Reference: 1.
Singapore MOM Website (www.mom.gov.sg)
2.
Singapore WDA Website (www.wda.gov.sg)
(၁) လုပ်ငန်းခွင်၌ ကျွမ်းကျင်လုပ်သားများရှိရန် အရေးကြီးကြောင်း
နိုင်ငံတစ်နိုင်ငံကို
ထူထောင်ရာ၌ အတတ်ပညာ၊ ခေတ်မီစက်ကိရိယာ၊ ကုန်ကြမ်း စသည်တို့ မရှိမဖြစ်လိုအပ်၏။ သို့သော်
ထိုစက်ကိရိယာများ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ကုန်ကြမ်းများမည်မျှရှိနေသည်ဖြစ်စေ၊ သဘာဝသယံဇာတ
မည်မျှကြွယ်ဝနေသည်ဖြစ်ပါစေ။ ၎င်းတို့ကို မောင်းနှင်မည့် စွမ်းရည်ပြည့်လူသားတို့မရှိပါက
ဖြစ်နိုင်မည်မဟုတ်ချေ။
မြန်မာနိုင်ငံတော်ကြီး
ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် တည်ဆောက်နေကြရာ ယခုအခါသမယ၌ ကဏ္ဍပေါင်းစုံ တွင်
အရည်အသွေးပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ များစွာလိုအပ်လျှက်ရှိ၏။ ဤလူအရင်းအမြစ်ကို
ငွေအကုန်အကျ များစွာခံလျှက် အချိန်ယူမွေးထုတ်ပေးရန် အလွန်အရေးကြီးပေသည်။
ယခုအခါ
နိုင်ငံတော်အစိုးရမှရော၊ ပြင်ပပညာရှင်များကပါ ပညာရေးကို အရေးတကြီးထား ဆွေးနွေး၊ လုပ်ကိုင်၊
ပြုပြင် ပြောင်းလဲနေသည်မှာ အားရစဖွယ်ဖြစ်ပါ၏။ သို့သော်လည်း ကျွန်တော်လေ့လာမိသလောက်
ပြောရလျှင် ဆွေးနွေးချက် အများစုမှာ ပုံမှန်ကျောင်းသင်ပညာရေးများသာ ဖြစ်၏။
သို့သော်
ကျွန်ုပ်တို့နိုင်ငံတွင် ဤစနစ်သစ်ပညာရေးကျင့်သုံးလျှက် ထူးချွန်ထက်မြက်သော ကလေးငယ်များမွေးထုတ်
ကာ ထိုကလေးငယ်များ လုပ်ငန်းခွင်အတွင်း ရောက်လာသည်ထိစောင့်ရန် အချိန်မရှိပါ။ ထို့ပြင်တဝ
မည်မျှကောင်းမွန်သော ပညာရေးစနစ်ကြီးကို ချမှတ်ထားသည်ဖြစ်ပါစေ။ ယခင်အသားကျနေသော စနစ်ဟောင်းမှ
ထိုစနစ်သစ်ကို လက်ခံကျင့်သုံး ရာ၌ အတားအဆီး အခက်အခဲများစွာ ရှိမည်ဖြစ်ရာ အချိန်တိုအတွင်း
အောင်မြင်ရန် မလွယ်ကူလှပါ။
လက်တွေ့ကျပြီး ချက်ချင်းအကောင်အထည်
ဖော်နိုင်သည်မှာ လုပ်ငန်းခွင်အတွင်း ၀င်ရောက်လုပ်ကိုင်လျှက်ရှိသော လုပ်သမားများ၏ အရည်အသွေးကို
မြှင့်တင်ပေးရေး ဖြစ်၏။
ကုန်ထုတ်လုပ်ငန်းတစ်ခု၌ ကျွမ်းကျင်လုပ်သားတစ်ဦး
လုပ်ကိုင်သည်နှင့် မကျွမ်းကျင်သောလုပ်သား ဆယ်ဦး လုပ်ကိုင်သည်တို့ လုပ်ငန်းပြီးမြောက်မှုခြင်း
မတူပါ။ ကျွမ်းကျင်သူက သူဘာလုပ်ရမည်ကို သိသဖြင့် သပ်သပ်ယပ်ယပ်နှင့် အမှားအယွင်းကင်းစွာ
အချိန်တိုအတွင်း ပြီးအောင်လုပ်နိုင်သော်လည်း မကျွမ်းကျင်သူများမှာ လူများပြီး ပွဲမစည်၊
အမှားမှား အယွင်းယွင်း၊ အလွဲလွဲအချော်ချော်နှင့် ပြီးရမည့်အချိန်မပြီးနိုင်ဘဲ အချိန်ရော
ငွေကုန်ကျေးကြပါ များလှပါသည်။
လုပ်ငန်းခွင်အတွင်း ၀င်ရောက်လုပ်ကိုင်နေသူများမှာ
ကျောင်းသင်ပညာရေး ပြီးခဲ့သူများရော၊ ပညာရေးလက်မှတ် မရှိသူများပါ အဆင့်အမျိုးမျိုး၌
ပုံစံအမျိုးမျိုးဖြင့် ၀င်ရောက်လုပ်ကိုင်လျှက်ရှိ၏။
ကျောင်းသင်ပညာရေး မရှိခဲ့သူများ
လုပ်ငန်းခွင်အတွင်း ၀င်ရောက်လာရာတွင် ၎င်းတို့အားမည်သူကမှ စနစ်တကျ သင်ကြားပြသပေးမည့်သူမရှိ။
အခြားသူများ လုပ်ကိုင်နေတာကို တစေ့တစောင်း ကြည့်ရင်းမှ တတ်မြောက်လာရခြင်း ဖြစ်သည်။
သို့အတွက် ၎င်းသည် အလုပ်တွင် လက်တွေ့လုပ်တတ်သည့်တိုင် အဘယ်ကြောင့် ဤကဲ့သို့လုပ်ရမှန်း
သိနိုင်စရာ အကြောင်းမရှိ။
ဥပမာဆိုရပါလျှင် လျှပ်စစ်မီးပြင်သူတစ်ဦးအနေနှင့်
လုပ်ရင်းကိုင်ရင်းမှ တတ်မြောက်လာသည်ဖြစ်ရာ ဤမည်သော အိမ်၌ ဤမည်သော မီးကြိုးကို ဤကဲ့သို့ဆွဲရသည်ဟု
သိသည့်တိုင် မီးကြိုးကို မည်သည့်နေရာများမှ ဖြတ်သန်း မသွယ်တန်းရ။ အိမ်၌ လျှပ်စစ်ပစ္စည်းမည်မျှရှိလျှင်
ကြိုးအရွယ်အစားမည်မျှကို သုံးရမည်။ မည်သည့်အရွယ်အစားရှိသော ဘရိတ်ကာကို ရွေးရမည် စသည်တို့ကို
တွက်နိုင်ပါမည်လော။ ဤကဲ့သို့သောသူ သွယ်တန်းထားသော အိမ်ခန်း၊ ဈေးများမှာ မီးအန္တရာယ်
အချိန်မရွေး ကျရောက်နိုင်သည်။
မြန်မာပြည်မှ လုပ်သားအများစုမှာ
ဤကဲ့သို့သော အမျိုးအစားများထဲက ဖြစ်၏။ ထို့ကြောင့် ၎င်းတို့ကို ကျွမ်းကျင်လုပ်သားများ
ဖြစ်လာစေရန် သက်ဆိုင်ရာ သင်တန်းများ လေ့ကျင့်သင်ကြားပေးရမည်။
ကျောင်းသင်ပညာရေး ပြီးဆုံးခဲ့သူများရော။
မထူးပါ။ ကျောင်း၌ သင်ပေးလိုက်သည်များကို မည်သည့်လုပ်ငန်းခွင် အတွင်း၌ တိုက်ရိုက်သုံး၍
ရပါသနည်း။ ကျောင်း၌သင်ပေးလိုက်သည်များမှာ ယေဘူယျ အခြေခံများဖြစ်၏။ ထို့ကြောင့် ထို
ကျောင်းပြီးစလူငယ်များ၊ ကျောင်းပြီး၍ လုပ်ငန်းခွင်အတွင်း ၀င်နေသော်လည်း စနစ်တကျ သင်တန်းပေးမထားသူများ
အားလည်း လုပ်ငန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် လိုပါသည်။
နေရာတကာ
အခြားတိုင်းပြည်မှ ပုံတူကူးချနေရန် မဖြစ်နိုင်သော်လည်း ကောင်းတာဆိုလျှင်တော့ အတုခိုးရပါမည်။
သူများလုပ်တာ အတုခိုးပြီး မိမိတို့နိုင်ငံနှင့် သင့်လျော်အောင် ပြုပြင်သုံးစွဲ၍ မရနိုင်ပါသလော။
ယခု စင်ကာပူနိုင်ငံ၌
လက်တွေ့ကျင့်သုံးလျှက်ရှိသည့် စဉ်ဆက်မပြတ် ပညာသင်ယူရေးနှင့် လေ့ကျင့်ပေးရေးစနစ် အကြောင်း
ကျွန်တော်ရှင်းပြပါမည်။ ဤသည်ကိုနမူနာယူ၍ ကျွန်တော်တို့ လုပ်သားများကိုလည်း ကျွမ်းကျင်လုပ်သားများ
ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးလို့ ရပါသည်။ အရေးကြီးသည်မှာ လူကြားကောင်းရုံ ဟန်ပြမျှ
မဟုတ်ဘဲ တကယ် ထိထိရောက်ရောက် လုပ်ဖို့ ဖြစ်၏။
(၂) စင်ကာပူမှ စဉ်ဆက်မပြတ် ပညာသင်ယူရေးနှင့် လေ့ကျင့်ပေးရေး
စင်ကာပူတွင်
၂၀၀၀ ပြည့်နှစ်က စီးပွားရေးအကျပ်အတည်းဖြစ်ပြီးနောက် လုပ်သားအင်အားဝန်ကြီးဌာန (MOM
- Ministry of Manpower) က အလုပ်သမားများ၏ အရည်အသွေးမြှင့်တင်ပေးရန် အစီအစဉ်တစ်ရပ်
ချမှတ်ခဲ့သည်။ ၎င်းမှာ စဉ်ဆက်မပြတ် ပညာသင်ယူရေးနှင့် လေ့ကျင့်ပေးရေး (Continuing
Education and Training – CET Programme) ဖြစ်သည်။ ရည်ရွယ်ချက်မှာ အနာဂတ်၌ ပိုမိုစွမ်းရည်ထက်မြက်သော
လုပ်သားအင်အား မွေးထုတ်ရေးဖြစ်၏။
ဤအစီအစဉ်ကြောင့်
လုပ်ငန်းရှင်များမှာ ကျွမ်းကျင်လုပ်သားများ ရရှိလာမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်ခြင်း
ပိုမိုတိုး တက်လာကာ စီးပွားရေးတက်လာမည်။ အလုပ်သမားများမှာလည်း မိမိလိုလားလျှင် ဘ၀တစ်လျှောက်လုံး
ဆက်လက် သင်ကြားလေ့လာသွားနိုင်ကာ ပိုမိုကောင်းမွန်သောအလုပ်အကိုင်၊ လုပ်ခလစာများ ရရှိလာမည်။
တစ်ပြိုင်နက်တည်းမှာပင် အစိုးရမှာလည်း ကျွမ်းကျင်သော လူသားအရင်းအမြစ်ကို ဖော်ထုတ်နိုင်သဖြင့်
နိုင်ငံဝင်ငွေတိုးလာမည်ဖြစ်၏။ ထို့ကြောင့် ဤစီမံချက်မှာ သားရွှေအိုးထမ်းလာသည်ကို မြင်ရသော
စီမံချက်ပင် ဖြစ်သည်။
အစိုးရ၏
မျှော်မှန်းချက်မှာ ၂၀၂၀ ခုနှစ်ရောက်သည့်အခါ လုပ်ငန်းခွင်အတွင်းရှိ စင်ကာပူနိုင်ငံသားလုပ်သားဦးရေ၏
ထက်ဝက်ခန့်ကို ဒီပလိုမာ လက်မှတ်ကိုင် ကျွမ်းကျင်လုပ်သားများ ဖြစ်လာစေရန် ဖြစ်၏။ နည်းပညာများမှာ
အစဉ်အမြဲပြောင်း လဲတိုးတက်လျှက်ရှိရာ တိုးတက်လာသောနည်းပညာများကို အမီလိုက်နိုင်ရန်
CET Programme က အထောက်အပံ့ ပြုလိမ့်မည်။ ထိုအစီအစဉ်အရ မလေ့လာသူများမှာ နောက်ကျန်ခဲ့ပြီး
အစဉ်အမြဲလေ့လာနေသူ (life long learning) များအတွက် အခွင့်အလမ်းကောင်းများ အမြဲပွင့်နေမည်
ဖြစ်သည်။ သို့အတွက် အစိုးရသည်လည်း အစဉ်အမြဲစွမ်းရည်ပြည့်နေ သော လုပ်သားထုကြီးကို ထိန်းထားနိုင်မည်
ဖြစ်၏။
ထိုကဲ့သို့
လုပ်သားများ ဆက်လက်လေ့လာနေစေရန်၊ လေ့လာနိုင်ရန်၊ လေ့လာလိုစိတ်များ ပေါ်လာစေရန် အခွင့်
အလမ်းများ ဖွင့်ပေးထားရသည်။ ဤဆွဲဆောင်မှုမှာ ဈေးနှုန်းသက်သာသော သင်တန်းကိုတက်ပြီး ပိုမိုလခကောင်းသော
အလုပ်တစ်ခု ရစေရန် ဖန်တီးပေးခြင်းဖြစ်၏။
လုပ်သားများကို
သင်တန်းများပေးခြင်းဖြင့် ကျွမ်းကျင်မှု မြှင့်တင်ပေးရန်၂၀၀၃ ခုနှစ်၊ စက်တင်ဘာလတွင်
WDA (Workforce Development Agency) ကို ဖွဲ့စည်းခဲ့သည်။ မှ စတင်အကောင်အထည်ဖော်ခဲ့၏။
CET Programme အတွက် လိုအပ်သော သင်တန်းကျောင်းများကို စင်ကာပူတစ်လွှား တဖြည်းဖြည်း တိုးချဲ့
ဖွင့်လှစ်ခဲ့ရာ ယခုအခါ သင်တန်းကျောင်းပေါင်း ၄၀ ကျော်၌ တစ်နှစ်လျှင် သင်တန်းသား တစ်သိန်းခွဲခန့်
လက်ခံသင်ကြားပေးနိုင်ပြီ ဖြစ်ပါသည်။
ကဏ္ဍစုံအလိုက်
ပေးသောသင်တန်းများမှာလည်း စုံလှ၏။ ထိုသင်တန်းများမှာ လုပ်ငန်းအမျိုးအစားပေါင်း ၃၀ ထိ
ရှိသည်။ ထိုအထဲတွင် Landscape, Leadership and People Management, Occupational Hygiene Professionals, Port Services, Precision Engineering, Process Industry, Public Transport, Retail, Security, Service Excellence, Tourism စသည့်လုပ်ငန်းများ ပါ၏။
ထိုသင်တန်းများကို WSQ
(Workforce Skills Qualification) သင်တန်းများဟုခေါ်ပြီး သင်တန်း အမျိုးအစားပေါင်း ၂၈၀၀
ကျော်ရှိ၏။ ထိုအထဲတွင် Administration, Employability Skills, Business
Development, Finance/Accounts, Engineering, Human Resource, IT / Infocomm, Media
and Communications, Management & Leadership စသည့်သင်တန်းများပါသည်။ Employability Skills သင်တန်းဆိုလျှင် ၁၆၈ မျိုးထိရှိ၏။
Engineering သင်တန်း ၁၄၅ မျိုး၊ Media and Communications သင်တန်း ၆၃ မျိုး၊ IT / Infocomm သင်တန်း ၇၇ မျိုး၊ Management &
Leadership သင်တန်း ၇၄ မျိုး စသဖြင့်ရှိပေရာ မိမိလုပ်ငန်းနှင့်
သင့်တော်မည့်သင်တန်းများကို ရွေးချယ်တက်နိုင်ပေသည်။
ထိုသင်တန်းများတက်ရန်အတွက်
အစိုးရက တစ်စိတ်တစ်ပိုင်း ကျခံပေးရာ ထိုအစီအစဉ်ကို WTS (Workfare Training
Support) Scheme ဟု ခေါ်သည်။ ထိုအစီအစဉ်အရ လစာနိမ့်လုပ်သားတစ်ဦးသည် WSQ သင်တန်းတစ်ခုကို
သွားတက်ပါက အစိုးရက ၉၀ မှ ၉၅ ရာခိုင်နှုန်းထိ ကျခံပေးပြီး အလုပ်ရှင်က ၅ မှ ၁၀ ရာခိုင်နှုန်းခန့်သာ
ပေးရပါသည်။ အလွန်သက်သာလှသော နှုန်းထားဖြစ်၏။ ဤကုန်ကျမှုများကိုပေးရန် အစိုးရက SDF
(Skill Development Fund) ဟု ရံပုံငွေ ထားရှိသည်။
လခမြင့်သော
အရာရှိများအတွက် အလွန်ဈေးကြီးသော သင်တန်းများသွားတက်လျှင်တောင် သင်တန်းခ၏ ၃၀ ရာခိုင်နှုန်းသာ
ပေးရန်လိုပါသည်။ ကျန် ၇၀ ရာခိုင်နှုန်းကို SDF ရံပုံငွေမှ ကျခံပေးသည်။ သို့သော် သင်တန်းကို
ပြီးဆုံးသည်ထိ တက်ပြီး လက်မှတ်ရမှ ပေးတာဖြစ်ပါသည်။ သင်တန်းတစ်ဝက်တစ်ပြက်နှင့် ထွက်လာလျှင်တော့
၇၀%ကို ပြန်လည် ပေးလျော် ရပါသည်။
၂၀၀၈ ခုနှစ်
မေလက ကျွန်တော် Specialist Diploma in Workplace Safety and Health သင်တန်းသွားတက်ရာ
သင်တန်းကြေး စင်းဒေါ်လာ ၄၄၉၄ ဖြစ်သော်လည်း ကျွန်တော်ပေးရသည်မှာ စင်းဒေါ်လာ ၁၁၃၄ သာ ဖြစ်ပါသည်။
ယခု ကျွန်တော် နောက်ထပ် WSQ Graduate Certificate in Workplace Safety
and Health သင်တန်းကို Singapore Poly ၌ သွားတက်ရာ ၃ လသင်တန်းအတွက် သင်တန်းကြေး စင်းဒေါ်လာ
၃၃၁၇ ဖြစ်သော်လည်း ၇၀% ကို WDA ရံပုံငွေမှ ကျခံပေး သဖြင့် ကျွန်တော်က စင်းဒေါ်လာ ၉၉၅
မျှသာ ပေးရန် လိုပါတော့သည်။
အခြားသင်တန်းများမှာလည်း
ဤကဲ့သို့ပင် ဖြစ်ပါသည်။ ယခင်လက ကျွန်တော် Working At Height Course for
Supervisors သွားတက်ရာ နှစ်ရက်သင်တန်းအတွက် သင်တန်းကြေး ၄၈၁.၅၀ ဖြစ်သော်လည်း ကျွန်တော်တကယ်
ပေးရသည် မှာ ၇၆.၅၀ သာဖြစ်ရာ အလွန်တက်ပျော်ပါ၏။
အသက်ကြီးသူများအတွက် Institute for
Adult Learning (IAL) ကျောင်းလည်းရှိ၏။ ကျောင်းမှ မူလတန်းမျှနှင့် ထွက်လာလျှင်ပင် အတွက်အချက်၊ အင်္ဂလိပ်စာ၊
သိပံ္ပ စသည်တို့ သင်ပေးသေးသည်။ ကျောင်းမပြီးသဖြင့် ဘွဲ့မရဆိုတာ မရှိရ လေအောင် စီမံပေးထားခြင်းဖြစ်သည်။
သူတို့သတ်မှတ်ထားသည့် သင်တန်းကိုတက်၊ သတ်မှတ်ထားသည့် စာမေးပွဲများ ဖြေ၊ သတ်မှတ်ထားသော
စာတမ်းများတင်ကာ တစ်ဆင့်ပြီးတစ်ဆင့်တက်သွားလျှက် နောက်ဆုံးတွင် ဘွဲ့တစ်ခုကို ရယူနိုင်
ပေသည်။
အကယ်၍
အစိုးရ၀န်ထမ်းဖြစ်လျှင် မည်သည့်သင်တန်းပြီးက မည်မျှလခတိုးပေးမည် သို့မဟုတ် ခံစားခွင့်မည်မျှပေး
မည် စသဖြင့် မက်လုံးပေးထားသေး၏။
ထိုမျှသာမကသေး။
ထုတ်ပေးထားသောလက်မှတ်များမှာ တစ်ခါထုတ်ပေးရုံမျှနှင့် တစ်သက်လုံး လုပ်စားလို့ရတာ မဟုတ်။
လက်မှတ် သက်တမ်းရှိသည်။ ဥပမာ - ယခု ကျွန်တော်ကိုင်ထားသည့် Safety Officer လိုင်စင်မှာ
(၂) နှစ် သက်တမ်းသာရှိသည်။ (၂) နှစ်ပြည့်ခါနီး တစ်လ သို့မဟုတ် နှစ်လခန့်အလိုတွင် သက်တမ်းတိုးရသည်။
ဤကဲ့သို့ သက်တမ်းတိုးနိုင်ရန်
သတ်မှတ်ထားသော အမှတ်များ ပြည့်မီရသည်။ အမှတ် သတ်မှတ်ပုံမှာ အနည်းငယ် ရှုပ်သဖြင့် ရှင်းမပြ
တော့ပါ။ အကြမ်းဖျဉ်းပြောရလျှင် အမှတ် (၄၀) ပြည့်မှ သက်တမ်းတိုးပေးသည်။ ထိုအမှတ်များရရန်
သက်ဆိုင်ရာ သင်တန်းများ တက်ရသည်။ ဟောပြောပွဲများတက်ရသည်။ မိမိက သင်တန်းပေးရသည်။ စည်းဝေးပွဲများ
လုပ်ရသည် စသဖြင့် လုပ်ရသည်။ သတ်မှတ်ထားသော သင်တန်းကို တက်ပါက (၁) နာရီလျှင် (၂) မှတ်
ရသည်။ မိမိက မိမိတို့လုပ်ငန်းအတွင်း သင်တန်းပြန်ပေးလျှင် (၂) နာရီလျှင် (၁) မှတ်ရသည်
စသဖြင့် သတ်မှတ်ထား၏။
ဆိုလိုသည်မှာ အစဉ်ပြောင်းလဲနေသည့်
နည်းပညာများနှင့် မျက်ခြေပြတ်မသွားစေရန် မတက်မနေရ လုပ်ထားခြင်း ဖြစ်၏။ ထို့ပြင်
MOM မှ ထုတ်ပြန်သည့် သတင်းများ၊ ဥပဒေကြောင်းဆိုင်ရာ အပြောင်းအလဲများကိုလည်း မပြတ် နားစွင့်နေရ
သည်။
ဤသည်မှာ အစိုးရက လုပ်သားထုကြီး
တစ်ရပ်လုံးကို အရည်အသွေး အစဉ် မြင့်မားနေစေရန် ကြံဆောင် ကြိုးစား ထားခြင်းဖြစ်ပါသည်။
(၃) မြန်မာနိုင်ငံအနေနှင့် မည်သည်တို့ လုပ်ရမည်နည်း
ဤမျှများပြားလှသော
လုပ်သားထုကြီးအတွက် ချမ်းသာလှသော စင်ကာပူအစိုးရကဲ့သို့ ရံပုံငွေ အများအပြား စိုက်ထုတ်ထားဘို့ဆိုတာ
မြန်မာနိုင်ငံအနေနှင့် မလွယ်လှပါ။ ဤကဲ့သို့သင်တန်းများကိုထားလျှက် ပုံမှန် ကျောင်းသင်ပညာရေး
အတွက်ပင် ရံပုံငွေအလုံအလောက် မရှိသေးပါ။ သို့သော် ဤသည်မှာ အဓိက ပြဿနာမဟုတ်။
လောလောဆယ်
လုပ်ရမည်မှာ ထိုအလုပ်သမားများကို ကျွမ်းကျင်လုပ်သားများဖြစ်လာစေရန် သင်ကြားပြသပေး မည့်
အရည်အချင်းပြည့်ဝသော သင်တန်းကျောင်းများ တည်ထောင်ရန် နှင့် သင်တန်းဆရာများ မွေးထုတ်ရန်
ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေနှင့် စေတနာမှန်စွာ ထိုကဲ့သို့ သင်တန်းကျောင်းများထူထောင်ရန်၊
သင်တန်းဆရာများ မွေးထုတ်ရန်၊ လုပ်သားများအတွက် အမှန်တကယ် သင်တန်းများပေးရန် အစီအမံများ
ကျကျနန ရေးဆွဲတင်ပြနိုင်ပါက မြန်မာနိုင်ငံအတွက် ကူညီလိုသည့် ဖွံ့ဖြိုးပြီးသော နိုင်ငံကြီးများ
အများအပြားရှိပါလိမ့်မည်။ ပညာရေးအတွက် ကူညီလိုသူများထဲတွင် ဂျပန်နိုင်ငံ သည် ထိပ်ဆုံးနေရာက
ရှိ၏။ ကျွန်တော်တို့က သေချာကျနစွာ လုပ်ပြဘို့သာ အရေးကြီးပါသည်။
မြန်မာနိုင်ငံတွင်
လုပ်စရာ စီးပွားရေးအခွင့်အလမ်းများ များစွာကျန်ပါသေးသည်။ မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သား
ရင်းမြစ်ကြီးရှိပါက လုပ်အားခသက်သာသည့် မြန်မာနိုင်ငံကို နိုင်ငံခြား ကုမ္ပဏီကြီးများ
မျက်စိကျမှာ မလွဲပါ။ ထိုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် အခွင့်အလမ်းကောင်းများ
ပွင့်လာမည်။ လုပ်သားများ ကျွမ်းကျင်လာပါက ကုန်ထုတ်လုပ်မှု တိုးတက်လာမည်။ လုပ်ငန်းရှင်များ
ဝင်ငွေတိုးမည်။ အလုပ်သမားများလည်း လခကောင်းကောင်းရမည်။ အသေးစားလုပ်ငန်းများ ထူထောင်လိုလျှင်ပင်
ထူထောင်နိုင်ပါလိမ့်မည်။
ထို့ထက်
ကုန်ထုတ်လုပ်ငန်းများသာ တိုးလာပါက နိုင်ငံခြားပို့ကုန်လည်း တိုးမြင့်လာမည်။ နိုင်ငံမှထုတ်လုပ်သော
ပစ္စည်းများ၏ အရည်အသွေးလည်း တိုးတက်လာမည်။ ထိုအခါ နိုင်ငံဝင်ငွေလည်း တိုးလာမည် မဟုတ်ပါလော။
ဤသည်ပင်လျှင်
တစ်ချက်ခုတ် သုံးချက်ပြတ်၊ သားရွှေအိုးထမ်းလာသည်ကို မြင်ရမည့်ကိန်းဖြစ်သဖြင့် နိုင်ငံတော်
အနေနှင့် အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းကြီး ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသတည်း။
အေးငြိမ်း (လေးမျက်နှာ)
၁၊ ၆၊ ၂၀၁၃။ နံနက်လင်းအားကြီး ၁ နာရီတိတိ
No comments:
Post a Comment