Sunday, March 17, 2013

Working At Height Course for Supervisors


(၁)

စင်ကာပူတွင် Workplace Safety and Health Officer (လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အရာရှိ) ၏ မှတ်ပုံတင်သက်တမ်းမှာ ၂ နှစ်ဖြစ်၏။ ၂ နှစ်ပြည့်ခါနီးလျှင် သက်တမ်းထပ်တိုးရသည်။ ဤသို့သက်တမ်းတိုးရန် သတ်မှတ်ထားသော အမှတ် ၄၀ ပြည့်မီရသည်။ ထိုအမှတ်ကို SDU (Safety Development Unit) ဟု ခေါ်၏။
SDU သတ်မှတ်ထားပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ Structured
            ဤအောက်တွင် A1, A2, A3, A4 ဟုလေးမျိုးထပ်မံခွဲထား၏။ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဆီမီနာများ၊ ကွန်ဖရင့်များ တက်ရောက်ခြင်း၊ ပညာရှင်အဖွဲ့အစည်းများ၊ ဘုတ်အဖွဲ့များ၊ ကော်မတီများတွင် အဖွဲ့ဝင်ဖြစ်ခြင်း၊ စာတမ်းများ ရေးခြင်း၊ တည်းဖြတ်ခြင်း၊ သင်တန်းများပို့ချခြင်း၊ အန္တရာယ်ကင်းရေးအရာရှိအဖြစ် အလုပ်လုပ်နေခြင်းများအတွက် အမှတ်များ ပေးသည်။
            အချိန်ပြည့်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေလျှင် ၁၀ မှတ်၊ သင်တန်းပို့ချပါက တစ်နာရီလျှင် ၄ မှတ်၊ ဆောင်းပါးများ ရေးပါက တစ်ပုဒ်လျှင် ၅ မှတ်၊ ကောင်စီအဖွဲ့ဝင်ဖြစ်လျှင် ၈ မှတ်၊ ပညာရှင်ကော်မတီအဖွဲ့ဝင်ဖြစ်လျှင် တစ်ဖွဲ့လျှင် ၄ မှတ် စသဖြင့် ပေးသည်။

၂။ Unstructured
            ဤအောက်တွင် B1, B2, B3 ဟု ရှိ၏။ မိမိကုမ္ပဏီအတွင်း သင်တန်းများပေးခြင်းအတွက် ၂ နာရီလျှင် ၁ မှတ်နှုန်းနှင့် အများဆုံး ၁၀ မှတ်၊ IRCA, SISO စသော အဖွဲ့များ၏ အဖွဲ့ဝင်ဖြစ်ပါက တစ်ဖွဲ့လျှင် ၂ မှတ်၊ Safety Committee Meeting Minutes များ၊ Safety Inspection Report များ၊ Fire Drill စသော activity report များ ပြနိုင်လျှင် ၂ နာရီလျှင် ၁ မှတ်နှုန်း နှင့် အများဆုံး ၁၆ မှတ် ရနိုင်သည်။    

(၂)

