Wednesday, August 15, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၁၂)

 

၂၊ ၃။ မကာရန္တတွက်ရိုး



            ဤစာအုပ်တွင် မြန်မာပြက္ခဒိန်တွက်နည်း သီးသီးမျှသာမဟုတ်ဘဲ မြန်မာပြက္ခဒိန်ကို ရှေးမြန်မာကြီးများ မည်သို့ တွက်ချက်စီစဉ်ခဲ့သည် ဆိုသည့်အကြောင်းများကိုပါ ဖော်ပြလိုပါသည်။ ဤပြက္ခဒိန် သမိုင်းကြောင်းမှာ မည်သည့် စာအုပ် စာတမ်းတွင်မှ ဖော်ပြခြင်းမခံရ။ ထို့ကြောင့်လည်း မြန်မာပြက္ခဒိန်၏သမိုင်းကြောင်း မည်သို့ရှိသည်ကို သိသူရှားလှ၏။ ထို့ကြောင့် ဆရာဦးသန်းမောင်၏ ၃၂ နှစ် ဂြိုဟ်သွားပြက္ခဒိန်ကောက်နည်း စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။  

            မြန်မာ့လက်ရာ ရှေးဟောင်းနက္ခတ္တဗေဒပညာကို မှားသည်ဖြစ်စေ၊ ချို့ယွင်းချက်ရှိသည်ဖြစ်စေ၊ မမေ့စကောင်း။ ကျေးဇူးမကန်းစကောင်း။ အဘယ်မျှလောက်မှားသည်၊ အဘယ်မျှလောက် ချို့ယွင်းချက်ရှိသည်၊ ပြင်ဆင်၍ မရနိုင်လောက် အောင်ပင် မှားသလော။ ထိုအမှားများကို ခေတ်နှင့်လျော်ညီစွာ မွမ်းမံပြင်ဆင်ပေးလျှင် ဖြစ်နိုင်မည်လော။ သို့လော သို့လော တွေးတောကာ လက်တွေ့လေ့လာကြည့်ရန်မှာ နက္ခတ္တဗေဒပညာကို လိုက်စားသော မြန်မာပြည်ဖွား တိုင်းရင်းသားတို့၏ တာဝန်သာဖြစ်သည်။

အင်းဝ မိုးညှင်းမင်းတရားသည် ပုဂံသက္ကရာဇ် ၈၀၀ ပြည့်နှစ်သို့ရောက်လတ်သော် အကြွင်း ၂ နှစ်ထားလျှက် နှစ်ပေါင်း ၇၉၈ နှစ်ကို ပသျှုဆိဒ္ဓမုနိကိန်းအဖြစ် ဖြိုရန်ကြိုးစားခဲ့သေးသည်။ သို့သော်လည်း သက္ကရာဇ်မပြိုဘဲ ရှိခဲ့သည်။ သက္ကရာဇ်ပင် မပြိုစေကာမူ ထိုဖြိုခဲ့သော အကြွင်း ၂ ကိုမူတည်တွက်ရသည့် မကာရန္တတွက်ရိုးသစ် ပေါ်ပေါက်ခဲ့သည်။ ထိုမကာရန္တတွက်ရိုး ဖြင့်ပင် ပြက္ခဒိန်လုပ်ခြင်း၊ ဇာတာဖွဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြ၏။ ထို မကာရန္တတွက်ရိုးကို မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၂၉ ခုနှစ်ထိ သုံးစွဲခဲ့ကြသည်။ သက္ကရာဇ် ၁၂၃၀ မှစကာ မကာရန္တတွက်ရိုးကိုပယ်လျှက် သံဒိဌတွက်ရိုးသစ်ဖြင့် အစားထိုးသုံးစွဲ လာခဲ့ကြရာ ယခုခေတ်တိုင်အောင်ပင်တည်း။ ထို့ကြောင့် မကာရန္တတွက်ရိုးမှာ နှစ်ပေါင်း ၄၃၁ နှစ်တိုင်အောင် အသက်ရှည်ခဲ့ သည်။

ကုန်းဘောင်ခေတ်သို့ရောက်သောအခါ ကျည်းကန်ကိုရင်ကြီး ရှင်နန္ဒဓဇ၊ ငယ်မည်မောင်နု၊ ၁၁၁၉ ခုဖွား၊ စနေသား ၏ ‘သုံးပါးမြတ်စွာ၊ ရတနာမိုး၊ မြတ်ထီးမိုးလျှက်၊ လက်ရိုးဖြန့်ချိ၊ လွယ်ကူသိစိမ့်’ အစချီသော “ကျည်းကန်လက်ရိုးလင်္ကာကျမ်း” ပေါ်လာသည်။ ထိုလက်ရိုးလင်္ကာကား မကာရန္တတွက်ရိုးတစ်စောင်လုံးကို နောက်လူတို့ နှုတ်တက်အာဂုံဆောင်ပြီး တွက်နိုင်ကြရန် ရေးသားခဲ့သော လင်္ကာများ ဖြစ်သည်။ ဗားကရာဆရာတော်ကလည်း ‘မကာရန္တဗိုလ်ဋီကာ နှင့် နာရီဋီကာ’ တို့ကို စကားပြေ ရေးသားခဲ့သေးသည်။

မင်းတုန်းမင်းလက်ထက် ၁၂၃၀ ပြည့်နှစ်ကစ၍ သံဒိဋ္ဌတွက်ရိုး ပေါ်လာသော်လည်း မကာရန္တတွက်ရိုးကိုသာ လေ့လာခဲ့သော ပညာရှင်များသည် ၁၂၄၇ခုနှစ် သီပေါမင်းနန်းကျပြီးနောက် အင်္ဂလိပ်အစိုးရ လက်ထက်ထိတိုင် သံဒိဋ္ဌတွက်ရိုး ကိုမသုံးဘဲ မကာရန္တတွက်ရိုးကိုသာ ဆက်လက်သုံးစွဲခဲ့ကြသည်။ သံဒိဋ္ဌသင်္ကြန်ကျချိန်ကို အင်္ဂလိပ်အစိုးရ ကြေငြာသည့်တိုင် မကာရန္တအစွဲရှိသော မြို့ရွာများတွင် မြို့ခံဘုန်းကြီး၏ သြဇာအတိုင်း မကာရန္တသင်္ကြန်နှင့်ပင် သင်္ကြန်ကျ၊ နှစ်သစ်ကူးကြ ကြောင်း လူကြီးမိဘများ ပြောဆိုဖူးသည်။

မက္ခရာဆရာတော်၏ မကာရန္တတွက်ရိုး စကားပြေကျမ်းတစ်စောင် အင်္ဂလိပ်အစိုးရ လက်ထက်က ပေါ်ခဲ့သေးသည်။ ဗေဒင်ဆရာကြီး ဦးသက္က ၏ ဗေဒလက်စွဲကျမ်း တတိယတွဲတွင် မကာရန္တတွက်ရိုးနှင့် သံဒိဋ္ဌတွက်ရိုးများကို တွက်နည်းများနှင့် တကွ လက်တွေ့တွက်ပြထားသည်။

မကာရန္တတွင် လဂ်တွက်နည်းနှင့် ရာဟုဂြိုဟ်တွက်နည်းများ အလွန်ကြမ်းလှသည်။ အတွင်းနာရီ၊ အပြင်နာရီများနှင့် ပဟိုရ်နာရီတိုင် ၈ တိုင်ထားပြီးတွက်စေကာမူ ဒေသန္တရမမှန်၊ အတွင်း၊ အပြင်နာရီများကို ခန့်မှန်းကာ ကိန်းသေလုပ်ထားခြင်း ကြောင့် ကြမ်းခြင်းဖြစ်သည်။ ရှေးစာဆိုတို့၏ ၁၂ ရာသီဖွဲ့ ကဗျာများတွင် ၁၂ လ၏ နေ့တာ၊ ညတာ၊ အချိန်နာရီများမှာ မမှန်ကန်။ မွန်းတည့်ဘ၀ါးကား မှားချင်တိုင်း မှားနေကြသည်။

မွန်းတည့်ဘ၀ါးကို မိဿရာသီမှ အစပြု၍ (စစ်၊ ကိုင်း၊ အ၊ နောက်၊ အုတ်၊ ကျောက်၊ ဆစ်၊ ရာ၊ မှတ်၊ သား၊ ပေ၊ လော့) ဟူသော ဆောင်ပုဒ်အရ နံသင့်ဂဏန်းများကို လက်ဝဲရစ် ၁၂ ရာသီအစေ့ချလျှင် မိဿမှာ ‘စစ်’ ကျ၍ မွန်းတည့်ဘ၀ါး ‘၃’ ရသည်။ တန်ခူးလအနေနှင့် အနီးစပ်ဆုံးမှန်သော်လည်း ပြိဿ၊ မေထုန်စသော ရာသီတို့၏ ဘ၀ါးများမှာ အလွန်မှားယွင်းသွား တော့သည်။ အမှားကို ပြင်ရန် မခက်လှပေ။ နှစ်ကာလအရှည် တည်တံ့စေခြင်းငှာ တနင်္ဂနွေ မန္ဒဥစ်၌ ၂ ရာသီ၊ ၁၇ အံသာ၊ ၁၇ လိတ္တာ ရှိရမည့်အစား၊ ၂ ရာသီ ၂၀ အံသာ ထားပြီးတွက်ခဲ့သည်။
   ရမည်းသင်းမြို့အရှေ့ ၅ မိုင်ကွာ၊ သိမ်ကုန်းရွာ၊ ဥယျာဉ်ကျောင်းဆရာတော် ဦးစာရိတ္တ၏ ဗေဒင်တွက်ရိုး ၁၈ စောင်တွဲတွင် မကာရန္တတွက်ရိုး လင်္ကာကျမ်း ပါလေသည်။ အမှားအချို့ကို ပြင်တန်သလောက် ပြင်ထား၏။ မကာရန္တ ပဋိလောမဗိုလ်တွက်နည်းကိုပါ ကိန်းဆင်ပြီးထည့်ပေးထားသဖြင့် ၇၉၈ ခုနှစ်မတိုင်မီ နှစ်များကိုပါ တွက်ယူနိုင်သဖြင့် တန်ဘိုးရှိလှသည်။


၂၊ ၅။ မြန်မာပြည်သို့ သူရိယသိဒ္ဓန္တကျမ်း ရောက်ရှိလာပုံ



            အမရပူရ ပထမမြို့တည် ဘိုးတော်ဘုရားလက်ထက်တွင် အိန္ဒိယမှ ဗေဒင်ကျမ်း၊ ဆေးကျမ်း အများအပြားရောက်ရှိ လာကြသည်။ ထိုအထဲတွင် သူရိယသိဒ္ဓန္တကျမ်းလည်း အပါအ၀င်ဖြစ်သည်။ ထိုထိုသက္ကဋကျမ်းများကို မောင်းထောင် ဆရာတော် က ပါဠိနိသျနှင့်မြန်မာဘာသာသို့ ပြန်ဆိုရသည်။ သူရိယသိဒ္ဓန္တကျမ်းကိုလည်း နိသျပြန်ဆိုရသည်။ မောင်းထောင် ဆရာတော် ပြန်ဆိုကြောင်းကို ၎င်း၏ အထ္ထုပ္ပတ္တိတွင်တွေ့ရသည်။ သို့သော် မြန်မာတွက်ရိုးကျမ်းများတွင် တစိုးတစိမှ မဖော်ပြ ကြချေ။

            မောင်းထောင်ဆရာတော်သည် ဘိုးတော်ဘုရားလက်ထက်တွင် သာသနာပိုင်ဖြစ်သည်။ ဘွဲ့မည် ရှင်ဉာဏ၊ ငယ်မည် မောင်မြတ်နေ၊ မောင်းထောင်ရွာသားတည်း။ ဘွဲ့ သုံးကြိမ်ရသည်။ ၁၁၄၄ တွင်လူထွက်သဖြင့် မောင်းထောင်လူထွက်ကြီးဟု တွင်၏။ လူထွက်သောအခါ ဘိုးတော်ဘုရားက မဟာဓမ္မသင်္ကြန်ဘွဲ့နှင့် မင်းတိုင်ပင်အမတ်ကြီး ခန့်သည်။ ချည်ပါရွာကို အပိုင်စားပေးသည်။ ဆေးကျမ်း၊ ဗေဒင်ကျမ်းနှင့် လောကုတ္တရာကျမ်းပေါင်းများစွာကို နိသျပြန်ဆိုခဲ့သည်။ ဗေဒင်တွက်ရိုး ဖက်ကဆိုလျှင် သူရိယသိဒ္ဓန္တ၊ သူရိယသိဒ္ဓန္တငယ် နှစ်မူခွဲ၊ ဘာသုတိ၊ သိဒ္ဓန္တရဟဿ၊ ဒါယဘာရသိဒ္ဓန္တ စသည်တို့နှင့် ဗေဒင် အဟောကျမ်းဖက်ကဆိုလျှင် ဗြို့ဟဇ်ဇာတက၊ ရာဇမတ္တဏ်၊ သရဒွေး၊ ဇောတိသုဇာတက၊ လဃုသင်္ဂဟ စသည်တို့ဖြစ်ကြ သည်။ သူရိယသိဒ္ဓန္တကျမ်းကို ပြန်ဆိုခဲ့ပါလျှက် မြန်မာတွက်ရိုးကျမ်းလောကတွင် တိမ်မြုပ်နေခြင်းကို မစဉ်းစားတတ်အောင် ဖြစ်ရသည်။

            ထို့နောက် အမရပူရ စတုတ္ထနန်းစံ၊ ပုဂံမင်းတရားကြီးလက်ထက်တွင် ဗာရာဏသီမှ ဘိသိက်တော်ဆက် ပုဏ္ဏား၊ ဘ၀ါနိဒိန်သည် ၀ိသွာနာထ ဆရာရေးသော သူရိယသိဒ္ဓန္တဋီကာနှင့်တကွ အခြား ဗေဒင်ကျမ်း၊ ဆေးကျမ်းများကို ယူဆောင် လာသည်။ သူရိယသိဒ္ဓန္တဋီကာကို ဘုရင်မင်းမြတ်အမိန့်တော်အရ သက္ကဋ နာဂရီဘာသာမှ မဂဓပါဠိနိသျနှင့် မြန်မာဘာသာ သို့ ညောင်ကန်ဆရာတော်ဦးစီးကာ သက္ကဋ၊ နာဂရီတတ်ကျွမ်းသော ပုဏ္ဏားပညာရှိ၊ မြန်မာမူးမတ်ပညာရှိများနှင့် ပြန်ဆိုရာ ၈ လ ကြာမှ ပြီးစီးသည်။

            ဘယ်မင်းလက်ထက်မှ မရောက်လာစဖူး၊ ဤမင်းလက်ထက်ကျမှ ဘုန်းကံထူးပြီး ရောက်လာရသော သူရိယသိဒ္ဓန္တ  ဋီကာအား ၎င်းဋီကာနိသျ၏ နိဒါန်းတွင် အဆမတန်ချီးမွမ်းခန်း ဖွင့်ထားလေသည်။ ၎င်းနိဒါန်းအကျယ်ကို ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီ လထုတ် နက္ခတ်ဗေဒင်ပညာမဂ္ဂဇင်းတွင် ကျွန်ုပ် (ပျဉ်းမနားဦးသန်းမောင်) ထုတ်ဖော်ရေးသားခဲ့ဖူးသည်။ ညောင်ကန် ဆရာတော်၏ တပည့်ရင်း နေမျိုးစည်သူကျော်ထင် နှင့် မင်းထင်သင်္ခယာ နှစ်ဘွဲ့ရ မြစ်စင်ဝန် ရွှေခဲရင်း လှေအုပ်သည် “၀ရကနက၊ နိက္ခဇာတိ၊ ထွန်းညိလျှံထိန်၊ လေးရောင်ရှိန်တွင်” အစချီကာ “သူရိယသိဒ္ဓန္တကျမ်းရင်း တွက်ပုံ လင်္ကာကျမ်း” ကို ရေးသားခဲ့၏။ လင်္ကာပေါင်း ၅၃ ပုဒ်၊ နိဂုံးလင်္ကာ ၅ ပုဒ်၊ သံပေါက် ၁၂ ပုဒ်တို့ ပါရှိသည်။

            သူရိယသိဒ္ဓန္တကျမ်းရင်းလင်္ကာကို ၁၂၁၁ ခု၊ သီတင်းကျွတ်လပြည့်၊ တနင်္ဂနွေနေ့ ၊ ပုဂံမင်းလက်ထက်တွင် ရေးစပ် ပြီးစီးသည်။ ဤကဲ့သို့ရေးရခြင်း အကြောင်းရင်းကိုလည်း နိဂုံး၏ င - ပုဒ်တွင် . . .

“ရုစာသုဓမ္မ၊ စာရလှိုင်းကြော်၊ နှိုင်းမမြော်သည်၊ နှမတော်မြတ်၊ ကြာနတ်စန္ဒီ၊ ထွန်းရောင်ညီသည်၊ သီရိပ၀ရ၊ တိလောက ရတနာ၊ မင်္ဂလာဒေ၀ီ၊ သိင်္ဂီဝင်းလျှပ်၊ ရွှေဘွဲ့တပ်သား၊ မြန်ရပ်ဇမ္ဗူ၊ လှိုင်ကြူပျံ့မွှန်း၊ ရွှေခွန်းမိန့်နှုတ်၊ ကမုဒ်ကြာသွင်၊ ပန်ဆင် မယွင်း၊ ထပ်ခါသွင်း၍၊ နေမင်းဟောညွှန်၊ ကျမ်းသိဒ္ဓန်ကို၊ ဝေဘန်အလွယ်၊ အကွယ်အကျဉ်း၊ မခဲယဉ်းသား၊ အလျှင်းသင့်မှန်၊ မျက်မြင်ပြန်၍၊ သိဒ္ဓာန်သံဒိဌ်၊ အဖုံးပိတ်လျှက်၊ ဗေဒိဿရ၊ ဉာဏလက်မွန်၊ ကျမ်းရင်းမှန်ကို၊ ဖန်ဖန်ဝေခွဲ၊ စွဲစိမ့်ရွှေလက်၊ ဦးတင် ဆက်သည်၊ လေ့ကျက်ဗိုလ်လူ၊ မှတ်ယူမယွင်း၊ ကုံလုံတည်း . . .” ဟု စပ်ဆိုထားသည်။

            နက္ခတ္တပညာကို ၀ါသနာနှင့်လေ့လာတတ်မြောက်သဖြင့် ထိုစဉ်က ပညာရှိများအလယ်တွင် တင့်တယ်လှသော သာယာဝတီမင်း၏ သမီးတော်၊ ပုဂံမင်း၏ နှမတော်၊ သီရိပ၀ရ တိလောကရတနာ မင်္ဂလာဒေ၀ီ က ရေးသားရန် အမိန့်ရှိသဖြင့် သူရိယသိဒ္ဓန္တကျမ်းရင်းလင်္ကာကို ရေးရခြင်းဖြစ်ကြောင်း သိရ၏။ ဤမင်းသမီးသည် မင်းတုန်းမင်း နန်းတက်သောအခါ မိဖုရားကြီးဖြစ်လာသည်။

            ရွှေခဲရင်းလှေအုပ်၏ သူရိယသိဒ္ဓန္တလင်္ကာမှာ သူရိယသိဒ္ဓန္တကျမ်းတစ်စောင်လုံးကို ဘာသာပြန်ကာ လင်္ကာရေးခြင်း မဟုတ်ပေ။ မြန်မာနက္ခတ္တဗေဒပညာအတွက် ဂြိုဟ်စင်တွက်နည်းများနှင့်တကွ အခြားသိသင့်သိထိုက်သော တွက်နည်းများကို ညွှန်ပြသော လင်္ကာများသာ ဖြစ်ကြသည်။ မစုံလင်သေး။ များစွာကျန်နေသေး၏။

            ညောင်ကန်ဆရာတော်၏ သူရိယသိဒ္ဓန္တဋီကာနိသျ၊ ရွှေခဲရင်းလှေအုပ်၏ သူရိယသိဒ္ဓန္တကျမ်းရင်းလင်္ကာတို့ ထွက်ပေါ် လာပြီးနောက် ညောင်ကန်ဆရာတော်၏ တပည့်ပင်ဖြစ်သော မြင်းစည် ကုက္ကိုလှရွာအုပ် နေမျိုးမင်းလှကျော်သူက အဆိုပါ လင်္ကာကျမ်းကိုမူတည်ပြီး သူရိယသိဒ္ဓန္တကျမ်းကြီး ဟု အမည်တပ်လျှက် မြန်မာစကားပြေသက်သက်နှင့် ရေးခဲ့ပြန်သည်။

            ကုက္ကိုလှရွာအုပ်သည် သူ၏ကျမ်းတွင် နိဒါန်းလည်းမေ၇း၊ စလျှင်စခြင်း “နေမင်းသည် သီရိသူရိယသိဒ္ဓန္တ အမည်ရှိ သောကျမ်းကို ကတယုဂ်တိုင်း၊ ကတယုဂ်တိုင်း တန်ခိုးရှိသော ရသေ့တို့အား ဟော၏။ ထိုဟောဆိုသော သူရိယသိဒ္ဓန္တကျမ်း ကို မယ အမည်ရှိသော အသူရာတောင်းပန်သဖြင့် နေမင်း၏ အစိပ်ဖြစ်သော ယောက်ျားမြတ်သည် ဤသို့ဟောဆို၏”  ဟု အစချီပြီး ကပ်ဆန်းသက္ကရာဇ်တွက်နည်းကို စကားပြေရေးလေတော့၏။ ရွှေခဲရင်းလှေအုပ်၏ လင်္ကာကို စကားပြေရေးသား ခြင်းသာ ဖြစ်သည်။ နိဂုံးလည်း မပါချေ။ နက္ခတ်တာရာများကို ဖော်ပြထားရာ သူရိယသိဒ္ဓန္တကျမ်းမှ နက္ခတ်တာရာများ မဟုတ်ပေ။ မြန်မာနက္ခတ်ပညာရ နက္ခတ် ၂၇ လုံး၊ အတွင်းတာရာကြီး ၉ လုံး၊ အပြင်တာရာ ၂၈ လုံး စသည်တို့ကိုသာ ဖော်ပြ ထားသည်။

            ၎င်းကျမ်းကို ယနေ့ထက်တိုင် လက်ကိုင်ပြုပြီး ၀ါသနာပါသော ရဟန်းရှင်လူတို့ တွက်ချက်နေကြပေသေးသည်။ ထိုကျမ်းသည် မြန်မာနက္ခတ္တဗေဒပညာ၏ အသက်တည်း။ ထိုကျမ်းအတိုင်းတွက်တတ်လျှင် မြန်မာပြည်မှာ အကျော်အမော် ဖြစ်ကာ လူပေါ်လူဇော်လုပ်နိုင်လေတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုကျမ်းထက်ကောင်းသော ကျမ်းမရှိ။ ညောင်ကန် ဆရာတော်၏ ဋီကာနိသျကား ပေစာထဲမှာသာ ရှိသည်။ တွေ့ဖူးသူ၊ ဖတ်ဖူးသူရှိမည်မဟုတ်။ ပိဋကတ်တိုက်အချို့မှတပါး မရှိ တတ်။ အလွန်ရှားပါးလှ၏။

              မြန်မာပြည်သို့ သူရိယသိဒ္ဓန္တနှင့် သူရိယသိဒ္ဓန္တဋီကာတို့ ရောက်လာပုံကို မင်းတုန်းမင်းလက်ထက် မဟာမင်းလှ သင်္ခယာဘွဲ့ရ တဘက်ဆွဲရွာစား ဦးမြရင်၏သား မြန်မာပြည်ဘုရင်ခံ ဂုဏ်ထူးစာတမ်းနှင့် ကြက်သရေဆောင် ရွှေနာရီဆု ရရှိသော ဗေဒင်ပညာရှိ ဦးလူကလေးက သံဒိဋ္ဌဋီကာ နိဒါန်းတွင် ဤသို့ရေးခဲ့၏။

            “သူရိယသိဒ္ဓန္တဗေဒင်ကျမ်းကြီး မြန်မာနိုင်ငံတော်သို့ ရောက်ခြင်းအကြောင်းကို ရေးပေအံ့။ အမရပူရ ပထမမြို့တည်၊ စန္ဒာမုနိစေတီတော် ဒါယကာ မင်းတရားကြီးလက်ထက်၊ ကာသိတိုင်း၊ ဗာရာဏသီပြည်မှ ဘိသိက်တော်ဆက် ပုဏ္ဏား ဘ၀ါနိဒိန် ဆောင်ယူဆက်သသော သီရိသူရိယသိဒ္ဓန္တဗေဒင်ကျမ်းကြီးကို သက္ကဋဘာသာမှ မဂဓဘာသာ၊ မြန်မာနိသျပြန်ဆို တော်မူရင်း ဉာဏ၀ဇီရသီရိသဒ္ဓမ္မ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်နာမံတော်ရှိသော ညောင်ကန်ဆရာတော်ဘုရားကြီးသည် သူရိယသိဒ္ဓန္တကျမ်းကြီးနှင့် အကျဉ်းတွက်ရန် သန္ဒိဋ္ဌဗေဒင်ကျမ်းကို အမရပူရ ဒုတိယမြို့တည် ဇောင်းကလော ကန်ဦး လောကမုနိစူဠာစေတီတော်ဒါယကာ မင်းတရားကြီးထံတင်သွင်းရာ မင်းတရားကြီးက ရှေးတွက်ရိုးဗေဒင်ကျမ်းများသည် တွက်ရအတိုင်း မျက်မြင်နှင့် ညီသည့်အခါလည်းရှိသည်၊ မညီသည့်အခါလည်း ရှိသည်။

ယခု ဆရာတော်ဘုရားကြီးက တွက်ရအတိုင်း မျက်မြင်နှင့် ညီညွတ်မှန်ကန်သော သူရိယသိဒ္ဓန္တကျမ်းကြီး၊ ထိုကျမ်းကြီးအတိုင်း ညီညွတ်မှန်ကန်သော သန္ဒိဋ္ဌ ဗေဒင်ကျမ်းများကို သက္ကဋဘာသာမှ မဂဓဘာသာ၊ မြန်မာနိသျ ရေးသား တင်သွင်းသည်ဖြစ်၍ ညောင်ကန်ဆရာတော် ဘုရားကြီးထံ ပညာရှိတို့ သင်ကြားကြရမည် အမိန့်တော်ရှိသည့်အတိုင်း ပညာရှိတို့ သင်ကြားကြသောကာလ ညောင်ကန်ဆရာတော်ဘုရားကြီး တပည့်ရင်း၊ အရပ်ရပ် တွက်ရိုး၊ ဗေဒင်ကျမ်းတို့ကို တတ်မြောက်၍ ကျော်စောထင်ရှားသော မြစ်စည်ဝန်၊ ရွှေခဲရင်းလှေအုပ် ပညာရှိအမတ်ကြီးသည် သူရိယသိဒ္ဓန္တကျမ်းလင်္ကာကို ရေးသားလေသည်။

            မန္တလေးမြို့တည် မဟာလောကမာရဇိန် စေတီတော် ဒါယကာ ပဉ္စမ သင်္ဂါယနာတင် မင်းတရားကြီးလက်ထက် ညောင်ကန်ဆရာတော်ဘုရားကြီး၏ တပည့် ပညာရှိ ကန္နီအတွင်းဝန် မင်းကြီးမဟာမင်းခေါင် သင်္ခယာသည် သူရိယသိဒ္ဓန္တ ကျမ်းဋီကာနှင့် သန္ဒိဋ္ဌကျမ်းလင်္ကာကို ရေးသား၍ နန်းမတော်မိဖုရားခေါင်ကြီးကို ဆက်သည်။”

            ၎င်းကျမ်း စာမျက်နှာ ၇၀ တွင်လည်း ဤသို့ ရေးပြန်၏။

“လောကမဏိစူဠာ စေတီတော် ဒါယကာ မင်းတရားကြီးလက်ထက်တွင် ဘိုးတော်မင်းတရားကြီး အထက် စေလွှတ်တော်မူရင်း ကာသိကရာဇ်တိုင်း၊ ဗာရာဏသီပြည်မှ ဘိသိက်တော်ဆက်ပုဏ္ဏား ဘ၀ါနိဒိန်သည် ဒုတိယဆောင်ယူ ဆက်သသော သူရိယသိဒ္ဓန္တဋီကာကျမ်းနှင့် နေကြတ်၊ လကြတ်တွက်သော သရ၀ိဇ္ဇောဒယကျမ်းများကို ဆောင်ယူဆက်သရာ၊ အထက် သူရိယသိဒ္ဓန္တကျမ်းကို ပြန်ဆိုတော်မူရင်း ဉာဏ၀ဇီရ သီရိသဒ္ဓမ္မ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်နာမံတော်ရှိသော ညောင်ကန်ဆရာတော်ဘုရားကြီးကို ပြန်ဆိုတော်မူပါ လျှောက်ထားပေရာ ရှစ်လနှင့် နာဂရီမူအရေးမှ၊ သက္ကဋ၊ မဂဓဘာသာ၊ မြန်မာနိသျ ပြန်ဆိုအပြီးရောက်သည်ကို ပေးအပ်တော်မူရာ မြန်မာပညာရှိ နာရီတော်မှူး၊ ရဲရမန်းရွာစားကြီး မဟာမင်းကျော် သင်္ခယာက နေကြတ်လကြတ်တွက်ရိုးများကို မြန်မာဘာသာသက်သက် ရေးသားဆက်သွင်းရမည် အမိန့်တော်အတိုင်း အလွန်နက်နဲ ခက်ခဲသိမ်မွေ့သော နေကြတ်၊ လကြတ်ကို တွက်ရာတွက်ကြောင်း ဖြစ်သော သရ၀ိဇ္ဇောဒယကျမ်းကို ရေးသား ဆက်သလေသည်။”

ကုက္ကိုလှရွာအုပ်၏ သူရိယသိဒ္ဓန္တကျမ်းကြီးတွင် နိဒါန်းနှင့် နိဂုံးများမပါရှိကြပေ။ ပုံနှိပ်ထုတ်ဝေသူတို့၏ နိဒါန်းကား ဤသို့တည်း။

“ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ပြည်ထောင်မင်းအဆက်ဆက်တို့ လက်ထက် အမြွက်မျှ မကြားဖူး၊ မရောက်ဖူး၊ အမရပူရ စတုတ္ထနန်းစံ ၊ဆဒ္ဒန်ဆင်မင်းသခင် ဘုရင်မင်းတရားကြီးလက်ထက် အဘိသိက်တော်ဆက် ပုဏ္ဏား ဘ၀ါနိဒိန်သည် ကာသိတိုင်း ဗာရာဏသီမြို့မှ ယူဆောင်ဆက်သ သဖြင့် ရွှေဘုန်းတော်မြတ်ကြောင့် ရရှိသော သူရိယသိဒ္ဓန္တကျမ်းကြီးနှင့် ၀ိသွာနာထဆရာ ရေးသားအပ်သော ၎င်းဋီကာတို့နှင့်အညီ စီကုံးဖွဲ့ဆိုအပ်သော ကျမ်းရင်း လင်္ကာအရ ပညာရှိ မြစ်စည်ကုက္ကိုလှရွာအုပ် နေမျိုးမင်းလှကျော်သူ စကားပြေသက်သက် တွက်ချက်ထုတ်နုတ် ရေးသားစီရင် အပ်သော ပထမ - ဒုတိယ - တတိယ ကဏ္ဍသုံးပိုင်းဟု ဆိုအပ်သော သူရိယသိဒ္ဓန္တကျမ်းကို ကျွန်ုပ်တို့ ပိဋကတ်တော် ပြန့်ပွားရေး ပုံနှိပ်တိုက်မှ ရိုက်နှိပ်ရာဝယ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပက္ခဒိန်ဆက်အဖွဲ့ အထက်ပိုင်း ပညာရှိစု ဥက္ကဌ၊ နက္ခတ်ဗေဒင်ပညာရှိ ဆရာကြီး ဦးကျော်ငြိမ်း တိုက်ရိုက်တည်းဖြတ်ပြင်ဆင်၍ စက်တင်ပုံနှိပ်ခြင်း ပြုပါသတည်း။”

            ၎င်းကျမ်းကား ယခင်ကျမ်းဟောင်းအတိုင်း ပြန်လည်ရိုက်နှိပ်ထုတ်ဝေသော ကျမ်းဖြစ်သည်။ တည်းဖြတ်သူ ဦးကျော်ငြိမ်း၏ အာဘော် အနည်းငယ်ကို သက်ဆိုင်ရာ စာမျက်နှာအောက်ခြေတွင် ဖော်ပြထားသည်။ ဤမျှအထိ ဖော်ပြခဲ့သော စကားရပ်တို့ကို သေချာစွာဖတ်ကြည့်ပါက ဘိုးတော်ဘုရားလက်ထက်က ဗာရာဏသီမှ ယူဆောင်ရောက်ရှိလာ သော သူရိယသိဒ္ဓန္တကျမ်းရင်းနှင့် ၎င်းကျမ်းကို နိသျပြန်ဆိုခဲ့သည်ဟု အဆိုရှိသော မောင်းထောင်ဆရာတော် အကြောင်းကို တစိုးတစိမျှ မဖော်ပြကြချေ။

            ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး အဆိုအတိုင်း ဘိုးတော်ဘုရားလက်ထက်တွင် ရောက်လာကြသော ဗေဒင်ကျမ်း၊ ဆေးကျမ်းများနှင့်အတူ သူရိယသိဒ္ဓန္တကျမ်း ပါလာသည်။ သို့သော် ပုဏ္ဏား ဘ၀ါနိဒိန် ယူဆောင်လာခြင်း မဟုတ်ပေ။ 



ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြိးမှ ထုတ်နှုတ်ချက်



            သောဠသတိုင်းပြည်များသို့ ကျမ်းဂန်စာပေ အဆောင်အယူခွဲ၍သွားသည့် ပုရောဟိတ်ပုဏ္ဏား ၀ါသိဋ္ဌဗြဟ္မာ၊ ရမ္မာဝတီ မြို့ဝန်၊ ရွှေတောင်သာဂရသူတို့လည်း ဓါတုဓိရတိ နိဗ္ဗာယနကျမ်း၊ ဇောတိသတ္ထ၊ သူရိယသိဒ္ဓန္တဗေဒင်ကျမ်း၊ ဘေသဇ္ဇနိဃဏ္ဍု ဆေးကျမ်း၊ ဂဇသျှတြဆင်လက္ခဏာကျမ်း၊ သူပိနနိဒ္ဒာရ အိပ်မက်ကျမ်း၊ ဓါတုပြသံသဆေးကျမ်း၊ အဆန်းအကြယ်ကို ဟောသော သျှဒွေးကျမ်း (သရဒွေး)။ တိတ်နိမိတ်ကိုဆိုသော ဂြဟသန္တီယတြာကျမ်းများနှင့် လက်ဆောင်တော်များကို ကာသိတိုင်း၊ ဗာရာဏသီမင်းက ပုရောဟိတ်ပုဏ္ဏား မဟာဒေ၀ဘတ်၊ မဟာနန္ဒဘာဘူဘတ်၊ သေရူနတ်နှင့် ပုဏ္ဏားကြီးနှစ်ကျိပ် ခြောက်ယောက်တို့ကို ကြပ်မစေပြီးလျှင် ရမ္မာဝတီမြို့ဝန်၊ ရွှေတောင်သာဂရသူတို့နှင့်အတူ ခြေတော်ဦးခိုက် အဆက်အသ ထည့်လိုက်၍ ပြန်ခဲ့သည်။

            မောင်းထောင်ဆရာတော် ထေရုပတ္တိတွင်သာ ဆေးကျမ်း၊ ဗေဒင်ကျမ်းများအနက် သူရိယသိဒ္ဓန္တကျမ်းကိုလည်း မောင်းထောင်ဆရာတော်ကပင် နိသျပြန်ဆိုသည်ဟု တွေ့ရ၏။ ဤအဆိုမှန်မမှန် သံသယဖြစ်ရပြန်သည်။ ရတနာပူရ စတုတ္ထမြို့တည် နန်းတည်၊ ဘကြီးတော်မင်းတရားလက်ထက် သက္ကရာဇ် ၁၁၉၄၊ ပြာသိုလပြည့်ကျော် ၄ ရက်နေ့တွင် မောင်းထောင်ဆရာတော် လူထွက်ကြီး၊ ချည်ပါရွာစား မဟာဓမ္မသင်္ကြန်ကွယ်လွန်သည်ကို ကောင်းမွန်စွာ သဂြိုဟ်သည်။ နိသျပြန်ဆိုရေးသားသော လောကီ၊ လောကုတ္တရာကျမ်းများကို ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီးတွင် အကျဉ်းချုပ် ဖော်ပြရာတွင် ဗေဒင်ကျမ်းများအနက် သရဒွေးခေါ် သရောဒယ၊ ဗြို့ဟဇ်ဇာတက နှင့် ရာဇမတ္တဏ်တို့ကိုသာ ဖော်ပြထားသည်။ ဗေဒင်တွက်ရိုးလောကတွင် အလွန်နာမည်ကြီးလှသော သူရိယသိဒ္ဓန္တကျမ်းအမည်ကို မဖော်ပြချေ။

            ညောင်ကန်ဆရာတော် နိသျပြန်ဆိုခဲ့သော သူရိယသိဒ္ဓန္တဋီကာ၏ နိဒါန်းတွင်လည်း မောင်းထောင်ဆရာတော်ပြန်ဆို သော သူရိယသိဒ္ဓန္တအကြောင်း မပါချေ။ မြန်မာမင်းအဆက်ဆက် လက်ထက်များ တစ်ကြိမ်တစ်ခါမှ မရောက်လာခဲ့ဖူးသော သူရိယသိဒ္ဓန္တဋီကာအကြောင်းကိုသာ ချီးကျူးရေးသားထားသည်။ ထို့ကြောင့် သူရိယသိဒ္ဓန္တကျမ်းကို မောင်းထောင် ဆရာတော်  နိသျပြန်မပြန်မှာ သံသယဖြစ်ဘွယ်တည်း။ ၎င်းပြင် သူရိယသိဒ္ဓန္တကျမ်းရင်းချည်း သပ်သပ်မရှိ။ ဋီကာနှင့်သာ ရှိသည်ဟု ထင်မိသည်။ ထိုမှတစ်ပါး ဗြို့ဟဇ်ဇာတကကို နိသျပြန်ဆိုသော ညောင်ကန်ဆရာတော်နှင့် သူရိယသိဒ္ဓန္တဋီကာကို နိသျပြန်ဆိုသော် ညောင်ကန်ဆရာတော်တို့မှာ တစ်ပါးတည်းမဟုတ်။ ညောင်ကန်ဆရာတော် တစ်ပါးစီသာ ဖြစ်သည်။ သံဒိဋ္ဌ ဋီကာဆရာ ဦးလူကလေး၏ အရေးအသားများမှာ ညောင်ကန်ဆရာတော် တစ်ပါးတည်းလိုလို ဖြစ်နေသည်။

            ဗြို့ဟဇ်ဇာတကကို နိသျပြန်ဆိုသော ညောင်ကန်ဆရာတော်ကား တတိယ ညောင်ကန်ဆရာတော်ဖြစ်သည်။ ၁၁၁၅ ခုဖွား၊ တနင်္လာသား၊ ဘွဲ့ - ဦးက၀ိန္ဒ၊ ဘိုးတော်ဘုရားလက်ထက်တွင် က၀ိန္ဒာဘိဝံသ၊ သီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဂုရု ဘွဲ့တံဆိပ်ကို ရရှိသည်။ ဗြို့ဟဇ်ဇာတကနိသျနှင့် ရာဇမတ္တဏ်နိသျတို့ကို ရေးသားခဲ့သည်။ ၁၁၈၃ ခုနှစ်၊ ဘကြီးတော်ဘုရား လက်ထက်တွင် ပျံလွန်တော်မူသည်။

            သူရိယသိဒ္ဓန္တဋီကာကို နိသျပြန်ဆိုသော ညောင်ကန်ဆရာတော်ကား ဒသမညောင်ကန်ဆရာတော် ဖြစ်သည်။ ဘွဲ့- ဦးဉာဏိန္ဒ၊ ဘိုးတော်ဘုရားလက်ထက် ၁၁၅၅ တွင် ဖွားမြင်သည်။ မင်းတုန်းမင်းလက်ထက် ၁၂၂၂ ခုနှစ်၊ တန်ဆောင်မုန်းလ တွင် ပျံလွန်တော်မူသည်။ ၎င်း၏ ထေရုပ္ပတ္တိတွင် သူရိယသိဒ္ဓန္တဋီကာနှင့် ၆၅ နှစ်အတွက် သံဒိဋ္ဌပြက္ခဒိန်ကို ရေးသားခဲ့သည် ဟု ဖော်ပြထားသည်။

            သာယာတတီမင်းနှင့် မင်းတုန်းမင်းတို့လက်ထက်တွင် သာသနာပိုင် ဒုတိယမောင်းထောင်ဆရာတော် ဦးဉေယျ တစ်ပါး ရှိခဲ့သည်။ သို့သော် လောကုတ္တရာကျမ်းများ ရေးသားခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဗေဒင်စသော လောကီကျမ်းများကို ရေးသားသော ဆရာတော် မဟုတ်ပေ။

            ဘိုးတော်ဘုရားလက်ထက်က ပထမ မောင်းထောင်ဆရာတော်သည် ဗြို့ဟဇ်နိသျနှင့် ရာဇမတ္တဏ်နိသျများကို ရေးသားခဲ့ရာ ပေစာများ အထင်အရှားရှိပေသည်။ ဗြို့ဟဇ်နိသျပုံနှိပ်မူလည်း ရှိခဲ့ဖူးသည်။ သူရိယသိဒ္ဓန္တနိသျကို ရေး-မရေးသာ လျှင် ပြဿနာဖြစ်နေသည်။ ရေးခဲ့လျှင် အဘယ်ကြောင့် မြန်မာတွက်ရိုးကျမ်းများတွင် ဖော်ပြကိုးကား ရေးသားခြင်းကို မပြုလုပ် ကြသနည်း။

            သူရိယသိဒ္ဓန္တဋီကာအကြောင်းကို ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီးတွင် တစ်စုံတစ်ရာမျှ မဖော်ပြချေ။ ဗာရာဏသီမှ ဘိသိက်တော်ဆက်အဖြစ် ရောက်လာသော ပုဏ္ဏားဘ၀ါနိဒိန်နှင့် အခြားပုဏ္ဏားများ ဘွဲ့ပေးခြင်းမျှလောက်ကိုသာ ဖော်ပြသည်ကို တွေ့ရ၏။

            ယခင်က မြန်မာပြည်တွင် မကာရန္တတွက်ရိုးနှင့်သာ တွက်ချက်လာခဲ့ကြရာ သူရိယသိဒ္ဓန္တကျမ်းမြန်မာပြည်သို့ ရောက်ရှိ၊ ကန္နီအတွင်းဝန်က သူရိယသိဒ္ဓန္တ ကျမ်းဋီကာနှင့် သန္ဒိဋ္ဌကျမ်းလင်္ကာကိုပြုစု။ မြစ်စည်ကုက္ကိုလှရွာအုပ်က စကားပြေ သို့ ပြန်ဆိုခဲ့ကြရာ ယခင်ကသုံးခဲ့သော မကာရန္တတွက်ရိုး၏ အမှားများကို တွေ့ရှိခဲ့ကြသည်။ ထိုအခါ သူရိယသိဒ္ဓန္တတွက်ရိုး အသုံးတွင်ကျယ်လာ၍ မကာရန္တတွက်ရိုးများ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ် သွားရလေတော့သတည်း။



၂၊ ၆။ သက္ကရာဇ်ဖြိုခြင်း



ပထမသက္ကရာဇ် ဖြိုကိန်း




စဉ်

မင်း

ဖြိုကိန်း

ဖြိုခဲ့သောနှစ်ပေါင်း


အာကာရဌမင်း

မဟာသုဒ္ဓ၀ယကိန်း

၁၁၄၉၇၈၅


ကုသမင်း

နာတိမဇ္ဇလဒံ္ဓ၀ိယကိန်း

၁၄၉၃၈၅၆၀


ဘိုးတော်အဉ္ဇနမင်း

မာဃစန္ဒေကိန်း

၈၆၄၅


အဇာတသတ်မင်း

ဒေ၀ိယကိန်း

၁၄၈


သုမုနြ္ဒီမင်း

ဒေါဒေါရသကိန်း

၆၂၂


ပုပ္ပါးစောရဟန်းမင်း

ခန်းဆပဉ္စကိန်း

၅၆၀


အင်းဝ မိုးညှင်းမင်း

အဌ၀နသတ္တကိန်း

၇၉၈

(မအောင်မြင်)



ဒုတိယသက္ကရာဇ် ဖြိုကိန်း (ကလိယုဂ်နှစ်ဆန်းမှ ဖြိုသော သက္ကရာဇ်များ)




စဉ်

မင်း

ဖြိုခဲ့သောနှစ်ပေါင်း


ဓမ္မရာဇာမင်း

၁၈၁၂


နန္ဒမင်း

၅၀၀


ဂေါဓမ္မမင်း

၄၀၀


သောကပါလမင်း

၃၆၀


မယူရမင်း

၁၀၇


ပုပ္ပါးစောရဟန်းမင်း

၅၆၀

ကလိယုဂ်နှစ်ပေါင်း

၃၇၃၉



            ပြက္ခဒိန်၏ မူရင်းကျမ်းဖြစ်သော သူရိယသိဒ္ဓန္တကျမ်းတွင် နှစ်များကို စတုယုဂ်နှစ်များဖြင့် ပိုင်းခြားဖော်ပြသည်။ စတုယုဂ်တစ်ခုတွင် ယုဂ်လေးပါးပါပြီး ယုဂ်တစ်ခုချင်းစီ၏ သက်တမ်းနှစ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။




စဉ်

ယုဂ်အမည်

နှစ်ပေါင်း


ကတယုဂ်

၁၇၂၈၀၀၀


တြေတာယုဂ်

၁၂၉၆၀၀၀


ဒွါပရာယုဂ်

၈၆၄၀၀၀


ကလိယုဂ်

၄၃၂၀၀၀

စတုယုဂ်နှစ်ပေါင်း

၄၃၂၀၀၀၀

           

မြန်မာပြက္ခဒိန်တွက်ရာတွင် အနည်းငယ်ရှုပ်ထွေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ လက်ရှိသုံးနေသော ပြက္ခဒိန်နှစ်များမှာ ဘိုးတော်အဉ္ဇနမင်း ဖြိုကြွင်းသက္ကရာဇ်များ(ပထမသက္ကရာဇ်ဖြိုကိန်း) ဖြစ်ပြီး သံဒိဌတွက်ကိန်းများနှင့် တွက်သောအခါ ကလိယုဂ်နှစ်များ (ဒုတိယသက္ကရာဇ်ဖြိုကိန်း) ကို ယူတွက်သည်။ အဘယ်ကြောင့်ဆိုသော် ပြက္ခဒိန်တွက်ကိန်း အားလုံးမှာ စတုယုဂ်နှစ်များကို အခြေခံထားသောကြောင့် ဖြစ်လေ၏။

            ဘိုးတော်အဉ္ဖနမင်းလက်ထက် ဒိဗ္ဗစက္ခုအဘိဉာဉ်ရ ဒေ၀ီလဆရာရသေ့နှင့်တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ် ၈၆၄၇ မှ ၂ နှစ် အကြွင်းထားကာ ၈၆၄၅ နှစ်ကိုဖြိုလိုက်သည်။ ထိုဖြိုကြွင်းသက္ကရာဇ်များကို “မဟာသက္ကရာဇ်” များဟု ခေါ်၏။ ဤသက္ကရာဇ် များမှာ ဘုရားရှင်၏ ဖြစ်တော်စဉ်ကို ဖော်ပြရာတွင်သုံးသည့် သက္ကရာဇ်နှစ်များဖြစ်လေသည်။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်တွင် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုအပြီး သုံးလအကြာတွင် အရှင်မဟာကဿပ ကြီးမှူး၍ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို စုစည်းရွတ်ဆိုသည့် ပထမ သင်္ဂါယနာတင်ပွဲ ကျင်းပသည်။ မာဂဓတိုင်း၊ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် အဇာတသတ်မင်းက ပစ္စည်းလေးပါးထောက်ပံ့သည်။ အဇာတသတ်မင်းသည် သာသနာတော်ကို ကြည်ညိုလှသဖြင့် သင်္ဂါယနာတင်သောနှစ်မှာပင် ရှိရင်း မဟာသက္ကရာဇ် ၁၄၈ ကိုဖြိုကာ လူတို့သုံးသောသက္ကရာဇ်နှင့် သာသနာနှစ်တူညီစေရန် သာသနာနှစ် ၁ ဟု အစပြုခဲ့သည်။

ထိုသာသနာနှစ်သည် မြန်မာပြည်သို့ရောက်ရှိလာခဲ့၏။ သို့သော် မည်သည့်အချိန်က မည်သို့မည်ပုံရောက်ရှိခဲ့မှန်း သမိုင်းအထောက်အထား တစ်စုံတစ်ရာ မတွေ့ရပါ။ သရေခေတ္တရာ ပျူခေတ်၊ ခရစ်နှစ် အေဒီ ၁ ရာစုခန့်တွင် အိန္ဒိယပြည် တောင်ပိုင်းမှ ဟိန္ဒူတို့သည် မြန်မာပြည်အောက်ပိုင်း ဒဂုံ၊ ပဲခူး၊ သထုံ စသည့်ဒေသများသို့လာရောက် အခြေချနေထိုင်ခဲ့ကြ၏။ ၎င်းတို့နှင့်အတူ ၎င်းတို့၏ အယူဝါဒ၊ စာပေတို့ကိုပါ သယ်ယူလာခဲ့ကြသည်။ ထို့ကြောင့် သက္ကရာဇ်နှစ် အသုံးအနှုံးသည်လည်း ထိုအိန္ဒိယနွယ်ဖွားများနှင့်အတူပါလာခြင်း ဖြစ်တန်ရာသည်။

သာသနာနှစ် ၆၂၄ ခုနှစ် (အေဒီ ၇၉) ရောက်သောအခါ သရေခေတ္တရာပြည် ၂၅ ဆက်မြောက်မင်းဖြစ်သော သုမုန္ဒရီမင်းလက်ထက်၌ နက္ခတ်ကိန်းခမ်းများ မညီညွတ်မှုကြောင့် ပြုပြင်ရန် ဒေါဒေါရသကိန်းဖြင့် လက်ရှိသာသနာနှစ် ၆၂၄ မှ ၂ နှစ်အကြွင်းထားကာ ၆၂၂ နှစ်ကို ဖြိုခဲ့သည်။ (ဒေါ = ၂၊ ရသ = ၆။ ဒေါဒေါရသ = ၆၂၂)

ဤဖြိုသောနှစ်နှင့်တစ်ချိန်တည်းမှာပင် အိန္ဒိယပြည်၌လည်း မယူရမင်းလက်ထက် နှစ်ပေါင်း ၁၀၇ ကိုဖြိုပြီး သာကနှစ် အစပြုခဲ့၏။ ဤသည်ကိုကြည့်လျှင် သရေခေတ္တရာခေတ်၌ ဗေဒင်နက္ခတ်ပညာရပ်များ အတော်ထွန်းကားနေပြီကို သိနိုင်ပါ သည်။ သို့ဖြစ်ရာ စာပေအနုပညာ၊ ဂဏန်းသင်္ချာများလည်း ထွန်းကားရမည်မှာ မလွဲပေ။ ပြက္ခဒိန်မှ တွက်ကိန်းများနှင့် မျက်မြင် နက္ခတ် ကိန်းခမ်းများမညီညွတ်ကြောင်း သိနိုင်ရန် နက္ခတ်တွက်ကိန်းများကို သေသေချာချာ ကျကျနနတွက်တတ်မှ ဖြစ်နိုင်ပါ သည်။ သို့သော်လည်း သရေခေတ္တရာခေတ် ပြူစာများ ရှာဖွေတွေ့ရှိမှုမှာမူ အလွန်နည်းပါးလှ၏။

သရေခေတ္တရာသက္ကရာဇ်များအတိုင်း ဆက်လက်ရေတွက်ခဲ့ရာ သရေခေတ္တရာသက္ကရာဇ် ၅၃၅ တွင် ပုဂံမင်းဆက် (၂၀) မြောက် ပုပ္ပါးစောရဟန်းမင်း နန်းတက်သည်။ သင်္ဃရာဇာမင်းဟူ၍လည်းကောင်း၊ ပါပစုတ်သား ဟူ၍လည်းကောင်း ခေါ်သေးသည်။ ပိဋကဋ်ဗေဒင် အထူးတတ်ကျွမ်းလှ၏။ ထိုမင်းနန်းတက်၍ ၂၇ နှစ်ကြာသောအခါ သက္ကရာဇ် ၅၆၂ တွင်  အကြွင်း ၂ နှစ်ထားကာ ခဆပဉ္စကိန်းဖြင့် နှစ်ပေါင်း ၅၆၀ ကို ဖြိုပြန်သည်။ ထိုနှစ်မှစကာ ပုဂံသက္ကရာဇ် ၂ ဟုစတင် ရေတွက်သည်။ ထိုသက္ကရာဇ်များသည်ကား ယခုလက်ရှိသုံးနေသော သက္ကရာဇ်နှစ်များပင် ဖြစ်ပါသည်။

သုမုနြ္ဒီမင်းလက်ထက်မတိုင်မီ နှစ်ပေါင်း ၂၀၇ အလို၊ သာသနာနှစ် ၄၂၄ ၌နန်းတက်သော သရေခေတ္တရာမင်းဆက် (၁၁) ဆက်မြောက် သီရိရာဇ်မင်းသည် ပုပ္ပါးမဏိ၊ ဣနြ္ဒိယ၊ ကိတ္တရိယ၊ စနြ္ဒိယ၊ သက္က၊ မဿ အမည်ရှိသော ဆရာ ခြောက် ယောက်တို့နှင့်တိုင်ပင်ကာ သက္ကရာဇ် ၄၀၃ ကို ဖြို၏။ ကိန်းလက်မမြောက်၍ မပြိုဟု အဆိုရှိသည်။

သရေခေတ္တရာ (၁၄) ဆက်မြောက်မင်းဖြစ်သူ ရန်မုက္ခကား ဗေဒင်လေးပုံကို အပြီးတိုင်တတ်မြောက်သည်ဟု ရာဇ၀င် များက ဆိုသည်။ (၁၇) ဆက်မြောက် ဘေရိန္ဒမင်းသည်လည်း မင်းသားဘ၀က တက္ကသိုလ်ပြည်သို့သွားရောက် ပညာသင်ကြား ခဲ့သဖြင့် ဗေဒင်၊ ဆေးဝါး၊ မန္တယားအတတ်ပညာတို့ အထူးတတ်ကျွမ်းလှသည် ဆို၏။ ဤသည်တို့ကို ထောက်ရှု၍ သရေခေတ္တရာခေတ်၌ ဗေဒင်ကိန်းခန်း၊ နက္ခတ်ပညာများ အထင်အရှားထွန်းကားခဲ့ကြောင်း ယုံမှားသံသယရှိရန် မလိုပါ။

            အင်းဝခေတ် (၈) ဆက်မြောက် မိုးညှင်းမင်းတရားသည် ပုဂံသက္ကရာဇ် ၇၈၇ တွင် နန်းတက်သည်။ သက္ကရာဇ် ၈၀၀ ပြည့်နှစ်သို့ရောက်လတ်သော် စကြိုသူမြတ်၊ မင်းကျောင်းသူမြတ်တို့နှင့် တိုင်ပင်ကာ အကြွင်း ၂ နှစ်ထားလျှက် နှစ်ပေါင်း ၇၉၈ နှစ်ကို ပသျှုဆိဒ္ဓမုနိကိန်းအဖြစ် ဖြိုရန်ကြိုးစားခဲ့သေးသည်။ သို့သော်လည်း တိုင်းသူပြည်သားတို့ လက်ခံသုံးစွဲခြင်း မပြုသဖြင့် သက္ကရာဇ်မပြိုဘဲ ရှိခဲ့သည်။ သက္ကရာဇ်ပင်မပြိုစေကာမူ ထိုဖြိုခဲ့သော အကြွင်း ၂ ကိုမူတည်တွက်ရသည့် မကာရန္တတွက်ရိုးသစ် ပေါ်ပေါက်ခဲ့သည်။ ထိုမကာရန္တတွက်ရိုးဖြင့်ပင် ပြက္ခဒိန်လုပ်ခြင်း၊ ဇာတာဖွဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြ၏။ ထို မကာရန္တတွက်ရိုးကို မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၂၉ ခုနှစ်ထိ သုံးစွဲခဲ့ကြသည်။ သက္ကရာဇ် ၁၂၃၀ မှစကာ မကာရန္တတွက်ရိုးကိုပယ်လျှက် သံဒိဌတွက်ရိုးသစ်ဖြင့် အစားထိုးသုံးစွဲလာခဲ့ကြရာ ယခုခေတ်တိုင်အောင်ပင်တည်း။

ထို့ကြောင့် -

ယခုလက်ရှိသက္ကရာဇ် + ၅၆၀ = သုမုနြ္ဒီသက္ကရာဇ်

            သုမုနြ္ဒီသက္ကရာဇ် + ၆၂၂ = သာသနာနှစ် ဖြစ်၏။

            သရေခေတ္တရာဖြိုကိန်း ၆၂၂ + ပုဂံခေတ်ဖြိုကိန်း ၅၆၀ = သာသနာနှစ် ၁၁၈၂

            ထို့ကြောင့် သာသာနာနှစ် = ကောဇာသက္ကရာဇ် + ၁၁၈၂

သံဒိဌကျမ်းအရ ဗေဒင်ကိန်းခန်းများတွက်ရာတွင်သုံးသော ကလိယုဂ်နှစ် = ကောဇာသက္ကရာဇ် + ၃၇၃၉

(၃၇၃၉ ပေါင်းရခြင်းကို ဒုတိယ သက္ကရာဇ်ဖြိုကိန်းတွင်ကြည့်ပါ။)

ဂေါစရ = => ကောဇာ (ဂေါစရ = လှည့်လည်သွားလာခြင်း)
 

No comments: