Monday, August 20, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၁၃)

 
၂၊ ၇။ ရှေးခေတ် ပြက္ခဒိန်များ


ပြက္ခဒိန်သည် လူတို့၏ နေ့စဉ်လူနေမှုဘ၀အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်၏။ ဘဏ်များသည် အတိုးနှုံး တွက်ရန် ပြက္ခဒိန်ကိုကြည့်ရသည်။ ကျောင်းများသည် ကျောင်းဖွင့်ရက်၊ စာမေးပွဲစစ်ရက်၊ ကျောင်းပိတ်ရက် စသည်တို့ကို ပြက္ခဒိန်ရက်စွဲများဖြင့် သတ်မှတ်ရသည်။ အလှူ၊ ဆွမ်းကျွေး၊ မင်္ဂလာဆောင်၊ မွေးနေ့ အစရှိသော လူမှုရေး လုပ်ငန်းများစွာ အတွက် ပြက္ခဒိန်မှ ရက်စွဲများသည် မရှိမဖြစ်လိုအပ်သည်။ ဘာသာရေးပွဲလမ်းသဘင်များ ကျင်းပသည့်အခါလည်း ကဆုန် လပြည့်နေ့၊ ၀ါဆိုလပြည့်၊ သီတင်းကျွတ်လပြည့် စသဖြင့် ပြက္ခဒိန်ကိုပင် ရည်ညွှန်းရသည်။

အစိုးရဌာနများသည်လည်း များစွာသော စီမံခန့်ခွဲရေးလုပ်ငန်းများ၊ စည်းဝေးပွဲများ၊ တရားရုံးများမှ ရုံးချိန်းများ စသည် တို့တွင် ပြက္ခဒိန်နှင့် ကင်းကွာ၍ မရစကောင်းပေ။ ထို့ကြောင့်ပင် ရှေးယခင်ခေတ်များကပင် ကမ္ဘာအရပ်ရပ်မှ လူသားတို့သည် မိမိနည်းမိမိဟန်ဖြင့် ပြက္ခဒိန်များကို တီထွင်ခဲ့ကြလေသည်။

            ရှေးခေတ်လူများသည် ပြက္ခဒိန်ကို ကြံဆတီထွင်ကြရာတွင် ကောင်းကင်၌ မြင်တွေ့နေရသော နေ၊ လ နှင့် နက္ခတ် တာရာများကို အခြေခံခဲ့သည်။ နေ့ရက်များ၊ လများ နှင့် ရာသီဥတုများအပေါ် အခြေခံ၍ ပြက္ခဒိန်ကို စီစဉ်ကြသည်။ ဤသို့တီထွင်ကြရာတွင်တစ်နေ့နှင့်တစ်ညကို တစ်ရက်၊ ကောင်းကင်မှ လမင်းကြီးစပေါ်လာချိန်မှ နောက်ထပ် တစ်ကြိမ် ထပ်မံပေါ်လာချိန်ထိကို တစ်လ စသဖြင့် သတ်မှတ်ကြသည်။ အစောပိုင်းကာလများ၌ ရက်အပိုင်းအခြားကို နေထွက်ချိန်မှ နောက်တစ်နေ့နေထွက်ချိန်ထိ သတ်မှတ်၏။ စက်နာရီများပေါ်လာသောအခါမှသာ တစ်ရက်ကို ပထမသန်းခေါင်မှ နောက် သန်းခေါင်ထိ သတ်မှတ်ခြင်း ဖြစ်သည်။ တစ်နှစ်အချိန်ကာလမှာ အတိအကျ သတ်သတ်မှတ်မှတ်မရှိသေး။ နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦး ဟူသော ရာသီများ တစ်ပတ်လည်ချိန်ကို တစ်နှစ်ဟု ခေါ်ဆိုသည်။

            ရာသီဥတုများမှာ နေသွားလမ်းကြောင်း ပြောင်းလဲသောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်။ လများကို သတ်မှတ် ရာတွင်မူ လမင်းကြီး၏သွားနှုံးကို မူတည်သတ်မှတ်သည်။ လသွားနှုံးနှင့် နေသွားနှုံးမှာ မတူရကား လ နှင့် နှစ်များ အလွဲလွဲ အမှားမှား ဖြစ်လာသည်။ လူတို့သုံးနေသော လများနှင့် ရာသီဥတုများ မကိုက်ညီတော့။ ဤသည်ကို နက္ခတ်ပညာရှင်၊ သင်္ချာ ပညာရှင်များက ညှိယူကြသည်။ ရာသီဥတုတစ်နှစ်မှာ ၃၆၅.၂၄၂၁၈၉၆၆၉၈ ရက်ရှိပြီး လက ကမ္ဘာကိုတစ်ပတ်ပတ်ရန် ကြာ ချိန်မှာ ၂၉.၅၃၀၅၈၈၈၅၃၁ ရက်ဖြစ်၏။ ရာသီဥတုတစ်နှစ်လျှင် လသွားနှုံးကိုအခြေခံသည့် လပေါင်း ၁၂.၃၆၈၂၆၆၃၉၂၇၅ လ ရှိသည်။ ထိုအခါ ရာသီဥတုတစ်နှစ်ပြည့်ရန် စန္ဒြမာသ တစ်နှစ်က ၁၀.၈၇၅၁၂၃၄၃၂၆ ရက် လိုနေသည်။ ထိုအခါ ထို လိုနေသောရက်များကို ထပ်မံဖြည့်ထည့်ရသည်။ တစ်နည်းအားဖြင့် အပိုတစ်လ ဆောင်းထည့်ရ၊ လထပ်ရသည်။

            အမှန်စင်စစ် ပြက္ခဒိန်သမိုင်းဆိုသည်မှာ ဤကဲ့သို့ နေသွား၊ လသွားကာလများကို ညှိယူသော သမိုင်းကြောင်းပင် ဖြစ်တော့၏။ ဂရိမြို့ပြနိုင်ငံများတွင် မိမိတို့ကိုယ်ပိုင် ပြက္ခဒိန်များရှိ၏။ မည်သည့်အချိန်တွင် လထပ်မည်ဆိုသည်ကို ဒေသ ဆိုင်ရာ အစိုးရအဖွဲ့က ဆုံးဖြတ်သည်။

            ဘီစီ ၅ ရာစုနှစ်တွင် ပေါ်ထွန်းခဲ့သော ဂရိနက္ခတ္တဗေဒပညာရှင် အေသင်မြို့သား မီတွန် (Meton of Athens – 5th Century BC) က ဘီစီ ၄၃၂ ၌ ယနေ့ မက်တောနစ် စက်ဝန်း (Metonic cycle) ဟု လူသိများသည့် ၁၉ နှစ်လထပ်ကိန်းကို တီထွင်ခဲ့သည်။ သူ၏ တွက်ကိန်းအရ သူရိယမာသ ၁၉ နှစ်၏ သာဝနရက်များသည် စန္ဒြမာသ ၂၃၅ လရှိရက်များနှင့် ညီ၏။ ထိုရက်များကို ရက်ပြည့်ဖွဲ့လိုက်ပါက ၆၉၄၀ ရက် ရသည်။ ၁၉


ရက်ပေါင်း ၆၉၄၀ သည် ၁၉ နှစ်ဖြစ်သဖြင့် တစ်နှစ်မှာ (၆၉၄၀ ÷ ၁၉ = ၃၆၅.၂၆၃၁၅၇၈၉၄) ရက်ရသည်။ ထို့ကြောင့် ရာသီဥတုတစ်နှစ်ဖြစ်သော ၃၆၅.၂၄၂၁၈၉၆၆၉၈ ရက်နှင့် အနည်းငယ်ကွာသည်။ ထို့ပြင် ၁၉ နှစ်၌ (၁၉ x ၁၂ = ၂၂၈) လ ရှိရာ စန္ဒြမာသ ၂၃၅ လက ၇ လ ပိုနေသည်။ ထို ၇ လမှာ အပိုဆောင်းပေးရမည့်လများ (လထပ်ခြင်း) ဖြစ်၏။ သို့တိုင် ထိုခေတ်က အာယနကို မတွေ့ရှိသေးချေ။ ထို့ကြောင့်လည်း နက္ခတ်နှင့်နှင့် ရာသီဥတုနှစ်တို့၏ ကွာခြားချက်ကိုလည်း ထည့်မတွက်နိုင်ခဲ့ချေ။ ထိုအခါ ပြည့်စုံမှန်ကန်သော မက်တောနစ်စက်ဝန်းကို မတီထွင်နိုင်ခဲ့။

            သင်္ချာတွက်ကိန်းများအရ ဖော်ပြရသော် ၁၉ -

            ရာသီဥတု ၁၉ နှစ်  = ၆၉၃၉.၆၀၂ ရက် (၁၂ x ၃၅၄ ရက် + ၇ x ၃၈၄ + ၃.၆ ရက်)

            စန္ဒြမာသ ၂၃၅ လ = ၆၉၃၉.၆၈၈ ရက်

            နက္ခတ်လ ၂၅၄ လ = ၆၉၃၉.၇၀၂ ရက် (၁၉+၂၃၅)


            ၁၉ နှစ်လထပ်ကိန်းမှာ အိန္ဒိပြည်မှတစ်ဆင့် မြန်မာပြည်သို့ ရောက်လာခဲ့သည်။ ၁၉ နှစ်လထပ်ကိန်း၏ တွက်နည်းမှာ သက္ကရာဇ်ကိုတည်၊ ၁၉ ဖြင့်စား။ ပုပ္ပါးစောရဟန်းမင်း ခဆပဉ္စဖြိုပြီးသော သက္ကရာဇ် ၁ မှ စ၍ စားကြွင်း ၂၊ ၅၊ ၈၊ ၁၀၊ ၁၃၊ ၁၆၊ ၁၈ ကြုံသောနှစ်များ၌ လထပ်ရမည်ဖြစ်သည်။ သက္ကရာဇ် ၇၂၃ အင်းဝခေတ်မှသည် သက္ကရာဇ် ၁၂၁၆ အမရပူရခေတ်အထိ စားကြွင်း ၂၊ ၅၊ ၇၊ ၁၀၊ ၁၂၊ ၁၅၊ ၁၈ ကြုံသောနှစ်များ၌ လထပ်ခဲ့၏။ ဤကဲ့သို့ နှစ်ပေါင်း ၆၀၈ နှစ်ကျော် စားကြွင်းကို မပြင်ဘဲ ကိန်းသေလထပ်ခဲ့ခြင်းကြောင့် ဝေါဟာရလပြည့်၊ လကွယ်များသည် သဘာဝ လပြည့်၊ လကွယ်များနှင့် မညီညွတ်တော့ချေ။ ၁၉ နှစ်လထပ်ကိန်း၏ အခြေခံမူမှာ အဓိမာသ်ပြိုကိန်းနှင့် အတူတူပင်ဖြစ်၏။

            ဤလထပ်ကိန်းကို အခြေခံကာ ဘီစီ ၃၃၀ ၌ ဂရိနက္ခတ်နှင့် သင်္ချာပညာရှင် ကလစ်ပတ်စ် (Callippus - 370BC ~ 300BC) က ၇၆ နှစ် လထပ်ကိန်း (Callippic Cycle) ကို ထပ်မံတွက်ချက် ထုတ်ပြန်လိုက်သည်။ ထို လထပ်ကိန်း၌ ၁၉ နှစ် လထပ်ကိန်း ၄ ကြိမ် ပါသည်။ ထိုကိန်းစဉ်အရ သူရိယမာသ ၇၆ နှစ် သည် စန္ဒြမာသလပေါင်း ၉၄၀ သို့မဟုတ် သာဝနရက် ၂၇၇၅၉ ရက်တို့နှင့် ညီမျှသည်။ သို့သော်လည်း သူ့နည်းမှာ အတိအကျမှန်သည်တော့ မဟုတ်။ နှစ်ပေါင်း ၁၂၈ နှစ်ကြာတိုင်း တစ်ရက်လွဲသည်။ အဘယ်ကြောင့်ဆိုသော် သူက တစ်နှစ်တွင် ၃၆၅.၂၅ ရက်ရှိသည်ဟု ယူဆခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တစ်နှစ်လျှင် ပုံမှန်ရှိရမည့်ရက်ထက် ၁၁.၂၄ မိနစ်ပိုရှည်နေသည်။ ပြောကြစတမ်းဆိုလျှင် မက်တောနစ်စက်ဝန်း ထက်ပင် ပိုဆိုးနေချေသေး၏။ ၂၀

            ဂရိနက္ခတ်၊ မြေတိုင်းနှင့် သင်္ချာပညာရှင် ဟစ်ပါးခဲ့စ် (Hipparchus: 190BC ~ 120BC) ကား သင်္ချာပညာလောက တွင် တြီဂိုနိုမေတြီကို စတင်တီထွင်သူဖြစ်သလို မော်ဒန်နက္ခတ္တဗေဒ၏ ဖခင်ကြီးလည်းဖြစ်သည်။ သူ၏အရေးကြီးဆုံး တွေ့ရှိချက်မှာ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အာယန (နက္ခတ်စက် ရွေ့လျားမှု) ဖြစ်သည်။ ဤအရွေ့မှာ ၇၂ နှစ်လျှင် ၁ ဒီဂရီ ဖြစ်၏။ ထို့ကြောင့် နှစ်ပေါင်း ၂၆၀၀၀ ကြာလျှင် မူလနေရာသို့ ပြန်ရောက်လာမည်။ (အာယနအကြောင်း ကို ၁၊ ၇။ အာယနအံသာ တွင် အပြည့်အစုံဖော်ပြခဲ့ပြီး ဖြစ်ပါသည်။) ထိုမျှသာမက နေကြတ်ခြင်းကို ကြိုတင်ဟောကိန်း ထုတ်နိုင်သော ပထမဦးဆုံး နက္ခတ္တဗေဒပညာရှင်လည်း ဖြစ်သည်။

            ၎င်းက သာယနနှစ်ပေါင်း ၃၀၄ နှစ်သည် စန္ဒြမာသပေါင်း ၃၇၆၀ (သာဝနရက်ပေါင်း ၁၁၁၀၃၅) နှင့် ညီသည်ဟု တွက်ပြခဲ့၏။

            ၎င်းဖော်ထုတ်ခဲ့သောနည်းကို တွက်ကြည့်ပါမည်။


               
သူရိယမာသ နှစ်ပေါင်း
၃၀၄
x
၃၆၅.၂၅၈၇၅၆
=
၁၁၁၀၃၈.၆၆၁၈၂၄
ရက်
စန္ဒြမာသလပေါင်း
၃၇၆၀
x
၂၉.၅၃၀၅၈၈
=
၁၁၁၀၃၅.၀၁၀၈၈
ရက်

ဝေါဟာရမာသ ၃၀၄ နှစ်တွင် -
               
သာမန်နှစ်
၁၉၂
x
၃၅၄
=
၆၇၉၆၈
ရက်
ဝါထပ်နှစ်
၁၁၂
x
၃၈၄
=
၄၃၀၀၈
ရက်
ရက်ငင်




၅၉
ရက်
စန္ဒြမာသရက်ပေါင်း
=
၁၁၁၀၃၅
ရက်

            ထို့ကြောင့် ထိုလထပ်ကိန်းတွင် ဝေါဟာရမာသ ၃၀၄ နှစ်အတွင်း သာမန်နှစ် ၁၉၂ နှစ်၊ ၀ါငယ်ထပ်နှစ် ၅၃ နှစ်၊ ၀ါကြီးထပ်နှစ် ၅၉ နှစ်ရှိမည်။ ၃၀၄ နှစ်မှ ၁၆ မိနစ်ခန့်သာကွာသဖြင့် အတော်အားကိုးရသော ကိန်းဖြစ်ပါသည်။ မည်သည့် အချိန်များတွင် လထပ်မည်နည်းဆိုသည်မှာ လထပ်စည်းကမ်းများပေါ် မူတည်ပါသည်။
၁။ အဓိမာသ်ပြိုသောနှစ်၌ လထပ်သော် တင်ကြို၍ လထပ်ခြင်းမည်၏။
၂။ အဓိမာသ်ပြိုပြီး နောက်တစ်နှစ်တွင်လထပ်သော် ပြိုပြီးမှ လထပ်ခြင်းမည်၏။

၂၊ ၇၊ ၁။ ရှေးအီဂျစ်ပြက္ခဒိန်

            ရှေးအီဂျစ်လူ့အဖွဲ့အစည်းကား အံ့သြဘွယ်ရာများနှင့် ပြည့်နှက်လျှက်ရှိသည်။ ယဉ်ကျေးမှုမှာ ထိပ်တန်းရောက်ခဲ့၏။ ရှေးခေတ်အီဂျစ်သည် ပိရမစ်ကြီးများ၊ စဖင့်ကြီးများနှင့်အတူ ပြက္ခဒိန်အမွေအနှစ်ကိုပါ ကျွန်ုပ်တို့အားပေးခဲ့၏။ ဘေဘီလုံသား၊ ဂရိနှင့် ရောမပညာရှင်တို့နှင့် မတူစွာပင် အီဂျစ်တို့က ၎င်းတို့၏ ပြက္ခဒိန်ကို နေသွားလာမှု တစ်ခုတည်းပေါ်တွင်သာ အခြေပြု ခဲ့ကြသည်။ နိုင်းမြစ်၏ နှစ်စဉ်ရေလျှံမှုကြောင့် ဖြစ်ပေါ်လာသော နုံးတင်မြေနုများက အီဂျစ်တို့အား စိုက်ပျိုးရေးကို ကောင်းစွာ ဖြစ်ထွန်းစေခဲ့၏။ ရှေးအီဂျစ်ပြက္ခဒိန်ကို ဘီစီ ၄၂၃၆ မှစတင်တီထွင် သုံးစွဲခဲ့သည်ဟု ဆိုပါသည်။
            အီဂျစ်ပြက္ခဒိန်ကား ရိုးစင်းသည်။ တစ်နှစ်တွင် ရက်ပေါင်း ၃၀ ရှိသောလပေါင်း ၁၂ လရှိပြီး ထို ၁၂ လအပြင် နှစ်ကုန် ပိုင်း၌ ၅ ရက်အပိုဆောင်းပေးသည်။ ထို ၅ ရက်သည်ကား အီဂျစ်တို့၏ နတ်ဘုရားများ မွေးနေ့ဖြစ်ပြီး နှစ်စဉ်ပွဲလမ်းသဘင်များ ကျင်းပကြသည်။ ထို့ကြောင့် အီဂျစ်ပြက္ခဒိန်တွင် တစ်နှစ်၌ ၃၆၅ ရက် ရှိသည်။ အီဂျစ်များသည်ကား ကျွန်ုပ်တို့ကဲ့သို့ ရက်ငင်ခြင်းအလုပ်များမလုပ်ပဲ ထိုအတိုင်းသာ ရိုးရှင်းစွာ လက်ခံကျင့်သုံးခဲ့ကြသည်။ သို့သော် ဤသို့ရက်မငင်ခြင်းအတွက် ၎င်းတို့ပြက္ခဒိန်သည် ရာသီဥတုနှင့် မကိုက်ညီ။ တဖြည်းဖြည်းရွေ့လျှက်ရှိကြောင်းကိုမူ လက်ခံခဲ့ကြသည်။ ထိုအချိန်က တနင်္ဂနွေ၊ တနင်္လာစသော နေ့အမည်များမရှိသေးချေ။ တစ်ပတ်လျှင် ၁၀ ရက်ရှိသော ဒီကိတ် ၃ ခုလျှင် တစ်လဟု သတ်မှတ်၏။ ရာသီဥတုကို သုံးပိုင်းပိုင်းထားသည်။ တစ်ရာသီလျှင် ၄ လရှိ၏။ ဥတုသုံးပါးမှာ ရေတက်ရာသီ၊ ကောက်စိုက် ရာသီ၊ ကောက်သိမ်းရာသီ တို့ဖြစ်ကြသည်။
            အီဂျစ်တို့က ၎င်းတို့ပြက္ခဒိန်ကို သဘာဝတရားနှင့် ချိန်ကိုက်ရာတွင် ခွေးကြယ်ကြီး နေမထွက်မီ စတင်ပေါ်ထွက်လာ သည့်ရက်နှင့် ချိန်ကိုက်ကြသည်။



ဂျူလီယန်ပြက္ခဒိန်မပေါ်မီအချိန်ထိ လနှင့်နှစ်များကို ပုံသေသတ်မှတ်သုံးစွဲသည့် လူထုသုံး ပြက္ခဒိန်ဟူ၍ အီဂျစ် ပြက္ခဒိန်တစ်ခုသာ ပေါ်ခဲ့ဖူးသည်။

            အီဂျစ်ပြက္ခဒိန်ကို ပြင်ဆင်ပြီး တိုင်းပြည်အတွင်းသုံးစွဲရန် တော်လမီ ၃ (Ptolem III Euergetes) က ဘီစီ၂၃၈ တွင် အမိန့်ထုတ်ပြန်ကြေငြာခဲ့သော်လည်း လူထုက မလိုက်နာခဲ့သဖြင့် မအောင်မြင်ခဲ့ဟု ဆိုပါသည်။ ၂၅



 ၂၊ ၇၊ ၂။ နုမာ ပြက္ခဒိန်


            ရောမတို့က သူတို့၏ ပြက္ခဒိန်ကို ရိုမျူလပ်စ် (Romulus ) က ၇၅၃ဘီစီ တွင် စတင်တီထွင်ခဲ့သည်ဟု ယုံကြည်ကြ သည်။ အီဂျစ်ပြက္ခဒိန်မှလွဲ၍ ရှေးရောမပြက္ခဒိန်မှာ ဂရိမြို့ပြနိုင်ငံသုံး ပြက္ခဒိန်ကဲ့သို့ပင် လသွားနှုံးပေါ် အခြေခံသော ပြက္ခဒိန် ဖြစ်သည်။ နေသွားနှုံးနှင့် လသွားနှုံးမှာ မတူသဖြင့် လထပ်ပေးရသော နှစ်များရှိ၏။ ဤပြက္ခဒိန်တွင် တစ်နှစ်၌ ၁၀ လ ရှိသည်။ လအမည်များမှာ မာတီးယုစ်၊ ဧပရယ်လစ်စ်၊ မေ၊ ဂျူနီယုစ်၊ ကွင်းတီးလစ်၊ ဆက်စ်တီးလစ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (Martius, Aprilis, Maia, Junius, Quintilis, Sextilis, September, October, November, December) တို့ဖြစ်ကြသည်။ နောက်မှ ဇန္န၀ါရီ နှင့် ဖေဖော်ဝါရီ (Januarius and Februarius) ကို ထပ်ထည့်ခြင်း ဖြစ်၏။ ရောမပြက္ခဒိန်၏ ပထမလမှာ မတ်လ ဖြစ်သည်။ ကွင်းတီးလစ်မှ ဒီဇင်ဘာထိ လက်တင်ဘာသာနှင့် ၅ မှ ၁၀ ထိ ဂဏန်း အရေအတွက်များဖြစ်၏။ ကွင်းတီးလစ် နှင့် ဆက်စ်တီးလစ်မှလွဲ၍ ကျန်လအမည်များကို နှစ်ပေါင်း ၂၅၀၀ ကျော်ကြာအောင် မပြောင်းမလဲ သုံးစွဲလာခဲ့ကြသည်။ ၂၂

            ယနေ့ခေတ်နှင့်မတူစွာပင် ရောမတို့သည် ၎င်းတို့၏ ပြက္ခဒိန်ရက်များအား ပုံသေရက်သုံးခု ဖြစ်သည့် Kalends, Nones, နှင့် Ides တို့ကို ရည်ညွှန်းရေတွက်သည်။ Kalends ဟူသည် မြန်မာလို လဆန်း ၁ ရက်ဖြစ်၏။ သို့သော် ကောင်းကင် တွင် လ ကို စ မမြင်ရသေး။ အကယ်တန်တု လကွယ်ဟုပင် ယူဆနိုင်ပါသည်။ Nones မှာ မြန်မာလို လဆန်း ၈ ရက် ဖြစ်မည် ထင်ပါသည်။ Ides ကတော့ လပြည့်ဖြစ်၏။ ကောင်းကင်တွင် လ၀န်းကြီး လုံးဝပြည့်နေသောရက် ဖြစ်၏။ ထို့ကြောင့် Kalends ကာလမှာ လပြည့်မှ လကွယ်ထိ ဖြစ်သဖြင့် အကြာဆုံးကာလဖြစ်၏။ ၂၃  

            တစ်လရှိရက်များကို အတိအကျသတ်မှတ်ပြီးသည့်နောက် ထို ပုံသေရက် သုံးခုကိုလည်း ပုံသေသတ်မှတ်လိုက် သည်။ ၃၁ ရက်ရှိသောလများဖြစ်သည့် မတ်၊ မေ၊ ကွင်းတီးလစ်၊ အောက်တိုဘာလတို့တွင် Ides ရက်မှာ ၁၅ ရက်နေ့ ဖြစ်၏။ ကျန် ၂၉ ရက်ရှိသောလများတွင်မူ ထိုနေ့ကို ၁၃ ရက်နေ့ ဟု သတ်မှတ်သည်။ Ides ရက်များမှာ (လဆန်း ၈ ရက်မှ လပြည့် နေ့ထိ) စုစုပေါင်း ၈ ရက်ဖြစ်၏။ Nones ရက်များမှာ (Kalends မှ Nones ထိ) ၄ ရက်မှ ၆ ရက် ဖြစ်သည်။ Kalend ရက်များ မှာ ၁၆ ရက်မှ ၁၉ ရက်ထိ ရှိပါသည်။ ၂၃

ရောမတို့သည်ကား အလွန်အယူသီးသူများဖြစ်ကြ၏။ သူတို့က မ, ဂဏန်းများမှာ ကံကောင်းစေသော ဂဏန်းများ ဖြစ်ပြီး စုံဂဏန်းများမှာ ကံမကောင်းစေသော ဂဏန်းများဖြစ်သည်ဟု အယူရှိ၏။ ထို့ကြောင့် လအားလုံးကို မ, ဂဏန်းများချည်း ထားရာ ရောမပြက္ခဒိန်မှာ အောက်ပါအတိုင်းဖြစ်၏။

လအမည်
တစ်လရှိရက်
မတ်လ (မာတီးယုစ်)
၃၁
ဧပြီလ (ဧပရယ်လစ်စ်)
၂၉
မေလ
၃၁
ဇွန်လ (ဂျူနီယုစ်)
၂၉
ကွင်းတီးလစ်လ
၃၁
ဆက်စ်တီးလစ်လ
၂၉
စက်တင်ဘာလ
၂၉
အောက်တိုဘာလ
၃၁
နိုဝင်ဘာလ
၂၉
ဒီဇင်ဘာလ
၂၉


            အစပိုင်းတွင် ရောမပြက္ခဒိန်မှာ ဤဆယ်လသာရှိသည်။ ကျန်အချိန်များမှာ အလွန်အေးပြီး ဆီးနှင်းများ ဖုံးလွှမ်းနေ သဖြင့် လုပ်ငန်းဆောင်တာများမလုပ်နိုင်သောကြောင့် ပြက္ခဒိန်အတွင်း ထည့်သွင်းရေတွက်ခြင်းမပြု။ ထိုရက်များမှာ အတည် တကျမရှိ။ အုပ်ချုပ်သူမင်းများ၏ သဘောအတိုင်း အစီအစဉ်ပြုရသည်။

             ရိုမျူလပ်စ်ကို ဆက်ခံသည့် ဒုတိယရောမဘုရင် နုမာပွန်ပီလီယပ် (Numa Pompilius – 715BC ~ 673BC) က ဘီစီ ၇၁၃ ခုခန့်တွင် မူလရှိသော ဆယ်လ၌ နောက်ထပ် ဇန္န၀ါရီ နှင့် ဖေဖော်ဝါရီ (January and February) ၂ လ ထပ်ထည့်လိုက် သည်။ ထိုအခါ မူလက ၅၊ ၆၊ ၇၊ ၈ စသဖြင့် အစဉ်လိုက်ရေတွက်လာခဲ့သော (နိုဝင်ဘာ = ၉၊ ဒီဇင်ဘာ = ၁၀) တို့မှာ ၎င်းတို့၏ နံပါတ်ကို ကိုယ်စားမပြုတော့ဘဲ ရွေ့လျားသွားတော့၏။ သို့သော် ယခင်ပေးခဲ့သော နာမည်များကို ပြင်ဆင်ခြင်း မပြုဘဲ ယခုထက်တိုင် ဆက်လက်သုံးစွဲလာခဲ့ကြသည်။ (၂၂)(၂၃)

            နုမာဘုရင်က တစ်နှစ်တွင် ၃၅၄ ရက်ရှိစေလိုသည်။ ထို့ကြောင့် မူလပြက္ခဒိန်တွင် ၅၁ ရက် ထပ်တိုးလိုက်၏။ သို့သော် အယူသီးလှသော ရောမလူမျိုးများက ပြက္ခဒိန်လများကို မ, ဂဏန်းများသာ ထားလိုသည်။ ထိုအခါ ဖေဖော်ဝါရီလမှလွဲ၍ ကျန်လများကို မ,ဂဏန်းများဖြင့် စီစဉ်လိုက်သည်။ နုမာပြက္ခဒိန်သည် အောက်ပါအတိုင်း လေးနှစ်တွဲပြက္ခဒိန် ဖြစ်၏။ (၂၂)(၁)

ဖေဖော်ဝါရီလတွင် နှစ်ပိုင်းရှိ၏။ ပထမပိုင်းမှာ ၂၃ ရက်ရှိပြီး ဒုတိယပိုင်းမှာ ၅ ရက်ရှိသည်။ ရာသီဥတုနှစ်များနှင့် ညီညွတ်စေရန် လထပ်သောအခါ ထို ဖေဖော်ဝါရီလ၏ အပိုင်းနှစ်ခုအကြား ထပ်လိုက်၏။ လထပ်သောနှစ်များတွင် တစ်နှစ်၌ ၃၇၇ သို့မဟုတ် ၃၇၈ ရက်ရှိ၏။
           
တစ်လတွင်ရှိသော ရက်များ
လအမည်
ပဌမနှစ်
ဒုတိယနှစ်
တတိယနှစ်
စတုတ္ထနှစ်
မှတ်ချက်
ဇန်န၀ါရီလ
၂၉
၂၉
၂၉
၂၉

ဖေဖော်ဝါရီလ
၂၈
၂၃
၂၈
၂၄

ဒု ဖေဖော်ဝါရီလ
-
၂၇
-
၂၇
လထပ်နှစ်
မတ်လ
၃၁
၃၁
၃၁
၃၁

ဧပြီလ
၂၉
၂၉
၂၉
၂၉

မေလ
၃၁
၃၁
၃၁
၃၁

ဇွန်လ
၂၉
၂၉
၂၉
၂၉

ကွင်းတီးလစ်လ
၃၁
၃၁
၃၁
၃၁

စက္ကတီးလစ်လ
၂၉
၂၉
၂၉
၂၉

စက်တင်ဘာလ
၂၉
၂၉
၂၉
၂၉

အောက်တိုဘာလ
၃၁
၃၁
၃၁
၃၁

နိုဝင်ဘာလ
၂၉
၂၉
၂၉
၂၉

ဒီဇင်ဘာလ
၂၉
၂၉
၂၉
၂၉

တစ်နှစ်ရှိရက်ပေါင်း
၃၅၅
၃၇၇
၃၅၅
၃၇၈
၁၄၆၅


၂၊ ၇၊ ၃။ ဂျူလီယန် ပြက္ခဒိန် ၂၄

            ရောမပြက္ခဒိန်ကို ဂျူလိယက်ဆီဇာ (Julius Caesar : July 100BC ~ 15 March 44BC) က ၄၆ဘီစီ တွင် ပြင်ဆင် ခဲ့သည်။ ၎င်းပြင်ဆင်ခဲ့သော ပြက္ခဒိန်ကို ဂျူလီယန်ပြက္ခဒိန် (Julian Calendar) ဟု ခေါ်ပြီး ၄၅ဘီစီ မှသည် ၂၀ရာစုတိုင်အောင် တိုင်းပြည်တော်တော်များများ၌ သုံးစွဲခဲ့ကြသည်။
ရောမကဗျာဆရာ လုကန်က ငြိမ်းချမ်းရေးအတွက် ကျင်းပသော စားသောက်ပွဲတစ်ခုတွင် ဂျူလီယက်ဆီဇာ အား ယူဒိုးဆပ်စ် (Eudoxus of Cnidus: 408BC ~ 347BC) ၏ပြက္ခဒိန်ထက် ပိုမိုကောင်းမွန်တိကျသော ပြက္ခဒိန်တစ်ခု ပြုလုပ်ရန် အကြံပေးသည်။ ယူဒိုးဆပ်စ် ဆိုသူမှာ အခြားမဟုတ်။ တစ်နှစ်တွင် ရက်ပေါင်း ၃၆၅ ၁/၄ ရက် ရှိကြောင်းတွက်ပြနိုင်ခဲ့သော ပလေတို၏တပည့်ရင်း၊ ဂရိ နက္ခတ်နှင့်သင်္ချာပညာရှင် ဖြစ်၏
            သို့သော် ဆီဇာမှာအီဂျစ်စစ်တပ်များ၏ အကြိမ်များစွာ တိုက်ခိုက်မှုကို အပြင်းအထန်ခံခဲ့ရသဖြင့် ဤကိစ္စကို အကောင် အထည်မဖော်နိုင်။ အီဂျစ်၏ ထိုးနှက်မှုကို အောင်ပွဲခံပြီးနောက် နိုင်းမြစ်တစ်လျှောက် ကလီယိုပါထရာနှင့် ၄၇ဘီစီ၊ ဇွန်လ တိုင်းပြည်မှမထွက်ခွာမီထိ အပျော်ခရီးထွက်လိုက်သေးသည်။
            ထို့နောက် ရောမသို့ ၄၆ဘီစီ တွင်ပြန်လာခဲ့ပြီး ထိုအချိန်က ရောမတွင် အတော်ဆုံး ဒဿန နှင့် သင်္ချာပညာရှင်ဟု ကျော်ကြားသူ ပလူတာ့ခ် (Plutarch) က ဆီဇာကို အမှားမှားအယွင်းယွင်းဖြစ်နေသော ပြက္ခဒိန်ကို ပြန်လည်ပြင်ဆင်ရန် အကြံပြုခဲ့သည်။ ၂၄


ဂျူလီယန်ပြက္ခဒိန်ဖြစ်လာစေရန် အဓိက ဒီဇိုင်းရေးဆွဲခဲ့သူမှာ ဂရိနက္ခတ္တဗေဒနှင့် သင်္ချာပညာရှင် စိုဆီဂျင်းနစ် (Sosigenes of Alexandria; 1st century BC) ဖြစ်၏။ ရောမပြည်တွင်းစစ် (၄၉ဘီစီ မှ ၄၅ဘီစီထိ) ပြီးသွားသောအခါ ဆီဇာသည် အကွဲကွဲအပြားပြား၊ အမှားမှားအယွင်းယွင်းဖြစ်နေသည့် ပြက္ခဒိန်များကို စုစည်းကာ ပြည့်စုံမှန်ကန်သော ပြက္ခဒိန်တစ်ခုကို ရောမလက်နက်နိုင်ငံတော်တွင် သုံးစွဲနိုင်ရန် ကြိုးပမ်းခဲ့သည်။  

            စိုဆီဂျင်းနစ်၏ အကြံပြုချက်ဖြင့် အီဂျစ်တို့၏ နေပြက္ခဒိန် (solar calendar) ကို ဆက်လက်သုံးစွဲခဲ့သည်။ သို့သော် ပိုနေသော ရက်တစ်စိတ်ကို ပြန်လည်ချိန်ညှိရန် လေးနှစ်တစ်ကြိမ် ရက်ထပ်သည်။ ဤပြက္ခဒိန်ကို ဂျူလီယန်ပြက္ခဒိန်ဟု ခေါ်ခဲ့ပြီး ၄၅ဘီစီ မှ စတင်သုံးစွဲခဲ့သည်။ ၂၆

သို့သော် စိုဆီဂျင်းနစ်၏ အယူအဆလွဲမှားမှုကြောင့် အစပိုင်းရက်များတွင် လေးနှစ်တစ်ကြိမ် ရက်ထပ်ခြင်းမဟုတ်ပဲ သုံးနှစ်တစ်ကြိမ် ရက်ထပ်သည်။ သြဂပ်စတပ် (Augustus Caesar : 23 Sept, 63BC ~ 19 Aug, 14AD) လက်ထက်ကျမှ လေးနှစ်တစ်ကြိမ်ရက်ငင်ရန် ပြင်ဆင်ခဲ့သည်။ စိုဆီဂျင်းနစ်သည် ပြက္ခဒိန်နှင့်ပတ်သက်၍ ကျမ်းသုံးစောင် ပြုစုခဲ့သော်လည်း ထိုကျမ်းစာများကို မည်သူမှ ရှာမရခဲ့ဟု သိရပါသည်။ ၂၆

 (မှတ်ချက်။         ။ ၀ီကီပိဒိယတွင် အထက်ပါအတိုင်း ဖော်ပြထားသော်လည်း ဤတွင်ဖော်ပြထားသည့် ပုဂ္ဂိုလ်များမှာ သံသယရှိစရာ ဖြစ်ပါသည်။ လုကန်ကို ရှာကြည့်ရာတွင် အေဒီ၃၉ မှ အေဒီ၆၅ အတွင်း ဟုဖော်ပြထားသည်။ ပလူတာ့ခ် မှာ အေဒီ ၄၆ မှ မွေးခဲ့သူဖြစ်၏။ ဂျူလီယက်ဆီဇာမှာ ဘီစီ ၄၄ တွင်သေဆုံးခဲ့သည်ဖြစ်ရာ ၎င်းသေပြီးနောက်မှ ပေါ်လာသူများက ဆီဇာကို အကြံပေးသည်ဆိုခြင်းမှာ မှားယွင်းနေသော အချက်ဖြစ်ပါသည်။ နာမည်တူဖြစ်နေလျှင်တော့ မပြောတတ်ပါ။ သို့သော်လည်း ထို Internet Link များမှာလည်း ထိုဝီကီပိဒိယမှာပင် ပေးထားသော လင့်ခ်များဖြစ်သဖြင့် မစဉ်းစားတတ် အောင် ဖြစ်ရပါသည်။ ဤကား စကားချပ်။)


နှစ်များကို ချိန်ညှိခြင်း ၂၄


            စနစ်တစ်ခုမှတစ်ခုသို့ပြောင်းခြင်းသည် လွယ်ကူလှသောကိစ္စမဟုတ်။ လူဟူသည် အစွဲအလမ်းကြီးတတ်သော သဘာဝ ရှိသည့်အလျောက် ခေတ်ဟောင်းစနစ်ဟောင်းကို ဖက်တွယ်ထားလိုသူတို့ များစွာရှိပေလိမ့်မည်။ ဆီဇာတို့လူစုသည် လည်း ထိုခေတ်ဟောင်းသမားများ လက်ခံလာအောင် များစွာသောတွက်ချက်မှုများပြု၍ သက်သေပြရပေလိမ့်မည်။

            အရေးကြီးဆုံးမှာ ပြက္ခဒိန်အသစ်ကို မည်သည့်နေရာမှစတင်မည်နည်း ဟူသည့်အချက်ဖြစ်၏။

            မှားယွင်းနေသောနှစ်များကို ပြန်လည်ချိန်ညှိခြင်းအား ၄၆ဘီစီ ခုနှစ်ကို အသုံးပြုခဲ့သည်။ ထိုနှစ်အား ဇန္န၀ါရီ ၁ ရက်မှ ပင်အစပြုခဲ့၏။ ယခင်က တစ်နှစ်လျှင် ၃၅၅ ရက်သာ ထားခဲ့သဖြင့် ပျောက်ဆုံးနေသောရက်များကို တွက်ချက်ကာ ဤနှစ်တွင် အစားထိုးပေးခဲ့သည်။ မူလအားဖြင့်ပင် ဤနှစ်သည် လထပ်နှစ်ဖြစ်သဖြင့် ပုံမှန် ၃၅၅ ရှိရမည့်အစား (ဖေဖော်ဝါရီ တစ်လ တိုးကာ) ၃၇၈ ရက် ရှိသောနှစ်ဖြစ်နေ၏။ (အထက်ပါ နုမာပြက္ခဒိန်ဇယားမှ စတုတ္ထနှစ်တွင်ကြည့်ပါ။) လိုနေသေးသော ၆၇ ရက်ကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများအကြားတွင် Intercalaris Prior နှင့် Intercalaris Posterior ဟု အမည်ပေးပြီး နှစ်လထပ်ထည့်လိုက်သည်။ (သို့သော် Undecimber နှင့် Duodecimber ဟုလည်း အခြားနေရာများတွင် ခေါ်သေးကြောင်း သိရပါသည်။)

            သို့ဖြင့် ၄၆ဘီစီ သည် ရက်ပေါင်း ၄၄၅ ရက်ကြာရှည်ကာ “မရေရာမှုတို့၏ နောက်ဆုံးနှစ် (Last Year of Confusion)” အဖြစ် စနစ်ဟောင်းပြက္ခဒိန်၏ အခန်းကဏ္ဍ နိဂုံးကမ္မသတ် အဆုံးသတ်လိုက်ပါတော့သည်။ ဂျူလီယန် ပြက္ခဒိန် သစ်သည် ၄၅ဘီစီ မှစတင်ခဲ့၏။



လများကို ချိန်ညှိခြင်း


ဂျူလီယန်ပြက္ခဒိန်၏ အခြေခံမှာ တစ်နှစ်တွင် ၃၆၅.၂၅ ရက် ရှိသည်ဟု ယူဆခြင်းဖြစ်၏။ တစ်နှစ်တာကာလမှာ ၃၆၅.၂၅ ရက်ထက် အနည်းငယ်ပင် လျော့နည်းသော်လည်း ထိုမိနစ်ပိုင်းကို ထည့်သွင်းမစဉ်းစားဘဲ တွက်ရလွယ်စေရန် လေးနှစ်လျှင် တစ်ရက်တိုးခြင်းဖြင့် ပြက္ခဒိန်ကို စီစဉ်ခဲ့သည်။ နှစ်တစ်နှစ်တွင် ရောမပြက္ခဒိန်မှ ယူခဲ့သော ၁၂ လ အတိုင်း ထားကာ တစ်နှစ်တာကာလကိုမူ ၃၆၅ ရက် အဖြစ်ပြင်ဆင်သုံးစွဲခဲ့၏။ တစ်နှစ်တွင် စွန်းနေသော ရက်တစ်စိတ်အတွက် လေးနှစ်ပြည့်တိုင်း ဖေဖော်ဝါရီလတွင် တစ်ရက်တိုးပေးသည်။ ၂၄

ထိုအခါ ဂျူလီယန်ပြက္ခဒိန်မှာ အောက်ပါအတိုင်း ဖြစ်လာသည်။


ရှေးအီဂျစ်ပြက္ခဒိန်
ဂျူလီယန် ပြက္ခဒိန်
အမှတ်စဉ်
လအမည်
ရက်
လအမည်
ရက်
ဇန်န၀ါရီလ
၂၉

ဇန်န၀ါရီလ
၃၁
ဖေဖော်ဝါရီလ
၂၈

ဖေဖော်ဝါရီလ*
၂၈
မတ်လ
၃၁

မတ်လ
၃၁
ဧပြီလ
၂၉

ဧပြီလ
၃၀
မေလ
၃၁

မေလ
၃၁
ဇွန်လ
၂၉

ဇွန်လ
၃၀
ကွင်းတီးလစ်လ
၃၁

ဇူလိုင်လ
၃၁
စက္ကတီးလစ်လ
၂၉

သြဂုတ်လ
၃၁
စက်တင်ဘာလ
၂၉

စက်တင်ဘာလ
၃၀
၁၀
အောက်တိုဘာလ
၃၁

အောက်တိုဘာလ
၃၁
၁၁
နိုဝင်ဘာလ
၂၉

နိုဝင်ဘာလ
၃၀
၁၂
ဒီဇင်ဘာလ
၂၉

ဒီဇင်ဘာလ
၃၁
တစ်နှစ်ရှိရက်ပေါင်း
၃၅၅
တစ်နှစ်ရှိရက်ပေါင်း
၃၆၅
မှတ်ချက်။        ။ * ရက်ငင်နှစ်၌ ဖေဖော်ဝါရီလတွင် ၂၉ ရက်ရှိသည်။


            ရက်များကို ချိန်ညှိပြီးနောက် ယခင်က ဖေဖော်ဝါရီတွင် လထပ်သည့်စည်းမျဉ်းကိုလည်း ပယ်ဖျက်လိုက်သည်။ ထိုအစား ၄ နှစ်တွင် ဖေဖော်ဝါရီ၌ တစ်ရက်တိုးသည့်စနစ်ကို ကျင့်သုံးခဲ့၏။ သို့တိုင်အထက်တွင်ဖော်ပြခဲ့သလို အစပိုင်းနှစ်များ က ၄ နှစ်တစ်ကြိမ်ရက်ထပ်ခြင်းမဟုတ်ဘဲ ၃ နှစ်တစ်ကြိမ် ရက်ထပ်ခဲ့ကြသည်။ ထိုသို့သုံးလာခဲ့ပြီး ၃၆ နှစ်ကြာသည့်အခါမှ ရက်ထပ်နှစ်များ များနေသည်ကို သတိပြုမိကာ ပြန်လည်စိစစ်တွက်ချက်ကာ ပိုထပ်မိသော ရက်များကို ပြန်လည် ချိန်ညှိရန် ၁၂ နှစ်အတွင်း ကြုံရသည့်ရက်ထပ်နှစ်များကို ရက်မထပ်စေဘဲ သာမန်နှစ်များအတိုင်းထားခဲ့သည်။ ထိုမှနောက်ပိုင်းတွင် လေးနှစ်တစ်ကြိမ်ရက်ထပ်ခဲ့သည်။ ၂၄


လအမည်များပေးခြင်း


            နှစ်များ၊ ရက်များကို ပြန်လည်ချိန်ညှိသကဲ့သို့ ရောမတို့သည် လအမည်အချို့ကိုလည်း ပြောင်းခဲ့သည်။ ပြက္ခဒိန်သစ် ဖြစ်လာစေရန် လုံ့လပြုခဲ့သည့် ဂျူလီယက်ဆီဇာကို ဂုဏ်ပြုသောအားဖြင့် ကွင်းတီးလစ်လ (Quintilis) ကို ဇူလိုင်လ (Iulius) (July) ဟု ၄၄ဘီစီ တွင် အမည်ပြောင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆီဇာ၏ မွေးလမှာ ကွင်းတီးလစ်လ ဖြစ်သောကြောင့် တည်း။

ဆက်စ်တီးလစ်လ (Sextilis) ကို သြဂုတ်လ (Augustus)(August) ဟု ၈ဘီစီ တွင် အမည်ပြောင်းခဲ့သည်။ ထိုလ သည်ကား သြဂပ်စတပ် အထွတ်အထိပ်ရောက်ရေးအတွက် အလွန်ထင်ရှားလှသော အဖြစ်အပျက်များ ဖြစ်ခဲ့သောကြောင့် ဖြစ်သည်ဆို၏။

ထိုမျှသာမကသေး။ ဂျူလိုင်နှင့် သြဂုတ်လများ အမည်ပြောင်းသည်ကိုအားကျလျှက် အခြားသူများစွာတို့သည်လည်း လ အမည်များကို မိမိတို့အမည်၊ မိမိတို့၏ မိခင်၊ ဘခင်တို့အမည်များအဖြစ် ပြောင်းလဲရန်ကြိုးစားကြသေးသည်။ သို့သော် လည်း မအောင်မြင်သောကြောင့်သာ ၎င်းတို့အမည်များကို ကျွန်ုပ်တို့ ယခုမမြင်ရခြင်း ဖြစ်သည်။

အေဒီ၃၇ တွင် Caligula က စက်တင်ဘာလကို သူ့အဖေ၏အမည် Germanicus ဟု လည်းကောင်း၊ အေဒီ ၆၅ တွင် Nero က ဧပြီလကို Neroneus၊ မေလကို Claudius၊ ဇွန်လကို Germanicus ဟု လည်းကောင်း၊ အေဒီ ၈၄ တွင် Donitian က စက်တင်ဘာလကို Germanicus၊ အောက်တိုဘာလကို Domitianus စသဖြင့် များစွာသော ဘုရင်တို့သည် လအမည်များကို ပြောင်းလဲရန် ကြိုးစားကြ၏။ သို့သော် သူတို့ပြောင်းသောလအမည်များမှာ သူတို့သေဆုံးသည်နှင့် ပျက်ပြယ်သွားခဲ့ကြသည်။၂၄


ဆက်ပါဦးမည်။



အေးငြိမ်း

၂၀ သြဂုတ်၊ ၂၀၁၂ ည ၁၁း၂၁ နာရီ

No comments: