စတုတ္ထပိုင်း (စတုတ္ထ ၂ နှစ် - ၃)
လူ့ဘ၀ဟူသည် ကြံစည်ထားသည်တို့ ဖြစ်မလာတတ်။ ကြံစည်မထားသည်တို့လည်း
ဖြစ်လာတတ်၏ ဟု ဆိုရိုးစကားရှိပါသည်။ ဤဆိုရိုးစကားမှာ ကျွန်တော့်အတွက်သက်သက်များ ရည်ညွှန်းထားခဲ့လေသလား
မပြောတတ်။ ကျွန်တော့်ဘ၀တွင် ကြံစည်ထားသည်က တခြား၊ ဖြစ်လာသည်ကတခြားသာ များလှ၏။ ကျွန်ုပ်အိမ်ထောင်ကျခြင်းမှာလည်း
ဤအရာများထဲမှ တစ်ခုဖြစ်သည်။
ကျွန်တော့်ဘ၀တွင်
အိမ်ထောင်သားမွေးပြုရလိမ့်မည်ဟု မည်သည့်အခါကမှ အိပ်မက်မမက်ခဲ့စဖူး။ မတွေးထင်ခဲ့စဖူး။
စိတ်ကူးပင် မယဉ်မိခဲ့ဖူးချေ။ တစ်သက်လုံး လူပျိုလူလွတ်ဘ၀နှင့်သာ လွတ်လွတ်လပ်လပ် နေသွားမည်ဟု
အသက် ၄၅ နှစ်ထိ ဆုံးဖြတ်ထားခဲ့၏။ မိန်းကလေး ချောချောလှလှကလေးများမြင်လျှင် စိတ်ထဲက
အသားလွတ် ကောက်ကက်ကြိုက်လိုက်တာ မှန်သော်လည်း မည်သည့်အခါ ကမျှ သူတို့နှင့်လက်ထပ်ကာ
တစ်အိုးတစ်အိမ် ထူထောင်မည်ဟု စိတ်ကူးမယဉ်ခဲ့စဖူးပါ။ သို့သော် အသက် ၄၅ နှစ်ကျော်မှ ကျွန်တော်
ကြိုတင်တွက်ဆမထားခဲ့၊ စိတ်ကူးမယဉ်ခဲ့သည်များ ဖြစ်လာခဲ့ပြီး ကျွန်တော်၏ လူပျိုကြီးအိပ်မက်များ
အရည်ပျော်ပျောက်ပျက် သွားခဲ့ ရသည်။ အလွန်နှမြောစရာ ကောင်းလှပါ၏။
ဤသည်မှာ
အားနာမှုကြောင့် ကလေး ၆ ယောက် မွေးခဲ့ရခြင်း ဖြစ်သတည်း။ ကျွန်တော့်ဘ၀တွင် အားနာမှုကြောင့်
ဆုံးရှုံးခဲ့ရသည် များ မရေမတွက်နိုင်အောင် ရှိခဲ့ရာ သည်တစ်ခါအားနာမှုကတော့ တစ်သက်စာ ဖြစ်၏။
သို့သော် ဤကဲ့သို့လုပ်ခဲ့မိသော အမှားသည်ပင် ကံဆိုးတာလား၊ ကံကောင်းတာလား ခုထိ ဝေခွဲလို့မရပါ။
အိမ်ထောင်ကျခဲ့မှုကြောင့် ကောင်းတာများရှိသလို၊ မကောင်းတာများလည်း ရှိပါသည်။ ဆန်းတော့မဆန်းပါ။
လူ့လောကတွင် မည်သည့်အရာသည် အကောင်းချည်းဟု ရှိပါသနည်း။ အဆိုးနှင့်အကောင်းဟူသည် အမြဲ
ဒွန်တွဲနေတာ မဟုတ်ပါလား။ သည်ကိစ္စများကို ချေးဟောင်း စမြုံ့မပြန်ချင်ပါ။ အားလုံးပြည်ဖုံးကားချကာ
မေ့ဖျောက်ထားလိုက်ချင်ပါသည်။
အိမ်ထောင်ကျပြီးများမကြာမီပင် ကျွန်တော့်၌ နောက်ထပ်ရောဂါတစ်ခုထပ်ရလာပြန်၏။
ပထမ မျက်လုံးများ အလွန်ဝါးလာသည်။ ကြည့်လို့မကောင်း၊ အရာရာမှာ ၀ိုးတိုးဝါးတားဖြစ်နေသည်။
မနက်မိုးလင်း၍ အလုပ်သွားရန် အောက်ဆင်းလာလျှင် မြင်ရသည့်မြင်ကွင်းမှာ ရေးဆေးပန်းချီကားတစ်ချပ်ကို
ကြည့်ရသကဲ့သို့ ဖြစ်၏။ မည်သည့်အနားသတ်ကိုမှ ပြတ်ပြတ်သားသားမတွေ့ရဘဲ အနီ၊ အပြာ၊ အ၀ါ၊
အစိမ်းရောင်များကိုသာ စုတ်ချက်ကြမ်းကြမ်းနှင့် ရေးထားသကဲ့သို့ဖြစ်၏။ ခပ်လှမ်းလှမ်းမှ
လမ်းလျှောက်လာသူအား မည်သူမည်ဝါမှန်းမသိ။
နောက်ပြီး
အားအလွန်နည်းလှသည်။ လမ်းကိုပင် မနည်းကြိုးစားပမ်းစား လျှောက်ယူရသည်။ လှေခါးအတက်အဆင်းကို
မြန်မြန် မလုပ်နိုင်၊ လှေခါး သုံးလေးထစ်မျှ တက်၊ ဆင်းမိလျှင်ပင် အလွန်ပင်ပန်းလှသည်။
ကျွန်တော်က သည်အကြောင်းများပြောပြတော့ မမက ရန်ကုန်မှ ပျားရည်များပို့ပေးသည်။ ကျွန်တော်လည်း
အားရှိအောင် ပျားရည်ကို ပုလင်းလိုက်မော့၏။
ထိုမျှသာမကသေး
ညဘက်အိပ်ရာဝင်လျှင် ခြေဖ၀ါးလက်ဖ၀ါးများအလွန် ပူလှ၏။ ပူသမှ မီးခဲကိုင်ထားရသကဲ့သို့ ပူခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော့်မှာ ရေခွက်ကို ကုတင်အနီးထားလျှက် လက်များကို ရေစိုအ၀တ်နှင့်ပတ်ထားရသည်။
မအိပ်မီအချိန်များတွင်မတော့ လက်ကို ရေစိမ်ထားသည်။ အိပ်ခါနီးကျလျှင် လက်ကို အ၀တ်ရေစိုနှင့်ပတ်
အိပ်ရသည်။
နောက်တော့ ကျွန်တော် ဂျူရောင်းပွိုင့် အပေါ်ထပ်မှ
ဆေးခန်းကိုသွားပြသည်။ ဆရာဝန်က မေးမြန်းပြီး လက်နှစ်ဘက်ကို ရှေ့တည့်တည့်သို့ ဆန့်တန်းခိုင်းသည်။
နောက်ပြီး မော်ဒယ်များလမ်းလျှောက်သကဲ့သို့ လျှောက်ခိုင်းသည်။ သည့်နောက်တော့ မင်းမှာ
ဆီးချိုဖြစ်တာကွ၊ သွေးတိုင်းကြည့်ရအောင်ဟု ဆိုကာ တိုင်းသောအခါ ဟိုက်၊ ရှာလပတ်ရည်။ သွေးတွင်းသကြားပါဝင်နှုံး
(Blood Sugar level) မှာ ၃၄ ဟု ဆို၏။ ဤသည်မှာ အလွန်အန္တရာယ်များလှသော အခြေအနေဖြစ်၏။
လူကောင်းတစ်ယောက်တွင် ထို တန်ဘိုးမှာ ၆ ထက်မပို။ ၅.၇ လောက်သာရှိသည်။ မတက်ဘဲနေရိုးလား။
အားမရှိသဖြင့် မမပို့ပေးလိုက်သော ပျားရည်ကို မနက် အလုပ်မသွားမီတစ်ခါ၊ ညနေ အလုပ်မှပြန်လာလျှင်တစ်ခါ
ကောက်မော့နေတာကိုး။
သည်တော့
ဆရာဝန်က ကျွန်တော့်ကို မင်းတွေ့တယ်မဟုတ်လား။ ဒီတော့ မင်းအစားအသောက် အနေအထိုင် ဆင်ခြင်ရလိမ့်မယ်
ဟု ဆိုကာ မည်ကဲ့သို့ စားရသောက်ရ၊ နေရထိုင်များကို ကျကျနန ရှင်းပြပါသည်။ နောက် သောက်ရမည့်ဆေးများလည်း
ပေးလိုက်၏။ သိတော်မူကြသည့်အတိုင်း ရောဂါတစ်ခုဖြစ်ပြီဆိုလျှင် ပြူးပြူးပြာပြာဖြစ်ကြသည့်ထုံးစံအတိုင်း
မမကလည်း ကျွန်တော့်အတွက် ဆီးချိုဆေး များ လိုက်လံစုံစမ်းမေးမြန်းကာ ဟဲ့၊ ဟိုဟာကောင်းတယ်ပြောတယ်၊
သောက်ကြည့်စမ်း၊ ဒီဟာလုပ်ကြည့်စမ်းနှင့် လက်တည့်စမ်းပါတော့၏။ ကျွန်တော်ကား တော်ရုံတန်ရုံ၊
သူများပြောတာလောက်ကို ယုံတတ်သူမဟုတ်သဖြင့် သူစိတ်ချမ်းသာအောင်သာ အေးပါ၊ အေးပါနှင့်
သောက် ရသည်။ ယုံလွန်းလှလို့မဟုတ်။
ထိုအချိန်က
သာဂဒိုး၏ စူလာနဖာသည်လည်း မြန်မာပြည်တစ်ဝှမ်း ရေပန်းစားလျှက်ရှိရာ ကျွန်ုပ်မှာလည်း စူလာနဖာစက်ကွင်းမှ
မလွတ်ကင်း နိုင်ပါချေ။ အမျိုးသမီးဖြစ်သူမှာ အိမ်အနီးပတ်ဝန်းကျင်မြက်ခင်းများ၊ ပန်းခြံများအတွင်း
တောနင်းလျှက် စူလာနဖာရှာပုံတော် ဖွင့်သတတ်။ ထို့နောက် ရလာသောစူလာနဖာများကို သုံးခွက်တစ်ခွက်တင်
သောက်ရပါ၏။ ဘာဆေးသောက်၍မှ မထူးခြားပါ။ မက်ဖော်မင် နှင့်သာ နှစ်ပါးသွားရပါသည်။
ဆီးချိုရောဂါဟူသည်
ကုလို့ပျောက်စကောင်းသော ရောဂါမျိုးမဟုတ်ရကား ယခုတိုင် ကျွန်ုပ်မှာ ဆေးခန်းသို့ သုံးလတစ်ကြိမ်
ပုံမှန်ပြလျှက် ဆေးကို မနက်ပြန်ညပြန်လည်းသောက်၊ အင်ဆူလင်ကိုလည်း ဗိုက်သို့ တစ်နေ့ဆယ်ယူနစ်ထိုးကာ
နေရပါလေ၏။ အခြားသူများကတော့ စေတနာဖြင့် ကြားဖူး၊ နားဝဆေးနည်းတိုများ ပေးပါ၏။ အားနာသဖြင့်သာ
သူတို့ပြောတာ ခေါင်းညိတ်ပြီး ဟုတ်ကဲ့၊ ဟုတ်ကဲ့ လုပ်နေရသော်လည်း ကျွန်ုပ်မှာ အယုံအကြည်ရှိသည်
မဟုတ်ပါ။ ဆီးချိုဖြစ်ပါပြီဆိုကတည်းက ကျွန်တော့်မှာ စာအုပ်များလည်းဝယ်၊ အင်တာနက်မှလည်း
ဒေါင်းလုပ်’လုပ်ကာ ဆီးချိုနှင့်ပတ်သက်သမျှ ရနိုင်သမျှဗဟုသုတများ အကုန်စုဆောင်းဖတ်ရှုထားသဖြင့်
ဆီးချိုနဲ့ ပတ်သက်လို့ ဒီကမ္ဘာမှာ ငါ့လောက်သိတဲ့သူမရှိ ဟု (သွားလေသူ ၀န်ကြီးတစ်ပါးကဲ့သို့)
သွေးနထင်ရောက်နေသူ ဖြစ်ရကား အခြားသူများ ပြောတာကို မည်သို့မှ နားမ၀င်ပါချေ။
ကျွန်တော်တို့ရွာမှလူများက
ကျွန်းတုံးပြုတ်ရေကိုသောက်လျှင် ဆီးချိုအမြစ်ပြတ်ပျောက်ကင်းသည်ဟု ပြောသဖြင့် အဖေကြီးမှာ
ရွာပြန်စဉ် ကျွန်းတုံးများကို ပြုတ်ကာရေပုလင်းများနှင့် ထည့်လာ၏။ ထို့ပြင် ကျွန်းတုံးများကိုလည်း
ပိုင်းဖြတ်ကာ ရန်ကုန်သို့သယ်လာပါ၏။ ကျွန်တော် မြန်မာပြည်ပြန်ရောက်တော့ သည်ကျွန်းတုံးပြုတ်ရေများမှာ
အတန်ကြာနေပြီဖြစ်ရာ အမြှုပ်များပင် ထနေ၏။ ကျွန်တော့်မှာ သတီပင်မသတီလှသော်လည်း ရွာမှနေကာ
တပင်တပန်းသယ်လာသည့် အဖေကြီးကိုအားနာသည်နှင့် သည်ကျွန်းတုံးပြုတ်ရေများကို အောင့်အည်း
သောက်လိုက်ရပါသေး၏။ သို့သော် အကုန်ကုန်အောင်တော့ မသောက်နိုင်ပါ။ မမကလည်း မသောက်စေချင်ပါ။
သည်ရေ များမှာ ကောင်းသေးမကောင်းသေး၊ အဆိပ်ကင်းမကင်း မည်ကဲ့သို့သိနိုင်ပါမည်နည်း။
ထို့ပြင်တဝ
မင်္ဂလာဒုံတွင်နေသည့် မိတ်ဆွေများဖြစ်သော မခင်ဆွေလှတို့က ဒါစားကြည့်စမ်း၊ ကောင်းတယ်ဟဲ့
ဟု ဆိုကာ ဒေါင်းမြီးရွက် ဆိုလား အပင်လိုက်နှုတ်လာကာ ပေးပါသည်။ ညီမဖြစ်သူ မာမူကြီးက ပန်းအိုးထဲထည့်စိုက်ကာ
ထမင်းစားတိုင်း နှစ်ရွက်၊ ငါးပိရည်နှင့် မြှုပ်တို့ပါသည်။ ဒေါင်းမြီးရွက် တကယ်စွမ်းသည့်တိုင်
ရန်ကုန်တွင်ရှိနေစဉ် ရက်အနည်းငယ်မျှစားရုံနှင့် သည်ရောဂါကြီး ပျောက်ပါမည်လား။ လေးနှစ်တန်သည်၊
ငါးနှစ်တန်သည် နေ့တိုင်းစားနေလျှင်တော့ ဖြစ်ချင် ဖြစ်နိုင်ပါလိမ့်မည်။
ထိုမျှသာမကသေးပါ။
အခြား တောင်ဆီးဖြူဆိုလား အရွက်များလည်း သောက်ဖူးသည်။ သို့သော် ဆိုခဲ့သည့်အတိုင်း ဆေးဆိုသည်မှာ
ဒါလေး ကောင်းတယ်ဟဲ့၊ သောက်ကြည့်စမ်း ဟု ကလေးကစားသလိုမျိုး တို့ကဆိတ်၊ တို့ကနန်း လုပ်လို့ရစကောင်းသော
အရာမဟုတ်။ စွဲစွဲမြဲမြဲ၊ မှန်မှန်ကန်ကန် တလေးတစားသောက်ပါမှ ဖြစ်နိုင်ပါမည်။ မှန်းစမ်း
ဟု လက်တည့်စမ်းကာ တစ်ခွက်စ၊ နှစ်ခွက်စ သောက်ရုံနှင့် သည်ရောဂါများ ပျောက်ရမည်ဆိုလျှင်
ဆေးရုံများ ဒေ၀ါလီခံကာ ဆရာဝန်များ ထမင်းငတ်ကိန်းဆိုက်ချေမည်။
သို့အတွက်
ကျွန်ုပ်မှာ လည်ပင်းကြီး (hyperthyroid) နှင့် ဆီးချိုတည်း ဟူသော ကုရခက်သည့် ရောဂါကြီးနှစ်ခုကို
မိတ်ဆွေဖွဲ့ကာ အသက်ရှင်နေထိုင်နေရပါလေ၏။ ကောင်းတော့ကောင်းပါသည်။ အစားအသောက်၊ အနေအထိုင်အားလုံး
ဆင်ဆင်ခြင်ခြင် ဖြစ်သွားသည် ပေါ့။
ဆီးချိုဖြစ်စတွင်
ထိန်းရအလွန်ခက်ပါသည်။ ကိုယ်ကလည်း ဆေးကိုမချိန်တတ်။ ဆရာဝန်ဆိုတာကလည်း ဆေးကို မှန်းဆပေး
ခြင်းဖြစ်ရာ တစ်ခါတစ်ရံ hypo-glycemia ခေါ် ဆီးချိုကျသည့်အခါ အလွန်အခံရခက်လှ၏။ ဆီးချိုကျသည့်လက္ခဏာမှာ
အလွန်သိသာလှ သလို မြန်လည်းမြန်လှ၏။ ဆီးချိုကျတော့မည်ဆိုလျှင် ခန္ဓာကိုယ်အတွင်း ကတုန်ကယင်ဖြစ်လာသည်။
နောက် ချွေးစေးများ ပြန်လာသည်။ အော့ချင်သလို၊ အန်ချင်သလို ဖြစ်လာမည်။ အချိန်မီ သကြားမစားနိုင်လျှင်
ကယောင်ချောက်ခြားဖြစ်ကာ၊ အသက်အန္တရာယ်ပင် ရှိသည်။ သည်အရာသည် စာနှင့်ရေးပြလို့ ရစကောင်းသော
အရာမဟုတ်။ လက်တွေ့ခံစားဖူးသူများမှ သိသည်။
ထို့ကြောင့်
ဆီးချိုရှိသူများမှာ အိတ်အတွင်း အမြဲ သကြားလုံး၊ သကြားခဲ ဆောင်ထားရသည်။ ရထား သို့မဟုတ်
ကားနှင့် ခရီးသွား နေစဉ် ဆီးချိုကျပါက မလွယ်။ ကျွန်တော် မကြာခဏဆိုသလို ဆီးချိုကျဖူးသည်။
တစ်ခါက
ညစာစားအပြီး စာရေးနေစဉ် ပျို့တက်လာကာ အော့ချင်သလို၊ အန်ချင်သလို ဖြစ်လာသည်။ တတ်နိုင်သမျှ
ထိန်းထား သော်လည်းမရ။ နောက်တော့ အန်ချလိုက်ရသည်။ စားထားသမျှ အကုန်ပြန်ထွက်သွား၏။ သို့သော်
မသက်သာ။ နောက်တော့ မသင်္ကာ သဖြင့် တိုင်းကြည့်တော့မှ ဆီးချိုကျနေတာမှန်း သိရသည်။ Sugar
Level မှာ ၂.၇ သာရှိသည်။ ခုမှ ထမင်းစားပြီးစဆိုတော့ ကျွန်တော်က ဆီးချိုကျတာဟု မထင်။
ထုံးစံအားဖြင့် ထမင်းစားပြီးလျှင် သွေးထဲသကြားပါဝင်မှုနှုံးမှာ မြင့်တက်နေရမည်သာဖြစ်သည်။
ယခုတော့ ဘာကိစ္စ၊ ဆီးချိုထိုးကျသွားမှန်း နားမလည်နိုင်။ ဆီးချိုကျမှန်းသိတော့မှ ကပျာကယာ
သကြားတစ်ဇွန်းကို ရေဖျော်သောက်လိုက်ရသည်။ ခဏကြာတော့ ကောင်းသွားသည်။ သို့သော် အလွန်မသက်သာစွာ
ခံစားရသည်။ သိကြသည့်အတိုင်း အံလျှင် အလွန်ခံရခက်လှ၏။ အံခြင်းကြောင့် ဖြစ်လာသော ပါးစပ်အတွင်း
ကျန်ခဲ့သည့် ချဉ်စူးစူး၊ စပ်ရှားရှားအရသာကြီးမှာ အလွန်ဆိုးရွားလှသည်။
တစ်ခါကလည်း
ကိုဌေးဝင်းနိုင်နှင့် ချိန်းဆိုထားသဖြင့် ဂျူရောင်းအိစ် ဘူတာသို့သွားရာ အိမ်ကထွက်လို့မှ
သိပ်မကြာသေးမီ ဆီးချို ကျသည်။ ဒါတောင် ဆီးချိုကျမှာစိုးသဖြင့် ငှက်ပျောသီးတစ်လုံး
ကြိုစားထားတာဖြစ်၏။ သို့သော်မရ။ ထို့ကြောင့် နီးရာ 7-11 သို့ အမြန်ပြေးကာ ကုတ်တစ်ဗူး
ဝယ်မော့လိုက်ရသည်။ ဆီးချိုကျနေသူများအတွက် အကောင်းဆုံးဆေးကား ကိုကာကိုလာ ဖြစ်၏။ ကိုကာကိုလာတွင်
သကြားဓါတ်များစွာပါလေရာ ဆီးချိုကျပြီဆိုသည်နှင့် ကောက်မော့လိုက်၊ ချက်ခြင်းကောင်းသွားလိမ့်မည်။
ကျွန်တော်က
ညဘက်တွင် ထမင်းစားပြီးချိန်မှ အိပ်ချိန်ထိ တောက်လျှောက်စာရေးသည်ဖြစ်ရာ စာရေးနေစဉ် တစ်ခုခု
စားနေလေ့ရှိ၏။ များသောအားဖြင့် ပဲကြီးလှော် ၀ါးပါသည်။ သို့သော် သွားများမှာ မကောင်းတော့သဖြင့်
ပဲလှော်မ၀ါးနိုင်တာကြာပြီ။ သည်တော့ ပဲကြီးလှော်လောက် သိပ်မမာလှသော မြေပဲလှော် ၀ါးသည်။
ပဲကြီးလှော်က စားလို့ဆိမ့်သည့်ပြင် များများစားလို့လည်း ဘာမှမဖြစ်။ သို့သော် မြေပဲလှော်မှာ
များများစားလျှင် အီလည်လာကာ တောက်တတ်သည်။ အထူးသဖြင့် အဆီထုတ်မထားသော မြေပဲလှော်များ
ဖြစ်၏။
သိပ်မကြာမီ
တစ်ရက်ကမူ ညဘက်စာရေးနေစဉ် မြေပဲလှော်များဝါးခဲ့၏။ စာရေးနေတုံး ၀ါးတာဆိုတော့ မသိသာ။
ည ၈ နာရီခန့်မှ ၁၂ နာရီတီးခါနီးထိ ဆိုတော့ အတော်လေးများသွားသည် ထင်ပါသည်။ စားနေတုံးက
ဘာမှမဖြစ်။ အိပ်လည်းအိပ်လိုက်ရော အစာအိမ်ကို ဖိမိသဖြင့် စားထားသည့် မြေပဲလှော်များမှာ
အစွမ်းပြကာ မအီမလည်ကြီး ဖြစ်လာပါသည်။ ထို့နောက်တော့ တံတွေးများလာကာ အော့ချင် သလိုဖြစ်လာ၏။
အော့ချင်လာပြီဆို ထိန်းလို့မလွယ်ပါ။ ထိုးအန်ချလိုက်တော့မှ သက်သာသွားသည်။ မသင်္ကာသဖြင့်
ဆီးချိုတိုင်းကြည့်တော့ ဆီးချိုကျတာမဟုတ်၊ မြေပဲကအစွမ်းပြတာမှန်း သိရသည်။
(၈၇) ကျွန်ုပ် ပီအာဖြစ်ခြင်း
ယခင်က
ပီအာ (Permanent Resident) ဆိုတာ သာမန်လူများအဖို့ အိပ်မက်မျှ ဖြစ်သည်။ လျှောက်လို့မလွယ်။
ကျွန်တော်နှင့် သိန်းထွဋ် (၂၀၁၁ က ကားမှောက်သဖြင့် တစ်မိသားစုလုံး ဆုံးပါးသွားရသူ) တို့ တိုင်ပင်ကာ ပီအာဖြစ်ရေး NUS တွင် M.Sc သွားတက်ကြ
ရန် တိုင်ပင်သေး၏။ သို့သော်လည်း အခြေအနေများမှာ အမြဲပြောင်းလဲနေသဖြင့် စင်ကာပူအစိုးရက
၂၀၀၇၊ ၂၀၀၈ ခုနှစ်များတွင် ပီအာ ဆွမ်းကြီးလောင်းပွဲ ကျင်းပလေရာ ကျွန်တော့်မှာလည်း အများနည်းတူ
ယောင်တောင်ပေါင်တောင်နှင့် ပီအာဖြစ်လာခဲ့လေ၏။
သည်တုံးက
ပီအာဆိုတာ ဘာမှတန်ဘိုးရှိတာမဟုတ်။ မည်မျှချပေးသနည်းဟူမူ မြန်မာပြည်မှ မည်ကာမတ္တ အဝေးသင်ဘွဲ့တစ်ခု
နှင့် လက်မှတ်ကလေးတစ်စောင်ရှိသူပင် ပီအာကျလေသည်။ ဤသည်မှာ အလကား၊ ရီစရာ စကားအဖြစ် ပြောခြင်းမဟုတ်။
ကျွန်တော့် မိတ်ဆွေ အရင်းခေါက်ခေါက်တစ်ဦး ဤနည်းဖြင့်ကျလာခြင်းကြောင့် ပြောခြင်းဖြစ်၏။
သို့သော် သူက ကျွန်တော့်လို ငတုံးမဟုတ်။ အလွန် လည်သူဖြစ်၏။ ၎င်းအနေနှင့် မည်သို့မည်ပုံ
ပီအာဖြစ်ခဲ့သည်ဆိုခြင်းကို သူမှသိပေလိမ့်မည်။
သည်နေ့
S Pass ကျလျှင် နက်ဖြန် ပီအာလျှောက်လို့ရလေသည်။ S Pass ဆိုတာလည်း မေးကြည့်လိုက်ဦး။
ကိုရေချမ်းကတော့ ကျွန်တော်တို့ရုံးက S Pass တဲ့ဗျာ။ ကားရေဆေးနေတယ် ဟု မချိသွားဖြဲ ပြောပြလေ၏။
ကျွန်တော်နှင့်ဆွေမျိုး သိပ်မဝေးလှသော ကောင်လေးတစ်ဦးပင် ဘွဲ့လက်မှတ်အတုလုပ်ကာ S
Pass ဖြစ်နေချေသေး၏။
ဤသို့ဆိုလေသော်
သူတို့နိုင်ငံသားများ ပူညံပူညံလုပ်မှုကြောင့် ၂၀၁၀ မှစကာ ပီအာများကို ကြပ်လိုက်သဖြင့်
NTU တွင် ကျောင်းတက်နေစဉ်က ပီအာအော်ဖာ (PR Offer letter) ပေးထားပါလျှက် ၂၀၁၁ တွင် မာစတာပြီးလာသူကိုပင်
ပီအာမချပေးတော့သဖြင့် ခုနက လက်မှတ်ကလေးတစ်စောင်နှင့် ပီအာဖြစ်လာသူကိုကြည့်ကာ အနှီမာစတာမမ
မှာ “မေ့ကိုကွယ် သေစေ ညွှန်းလေရော့သလား” ဟု ရင်ကိုထု၊ ခြေကိုဆောင့်ပြီး အော်ငိုဘို့သာ
ကောင်းပါလေတော့၏။
ပီအာ approve ဖြစ်ပြီဆိုတော့ ICA (စင်ကာပူ လ.၀.က)
က သူတို့ဝန်ထမ်းဖြစ်ကြောင်း ကုမ္ပဏီမှစာတစ်စောင် တောင်းပါသည်။ အမှန်ဆိုလျှင် သည်စာမှာ
ဘာမှအရေးပါလှသော စာမဟုတ်။ မပေးလည်း ဘာလို့မပေးနိုင်ကြောင့် စာရေးတင်လိုက်လျှင် ရသည်သာဖြစ်၏။
ဤသည်ကို အထက်တွင် ကျွန်တော်ပြောခဲ့သည့် မရင်းတက္ကနစ်မှ အရာရာကို စိတ်တိုင်းကျ ချယ်လှယ်နေသော
ဒစ်ပ် က သည်စာမှာ ကျွန်တော်ပီအာဖြစ်ရေးအတွက် အလွန်အရေးကြီးလေဟန်၊ ကုမ္ပဏီမှ ရီကွန်မန်းပေးသောစာဖြစ်သည်ဆိုကာ
သုံးနှစ် စာချုပ်ခိုင်းပါသည်။ ကျွန်တော်က မင်း၊ စာလည်းသေသေချာချာ ဖတ်ကြည့်ဦး။ သည်ကုမ္ပဏီက
ဝန်ထမ်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းပဲ ရေးထားတာ၊ ဘာ ရီကွန်မန်းစာမှ မဟုတ်ဘူး ဟု ပြောသော်လည်းမရ။
အတင်းရော၊ အဓမ္မပါ ငြင်းလျှက် သုံးနှစ်စာချုပ်ကို လက်မှတ်မထိုးလျှင် သူတို့သည်စာ ထုတ်မပေးနိုင်ဟု
အကြပ်ကိုင်လေ၏။
သည်တုံးက
ကျွန်ုပ်မှာ အလုပ်ဝင်ခါစ ရှိသေးသဖြင့် အင်း၊ မဟုတ်လဲ သုံးနှစ်ကတော့ လုပ်ရမှာဘဲ ဟုတွက်ကာ
သိပ်ပင် သဘောမကျလှသော်လည်း သုံးနှစ်စာချုပ်ကို အောင့်သီးအောင့်သက်နှင့် လက်မှတ်ထိုးပေးလိုက်ပါသည်။
စာချုပ်အရ သုံးနှစ်မပြည့်မီ ထွက်လျှင် ၃ လစာလျော်ရမည်ဖြစ်၏။ တိုတိုပြောရလျှင် ကျွန်ုပ်
ပီအာ ဖြစ်လာလေသည်။ ထို့နောက် ပူပူနွေးနွေး၊ ယခုမှရထားသော အမျိုးသမီးကို ထပ်တင်လိုက်ရာ
အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ပီအာကျလာပါသည်။
မရင်းတက္ကနစ်တွင်
၂ နှစ်လောက်လုပ်ပြီးသောအခါ ယခင်လုပ်ခဲ့ဖူးသော ယူနီယမ်အလွိုင်းမှ ကျွန်တော့်ကို လှမ်းခေါ်၏။
သူတို့ ပရောဂျက်ကြီးတစ်ခု ရထားသည်။ အမြန်လာခဲ့ပါ ပေါ့။ သည်တော့ လွယ်လွယ်မပြောပါနဲ့ကိုယ့်လူ။
ကျွန်ုပ် အခု ခြေချုပ်မိနေတယ်ဟု ဖြစ်ကြောင်းကုန်စင် ပြောပြလေသော် အလွန်သဘောမနောကောင်းလှသော
မန်နေဂျာက မပူပါနဲ့ကွာ၊ အဲဒီ ၃ လစာ ငါတို့ပြန်ပေးပါ့မယ်။ မင်း လာသာလာခဲ့ပါဟု အတင်းဆိုလေ၏။
သူကဤသို့ဆိုလေသော် ကျွန်ုပ်လည်း မဆိုင်းမတွပင် ထွက်စာရေးကာ ချက်ချင်း တင်လိုက်လေ သတည်း။
သည်ကုလားမကြီးကို ကြည့်ရတာ ကျက်သရေတုံးလှသည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် မရင်းတက္ကနစ်မှ
အမြန်ထွက်ချင်လှပြီ။ သုံးလစာပင် လျော်ရမည်ဖြစ်ငြားသော်လည်း တစ်လတော့ စောင့်ရဦးမည်
ဖြစ်ပါ၏။
သည်တစ်လအတွင်း
ကျွန်ုပ်လည်း အငြိမ်မနေပါ။ ယူနီယမ်အလွိုင်းမှ ပရောဂျက်အတွက်လိုမည့် safety သင်တန်းများကို
သွားတက်ထားလိုက်သည်။ Drawing များ ယူကာ လေ့လာသည်။ အမှန်ဆိုလျှင် ထွက်ကာနီး တစ်လအတွင်း
မည်သည့်ခွင့်မှ ယူလို့မရပါ။ အကယ်၍ခွင့်ယူခဲ့လျှင်ပင် ထိုခွင့်ရက်များအစား ပြန်လုပ်ပေးရမည်ဖြစ်၏။
သို့သော် တစ်လဆိုပြီးရော၊ နင့်ဟာနင် နေချင်သလိုနေဟု သဘောထားသလားမသိ။ ဒစ်ပ် က ဘာမှမပြော။
ကျွန်တော် တင်သမျှခွင့်များကို လက်မှတ်ထိုးပေးခဲ့လေသည်။
သည်လိုနှင့်ပင်
စင်ကာပူ၌ ကျွန်တော်လုပ်ခဲ့သော စတုတ္ထမြောက်ကုမ္ပဏီဖြစ်သည့် မရင်းတက္ကနစ်နှင့် ၂၀၀၇ ခုနှစ်
ဇွန်လ ၂၃ ရက်၊ စနေနေ့၊ နေ့လည် ၁၂ နာရီတိတိတွင် ဘိုင့်ဘိုင်ဟုဆိုကာ လမ်းခွဲခဲ့ပါသည်။
ယူနီယမ်အလွိုင်းကလည်း
မည်မျှအလျင်လိုနေသနည်းဟူမူ မရင်းတက္ကနစ်မှ ရက်စေ့၍ ထွက်လာခဲ့သော ထိုနေ့၊ နေ့ခင်း ၁၂
နာရီတွင်ပင် ကျွန်ုပ်အားလမ်းမှစောင့်ခေါ်ကာ ဆိုဒ်ထဲသို့ချက်ချင်းသွားစေပါသည်။ သည်လိုနှင့်ပင်
ယခင် ၄ နှစ်လုပ်ခဲ့သော ယူနီယမ်အလွိုင်း နှင့် ရေစက်တစ်ဖန် ပြန်ဆုံရပြန်ပါလေတော့၏။
အမျိုးသမီးဘက်မှ
ဆွေမျိုးများကား အလွန်ချမ်းသာသူများ ဖြစ်၏။ သူရို့တူမနှင့် ကျွန်တော်ညားပြီဆိုတော့
သူတို့အလုပ် အချို့ အ၀က်ကို ခွဲဝေပေးလေ၏။ ပထမ ကျွန်တော့်ကို သူတို့အိမ်ခေါ်ကာ ဘာတွေလုပ်ရမည်ကို
ပြောပြ၏။ ဘာမှအထွေအထူးမဟုတ်ပါ။ ပိုက်ဆံ အလွှဲအပြောင်းနှင့် စာရွက်စာတမ်းကိစ္စများ ဖြစ်ပါ၏။
လိုအပ်ပါက ပစ္စည်းမှာပေးရမည်။ စင်ကာပူမှပစ္စည်း ၀ယ်ပို့ပေးရန်လိုလျှင် ၀ယ်ပေး ရမည်။ ဒါလောက်တော့
ကျွန်တော့်အတွက် အခက်အခဲ တစ်စုံတစ်ရာမရှိဘဲ လုပ်ပေးနိုင်ပါသည်။ ထို့အတွက် ကော်မရှင်ရမည်။
မည်ရွေ့မည်မျှဟုပင် ကြိုမပြောထားသော်လည်း မြက်မြက်ကလေးရမည်ဟုတော့ မှန်းလို့ရပါသည်။
သို့နှင့်
ကုမ္ပဏီထောင်ရန် ဘာတွေလိုလို့၊ ဘာတွေလုပ်ရမည်ဆိုသည်ကို
ပြုံးတစ်ရာဆင့်မှ မရီတာကို မေးရသည်။ သူကလည်း သေသေချာချာ ရှင်းပြပါသည်။ ကျွန်တော့်မှာ
အိမ်ခြေယာခြေ အတည်တကျမရှိသေးရကား သူတို့ဆိုင်လိပ်စာကိုပင် သုံးပြစေ၊ လိပ်စာသုံးခ လစဉ်ကြေးပေးပါမည်
ဟု မေတ္တာရပ်ခံသော် ရပါတယ် ကိုအေးငြိမ်းရယ်၊ ဘာလစဉ်ကြေးမှ ပေးစရာမလိုပါဘူးရှင် ဆိုသဖြင့်
အားနာပါးနာနှင့် ပင် သူတို့ဆိုင်လိပ်စာ၊ ဆိုင်ဖုံးနံပါတ်၊ ဆိုင်ဖက်စ်နံပါတ်များဖြင့်
ကုမ္ပဏီ မှတ်ပုံတင်လိုက်၏။
ကုမ္ပဏီမှတ်ပုံတင်ခြင်းကို
တန်ဂျိုပါဂါး ဘူတာအနီးမှ အင်တာနေရှင်နယ်ပလာဇာ ၅ ထပ်တွင်ရှိသည့် ACRA (Accounting and
Corporate Regulatory Authority) တွင် လုပ်ရပါသည်။
ကျွန်တော်မှတ်ပုံတင်တာ ၂၀၀၆ ခု ဇူလိုင်လ ၅ ရက်နေ့ ဖြစ်၏။
ကုမ္ပဏီနာမည်ကို
အန်တီပြုံးတို့က ရွေးပေးပါသည်။ နာမည်ပေးသူမှာ သူတို့လက်စွဲ မြောက်ဥက္ကလာမှ ဆရာမကြီး
ဖြစ်၏။ သူက ရွှေဓနံ ဟု နာမည်ပေးသည်။ ဤသည်ကို သူတို့က အင်္ဂလိပ်လို Gold Wealth ဟု ဘာသာပြန်၏။
ကုမ္ပဏီနာမည်ကို သုံးမျိုး တင်ရသည်။ ထိုနာမည်နှင့် ယခင်က မှတ်ပုံတင်ထားသော ကုမ္ပဏီရှိမရှိ
စစ်ရ၏။ သူတို့ရွေးပေးသော Gold Wealth နာမည် သုံးလို့မရပါ။ ထိုအခါ ကျွန်တော်က
Golden Wealth ဟု ပြောင်းတင်ကြည့်သည်။ ဒါလဲမရ။ သည်တော့ Myanmar Golden Wealth သာဆိုပါက
မည်သူနှင့်မှ တူနိုင်စရာမရှိဟု ဆိုကာ အန်တီပြုံး တို့ထံ အတည်ပြုချက်လှမ်းတောင်းသည်။
သူတို့က မြန်မာထည့်တာမကြိုက်။ မြန်မာအစား စင်ကာပူ ပြောင်းထည့်ပါဆိုသဖြင့် Golden
Wealth (Singapore) ဟု ပေးလိုက်သည်။ အဆင်ပြေသွား၏။
ဘာမှမခဲယဉ်းပါခင်ဗျား။
ပိုက်ဆံ ၂ ကျပ်ရှိလျှင် ကုမ္ပဏီထောင်လို့ရသည်။ ကုမ္ပဏီပိုင်ရှင်ဖြစ်ချင်သူများ ပိုက်ဆံ
၂ ကျပ်လောက် အကုန်ခံပြီး သွားမှတ်ပုံတင်လိုက်ပါ။ ဒါရိုက်တာ ဖြစ်သွားပါလိမ့်မည်။ ထိုအခါ
ကျုပ်က ဘယ်ကုမ္ပဏီက ဒါရိုက်တာဗျ ဟု မြန်မာပြည်ပြန်သည့် အခါ ခပ်တည်တည်နှင့် လက်မထောင်
ကြွားလို့ရသည်ပေါ့။
ကုမ္ပဏီအမျိုးအစား
၂ မျိုးရှိသည်။ တစ်မျိုးမှာ Sole Proprietorship ဖြစ်ပြီး နောက်တစ်ခုမှာ Pte Ltd ဖြစ်ပါသည်။
ကျွန်တော် ကတော့ အလုပ်ရှုပ်သက်သာသည့် မည်သူ့ကိုမှလည်း ခန့်ထားရန် မလိုသည့် Sole
Proprietorship ကိုသာရွေးလိုက်သည်။ သည်နေရာတွင် အလွန်ပျင်းစရာကောင်းသည့် ကုမ္ပဏီထောင်ပုံထောင်နည်း၊
ဘာတွေလိုသည် စသည်များကို ရေးမပြတော့ပါ။ သိလိုသူများ ACRA website ဖြစ်သည့် http://www.acra.gov.sg တွင် သွားဖတ်ကြည့်ပါ။ အစုံပါ ပါသည်။
ထို့နောက်
ငွေအပေးအယူလုပ်ရန် မြန်မာပြည်နှင့် အဆက်အဆံရှိသည့် UOB (United Overseas Bank) တွင်
အကောင့် ဖွင့်ပါ သည်။ ထိုမှစကာ အန်တီပြုံးတို့၏ မ,စ မှုဖြင့် ဘေးဘီအလုပ်ကလေးများရကာ
မပင်ပန်းဘဲ အပိုဝင်ငွေကလေးများ မြက်မြက်စက်စက် ရလာ ပါလေ၏။ ဤသည်မှာ မိန်းမရခြင်း၏ ကောင်းကျိုးဖြစ်လေသည်။
သူတို့က
တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကား၊ အင်္ဂလန်၊ တစ်ခါတစ်ရံ စင်ကာပူ စသည့်နိုင်ငံများမှ ပစ္စည်းများမှာသည်။
ကျွန်တော်က စင်ကာပူမှငွေချေပေးသည်။ အမေရိကားမှ မှာယူသောပစ္စည်းများကိုမူ နိုင်ငံရေးအခြေအနေကြောင့်
မြန်မာပြည်မှ မှာလို့ မရသလို မြန်မာပြည်သို့လည်း ပို့လို့မရပါ။ ထို့ကြောင့် ကျွန်တော်က
စင်ကာပူမှလှမ်းမှာ၊ စင်ကာပူကိုပစ္စည်းယူ၊ စင်ကာပူမှ ရန်ကုန်သို့ ပို့ရ၏။ ငွေချေရာတွင်လည်း
ယူရိုနှင့်ဆို ပြဿနာမရှိ။ တိုက်ရိုက်ချေလို့ရသည်။ သို့သော် အမေရိကန်ဒေါ်လာနှင့်ချေရာတွင်မူ
အနည်းငယ် ကိစ္စရှိ၏။ ကျွန်တော်က မြန်မာနိုင်ငံသား ပတ်စ်ပို့ကိုင်ထားတော့ ယူအိုဘီက ဒီပိုက်ဆံချေတဲ့ကိစ္စ၊
အောင်မြင်မယ်၊ မအောင်မြင်ဘူး ငါတို့ ကံသေကံမ မပြောနိုင်ဘူး။ အကယ်၍ နယူးယောက်ဘဏ်က လက်မခံခဲ့ရင်
ကုန်ကျသမျှဘဏ်ဝန်ဆောင်ခအားလုံး ကျခံရမယ် ဟု ဆိုကာ လက်မှတ်ထိုး ခိုင်းပါသည်။ ဘာတတ်နိုင်ပါမည်နည်း။
ထိုးပေးရသည်ပေါ့။ သို့သော် ယခုထိ ကျွန်တော်ငွေချေသည့်ကိစ္စအားလုံး အဆင်မပြေတာ တစ်ခါမှ
မရှိခဲ့ဖူးပါ။ အားလုံး ချောချောမောမောပင် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင်တော့ တစ်ဖက်ဘဏ်က
အမေရိကန်ဒေါ်လာ လက်မခံဘူး။ ယူရို ပြန်ပြောင်းပေးပါဆိုလျှင်မူ ပြန်ပြောင်းပေးရတတ်ပါသည်။
ဒါလဲ ဘာမှမခဲယဉ်းပါ။ ဘဏ်သို့လှမ်းအကြောင်းကြားလိုက်ရုံ ဖြစ်ပါသည်။ သို့သော် ဤသို့ပြောင်းခြင်းအတွက်
ပိုက်ဆံပေးရသည်။
ဘဏ်အကြောင်းတော့
မပြောပါနှင့်။ သူတို့က ငွေရေးကြေးရေး ၀န်ဆောင်မှုပေးတာဆိုတော့ ဒီကောင်တွေ ငါတို့နဲ့
ဘယ်နည်းနဲ့မှ မကင်းနိုင်ဘူးဟု ယူဆကာ ငွေကြေးနှင့်ပတ်သက်လာလျှင် အသားကုန်ရိတ်လေ၏။ မိတ်ဆွေ၊
အခြားတိုင်းပြည်တစ်ခုခုမှ သင့်ထံ ငွေပို့စရာ ကြုံလာလျှင် မည်သည့်အခါမှ နိုင်ငံခြားငွေဖြင့်
(အမေရိကန်ဒေါ်လာ သော်လည်းကောင်း၊ ယူရိုသော်လည်းကောင်း အခြားငွေကြေး တစ်ခုခုဖြင့်သော်လည်းကောင်း)
မပို့ခိုင်းပါလေနှင့်။ အလွန်ကိစ္စများသလို သင်ရစရာရှိသည့်ပိုက်ဆံမှာ ဘဏ်ဝန်ဆောင်ခပေးရသည်နှင့်
ကျန်ကောင်းကျန်ရာသာ ကျန်ပါလိမ့်မည်။ အခန့်မသင့်လျှင် သင့်ထံ ရောက်ကောင်းမှတောင် ရောက်ပါလိမ့်မည်။
နယူးယောက်မှ နောက်ကြောင်းပြန်လှည့်ကာ ပို့သူထံ ပြန်ရောက်ချင် ရောက်သွားနိုင်ပါသည်။
မည်သည့်နိုင်ငံမှ မည်သည့်ပိုက်ဆံဖြင့် ပို့သည်ဖြစ်စေ စင်ကာပူသို့ပို့မည်ဆိုလျှင် စင်ကာပူဒေါ်လာနှင့်
ပို့ပေးပါဟုသာ ပို့ခိုင်းပါလေ။ သို့မဟုတ်ပါက သုံးခါပြန် နောင်တရ သွားလိမ့်မည်။
သည်တွင်
သတိရသဖြင့် ကျွန်တော်တို့မန်နေဂျာလုပ်ပုံကလေး ပြန်ပြောင်း ဖောက်သည်ချချင်ပါ၏။
Golden
Wealth အလုပ်များအတွက် တစ်ခါတစ်ရံ ကျွန်တော် ဘဏ်ကိုသွားရတတ်ပါသည်။ ထိုအခါ ဘာမှရေးကြီးခွင်ကျယ်
မဟုတ်သည့် ကိစ္စကလေးအတွက်နှင့် ခွင့်မယူချင်သည့်အတွက် ထမင်းစားချိန်များတွင် သွားပါသည်။
သွားသည်ဆိုရာ၌လည်း အပြောမခံရစေရန် ထမင်းစားချိန် ၁၂ နာရီတိတိမှထွက်ကာ အတတ်နိုင်ဆုံး
၁ နာရီအရောက် ပြန်လာလေ့ရှိပါ၏။ မရင်းတက္ကနစ်မှ အနီးဆုံးဘဏ်မှာ ဂျူရောင်းပွိုင့်တွင်ရှိရာ
သွားချိန်၊ ပြန်ချိန်၊ ဘဏ်တွင်လုပ်ချိန် စုစုပေါင်းကို တစ်နာရီနှင့် တက်သုတ်ရိုက်လုပ်ရ၏။
သည်တော့ သွားစရာရှိလျှင် ၁၂ နာရီ တီးခါနီး ဆယ်မိနစ်ခန့်အလို၌ တက္ကစီကို ဖုံးဆက်ခေါ်ထားရသည်။
၁၂ နာရီဒေါင်ကနဲထိုးသည်နှင့် မန်နေဂျာကို သတင်းပို့ကာ ရုံးမှထွက်သည်။ အပြန်တွင် အနည်းငယ်နောက်ကျနေပါက
ရုံးသို့ဖုံးဆက်ကာ ငါ ၅ မိနစ်လောက်နောက်ကျမယ်၊ ဆယ်မိနစ်လောက် နောက်ကျမယ် ဟု အမြဲသတင်းပို့ပါသည်။
တစ်ခုသော
မနက်စောစောတွင် ကျွန်တော်တို့မန်နေဂျာဖြစ်သူ ဆိုင်မွန်က မျက်နှာတစ်ပြင်လုံးနီရဲလျှက်
ကျွန်တော့်ကိုခေါ်ကာ ထမင်းစားချိန် အပြင်ထွက်သည့်ကိစ္စကို ပြောပါသည်။ ဒါ ရုံးချိန်ဖြစ်သည့်အတွက်
သည်အချိန်အတွင်း အပြင်၌ ကျွန်ုပ်တစ်ခုခုဖြစ်လျှင် ဘယ်လိုရှင်းရမလဲ အစချီကာ ကျွန်တော်
အလုပ်နှစ်ခုလုပ်နေသည့်အကြောင်း ရှည်လျားထွေပြားစွာ ပြောပါ၏။
ကျွန်တော်သည်လို
ထမင်းစားချိန်ထွက်တာ တစ်ခါတစ်ရံ အလွန်အရေးကြီးသည့်အခါမှ ဖြစ်ပါသည်။ နှစ်လတစ်ခါတောင်
မရှိပါ။ များသောအားဖြင့် အရေးသိပ်မကြီးသည့် ကိစ္စများကို စနေနေ့ နေ့ဝက် ရုံးဆင်းမှသာ
ဘဏ်သို့သွားပါသည်။ နောက်ပြီး သည်လိုထွက်တာ ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါ။ ကာမစ်မှာ သောကြာနေ့တိုင်း
နေ့လည် ၁ နာရီမှ ၃ နာရီခန့်ထိ ဘုရားဝတ်ပြုရန် ပလီသို့သွားလေ့ရှိ သည်။ သူလည်း သူ့မြေးကြိုရန်၊
သို့မဟုတ် သူ့အမေ ဆေးခန်းပို့ရန် စသဖြင့် ထွက်သည်သာ ဖြစ်၏။
သူတို့သွားတာကျတော့
ဘာမှ မဖြစ်ပါဘဲလျှက် ကျွန်တော်ထွက်တာကျ အပြောခံရသည်။ ကျွန်တော်စိတ်ထဲ တော်တော်လေး တင်းသွားပါ၏။
နောက်ပြီး ကျွန်တော်သွားသည်မှာ သူတို့လို ရုံးချိန်တောင်မှ မဟုတ်။ ထမင်းစားနားချိန်သွားခြင်း
ဖြစ်ပါသည်။ သို့သော် ဤသို့အပြောခံရပြီးသည့်နောက် ထမင်းစားချိန် ကျွန်တော် ဘယ်မှမသွားတော့ပါ။
အင်တာနက်လည်း မဖွင့်တော့ဘဲ စားပွဲပေါ် မှောက်ကာ အိပ်နေလိုက်ပါသည်။ အရေးတကြီး လုပ်စရာရှိလျှင်
နေ့ဝက် လစာမဲ့ခွင့်ယူပြီး ဘဏ်သို့သွားပါသည်။ သို့မဟုတ်ပါက စနေနေ့ထိစောင့်ကာ စနေနေ့
ညနေပိုင်းကျမှ လုပ်ပါတော့သည်။
ကျွန်တော့်စိတ်ထဲတွင်
ဤသို့အပြောခံရခြင်းကို မတရားဟု ယူဆပါသည်။ သူများကိုပြောချင်လျှင် မိမိသည်လည်း ခြောက်ပြစ်
ကင်းအောင် နေရပါမည်။ ရုံးချိန်အတွင်း အီးမေးဖွင့်ကြည့်မိသဖြင့် အပြောခံရသည့်အကြောင်း
အထက်တွင် ဖော်ပြခဲ့ပြီးပါပြီ။ သို့သော် နေ့တိုင်း သည်မျက်နှာများကို ကြည့်နေရသည်ဖြစ်သဖြင့်
သူတို့မကြိုက်တာ ဘာမှမလုပ်မိအောင် သတိထားနေရပါသည်။
မရင်းတက္ကနစ်မှ
အလုပ်ဆင်းလာပြီးပြီးချင်း ယူနီယမ်အလွိုင်းမှ မယ်လ်ဘင်းက မင်းကို ဇူးလ် တမံဂျူရောင်းက ပလီရှေ့မှာ စောင့်နေတယ်။ သူနဲ့ SUT လိုက်သွားပြီး
ပိုက်လိုင်းတွေ ကြည့်ချေ ဟု ခိုင်းလိုက်၏။ သို့နှင့်ပင် သုံးနှစ်ကျော် ကွဲကွာနေခဲ့သော
SUT နှင့် ရေစက်ဆုံရပြန်ပါချေ၏။ SUT ၌ ရေနွေးထုတ်သော ဘွိုင်လာမှအထွက် ပိုက်များမှာ
စုတ်ပြတ်သတ်နေပြီ။ ထိုပိုက်များကို ဖိုက်ဘာဂလပ်စ် ပိုက်များနှင့် အစားထိုးရန် ဖြစ်သည်။
ကျွန်တော်လည်း လိုသမျှတိုင်းထွာမှတ်သားကာ ပြန်ခဲ့၏။ နောက်တော့ ထုံးစံအတိုင်း ဖိုက်ဘာဂလပ်စ်
ပိုက်လိုင်းများ ဆင်ခြင်း၊ ပြေးခြင်း စသည်တို့ လုပ်ရ၏။ သည်အလုပ်များ လုပ်နေရခြင်းမှာ
သူပြောသည့် ပရောဂျက်ကြီးအတွက် Confined Space Assessor သင်တန်းတက်နေရသဖြင့် ဖြစ်၏။
သည်သင်တန်းဆင်းလက်မှတ်ရမှ ပရောဂျက်သို့ သွားလုပ်ရမည်။ လက်မှတ်မရခင် စပ်ကြား SUT တွင်
ပိုက်လိုင်းများပြေးသည့်အလုပ်ကို လုပ်ရခြင်းဖြစ်သည်။
ကျွန်တော်နှင့်
အတူလုပ်ရသည်မှာ မြန်မာအလုပ်သမား ကောင်လေးများဖြစ်၏။ သူတို့က ပြောစကားဆိုစကား နားထောင်သည်။
နောက်ပြီး ကြိုးကြိုးစားစားလည်း လုပ်သည်။ ဆိုးသည်မှာ သူတို့တွင် အလုပ်လုပ်သည့် ၀တ်စုံအပိုမရှိ။
အားလုံးပေါင်းမှ တစ်စုံသာရှိသည်။ ဂျူရောင်းအိုင်းလင်းတွင် အလုပ်လုပ်လျှင် မီးခံအ၀တ်
(Fire Retardant Clothes) များဝတ်ရသည်။ သည်အ၀တ်များက သာမန် အ၀တ်များ ထက် ဈေးကြီးသည်။
သည်တော့ သူတို့သူဌေးက တစ်ဦးလျှင် ၀တ်စုံတစ်ခုစီသာ ထုတ်ပေးထားသည်။ ပိတ်ရက်မရှိ နေ့တိုင်း
လုပ်နေရသည် ဖြစ်ရာ သည်အ၀တ်များကို မည်သည့်အချိန်သွားလျှော်မည်နည်း။ ထိုမျှသာမက စင်ကာပူဆိုသည်က
အမြဲမိုးရွာနေသောတိုင်းပြည် ဖြစ်ရကား မိုးရွာ၍ ရေများစိုရွှဲနေသည့်တိုင် သူတို့မှာ လဲစရာအ၀တ်ပိုမရှိ။
သည်တော့ သူတို့အ၀တ်များမှာ ချွေးထွက်လိုက်၊ ရေစိုလိုက်၊ ပြန်ခြောက်သွားလိုက် နှင့်
နံစော်ဟောင်နေသည်။ သူတို့ကို ကြည့်ပြီး ကျွန်တော် စိတ်မချမ်းသာပါ။
လုပ်ရသည်မှာ
လက်ရှိ ၆ လက်မ သံပိုက်ကို ဖိုက်ဘာပိုက်နှင့် အစားထိုးရခြင်း ဖြစ်သည်။ ကျွန်တော့်အခက်အခဲတစ်ခုမှာ
ကားမမောင်းတတ်ခြင်း ဖြစ်၏။ ထို့ကြောင့် ပစ္စည်းများတစ်နေရာမှ တစ်နေရာသို့ရွှေ့မည်ဆိုလျှင်
အလွန်ခေါင်းစားသည်။ ယူနီယမ်အလွိုင်း တွင် လော်ရီနှစ်စီးရှိ၏။ လောရီအကြီးကို ဆာနီဆိုသည့်
ကုလားမောင်းပြီး လော်ရီအသေးကို အလီဆိုသည့် အဘိုးကြီး မောင်းသည်။ သို့သော် အလီမှာ ပစ္စည်းများလိုက်ပို့သည့်အလုပ်ကို
အချိန်ပြည့်လုပ်နေရသည်ဖြစ်ရာ သူ့ကားကို သုံးလို့မရ။ အရေးအကြောင်းရှိလျှင် ဆာနီ ကို
လှမ်းအကူအညီတောင်းရသည်။ ယူနီယမ်အလွိုင်းအကြောင်း အထက်တွင်ရေးခဲ့စဉ်က ဆာနီအကြောင်း ဖော်ပြခဲ့ပြီးပါပြီ။
အလွန် အင်မတန် ပျင်းသော ကုလားဖြစ်၏။ ပျင်းရုံမျှမက တွက်လည်း တွက်ကပ်သေးသည်။ ဂျူရောင်းအိုင်းလင်းတွင်
ကျွန်တော်လုပ်နေသည်ကို ကျွန်တော့်တာဝန်သာ ဖြစ်သည်။ သူနှင့်မဆိုင်ဟု ယူဆထားသဖြင့် ကျွန်တော်
လော်ရီသုံးရန်လှမ်းခေါ်သည့်အခါ အလွန်ပူညံပူညံလုပ်သည်။ ထို့ကြောင့် တော်ရုံတန်ရုံမျှဖြင့်
ဆာနီကို ဘယ်တော့မှမခေါ်ပါ။ ကျွန်တော့်ကောင်လေးများကိုလာကြိုသည့် လော်ရီဒရိုင်ဘာကို ကပ်ပေါင်း
ထားကာ ဟိုနားသည်နားကိစ္စများအတွက် သူ့ကို အကူအညီတောင်းရသည်။
သည် သံပိုက်လုံးကြီးများကို
ဖြတ်တောက်ခြင်း၊ သယ်ပို့ခြင်း၊ ပစ္စည်းများ၊ လက်နက်ကိရိယာများ ရွှေ့ပြောင်းခြင်းတို့တွင်လည်း
လူ အားသာ သုံးရသည်။ ပိုက်ကိုဖြတ်တာ grinder သုံးပြီး ဖြတ်ရခြင်းဖြစ်သည်။ အမြန်ပြီးရန်
ကျွန်တော်လည်း ကောင်လေးများနှင့် ဒိုးတူပေါင်ဘက် ၀င်ဖြတ်သည်။ ပိုက်လိုင်းကရှည်တော့
တော်တော်နှင့် မပြီးနိုင်။ နောက်ပြီး သံပိုက်များဖြစ်သဖြင့် ရွှေ့ပြောင်းရာတွင် လွယ်ကူစေရန်
ခပ်တိုတို ဖြတ်ရသည်။ ရှည်လျှင် လေးလို့သယ်နိုင်မည်မဟုတ်။
သို့သော်လည်း
အချိန်တန်တော့ ပြီးသွားရသည်သာ ဖြစ်သည်။ သို့နှင့် သြဂုတ်လဆန်းတွင် ကျွန်တော်
Confined Space Assessor သင်တန်းတက်ရသည်။ သြဂုတ်လကုန်ခါနီးတွင် လက်မှတ်ရသည်။ ထိုအခါ
ဂျူရောင်းအိုင်းလင်းဇာတ် တစ်ခန်းရပ်ကာ ECC Project သို့ သွားရပါတော့သတည်း။
စင်ကာပူတွင်
ကျွန်တော်နေထိုင်လုပ်ကိုင်ခဲ့ရသော ဆယ့်လေးနှစ်ကျော်အတွင်း အကျေနပ်ဆုံး၊ အပျော်ရွှင်ဆုံးအချိန်များကို
ပြပါဆိုလျှင် အီးစီစီပရောဂျက် အချိန်ကာလများကို ပြရပါလိမ့်မည်။ သည်ပရောဂျက်မှ လခ မြက်မြက်စက်စက်ကလေးရသလို
လုပ်ရ ကိုင်ရတာပညာလည်း ရပါသည်။ ထိုမျှသာမက ကျွန်တော့်ဘ၀ရှေ့ရေးအတွက် အခွင့်အလမ်းတချို့လည်း
ပွင့်လာပါသည်။
အီးစီစီ ပရောဂျက်စခါစတွင် ဤကဲ့သို့ သဲသောင်ပြင်ကြီးမျှသာ ရှိသေးသည်။
ရုံးအဆောက်အအုံများ ဆောက်လုပ်နေပုံ
ECC ၏ အရှည်မှာ Ethylene Cracker Complex ဖြစ်၏။ ပိုင်ရှင်မှာ SHELL
EASTERN PETROLEUM LTD (SEPL) ဖြစ်ပါသည်။ ထိုပရောဂျက်သည်ကား
Shell ၏ စင်ကာပူတွင် ဓါတုပစ္စည်း ထုတ်လုပ်ခြင်း၌ အကြီးဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။
ကမ ၻာ့အႀကီးဆံုး Mono-Ethylene
Glycol (MEG) Plant များတွင် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ စက်ရုံမှာ Hydrowax ကုန်ကြမ်းမှနေ၍ Ethylene ထုတ်ယူရန်
တည်ဆောက်ခြင်း
ဖြစ်ပါသည်။
စက်ရုံကြီးမှာ အလွန်ကြီးပါသည်။ စက်ရုံတွင်
တပ်ဆင်ထားသော ပိုက်လုံးများကိုသာ စီတန်းချထားလိုက်ပါ က အရှည် စုစုပေါင်း ကီလိုမီတာ
၁၈၀၀ (ရန်ကုန် မှ မြစ်ကြီးနား ခရီး အကွာအဝေး၏ နှစ်ဆ) မျှရှိပါသည်။ စုစုပေါင်း ပရောဂျက်၏
တန်ဘိုးမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၄၀၀ မျှရှိ၏။ စက်ရုံကို Pulau Busing,
Pulau Kechil နှင့် Pulau Ular ကျွန်းသုံးကျွန်းပေါင်းပြီး ကျွန်းကြီးတစ်ကျွန်း လုပ်ထားသော
လူလုပ်ကျွန်းပေါ်တွင် တည်ဆောက်ထားပါသည်။ ထိုကျွန်းမှာ လက်ရှိ Pulau Bukom ကျွန်းနှင့်
ပေါင်းစပ်နေပါ၏။ တစ်နည်း ပြောရလျှင် ထို ကျွန်းလေးကျွန်းကိုပေါင်းလျှက် လက်ရှိစက်ရုံကို
တိုးချဲ့ဆောက်လုပ်ခြင်းပင် ဖြစ်ပါ၏။
ပရောဂျက်၏ မိန်းကန်ထရိုက်တာမှာ CB&I Lummus နှင့် ဂျပန်ကုမ္ပဏီဖြစ်သော Toyo တို့ ဖက်စပ် (Joint Venture – JV) လုပ်ခြင်းဖြစ်၏။ သူတို့အောက်တွင်မှ
ဆပ်ကန်ထရိုက်တာအများအပြား လာရောက်လုပ်ကိုင်ကြသည်။ ကျွန်တော်တို့ ယူနီယမ်အလွိုင်း မှာလည်း
ဆပ်ကန်ထရိုက်တာ တစ်ခုဖြစ်၏။
ပရောဂျက်ကြီးမှာ အလွန်ကြီးမားရကား လက်ရှိလုပ်နေသော
direct အင်အားစုနှင့် indirect အင်အားစု စုစုပေါင်းမှာ တစ်သောင်း
နီးပါး ရှိပါသည်။ direct အင်အားစုများမှာ လုပ်ငန်းထဲတွင် တကယ်တန်း ကာယအားသုံးလုပ်နေရသူများဖြစ်၍
indirect အင်အားစုတွင် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် စာရင်းအင်း၊ အင်ဂျင်နီယာများ
ပါဝင်ပါသည်။ သို့သော် ပရောဂျက်စကာစမူ သိပ်မများသေးပါ။ ပရောဂျက် အရှိန်ရလာသည့်အခါကျမှ
ကုမ္ပဏီများနှင့် လုပ်သားအင်အားကို ဖြည်းဖြည်းချင်း တိုးတာဖြစ်ပါသည်။
ဆောက်လုပ်ရေး
လုပ်ငန်းများကို အဆောက်အဦး၊ မြေတူးမြေဖို့၊ လျှပ်စစ်၊ ပိုက်လိုင်း သွယ်တန်းခြင်း၊
ငြမ်းဆင်ခြင်း၊ သံဘောင်ဆင်၊ ကိရိယာများ တပ်ဆင်ခြင်း၊ အလိုအလျှောက်စနစ်များတပ်ဆင်ခြင်း
စသဖြင့် ကန်ထရိုက်တာများသို့ လုပ်ငန်းအသီးသီး ခွဲဝေချထား ပေးပါသည်။ ထို့ပြင် လုံခြုံရေး၊
စားသောက်ဆိုင်၊ ၀န်ချီခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်း စသော လုပ်ငန်းများအတွက်လည်း
သက်ဆိုင်ရာ ကန်ထရိုက်တာများ ပေးထားပါသည်။ ကျွန်တော် သိသလောက်ပြောရလျှင် ဤပရောဂျက်၌
အောက်ပါ IC (Implementation Contractor) များ ပါပါသည်။
Grootint GRP Systems, Tiansan, Mun-Siong, Sankyu, Jianyu, Cisco, Jel,
Sanko, Scanbilt, Penta Ocean,
Hiapseng, UTOC, Thomson Catering, Leads Engineering,
Rotary Engineering, JYC, Well Transport, Parkway Shenton, PEI, Asia Cranes,
Jireh Engineering, Hua Tiong, Shimizu, Meisei, Wecom Engineering, PEC
Engineering, Haileck, Tiong Woon, Hertel, Siemens, Union Alloy, Wing Wah,
Austin Energy, Mammoet.
Mammoet
ဟူသည် အစွယ်အရှည်ကြီးနှင့် ရှေးဟောင်းဆင် အကြီးကြီးကိုခေါ်ခြင်းဖြစ်၏။ ထို့အတူ
Mammmoet ကုမ္ပဏီမှာ အကြီးစားဝန်ချီခြင်းများ လုပ်သည်။ ဗက်ဆယ် (vessel) ခေါ်တိုင်ကီအကြီးကြီးများဆင်ခြင်း၊
သံဘောင်ကြီးများ မ,ခြင်း၊ ပိုက် အကြီးကြီး များချခြင်း စသည့် ကြီးမား၊ လေးလံသော ပစ္စည်းကြီးများကို
တပ်ဆင်၊ ချီမ,သည်။ ပစ္စည်းအကြီးကြီးများကို ချီမခြင်းဖြစ်သည့်အတွက် သုံးသောကရိန်းကြီးများမှာလည်း
ဧရာမကရိန်းကြီးများ ဖြစ်၏။
ဧရာမဗက်ဆယ်ကြီးများကို ဧရာမကရိန်းကြီးများဖြင့် ထူမ တပ်ဆင်နေပုံ
ထို IC များတွင် ကျွန်တော်တို့ ရွှေမြန်မာများလည်း အများအပြား ရှိပါ၏။ အဆင့်ပေါင်းစုံ၊
ရာထူးပေါင်းစုံတွင် လုပ်ငန်းမျိုးစုံကို ၀င်ရောက် လုပ်ကိုင်နေကြပါသည်။ ပရောဂျက်စခါစက
လုပ်သားစုစုပေါင်းမှာ ၂၀၀၀ - ၃၀၀၀ လောက်သာရှိပြီး မြန်မာဦးရေမှာလည်း ၁၀၀ ခန့်သာ ရှိပါသည်။
သို့သော် ၂၀၀၈ ခုနှစ်ကျော်သောအခါ ပရောဂျက်တွင် လူအင်အား သောင်းဂဏန်းနား ကပ်လာပြီး မြန်မာဦးရေမှာလည်း ၈၀၀ ကျော်လာခဲ့ပြီ။ ၂၀၀၉ ခုနှစ်တွင် ၁၀၀၀ နီးပါးဖြစ်လာ၏။
သူတို့အားလုံး အဆင်ပြေကြသည်တော့ မဟုတ်ပါ။ အချို့လည်း အဆင်ပြေ၊ အချို့လည်း အဆင်မပြေ။
သို့သော် သည်ပရောဂျက်တွင်မူ အဆင်ပြေသူ များပါသည်။ ပရောဂျက်ပြီးခါနီးတော့ အဆင်မပြေသူတွေ
များလာသည်။ ဤအကြောင်း နောက်ပိုင်းတွင် ဆက်လက်ဖော်ပြပါမည်။
ပရောဂျက်ကြီးသည်နှင့်အမျှ ၀န်ထမ်းအင်အားလည်း များလေရာ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိရမည်မှာ
သဘာဝပင် မဟုတ်ပါ လော။ သဘောကောင်းသူ၊ ကိုယ်ချင်းစာတတ်သူ၊ သူ့ဘက်ကိုယ့်ဘက် မျှမျှတတ ကြည့်တတ်သူများနှင့်
ဆုံဆည်းရသူများမှာ ကံကောင်းပြီး၊ သဘောထားဆိုးသော သူဌေး သို့မဟုတ် မျက်နှာလိုအားရ၊ အထက်ဖားအောက်ဖိ
မန်နေဂျာများနှင့် တွေ့ဆုံရသူများမှာ စိတ်ညစ်စရာများ ချည်း ဖြစ်တော့၏။
သဘောကောင်းသည်၊ မျှတသည်၊ ဆိုးညစ်ယုတ်မာသည် ဆိုသည်များမှာ ဘယ်လူမျိုးဆိုတာနှင့်
မဆိုင်။ ပုဂ္ဂလိက တစ်ဦးချင်း ပေါ်မှာ မူတည်ပါသည်။ အချို့သူများကတော့ လူမျိုးစွဲရှိသည်။
သူကတော့ကုလားမို့၊ သူကတော့ တရုတ်မို့၊ ငါတို့ ဗမာတွေက တော်သေး ဆိုတာမျိုး ဖြစ်ပါ၏။
ကျွန်တော်ကတော့ ဤလိုမယူဆပါ။ ကောင်းသောကုလား ရှိသလို၊ မကောင်းသောကုလားလည်း ရှိသည်။ ဆိုးသော
တရုတ် ရှိသလို ကောင်းသော တရုတ်များလည်း ရှိပါသည်။ ငါတို့ ဗမာတွေကမှ တော်သေးတယ်ကွဟု
တစ်ဖက်သတ် ကိုယ့်ငါးချဉ်၊ ကိုယ်မချဉ်ပါလေနှင့်။ ထိုသူများကား ဆိုးညစ်ယုတ်မာသော ဗမာများနှင့်
မဆုံဆည်းရသေးသောကြောင့် ဖြစ်နိုင်ပါသည်။
နေ့ခင်း ကန်တင်းတွင်ထမင်းစားရင်း ကျွန်တော် ကိုယ်နှင့်နီးစပ်ရာ မြန်မာကလေးများကို
သူတို့နေရေး၊ ထိုင်ရေး။ စားရေး သောက်ရေး။ အလုပ်အကိုင် အဆင်ပြေမပြေ အမြဲမေးလေ့ရှိ၏။
ကိုယ်တတ်နိုင်သည့်ဘက်မှ လုပ်ပေးနိုင်တာရှိလျှင် တစ်ခုခု လုပ်ပေးချင်ပါ သည်။ နှုတ်၏စောင်မခြင်း၊
လက်၏စောင်မခြင်း ပေါ့။ သည်လိုစပ်စုတော့ သူတို့ဘ၀ကလေးများကို သိလာရပါသည်။ တစ်ဦးလျှင်
စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ကျစီ ရှိ၏။ ထိုဇာတ်လမ်းများထဲတွင် အထက်၌ ဖော်ပြထားသကဲ့သို့
ဘယ်သူသေသေ ငတေမာပြီးရော ဟူသည့် ဆိုးညစ်ယုတ်မာသော ကိုရွှေအေးဂျင့်များ၏ သားကောင်ဖြစ်ခဲ့ရသူများ
အကြောင်းလည်း ပါပါသည်။
ဤ အကြောင်းများကို သူတို့နှင့်အင်တာဗျူးပြီး “ဘ၀ခါးခါး” ဟု စာတစ်အုပ် ကျွန်တော်
ရေးသားထုတ်ဝေခဲ့ပါသည်။ သို့သော် ဘ၀ခါးခါး မှာ အီးစီစီတစ်ခုထဲ မဟုတ်မူ၍ စင်ကာပူတွင်
လာရောက်လုပ်ကိုင်နေသူ အခြားသူများလည်း ပါပါသည်။ သို့သော် စ,ခဲ့တာ ကတော့ အီးစီစီမှ ဖြစ်၏။
အီးစီစီက ရှဲလ် ကုမ္ပဏီပိုင်ဆိုတော့ လုပ်ပုံကိုင်နည်းများ တော်တော်စည်းစနစ်ကျပါသည်။
Safety, QC ။ လုပ်ငန်းလုပ်ပုံကိုင်နည်း၊ စာရွက်စာတမ်းထိန်းသိမ်းနည်း စသဖြင့်။ ကျွန်တော်
သည်ပရောဂျက်မှ တော်တော် ပညာရလိုက်၏။ သူတို့လုပ်တာကိုင်တာ အတုခိုးရင်း ကိုယ်လည်း ပညာယူရသည်ပေါ့။
ကျွန်တော်သဘောအကျဆုံးကား စီမံခန့်ခွဲမှုစနစ် (Planning) ဖြစ်၏။ သည်အကြောင်းများကို နည်းနည်းချင်း၊
ဖြည်းဖြည်းချင်းပြောပြပါမည်။
ကျွန်တော် အီးစီစီတွင်လုပ်ခဲ့ရတာ နှစ်ပိုင်းဖြစ်၏။ ပထမပိုင်းမှာ နယ်သာလင်ကုမ္ပဏီနှင့်
တွဲလုပ်ရခြင်းဖြစ်သည်။ သည်တုံးက ကျွန်တော့်မှာ ဘာတာဝန်မှ သိပ်ကြီးကြီးမားမားမရှိ။ ရှဲက
Safety သိပ်တင်းကျပ်တာဆိုတော့ သူတို့လိုအပ်ချက်အရ ကျွန်တော် အလုပ် တစ်နေရာ ရခြင်းဖြစ်၏။
အထက်နားက နိမိတ်ပြခဲ့သလို ကျွန်တော်အဓိကလုပ်ရသည်မှာ တစ်နည်းအားဖြင့် ကျွန်တော့်ရာထူးမှာ
Confined Space Safety Assessor ဖြစ်သည်။ မြန်မာလိုနားလည်အောင် ခပ်လွယ်လွယ် ဘာသာပြန်လိုက်ရလျှင်
“လိုဏ်အန္တရာယ်ကင်းရေး စစ်ဆေးသူ” ဟု ခေါ်လို့ရမည် ထင်ပါသည်။ သည့်ထက်ပိုချောအောင် ကျွန်တော်နာမည်မပေးတတ်ပါ။
ကျွန်တော်တို့ကုမ္ပဏီက အီးစီစီစက်ရုံကြီးသို့ အအေးခံရေများ (Cooling Water) ပေးသော
ရေပိုက်လိုင်းကြီးများ ဆင်ရသည်။ ရေပိုက်ဆိုလို့ ပေါ့သေးသေးကလေး မထင်ပါနှင့်ခင်ဗျား။
ထိုပိုက်အတွင်းသို့ မြင်းစီးဝင်လို့ ဒါမှမဟုတ် ကားမောင်းဝင်လို့ ရပါသည်။ ထိုပိုက်ကြီးများမှာ
ဖိုက်ဘာဂလပ်စ်ပိုက်ကြီးများဖြစ်သည်။ ဖိုက်ဘာပိုက်များမှာ ဓါတုဗေဒဆေးများနှင့် လုပ်ထားသော
ပိုက်များဖြစ်သည်။ သည်ပိုက်များအကြောင်း အထက်တွင်လည်း ပြောခဲ့ပါပြီ။
ပိုက်ကြီးများကို မြေအောက်တွင် မြှုပ်ပြီးပြေးသည်။ သည်ပိုက်ကြီးများကို ဆက်ရာတွင်
ဓါတုဗေဒဆေးရည်များ၊ ဖိုက်ဘာအ၀တ်စ များနှင့် အတွင်းရောအပြင်ပါ လာမနိတ် (laminate) လုပ်ပြီး
ဆက်ရသည်။ လာမနိတ်လုပ်သည်ဆိုခြင်းမှာ ပိုက်ကြီးကို ဓါတုဆေးများသုတ် လိုက်၊ ဖိုက်ဘာစများပတ်လိုက်
နှင့် အထပ်ထပ်ရစ်ပတ်ခြင်းကို ခေါ်ပါသည်။ သည်ဓါတုဆေးများမှာ စတိုင်ရင်းဟူသော ဓါတ်တစ်ခု
ပါသည်။ ထိုဆေးမှထွက်လာသော ဓါတ်ငွေ့မှာ အလွန်ပြင်းသည်။ လူအတွက် အန္တရာယ်ရှိသည်။ သို့အတွက်
လာမနိတ်လုပ်သည့်အခါ အထူးသဖြင့် ပိုက်အတွင်းသို့ ၀င်ပြီးလာမနိတ်လုပ်သည့်အခါ ထိုဓါတ်ငွေ့ပမာဏကို
တိုင်းရသည်။ သတ်မှတ်ထားသော ပမာဏထက်ကျော်လျှင် လျှော့ချ ပေးရသည်။
ကျွန်တော်အဓိက လုပ်ရသည့်အလုပ်မှာကား မြေကျင်းအတွင်းဝင်သည့်အခါ၊ ပိုက်အတွင်း
ဝင်သည့်အခါ၊ တိုင်ကီများအတွင်း ၀င်သည့်အခါ ထိုမြေကတုတ်၊ ပိုက်၊ တိုင်ကီများထဲ၌ အဆိပ်အတောက်ရှိသော
ဓါတ်ငွေ့များရှိ၊ မရှိ၊ အသက်ရှုရန် အောက်ဆီဂျင် အလုံအလောက် ရှိ၊မရှိ။ ဤနေရာသည် အလုပ်လုပ်ရန်
သင့်တော်၏၊ မတော်၏။ အလုပ်လုပ်ရန် မသင့်လျော် ဟု ဆိုလျှင် အလုပ်လုပ်လို့ ရအောင် ဘာတွေလုပ်ရမည်နည်း
အစရှိသဖြင့် တိုင်းထွာ၊ တွက်ချက်၊ အကြံပေး၊ ဟိန်းဟောက် လုပ်ရခြင်း ဖြစ်သတည်း။
သည်အကြောင်းကား စာတစ်ကြောင်း၊ စာတစ်ပိုဒ် ရေးရုံမျှဖြင့် သာမန်လူတို့နားလည်လောက်သည့်
အကြောင်းအရာမဟုတ်။ သည်တော့ စာရှုသူများ၊ အထူးသဖြင့် ထူထောင်စပြုနေသော မြန်မာပြည်မှလူများ
သိရှိနားလည် သဘောပေါက်စေရန် အပြည့်အစုံ၊ အကျယ်တ၀င့် ရေးသားဖော်ပြပါမည်။ ရှောမွေးကို
ဗာရာဏသီချဲ့သည်ဟု မမှတ်ယူကြပါလင့်။ သည်ကိစ္စကား အသက်နှင့် တိုက်ရိုက် ပတ်သက်နေသဖြင့်
အလွန်အရေးကြီးသည်။ သည်ကိစ္စကို ဂရုမစိုက်ခဲ့သဖြင့် မနှစ်က ကျောက်မီးသွေးမိုင်းအတွင်း
အလုပ်သမား ၃ ဦး သေခဲ့ရပြီ။ အောင်မယ်လေး ကိုဟိုဒင်းရဲ့၊ အသေစောလို့ နှမြောလှချည့် ဟု
ရင်ဘတ်ထုကာ အော်ငိုသော်ငြားလည်း အသံသာခန်းရမည်။ သေသူကတော့ ပြန်ရှင်လာစရာ အကြောင်းမရှိ။
သည်တော့ မသေခင် မသေအောင် ဘာတွေလုပ်ရမလဲ ဆိုတာ ပိုအရေးကြီးသည်။
နောက်တစ်ပိုင်းတွင် သည်အကြောင်း ခရေစေ့တွင်းကျ ရေးပါမည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၆-၈-၂၀၁၂၊ ည ၉း၂၅ နာရီ
Blk 663D, Jurong West St 65
Singapore 644663
Email: y_nyein@yahoo.com.sg, aye475@gmail.com
Tel: 97303027
http://shwenyein.blogspot.com
No comments:
Post a Comment