            ကျွန်တော့်မှတ်ပုံတင်သက်တမ်းက သိပ်မကြာခင် ကုန်တော့မည်။ သည်တော့ သက်တမ်းတိုးဘို့ စိုင်းပြင်းရ၏။ သက်တမ်းတိုးရေးအတွက် အဓိကအရေးကြီးသည်မှာ အထက်ဖော်ပြပါ အမှတ် ၄၀ ပြည့်မီရန် ဖြစ်ပါသည်။ ထို့ကြောင့် တက်သင့်သော သင်တန်းများတက်ရန် စီမံရသည်။
            ကျွန်တော်ရနိုင်သောအမှတ်များမှာ အချိန်ပြည့်ဝန်ထမ်းဖြစ်ခြင်းအတွက် ၁၀ မှတ်၊ Safety Committee Meeting Minutes များအတွက် ၁၆ မှတ်၊ ပရောဂျက်အတွင်း သင်တန်းများပေးခြင်းအတွက် ၁၀ မှတ်။ စုစုပေါင်း ၃၆ မှတ်လောက် ရနိုင်သည်။ သို့အတွက် ၄ မှတ်လို၏။ သည်တော့ လိုနေသည့်အမှတ်ကိုဖြည့်ရန် အနည်းဆုံး သင်တန်းတစ်ခုတော့ တက်မှ ဖြစ်မည်။
            ကျွန်တော်က သူများကိစ္စများသာလုပ်နေပြီး ကိုယ့်ကိစ္စအတွက် မေ့လျော့နေလေတော့ Safety Graduate (Level D) သင်တန်းတက်ဖို့ရာ အချိန်မီ စာရင်းမသွင်းလိုက်မိ။ စာရင်းသွင်းသည့်အချိန်တွင် ယခု သက်တမ်းတိုးဘို့အချိန်နှင့် မမီတော့။ ထို့ကြောင့် နောက်သင်တန်းတစ်ခု ရွေးရသည်။ သို့အတွက် ထုံးစံအတိုင်း အင်တာနက်၌ မွှေနှောက်ရှာဖွေရ၏။ ဘယ်သင်တန်းကို ဈေးသက်သက်သာသာနဲ့ အမှတ်များများရနိုင်မလဲ ပေါ့။ ဘယ်သင်တန်းမှ ဈေးမပေါပါ။
အကယ်၍သာ Safety Graduate သင်တန်းကို တက်လိုက်ပါက အမှတ် ၅၀ ရမည်။ ယခုနှစ်အတွက် လိုနေသော အမှတ်များပြည့်သည့်အပြင် နောက်သက်တမ်းတစ်ခု တိုးရန်အတွက်ပါ ၁၀ မှတ်ရနိုင်သေး၏။ သို့သော် ယခုသက်တမ်း အတွက် အမှတ်များ မည်မျှပင်ပိုနေသည်ဖြစ်စေ နောက်သက်တမ်းသို့ အားလုံးသယ်သွားလို့မရ။ အများဆုံး ၁၀ မှတ်သာ ယူခွင့်ရှိသည်။
Lifting Supervisor course က သင်တန်းကြေး ၁၇၀ ဆိုတော့ အချိန်ဆိုင်းမနေဘဲ အစောဆုံးသင်တန်းကို စာရင်းသွင်းရန်အတွက် လိုအပ်သည့်ပုံစံများဖြည့်ကာ ရုံးသို့လှမ်းပို့လိုက်သည်။ ရုံးမှ ဆူဇန် ဆိုသည့်အဖွားကြီးက လှမ်း ပွမ် ၏။ နင်သေသေချာချာ စုံစမ်းမကြည့်ဘဲ ရမ်းပို့တယ်။ Lifting Supervisor သင်တန်းတက်ဘို့ Signal Man နဲ့ Rigger certificate တွေရှိမှရတယ် တဲ့။ နင့်မှာ အဲဒီလက်မှတ်တွေရှိသလား ဟု မေး၏။ ကျွန်တော့်မှာက ထိုလက်မှတ်များမရှိ။ သို့တိုင် သေချာစေရန် သင်တန်းကျောင်းသို့လှမ်းမေးရာ ဟုတ်၏။ သို့နှင့် ထိုသင်တန်းကို လက်လွှတ်လိုက်ရသည်။
နောက်ထပ်ရှာရာ ASERTEC က သင်တန်းကို သွားတွေ့သည်။ ထိုသင်တန်းကို ကျွန်တော် သဘောကျ၏။ အဘယ်ကြောင့်ဆိုသော် မကြာမီအသစ်ထွက်လာမည့် ဥပဒေအတွက် အသုံးတည့်မည်ဖြစ်သောကြောင့်တည်း။ သူတို့က စင်ကာပူမှ ဈေးကွက်ထုံးစံအတိုင်း ပရိုမိုးရှင်းပေးသည်။ နောက်ထွက်လာမည့် ဥပဒေအတွက် ကြိုတင်ပြင်ဆင်သည့်အနေနှင့် သင်တန်း သားများများရစေရန် တူးအင်ဝမ်း ပရိုမိုးရှင်းပေးသည်။ သွားရေယိုစရာမက်လုံးမှာ ကျွန်တော်လိုနေသည့် SDU ဖြစ်၏။


ပထမတော့ ထိုပရိုမိုးရှင်းသင်တန်းနှစ်ခုစလုံး တက်ဘို့ စိတ်ကူးရ၏။ သင်တန်းတစ်ခုပဲတက်လျှင် ၄၅၀။ နှစ်ခုဆို ၈၅၀။ သို့သော်လည်း နောက်တော့ ပိုက်ဆံ ၄၀၀ ဆိုလည်း မနည်းလှပေဘူးဟုတွက်ကာ သင်တန်းတစ်ခုပဲတက်ရန် ရွေးရသည်။ ကျွန်တော်သဘောကျသည်မှာ Personal Fall Protection Equipment Inspector Course ဖြစ်၏။ သင်တန်းကြေး ၅၆၀ ဖြစ်၏။
ထိုသင်တန်းကိုတက်မည် ဆိုလေသော် ရုံးကအဖွားကြီးက ဟဲ့၊ နင်အမှတ်ရရုံဆိုရင်တော့ ဘာလို့ပိုက်ဆံအကုန်ခံ မလဲ။ ပိုဈေးသက်သာတာ တက်ပေါ့ဟဲ့။ ပိုက်ဆံ ၁၀၀ ဆိုလည်း နည်းမှတ်လို့ ဟုလှမ်းပြောသည်နှင့် ဖြစ်ချင်သည့် ဆန္ဒကို အသာမြိုသိပ်ကာ ဖြစ်သင့်သည့် Working At Height for Supervisor ကို ရွေးလိုက်ရသည်။ သူက သင်တန်းကြေး ၄၅၀ ဖြစ်၏။ ၄၅၀ ဆိုသော်လည်း အစိုးရထံမှ ၁၅၀ ပြန်ရမည်ဖြစ်၏။ စင်ကာပူထုံးစံများနှင့် မယဉ်ပါးသေးသည့် မိတ်ဆွေများ အတွက် သည် government subsidise ဆိုသည့်အကြောင်း အနည်းငယ်ရှင်းပြပါမည်။
            စင်ကာပူတွင် လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ တက်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထောက်ပံ့ကြေး ပေးသည်။ (ဤအကြောင်း singapore greenery တွင် အနည်းငယ်ထည့်ပြောပြခဲ့ပါသည်။) ဥပမာ - ကျွန်တော် Safety Officer သင်တန်းတက်တော့ သင်တန်းကြေးက စင်ကာပူဒေါ်လာ ၄၄၉၄ ဖြစ်၏။ သို့သော် WDA (Workforce Developmet Agency) က ၇၀% ဖြစ်သော စင်းဒေါ်လာ ၂၉၄၀ ကျခံပေးသည်။ ထို့ကြောင့် ကျွန်တော်ပေးရသည်မှာ ၁၃၄၈ ဒေါ်လာသာ ဖြစ်၏။ ထို့အတူ Safety Graduate သင်တန်းအတွက် သင်တန်းကြေးမှာ စင်းဒေါ်လာ ၃၃၁၇ ဖြစ်သည်။ သို့သော် WDA က ၇၀% (ဒေါ်လာ ၂၁၇၀) ကျခံပေးသဖြင့် သင်တန်းသားများက ၉၃၀ သာ ပေးရန်လိုတော့၏။ ထောက်ပံ့ကြေးပေးသည့် အဖွဲ့များမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ ဖြစ်ပါသည်။ Safety နှင့် ပတ်သက်သော သင်တန်းများအတွက် Safety အဖွဲ့များမှ ပေးသည်။
            ယခုသင်တန်းတွင်လည်း သင်တန်းကြေးစုစုပေါင်းမှာ ၄၅၀ ဖြစ်၏။ WDA က ၁၅၀ ပေးမည်ဆိုတော့ ကျွန်တော့် အိပ်ကပ်ထဲမှ ၃၀၀ မျှသာ ထုတ်စရာလိုတော့၏။ မြန်မာပြည်တွင်လည်း ဤကဲ့သို့လုပ်ပေးပါက ကျွမ်းကျင်လုပ်သားများ ပိုမို များလာစရာရှိပါသည်။ လူကြီများ ဆင်ခြင်ရန် ဖြစ်ပါ၏။




ချုံးလိုက်သော် ထိုသင်တန်းသို့ ကျွန်ုပ်တက်ဖြစ်သတည်း။ အဘယ်ကြောင့် ဤနေရာကို ရွေးရသနည်းဆိုသော် သင်တန်းကျောင်းမှာ ကျွန်တော်တို့ အိမ်နားတွင်ပင်ရှိသောကြောင့် ဖြစ်၏။ လမ်းလျှောက်သွားလျှင် ၁၈ မိနစ်မျှသာ ကြာသည်။ သွားရေးလာရေးအလွန်အဆင်ပြေ၏။
            သင်တန်းကျောင်းဆိုသော်လည်း ထွေထွေထူးထူးမဟုတ်ပါ။ သုံးထပ်ဆောင်မှ ၀ပ်ရှော့အခန်းတစ်ခန်းငှားကာ သင်တန်းဌာန လုပ်ထားခြင်းဖြစ်၏။ လူ ၁၅ ယောက်ဆန့် သင်တန်းခန်း ၃ ခုနှင့် လက်တွေ့လုပ်ရန် ပြင်ဆင်ထားသော နေရာ သုံးခုမျှသာဖြစ်၏။
စင်ကာပူမှ သင်တန်းဆရာများကား အပြောကောင်းသူများဖြစ်၏။ ယခုသင်တန်းဆရာမှာ မလေးလူမျိုးဖြစ်၏။ ကျွန်တော့်အနားကပ်လာခါ မင်းနဲ့ငါ တစ်နေရာရာမှာတွေ့ဖူးတယ်ကွ ဟု ဆို၏။ ကျွန်တော်လည်း သူ့ကို မျက်မှန်းတန်း မိပါသည်။ သို့သော် ဘယ်မှာတွေ့ဖူးခဲ့ကြောင်း မမှတ်မိ။ သူ့အကူတစ်ယောက်က ရှေ့တွင် ထိုင်နေသည်။
သင်တန်းက နှစ်ရက်သင်တန်းဖြစ်၏။ တစ်ရက်က စာတွေ့၊ နောက်တစ်ရက်က စာမေးပွဲနှင့်လက်တွေ့။ စာတွေ့ တစ်ရက်စာ သင်တန်းမှတ်စုကလည်း အထူကြီးဖြစ်၏။ ဥပဒေ၊ နည်းဥပဒေများကိုလည်း အကျဉ်းချုပ်ထည့်ထား၏။
            သူပြောတာ နားထောင်ခြင်းဖြင့် သည်သင်တန်းတွင် ယခင်က တက်ခဲ့ဖူးသူ အတော်များများပါကြောင်း သိရသည်။ ထိုအထဲတွင် မြန်မာကောင်လေးတစ်ယောက်လည်း ပါ၏။ နေပါဦး၊ ကိုရင်က ဘယ့်နှာကြောင့် နှစ်ခါပြန်တက်ရသတုံး၊ အရင်တစ်ခေါက်က စာမေးပွဲမအောင်လို့လား ဟုမေးလေသော် မသိပါဘူးဗျာ။ ကုမ္ပဏီက လွှတ်လိုက်လို့လာရတာပဲ ဟု ဆိုလေ၏။ မြင်းစီးလို့ အထီးမှန်းအမမှန်း မသိသူများပါပေတကား။
            ကိုသင်တန်းဆရာကမူ ဘလွတ်၊ ဘလွတ်၊ ဘလွတ်၊ ဘလွတ်နှင့် ရေပက်မ၀င်အောင် တောက်လျှောက် ပြောသွား လေ၏။ သည်အရာ များမှာ ကျွန်တော့်အတွက် အထူးအဆန်းများမဟုတ်ပါ။ သို့သော် safety နယ်မှ မဟုတ်သူများ၊ ပညာ မတတ်သူများအနေနှင့် ဘယ်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။ ထို့ကြောင့်လည်း သူတို့စာမေးပွဲမအောင်တာ ဘာမှမဆန်းပါ။
            သို့တိုင် သူက စာမေးပွဲအတွက်တော့ ဘာမှမပူပါနဲ့ကွာ၊ ငါက Take Note လို့ပြောရင် အဲဒါသာမှတ်ထားဟု ဆို၏။ ထို့ကြောင့် ကျွန်တော်လည်း သူဘယ်အချိန်များ Take Note လိုက်လေမလဲဟု မျက်လုံးပြူးကာ စောင့်နေရလေ၏။ သူက စုစုပေါင်း အမှတ် ၄၀ ဘိုးမေးမယ်။ MCQ (Multiple Choice Question) နဲ့ Short question ပါမယ်။ နောက်ပြီး group assignment လုပ်ရမယ် ဆို၏။ အောင်မှတ်မှာ ၈၀% ဖြစ်သဖြင့် ၃၂ မှတ်ရမှ အောင်မည်။ လက်တွေ့ကတော့ ကိုယ်တိုင် ၀င်လုပ်ရုံသာဖြစ်ပြီး စာမေးပွဲမရှိ။
            နောက်စိတ်ဝင်စားစရာတစ်ခုမှာ suspension test ဖြစ်၏။ ၎င်းမှာ အပေါ်မှ ပြုတ်ကျလာသူသည် ကိုယ်သိုင်းကြိုးကို သေချာစွာဝတ်ဆင်မထားပါက မည်ကဲ့သို့ခံစားရမည်ကို ကိုယ်တိုင်လက်တွေ့ ခံစားကြည့်စေခြင်း ဖြစ်၏။




 အမြင့်တွင် အလုပ်လုပ်သူသည် ကိုယ်သိုင်းကြိုး full body harness ၀တ်ထားရသည်။ ထိုကိုယ်သိုင်းကြိုးကို အသက်ကယ်ကြိုးနှင့် ချိတ်ထားရ၏။ အကယ်၍ အမြင့်မှ ပြုတ်ကျပါက ကိုယ်သိုင်းကြိုးသည် အသက်ကယ်ကြိုးတွင် ငြိနေသဖြင့် အောက်သို့ ပြုတ်မကျနိုင်။ သို့သော် လေထဲသို့ တွဲလောင်းပြုတ်ကျမည်ဖြစ်၏။ ဤသို့ပြုတ်ကျလျှင် ကျသည့် ဒဏ်ကို ခန္ဓာကိုယ်ကခံရသည်။ ကိုယ်သိုင်းကြိုးဝတ်တာ ပုံမကျလျှင် ခန္ဓာကိုယ် စုတ်ပြတ်သတ်သွားမည်။ (မရိုသေ့စကား) ဖွားဘက်တော်လေးပါ အိုးစားကွဲသွားနိုင်ပါသည်။ အိုးစားကွဲခဲ့သည့် ဓါတ်ပုံများကိုပါပြ၏။ ကြည့်ရက်စရာပင် မရှိပါ။ သွေးပျက် စရာဓါတ်ပုံများဖြစ်၏။
အပေါ်မှ ပြုတ်ကျလာခြင်းကို မဆိုထားဘိ။ ခုံပေါ်မှ အသာဆင်းတာပင်လျှင် သိပ်မစားသာပါ။ သည်နေရာတွင် အသုံးတည့်သည့် အရာမှာ Suspension aid rope ဖြစ်၏။ ထိုကြိုးကိုတပ်ပြီး တက်နင်းလိုက်လျှင် ခံစားရ အတော်သက်သာ သွားပါသည်။ သည်အရာမှာ စာဖြင့်ရေးပြလို့ရသောအရာမဟုတ်။ ကိုယ်တိုင်ခံစားကြည့်ရမှ သိနိုင်ပါသည်။ မည်ကဲ့သို့ရှိသနည်း ဟု လက်တွေ့ စပ်စုလိုသူများ ပိုက်ဆံ ၄၅၀ အကုန်ခံကာ သွားခံစားကြည့်နိုင်ပါသည်။


ထိုသင်တန်းမှ Safety Harness များစနစ်တကျဝတ်ဆင်ပုံ၊ စစ်ဆေးပုံ၊ 100% Tie Off ဟူသည်အဘယ်နည်း စသည်တို့ကို ပြသ၏။ လက်တွေ့လည်း လုပ်စေပါသည်။ ထို့ပြင် အပေါ်မှ ပြုတ်ကျလျှင် မည်သို့ရှိသည်။ မည်ကဲ့သို့ ကယ်ဆယ် ရေးလုပ်ရသည် စသည်များကိုပါ သရုပ်ပြပါသည်။
            လူတစ်ဦး လေထဲတွင် တွဲလောင်းနေနိုင်ချိန်မှာ ၁၀ မိနစ်မျှသာ ဖြစ်ပါ၏။ ထို့ကြောင့် ကယ်ဆယ်ရေးကို ၁၀ မိနစ် အတွင်း အပြီးလုပ်ရသည်။ ဆယ်မိနစ်ထက်ကျော်လျှင် အသက်အန္တရာယ်ရှိ၏။
            သို့သော် ကျွန်တော်တွေးမိသည်က ကျွန်တော်တို့တောသားများအတွက်မူ ဆယ်မိနစ်ထက် ပိုကြာရှည်နေနိုင်ပါ လိမ့်မည်။ သို့မဟုတ်ပါကလည်း ကယ်စရာလိုမည်ပင်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့တောတွင် ဘာမောင်းတက်၊ ဘာလှေခါးမှ မရှိပါဘဲလျှက် ထန်းပင်၊ အုန်းပင်များကို သည်အတိုင်းတက်ကြသောကြောင့် ဖြစ်၏။ ကျွန်တော်ငယ်စဉ်ကလည်း စမ်းတက်ကြည့်ဖူးပါသည်။ အရမ်းမခဲယဉ်းလှပါ။ ထို့ကြောင့် ဤကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံလာပါက ၎င်းတို့အနေနှင့် ကြိုးကို တွယ်တက်နိုင်လိမ့်မည် ထင်ပါသည်။ စမ်းတော့မကြည့်ဖူးပါ။
            ဤသင်တန်းမှ ဗဟုသုတ အများအပြားရပါသည်။ သို့သော် ၂ ရက်ကို ၄၅၀ ဆိုတော့ အလွန်ဈေးကြီးပါ၏။ သို့မို့ကြောင့်ပင် သင်တန်းအပြီးပေးသော အကဲဖြတ်မှတ်တမ်းတွင် ဈေးကြီးလှ၏ ဟု ကျွန်ုပ်ဖြည့်ခဲ့ပါသည်။
            ဤသည်မှာ ကျွန်ုပ် Working At Height Course for Supervisor သင်တန်းသွားတက်သော အတွေ့အကြုံဖြစ်ပါ၏။ ဘာတွေသင်လိုက်သနည်း ဆိုသည်ကိုမူ (အမြင့်တွင်အလုပ်လုပ်ခြင်း) ဟူသော ဆောင်းပါးတွင် ဖတ်ကြည့်ပါခင်ဗျား။


ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၇ ၊၃၊ ၂၀၁၃ နေ့လည် ၂ နာရီခွဲ




No comments: