျှင် စင်ကာပူမြို့တွင်း
ခေါ်သလောက် တစ်မိနစ်မှ သုံးပြားသာ ပေးရပါသည်။ အလွန်ဟန်ကျ၏။ ယခုတော့ ကျွန်တော့်မှာ အိမ်ကိုဖုံးဆက်ခပင်လျှင်
ဖုံးကဒ်ဖိုး တစ်လကို အနည်းဆုံး ၅၀ ခန့် ကုန်နေရပါသည်။ တစ်ခါတစ်လေ ကဒ်ဖုံးဖြင့် လိုင်းမကောင်း၍
ခေါ်မရသည့်အခါများတွင် စိတ်မရှည်တတ်သော ကျွန်တော်က တိုက်ရိုက်လိုင်းဖြင့် ခေါ်ပါသည်။
အရေးကြီးသည့်ကိစ္စများပြောစရာရှိ၍ အနည်းငယ် ကြာသွားသည့်အခါများ၌ ထိုလတွင် ဖုံးဘိုးပင်လျှင်
၂၅၀ - ၃၀၀ ခန့်ကျတတ်၏။ အတော်စိတ်ပျက်စရာ ကောင်းပါသည်။ သြစတေးလျ၊ ကနေဒါများသို့ ခေါ်သည့်နှုန်းဖြင့်
ဘယ်ကာလများမှ ပြောရပါ့။
ယခုတော့လည်း
ပီဖင်ဂိုး၊ စကိုက်စသည်တို့ပေါ်လာသည့်ပြင် ဂျီးဒေါ် (ဟုတ်ပေါင်) ဂျီတော့ဖြင့်လည်းပြောလို့ရသဖြင့်
အင်တာနက် ရှိသူများ အဆင်ပြေပါသည်။ သို့သော်လည်း အဆင်မပြေပါ။ (ဟဲလို၊ ဟဲလို၊ ကြားလား၊ ကြားလား၊ ကြားရတယ်၊ အဲ - ပြတ်သွားပြန်ပြီ။ အေးလေ အော်နေတာဘဲ။
ဘာ မကြားရဘူး။) ကြားလိုက် ပြတ်သွားလိုက်၊ ကြားတစ်ချက် မကြားတစ်ချက်ဖြစ်လိုက်၊ အဲလေ။
တစ်ခါတစ်လေတော့လည်း သေသေချာချာကြားရပါသည်။ ကျွန်တော့မှာ ဖုံးတစ်ခါ ပြောလျှင် တစ်ခါသွေးတက်သည်။
ကျွန်တော်တို့ အများသူငါပေးရသည့်နှုန်းဖြင့် အများသူငါ ပြောနေသည့်ပုံစံအတိုင်း
မည်သည့်အခါများမှ ပြောရပါမည်နည်း။ သို့သော် ယခင်အခါများကထက် ယခု အများကြီးပိုအဆင်ပြေနေပြီဟု
ဆိုနိုင်ပါသည်။ အောင်မယ်၊ ဟို့ - တောကြိုအုံကြားမှ ကျွန်တော်တို့ ရွာ၌ပင်လျှင် ဖုံးနှစ်လုံးရှိလေ၏။
မန္တလေးဆေးတက္ကသိုလ်တွင် တာဝန်ကျနေသော ကျွန်တော့်ညီမ၌ပင် ဟန်းဖုံးရှိလေရာ ဆက်သွယ်ရ အလွန်အဆင်ပြေပါသည်။
ထိုမျှသာမက
ယခု အိုင်ဖုံးများတွင် ဗိုက်ဘာဆိုတာ ပေါ်လာတော့ အင်တာနက်ရသည့်နေရာများ၌ ဗိုက်ဘာဖြင့်
အခမဲ့ဆက်လို့ ရလေ၏။ အခမဲ့ဆိုတော့လည်း သည်းခံဆက်ရပေတာပေါ့။ တစ်မိနစ် ၂ ကျပ် ပေးရတာလောက်တော့လည်း
ဘယ်ကောင်းပါ့မလဲနော့။
(၁၁၁) ကြုံဆုံရ၊ ဘုံဘဝ
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း
ECC Project တွင် လူမျိုးတစ်ရာ့တစ်ပါးတို့ လာရောက် လုပ်ကိုင်နေကြသည်ဖြစ်ရာ လူမျိုးစုံ
အလိုက် စရိုက်မျိုးစုံကို တွေ့ရသည်။
ဖိုက်ဘာမြေအောက်ပိုက်ကြီးများအတွက်
ဂျေဗီမှ တာဝန်ယူရသူ (ကိုအော်ဒီနေတာ) မှာ အီဗို ဆိုသူဖြစ်၏။ အီဗိုက ခပ်ဖြောင့်ဖြောင့်။
အင်္ဂလိပ်ရုပ်ရှင်မင်းသားနှင့် တူတူသေးတော့။ သို့သော် ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့
ဆိုသော လူစားမျိုးဖြစ် သဖြင့် နောက်ပိုင်းတွင် ကျွန်တော်နှင့် အစပ်မတည့်ပါ။ ကျွန်တော်က
ဤကဲ့သို့သော လူစားမျိုးကို ခံတွင်းမတွေ့တတ်ပါ။
ထိုမြေအောက်လိုင်းများပြီးသွားတော့
ကျွန်တော် မြေပေါ်၌ပြေးသော ဖိုက်ဘာပိုက်များကို ကိုင်ရပါသည်။ မြေအောက်မှ ပိုက်ကြီး များမှာ
အအေးခံရေပိုက်များဖြစ်ပြီး ကားမောင်းဝင်လို့ရအောင် ကြီးသည်ဟု ပြောခဲ့ပါသည်။ ယခု မြေပေါ်မှ
ပိုက်များမှာလည်း ရေပိုက်များ ဖြစ်၏။ သို့သော် သောက်ရေပိုက်များ များသည်။ ပိုက်များက
အရွယ်စုံ။ တစ်လက်မပိုက်မှ ၂၄ လက်မထိ ရှိ၏။ ပိုက်သေးတော့ လုပ်ရတာ လည်းလွယ်သည်။ သို့သော်
ပိုက်လိုင်းများက စက်ရုံတစ်ခုလုံးသို့ ပြေးထားတာ ဖြစ်သဖြင့် အလွန်ရှုပ်လှ၏။ ကျွန်ုပ်မှာ
အလုပ်သမားများ လုပ်တာကို မျက်ခြေပြတ်မခံရဲ။ အမြဲ ဆိုဒ်ထဲလိုက်ကြည့်နေရသည်။ မှားလျှင်
ချက်ခြင်းပြင်နိုင်ရန် ဖြစ်၏။
အားသာချက်က
ကျွန်တော်တို့ကို သုံးဖက်မြင် (3D) ပုံများ ထုတ်ပေးထားသည့်ဖြစ်ရာ ပိုက်လိုင်းကို စစ်ရတာ
အလွန်လွယ်လှ၏။ ပုံထဲတွင် ပိုက်လိုင်းကို အပြင်တွင် တကယ်ရှိနေသည့်အတိုင်း မြင်ရတာဖြစ်သဖြင့်
ဘယ်နေရာမှာ ဘာရှိသည်ဆိုသည်ကို အသေးစိတ် မြင်ရ သည်။ သည်တော့ ကျွန်တော်က သည်ပုံများကို
အသေးစိတ်လေ့လာကာ ကျွန်တော့်စူပါဗိုက်ဆာများကို ရှင်းပြသည်။
ပိုက်လိုင်းပြောင်းသွားတော့
ဆက်ဆံရသည့်လူများလည်း ပြောင်းသွား၏။ သည်တစ်ခါ ဂျေဗီမှ ကိုအော်ဒီနေတာမှာ လဗင့်
(Levent) ဖြစ်သည်။ လဗင့်မှာ အလွန်အေးအေးဆေးဆေးရှိလှ၏။ တစ်ခါတစ်လေ အလုပ်အရေးကြီးသည့်အခါ
သူပျာယာခတ်တာ မြင်ဖူး ပါသည်။ သို့သော် သူပျာယာခတ်တာ ကျွန်တော်တို့ ပုံမှန်လောက် ရှိ၏။
စိတ်သဘော အလွန်ကောင်းလှသည်။ ကျွန်တော်ကဲ့သို့ လူ့ခွစာနှင့် တောင် အလွန်အစပ်တည့်ဆိုလျှင်
သည်ကမ္ဘာ၌ လဗင့်နှင့်အဆင်မပြေသူ မရှိနိုင်တော့။
သူက ကျွန်တော်တို့
မြန်မာများကို အလွန်ခင်သည်။ သည်တော့ ပိတ်ရက်များတွင် ကျွန်တော်တို့ (ကျွန်တော်၊ ဂျေဗီမှ
ဦးမြင့်လွင်၊ ဂျီရေးမှ ဦးဝင်းတင့်) ကိုဖိတ်ကာ ထမင်းကျွေးသည်။ သူက တူရကီလူမျိုးဆိုတော့
တူရကီစာ လိုက်ကျွေးသည်။ နောက်ပြီး ဘာကို အရင်စားရသည်၊ ဘာပြီးမှ ဘာကိုစားရသည် စသဖြင့်
စားပုံစားနည်းကိုလည်း ပြ၏။ သူကျွန်တော်တို့ကို ထမင်း သုံးခါ လိုက်ကျွေးဖူးသည်။ တစ်ခါက
သက်သက်လိုက်ကျွေးခြင်းဖြစ်ပြီး နောက်တစ်ခါမှာ သူ့သမီးလာသဖြင့် လိုက်ကျွေးတာ ဖြစ်ပါသည်။
နောက်ဆုံးတစ်ခါမှာတော့ သူ့အမျိုးသမီးလာသဖြင့် အထူးလိုက်ကျွေးတာ ဖြစ်၏။ သူ့အမျိုးသမီးမှာလည်း
ခင်ဘို့ကောင်းပါသည်။ ပွင့်ပွင့်လင်းလင်းရှိသဖြင့် ကျွန်တော်တို့နှင့် ခဏချင်းပင် ရင်းရင်းနှီးနှီး
ဖြစ်သွားသည်။
သူရို့အနောက်တိုင်းစာများမှာ အသားများသည်။ ပြောရလျှင် အသားချည်းလိုလို စားတာဖြစ်၏။
အသီးအရွက်ဆို၍ အာလူး လောက်ပဲ ပါသည်။ အမဲသား သို့မဟုတ် သိုးသား၊ အာလူး၊ ပြောင်းဖူးစွပ်ပြုတ်နှင့်
ပေါင်မုံ့တို့ဖြစ်၏။ သို့သော်လည်း တူရကီစတိုင်နှင့် ချက်ပြုတ်ထားတာဖြစ်၍ စားလို့ကောင်း၏။
ကျွန်တော်ကတော့ ပြောင်းဖူးစွပ်ပြုတ်ကို သဘောကျသည်။ ပေါင်မုံ့မှာလည်း စားလို့ကောင်း၏။
ဒီဇိုင်းဌာနတွင်မူ ဂျပန်များလိုလိုချည်း ဖြစ်သည်။ ဆက်ဆံရတာ အတန်ငယ် လက်ပေါက်ကပ်လှ၏။
Technical ပိုင်းဆိုင်ရာတွင် သူတို့နှင့်ဆက်ဆံရ၏။ တစ်ခါတစ်ခါ ညှိရတာအဆင်မပြေ။ စိတ်ပျက်စရာကောင်းလှသည်။
သို့သော်လည်း သူတို့ဆီမှ ပညာနှင့် အကူအညီ များစွာရပါသည်။
ECC Project က Shell ၏ ပရောဂျက်ဖြစ်သဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးကို အတော်လေးအသားပေးလုပ်သည်။
အန္တရာယ် ကင်းရေးအတွက် ရှဲလ်က သုံးသည့်ပိုက်ဆံမှာ မနည်းလှပါ။ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ချိန်
နာရီတစ်သန်း ( 1 million safe working hours)၊ နာရီ ၅ သန်း၊ နာရီ ၁၀ သန်း စသဖြင့် ပွဲများကျင်းပပေးသည်။
ထို့ပွဲများ၌ ပရောဂျက်ရှိလူကုန် လက်ဆောင်များပေးသည်။ တီဗီ၊ လက်ပ်တော့်ပ်၊ ပန်ကာ၊ ဒီဗီဒီပြစက်
စသည့် အဖိုးတန်ပစ္စည်းများလည်း မဲဖောက်ပေးသည်။ လူတိုင်းကိုတော့ မျက်နှာသုတ်ပုဝါ၊ ကျောပိုးအိတ်၊
ဂျာကင်အင်္ကျီ၊ ဦးထုပ်၊ သော့ချိတ် စသည့်ပစ္စည်းများ ပေးပါသည်။
တစ်ခါတွင် အန္တရာယ်ကင်းအလုပ်ချိန် ၁၀ သန်းပြည့်အခန်းအနား ကျင်းပ၏။ ပွဲကျင်းပမည်ဆိုတော့
ကုမ္ပဏီတိုင်းမှ လူစာရင်းပေးရ သည်။ နေ့ခင်းပိုင်းကတည်းက ဆိုင်းသံဗုံသံ တညံညံဖြင့်၊ ပြပွဲပြိုင်ပွဲ
အခန်းအနားများဖြင့် စည်ကားလျှက်ရှိ၏။ ညစာကိုလည်း ဘူဖေး ကျွေးဦးမည်။ ညနေပိုင်းတွင်
ပရောဂျက်အတွင်းရှိ ကန်ထရိုက်တာအားလုံးကို နာရီ ၁၀ သန်းပြည့် လက်မှတ်များပေး၏။ လက်မှတ်ပေးပြီး၊
လူကြီးများစကားပြောပြီးတော့ ဖျော်ဖြေရေးအစီအစဉ်စ၏။
မြန်မာပြည်တွင်လူဖြစ်ပြီး ဗုဒ္ဓ၏အဆုံးအမ၊ မြန်မာယဉ်ကျေးမှုများနှင့် လူဖြစ်ရတာကို
ဂုဏ်ယူတတ်ကြစမ်းပါ။ အမေကျော် ဒွေးတော်မလွမ်းကြစမ်းပါနှင့်ဟု ပြောလိုပါသည်။ ကျွန်တော်တို့ငယ်စဉ်
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သရုပ်ပျက်အ၀တ်အစား ဆို လုံးဝခွင့်မပြု။ ခွင့်မပြုဆိုပြီး
အတင်းရော အဓမ္မပါ လိုက်နာခိုင်းသည်မှာ၊ လိုက်လည်းလိုက်နာကြရသည်မှာ ဘာပါဝါ၊ အာဏာမှ မရှိသည့်
ကျွန်တော်တို့လို ကျောမွဲလူတန်းစားများ ဖြစ်၏။ သူတို့ လူကြီးသားသမီးများ၊ အကောင်ကြီးသားသမီးများမပါပါ။
ကျွန်တော်တို့လိုလူတန်းစား များကို သရုပ်ပျက်အ၀တ်တွေ ၀တ်ကြပါဆိုလျှင်တောင် ပိုက်ဆံမတတ်နိုင်တာနှင့်
ဝတ်နိုင်မှာ မဟုတ်ပါ။ တကယ်ချုပ်ထိန်းရ၊ ပြောရ၊ တားမြစ်ရမှာ ထိုအမိန့်များကို ထုတ်ပြန်နေသည့်
အနှီလူကြီးများ၏ သားသမီး၊ မြေးမြစ်၊ တီကျွတ် နှင့် သူတို့၏ အပေါင်းအသင်း ရောင်းရင်းတစ်သိုက်ကို
ဖြစ်ပါသည်။
ကျွန်တော်ပြောချင်သည်မှာ မြန်မာယဉ်ကျေးမှုတွင် ဟီရိ၊ သြတ္တပ္ပဆိုတာရှိသည်။ (အရင်တုံးကပေါ့လေ)။
မြန်မာစစ်စစ်မှန်လျှင် လူကြီးမိဘများရှေ့၌ လုံချည်ကို ဖြန့်မ၀တ်ရ။ ဒူးထောင်ပေါင်ကား
မနေရ။ မိန်းကလေးဆိုတာ ဗိုင်းကောင်း ကျောက်ပိ နေရသည်။
အထက်၌ ကျွန်တော်ပြောခဲ့သည့် နာရီ ဆယ်သန်းပွဲမှ ဖျော်ဖြေရေး
အစီအစဉ်ကို တီးလုံးများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်လည်း စလိုက်ရော ကျွန်တော့်မှာ အတော့်ကို
မျက်လုံးမျက်ဆန်များ ပြူးသွားရပါချေသည်။ အင်တာနက်နှင့် ဗီဒီယိုများထဲတွင် အနောက်တိုင်း၌
သီချင်းဆိုကြ၊ ကကြ၊ ခုန်ကြလုပ်ရာ၌ သည်ကဲ့သို့သော အ၀တ်အစားများနှင့် တွေ့ဖူးပါသည်။ သို့သော်
လူကိုယ်တိုင် အရှင်လတ်လတ်ကိုမူ ယခုမှ နဖူးတွေ့၊ ဒူးတွေ့ မြင်ဖူးတာဖြစ်၏။
တခြားမဟုတ်ပါ။
ဘီကီနီနှင့် ဆယ်ကျော်သက်ကောင်မလေး ဆယ်ယောက်လောက် ခုန်ပေါက်ကာ စင်ပေါ်တက်လာတာ ဖြစ်ပါသည်။
စင်ပေါ်တွင် တီးလုံးနှင့်အပြိုင် ကုန်းပြလိုက်၊ ကော့ပြလိုက်၊ ကွေးပြလိုက်၊ လှန်ပြလိုက်
လုပ်ပြတာကို အောက်မှ တဟေးဟေး၊ တဟားဟားနှင့် သွားရေတမြားမြား ကြည့်ကြပါသည်။ ပရိသတ်ထဲမှ
အသာလျှိုထွက်လာခဲ့ပြီး အော်ဟစ်မြူးတူးနေသော လူအုပ်ကြီးကို ကျွန်တော် တစေ့တစောင်း ကြည့်မိပါသည်။
ကျွန်ုပ်မှလွဲ၍ အားလုံးမှာ သဘောအကျကြီးကျလျှက် ခုန်ပေါက်မြူးတူးနေကြတာ တွေ့ရ ပါသည်။
ကျွန်တော်လည်း
စိတ်ကုန်လှသည်နှင့် ထိုဖျော်ဖြေရေးအစီအစဉ်ကို ကျောခိုင်းခဲ့ကာ ညစာ ဘူဖေးကျွေးနေသော
နေရာသို့ ထွက်ခဲ့ပါသည်။ ဘူဖေးကျွေးသည့်နေရာတွင်လည်း စိတ်ပျက်ဖွယ်ရာများ တွေ့ရ၏။ နာရီ
၁၀ သန်းပွဲ ကျင်းပမည်ဆိုတော့ ကန်ထရိုက်တာ များထံ လူစာရင်းကောက်ပြီး ရလာသော လူစာရင်းအရ
ထမင်းဟင်းများ မှာသည်။ သူတို့ကတော့ လူအားလုံးကို ညစာ ဖောချင်းသောချင်း စားစေလိုသော
စေတနာနှင့် ဖြစ်ပါလိမ့်မည်။
သို့သော်
နေ့တိုင်း အလုပ်မှနောက်ကျပြန်ကြရတာဖြစ်သဖြင့် စောပြန်ရသော သည်လိုနေ့မျိုးတွင် ထမင်းတစ်နပ်အတွက်နှင့်
မည်သူမျှ နောက်ချန်မနေလို။ စောစောပြန်ကြသူသာ များပါသည်။ များဆို သည်ကျွန်းပေါ်တွင်နေသည့်
အလုပ်သမားများနှင့် တာဝန်ရှိ လူကြီးများမှအပ ကျန် စင်ကာပူ မှ လာသူအားလုံးလိုလို ပြန်ကြသည်။
သည့်အတွက် ထမင်းများဟင်းများမှာ မြင်မကောင်းအောင် ပိုနေပါသည်။ သည်ပွဲတွင်ကျန်ခဲ့သူများ
အနေနှင့် မည်မျှစားနိုင်ပါမည်နည်း။ တစ်ယောက်ကို ဗိုက်တစ်လုံးစာသာ စားနိုင်ပေလိမ့်မည်။
ထမင်းဟင်းများပိုနေတာ နှမြောလို့ သုံးယောက်စာလောက် စားလျှင် စားပိုးနင့်သေဘို့သာ ရှိသည်။
သည်တော့
ဤသည်များကို မြင်နေ၊ ကြားနေရသော ကျွန်ုပ်အဖို့ အတော်စိတ်မသက်မသာ ဖြစ်မိ၏။ ကျွန်တော်တို့ဆီတွင်
သို့မဟုတ် ကမ္ဘာ့နေရာတော်တော်များများတွင် အစာရေစာ ၀လင်အောင်မစားရသူများ အနမတဂ္ဂ ရှိပါသည်။
ကမ္ဘာ့လူဦးရေ သန်းပေါင်း တော်တော်များများမှာ မသေရုံတမယ် စားနေကြရသည်။ ဤထမင်းဟင်းများ
အလဟသဖြစ်ရမှာကြည့်ပြီး ကျွန်တော်တို့ရွာတွင် ဗူးရွက်ပြုတ် နှင့် ထမင်းစားနေသော ကလေးများကို
ပြေးမြင်ယောင်မိပါသည်။ ဤလောကကြီးကား အလွန်မတရား၊ မမျှတသော လောကကြီး ဖြစ်ပေ၏။
ယခုခေတ်တွင်မူ မြန်မာပြည်ကြီးလည်း အတော်ပျက်စီးလာပါပြီ။ မန္တလေးရှိုးပွဲတစ်ခုမှာ
ပြတာကို အင်တာနက်မှာ ကြည့်လိုက်ရ တာကတော့ အတော်အခြေအနေဆိုး၏။ စကတ်တိုတိုကလေး ၀တ်ထားသည့်
ကောင်မလေးတစ်ယောက် ကုလားထိုင်ပေါ် ခြေထောက်ကို လှမ်းတင်လိုက်တော့ အောက်ခံဘောင်းဘီက အတိုင်းသား
ပေါ်လာပါ၏။ အနို့ ပေါ်စေချင်လို့ဘဲ သည်အကွက်ဆင်ထားတာ မဟုတ်ပါလား။
သည်ကိစ္စ မည်သူကမှ အရေးမလုပ်တော့ပြီလော။ ကျွန်တော်က ရေခြားမြေခြားတွင်ရောက်နေတော့
သေသေချာချာ မသိပါ။ အင်တာနက်သတင်းများတွင်တော့ မည်သူကမှ အရေးယူဆောင်ရွက်တာ မတွေ့မိပါ။
မော်ဒယ်ကောင်မလေးတွေ ၀တ်စားထား၊ ဖော်ထားတာကတော့ လွန်လွန်းလှပါသည်။ ဤသို့ဖော်တော့မှ
ခေတ်ဆန်တော့မည်လော။ မြန်မာပြည်ကြီး ကမ္ဘာ့အလယ်တွင် ၀င့်ထယ်တော့မည်လော။ သည်ကဲ့သို့ ၀တ်ချင်သာဝတ်ရမည်။
မြန်မာနှစ်တွင်ရှိသော လ များကို ရေတွက်ပြစမ်းပါဆိုလျှင်တော့ အမြီး အမောက်တည့်အောင်
ရေတတ်မည့်သူ အတော်ရှားပါလိမ့်မည်။
၁၁၂။ Safety စာအုပ်များကို ဘာသာပြန်ရန် ကြိုးစားခြင်း
ဂျေဗီမှ
safety သင်တန်းဌာနသို့ ကျွန်တော်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေ ကိုနွယ်ဝင်း ရောက်လာ၏။
ကျွန်းပေါ်လာသည့်လူ မှန်သမျှ သူ့စက်ကွင်းမှ မလွတ်။ အဘယ်ကြောင့်ဆိုသော် စင်ကာပူတွင် မည်သည့်နေရာသွားသွား၊
ဘာပဲလုပ်လုပ်။ safety induction သင်တန်းမတက်ဘဲ ဘာမှလုပ်ခွင့်မရှိ။ သည်တော့ သည်ပရောဂျက်သို့
လာသူအားလုံးကိုလည်း SIC (Safety Induction Course)* သင်တန်းတက်မပြီးမချင်း အလုပ်လုပ်ခွင့်မပြု။
SIC တက်ပြီးကြောင်း လက်မှတ် ပါမှ ဆစ်စကိုရဲ က ကျွန်းဝင်ခွင့်လက်မှတ် ထုတ်ပေးသည်။ ထိုလက်မှတ်ကြီးကို
အစဉ်အမြဲ လည်ပင်းဆွဲထားရ၏။
* မှတ်ချက်။ ။ SIC ဟူသည် သည်ပရောဂျက်အတွင်း
လိုက်နာရမည့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို
သင်ကြားပြသပေးသော သင်တန်းဖြစ်သည်။
သို့အတွက် ကျွန်းသို့လာသူမှန်သမျှ ကိုနွယ်ဝင်းတို့ safety ဌာနကို အရင်ဦးတိုက်ရလေ၏။
လာသူများမှာ ပညာတတ်သူလည်း ပါသည်။ ပညာမတတ်သူလည်းပါသည်။ မန်နေဂျာ၊ အင်ဂျင်နီယာများပါသလို
သာမန် အလုပ်သမားများလည်း မနည်းလှ။ ထို့ကြောင့်ပင် သင်တန်းကို အင်္ဂလိပ်လိုချည်းပေးလို့
မဖြစ်။ အင်္ဂလိပ်လို မတတ်သူများကို အင်္ဂလိပ်လိုသင်လို့ကတော့ ကျွဲပါးစောင်းတီးသလို ဖြစ်ချိမ့်မည်။
Safety ဆိုတာဘာလဲ ဆိုတာကို သူတို့သေသေချာချာ နားလည်နိုင်ရန် သူတို့မိခင်ဘာသာစကားနှင့်
သင်ကြားပြသပေးရပေလိမ့်မည်။
ထို့ကြောင့် SIC ကို အင်္ဂလိပ်ဘာသာနှင့်သာမက အခြားဘာသာများနှင့်ပါ သင်ရသည်။ တရုတ်၊
မလေး၊ ထိုင်း၊ မြန်မာ၊ တမီလ်၊ ဘင်္ဂလား စသည်ဖြစ်၏။ ထိုအခါ ထို SIC လက်စွဲစာအုပ်ကလေးကို
ထိုသည့် တရုတ်၊ ကုလား၊ မြန်မာ အလုပ်သမားများသို့ ပေးရန် အနှီ ဘာသာများသို့ ပြန်ဆိုထုတ်ဝေ၏။
၂၀၀၈ ခုနှစ် မတ်လ၏ ပူပြင်းလှသောနေ့တစ်နေ့၌ ကိုနွယ်ဝင်းက ကျွန်တော့်ထံ သူ သင်တန်းပေးနေရသော
အဆိုပါ မြန်မာ ဘာသာပြန် SIC စာအုပ်နှင့် သင်တန်းမှတ်စု power point slides များကိုယူလာကာ
ကြည့်ပေးရန် နှင့် လိုအပ်ပါက ပြင်ဆင်ပေးပါရန် ပြသပါသည်။
အလိုလေး၊
မြတ်စွာဘုရား။ ကျွန်တော့် တစ်သက်နှင့်တစ်ကိုယ် ဤမျှ နုံချာညံ့ဖျင်းလှသော မြန်မာစာများကို
ဘုရားစူးရ ပါစေ့၊ တစ်ခါဖူးမျှ မတွေ့ခဲ့ရဖူးပါ။ နောက်ပြီး သင်တန်းခေါင်းစဉ် အခု ၃၀ ကျော်
ရှိသည့်ပြင် ခေါင်းစဉ်တစ်ခုအောက်တွင် slide အခု ၁၀၀ ကျော် ရှိသဖြင့် သည်မျှများပြားလှသော
slide များကို အလကားမတ်တင်း ပြင်ပေးဘို့ရာ လွယ်လိမ့်မည် မဟုတ်ပါ။ အချိန်လည်း အတော်
စားပါလိမ့်မည်။ သို့အတွက် ကိုနွယ်ဝင်းကို ဤစာများအား မည်သည့် မဟာပညာရှိမင်းက ဘာသာတော်
ပြန်ပေးလိုက်သနည်း ဟု စုံစမ်းခိုင်းရပါ၏။
ပရောဂျက်ဟူသည်
သည်လူဝင်လာလိုက်၊ ဟိုလူထွက်သွားလိုက် နှင့် ဂဏှာ မငြိမ်တတ်သော သဘာဝရှိရကား ထို စာများကို
ဘာသာပြန်ရေးကိစ္စ ဆောင်ရွက်သူမှာ ဘယ်တိုင်းပြည်သို့ ပြန်သွားပြီကို မသိရ။ စင်ကာပူမြေကို
စွန့်ခွာသွားခဲ့ချေပြီ။ ကိုနွယ်ဝင်းမှာလည်း ကျွန်ုပ်၏ နားပူနားဆာတိုက်မှုကြောင့် သည်ကိစ္စ
အပူတပြင်း လိုက်လံစုံစမ်းလေရာ နောက်ဆုံးတော့ တရားခံ (အဲလေ ယောင်လို့) ဘာသာပြန်ပေးသော
မယ်မင်းကြီးမကလေးနှင့် အဆက်အသွယ် ရပါတော့၏။
ထိုကလေးမမှာ
ရန်ကုန်တွင် ရှိနေ၏။ ထို သူငယ်မကလေးနှင့် ဘယ်သို့ဘယ်ပုံ ဆက်မိသည်ကိုတော့ မိုးပေါ်က ဘိုးသိကြားမှ
သိပေလိမ့်မည်။ ကိုနွယ်ဝင်း က သူ့ဖုံးနံပါတ်ကို ယူလာပေးပါသည်။ ပထမ ကျွန်တော် ဖုံးဆက်မည်
ကြံသေး၏။ သို့သော် နောက်မှ “နေပါအုံး၊ နင်နဲ့ ဘယ်လိုများ ပတ်သက်နေလို့ ၀င်ပါချင်ရတာလဲ”
ဟု ကိုယ့်ကိုယ်ကို အပြစ် တင်မိပြီးသကာလ ထို မိန်းကလေးထံ ဖုံးဆက်ရန်အကြံကို လက်လျှော့လိုက်ပါသည်။
ကိုနွယ်ဝင်း ကတော့ တိုက်ရိုက် ပတ်သက်နေသူမို့ ဖုံးဆက်မေးပါသည်။
ထိုအခါမှ
ထို သကောင့်သား (အဲလေ) သကောင့်သမီးကလေးမှာ အင်္ဂလိပ်လိုလည်း မတတ်၊ မြန်မာလိုလည်း မကျွမ်းကျင်၊
Safety ဆိုတာ ဝေလာဝေးဆိုတာ သိရပါတော့သည်။ သူက စင်ကာပူမှ ပေးလိုက်သော သည်စာများကို ဖတ်ကြည့်သည်။
ဘာတွေမှန်း မသိ။ သိသလောက်ကလေး ရမ်းသမ်း ဘာသာပြန်လိုက်။ မသိသည့် စာလုံးရှိလျှင် အဘိဓါန်
လှန်လိုက်။ ဟိုလူ့မေး၊ သည်လူ့မေး မေးလိုက်။ ထင်တာကလေး ကောက်ကက်ရေးလိုက်။
သိတော်မူကြသည့်အတိုင်း
မြန်မာပြည်၌ Safety ဆိုသည်မှာ လုပ်ငန်းကို အနှောက်အယှက်ပေးသော ဘာမှအသုံးမတည့်သည့် အရာတစ်ခုမျှသာ
ဖြစ်သည်၊ သည့်အတွက် Safety ကို လုပ်ငန်းခွင်အတွင်း မကြားချင် ဟု (ယခင်က) ခံယူထားသော
တိုင်းပြည်ဖြစ်ရကား သူလိုကလေးမ မပြောနှင့်။ လုပ်ငန်းခွင်၌ လက်တွေ့လုပ်ကိုင်နေသူ အင်ဂျင်နီယာကြီးများ၊
အရာရှိကြီးများပင်လျှင် safety ဆိုတာကို ရေရေ ရာရာ သိကြတာမဟုတ်ပါ။ သူများပြောတာကို
ကြားဖူးရုံမျှသာ ဖြစ်၏။
သို့အတွက်
Safety နှင့် ပတ်သက်သော terminology များ၊ အသုံးအနှုံးများကို မြန်မာပြည်မှ အဘယ်သူသည်
ရင်းနှီးပါအံ့နည်း။ Safety Officer တစ်ဦးဖြစ်သူ ကျွန်တော်ကိုယ်နှိုက် သည်ပင်လျှင် စာတစ်ပိုဒ်
ဘာသာပြန်ရေးအတွက် ဆံပင် သုံးမွေးမျှ ဖြူအောင် စဉ်းစားရ သည် ဖြစ်ရကား မြန်မာပြည်မှ သာမန်လူများ
ဘာသာပြန်သည့် Safety စာပိုဒ်များ အဘယ်သို့ ရှိချိမ့်မည်ကို သင် သူတော်ကောင်း အပေါင်းတို့
စဉ်းစားသာကြည့်ကြပါကုန်။
ကျွန်တော်ပြောတာ ဟုတ်မဟုတ်၊ သူ ဘာသာပြန်ထားတာ နမူနာ နည်းနည်း ပြပါမည်။ ကြည့်ပါ။
ဤကဲ့သို့
ဘာသာပြန်ထားသော ထို စာများမှ မနုံချာ၊ မညံ့ဖျင်းပါလျှင် အဘယ်စာသည် နုံချာ၊ ညံ့ဖျင်းပါတော့အံ့နည်း။
ဘာသာပြန်ခြင်းဟူသည် မိမိဘာသာ စကားကိုရော၊ မိမိ ဘာသာပြန်မည့်
ဘာသာစကား နှစ်ရပ် စလုံးကိုပါ ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်ထားရပါမည်။ အသုံးအနှုံးလည်း
ကြွယ်ဝရပါမည်။ စာရေးတတ်သူလည်း ဖြစ်ရပါမည်။ စာဖတ်နာသူလည်း ဖြစ်ဖို့လိုပါသည်။ ထို့ထက်
မိမိ ဘာသာပြန်မည့် ဘာသာစကား၊ ပြောဆိုသောလူမျိုးများ ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံ
စသည်များကို သိထားရ ပါမည်။
ဘာသာရပ်တစ်ခုကို
ဘာသာပြန်လျှင် ထို ဘာသာရပ်ကို တတ်မြောက်ထားသူမှ ဘာသာပြန်ရန် ဖြစ်နိုင်ပါ လိမ့်မည်။
စိုက်ပျိုးရေး စာအုပ်ကို ဘာသာပြန်သူသည် စိုက်ပျိုးရေး ဘာသာရပ်ကို သင်ယူတတ်မြောက်ထားသူ
ဖြစ်ရပါ လိမ့်မည်။ သင်္ချာ ပါမောက္ခကြီးကို အပင်ရောဂါဗေဒ အကြောင်း သွားမေးလို့ မဖြစ်နိုင်သလို
ဗေဒင်ဆရာ (စစ်စစ်) များ သုံးသည့် ဒီဃနှစ် ဟူသည် အဘယ်နည်း ဟု အပင်ရောဂါဗေဒ ပါမောက္ခကြီးကို
မေးလျှင်လည်း သိမည်မဟုတ်ပါ။ သူ့ ဘာသာရပ်နှင့် သူ့အသုံး ဖြစ်ပါသည်။ မဆိုင်သူများ၏ အရာဌာန
မဟုတ်။
မိတ်ဆွေ - Safety နယ်ပယ်တွင် သုံးသည့် Line of Fire ဟူသည်ကို သင်၊ မည်သို့ နားလည်ပါသနည်း။
ကျွန်တော်သာ safety ဝေါဟာရများနှင့် မကျွမ်းဝင်ပါက ထို Line of fire ကို မီးလမ်းကြောင်း
ဟု ဘာသာပြန်မှာ မြေကြီးလက်ခတ် မလွဲပါ။ တစ်လုံးချင်း ဘာသာပြန်လျှင်ဖြစ်စေ၊ အတွဲလိုက်
ဘာသာပြန်သည်ဖြစ်စေ သည်အတိုင်းသာ အဓိပ္ပါယ် ရပါသည်။ သို့သော် Safety သင်ခန်းစာအတွက်
Line of fire ကိုသာ မီးလမ်းကြောင်းဟု ပြန်ရိုးပြန်စဉ် ကောက်ကက်ပြန်လိုက်ပါက ခါးတောင်းကြိုက်
တလွဲ၊ - င်တလွဲ ဖြစ်သွားပါလိမ့်မည်။
ဤ ပေါက်တတ်ကရ
ဘာသာပြန်များအတွက် မြန်မာငွေ သိန်း ၁၅၀ ခန့် သုံးလိုက်သည်ဟု သိရသဖြင့် ကျွန်တော့်မှာ
“အင်း၊ ဒီ ငွေလောက်နဲ့ဆို ငါတို့ တစ်ရွာလုံးကို
ဝက်သားဟင်း နဲ့ ထမင်းကျွေးလိုက် နိုင်မှာဘဲ” ဟု မဆီမဆိုင် အလွန်နှမြောမိပါ၏။
ကျွန်တော်က
သေသေချာချာ ဘာသာပြန် ပေးပါမည်။ သို့သော် ထိုက်သင့် အားလျော်သော အခကြေးငွေကိုရမှ ပြန်ပေးနိုင်မည်၊ သို့အတွက် ကိုရင့် ဘော့စ်ကို ပြောလိုက်ပါ
ဟု ကိုနွယ်ဝင်းကို ပြောလိုက်ပါသည်။ အမှန်ပြောရလျှင် ထိုကဲ့သို့ စာနှင့်ပေနှင့် ပတ်သက်၍
လုပ်ရမည်ကို ကျွန်တော် စိတ်ဝင်စားပါသည်။ လုပ်လည်း ပေးချင်ပါသည်။ သို့သော် လနှင့်ချီကာ
တစ်ခေါင်းလုံးဖြူအောင် လုပ်ရမည့်ကိစ္စ ဖြစ်သဖြင့် မေတ္တာရိတော့ လုပ်မပေးနိုင်ပါ။ အနည်းဆုံး
ယခင်ပေးခဲ့သော ဈေး၏ ထက်ဝက်လောက်ရမှ လုပ်ပေးနိုင်ပါလိမ့်မည်။ တစ်ဝက်မဟုတ်တောင် သုံးပုံတစ်ပုံနှုန်းနှင့်
ညှိလာပါက လက်ခံမည်ဟု တွေးပြီးသားဖြစ်ပါ၏။
သို့သော်
အုပ်ချုပ်ရေးပိုင်း ကျတော့ တစ်မျိုးဖြစ်၏။ ယခင် လူကြီးက ဤမျှ ငွေများသုံးကာ လုပ်သွားသော်လည်း
ယခုလူကြီးကမူ အခြားသူလုပ်သွားသည့် အရှုပ်ထုပ်ကြီးကို ရှင်းရန် လက်တွန့်နေပါသည်။ ပိုက်ဆံထပ်အကုန်မခံချင်တော့။
သည့်အတွက် ကျွန်တော် ကိုနွယ်ဝင်းကို ဆောရီး လိုက်ရပါသည်။ တကယ်လည်း ၀မ်းနည်းခြင်း ဖြစ်ပါ၏။
အဘယ်ကြောင့်ဆိုသော် ဤ မဟုတ်ကဟုတ်က စာများဖြင့် ကျွန်တော်တို့ မြန်မာများကို အရေးကြီးသော
Safety အကြောင်း သင်ပေးတော့မည် ဖြစ်သောကြောင့်ပါတည်း။
သို့သော်
ကျွန်တော် ဘာမှ မတတ်နိုင်ပါ။
ဆက်ပါဦးမည်။
အေးငြိမ်း (လေးမျက်နှာ)
၅ - ၆ - ၂၀၁၃။ ည ၁၁း၁၃ မိနစ်
Blk 663D, Jurong West St. 65
#15 – 233
Singapore 644663
Tel: (65) 97303027
No comments:
Post a Comment