Sunday, June 16, 2013

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၃၁)

၁၁၆။ အီးစီစီမှ Cat 1

            အီးစီစီတွင် အမှတ်ရစရာများ များလှ၏။ စင်ကာပူတွင်နေသူများကတော့ ကက်တ်ဝမ်း (Cat 1 = Category 1) ဆိုတာ ကြားဖူးကြ ပါလိမ့်မည်။ အီးစီစီတွင် လုပ်ခဲ့သူများအဖို့တော့ သည် ကက်တ်ဝမ်းကို နေ့တိုင်းလိုလို ကြားခဲ့ကြရတာဖြစ်၏။ သို့ဆိုလျှင် သည် ကက်တ်ဝမ်း ဟူသည် အဘယ်နည်း။
            စင်ကာပူသည် ကျွန်းနိုင်ငံဖြစ်၏။ ပင်လယ်ပတ်လည် ၀ိုင်းနေသည်။ ထို့ကြောင့် မိုးတိမ်များ အမြဲရှိနေသည်။ နည်းတာနှင့် များတာပဲ ကွာသည်။ စင်ကာပူတွင်နေသည့် နက္ခတ်တာရာကို စိတ်ဝင်စားသူများ သတိထားမိပါလိမ့်မည်။ စင်ကာပူတွင် နက္ခတ်ကြည့်လို့မရ။ အမြဲတိမ် များဖုံးနေသောကြောင့် ငွေသော်တာလမင်းကြီးကို ကြယ်တာရာများ ခြံရံလျှက်မတွေ့ရ။ ခင်မောင်တိုး၏ ကြယ်တာရာတွေ၊ ဂြိုဟ်ကြီး ကိုးလုံးနဲ့ ဆိုသောသီချင်းကို စင်ကာပူတွင်ဆိုလို့ အဓိပ္ပါယ်မရှိ။ စင်ကာပူမှ လမင်းကြီးကား အထီးကျန်လှသည်။
            သို့ တိမ်တိုက်များအမြဲရှိနေသောကြောင့် စင်ကာပူတွင် မိုးကြိုးများ အလွန်ပစ်လှသည်။ ယခင်က မိုးရွာထဲတွင် စစ်ချီစစ်တက် လေ့ကျင့်ခန်းများလုပ်ရသည်။ များမကြာမီနှစ်များက စစ်လေ့ကျင့်ခန်းဆင်းနေသည့် စစ်သားကလေးကို မိုးကြိုးပစ်ချလိုက်ကတည်းက မိုးရွာလျှင် စစ်လေ့ကျင့်ခန်းမလုပ်ရ ဟု တားမြစ်လိုက်တော့၏။
မိုးသားများမည်းမှောင်လာပြီဆိုလျှင် ကျွန်ုပ်တို့အနီးပတ်ဝန်းကျင်၌ တဒိုင်းဒိုင်း မိုးကြိုးပစ်သံများကို ကြားရတော့၏။ စင်ကာပူမှ မိုးကြိုးကား အကြောင်းသုံးပါးမရွေး။ မိုးကြိုးလွှဲတပ်ထားသည့် ဘတ်စ်ကားမှတ်တိုင်တွင် ထိုင်နေသူကိုပင် ၀င်ပစ်တာ ကြုံရသေး၏။ ထို့ကြောင့် စင်ကာပူတွင် မိုးကြိုးအန္တရာယ်ကို အထူးသတိထားရသည်။
အီးစီစီ ပရောဂျက်ကား ကွင်းလယ်တွင်ထီးထီးကြီးရှိနေတာ ဖြစ်၏။ ထို့ကြောင့် အလုပ်လုပ်နေသူများကို မိုးကြိုးပစ်မခံရစေရန် (Cisco Police) ဆစ်စကိုရဲများက မိုးကြိုးပစ်နိုင်ချေကို အမြဲတိုင်းနေရသည်။ မိုးကြိုးပစ်မည့်အန္တရာယ် အချက်ပြလာပါက “Cisco to all contractors: Now Cat 1 is in place. Everybody move to the shelter. Acknowledge please.” ဟု ရေဒီယိုမှ ကြေငြာလိုက်လျှင် “Grootint acknowledge” “Shimizu acknowledge” “Penta Ocean acknowledge” “Rotary acknowledge” “PEC acknowledge” “Mun Song acknowledge” ဆိုသော အသံများကြားရပါလိမ့်မည်။ ထိုအခါ ကျွန်တော်လည်း Safety ကိုလှမ်းပြီး ဆိုဒ်ထဲရှိသူအားလုံးသို့ အကြောင်းကြားရန် မှာရ၏။
Cat1 ဟူသောအသံကြားလျှင် နီးရာအဆောက်အဦအတွင်း သို့မဟုတ် နီးစပ်ရာ ပိုက်စင်အောက် အမြန်ဆုံးဝင်ပါ။ မိုးကြိုးပစ်မည့် အန္တရာယ်ရှိသည်။ နောက်ထပ်ညွှန်ကြားချက် တစ်စုံတရာမရမချင်း အပြင်မထွက်ပါနှင့်။ သို့သော်လည်းပေါ့လေ။ Cat1 အသံကြားလျှင် အားလုံးပျော်ပါသည်။ ဒါတော့ အထူးပြောစရာမလိုပါ။
            သည်တော့ ကျွန်တော် မြန်မာပြည်တွင် Cat1 တိုင်းသည့်ကိရိယာလေးများ ရှိလျှင် ကောင်းလေစွဟု တောင့်တမိပါသည်။ အဘယ်ကြောင့်ပါနည်း။



မြန်မာပြည်တွင် မကြာခဏ မိုးကြိုးပစ်၍သေဆုံးသောသတင်းများ ဖတ်ရသည့်အခါ ကျွန်တော် စိတ်မကောင်းပါ။ ထို့ကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲများတွင် မိုးကြိုးအန္တရာယ်ကို မည်ကဲ့သို့ ကာကွယ်၍ ရနိုင်သည် ဆိုသည့်အကြောင်းပါ ထည့်ပြောခဲ့ပါသည်။ သို့သော်လည်း မိုးကြိုးဆိုတာ ပစ်ချင်သည့် နေရာကို ပစ်သည့်အတွက် ရာနှုန်းပြည့် တော့ အာမ မခံနိုင်။ သည်လိုလုပ်လျှင်တော့ မိုးကြိုးပစ်ခံရနိုင်ချေ ပိုနည်းသည်ဟု ဗဟုသုတ ပေးခြင်းမျှသာ ဖြစ်ပါသည်။

၁၁၇။ အီးစီစီ မှ အတွေ့အကြုံတချို့

            တစ်ခါတလေကျတော့ လူကြီး ဆိုသူများမှာ အင်မတန်ရီစရာ ကောင်းသူများ ဖြစ်၏။ ယခင်ဆောင်းပါးတွင် အလုပ်မလုပ်မီ မနက်တိုင်း လေ့ကျင့်ခန်းလုပ်တာ အလွန်ရီစရာကောင်းကြောင်း ပြောခဲ့ပါပြီ။ သူတို့ကတော့ ကောင်းစေချင်လို့ လုပ်တာဘဲ။ ဒါပေမဲ့ဗျာ၊ လူတွေပေကပဲ။
            အခုလည်း အီးစီစီမှ လူကြီးများ၏ ရီစရာကောင်းလှသည့် အလုပ်တစ်ခုကို ဖောက်သည်ချပါမည်။
            အီးစီစီတွင် ပရောဂျက်ရှိလူကုန် စနေနေ့မနက်တိုင်း အမှိုက်ကောက်ရသည်။ လူကုန်ဆိုရာ၌ မန်နေဂျာကြီးများ၊ မန်နေဂျာကလေး များ၊ အင်ဂျင်နီယာ၊ စူပါဗိုက်ဆာ အကုန်ပါသည်။ အမှိုက်ကောက်တာ ကောင်းပါသည်။ သို့သော်လည်းပေါ့လေ၊ မကောင်းပါ။ ကျွန်တော် ရှင်းပြပါမည်။
            လူကြီးများကိုယ်တိုင် အမှိုက်ကောက်ပွဲတွင် ပါဝင်ဆင်နွှဲရခြင်းအကြောင်းမှာ ဟောဒီလောက် ရာထူးမြင့်တဲ့ အရာရှိကြီးတွေတောင် မှ သန့်ရှင်းရေးအတွက် အမှိုက်ကောက်ကြသကွဲ့။ ဒီတော့ သန့်ရှင်းရေးဟာ လူသားအားလုံးနဲ့ သက်ဆိုင်တယ်။ မင်းတို့အားလုံးလည်း အမှိုက် ကောက်တဲ့ဓလေ့ကို နမူနာယူကြ၊ အမှိုက်ကောက်ကြ ဟု ပြောချင်တာဖြစ်ပါသည်။
            သို့သော် စနေနေ့မနက်တွင် အမှိုက်ကောက်ပွဲဆင်နွှဲရန် မည်သူများထွက်လာပါသနည်း။ အဆိုပါ ဂျေဗီမှ မန်နေဂျာကြီးများ၊ မန်နေဂျာကလေးများ၊ အင်ဂျင်နီယာများ ဖြစ်၏။ သူတို့က အမှိုက်အိတ်အနက်ကြီးများ ဆွဲလျှက်ထွက်လာသည်။ သို့သော် ကျွန်တော် မှတ်မိ သလောက် သူတို့မှလွဲ၍ ကျန် ကုမ္ပဏီမှ မန်နေဂျာ၊ အရာရှိကြီးငယ်၊ အလုပ်သမား မည်သူမှ ထွက်လာတာ မတွေ့ရပါ။ မကောင်းတတ်လို့ အလုပ်သမား လေးငါးယောက်လောက်ကို အမှိုက်အိတ်များနှင့် အတင်း တွန်းလွှတ်လိုက်တာလောက်သာ ရှိပါသည်။
            အနှီလူကြီးများ ကောက်သည့်အမှိုက်ကိုလည်း ကြည့်ပါဦး။ လမ်းပေါ်ကျနေသည့် တစ်ရှုးစကလေး။ သစ်ရွက်ခြောက်ကလေး။ ဆေးလိပ်တိုကလေး၊ မသကာ အကြီးဆုံး အမှိုက်မှာ စက္ကူစ၊ ပလတ်စတစ်အိတ်။ သည်လောက်သာ ရှိပါသည်။
            ပြောရလျှင် လူကြီးဆယ်ယောက် ကောက်လာသည့်အမှိုက်များကို စုလိုက်လျှင် အမှိုက်အိတ်ကြီး တစ်အိတ်စာတောင် မရှိပါ။ သို့သော် လူကြီးဆယ်ယောက်ဖြစ်သည့်အတွက် အမှိုက်အိတ်ကြီး ဆယ်လုံးကတော့ ကုန်သွားပါသည်။ အမှိုက်အိတ်ကြီးဆယ်လုံး ပစ်လိုက်ရ ပါသည်။ ကျွန်တော်ဆိုလိုသည်မှာ ကောက်လို့ရသည့်အမှိုက်ထက် အမှိုက်သယ်ရန် ယူသွားသော ပလတ်စတစ်အိတ် အမှိုက်က ပိုများ နေတာ ဖြစ်ပါသည်။ ဤသည်မှာ မယောင်ရာ ဆီလူးခြင်းဖြစ်၏။
            သူတို့သည်လိုလုပ်တာကို မည်သူကမှ ကောင်းချီးမပေးပါ။ ကျွန်တော်တို့ကုမ္ပဏီမှ ဒတ်ခ်ျကြီးကမူ အလကားကွာ။ သူတို့မှာ ဒီအမှိုက်ကောက်တဲ့အလုပ်ထက် ပိုအရေးကြီးတာ မရှိတော့ဘူးတဲ့လား။ တကယ်ဆို ဆပ်ကွန်းတစ်ခုကို ဧရိယာတစ်ခု သတ်မှတ်ပေးပြီး မင်းတို့ ဒီနေရာတွေကို ဒီနေ့မနက် အမှိုက်သိမ်းကြ။ ညနေငါတို့လာစစ်မယ်ဆို မပြီးဘူးလား။ မင်းတို့ဟာမင်းတို့ ကောက်ချင်ကောက်။ ငါတော့ မပါဘူးဟေ့ ဟု ပွာလောင်ပွာလောင်ပြောပါသည်။
            မည်သို့ပင် safety အရေးကြီးပါသည် ဟု ပြောနေသည်ဖြစ်စေ။ အန္တရာယ်ကင်းနာရီ ၁၀ သန်း၊ သန်း ၂၀ ကျင်းပနေပါစေ။ ဂျေဗီမှ safety ကို အရမ်းတင်းကျပ်နေသည် ဆိုစေ။ တစ်နေ့တွင် ဘွန်းမ်လစ်ဖ် (Boom lift) မောင်းသူ ကုလားကလေးတစ်ဦး ကွန်ကရိယက်မ နှစ်ခုကြား ညပ်ပြီးသေလေ၏။ ညပ်သမှ မနည်းဆွဲထုတ်ယူရသည်။ ဤနေရာတွင် သူတစ်ဦးတည်း အလုပ်လုပ်နေတာဖြစ်၍ ဘာကြောင့် ဘယ်လိုဖြစ်သည်ကို မည်သူမှ သေသေချာချာ မသိပါ။ ဖြစ်နိုင်သည်ကတော့ လူနှင့်စိတ် အစီးမကပ်သောကြောင့် ရှေ့မှ အန္တရာယ်ကို မမြင်ဘဲ ညပ်သေရတာ ဖြစ်ပါလိမ့်မည်။ သို့မဟုတ် ဘွန်းမ်လစ်ဖ် ရွေ့နေသည့်ဘက်မကြည့်ဘဲ တခြားဖက်ကို ကြည့်နေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူသေသည်နှင့် Safety အကြောင်း ကြီးကြီးကျယ်ကျယ်များပြောသည့် Safety Manager လည်း ပြုတ်သွားလေ၏။ 
            ကျွန်တော် သူပြုတ်သွားတာ ၀မ်းသာလို့ပြောနေတာ မဟုတ်ပါ။ သူတို့လည်း တတ်နိုင်သမျှ အတင်းတွန်းလုပ်ကြပါသည်။ သို့သော် လူဟူသည် လူသာဖြစ်လေရကား မည်သို့လျှင် ရာနှုန်းပြည့်ထိန်းချုပ်လို့ ရနိုင်ပါမည်နည်း။ အနှီ သောင်းဂဏန်းမျှသော အလုပ်သမားများကို မည်သူသည် တစ်နေကုန်တစ်နေခန်း အနားကပ်ကာ ထိုင်ကြည့်နေနိုင်ပါမည်နည်း။ ကိုယ့်မျက်စိရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင်တစ်မျိုး လုပ်ကြမည်မှာ သေချာလှပါသည်။
            သို့သော်လည်းပေါ့လေ သည်လိုအတင်းကြပ်ထားတော့ ဖြစ်မည့်အန္တရာယ်များကို လျှော့ချနိုင်ပါသည်။ တစ်ခါမတော့ ကရိန်းဖြင့် မသော ပစ္စည်းကြီးတစ်ခု ပြုတ်ကျပါသည်။ ကြာပြီဆိုတော့ နောက်ပြီး ကိုယ်နှင့်တိုက်ရိုက်မပတ်သည့်အတွက် မည်သို့မည်ပုံဖြစ်သည်ကိုမူ ကျွန်တော်သေသေချာချာ မမှတ်မိတော့ပါ။ ကျွန်တော်တို့ အလုပ်ပြီးလို့ ဤပရောဂျက်မှထွက်လာပြီး နောက်ပိုင်း အလုပ်သမားတစ်ဦးကို ရေနွေးငွေ့လောင်သည်ဟု သဲ့သဲ့ ကြားလိုက်ပါသေး၏။
            တစ်ရက်တွင် ကျွန်တော် အလုပ်မှ ပြန်လာခိုက် သင်္ဘောပေါ်တွင် ဆီးချိုကျသည်။ ဆီးချိုသမားများသည် အိတ်ထဲ၌ စားစရာ အချိုတစ်ခုခု (ဥပမာ - သကြားလုံး) ဆောင်ထားရသည်။ သို့မှသာလျှင် ဆီးချိုကျပြီဆိုသည်နှင့် သကြားလုံး ကောက်ကက်ငုံလိုက်လို့ရမည်။ ဆီးချိုကျခြင်းအန္တရာယ်ကို အချိန်မီကာကွယ်နိုင်မည်။
            ဤသည်ကို သိထားသော်လည်း ကျွန်တော့်အိတ်ထဲတွင် သကြားလုံး အမြဲရှိနေသည် မဟုတ်ပါ။ သကြားလုံးမရှိသည့်အခါသာ များပါသည်။ သင်္ဘောပေါ်မှာ ဘာစားစရာမှမရှိ။ သင်္ဘောက အနည်းဆုံး နာရီဝက်၊ မိနစ် ၄၀ လောက်စီးရသည်။ နောက်ပြီး သင်္ဘောဆိပ်တွင် လည်း ဘာဆိုင်မှ ရှိတာမဟုတ်။ ဆီးချိုကျခြင်းကို အချိန်မီမကုနိုင်လျှင် အသက်အန္တရာယ်ပင် ရှိပါသည်။
            ယခု ကျွန်တော် သင်္ဘောပေါ်တွင် ဆီးချိုကျတော့ အလွန်လန့်သွားပါသည်။ ဆိုခဲ့သလိုပင် သင်္ဘောပေါ်၌ ဘာမှစားစရာမရှိ။ ကျွန်တော့်တွင်လည်း ဘာစားစရာမှ မပါလာ။ အလုပ်က ပြန်လာသူများဖြစ်သဖြင့် အခြားသူများမှာလည်း ရှိဘို့မလွယ်။ သည်တော့ ကျွန်တော် မျက်စိကိုအသာမှိန်းကာ ဘုရားတ လိုက်လာရပါသည်။ (ကျန်သည့်အချိန်များတွင်တော့ ဘုရားကိုသတိရတာမဟုတ်။) ချွေးစီးများပြန်လာကာ လူလည်း ကတုန်ကယင်ဖြစ်လာသည်။ သင်္ဘော အမြန်ဆိုက်ပါစေသာ ဆုတောင်းရ၏။
            သင်္ဘောဆိုက်တော့ ကမ်းပေါ်အတင်းပြေးတက်။ အဆင်သင့်စောင့်နေသည့် လွန်းပျံဖယ်ရီပေါ် အရင်ဆုံးရောက်အောင် ပြေးတက်။ ဖယ်ရီပေါ်မှဆင်းတော့ ကလီမင်တီဈေးရှိရာသို့ အတင်းပြေးရသည်။ မျက်စိများပင်ပြာလာသည်။ လူမှာ ကတုန်ကယင်ဖြစ်ကာ လမ်းကိုပင် မနည်းထိန်းလျှောက်ရ၏။ ကလီမင်တီဈေးရောက်သော် အလွယ်စားလို့ရသည့် ငှက်ပျောသီးမှည့်မှည့်တစ်ဖီးဝယ်ကာ လမ်းဘေး ပလက်ဖောင်းပေါ်ထိုင်ချ၊ အမြန်အခွံနွှာပြီး စားလိုက်ရသည်။ တစ်လုံး၊ ဘယ်လိုမှမနေ။ နှစ်လုံး၊ မရသေး။ ငှက်ပျောသီး ၅ လုံးလောက် ဗိုက်ထဲဝင်သွားတော့မှ အတော်နေသာထိုင်သာ ဖြစ်သွားသည်။
            ငှက်ပျောသီးက ချက်ချင်းစား၊ သကြားကို ချက်ချင်းသွေးထဲလွှတ်နိုင်တာမျိုးမဟုတ်။ သွေးထဲမှ သကြားဓါတ်မြင့်လာစေရန် အချိန် အနည်းငယ်ယူရသည်။ ဆီးချိုကျလျှင် အကောင်းဆုံးမှာ သကြားကို ရေဖျော်သောက်ခြင်း ဖြစ်၏။ သို့မဟုတ် သကြားဓာတ်များသော အချိုရည် (ဥပမာ - ကိုကာကိုလာ) ကို ကောက်မော့ရသည်။
            သို့သော် အသည်းအသန်ဖြစ်နေသည့် ကျွန်တော့်မှာ သည်ဟာတွေကို ရွေးမနေနိုင်။ အနီးဆုံးတွေ့သည့်အစာကို အမြန်ဆုံး စားလိုက်ရတာ ဖြစ်သည်။
            တစ်ခါကလည်း ကိုကိုမောင့်ဆီသွားရန် ကိုဌေးဝင်းနိုင်နှင့် ချိန်းထားသောကြောင့် အိမ်မှထွက်အလာ၊ ရထားပေါ်တွင် ဆီးချိုကျ သည်။ ဤကဲ့သို့ဖြစ်မှာ စိုးသဖြင့် အိမ်မှထွက်ခါနီး ငှက်ပျောသီးတစ်လုံး စားလာသေး၏။ သို့သော် ဆီးချိုက ကျဖြစ်အောင် ကျလိုက်သေး သဖြင့် ဂျူရောင်းအိစ် ဘူတာတွင်ဆင်းလျှက် အနီးဆုံးဆိုင်တစ်ခုဝင်ကာ ကိုကာကိုလာ မော့လိုက်ရသည်။ ပုလင်း လေးပုံသုံးပုံလောက် မော့လိုက်မှ ပြေသွားသည်။ ဆီးချိုရှိသူများ သတိထားပါခင်ဗျား။ အိတ်ထဲတွင် သကြားလုံး လေးငါးလုံး အမြဲဆောင်ထားဘို့ မမေ့ပါနှင့်။ အလွန်အန္တရာယ်များပါသည်။ 

၁၁၈။ ပညာဒါနသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း

            ၁၇ - ၁၀ - ၂၀၀၉ နေ့။ ရုံးပိတ်သော်လည်း အရေးကြီးသည့် အလုပ်များရှိသဖြင့် ကျွန်တော် ပရောဂျက်သို့သွားကြည့်သည်။ မြန်မာပြည်မှ လူကြီးများကို အားကျသဖြင့် လိုအပ်သည်များကို မှာကြားပြီးသကာလ ခပ်စောစော ပြန်ခဲ့၏။ ကျွန်းမှ စင်ကာပူသို့ထွက်မည့် သင်္ဘောချိန်များမှာ မနက် ၉ နာရီခွဲ၊ မွန်းတည့် ၁၂ နာရီ နှင့် ညနေ ၃ နာရီ တို့ဖြစ်၏။ သဘောင်္ဆိပ်သို့ ၉ နာရီကျော်လောက် ဆင်းခဲ့သော် လည်း ပိတ်ရက်မို့ အပြင်ထွက်လိုသူ ကျွန်းနေလူတန်းစားများကြောင့် သင်္ဘောပြည့်နေပြီဖြစ်သဖြင့် လိုက်လို့မရတော့။ သို့နှင့် ပြန်တက်လာ။ နောက်သင်္ဘောမီရန် ၁၁ နာရီကျော်လောက် ဆင်းခဲ့သည့်တိုင် ကျွန်တော်နှင့် အကြံတူများနေသည့်အတွက် သင်္ဘောဆိပ်၌ လူတန်းကြီးကို တစ်မျှော်တစ်ခေါ်တွေ့ရလေရာ အတော် စိတ်မောသွားလေ၏။
            သို့သော် သည်တစ်ခေါက်တော့ မဖြစ်မနေ လိုက်မှ ဖြစ်မည်။ သည်သင်္ဘောလွတ်သွားလျှင် ညနေ ၃ နာရီထိ စောင့်ရတော့မည်။ ထိုသင်္ဘောမှာ ပိုဆိုးသေး၏။ အလုပ်မှပြန်သူ၊ ပိတ်ရက်မို့ အပြင်ထွက်လိုသူများနှင့် ပြည့်နှက်နေမည်ဖြစ်သည်။ သင်္ဘောစောင့်နေရင်း ကျွန်တော့်လိုပင် သင်္ဘောတန်းစီနေသူ ဦးလှဌေးက တိုင်းရင်းသားပြောင်းသူများ (နိုင်ငံသားပြောင်းတာမဟုတ်ပါ) ပြောပြ၏။ ကိုစိုးရဲက ထောက်ခံသည်။ သည်အကြောင်းများမှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှ၏။ ကျွန်တော်က သူတို့ကို သီးသန့်အင်တာဗျူးကာ ထိုအကြောင်းရေးမည်ကြံသော်လည်း အထမမြောက်ခဲ့။
            သင်္ဘောမှဆင်းပြီး အိမ်ပြန်ရန် နံပါတ် ၃၀ ဘတ်စ်ကားကိုစီးရာ ကားပေါ်တွင် ဦးနေမင်းဟိန်းနှင့် တွေ့၏။ ကားက ဟို့၊ ပါစီပန်ဂျန်းမှ ဘွန်လေးထိ အကြာကြီးစီးရသည်။ သည်တော့ ကားပေါ်၌ သူနှင့်ထွေရာလေးပါး ပြောကြ၏။ အီးစီစီတွင် မြန်မာအလုပ်သမားကလေးများ များစွာရှိရာ အလကားနေ အလကား၊ အချိန်တွေ သည်အတိုင်းကုန်သွားမဲ့အတူတူ သူတို့ကို အင်္ဂလိပ်စာနှင့် စကားပြော၊ အင်ဂျင်နီယာ ဘာသာရပ်များ သင်ပေးရလျှင် အကျိုးရှိလိမ့်မည်ဟု ပြောဖြစ်ကြ၏။
            သူက ကွန်ပြူတာ application (Word, Excel စသည်) များနှင့် Report ရေးနည်း၊ စံနစ်တကျ Data Entry လုပ်နည်း၊ ဆောက်လုပ်ရေး အခြေခံစသည်များကို သင်ပေးနိုင်သည်။ ကျွန်တော်က Engineering Mathematics နှင့် Piping Engineering များ သင်ပေးရန် စိတ်ဝင်စားသည်။ အင်္ဂလိပ်စာမှာ မပါမနေရ ဘာသာရပ်တစ်ခုဖြစ်လေရာ ကျွန်တော်က အင်္ဂလိပ်စာ သင်ပေးနိုင်သူ ရှာပေး မည်ဟု ကတိပေးလိုက်သည်။
            စာသင်ဘို့နေရာကို ကျွန်တော်က ပင်နင်စူလာဘေးရှိ TMC Education Centre ကို သဘောကျသည်။ တစ်ခါက ထိုအခန်းတွင် ကနေဒါသွားမည့်သူများကို ကျွန်တော် အင်္ဂလိပ်စာ၊ ဂဟေဆော်နည်း၊ ပိုက်ပြင်ပိုက်ဆက် စသည်တို့ကို တို့စိတို့စိ သင်ပေးဖူးသည်။ စာသင်ကျောင်းဖြစ်သဖြင့် အခန်းများမှာ စာသင်ရန်ပြင်ဆင်ထားသည့်အတွက် အဆင်ပြေသည်။ ဈေးလည်း မဆိုးလှ။ အခန်းငှားခအတွက် ကိုမူ သင်တန်းသားများအား မျှဝေကျခံခိုင်းမည်။ ကျွန်တော်တို့လည်း တချို့တ၀က်ထည့်မည်။
            သင်တန်းကာလကို တစ်နေ့တစ်နာရီ၊ တစ်ပတ်လျှင် နှစ်ရက် နှင့် သုံးလလောက်သင်မည်။ သင်ရိုးများကို သုံးလစာ ချိန်၍ရေးမည်။ ကျွန်တော်တို့တွင် အလုပ်လုပ်ရင်း စုဆောင်းထားသည့် စာအုပ်စာတမ်းများ၊ အသုံးတည့်မည့် ဇယားများ၊ Template များ များစွာရှိသည်။ ၎င်းတို့ကို သူတို့အားပေးလိုက်မည်။ နောက်ပြီး လေ့လာနည်းပြောပြမည်။ အင်္ဂလိပ်စာသင်မည့်သူတစ်ဦးရှာရမည်။  
            သို့နှင့် ကျွန်တော်က အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်းများထံ ထိုအစီအစဉ်ကို အီးမေးပို့လိုက်သောအခါ အခန်းငှားခ စသော ကုန်ကျစရိတ်များအတွက် အားတက်သရော ထည့်ဝင်လာကြပါ၏။ ထို့ကြောင့် ထိုမိတ်ဆွေများကို အထူးကျေးဇူးတင်ပါသည်။ ထို့ပြင် အင်္ဂလိပ်စာ သင်ပေးမည့်သူများလည်း ဆက်သွယ်လာသဖြင့် သူတို့အထဲမှ အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကြားခဲ့ဖူးသည့် ဒေါ်ခိုင်ခိုင်အောင် ကို ရွေးလိုက်သည်။ ၂၅-၁၀-၂၀၀၉ နေ့၌ ကျွန်တော်၊ ဦးနေမင်းဟိန်း၊ ကိုဌေးဝင်းနိုင် နှင့် အင်္ဂလိပ်စာသင်မည့် ဒေါ်ခိုင်ခိုင်အောင်တို့ ပင်နင်စူလာဘေးရှိ ဖူနန်စင်တာမှ ကေအက်ဖ်စီတွင် တွေ့ဆုံကာ သင်ကြားရေးအတွက် အသေးစိတ် ဆွေးနွေးတိုင်ပင်ကြ၏။ ပထမဆုံး သင်တန်းကို သင်တန်းသားများထံမှ မည်သည့်အခကြေးငွေမှ မကောက်ဘဲ မိမိတို့နီးစပ်ရာ မိတ်ဆွေများထံမှ အလှူခံကာ သင်တန်းဖွင့်ဘို့ သဘောတူကြသည်။ အခမဲ့သင်ပေးတာ ဖြစ်သည့်အတွက် သင်တန်းကို ကျွန်တော်က “ပညာဒါနသင်တန်းများ” ဟု နာမည်ပေးလိုက်သည်။

            သင်တန်းအတွက် အခန်းငှားခမှာ တစ်ရက် (၃ နာရီ) အတွက် စင်းဒေါ်လာ ၁၉၂ ကျပ်။ ပရော်ဂျက်တာသုံးခ - ၃၆ ကျပ်။ ဆိုတော့ ၆ ချိန်စာ သင်တန်းတစ်ခုအတွက် စုစုပေါင်း ကုန်ကျစရိတ် ၁၅၀၀ လောက်ရှိသည်။ ထိုစရိတ်အတွက် ကျွန်တော်က ၂၀၀၊ ကိုဌေးဝင်းနိုင်က ၂၀၀၊ အီးစီစီမြန်မာမိသားစုက ၂၀၀၊ အခြားမိတ်ဆွေများက ၁၀၀ မျိုး၊ ၅၀ မျိုး ၀ိုင်းထည့်ကြရာ ပထမဆုံးသင်တန်းအတွက် စုစုပေါင်း ၁၂၀၀ လောက်ရ၏။


လက်ထဲသို့ပိုက်ဆံရောက်သည်နှင့် အချိန်ဆိုင်းမနေတော့ဘဲ အခန်းခ စရံပေးထားလိုက်၏။ ကျွန်တော် မြန်မာပြည်သို့ ၂၀၀၉ နိုဝင်ဘာ ၁၆ မှ ဇန္န၀ါရီ ၇ ရက်နေ့ထိခွင့်ပြန်မည်ဖြစ်သောကြောင့် ကျွန်တော်ပြန်လာမှ သင်တန်းဖွင့်ရန် သင်တန်းရက်ကို ၂၀၁၀၊ ဇန္န၀ါရီလ ၁၀ ရက်နေ့ တွင် စဖွင့်မည်ဟု ကြေငြာလိုက်ကာ သင်တန်းသားများ စတင်လက်ခံပါသည်။ သင်တန်းသားလက်ခံပုံမှာ ဖုံးနံပါတ်တစ်ခုပေးပြီး ထိုဖုံးနံပါတ်သို့ မိမိ၏နာမည်၊ တက်လိုသောသင်တန်း၊ အီးမေးစသည်များကို sms ပို့ကာ register လုပ်ခိုင်း၏။ လက်ခံရရှိကြောင်း ဖုံးက အလိုလို အကြောင်းပြန်သည်။ ထို့နောက် ထိုစာရင်းများကိုပြုစုပြီး သင်တန်းတစ်ခုအတွက် လူ ၃၀ သတ်မှတ်ကာ ကျန်သူများကို နောက်သင်တန်းအတွက် သတ်မှတ်လိုက်၏။
            အစပိုင်းတွင် ပင်နင်ဆူလာ၌ ကြော်ငြာရန် ကြံသေးသော်လည်း မိမိအသိမိတ်ဆွေဆိုင်များသို့သာ ပေးသည်မှ အပ ကျယ်ကျယ် ပျံ့ပျံ့ ကြော်ငြာခြင်း မလုပ်တော့ပါ။ သို့သော် အီးစီစီ ပရောဂျက်တွင် မြန်မာလုပ်သား ၅၀၀ ခန့်ရှိရာ သူတို့နေသော အဆောင်များ၊ ထမင်းစားခန်းများတွင်ကပ်ရန် ကြော်ငြာ အတော်များများ ပေးလိုက်ပါသည်။
            သင်မည့် ဘာသာရပ်များမှာ -
၁။ English Proficiency Course Intermediate Level - Daw Khine Khine Aung
၂။ Construction Work Report and Documentation  - U Ne Min Hein
၃။ Engineering Maths and Piping Engineering                    - U Aye Nyein

            စ, ကြေငြာသည့်အချိန်မှ သင်တန်းဖွင့်ချိန်ထိ register လုပ်လာသူ ၁၈၀ ရှိပါသည်။ သို့အတွက် ကျွန်တော်က နံပါတ်အလိုက် စဉ်ကာ ၁ မှ ၃၀ ကို သင်တန်းအမှတ်စဉ် (၁)။ ၃၁ မှ ၆၀ ထိကို သင်တန်းအမှတ်စဉ် (၂) စသဖြင့် စီစဉ်လျှက် သင်တန်းဖွင့်မည့်ရက်များကို အကြောင်းပြန်လိုက်၏။ သို့သော် ကျွန်တော်တို့ မှန်းသလို ဖြစ်မလာပါ။
            ကျွန်တော်နှင့်ဦးနေမင်းဟိန်း တိုင်ပင်စဉ်က အီးစီစီ ပရောဂျက်မှ မြန်မာများအား အဓိက ဦးတည်ထားသော်လည်း ကျွန်တော်တို့ထံ ရောက်လာသည့် ၁၈၀ မျှသော register စာရင်းတွင် အီးစီစီမှ ကျွန်တော်နှင့်သိသော တစ်ဦးစ၊ နှစ်ဦးစသာ ပါပါသည်။ ကျွန်တော်လည်း အလွန်အံ့သြလျှက် ကျွန်တော်ကြော်ငြာကပ်ခိုင်းသော မောင်မင်းကြီးသားလေးများအား သေသေချာချာ ကပ်ရဲ့လားဟု မေးကြည့်သော် ကျွန်တော် ထမင်းစားခန်းထဲမှာလည်း ၃ - ၄ နေရာကပ်ထားတယ်။ နောက်ပြီး မြန်မာတွေနေတဲ့ အခန်းတိုင်းလိုလိုမှာလည်း ကပ်ပေးထား တယ်အစ်ကို ဟု ပြောပါသည်။ ယခု register လုပ်လာသူများမှာ တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် ရောက်လာကြသူများ ဖြစ်၏။

၁၁၉။ စိတ်ပျက်စရာကောင်းလှသော ကျွန်ုပ်တို့လူမျိုးများ၏ အကျင့်

            ကျွန်တော်တို့မှန်းတာက ၀ပ်ပါမစ်သမားများ။ သို့သော် လာသည့်သူအများစုက အင်ဂျင်နီယာ၊ စူပါဗိုက်ဆာ၊ ဘွဲ့ရ၊ ဘွဲ့မရတရများ ဖြစ်၏။ ဆိုတော့ ကျွန်တော် သူတို့ပညာအရည်အချင်းကို ဦးစွာတီးခေါက်ကြည့်ရသည်။ အဘယ်ကြောင့်ဆိုသော် နောက်ခံ ပညာ အရည်အချင်း မတူသူများကို အတူတူသင်လို့ရမည်မဟုတ်။ ကျွန်တော်တို့က ၀ပ်ပါမစ်သမားများအတွက် ပြင်ထားတာဖြစ်သဖြင့် သူတို့သိပြီးသားတွေ ဖြစ်နေမှာလည်း စိုးရသေးသည်။ သို့သော်လည်းပေါ့လေ။ လက်တွေ့တွင် ဆယ်တန်းသမားနှင့် ဘွဲ့ရ။ ဘာမှ မကွာလှကြောင်း တွေ့ရပါ၏။
            သင်တန်းသားများ၏ အခြေအနေအရ ယခင်ကပြင်ထားသည့် ဆလိုက်များထဲမှ အလွန်အခြေခံကျသော အတွက်အချက်များကို ဖြုတ်ပစ်လိုက်ပါသည်။ သို့တိုင် အချို့မှာ တြီဂိုကို လည်လည်ပတ်ပတ် မတွက်တတ်ပါ။ စိတ်ပိန်စရာ ကောင်းလှပါသည်။
            သင်တန်းအမှတ်စဉ် (၁) မှာ ၂၀၁၀၊ ဇန္န၀ါရီလ ၂၄ မှ မတ်လ ၁၄ ရက်နေ့ထိ ဖြစ်၏။ သင်တန်းရက်သေချာပြီဆိုတော့ ဦးဆုံး register လုပ်ထားသည့် လူ ၇၀ ကို မည်သည့်နေ့ရက်၊ မည်သည့်အချိန်တွင် မည်သည့်နေရာ၌ သင်တန်းစဖွင့်မည်။ အချိန်မီလာပါ ဟု အကြောင်းကြားလိုက်၏။ ထို့ပြင် သင်တန်းတက်ဖြစ်မည်၊ မတက်ဖြစ်မည်ကိုလည်း confirm လုပ်ပါဟု ပြောလိုက်ပါသေးသည်။ အဘယ်ကြောင့် လူ ၇၀ ဖိတ်ရသနည်းဆိုသော် အခန်းမှာ လူ ၅၀ ဆန့်သဖြင့် ပျက်ကွက်မည့်သူဦးရေကို ၂၀ ခန့်ဟု တွက်ခြင်းကြောင့် ဖြစ်ပါသည်။ သို့တိုင် ၂၄ ရက်နေ့ သင်တန်းဖွင့်တော့ တကယ်လာသူမှာ ၃၇ ဦးသာ ရှိပါသည်။ စာရင်းပေးသူ၏ ထက်ဝက်ကျော်မျှသာ လာခြင်း ဖြစ်ပါသည်။ သို့သော် လာတဲ့သူ သင်လိုက်ရတာ အမြတ်ပေါ့ဟု သဘောထားလျှက် ကျွန်တော်တို့ အားမလျှော့ဘဲ သင်ကြပါ၏။
            အခန်းမှာ အလကားရတာ မဟုတ်။ ပိုက်ဆံပေးထားရတာ ဖြစ်သဖြင့် ဒုတိယအချိန်အတွက် နောက်ထပ် လူ ၃၀ ထံ သင်တန်း လာတက်ပါမည့်အကြောင်း အကြောင်းကြားလိုက်၏။ ဒုတိယသင်တန်းတွင် ပထမသင်တန်းလာတက်သူ ၃၇ ဦးမှ ၅ ယောက်ထွက်သွားကာ ၃၂ ဦးသာကျန်၏။ နောက်ထပ် အကြောင်းကြားလိုက်သည့် ၃၀ ထဲမှ ၁၈ ယောက်လာသည်။ ဆိုတော့ စုစုပေါင်း ၅၀ ဖြစ်သွား၏။ တတိယ အချိန်တွင်လည်း ပထမသင်တန်းနှစ်ပတ်မှ သင်တန်းသားများ လျော့သွားကာ register မလုပ်ထားသော လူသစ်များ တစ်ဆင့်စကား ကြားကာ ရောက်လာပြန်၏။
            ဤအခြေအနေကို ကျွန်တော် ဘ၀င်မကျပါ။ သည်သင်တန်းကို လွယ်လွယ်ကလေး ဖွင့်လို့ရခဲ့တာ မဟုတ်။ ကျွန်တော်တို့ အချိန်၊ ငွေ၊ အင်အားများစိုက်ထုတ် ကြိုးပမ်းခဲ့ရခြင်း ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်၏ အမှတ်သည်းခြေနည်းလှသော မိုက်မဲမှုတစ်ရပ်သာ ဖြစ်ချေ သည်။ အဘယ်ကြောင့်ဆိုသော် သည်လိုကိစ္စမျိုးကို အခုမှ စ, ကြုံရခြင်းမဟုတ်ပါ။
            ၁၉၉၀ ပြည့်လွန်နှစ်များက ကျွန်တော် ရေဆင်းတွင် ကျောင်းဆရာလုပ်စဉ် အနီးအနားရွာများမှ အထက်တန်းတက်နေသော ကျောင်းသားကျောင်းသူလေးများကို သင်္ချာ နှင့် ရူပဗေဒ အခမဲ့သင်ပေးပါသည်။ သူတို့ခမျာ မြို့ကြီးပြကြီးတွေမှာလို ကျူရှင်မတက်နိုင်ရှာ ဘူးဟဲ့။ ငါတတ်နိုင်သလောက် သင်ပေးမယ် ဆိုကာ စေတနာ ဗလပွနှင့် သင်ပေးခြင်းဖြစ်ပါသည်။
            စာသင်ပေးမတဲ့ဟေ့ ဟု ဆိုကာ ပထမတစ်ရက်နှစ်ရက်တော့ အထူးအဆန်းအနေနှင့် အများကြီးလာကြပါသည်။ သည်ဆရာလေး က ချောသလားဟဲ့၊ အပြောကောင်းသလားဟဲ့ ဟု လာရောက်စူးစမ်းတာ ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ နောက်ပိုင်းရက်များတွင် ပထမဆုံးရက်က လာသည့်ဦးရေ၏ ထက်ဝက်မျှပင် မကျန်ပါ။ လာတက်နေသည့် ကျောင်းသားများကို သနားသဖြင့် ဆက်သင်ပေးနေရသော်လည်း ကျွန်တော် အရမ်းစိတ်မပါတော့ပါ။ ကိုယ်လုပ်ရသည့်အလုပ်ကို စိတ်ချမ်းသာနေမှ၊ ပျော်နေမှ အလုပ်လည်း ကောင်းပါသည်။ စိတ်မပါဘဲ မဖြစ်လို့လုပ်နေရသည့်အလုပ်မှန်လျှင် မည်သည့်အလုပ် ကောင်းပါမည်နည်း။
            နောက်ဆုံး စာရင်းစစ်လိုက်တော့ စာကြိုးစားသည့် ကောင်လေး၊ ကောင်မလေး ၅ ယောက်၊ ၆ ယောက်လောက်သာ ကျန်တော့၏။ သည့်အတွက် နောက်နှစ်များတွင် ကျွန်တော်လက်လျှော့လိုက်ပါသည်။ အလကားသင်ပေးတော့ အလကားဆရာပဲ ဖြစ်မှာပေါ့ဟဲ့ ဟု မမက အပြစ်တင်ပါသည်။
            ယခုလည်း အမှတ်မရှိ။ မိုက်မိုက်မဲမဲ ထပ်လုပ်ခြင်းဖြစ်၏။
            ကျွန်တော့်ထက် အသက်အများကြီးငယ်သော ကိုသက်နိုင်စိုးကတော့ ကျွန်တော့်ထက်ပိုပြီး လိမ္မာပါးနပ်သည်။ အစ်မကြီး ဒေါ်သန်းသန်းနု မိတ်ဆက်ပေးသဖြင့် သူနှင့် သိကျွမ်းရခြင်းဖြစ်၏။ သူလည်း သူ့ရုံးခန်းတွင် IELTS သင်ပေးနေသည်။ အခမဲ့ပင် ဖြစ်ပါ၏။ သို့သော်လည်း သူ့အခမဲ့က ကန့်သတ်ချက်ရှိသည်။
            လာတက်သူများအား သူက စပေါ်ငွေ ၂၀၀ တောင်းထားလိုက်သည်။ သင်တန်းပြီးသည်ထိ ပျက်ရက် တစ်ရက်မှမရှိသူကို ထို ၂၀၀ အားလုံးပြန်ပေးလိုက်သည်။ သို့သော် ပျက်သူများကိုမူ ပျက်သည့်ရက်အလိုက် အချိုးကျ နှုတ်ယူကာ ပြန်အမ်းပေးလိုက်သည်။ ကျွန်တော်က သူတို့ကို တတ်ပါစေရယ်လို့ စေတနာနဲ့ အချိန်တွေ၊ ပိုက်ဆံတွေ၊ အင်အားတွေစိုက်ပြီး လုပ်ပေးထားရတာ ဆရာရဲ့။ ဒါကို သူတို့ က အသိအမှတ်မပြု၊ မလေးစားဘူးဆိုရင်တော့ အဲဒီအတွက် ပိုက်ဆံပေးရမဲ့တာဝန် သူတို့မှာရှိတယ် ဟု သူက ရှင်းပြပါသည်။ သူပြောတာ မှန်ပင်မှန်ငြားသော်လည်း ကျွန်တော့်မိတ်ဆွေများက သဘောမတူပါ။ အိုဗျာ၊ အခမဲ့လည်း ပြောသေး၊ ပိုက်ဆံလည်းကောက်သေးဆိုရင် သူများပြောစရာ ဖြစ်နေပါ့မယ် ဟု ဆို၏။ အင်း၊ ဒါလည်း ဟုတ်တုတ်တုတ်။
            သို့နှင့် သူ့စနစ်ကို ကျွန်တော်တို့ မကျင့်သုံးဖြစ်ပါ။ သို့သော် ပထမအသုတ်ပြီးသွားတော့ ကိုရာဇာက ဦးဆောင်ကာ သင်တန်းဆင်း အားလုံးထံမှ အလှူငွေများစုလျှက် နောက်သင်တန်းများဆက်ဖွင့်နိုင်ရန် ထည့်ဝင်သွားကြ၏။ ကိုရာဇာလှူဒါန်းသော ၁၀၀ အပါအ၀င် သင်တန်းသား ၂၇ ဦးထံမှ စင်းဒေါ်လာ ၈၈၅ ရ၏။ ကျွန်တော့်မိတ်ဆွေများက ၂၀၀ ထည့်ဝင်လှူဒါန်း၏။



ဒုတိယအသုတ်ကို ၂၀၁၀၊ မေလ ပထမပတ်တွင် စတင်ရန် ဆုံးဖြတ်ပြီးသကာလ သင်တန်းသားများအား ဧပြီ ၂၀ ရက်မှ စတင် အကြောင်းကြား၊ confirm လုပ်ခိုင်းသည်။ သင်တန်းသား ၂၈ ဦးရှိ၏။ ပထမအသုတ်ကထက်စာလျှင် ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိသည်။ ထွက်သွားသူ၊ အသစ်ဝင်လာသူ သိပ်မရှိသဖြင့် ကျွန်တော် အတန်ငယ် ကျေနပ်မိပါ၏။ သို့သော် ထုံးစံအတိုင်း သင်တန်းဆင်းတော့ ထက်ဝက်ကျော်မျှသာ ကျန်၏။ ဘာပဲဖြစ်ဖြစ် သင်တန်းလာတက်သူ တော်တော်များများမှာ ကြိုးစားပမ်းစား လေ့လာတာတွေ့ရသဖြင့် ကျေနပ်မိပါသည်။ ၃ - ၄ ဦးမှာမူ တစ်ချိန်နှစ်ချိန်မျှလာတက်ပြီး ပျောက်သွားပါသည်။
            စင်ကာပူတွင် အလုပ်ခေါ်သည့်အခါ နှစ်ဘာသာပြော (bilingual)(အင်္ဂလိပ်နှင့် တရုတ်) ကို ပိုဦးစားပေးသဖြင့် ဒေါ်ခိုင်ခိုင်အောင် က တရုတ်စာနှင့် စကားပြော (Fundamental of Chinese Language – 4 Skill) ကိုပါ တိုးချဲ့သင်ပေးချင်သည်။ သို့သော် အခန်းခက အခက်အခဲတစ်ခု ဖြစ်၏။ ထို့ကြောင့် တရုတ်သင်တန်းအတွက် တစ်ယောက်လျှင် ၁၀ ကောက်ရန် စီစဉ်ကြပြန်၏။
            ဒုတိယသင်တန်းတွင် ပထမသင်တန်းတုံးက သင်တန်းသားများ အတော်များများ ပြန်ပါလာ၏။ သင်ချိန်နည်းတော့ သူတို့ သိပ် အားမရ။ တို့စိတို့စိ ဖြစ်နေသည်။ ထို့ကြောင့် ဒုတိယသင်တန်းကိုပါ ထပ်လာတာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က သူတို့အတွက်ပါ ထည့်စဉ်းစားရသည်။ ပထမသင်တန်းတုံးက မပါလိုက်သော အသစ်အဆန်းများ ထည့်သင်ပေးသည်။ နောက်ပြီး သင်တန်းအပြီး၌ သင်တန်း အပေါ် ဆန်းစစ်ချက် (assessment on the training and trainers) ကောက်ယူသည်။ အတော်များများက သင်တန်းချိန်ကို တိုးပေးဘို့ တောင်းဆိုထားတာ တွေ့ရ၏။
            သည်ကိစ္စ ကျွန်တော်တို့လည်း တွေးမိပါသည်။ သို့သော် ငွေကြေးအခက်အခဲကြောင့် လျှော့ထားရတာ ဖြစ်၏။ သင်တန်းသားများ ကတော့ အခန်းခအတွက် သူတို့လည်း ထည့်ဝင်ပါမည်။ အချိန်တိုးပေးပါဟု ဆိုပါသည်။ ထို့ကြောင့် ကျွန်တော်တို့လည်း သင်တန်းချိန်ကို နောက်ထပ်တစ်လတိုးရေး ပြန်လည် ဆွေးနွေးကြရပြန်၏။  
သင်တန်းလာတက်သူ ဦးယုရှိန်က သင်တန်းခန်း အခက်အခဲရှိလျှင် တိုးပါးရိုးဘုန်းကြီးကျောင်း၌ သူပြောပေးပါမည်။ ကျောင်းတွင် စာသင်ခန်းများရှိသဖြင့် လာရောက်ကြည့်ရှုပြီး သင်တန်းဖွင့်လိုကြောင်း စာရေးတင်လိုက်လျှင် မရစရာမရှိပါ ဟု အကြံပေး၏။ ကျွန်တော် ကျောင်းသို့သွားကြည့်ပါသည်။ အခန်းများမှာ စာသင်ရန် ရည်ရွယ်ပြီးပြုလုပ်ထားသဖြင့် ဘာမှ ပြောစရာမရှိ။ လူများလျှင် အခန်းနှစ်ခန်းပင် ဆက်လို့ရသေးသည်။ နေရာကလည်း တိတ်တိတ်ဆိတ်ဆိတ်ရှိသည်။
            သို့သော် ခွကျသည်မှာ သူ့နေရာက သွားရေးလာရေး အင်မတန် ထောင့်လှသည်။ သည်လောက် သွားရေးလာရေးလွယ်သည့် နေရာတောင်မှ သင်တန်းသားများမှာ လာရန်ဝန်လေးနေကြသည်ဖြစ်ရာ တိုးပါးရိုးသာ ပြောင်းလိုက်ပါက သင်မည့်ဆရာများချည်း ကျန်လိမ့် မည်။
            အထက်တွင်ပြောခဲ့သည့်အတိုင်း ကျွန်တော်တို့မှန်းတုံးက အီးစီစီမှ ၀ပ်ပါမစ်သမားများအား တစ်ဆင့်တက်ကာ စူပါဗိုက်ဆာ အဆင့်မြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ဤသင်တန်းကိုဖွင့်ခဲ့သည် မှန်သော်လည်း ကျွန်တော်တို့ သင်တန်း လေး၊ ငါးခု ပြီးသွားသည့် တိုင် အီးစီစီမှ လာတက်သူ ၅ ယောက်ပင် မရှိပါ။ သင်တန်းသားများ၏ ပညာအရည်အချင်းမှတ်တမ်းများအရ အများစုမှာ ဘီအီးနှင့် အေဂျီတီအိုင် များ ဖြစ်ပါသည်။ သူတို့က ကျောင်းပြီး၍ စင်ကာပူလာပြီး အလုပ်လုပ်သည့်တိုင် လုပ်ငန်းအတွေ့အကြုံမရှိသဖြင့် ဘာကို ဘယ်လို ဘယ်က စ ရမည်မှန်းမသိသဖြင့် လာတက်ခြင်းဖြစ်ပါသည်။
            ပညာအခြေခံရှိသဖြင့် ပြောရဆိုရသဘောပေါက်လွယ်သည်။ ထို့ကြောင့် ကျွန်တော်ပြောတာ သူတို့အတွက် အများကြီး အကျိုးရှိ ပါသည်။ ကျွန်တော်ကလည်း လက်တွေ့တွင် ကြုံနေရသော ပြဿနာများရှိက ယူလာခဲ့ရန် ပြောပါသည်။ သို့မှ လက်တွေ့နှင့်ယှဉ်ကာ သင်ပေးနိုင်မည် ဖြစ်ပါသည်။ သင်တန်းဟူသည် မည်မျှကောင်းမွန်ပြည့်စုံလှပါသည်ဆိုသော သင်တန်းဖြစ်စေ ဟောဒါကို ဒီလိုလုပ်ရသကွဲ့ ဟု စာတွေ့ အခြေခံများကိုသာ သင်ပေးနိုင်တာဖြစ်သည်။ တကယ်တတ်မတတ် ဟူသည် မိမိ၏ ဆက်လက်လေ့လာမှုအပေါ် မူတည်ပါသည်။ လာသင်သမျှသာယူပြီး အိမ်ရောက်တော့ စာအုပ်ကို ချောင်ထဲထိုးထားလိုက်သူမှာ တတ်စရာအကြောင်းမရှိပါ။ တကယ် ပရော်ဖက်ရှင်နယ် ဖြစ်ဖို့ရာမှာ စာတွေ့ကိုအခြေခံလျှက် လက်တွေ့လုပ်ငန်းခွင်၌ တကယ်လုပ်ကိုင်ကြရန် လိုပါသည်။ ထိုမျှသာမက မိမိလုပ်ငန်းနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများကို တရံမလပ် ဆည်းပူးနေရန်လို၏။
             
၁၂၀။ ကျပန်းစကားပြောပွဲများ ကျင်းပပေးခြင်း

            ဒုတိယသင်တန်းပြီးသွားတော့ အင်္ဂလိပ်စကားပြော တိုးတက်စေရန် ကျပမ်းစကားပြောပွဲများ လုပ်ပေးလျှင် ကောင်းမည်ဟု တွေးမိ ပါသည်။ ပထမတော့ ဘာခေါင်းစဉ်မှ မပေးဘဲ မြန်မာ ကျပမ်းစကားပြောပွဲများကဲ့သို့ ပွဲရောက်မှ မဲနှိုက်ကာ ပြောရန် ကြံပါသေး၏။ သို့သော် အင်္ဂလိပ်စာ သင်ပေးသည့် ဒေါ်ခိုင်ခိုင်အောင်က ဤသည်မှာ နည်းလမ်းကျသော်လည်း သူတို့အတွက် အဆင်ပြေမည်မဟုတ်။ စာကြည့်ဖတ် တာတောင် အမြီးအမောက်တည့်အောင် မနည်းဖတ်နေရသည့်အတွက် ပြောရမည့် ခေါင်းစဉ်များ ကြိုပြောထားမှ အဆင်ပြေလိမ့်မည်ဟု ပြော၏။ သည်တော့ ကျွန်တော်က ခေါင်းစဉ် ဆယ်ခု ပေးလိုက်မည်။ ထိုခေါင်းစဉ် ဆယ်ခုစလုံးပြင်ထား။ ပွဲရောက်မှ မဲနှိုက်ပြီး ကျသည့် ခေါင်းစဉ်ကို ပြောရန် အကြံပေးပါသည်။
            သို့နှင့် ကျပမ်းစကားပြောပွဲများ လုပ်ရန် စီစဉ်ပါသည်။ သို့သော် အတော်များများမှာ ပြောရန် မရဲကြ။ သို့အတွက် ကိုသက်နိုင်စိုး တို့ အင်္ဂလိပ်စာသင်တန်းမှ သင်တန်းသားများကိုပါ ဖိတ်ကာ နှစ်ဖွဲ့ပေါင်း ကျင်းပြရန် သဘောတူကြသည်။
            ပွဲမ၀င်ခင် အပြင်က ကျင်းပဆိုသလို ဆရာမက အခန်းထဲ၌ စကားပြော အလေ့အကျင့်ကလေးများ လုပ်ပေး၏။ နောက် ပြောမည့် သူများ စာရင်းကောက်။ ခေါင်းစဉ်များပေးပြီး ၂၉ - ၈ - ၂၀၁၀ နေ့တွင်ပြုလုပ်ရန် ရက်သတ်မှတ်လိုက်သည်။ ဘတ်ဂျက်က သိပ်အင်အား မတောင့်သည့်အတွက် ပိုက်ဆံချွေတာသည့်အနေနှင့် ကျွန်တော်က ကလီမင်တီ ပန်းခြံထဲ၌ လုပ်ရန် ရွေးလိုက်ပါသည်။ ထို့ကြောင့် NParks ထံ ခွင့်ပြုမိန့်တင်သည်။ အလွယ်တကူပင် ကျလာပါ၏။ သန့်ရှင်းရေးလုပ်ရန် နှင့် အခြားသူများအတွက် အနှောင့်အယှက် မဖြစ်စေရန် သတိပေးပါသည်။  




ထိုနေ့တွင် ဆမ်ဘာဝမ်းဆရာတော် ဘုန်းဘုန်းပန်က ကြာဇံကြော်များ ယူလာသည်။ ကျွန်တော်က ဘာအကျွေးအမွေးမှ မစီစဉ် ထားသည့်အတွက် အတော်ဖြစ်သွားသည်။ မိုးကလည်း တဖွဲဖွဲရွာနေသဖြင့် အမိုးအောက်၌ လုပ်ကြ၏။ အားလုံးအဆင်ပြေပါသည်။ ပြိုင်ပွဲဝင် များကလည်း ကြိုးစားပမ်းစား ပြောကြ၏။ ကောင်းပါသည်။ သည်ကဲ့သို့လုပ်ပေးနိုင်ခြင်းအတွက် ကျွန်တော် အလွန်ကျေနပ် ၀မ်းမြောက်မိ၏။ ပိုက်ဆံမရှိလို့လေ့။ နေရာက ဘာဖြစ်တယ်လေ့ နှင့် မဖြစ်နိုင်တာများကိုသာ ပြောနေသူများအား ပိုက်ဆံတစ်ပြားမှ မရှိလျှင်လည်း လုပ်လို့ရ ကြောင်း သက်သေပြခြင်းဖြစ်ပါသည်။
ပန်းခြံထဲမှာလုပ်တာ ပိုက်ဆံတစ်ပြားမှ ပေးစရာမလို။ သွားရေးလာရေး။ အို - ကိုယ့်ဟာကိုယ် လာခဲ့ကြပေါ့။ ဘာခက်တာလိုက်လို့။ အကျွေးအမွေး။ မလိုပါဘူး။ ပွဲပြီးတော့မှ အနားမှာရှိတဲ့ ဟော်ကာစင်တာတစ်ခုခုသွားပြီး အမေရိကန်စစ်စတန် စားကြသောက်ကြ။ မဖြစ်ဘူး လား။ ဖြစ်ပါသည်။ ဖြစ်လို့ပဲ ကျွန်တော်လုပ်ခဲ့ပြီးပြီ။
မနှစ်က အလွန်ခင်မင်သော သူငယ်ချင်းတစ်ဦးက သူတို့မြို့နယ်အသင်း စည်းဝေးပွဲရှိသည်။ ကိုအေးငြိမ်းလာပြီး အကြံဉာဏ်လေး၊ ဘာလေးပေးပါဦး ဆို၍ ကျွန်တော်သွားခဲ့၏။ စည်းဝေးပွဲတွင် ၎င်းက ကျွန်တော့်ကို မိတ်ဆက်ပေးကာ စကားပြောခိုင်းပါသည်။ ကျွန်တော်က ခင်ဗျားတို့မြို့က အထက်တန်းကျောင်းမှာ ကျောင်းသားတွေကို စာစီစာကုံးပြိုင်ပွဲလေးတွေ လုပ်ပေးပါလားဗျ ဟု ကျွန်တော်လုပ်ပေးခဲ့သော လေးမျက်နှာ နှင့် ကွင်းကောက်မှ စာစီစာကုံးပြိုင်ပွဲများကို နမူနာထားကာ ပြောပြပါသည်။ ကျွန်ုပ်က ဤသို့ အကြံပေးလေသော် ထိုမြို့နယ် အသင်းမှ လူကြီးလူကောင်းများက အဘယ်ကဲ့သို့ တုံ့ပြန်ပါသနည်း။

၎င်း။      ။ အင်း၊ ဆရာကြီးပေးတဲ့ အကြံတော့ ကောင်းပါရဲ့ဗျာ။ ဒါပေမဲ့ စာစီစာကုံးပြိုင်ပွဲအတွက် ပိုက်ဆံက ဘယ်ကရမှာတုံးဗျ။
န်ုပ်။       ။ အလိုဗျာ၊ ဘာတွေများ ကုန်ကျမှာမို့လို့ ပိုက်ဆံစကားပြောရတာတုံး။
၎င်း။      ။ အနည်းဆုံးတော့ စာရွက်စာတမ်းတို့၊ ခဲတံတို့ ဘောပင်တို့တော့ လိုမှာပေါ့ဗျာ။
န်ုပ်။       ။ ဒီမယ်ကိုယ့်လူ၊ ကျောင်းမှာရှိတဲ့ အဖြေလွှာတွေနဲ့ ဆရာဆရာမတွေကိုတောင် ဖို့သတ်လို့ရပါသဗျာ။
၎င်း။      ။ ဒါပေမဲ့ ခုံတွေစီဘို့ကျတော့ ဘယ့်နှာလုပ်မှာတုံး။
န်ုပ်။       ။ ခင်ဗျားဗျာ။ စာသင်ကျောင်းပါဆိုမှ ဘယ့်နှာကြောင့် ခုံတွေက ထပ်စီနေရဦးမှာတုံးဗျ။ စာသင်ဘို့လို့ နဂိုကတည်းက ခုံတွေ စီထားတာ မဟုတ်လား။
၎င်း။      ။ ဒါပေမဲ့ စာစီစာကုံးပြိုင်ပွဲကျင်းပဘို့လို့ မြို့နယ်ကို စာတင်ရအုံးမယ်လေဗျာ။
န်ုပ်။       ။ တင်ပေါ့ဗျ။ ဘာအပန်းကြီးသလဲ။ စာစီစာကုံးပြိုင်ပွဲကို အဲဒီလူကြီးတွေတောင် ဖိတ်လို့ရသေး။ ကဲပါဗျာ။ မလုပ်ပါနဲ့။ ကရိကထများပါတယ်။ ကိုယ့်လူတို့ ကိုယ်လုပ်ချင်တာတွေသာ လုပ်ကြပါ။ ကိုသောင်းတန်၊ ကျွန်တော်ပြန်တော့မယ်ဗျာ။

            နောက်ပိုင်း ကျွန်တော့်မိတ်ဆွေက မည်သို့ပင်ခေါ်စေကာမူ ၎င်းတို့ထံ ကျွန်တော် ယောင်၍မျှ ခြေဦးမလှည့်တော့ပါ။ ကျွန်တော့် အတွက် မိနစ်တိုင်း၊ စက္ကန့်တိုင်းသည် အဖိုးတန်၏။ အဘယ်ကြောင့် အချိန်ကုန်ခံကာ ကျွဲနားသွားပြီး ကျွန်တော် စောင်းတီးပြရပါမည်နည်း။
ယခုဆိုလျှင် ကျပမ်းစကားပြော ပြိုင်ပွဲများကို (၇) ကြိမ်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ဆရာမခိုင်က ကျပန်းစကားပြော ပြိုင်ပွဲကို Marina Ban Sand အပေါ်ထပ်တက်ကာ လုပ်ချင်၏။ သို့သော် အပေါ်တက်ခကပင် တစ်ယောက် ၂၀ ကုန်မည်ဖြစ်ရာ ထိုအပေါ် မတက်ဖြစ်ခဲ့ပါ။
နောက်ပိုင်းပွဲများကို ကိုသက်နိုင်စိုး ဦးဆောင်ကျင်းပတာ ဖြစ်၏။ နေရာကတော့ အဆင်ပြေသလိုပင် တစ်ခါတစ်ရံ ပညာဒါန စာသင်ခန်းများ၌ ကျင်းပပြီး တစ်ခါတစ်ရံ အခန်းငှားကာ ကျင်းပပါသည်။ အရေးကြီးသည်မှာ ပရိသတ်ရှေ့၌ စကားပြောသည့် အခွင့်အရေး ရဘို့ပင် မဟုတ်ပါလော။ ကျွန်တော်ဖြစ်စေချင်သည်က ပေးထားသည့်ခေါင်းစဉ်အလိုက် အချက်အလက်များပြင်လာကာ ပြောသည့်အခါ ကိုယ့်စကားလုံးနှင့် ကိုယ်ပြန်ပြောဘို့ ဖြစ်ပါသည်။
သို့သော် ကိုယ့်လူများမှာ သည်အထိအစွမ်းမရှိ။ အများစုမှာ ကျက်လာသောစာများကို ပြန်ရွတ်နေကြတာသာ ဖြစ်ပါသည်။ ကျွန်တော်သူတို့ကို ပြောပြသော်လည်း မောင်ပြောပင် ဖြစ်ပါသည်။ စကားပြောပြိုင်ပွဲ လေးငါးခုကို ကျော်ဖြတ်လာသည့်တိုင် သိပ် အားရဖွယ် မရှိပါ။ သို့သော် ယခင်အခါများနှင့်ယှဉ်လျှင်မူ များစွာ တိုးတက်လာပါပြီ။ အနည်းဆုံးတော့ လူရှေ့၊ သူရှေ့တွင် စကား ရဲရဲပြောတတ်လာခြင်း ဖြစ်၏။ သိပ်မကြာခင် ၂၀၁၃ခုနှစ်၊ ဇန္န၀ါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် စကားပြောပြိုင်ပွဲတွင်မူ အတော်လေး ဟုတ်နေပါပြီ။ ယခင် အခါများကကဲ့သို့ စာရွတ်နေသည့်ပုံစံ မပေါက်တော့ပါ။ စကားပြောသည့်ပုံစံ ပိုပီသလာပါပြီ။ (၇) ကြိမ်မြောက် စကားပြောပြိုင်ပွဲကို Cultural Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်စကားသာမက တရုတ်စကားပြောပြိုင်ပွဲပါ ပါသည်။



ဆက်ပါဦးမည်။

အေးငြိမ်း
၁၆-၆-၂၀၁၃၊ နေ့လည် ၂း၅၅ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027

+++++++++++++++++++++++++++++++++++++++++++


No comments: