Friday, March 1, 2013

စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း ၃


သစ်ပင်များကို ရေသန့်စင်ရေး၌ အသုံးချပုံအား မနီနီအောင် ပြောကြားချက်

သစ်ပင်များကို ရေသန့်စင်ရေး၌ မည်ကဲ့သို့အသုံးချသနည်း ဆိုသည့်အကြောင်းနှင့်ပတ်သက်၍ မနီနီအောင်ပြောပြတာ သိပ်မများ လှပါ။ သို့ပင်မများလှသော်လည်း သူပြောသည်များထဲ၌ ဗဟုသုတဖြစ်စရာ တပြုံတခေါင်းပါပါသည်။ မနီနီအောင် ပြောသည့်အထဲ၌ သာမန်စာဖတ်ပရိသတ် နားမလည်နိုင်သည့်အချက် များစွာရှိပါလိမ့်မည်။ ယခု ကျွန်တော် သူပြောပြသည်များကို အရင်းအတိုင်း ပြန်လည် ဖောက်သည်ချပါမည်။ ထိုအထဲမှ Storm Water, Total Suspended Solid, Total Nitrogen, Total Phosphorus, Vegetated Swales, Bioswales, Wet land, Rain Garden, Cleansing Biotopes, Bio Retension System, ABC Water Programme, Green Wall, Cleansing Biotopes စသည်တို့ကို နောက်ပိုင်းတွင် တစ်ခုချင်း အားလုံးပြန်ရှင်းပြ ပါမည်။
မနီနီအောင်နှင့် ဆက်သွယ်ပေးသော ကိုတင်ဇော်အောင်အားလည်း အထူးကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

++++++++++++++++

          ရေသန့်စင်တဲ့နေရာမှာ သစ်ပင်တွေကိုသုံးတာ စင်ကာပူမှာက လေးငါးနှစ်လောက်ပဲ ရှိပါသေးတယ်။ အနောက်နိုင်ငံတွေမှာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ အနှစ် ၅၀ ကနေ ၈၀ လောက်ကတည်းက လုပ်နေခဲ့တာပါ။ စင်ကာပူမှာက မိုးရေ (Storm Water = Ground Water = Surface Water) ကို လူတွေသုံးဘို့ ရေကန်ကြီးတွေထဲမှာစုတယ်။ နောက်ပြီးအဲဒီရေတွေကို ပြန်သန့်စင်ပြီး သုံးကြတယ်။ အဲဒီတော့ မြေကြီးပေါ်က အညစ်အကြေးတွေသယ်လာတဲ့မိုးရေတွေ ရေကန်တွေထဲမရောက်လာခင် လမ်းမှာကတည်းက ကြိုပြီးစစ်ထားလိုက်တယ်။ အဲဒီလိုစစ်လိုက်ခြင်းအားဖြင့် ရေကန်ထဲ ရောက်လာတဲ့ ရေမှာ အဆိပ်အတောက်၊ အညစ်အကြေးတွေ ကင်းနိုင်သမျှ ကင်းသွားတယ်။ အဲဒီအတွက် လူတွေသုံးဘို့ ပြန်စစ်တဲ့အခါ စစ်ရတဲ့အဆင့်လျော့သွားသလို သုံးရတဲ့ဓါတုပစ္စည်းတွေကိုလည်းပိုပြီး လျှော့ချနိုင်တယ်ပေါ့။ အဲဒီကြောင့် လူတွေအတွက် ပိုပြီး အန္တရာယ် ကင်းတယ်။
          (စင်ကာပူမှရေအကြောင်း ပိုမိုသိလိုသူများ ကျွန်တော့်ဘလော့ဂ် မှ “စင်ကာပူက ရေ” http://www.shwenyein.blogspot.sg/2011/09/blog-post_25.html တွင်ဖတ်ရှုနိုင်ပါသည်။)
          ဒီလိုရေစစ်တာကို Pilot Project နဲ့ ဒီဇိုင်းလုပ်တာက PUB ပါ။ NParks မှာလည်း research တွေရှိတယ်။ ရေစစ်တဲ့စံနှုန်းကို PUB က သတ်မှတ်ပေးတယ်။ TSS (Total Suspended Solid) ရယ်၊ နိုက်ထြိုဂျင် (Total Nitrogen) နဲ့ ဖော့စဖရပ် (Total Phosphorus) ကို ဘယ်လောက်စစ်ရမယ်ပေါ့။ အဲဒီလောက် ရအောင် ဘယ်လိုစစ်သလဲဆိုတော့ သစ်ပင်တွေနဲ့ စစ်တယ်။ မြေလွှာရေစစ်တွေနဲ့ စစ်တယ်။
(မှတ်ချက်။      ။ TSS ဆိုသည်မှာ ရေထဲတွင် ပါဝင်သည့် အမှုန်အမွှားများဖြစ်ပါသည်။ ထိုအမှုန်များပါဝင်နှုန်းကို ppm ဖြင့်တိုင်းပါသည်။ ဥပမာ - လုပ်ငန်းခွင်ထဲမှ ရေမြောင်းအတွင်း စွန့်ထုတ်လိုက်သည့် ရေ၌ TSS 50ppm ထက်မပိုရ။ ppm ဆိုသည်မှာ parts per million ဖြစ်၏။ ppm အကြောင်းကို လယ်ယာလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး http://www.shwenyein.blogspot.sg/2012/11/msds-material-safety-data-sheet.html  ၌ အသေးစိတ်ရှင်းပြထားပါသည်။)
ဒီနည်းမှာ မိုးရွာလို့ရလာတဲ့ရေတွေကို မြောင်းတွေထဲ ချက်ချင်းစီးဝင်မသွားအောင် ထိန်းထားလိုက်တယ်။ အဲဒါကို dentension လို့ ခေါ်ပါတယ်။ အဲဒီနေရာမှာ မြေကြီးကို ၁၀၀ ကနေ ၃၀၀ မီလီမီတာထိ တူးချလိုက်တယ်။ ဆိုတော့ သာမန်မြေကြီးထက် ပိုနိမ့်သွားတာပေါ့။ အဲဒီလိုနိမ့်သွားတဲ့အတွက် ရေတွေက အဲဒီနေရာမှာလာပြီး အိုင်နေတယ်။ အိုင်နေတဲ့ရေတွေက ပြုပြင်ထားတဲ့မြေထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်သွားတယ်။ 
          အဲဒီမြေကြီးကို ရေစစ်ထုတ်နိုင်အောင် ပြန်ပြင်ထားတယ်။ အဲဒီမြေကြီးမှာ သဲတစ်လွှာ၊ မြေကြီးတစ်လွှာ၊ အော်ဂဲနစ်မက်တာ တစ်လွှာ ထပ်ထားတယ်။ ပထမဆုံးအလွှာက sandy loam layer ပေါ့။ filter layer လို့လည်းခေါ်တယ်။ နောက်တစ်ထပ် သဲကြမ်း (coarse sand) အလွှာကို ဖြတ်တယ်။ Transition layer လို့ခေါ်တယ်။ အောက်ဆုံးကတော့ fine gravel။ အဲဒီအလွှာကိုတော့ drainage layer လို့ခေါ်တယ်။ အဲဒီလို ဖြတ်လာခြင်းအားဖြင့် ရေထဲမှာပါတဲ့ အမှုန်တွေ၊ နိုက်ထြိုဂျင်နဲ့ ဖော့စဖရပ်တွေကို စုပ်ယူထားလိုက်တယ်။ အဲဒီ ပြင်ထားတဲ့ မြေကြီးဟာ ဘယ်လောက်စစ်ထုတ်နိုင်စွမ်း ရှိရမယ်ဆိုတာကိုလည်း PUB က filtration rate (millilitre/hour/square meter) နဲ့ သတ်မှတ်ထားတယ်။ အဲဒီသဲတို့၊ မြေကြီးတို့၊ အော်ဂဲနစ်မက်တာတို့ကလည်း သူတို့သတ်မှတ် ပေးထားတဲ့အမျိုးအစားကိုပဲ သုံးရတယ်။
          အဲဒီအလွှာတွေရဲ့ အောက်ဆုံးမှာ perforated pipe (ပြင်ပမှရေများ ပိုက်အတွင်းဝင်လာစေနိုင်ရန် ပိုက်ဘေးတွင် အပေါက်များ ဖောက်ထားသောပိုက်) ကို မြှုပ်ထားတယ်။ အပေါ်က စစ်ပြီးသားရေတွေက အဲဒီပိုက်ထဲဝင်လာပြီး ပိုက်ကမှတစ်ဆင့် ရိုးရိုး ပီဗီစီပိုက်ထဲကို ဖြတ်၊ ရေမြောင်းထဲကို ထုတ်လိုက်တယ်။
          ၁၀ မီတာတိုင်းမှာ အဲဒီ slotted pipe တွေ မြှုပ်ထားတယ်။ ဒါ့အပြင် Overflow pipe တွေလည်းရှိသေးတယ်။ မိုးသိပ်ရွာ လာတဲ့အခါ ရေအားလုံး မြေထဲစိမ့်မ၀င်နိုင်တော့ဘဲ မြေမျက်နှာပြင်ပေါ်ကနေ စီးသွားတယ်။ အဲဒီရေတွေကိုကျတော့ overflow pipe တွေနဲ့ မြောင်းထဲတိုက်ရိုက်လွှဲထည့်လိုက်ရတာပေါ့။ မြေထဲစိမ့်သွားတဲ့ရေတွေက ခုနက filter media တွေကို ဖြတ်ပြီး sub soil pipe တွေကနေ မြောင်းထဲစီးသွားတယ်။
           နောက်ပြီး အဲဒီမြေပေါ်မှာပဲ ရေထဲမှာပါတဲ့ အဆိပ်အတောက် စတာတွေကို စစ်ပေးဘို့ သစ်ပင်တွေစိုက်တယ်။ ဘာသစ်ပင်တွေ စိုက်ရမလဲဆိုတာလည်း ညွှန်ကြားပြီးသားပါ။ စိုက်ရမဲ့သစ်ပင်တွေဟာ အမြစ်ထိုးဖောက်နိုင်စွမ်း ကောင်းတဲ့အပင်မျိုးဖြစ်ရမယ်။ ရေ၀ပ်တဲ့ ဒဏ်ခံနိုင်ရမယ်။ ခြောက်သွားရင်လည်း သေမသွားရဘူး။ (Wet and dry adaptable plants)။ အဲသလို အပင်မျိုးဖြစ်ရမယ်။ ဘယ်လို အပင်မျိုးတွေလည်းဆိုတာ PUB တို့ NParks တို့က သုတေသနလုပ်ထားတာတွေရှိပါတယ်။ ဘယ်လိုအပင်တွေကျတော့ ဆင်ခြေလျှောမှာပဲ စိုက်လို့ သင့်တော်တယ်။ ဘယ်လိုအပင်မျိုးတွေကတော့ ရေ၀ပ်တဲ့နေရာမှာ စိုက်ဘို့သင့်တော်တယ်လို့ သူတို့က သတ်မှတ်ပေးတယ်။
          အဲဒီကနေထွက်လာတဲ့ရေတွေဟာ အတော်အသင့် သန့်သွားပြီ။ ဆိုတော့ အဲဒီရေကို အိမ်သာရေလောင်းဘို့၊ garden irrigation တို့မှာ ပြန်သုံးတဲ့နေရာတွေ ရှိတယ်။ တော်တော်များများကိုတော့ public drain ထဲကိုပဲ စွန့်ထုတ်လိုက်တယ်။ 
(public drain များမှာ လမ်းဘေးများ၌ တွေ့ရသော ကွန်ကရစ်ရေမြောင်းများဖြစ်ပါသည်။ စင်ကာပူမှရေမြောင်းများအကြောင်းကို http://www.shwenyein.blogspot.sg/2011/10/blog-post_22.html တွင် အပြည့်အစုံရေးထားပါသည်။)
          အဲဒီလို ရေစစ်တဲ့မြေကိုလုပ်တဲ့နေရမှာ PUB က သတ်မှတ်ထားတဲ့ ဒီဇိုင်းတွေရှိတယ်။ အဲဒီမှာလည်း design နဲ့ function ဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒါတွေကိုတော့ နေရာအလိုက် သင့်တော်သလို သုံးသွားတယ်။ Vegetated Swales, Bioswales, Wet land, Rain Garden, Cleansing Biotopes စတဲ့နည်းတွေသုံးပါတယ်။
          Bioswale က Bio Retension System ပါ။ သူ့မှာက ခုနကပြောခဲ့တဲ့ မြေကြီးကို အလွှာသုံးလွှာနဲ့ပြန်ပြင်ပြီး ရေစစ်တာပေါ့။ 
          Vegetated Swales ကတော့ သင့်တော်တဲ့အပင်တွေ စိုက်ပြီး ရေစစ်တာ။ သူကတော့ မြေပြင်တာမဟုတ်ဘဲ အပင်တွေချည်း စိုက်ပြီးစစ်တာ။ အပင်တွေကြားထဲ ရေဖြတ်ပြီးစီးသွားနိုင်စေဘို့အတွက်တော့ မြေကြီးကို ဆင်ခြေလျှောလုပ်ပေးရတယ်။ Longitudinal Slope ရဲ့ gradient က အနည်းဆုံး 1:4 ရှိရမယ်ပေါ့။
(မှတ်ချက်။        ။ Longitudinal slope ဆိုသည်မှာ ရေစီးကောင်းစေရန် မြေကို အလျားလိုက်တူးထားသော ဆင်ခြေလျှော ဖြစ်ပါသည်။)
ခုလိုစစ်လိုက်ခြင်းအားဖြင့် ထွက်လာတဲ့ရေတွေဟာ အားလုံး သန့်သွားတာတော့ မဟုတ်ဘူးပေါ့။ ရေလှောင်ကန်ကြီးထဲကို မလိုတဲ့ အညစ်အကြေး၊ အဆိပ်အတောက်တွေ ပါမသွားအောင် သန့်နိုင်သမျှသန့်အောင် လုပ်ပေးလိုက်တာပေါ့။ ဒီရေစစ်တဲ့စနစ်တွေကတော့ PUB ကချပေးထားတဲ့ ဒီဇိုင်းတွေပါ။ ဒီစနစ်တွေကို PUB က သူတို့လိုတဲ့အရည်အသွေး ရ၊ မရ စမ်းသပ်ကြည့်တယ်။ ထွက်လာတဲ့ ရေ အရည်အသွေးကို ဓါတ်ခွဲခန်းပို့ စစ်တယ်။ ဒီမှာသုံးတဲ့ပစ္စည်းတွေကို ဓါတ်ခွဲခန်းကို ပို့ပြီးစမ်းတယ်။ Hydraulic conductivity, infiltration rate စတာတွေကို တိုင်းတယ်။ Certification system ရှိတယ်။
          အဲဒီလိုလုပ်တာကို ABC Water Programme လို့ခေါ်တယ်။ A က Active, B က Beautiful, C က Clean ။ သူတို့စမ်းတဲ့စနစ်အရ အဲဒီဟာ သုံးခုမှာ အမှတ် ၅၀ ရရမယ်။
နောက်ပြီးတော့ Rain garden ဆိုတာလည်းရှိတယ်။ Rain garden ကျတော့ အဝေးကြီးက ရေကိုယူတာမဟုတ်ဘဲ သတ်မှတ် ထားတဲ့ ဧရိယာလေးထဲမှာပဲ မြေအလွှာလေးတွေနဲ့ လုပ်ထားတာ။ သူ့မှာတော့ ပိုက်တွေမပါဘူး။ တခါတလေ အဲဒီအလွှာတွေအောက်မှာ retention tank တွေထည့်တတ်တယ်။
နောက်တစ်ခုက wet land။ Wet Land က ဘယ်လိုနေရာတွေမှာသုံးလည်းဆိုတော့ ရေဆိုးရေညစ်တွေထုတ်တဲ့ စက်ရုံတွေမှာ သုံးတယ်။ စက်ရုံကထွက်လာတဲ့ရေညစ်တွေကို ကန်လေးထဲမှာ စုစေတယ်။ အဲဒီလိုကန်ထဲမှာလှောင်ထားလိုက်တော့ ရေထဲမှာပါလာတဲ့ အနှစ်တွေ၊ အညစ်အကြေးတွေ အနယ်ထိုင်သွားတယ်။ အဲဒီအနယ်တွေကို ပုံမှန်ဆယ်ထုတ်ပစ်တယ်။ အဲဒီကန်ကထွက်လာတဲ့ရေကို အပင် တွေကြားထဲဖြတ်စီးစေတယ်။
စိုက်တဲ့အပင်တွေက ခုနကပြောခဲ့တဲ့ wet and dry က အပင်တွေနဲ့ မတူဘူး။ ဒီမှာ အပင်ကို သုံးလွှာစိုက်တယ်။ အောက်ဆုံး ကအပင်တွေက ရေထဲလုံးဝမြုပ်နေတယ် (Totally submerged)။ အဲဒီအပင်တွေကိုလည်း ရွေးစိုက်ရတယ်။ အနည်းဆုံး ၁ မီတာလောက် ရှိရမယ်။ ၁ မီတာထက် နည်းသွားရင် မရှင်နိုင်တော့ဘူး။
အလယ်က အပင်တွေကတော့ ရေထဲတစ်ဝက်၊ လေထဲတစ်ဝက် (Half submerged or deep marsh) ။ ကြာပန်းလို၊ ရေကန်စွန်း လို အပင်တွေပေါ့။ အဲဒီမှာလည်း နှစ်မျိုးရှိတယ်။ တစ်မျိုးက ရေအောက်ကြမ်းပြင်ပေါ်မှာ အပင်ပေါက်ပြီး ရေပေါ်ပေါ်နေတာ။ နောက်တစ်မျိုးက ရေထဲမှာတင် အမြစ်တွေရှိနေတာ။ အဲဒါက floating plant ။
ရေစပ် (shallow marsh) ကျတော့ ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်းအပင်တွေစိုက်တယ်။ ရေ၀ပ်တဲ့ဒဏ်လည်းခံနိုင်တယ်။ ဆိုတော့ အဲဒီရေဆိုးရေညစ်က အဆိပ်အတောက်တွေကို အပင်တွေက စုပ်ယူထားလိုက်တယ်။
နောက်တစ်ခုက Floating Garden။ Floating Garden က အပင်အမြစ်တွေက ရေထဲမှာ။ သိပ်ကြီးတဲ့ floating garden တွေ ကတော့ ရေကို တစ်စိတ်တစ်ပိုင်းသန့်စင်ပေးနိုင်ပါတယ်။ ဒီမှာလုပ်တာကတော့ UPVC ပိုက်တွေကို ဆက်ပြီး ဇကာတွေခံတယ်။ နောက်ပြီး မြေကြီး၊ မြေဆွေးတွေထည့်တယ်။ အမြစ်က ရေထဲမှာ။
Cleansing Biotopes ကျတော့ crushed larval rock အလွှာတွေ ထည့်သုံးတယ်။ အလွှာလေးတွေ ၄-၅-၆လွှာ ရှိတယ်။ ဒီမှာပါတဲ့အလွှာတွေက ခုန Vegetated Swales တို့ Bioswales တို့တုံးကပြောခဲ့တဲ့ သုံးလွှာနဲ့မတူဘူး။ သူ့မှာ Max Water level, Filter layer, Riverwash Gravel, Round Gravel, Multilayered Liner, Compacted Soil စသဖြင့် တစ်လွှာချင်းထပ်ထားတယ်။ အပေါ်ဆုံးတစ်လွှာပဲ အပင်စိုက်တာ။ သူ့မှာက cell တစ်ခုချင်းစီကိုဖြတ်သွားတယ်။ ပထမ cell ကနေ ဒုတိယ cell။ ဒုတိယ cell ကနေ တတိယ cell ဆက်သွားတယ်။ နောက်ဆုံး cell ကထွက်လာတဲ့ရေကိုယူတယ်။ စိုက်တဲ့အပင်တွေကိုလည်း ရွေးထားရတယ်။ ရေ၀ပ်တဲ့၊ ရေမ၀ပ်တဲ့နေရာ (wet and dry) တွေမှာရှင်မဲ့အပင် စသဖြင့်ပေါ့။
ကျွန်မတို့လုပ်ခဲ့တဲ့ ပရောဂျက်တွေ တော်တော်များတယ်။ Clean Tech 1, Mount Elizabeth Hospital, Pasir Panjang Terminal, Marina Barrage, Healing Garden စသဖြင့်။ အဓိကကတော့ မြေကိုအလှဆင်ရင်း တပြိုင်နက်ထဲမှာပဲ ရေကိုသန့်အောင် လုပ်သွားတာပေါ့။ နောက်သိချင်တာရှိလည်း လှမ်းမေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။ 

No comments: