Thursday, November 24, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၃)

 
တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၇


(၄၇) ချင်းပြည်နယ်မှ ပြန်လည်ထွက်ခွာလာကြခြင်း


            ၂၀၀၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း၌ ကန်ပက်လက်မြို့တွင်း လျှောက်ကြည့်ကြပါသည်။ ထို့နောက် ကျောင်းသို့ပြန်လာပြီး ဦးပဉ္စင်းများ၊ ကျောင်းသားကလေးများနှင့် စုပေါင်းဓါတ်ပုံရိုက်ကြပါသည်။ ဦးမြမောင်းတို့အိမ်တွင် နေ့လည်စာစားကြသည်။ အပြန်ခရီးအတွက် ဥက္ကဌကြီးက သူ့မာဇဒါဂျစ်ကားကလေးကို မောင်းသူနှင့်တကွ ထည့်ပေးလိုက်၏။ သို့နှင့် နေ့လည် ၁ နာရီတီးသော် အားလုံးကို နှုတ်ဆက်ပြီး ကန်ပက်လက်မှ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

            မိုးမှာအဆက်မပြတ်ရွာနေသည်ဖြစ်ရာ ကျွန်တော်တို့လည်း တောင်ကျချောင်းများအတွက် ရင်တမမ ဖြစ်နေရပါ၏။ ထင်သည့်အတိုင်းပင် တောင်အဆင်းရေကျော်များ၌ ရေအတော်များနေပြီကို တွေ့ရသည်။ ကားဆရာမှာမူ ဒါမျိုးတွေ ရိုးနေပြီ ထင်ပါ၏။ ဒလဟော ထိုးကျနေသော ချောင်းများကို အတင်းဖြတ်မောင်းလေရာ ကျွန်တော်တို့မှာ သမ္ဗုဒ္ဓေကိုသာ နင်းကန်ရွတ် နေရပါတော့သတည်း။

            သို့သော် ကားမှာ ဂျစ်ကားဖြစ်သည်ကတစ်ကြောင်း၊ အင်ဂျင်မှာလည်း အတော်ကောင်းသေးသည်ကတစ်ကြောင်း တို့ ကြောင့် သည်တောလမ်းကြမ်းကို အခက်အခဲမရှိဖြတ်ကျော်နိုင်ခဲ့ပါသည်။ လမ်းတွင် အောက်မှတက်လာသော ဆောက်လုပ် ရေး ကားကြီးတစ်စီးနှင့်တွေ့ရာ သူတို့က ကစွန်းမချောင်းမှာ ရေပင်နည်းသေးသော်လည်း သဲကျွံနေပြီဖြစ်သဖြင့် အထူးဂရုစိုက် မောင်းကြရန် သတိပေးသွားသဖြင့် ကျေးဇူးတင်ရပါ၏။ ကျွန်တော့်မှာတော့ အတော်ရင်ထိတ်လှပြီဖြစ်ပါသည်။ လမ်း၌ အချို့သော ချောင်းငယ်ကလေးများမှာ ရေအတော်များနေသဖြင့် ရေအကျကိုစောင့်ပြီး ဖြတ်ကြရသည်ဖြစ်ရာ ကစွန်းမသို့ ရောက်သော် ည ၇ နာရီတီးနေပြီဖြစ်၏။

            ရောက်ရောက်ချင်းပင် ချောင်းသို့ရေအခြေအနေသွားကြည့်ကြရာ ရေမှာ အရမ်းမများလှသည့်တိုင် ရေစီး အလွန် သန်လှပါသည်။ ကျွန်တော်တို့ ချောင်းထဲသို့ဆင်းကြည့်သော် ခြေထောက်အောက်မှ သဲများမှာ ရေစီးနှင့်မျောပါ သွားလေရာ ကြာကြာရပ်လို့ပင်မရ။ သို့နှင့် အန္တရာယ်များလှသော သည်အခြေအနေကို အမိုက်ခံမစွန့်စားပဲ ရေအကျကို စောင့်၍ စိတ်ချလက်ချကူးကြရန် ဆုံးဖြတ်ပြီး ရွာမှ ထမင်းဆိုင်၌ပင် ညစာစားရင်း ရေစောင့်ကြပါသည်။ ည ၉ နာရီခန့်တွင် တစ်ခေါက်သွားကြည့်ကြပြန်ရာ ရေမှာ ပိုများလာသည်ကိုတွေ့ရသဖြင့် အနီးရှိဘုန်းကြီးကျောင်း၌ ဆရာတော်ကို ခွင့်တောင်းလျှက် ဖြစ်သလို ညအိပ်လိုက်ကြရပါသည်။ ရေမချိုးရတာ ၃ ရက်ရှိပြီ။

            နောက်နေ့မနက်တွင် နံနက်စာစားသောက်ပြီး ၈ နာရီခန့်၌ နေလည်းအနည်းငယ်လက်လာသည်နှင့် ချောင်းသို့သွား ပြီး စနည်းနာကြပြန်သည်။ ရေမှာသိပ်မလျော့သေး။ ကျွန်တော်တို့က မဖြတ်ချင်သေး။ သို့သော် ကားဆရာက ကြိုးစား ကြည့်တာပေါ့ဗျာ ဆိုပြီး တအိအိနှင့် ကားကိုချောင်းလည်သို့ မောင်းချသွား၏။ ရေလည်သို့ရောက်သော် သဲနစ်တော့၏။ ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရနှင့် အတော်ဂွကျကုန်ပါတော့၏။

            အရေးထဲမှ ညက ချောင်းရေအကျကို မစောင့်နိုင်ပဲ ဖြတ်ကူးသူ ၃ ဦးအနက် တစ်ဦးမှာ ရေစီးနှင့်မျောပါပြီး ပျောက်နေသဖြင့် လိုက်ရှာကြရာ ကျွန်တော်တို့ကား သဲနစ်နေသည့်နေရာမှ မလှမ်းမကမ်း အောက်ဖက်နားတွင် ခြုံနှင့်ငြိကာ မှောက်လျက်သား သေဆုံးနေသည်ကို တွေ့ကြရ၏။ ထိုအနီးတ၀ိုက်တွင် လူများ စုရုံးစုရုံးရှိချေရာ ကျွန်တော်လည်း ထိုသူ များထံသွားပြီး ကားဝိုင်းတွန်းပေးပါရန် မေတ္တာရပ်ခံရ၏။ ချစ်စရာကောင်းလှသော ကျွန်တော်တို့ မြန်မာလူမျိုးများသည်ကား ဘာမှ အထွန့်တက်မနေဘဲ ကျွန်တော်တို့ကားလေးကို ကုန်းပေါ်ရောက်သည်ထိ နောက်ကြောင်းပြန်ပြီး ၀ိုင်းတွန်းပေးကြ ပါသည်။

            ကျွန်တော်လည်း ဖြစ်နိုင်မည့်နည်းလမ်းများကို လိုက်လံစုံစမ်း မေးမြန်းရ၏။ ထိုအခါ ဤရွာအနီးတွင် ကားများကို ဆွဲပေးနေကျ သစ်လုံးမ,သည့် ကားကြီးတစ်စီး သစ်စခန်းတွင်ရှိကြောင်း၊ သူတို့ကို အကူအညီတောင်းလျှင် ရနိုင်ကြောင်း သိရသဖြင့် အချိန်ဆွဲမနေဘဲ သစ်စခန်းရှိရာ ချီတက်ခဲ့ကြ၏။ ထိုသူများက ယခုရေနှင့် မလွယ်ကြောင်း နေ့လည် ၁၁ နာရီခွဲ လောက်ကျလျှင်တော့ ရေအခြေအနေကြည့်ကာ ဆွဲပေးမည်ဖြစ်ကြောင်း ပြောပါသည်။

            သို့တိုင် နေ့လည် ၁၁ နာရီခွဲကျော်သော် ရေအခြေအနေမှာ အကြောင်းမထူးသည်က တစ်ကြောင်း၊ ချောင်းညာတွင် မိုးများညို့လာသဖြင့်တစ်ကြောင်းတို့ကြောင့် ကျွန်တော် ဆက်မစောင့်တော့ပဲ အနီး၌ ယခင်ကားများဆွဲဖူးသူများ ရှိမရှိ လိုက်လံ မေးမြန်းကြည့်ရာ သူတို့က ဦးထွန်းကြည်နှင့်ပြောပါဟု ဆို၏။ ကျွန်တော်လည်း ဦးထွန်းကြည်ကိုလိုက်ရှာပြီး သူနှင့်ညှိ၏။


ကျွန်ုပ်။               ။ ကိုင်း၊ ဦးထွန်းကြည်၊ ခင်ဗျားတို့အရင်ကလည်း ကားတွေဆွဲပေးနေကျ မဟုတ်လား။ ကျွန်တော်တို့ကားက ဂျစ်ကားသေးသေးလေးပါ။ မရစရာမရှိဘူးလို့ ထင်တာပဲ။ ကျွန်တော်တို့လည်း ၀ိုင်းတွန်းမယ်။ ခင်ဗျားတို့ တောင်းနေကျ ဈေးသာပြောဗျာ။ မိုးရွာတော့မယ်။ အချိန်မရှိဘူး။

ဦးထွန်းကြည်။      ။ ကားဆွဲတဲ့ကြေးက ကားလေးဆို ၅၀၀၀၊ ကားကြီးဆို ၈၀၀၀ ယူပါတယ်။ ဒါပေမဲ့ ဆရာပဲကြည့်ပါဦးဗျာ။ ဟိုမှာ ၀ိုင်းအုံနေတဲ့လူတွေက အများကြီး။ ဒီငွေကို ဘယ်လိုခွဲယူမလဲ။

န်ုပ်။       ။ လွယ်ပါတယ်ဗျာ။ အဲဒီလူတွေထဲက ခပ်တောင့်တောင့် လူ ၂၀ ရွေးလိုက်။ ရှေ့က ၁၀ ယောက်ဆွဲ။ နောက်က ၁၀ ယောက်တွန်းမယ်။ ဆွဲဘို့ သံကြိုးကြီးတစ်ချောင်းပါရှာခဲ့ဗျာ။ ရရင် စဆွဲမယ်။ ဟုတ်ပြီလား။

ကြည်။    ။ ဒါဆိုလည်း စိတ်သာချပါဗျာ။ ကျွန်တော်တို့ မရ ရအောင်ဆွဲပေးပါ့မယ်။

            သို့နှင့် ကျွန်တော်လည်း ကျွန်တော်တို့ကားပေါ်တွင် ခရီးကြုံလိုက်ပါလာသူများအား “ကျွန်တော်တော့ ကားဆွဲဘို့ ငှားလာခဲ့ပြီ။ ကျွန်တော်တို့တစ်ယောက်တစ်ထောင်စီထည့်မယ်။ ခင်ဗျားတို့က တစ်ယောက် ၅၀၀ စီထည့်။ မိုးအခြေအနေက ကောင်းတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း ၀ိုင်းတွန်းကြဘို့လိုလိမ့်မယ်။ ခု နေလေးသာတုံး လုပ်လိုက်ကြရအောင်။” ဟု ပြောပြရာ ခရီးသည်များကလည်း သဘောတူကြပါသည်။

            ခဏကြာသော် သံကြိုးကြီးနှင့်အတူ လူ ၂၀ ရောက်လာလေရာ သံကြိုးကြီးကို ကားရှေ့ဆွဲသည့်သံချိတ်တွင် ကျကျနန ချည်စေပါသည်။ ထို့နောက် ဗလကောင်းသူ လူ ၁၀ ဦးကိုရွေးပြီး သံကြိုးကို ခိုင်ခိုင်မြဲမြဲကိုင်စေ၏။ ကျန် ၁၀ ဦးနှင့် ကျွန်တော်တို့အဖွဲ့က ကားနောက်တွင်နေရာယူသည်။ အားလုံးအဆင်သင့်ဖြစ်သော် သူတို့အား လုပ်မည့်အစီအစဉ်ကို အကျဉ်းရုံး ပြောပြ၏။

            “ကဲ၊ ဆွဲတဲ့သူတွေရော၊ တွန်းတဲ့သူတွေပါ တပြိုင်နက်တွန်းကြ၊ ဆွဲကြရမယ်။ ကားဆရာကလည်း စက်ကိုနှိုးထား။ ဂီယာကို 4 wheel ထည့်ထား။ ရေလည်ရောက်ရင် ပိုပြီးအားထည့်ကြရလိမ့်မယ်။ ကျွန်တော်အချက်ပေးတာနဲ့ စမယ်။ ကဲ၊ စမယ်။ ၁၊ ၂၊ ၃၊ ဆွဲ။”

            ကျွန်တော်အချက်ပေးသံဆုံးသည်နှင့် အားလုံးတစ်ပြိုင်နက် ညီတူညာတူ ရုန်းလိုက်ကြရာ ကားကလေးမှာ တစ်ဖက်ကမ်းသို့ ချောမောစွာ ရောက်သွားပါလေတော့၏။ စည်းလုံးခြင်း၏ ခွန်အားကို လက်တွေ့သက်သေပြလိုက်ခြင်းတည်း။

ကျွန်တော်လည်း ဦးထွန်းကြည်တို့အဖွဲ့ကို ကျေးဇူးတင်ကြောင်းပြောပြီး ခရီးဆက်ခဲ့သည်။ ချောင်းကူးစဉ်က အင်ဂျင်အတွင်း ရေများဝင်သဖြင့် ထင်ပါသည်။ ကားကလေးမှာ လမ်းတွင်ဖောက်လာပါ၏။ ကားဆရာလည်း ပျက်လိုက်၊ ပြင်လိုက်နှင့် မောင်း လာရာ ဆိပ်ဖြူရောက်ရန် ၁၃ မိုင်ခန့်အလိုတွင် လုံးဝနှိုးမရတော့ပါ။

            ထိုအခါကျမှ ကားဆရာလည်း အင်ဂျင်ကိုဖွင့်၊ ဆီပို့ပန့်မှ ချေးများ၊ ရေများနှင့် ပိတ်နေသောဆီစစ်ကို ဖြုတ်လဲလိုက်ရာ ကောင်းသွားသဖြင့် ခရီးဆက်ခဲ့ပြန်ပါသည်။ သို့သော်လည်း မောင်း၍မှ ၅ မိုင်မပြည့်သေးမီ ကားကလေးမှာ လမ်းဘေးသို့ ထိုးရပ်သွားပြန်၏။ ဆီကုန်ပြီဗျို့ဟု ကားဆရာက ပြောသည်။ ထို့နောက် ဆီတိုင်ကီကို ချက်မှဖောက်၊ ပလတ်စတစ်ပုံးထဲထည့်။ ကုန်းအတက်များတွင် စက်ကိုဖွင့်မောင်း၊ ကုန်းဆင်းများတွင် စက်ကိုသတ်ကာ ဖရီးရိုက်။ သို့နှင့်ပင် ဆိပ်ဖြူသို့ မနိုင့်ရင်ကာ ရောက်ခဲ့ရပါတော့သတည်း။

            ဆိပ်ဖြူရောက်သော် ဆီကို မရမကလိုက်ဝယ်ရပါသည်။ ဆီကလည်း လွယ်လွယ်နှင့် ၀ယ်လို့မရပါ။ တွေ့မည့် တွေ့တော့လည်း တစ်ဂါလံလျှင် ၁၃၀၀ ကျပ်တောင်ပေးရပါသည်။ အလွန်ဈေးကြီးလှ၏။ သို့သော် ဘာတတ်နိုင်မည်နည်း။ ၀ယ်လို့ရတာ ကျေးဇူးတင်ပါအုံး။ ဆီရသော် ချောက်သို့ ခရီးဆက်ခဲ့ကြ၏။ ချောက်သို့ရောက်သော် လိုက်ပို့သော ကားဆရာ လေးကို ကျေးဇူးအထူးတင်ကြောင်းပြောကာ ပြန်လွှတ်လိုက်ပါသည်။ ကျွန်တော်တို့မှာမူ လဖက်ရည်သောက်ရင်း ခဏတစ်ဖြုတ်နားကာ နေ့လည် ၂ နာရီခွဲကားဖြင့် စလင်းသို့ လိုက်ပါလာခဲ့ကြ၏။ မိုးကလည်း ကျွန်တော်တို့ခရီး တစ်လျှောက်လုံး အားပေးလျှက် လိုက်ပါလာ၏။ ညနေ ၅ နာရီခွဲတွင် စလင်းသို့ရောက်သတည်း။ စလင်းသို့ရောက်လျှင် ရောက်ချင်း ပွိုင့်မှကိုပိန်က ဆေးရုံအတွက် လေအေးစက်ရောက်နေပြီဖြစ်ကြောင်း သတင်းပေးလာပါသည်။



(၄၈) စလင်းနှင့် မင်းဘူးနယ်များတွင် အလှူကိစ္စများ ဆောင်ရွက်ကြခြင်း


            ၂၃ - ၈ - ၂၀၀၂ နေ့နံနက်တွင် လဖက်ရည်သောက်ကြရင်း ဒေါ်အေးမြင့်အား ကန်ပက်လက်အတွေ့အကြုံများကို ပြန်လည်ဖောက်သည်ချကြ၏။ သူ့အကူအညီကြောင့် ကျွန်တော်တို့များစွာအဆင်ပြေသဖြင့်လည်း ကျေးဇူးအထူးတင်ပါ ကြောင်း၊ ကန်ပက်လက်မှ ဒေသခံများကလည်း ကျွန်တော်တို့ ခုလိုတကူးတကလာလှူသည့်အတွက် အလွန် ၀မ်းမြောက် ၀မ်းသာဖြစ်နေကြောင်းများ ပြောပြပါသည်။


            ထို့နောက် ရွှေကျောင်း ပရဟိတသို့သွားရာ တာဝန်ခံဆရာတော်မှာ ခရီးထွက်ရာမှ ပြန်ရောက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ ဆရာတော်က ပရဟိတနှင့်ပတ်သက်၍ သူ့ရည်မှန်းချက်များကို ပြောပြပါသည်။ လောလောဆယ် ကျောင်းတွင် ကျောင်းသား ၂၅ ဦးရှိကြောင်း။ ဆရာ ၂ ဦးငှားကာ သင်ကြားပေးနေကြောင်း၊ အချို့ကျောင်းများမှ ဦးပဉ္စင်းများလည်း အားလျှင် အားသလို ၀င်ရောက်သင်ကြားပေးကြကြောင်း၊ ယခုဆောက်နေသော ကျောင်းကြီးသာပြီးသွားပါက ယခုထက်ပိုပြီး ကျောင်းသားများများ လက်ခံသင်ကြားပေးနိုင်မည်ဖြစ်ကြောင်း ပြောပြ၏။

            ကျွန်တော်တို့ကလည်း နောက်လရမည့် အလှူငွေများကို ဤကျောင်းဆောက်လုပ်ရေးအတွက် လှူမည်ဖြစ်ကြောင်း၊ ကျောင်းဆောက်လုပ်ရေးကို ကိုသောင်းတန် ကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းများ လျှောက်ထားခဲ့ကြပါသည်။ ရွှေကျောင်းမှပြန်လာသောအခါ လေအေးစက်ကို ထော်လာဂျီဖြင့်သယ်ကာ ဆေးရုံသို့သွားရောက် လှူဒါန်းကြပါသည်။ ထို့နောက် စက်ကိုတပ်ဆင်၊ အစမ်းလည်ကြည့်ကြပြီး ဂုဏ်ပြုလွှာပေးအပ်ပွဲ ကျုင်းပသည်။ အားလုံးပြီးသော် ညနေပိုင်းတွင် ကိုပိန်၏ သတင်းပေးချက်အရ စေသူ့ရှင်ကုန်းတံတားသို့ စက်ဘီးကိုယ်စီဖြင့် သွားကြည့်ကြပါသည်။

            တံတားမှာ ယက်မများကျိုးနေပြီး အောက်မှ ထန်းလုံးများကို ခြမ်းကာ အစားထိုးထည့်ထားသည်ကို တွေ့ရသည်။ ရွာထဲမှ တံတားကိုတာဝန်ခံပြုပြင်ပေးမည့် ဘုန်းကြီးဦးကောဝိဒထံသွားကာ တံတားအကြောင်း ဆွေးနွေးကြပါသည်။ ဘုန်းတော်ကြီးက တံတားကျိုးနေသောကြောင့် ကျွဲနွားများ မကြာခဏအပေါက်ကျွံကျကြောင်း၊ အသက်အန္တရာယ်ပင် ရှိကြောင်း။ ဤရွာနှင့်နီးသဖြင့်သာ စေသူ့ရှင်ကုန်းတံတားဟု ခေါ်သော်လည်း အမှန်မှာ တံတားကိုအသုံးပြုနေသည်မှာ အနီးပတ်ဝန်းကျင်မှ ရွာပေါင်း ၂၀ ခန့်ဖြစ်ကြောင်း။ ဤတံတားပြင်ရန် တာစူနေသည်မှာ ကြာပြီဖြစ်သော်လည်း ငွေအင်အား မပြည့်သေးသဖြင့် အထမမြောက်သေးကြောင်း၊ ဤတံတားပြင်ရန် လှူမည်ဆိုလျှင် အတိုင်းထက်အလွန် ၀မ်းသာကြမည် ဖြစ်ကြောင်းများဖြင့် မိန့်ပါ၏။

            နောက်တစ်နေ့တွင် နံနက်စာ စားသောက်ပြီးသော် ကျွန်တော်နှင့် ကိုသောင်းတန်တို့ စလင်းမှ မင်းဘူးသို့ ဟိုင်းလတ် ကားလေးဖြင့်ထွက်လာခဲ့ကြသည်။ မင်းဘူးသို့ ၁၁ နာရီခွဲတွင်ရောက်၏။ ရွှေမင်သားတည်းခိုခန်း၌ တည်းကြသည်။ ထို့နောက် စလင်းဆေးရုံမှ စားရေးကြီး ဦးထွေး စာရေးကာမိတ်ဆက်ပေးလိုက်သော မင်းဘူးမှ အနာကြီးရောဂါကြီးကြပ်ရေးမှူး ဦးခင်ဇော် ထံသို့ သွားကြ၏။ ကျွန်တော်တို့က လာရခြင်းအကြောင်း နှင့် ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအကြောင်းကို ရှင်းလင်းပြော ပြရာ ခရစ်ယန်စနေအသင်းနှင့် လွဲနေပြန်သောကြောင့် မနည်းရှင်းယူရ၏။ ကျွန်တော်တို့က ယခုလတွင် မင်းဘူးဆေးရုံကြီးသို့ လှူရန်ရည်မှန်းထားသောကြောင့် ဆေးရုံတွင်လိုအပ်သည့်အရာများကို သိနိုင်ရန် ဆရာဝန်ကြီးနှင့်တွေ့လိုကြောင်း ပြောပြရာ သူတို့က ခရိုင်ဆရာဝန်ကြီးထံ လိုက်ပို့ကြပါသည်။

            ဆရာဝန်ကြီးနှင့်တွေ့သော် ကျွန်တော်တို့လည်း လာရင်းကိစ္စကို အကျဉ်းရုံးပြောပြလျှက် ဆေးရုံတွင်လိုအပ်သော ပစ္စည်းစာရင်းများစုဆောင်းပေးပါရန် နှင့် နက်ဖြန်တွင် အလှူငွေများပေးအပ်လိုပါကြောင်း ပြောပြရာ ဆရာဝန်ကြီးကလည်း သူအဆင်သင့်လုပ်ထားလိုက်ပါမည်ဟု ကတိပေးပါ၏။ ထို့နောက် ဦးခင်ဇော်နှင့် သူ့သားကိုနိုင်ချိုတို့က ကျွန်တော်တို့ကို အနာကြီးရောဂါသည်များ စုဝေးနေထိုင်ကြရာ ဆေးစားရပ်သို့ ဆိုင်ကယ်တစ်ယောက်တစ်စီးနှင့် လိုက်ပို့ကြပါသည်။

            ထိုအရပ်မှာ မြို့၏ စနေထောင့်တွင်ရှိသဖြင့် မြို့သူမြို့သားများက ထိုဆေးစားရပ်ကို စနေရုံဟုလည်းခေါ်ကြောင်း ပြောပြ ပါသည်။ ထိုရပ်ကွက်တွင် အနာကြီးရောဂါသည် အိမ်ထောင်စု ၂၈ စုနေထိုင်ကြောင်း၊ ထိုရပ်ကွက်မှ ကလေးများအတွက် စေတနာမူလတန်းကျောင်း တစ်ကျောင်းရှိကြောင်း၊ ထိုကျောင်းကလေးမှာ ယခုအခါယိုယွင်းနေပြီဖြစ်သဖြင့် ထိုကျောင်း ကလေးကို လှူစေလိုကြောင်းပြောပြကာ ကျောင်းသို့လိုက်ပို့ပါသည်။ ကျွန်တော်တို့လည်း ဓါတ်ပုံများရိုက်ကာ မဝေးလှသော တစ်ချိန်ချိန်တွင်လှူမည်ဖြစ်ကြောင်း ပြောကာပြန်ခဲ့ကြ၏။

            အပြန်တွင် လမ်းပေါ်၌ရှိသော နဂါးပွက်တောင်သို့ဝင်ကြည့်ကြပါသည်။ ရွှံမီးတောင်မှာ ဗွပ်ကနဲ၊ ဗွပ်ကနဲ တပွက်ပွက် ထနေ၏။ ဗဟုသုတမရှိတော့ ဤကဲ့သို့ပွက်နေသည်ကို မြေအောက်တွင် နဂါးရှိသည်ဆိုကာ ကျကျနန ဘုရားကုန်းတော်ကဲ့သို့ လုပ်ထားပါသည်။ ဤနေရာတွင်မွေးမြူထားသော စပါးကြီးမြွေကြီးနှစ်ကောင်အား ရေချိုးပေးနေသည်ကိုလည်း ကြည့်ရှုခဲ့ ရပါသေးသည်။ တည်းခိုခန်းသို့ပြန်ရောက်သော် ကိုသောင်းတန်က ကျွန်တော့်ကို ရှင်ပင်စက္ကိန်းတဲ စေတီတော်သို့ လိုက်ပို့ပါသည်။

            သြဂုတ်လ ၂၅ ရက်နေ့ နံနက်ခင်း လဖက်ရည်သောက်အပြီး ဦးခင်ဇော်ထံသွားကာ မနေ့ကကြည့်ခဲ့သော စနေရုံ ကျောင်းအတွက် ခန့်မှန်းတွက်ချက်ထားသည်များကို ယူပါသည်။ ထို့နောက် ၁၀ နာရီတီးသော် ဆရာဝန်ကြီးနှင့် ချိန်းချက် ထားသည့်အတိုင်း ဆေးရုံသို့ထွက်ခဲ့ကြ၏။ ဆေးရုံ၌ ဆရာဝန်ကြီးနှင့်စကားစနေပြောကြရာ ဘေးတွင်ထိုင်နေသူ ရှပ်လက်တို လည်ကတုံးနှင့် လူရည်သန့်သန့်ပုဂ္ဂိုလ်က ဆေးရုံတွင်လူနာဦးရေနှင့် ချွဲစုပ်စက်မှာ မမျှသဖြင့် အရေးပေါ်လူနာများအတွက် အသက်ကယ်ရန် များစွာအခက်အခဲတွေ့ရကြောင်း။ ထို့ကြောင့် ချွဲစုပ်စက်နှင့် အောက်ဆီဂျင်ဘူးလှူလျှင် အလွန်အကျိုးရှိမည် ဖြစ်ကြောင်း၊ ခရိုင်ဆေးရုံကြီးဖြစ်သဖြင့်လည်း လူနာများမှာ အလွန်များပြားကြောင်း၊ အောက်ဆီဂျင်မှာလည်း မကြာခဏ ပြတ်လေ့ရှိရာ အောက်ဆီဂျင်ဘူးအစား Oxygen concentrator တစ်လုံးလောက်ရှိလျှင် အလွန်အဆင်ပြေမည်ဖြစ်ကြောင်း၊ ထိုစက်တစ်လုံးလျှင် ၁၇ သိန်းခန့်ရှိကြောင်း၊ ထို့ပြင် ခွဲစိတ်ခန်းအတွက် surgical instrument တစ်စုံ အရန်သင့်ရှိထားလျှင် အရေးပေါ်လူနာများအတွက် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ချက်ခြင်းခွဲစိတ်ကုသနိုင်မှာဖြစ်ကြောင်းများကို စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။

            သို့သော်လည်း ကျွန်တော်တို့အလှူငွေမှာ ဤမျှလောက်ရှိသည်မဟုတ်။ လှူရန်ယူလာသောငွေမှာ ၂ သိန်း ၆ သောင်း ကျော်ကလေးသာ ဖြစ်၏။ ထိုငွေကို oxygen concentrator ၀ယ်ရန်လှူခဲ့ပြီး လိုသည်များကို ကျွန်တော့်ထံ စာရေးဆက်သွယ် နိုင်ပါကြောင်းပြောပြီး ကျွန်တော့်လိပ်စာပေးခဲ့၏။ ကျွန်တော်ဆက်သွယ်လိုလျှင် မည်ကဲ့သို့ဆက်သွယ်ရပါမည်နည်းဟု မေးသောအခါ ၎င်းက သူ့အမည်မှာ ဒေါက်တာညီညီလတ်ဖြစ်ပြီး ဤခရိုင်ဆေးရုံကြီးမှ ဒု-ဆေးရုံအုပ်ဖြစ်ကြောင်း ပြောပြ ပါသည်။

            အလှူငွေပေးအပ်ပွဲကျင်းပပြီးသော် ဆေးရုံအတွင်း လူနာများကို လျှောက်ကြည့်ကြပါသည်။ ဒေါက်တာညီညီလတ်က လက်ထောက်ဆရာဝန်တစ်ဦးခေါ်ကာ လိုက်ပြ၏။ ကျွန်တော်တို့လည်း ဆင်းရဲနွမ်းပါးသည်ဆိုသော လူနာများကို ကျွန်တော်တို့ အိပ်ကပ်ထဲမှ တစ်ဦးလျှင် ၁၀၀၀ ကျစီလှူခဲ့ကြပါသည်။

            အပြန်တွင် ဦးခင်ဇော်က ၎င်းတို့အနီးမှ ရပ်ကွက်တစ်ခုမှာလည်း ရေအလွန်ရှားလှကြောင်း၊ ဖြစ်နိုင်လျှင် အ၀ီစိတွင်း တူးကာ လှူစေချင်ကြောင်းပြောသဖြင့် သွားကြည့်ကြပါသည်။ ထို့နောက် အ၀ီစိတွင်းတူး၍ ဖြစ်နိုင်မဖြစ်နိုင် သေသေချာချာ လေ့လာပြီး ကျွန်တော်တို့ထံ အကြောင်းပြန်ပါရန် မှာခဲ့ကာ မကွေးမြို့သို့ ခရီးဆက်ခဲ့ကြပါသည်။

            မကွေး၌ မြသလွန်စေတီတော်သို့သွားရောက်ဖူးမြော်ကာ သီရိစန္ဒာသီလရှင်စာသင်တိုက်သို့ သွားကြပါသည်။ ဒု တိုက်အုပ်ဆရာလေး ဒေါ်သိင်္ဂ၀တီက စာသင်တိုက်အခြေအနေကို အောက်ပါအတိုင်းရှင်းပြပါသည်။

            “ခုတော့ အားလုံးဆွမ်းဆံခံထွက်ကြလို့ ကျောင်းမှာ ဆရာလေးတစ်ပါးပဲ ကျောင်းစောင့်ကျန်ခဲ့တာ။ ကျောင်းက အဓိကအားဖြင့် စာချကျောင်းပေါ့။ စာလိုက်သီလရှင် စုစုပေါင်း ၈၅ ပါး၊ ဓမ္မာစရိယ စာချတန်းက ၆ ပါးရှိတယ်။ အသက်ကြီးတဲ့ သီလရှင်ကြီးတွေလည်း ရှိတယ်။ ဓမ္မာစရိယ စာချတန်းပြဌာန်းစာအုပ်တွေက အရမ်းဈေးကြီးတယ်။ ၀ယ်ဘို့မတတ်နိုင်လို့ အခု ဆရာလေးတို့ စာအုပ်တွေ ငှားသင်နေရတယ်။ ရနိုင်ရင်တော့ အဲဒီစာအုပ်တွေ လိုချင်တယ်။ ပြဌာန်းစာအုပ်က တစ်စုံကို သုံးသောင်းခွဲလောက်ရှိတယ်။ အတန်းငယ်တွေက စာအုပ်သိပ်မများတော့ ထိုက်သင့်သလောက် ၀ယ်နိုင်တယ်။ အားလုံးတော့ လည်း မတတ်နိုင်ဘူးပေါ့။ ပေါင်းကြည့်ကြရတယ်။”
 

            ကျွန်တော်က လှူဖြစ်၍ ငွေပို့လျှင် အဆင်ပြေစေရန်အတွက် ဆရာလေး၏မှတ်ပုံတင်နံပါတ်၊ ဖုံးနံပါတ်များယူခဲ့ကာ ကျွန်တော့်လိပ်စာနှင့် ဖုံးနံပါတ်ကိုလည်း ပေးခဲ့ပါသည်။ စင်ကာပူမှမိတ်ဆွေများနှင့်တိုင်ပင်ကာ အဆင်ပြေမည့်တစ်ချိန်ချိန်တွင် လှူပါမည့်အကြောင်း ပြောခဲ့ပါသည်။ ထို့နောက် ညနေ ၆ နာရီထွက်သော Star Express မကွေး၊ ရန်ကုန်အဝေးပြေး ကားကြီးဖြင့် ပြန်ခဲ့ရာ နောက်နေ့မနက် ၅ နာရီတွင် ရန်ကုန်သို့ ပြန်ရောက်ပါသည်။  

ထိုစဉ်က ကျွန်တော့်မှာရှိသော ကင်မရာမှာ ဖလင်ကင်မရာဖြစ်သဖြင့် ဓါတ်ပုံများကို စိတ်ရှိလက်ရှိမရိုက်ခဲ့ရပါ။ အလွန်ရောက်ခဲ၊ ကြုံခဲလှသောခရီးစဉ်ကို ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာ မှတ်တမ်းတင်ထားသင့်သော်လည်း အရေးကြီးသည့် ပုံများလောက်သာ ရိုက်နိုင်ခဲ့ပါသည်။ အတော်အားမလိုအားမရ ဖြစ်မိပါ၏။ 


(၄၉) ဧရာဝတီတိုင်းတွင် အလှူကိစ္စများ ဆောင်ရွက်ကြခြင်း


            ကျွန်တော်တို့ဒေသသို့သွားပြီး အလှူကိစ္စများဆောင်ရွက်ရန် ကျွန်တော်နှင့် ကိုသောင်းတန် အချိန်းအချက်ပြုကာ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ကွင်းကောက်ကားကို စီးကာ ခရီးထွက်ခဲ့ကြပါသည်။ ကိုသောင်းတန်မှာ အောက်ပြည်အောက်ရွာသို့ တစ်ခေါက်မှ မရောက်ဖူးသေးသဖြင့် အလွန်တက်ကြွလျှက်ရှိ၏။

            ၂၀၀၁ ခုနှစ်ဧပြီလက ပန်းတောကြီးကျောင်းသို့ ကျွန်တော်တို့ ဗီဒီယိုပြစက်၊ မိုက်ကရိုဖုန်း၊ ဆောင်းဘောက်စ်များ လှူဒါန်းခဲ့ရာ ထိုပစ္စည်းများအား အသုံးချနေပုံ အခြေအနေများကို သွားရောက်ကြည့်ကြပါသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဦးက ကျွန်တော်တို့လာသည်ကို ၀မ်းသာအားရနှင့် ဤစက်များအား ကလေးများ ပညာရေးအတွက် မည်သို့ အသုံးချပုံများကို ပြောပြပါသည်။ ပညာရေးဌာနမှ ထုတ်ပေးထားသော ပညာပေးဗီဒီယိုခွေများကိုလည်း ပြလိုက်ပါသေး၏။ တိုက်ဆိုင်စွာပင် ကျောင်း၌၀ါဆိုသင်္ကန်းကပ်ပွဲနှင့်ကြုံရာ နေ့လည်စာကို ကျောင်းအလှူတွင်ပင် အားရပါးရ အားပေးခဲ့ကြ ပါသည်။


            ထို့နောက် ၂၀၀၁ခုနှစ်၊ မေလက လှူထားခဲ့သော ပိန္နဲကွင်းမူလတန်းကျောင်းသို့ သွားကြပါသည်။ အလှူကိုဦးဆောင် လုပ်ပေးသူမှာ ကျွန်တော့်ဦးကြီးတစ်ဝမ်းကွဲဖြစ်သူ ဦးကြီးငချစ်ဖြစ်ပါသည်။ ဦးကြီးငချစ်က အလှူငွေကို သူတို့မည်သို့ စီမံကြောင်း အောက်ပါအတိုင်းပြောပြပါသည်။

            မင်းတို့ဆီက အလှူငွေရတော့ တို့က ကိုင်း၊ လှူတဲ့သူရှိတုံး များများစားစားလေးရအောင် ဘယ်လိုလုပ်ကြမလဲ တိုင်ပင် တယ်။ နောက် အေးသိန်း (ဦးကြီးငချစ်၏သား၊ ကျွန်တော့်ညီတစ်ဝမ်းကွဲ) တို့အိမ်ရှေ့က သေနေတဲ့ ကုက္ကိုပင်ကြီးကိုလှဲ၊ လွှသမားတွေငှားပြီး ခွဲ၊ စိတ် လုပ်လိုက်တော့ ပျဉ်တော်တော်များများထွက်လာတယ်။ ထိုင်ခုံနဲ့ စားပွဲခြေထောက်တွေကို ပျဉ်းကတိုးနဲ့လုပ်တယ်။ အခင်းကိုတော့ ခုနက ကုက္ကိုပျဉ်တွေသုံးတယ်။ လိုတဲ့သစ်တွေကို ချဉ်ကိုက်ကွင်းသစ်စက်ကို သွားဝယ်တော့ ဈေးသက်သက်သာသာနဲ့ရတယ်။ ဒီတော့ မင်းတို့လှူတဲ့ ငွေ တစ်သိန်းတစ်သောင်း ရှစ်ထောင်ကျော်နဲ့ စားပွဲနဲ့ ထိုင်ခုံ အစုံ ၃၆ စုံ၊ ကျွန်းဘီရိုကြီးတစ်လုံး၊ ကျောင်းသင်ပုန်းကြီး ၃ ချပ်ရတယ်။

            ကျွန်တော်တို့လှူလိုက်သော ငွေပမာဏနှင့် ဤမျှရအောင်လုပ်နိုင်သည်မှာ ဤတစ်ကျောင်းသာရှိသေးသဖြင့် စေတနာပါပါနှင့် အားတက်သရော လုပ်ပေးခဲ့ကြသည့် ရပ်သူရွာသားများအား ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများက  အလွန် ကျေးဇူးတင်ပါကြောင်း၊ စင်ကာပူမှ သူငယ်ချင်းများကိုလည်း ပြန်ပြောပြပါမည်ဟု ပြောခဲ့ပါသည်။ သူတို့က နောက်နေ့နံနက် တွင် ပြုလုပ်မည့် ဆွမ်းလောင်းပွဲကို စောင့်ကာနေစေချင်သေးသော်လည်း ကျွန်တော်တို့မှာ ရေဖြူကျောင်းအလှူကိစ္စ ရှိသေးသဖြင့် အိပ်မနေတော့ပဲ တောင်းတောင်းပန်ပန်နှင့် ပြန်ခဲ့ကြပါသည်။

            ၅-၉-၂၀၀၂ နေ့တွင် ကျွန်တော်မှာလိုက်သဖြင့် ရေဖြူကျောင်းမှ ဆရာနှင့်တာဝန်ရှိသူများ ရောက်လာပါသည်။ သူတို့ကျောင်းကို ကျွန်တော်တို့စနေဓမ္မမိတ်ဆွေများအဖွဲ့မှ ၂၀၀၂ ခုနှစ် မတ်လတွင် ငွေကျပ် တစ်သိန်းတန်ဖိုးရှိ စာသင်ခုံများ လှူခဲ့သည်။ ထိုအလှူအား ကျွန်တော်တို့ရောက်တုံးရောက်ခိုက် ဂုဏ်ပြုလွှာပေးအပ်ပွဲကျင်းပလိုသဖြင့် မှာလိုက်ခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့မှာ ခရီးဆက်များနေ၍ ပင်ပန်းနေပြီဖြစ်သဖြင့် သူတို့ရွာကို မသွားနိုင်တော့ပဲ သူတို့ကိုခေါ်လိုက်ရခြင်း ဖြစ်ပါ၏။

            ထို့နောက် ရွာအတွင်းမှ ဆင်းရဲနွမ်းပါးသော အဖိုးကြီး၊ အဖွားကြီးများကို ကျွန်တော်က တစ်ယောက် ၁၀၀၀၊ ကိုသောင်းတန်က ၅၀၀ နှုံးဖြင့် လိုက်လံကန်တော့ကြပါသည်။ အားလုံးပြီးသော် ပြန်ရန်အတွက် ကားလမ်းနှင့်နီးသော ပိန္နဲကွင်း ကျေးရွာသို့လာကာ ညအိပ်သည်။ နောက်နေ့နံနက်တွင် ကွင်းကောက်ကားကိုစီးကာ ဟင်္သာတသို့ခရီးဆက်ခဲ့ကြ၏။ ဟင်္သာတ တွင် ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲ ကိုအေးသောင်းတို့အိမ်၌တည်းသည်။ သူက ဟင်္သာတအနီးရှိ သဲဖြူကျောင်းမှ ဓါတ်ပုံများ ပေးသည်။ ကျောင်းအတွက်လိုအပ်သော ပြူတင်းပေါက်များတပ်ဆင်ရန် တွက်ချက်ထားသည်များပါ တစ်ပါတည်းပေးလိုက်ပါ သည်။ ထို့နောက် ဟင်္သာတမြို့တွင်းမှ ဘုရားများလိုက်ဖူးသည်။

            နောက်နေ့တွင် ရန်ကုန်သို့ပြန်ခဲ့ပါသည်။ လမ်းကြုံသည်နှင့် ဇလွန်ပြည်တော်ပြန်ဘုရားနှင့် ဘုန်တော်ကြီးဦးသီလ၏ ဓါတ်တော်စေတီများသို့ပါ ၀င်ဖူးခဲ့ကြသည်။ သို့နှင့် ရန်ကုန်သို့ ၇-၉-၂၀၀၂ ညနေ ၅ နာရီတွင် ပြန်လည်ရောက်ရှိကြပါသည်။
 

(၅၀) ရန်ကုန်အနီးတ၀ိုက်ရှိနေရာများတွင် အလှူကိစ္စများဆောင်ရွက်ကြခြင်း


            စက်တင်ဘာ ၁၉ ရက်နေ့တွင် ကိုသောင်းတန်နှင့် ကျွန်တော်အချိန်းအချက်ပြုကာ ကန်တော်လေးရှိသီလရှင်များ ဘိုးဘွားရိပ်သာသို့ သွားကြပါသည်။ နေရာမသိသဖြင့် မနည်းရှာယူရသည်။ ဘိုးဘွားရိပ်သာကို သပ်ယပ်သန့်ရှင်းစွာ လှလှပပ လေးပြင်ထားပါသည်။ ရိပ်သာရှေ့ရှိ ခရစ်တော်၏ရုပ်တုက ၀င်လာသူများကို နွေးထွေးစွာ ကြိုနေပါသည်။ ကျွန်တော်တို့က စစ်စတာကြီးနှင့်တွေ့လိုကြောင်းပြောရာ အစောင့်လုပ်သူက ချက်ခြင်းခေါ်ပေးပါသည်။

            ကျွန်တော်တို့က လာရင်းအကြောင်းရင်းကို ရှင်းပြပြီး ဘိုးဘွားရိပ်သာအခြေအနေကို စုံစမ်းကြည့်ပါသည်။ သီလရှင်ကြီးက သူတို့လုပ်ကိုင်နေပုံ၊ အလှူငွေရရှိပုံ၊ ဘိုးဘွားတို့အား မည်ကဲ့သို့စောင့်ရှောက်ပုံ စသည်တို့ကို စိတ်ရှည် လက်ရှည် ရှင်းပြပါသည်။ ထို့နောက် ရိပ်သာအတွင်း လိုက်လံပြသပါသည်။ လုပ်ကိုင်ဆောင်ရွက်နေသူ အားလုံးမှာ ခရစ်ယန် သီလရှင်များဖြစ်သော်လည်း စောင့်ရှောက်ထားသော ဘိုးဘွားများမှာမူ ခရစ်ယန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ် စသဖြင့် ဘာသာစုံ၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ချင်း၊ ကရင်၊ ကချင် စသည်ဖြင့် လူမျိုးပေါင်းစုံတွေ့ရပါသည်။ ခြင်ထောင်များအတွင်း၌ မြန်မာ အဘိုးကြီးများ တရားထိုင်နေပြီး၊ ဘုရားရှိခိုးခန်းအတွင်း၌ ခရစ်ယန်အဖွားကြီးများ ရှိခိုးနေသည်ကို တွေ့ရပါသည်။ အတုယူ အားကျစရာဖြစ်ပါသည်။

            သူငယ်ချင်းများနှင့်တိုင်ပင်ကာ အဆင်ပြေမည့်တစ်လတွင် လှူပါမည်ဟု ပြောခဲ့ကာ ကျေနပ်နှစ်သိမ့်စွာ ပြန်ခဲ့ကြ ပါသည်။ နောက်နေ့တွင် မေလက လှူထားခဲ့သော မသန်မစွမ်း သက်ကြီးသင်တန်းကျောင်းသို့ သွားကြပါသည်။ အလှူကိစ္စ လုပ်ကိုင် ဆောင်ရွက်ပေးသူမှာ ကိုသောင်းတန်၏ အစ်ကို ကိုစိန်ဝင်းမော်ဖြစ်ပါသည်။ ကျောင်းတွင် ဒုကျောင်းအုပ် ဦးကျော်ဦး နှင့် တွေ့ပါသည်။ သူက အောက်ပါအတိုင်းရှင်းပြပါ၏။

            “အခုလို ကျွန်တော်တို့ကျောင်းကို လာပြီးလှူတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပုံမှန်သင်တန်းတွေရှိတယ်။ ရေဒီယိုပြင်သင်တန်းက ၁ နှစ်။ ဆံပင်ညှပ်သင်တန်း၊ ဓါတ်ပုံရိုက်သင်တန်း၊ အပ်ချုပ်သင်တန်း၊ ပိုးစာပုံနှိပ်သင်တန်းတွေက ၃ လ သင်တန်း။ ကျွန်တော့်ဆန္ဒကို ပြောရရင်တော့ ဒီလို စားသောက်ကုန်တွေ လှူတာထက် သင်တန်းတစ်ခုပြီးသွားရင် သင်တန်းသားတွေထဲက ထူးချွန်သူတွေကို ဆံပင်ညှပ်သင်တန်းဆိုရင်လည်း ဆံပင်ညှပ်ကိရိယာ တစ်စုံ၊ ဓါတ်ပုံရိုက်သင်တန်းဆိုရင်လည်း ကင်မရာတစ်လုံး၊ စက်ချုပ်သင်တန်းကျောင်းဆင်းတွေကိုတော့ အပ်ချုပ်စက် စသဖြင့်ပေါ့၊ ပေးစေချင်တယ်။ အဲဒါဆို သူတို့ဘ၀တစ်သက်စာ လုပ်ကိုင်စားလို့ရသွားမယ်။ သူတို့အတွက် ထမင်းအိုး တည်ပေးလိုက်တဲ့သဘောပေါ့ဗျာ။ အစားအသောက်ဆိုတာကတော့ ခဏနဲ့ကုန်သွားတာပေါ့။”

            သူ့အကြံမှာ အလွန်ကောင်း၏။ ကျွန်တော်တို့မှာ လှူချင်စိတ်သာရှိပြီး ဘာလှူရမည် သေသေချာချာမသိသဖြင့် ယခုကဲ့သို့ လာရောက်စုံစမ်းရခြင်းဖြစ်ကြောင်း၊ ယခုလို သေသေချာချာသိရသည့်အတွက် လိုအပ်သည်များကို ထိထိရောက် ရောက်လှူနိုင်မည်ဖြစ်၍ ၀မ်းသာပါကြောင်း၊ နောက်တစ်ကြိမ်တွင် ဦးကျော်ဦးတို့မေးပြီးမှ လှူမည်ဖြစ်ကြောင်း၊ သင်တန်းဆင်း မည့်ရက်ကို ကြိုပြောစေလိုပါကြောင်း၊ သို့သော်လည်း လက်ရှိတွင် လှူရမည့်နေရာများမှာ အလွန်များနေသဖြင့် သင့်တော် မည့်တစ်ချိန်တွင်မှ ထပ်မံလှူနိုင်မည်ဖြစ်ပါကြောင်းများ ပြောခဲ့ပါသည်။

            တဆက်တည်းမှာပင် ထိုကျောင်းနှင့် သိပ်မဝေးလှသော ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ ဆက်လာခဲ့ပါသည်။ ကျောင်းတွင်းဝင်လိုက်သည်နှင့် ကလေးများကစားနေကြသဖြင့် ဆူညံနေတာ တွေ့ရ၏။ ကျွန်တော်တို့က ကျောင်းသား ခပ်ကြီးကြီးတစ်ယောက်အား ကျောင်းအုပ်ဆရာမကြီးကို သွားခေါ်ခိုင်းပါသည်။ ခဏအကြာ ဆရာမကြီးရောက်လာသဖြင့် အပြန်အလှန် မိတ်ဆက်ကြပါသည်။        

            ကျွန်မက ဒီကျောင်းက ဒုကျောင်းအုပ် ဒေါ်ခင်ခင်လေးပါ။ ကျောင်းမှာ လောလောဆယ် ကလေးပေါင်း ၂၃၂ ယောက် ရှိပါတယ်။ ထောက်ကြံ့ကလေးပြုစုရေးဌာနက အသက် ၃ နှစ်ကနေ ၅ နှစ်အထိ လက်ခံတယ်။ အသက် ၅ နှစ်ကျော်တဲ့ ကလေးတွေကို ဒီကို ပို့တယ်။ ဒီမှာ အသက် ၅ နှစ်ကနေ ၁၈ နှစ်ထိ ထားပေးတယ်။ အသက် ၁၈ နှစ်ကျော်သွားတဲ့ ကလေးတွေကိုတော့ သက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးလိုက်တယ်။ ဒီကနေ ဆယ်တန်းအောင်သွားတဲ့ ကလေးတွေ လည်းရှိပါတယ်။ တခြားကလေးတွေကိုတော့ ကုမ္မဏီတွေနဲ့ဆက်ပြီး အလုပ်သွင်းပေးလိုက်တယ်။ ခုတော့ နိုင်ငံတော်က စားစရိတ်အဖြစ် ကလေးတစ်ယောက်အတွက် တစ်ရက်ကို ၁၀ ထောက်ပံ့တယ်။ ငွေပဒေသာပင်အတိုးက တစ်ယောက်ကို အစိတ်ရတယ်။

ဆရာတို့လှူမယ်ဆိုရင် ကလေးတစ်ယောက်ကို တစ်နပ်စာ ၁၆၀ နှုံးနဲ့လှူလို့ရပါတယ်။ ဆန်မပါဘဲ ကုန်ခြောက် တွေချည်းလဲ လှူလို့ရတယ်။ စာအုပ်နဲ့စာရေးကိရိယာတွေလည်း လိုတာပါဘဲ။ နောက်ပြီးကျောင်းစိမ်းဝတ်စုံတွေ လိုပါတယ်။ ကျွန်မတို့ကျောင်းမှာက မူလတန်းအထိပဲ သင်နိုင်တယ်။ အလယ်တန်းတက်သွားတဲ့ ကလေးတွေကိုတော့ အစိုးရကျောင်းတွေ ပြောင်းထားရတယ်။ အဲဒီအခါ ကျောင်းဝတ်စုံလိုတယ်။ ဖြစ်သလို လွှတ်လိုက်လို့မရတော့ဘူး။ ဒီမှာကတော့ ကိုယ့်ကျောင်းနဲ့ ကိုယ်မို့ ကိစ္စမရှိဘူး။ အဲဒီတော့ အဲဒီကလေးတွေအတွက် ကျောင်းဝတ်စုံလိုတယ်။ နောက်ပြီး ထီးတို့၊ ဖိနပ်တို့ပါ လိုတယ်။ လေးငါးယောက်လောက်အတွက် ပြဿနာမဟုတ်ပေမဲ့ လူ ၂၀၀ ကျော်လောက်ကျတော့ ငွေအင်အားလိုပါတယ်။ ငွေပဒေသာ ပင်ထဲထည့်ရင်တော့ ပျောက်မသွားတော့ဘူးပေါ့။ အမြဲသုံးသွားလို့ရမယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ဘာလှူပါလို့မပြောလိုပါဘူး။ အကုန်လုံးလိုနေတာ ဆိုတော့လေ။ ဘာပဲလှူလှူ ၀မ်းသာရမှာပါ။

ထို့နောက် ကျောင်းထဲလျှောက်ကြည့်ကြပါသည်။ ထမင်းစားခန်းတွင် ကလေးများ စားသောက်နေကြသည်ကို ကြည့်ရတာ အားရစရာဖြစ်ပါ၏။ သူတို့ခမျာ ထမင်းကို တစ်ပန်းကန်မောက်မောက်ထည့်ကာ ဟင်းရည်တစ်မျိုးထဲဆမ်းလျှက် အားရပါးရ လွေးနေကြရှာပါသည်။ ဘာဟင်းလဲတော့ သေသေချာချာ မသိပါ။ နီညိုရောင်ဆိုတော့ ငါးပိရည်ထင်ပါသည်။ အရိုးများသော၊ ချေးခါးသော ရွေးမနေနိုင်။ သူတို့အဖို့တော့ ဗိုက်ဝဘို့သာ အရေးကြီးပါသည်။

            ကျွန်တော်တို့လည်း အတိအကျမဟုတ်တောင် အဆင်ပြေမည့်တစ်လတွင်လှူပါမည်ဟု ပြောဆိုနှုတ်ဆက်ကာ ပြန်ခဲ့ ကြပါသည်။ တလက်စတည်း ချော်တွင်းကုန်းရှိ ကမ္ဘာအေးလူငယ်သင်တန်းကျောင်းသို့ ဆက်လာခဲ့ကြပါသည်။ ထိုကျောင်း၌ ကျောင်းအုပ်ဦးမောင်မောင်တာနှင့်တွေ့၏။ ဆရာကြီးကလည်း ကျောင်းအခြေအနေကို အောက်ပါအတိုင်း ပြောပြပါသည်။

            ဒီမှာ အသက် ဆယ်နှစ်အောက်က ၅၀ လောက်၊ ၁၀ နှစ်ကနေ ၁၅ နှစ်ထိက ၁၅၀ လောက်၊ အသက် ၂၀ ၀န်းကျင်က ၁၄ ယောက်ရှိတယ်။ စားရေးသောက်ရေးအတွက် ကုန်ခြောက်ကတင် တစ်လကို ၅ သောင်းခွဲဘိုးလောက် ၀ယ်ရ ပါတယ်။ နိုင်ငံတော်က ထောက်ပံ့တာ တစ်ယောက်ကို တစ်ရက်အတွက် ၁၀။ နောက်ပြီး ငွေပဒေသာပင်ကရတဲ့အတိုးက တစ်ယောက်ကို အစိတ်လောက်။ ၉ တန်း၊ ၁၀ တန်းကျောင်းသားတွေအတွက် ကျောင်းစရိတ်ကို Total က ပညာသင်စရိတ် ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် သူတို့ဆရာတွေလွှတ်ပြီးတော့လည်း ဒီမှာ စာသင်ပေးသေးတယ်။

            တချို့ကုမ္မဏီတွေကျတော့ သူတို့ဆီမှာခေါ်ပြီး အလုပ်သင်ပေးတယ်။ လှူမယ်ဆိုရင်တော့ အစားအသောက်၊ အ၀တ် အစား၊ ဆီ၊ ဆား၊ ငရုတ်၊ အာလူး၊ ကြက်သွန်စတဲ့ ကုန်ခြောက် စသဖြင့် လှူလို့ရပါတယ်။ ငွေပဒေသာပင်ထဲ ထည့်မယ်ဆိုရင် လည်း ထည့်လို့ရပါတယ်။ ခင်ဗျားတို့က စင်ကာပူကဆိုတော့ ကျွန်တော်က သင်္ဘောသားတွေ ထင်နေတာ။ အရင်တစ်ခါက လည်း သင်္ဘောသားတွေ လာလှူသွားသေးတယ်။ ခင်ဗျားတို့လုပ်တာ အရမ်းကောင်းပါတယ်ဗျာ။ ကျွန်တော်တို့ ၀မ်းသာပါ တယ်။ ကျောင်းကိုလာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

            ၂၁-၉-၂၀၀၂ နေ့တွင် ထောက်ကြံ့ကလေးပြုစုရေးဌာနသို့ သွားခဲ့ကြ၏။ ၅၁ ကားကိုစီးကာ ထောက်ကြံ့စစ်သင်္ချိုင်း မှတ်တိုင်တွင်ဆင်း၊ လမ်းတစ်ဖက်ကူးလိုက်သည်နှင့် ကျောင်းသို့ရောက်၏။ ကျောင်းတွင် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ဝင်း နှင့် တွေ့၏။ ကျွန်တော်တို့က စနေဓမ္မမိတ်ဆွေများအဖွဲ့အကြောင်း ပြောပြရာ သူက ကျောင်းနှင့်ပတ်သက်၍ ရှင်းပြသည်။

            ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှာ မွေးကင်းစကနေ ၃ နှစ်အထိ လက်ခံပြုစုပါတယ်။ ၃ နှစ်ပြည့်တဲ့ကလေးတွေကို တော့ ဒီကိုခေါ်ပြီး ဆက်ပြုစုတယ်။ များသောအားဖြင့် မိဘမဲ့ကလေးတွေ၊ စောင့်ရှောက်မဲ့သူ မရှိတဲ့ကလေးတွေပါဘဲ။ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံခဲ့ရတဲ့ကလေးတွေကို စောင့်ရှောက်ထားတာပါ။ ဒီဌာနမှာ ကလေးပေါင်း ၁၀၀ ကျော်ကို စောင့်ရှောက်နိုင်ပါတယ်။ လောလောဆယ်တော့ ကလေး ၃၇ ယောက်ပဲရှိတယ်။ အသက် ၅ နှစ်ပြည့်သွားတဲ့ကလေးတွေကို တော့ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းကို ပို့ပါတယ်။ ကလေးတွေကို ကျွေးမွေးပြုစုဘို့ နိုင်ငံတော်က တစ်ယောက်ကို တစ်ရက်စာ ၁၀ နှုံးပေးပါတယ်။ ငွေပဒေသာပင်ကရတဲ့ အတိုးနဲ့ အဲဒီ ၁၀ ပေါင်းပြီး ကလေးတွေကို တစ်နေ့ (၄) ကြိမ် ကျွေးပါ တယ်။ လှူချင်ရင် အာဟာရအနေနဲ့ တစ်နပ်ကို ၃၀၀၀ ကျပ်နှုံးလှူနိုင်ပါတယ်။ ဒါမှမဟုတ် မူကြိုဝတ်စုံလေးတွေ လှူချင်ရင်လည်း တစ်ယောက်ကို ၄၂၀ ကျပ်နှုံးနဲ့ လှူလို့ရပါတယ်။ အဲဒီဝတ်စုံတွေကိုတော့ ကျွန်မတို့ ၀န်ထမ်းသက်သာကနေ ချုပ်တာပါ။ တီရှပ် ဆင်တူ လှလှလေးတွေ ၀ယ်လှူချင်လဲရပါတယ်။ ကလေးကစားစရာ၊ စက်ဘီး၊ အရုပ်လေးတွေ၊ ပန်းချီဆွဲတဲ့ ပစ္စည်းလေးတွေ စသဖြင့် သင်ထောက်ကူ ပစ္စည်းတွေလဲ လိုပါတယ်။ ငွေပဒေသာပင်ထဲ ထည့်ထားရင်တော့ မပျောက်တော့ပဲ အတိုးနဲ့သုံးလို့ ရတာပေါ့။

            ထို့နောက် ကျောင်းအတွင်း လှည့်ကြည့်ကြရာ နေ့ခင်းဘက်ဖြစ်သဖြင့် ကလေးများမှာ အတုံးအရုံးအိပ်နေကြပါသည်။ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ယပ်ယပ်ဖြစ်ပါ၏။ ကျွန်တော်တို့လည်း ကျောင်းကို ကျွန်တော်တို့လှူမည့် စာရင်းထဲတွင်ထည့်ကာ အလှည့်ကျလျှင် လှူပါမည်ဟုပြောလျှက် ပြန်ခဲ့ကြပါသည်။

            ၂၃ ရက်နေ့တွင်မူ ကျွန်တော်တစ်ယောက်တည်း ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့ လာခဲ့၏။ ရောက်တော့ ထောက်ကြံ့ကလေးပြုစုရေးဌာနမှ ဆရာမကြီးကိုပါ တွေ့ရပါသည်။ မြို့ထဲတွင် စည်းဝေးပွဲရှိသဖြင့် ဤကျောင်းမှ ဆရာမကြီး ကိုပါဝင်ခေါ်ခြင်းဖြစ်ကြောင်း ပြောပြ၏။ နောက် ကလေးများအား လိုက်ပြပါသည်။ နေ့ခင်းဖြစ်သဖြင့် ကလေးများမှာ အားလုံး အိပ်နေကြသည်။ အခန်းများမှာ ထောက်ကြံ့မှ အခန်းများလောက် မသန့်ပါ။ နံစော်နေသဖြင့် Air freshener တပ်ပေးရသော် ကောင်းလေစွဟု ဆန္ဒဖြစ်မိပါသည်။

            ကလေးများကို စောင့်ရှောက်နေသူ ဆရာမတစ်ဦးက -

ဒီကလေးလေးက အစားမစားနိုင်ဘူး။ အရည်ကိုနှာခေါင်းပိုက်ကနေ သွင်းပေးရတယ်။ တခြားကလေးတွေကိုတော့ တစ်နေ့ကို (၆) ကြိမ် ကျွေးတယ်။ များသောအားဖြင့် နို့ဘူးတိုက်တာပေါ့။ ကလေးကလည်း ၄-၅ယောက်မဟုတ်တော့ တခါတလေ နို့ဘူးတွေပြတ်ရင် ကျွန်မတို့မှာ အတော်ဒုက္ခရောက်ပါတယ်။ အခုဒီမှာ ကလေးစုစုပေါင်း ၄၉ ယောက်ရှိတယ်။ တစ်နေ့အတွက် ၆ ကြိမ်ကျွေးရင် ကုန်ကျငွေ တစ်သောင်းလေးထောင်ရှိပါတယ်။ အစ်ကိုတို့လှူချင်ရင် လက်တိုဂျင်ဘူးတွေလှူလို့ရပါတယ်။ တစ်ဘူးကို ၆၀၀၀ လောက်ရှိတယ်။ တစ်လကို ၄၅ ဘူး ကုန်ပါတယ်။ နောက်ပြီး ဒူးမက်စ်က ၁၀ ဘူးကုန်တယ်။ လက်ရှိ ပေါက်ဈေး တစ်ဘူးကို ၄၀၀၀ လောက်ရှိတယ်။ နည်းနည်းကြီးသွားတဲ့ကလေးတွေကိုတော့ Red Cow တိုက်ပါတယ်။ ဟုတ်ကဲ့၊ ဆရာမကြီးနာမည်က ဒေါ်တင်တင်ဝင်းပါ။   

            ကျွန်တော်က လောလောဆယ်တွင်မူ လှူရန်လျာထား ထားသောနေရာများရှိသေးသဖြင့် အဆင်ပြေမည့်တစ်ချိန်တွင် လှူပါမည့်အကြောင်းပြောကာ မှတ်တမ်းဓါတ်ပုံများရိုက်လျှက် ပြန်ခဲ့ပါသည်။ (နောင်တွင် ထိုကလေးပြုစုရေးဌာနများသို့ အ၀တ် အထည်၊ ကစားစရာနှင့် စားစရာသောက်စရာများ လှူခဲ့ပါသည်။)

            ကျွန်တော်က ကျွန်တော်တို့သွားရောက် လေ့လာခဲ့သောနေရာများကို လအလိုက်လှူရန် စာရင်းပြုစုကာ စင်ကာပူရှိ ကိုရေချမ်းတို့ထံ ပို့လိုက်ပါသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် နောက် စနေဓမ္မမိတ်ဆွေကြီး တစ်ဦးဖြစ်သော ကိုမြင့်သိန်း လည်း ပြန်ရောက်လာသဖြင့် ကျွန်တော်၊ ကိုသောင်းတန်၊ ကိုမြင့်သိန်းတို့ လှည်းတန်းတွင်ဆုံကာ ရှေ့ဆက်လုပ်မည့် အစီအစဉ်များကို ဆွေးနွေးကြပါသည်။

            စနေဓမ္မမိတ်ဆွေများအဖွဲ့ လက်ကမ်းစာစောင်ထုတ်ဝေရေးအတွက် စိုင်းပြင်းကြရန်၊ လက်ကမ်းစာစောင်ထွက်ရှိ လာလျှင်လည်း မိမိနှင့်နီးစပ်ရာ အပေါင်းအသင်း မိတ်ဆွေများသို့ ဝေငှရန်။ ကိုသောင်းတန်က စင်ကာပူကို တော်တော်နှင့် ပြန်လာမည် မဟုတ်သေးသည့်အတွက် ယခုလတွင်လှူမည့် စလင်းမှ မြေမိကုန်းကျောင်းနှင့် ပရဟိတရွှေကျောင်းတို့ အတွက် အနီးကပ် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေလိုကြောင်း၊ စလင်းတွင် လုပ်ကိုင်ဆောင်ရွက်သည်များကိုလည်း ကျွန်တော် ကဲ့သို့ပင် နေ့စဉ်မှတ်တမ်းရေးထားစေလိုကြောင်း၊ သို့မှ နောင်တွင် ကျွန်တော် စနေဓမ္မမိတ်ဆွေများအဖွဲ့၏ ဆောင်ရွက်မှု မှတ်တမ်းများ ရေးသားသည့်အခါ အထောက်အကူရမည်ဖြစ်ကြောင်း သေသေချာချာမှာလိုက်၏။

            ကိုသောင်းတန်က ၎င်း၏သူငယ်ချင်းတစ်ဦးက ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်နေသည်များကို စာရေးဆရာ တစ်ဦးဦးကို ပြောပြကာ ဆောင်းပါးများရေးပြီး မဂ္ဂဇင်းတစ်စောင်စောင်တွင် ထည့်သင့်သည်ဟု အကြံပေးသည်ကို သဘောကျ ကြောင်း ပြောပြပါသည်။ သို့သော် ကျွန်တော်က ကျွန်တော်တို့လုပ်နေသည်များကို ဂဃနဏမသိပဲ အရမ်းကာရော လျှောက် ရေးမည်စိုးသည့်အတွက် ရေးမည်ဆိုလျှင်တော့ ကျွန်တော်ကိုယ်တိုင်ပင် ရေးလိုကြောင်း၊ မဂ္ဂဇင်းထဲထည့်မထည့်ကိုမူ သူငယ်ချင်းများနှင့် တိုင်ပင်ရန် အကြံပေးပါသည်။

            ၂-၁၀-၂၀၀၂ နေ့တွင် အလှူကိစ္စများဆောင်ရွက်ရန် ကိုသောင်းတန် စလင်းသို့ ပြန်သွား၏။

            ၇-၁၀-၂၀၀၂ နေ့တွင် ခွင့် ၂ လပြည့်သည်နှင့် ကျွန်တော်လည်း စင်ကာပူသို့ ပြန်ခဲ့ပါတော့သတည်း။



ဆက်ပါဦးမည်။
 

အေးငြိမ်း

၂၄-၁၀-၂၀၁၁၊ ည ၉း၂၀ နာရီ

Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027
Email: y_nyein@yahoo.com.sg

Sunday, November 20, 2011

အရေးပေါ်လက်စွဲစာအုပ် (၅)(နောက်ဆုံးပိုင်း)

၅။  ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်းတွင်လည်း စင်ကာပူမှ Emergency Handbook အပြင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးကော်မတီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ၂၀၀၉ ခုနှစ်က ပူးပေါင်းထုတ်ဝေခဲ့သော ငလျင်များနှင့်နေထိုင်ခြင်း စာအုပ်ပါ အချက် အလက်များကိုပါ ယူငင်သုံးစွဲထားပါသည်။

ငလျင်လှုပ်လျှင် အပျက်အစီးအနည်းဆုံး၊ အထိအခိုက်အနည်းဆုံးဖြစ်စေရန် အောက်ပါတို့ကို ကြိုတင်ပြုလုပ်ထားပါ။

o    လဲကျနိုင်သည့် ဘီရို၊ စာအုပ်စင် စသည်တို့ကို နံရံများနှင့် ကပ်ရိုက်ထားပါ။


o    ပန်းချီကားများ၊ မှန်ကြီးများကို အိပ်ယာ၊ ဆိုဖာ ဆက်တီ စသည်တို့နှင့် ဝေးရာတွင်ချိတ်ပါ။

o    ပန်းအိုးကြီးများကို ကြမ်းပြင်ပေါ်ချထားပါ။

o    မီးပန်းဆိုင်းများရှိပါက ချိတ်များ ခိုင်မခိုင်စစ်ဆေးပါ။

o    အုတ်ညှပ်အဆောက်အဦများဖြစ်လျှင် ကျည်းဘောင်နှင့်အုတ်ရိုး သေချာစွာမတွဲမိလျှင် နံရံပြိုကျမည့်အန္တရာယ်ရှိသည်။ ခိုင်ခံ့အောင်ပြင်ဆင်ထားသင့်ပါသည်။

ငလျင်လှုပ်စဉ်  အိမ်အတွင်း၌ -

ဝရုန်းသုန်းကား မပြေးလွှားပါနှင့်။



o    မိမိအိမ်အတွင်းမှ ခိုင်ခံ့သော နေရာ (ဥပမာ သစ်သားစားပွဲခုံ၊ ပြုတ်ကျနိုင်သော ပန်းချီကား စသည်တို့မရှိသည့်နံရံ) များ သို့သွားပါ။

o    ပြုတ်ကျစရာမရှိသော နံရံထောင့်သို့သွားကာ ထိုင်နေပါ။


o    ခိုင်ခံ့သောစားပွဲအောက်သို့သွားပါ။ စားပွဲအောက်တွင် စားပွဲခြေထောက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ကာ ထိုင်နေပါ။



o    ပြုတ်ကျနိုင်သော ပစ္စည်းများ (ဥပမာ - ဘီရိုပေါ်တင်ထားသော ပစ္စည်းများ၊ ပန်းချီကားများ)၊ လဲကျနိုင်သော ဘီရိုများ၊ စာအုပ်စင်များ၊ မီးပန်းဆိုင်းများ၊ ကွဲနိုင်သော ပြူတင်းပေါက်မှန်များ မှ ဝေးဝေးနေပါ။

o    မီးခလုတ်အားလုံးကို ပိတ်ထားပါ။ ဓါတ်ငွေ့မီးဖိုရှိလျှင် ဓါတ်ငွေ့အိုးခလုတ်ကို ပိတ်ပါ။

o    တိုက်အတွင်းမှ ထွက်ရန်လိုအပ်လျှင် ပြေးမထွက်ပါနှင့်။ မိသားစုများကို စနစ်တကျစုရုံးပြီး အေးဆေးစွာ စနစ်တကျ ဆင်းပါ။ ဓါတ်လှေခါးရှိလျှင် ဓါတ်လှေခါးကို မသုံးပါနှင့်။ ရိုးရိုးလှေခါးမှသာ ဆင်းပါ။



ငလျင်လှုပ်စဉ် အိမ်အပြင်၌ ရှိနေပါက -

o    အထပ်မြင့်အဆောက်အဦးကြီးများမှ ဝေးဝေးနေပါ။

o    ဓါတ်တိုင်၊ ဓါတ်ကြိုးများ၊ ကြော်ငြာဆိုင်းဘုတ်များ မှ လွတ်လွတ်ကင်းကင်းနေပါ။

o    မြောင်း၊ ချောင်းစသည့် ကမ်းနဖူးများ မသွားပါနှင့်။

o    ကွင်းပြင်အလွတ်တွင်နေပါ။



အကယ်၍ သင်သည်ကားမောင်းနေစဉ်ဖြစ်ပါက -

o    အဆောက်အအုံ၊ တံတား၊ ဓါတ်တိုင်၊ ဓါတ်ကြိုး၊ ကမ်းပါး စသည်တို့မှ ရှောင်ကွင်းပြီး ကားကိုချက်ခြင်းရပ်ပါ။

o    ကားထဲ၌ပင်နေပါ။ ရေဒီယိုဖွင့်ထားပြီး ငလျင်သတင်းနားထောင်ပါ။



ငလျင်လှုပ်ပြီးသွားပါက -

o    နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သေးသည်ကို အမြဲစိတ်ထဲစွဲထားပါ။

o    မိမိပစ္စည်းများကို စိုးရိမ်စိတ်ဖြင့် အတင်းတိုးဝင်ပြေးမသွားပါနှင့်။ အဆောက်အအုံတွင် အက်ကြောင်းများ၊ အပြိုအပျက်များ ရှိမရှိ ဦးစွာစစ်ဆေးပါ။ ငလျင်ဒါဏ်ကြောင့် အဆောက်အအုံ အချိန်မရွေးပြိုကျနိုင်သည်ကို သတိရပါ။

o    မိမိအိမ်သားအားလုံး စုံမစုံကို စစ်ဆေးပါ။

o    ဒါဏ်ရာရသူများကို ကူညီပါ။ လိုအပ်လျှင် အရေးပေါ်ယာဉ်ခေါ်ပါ။ အပြိုအပျက်များကြား ပိတ်မိနေသူများ ရှိပါက အခြားသူများ အကူအညီဖြင့် ထုတ်နိုင်အောင် ကြိုးစားပါ။

o    ဖြစ်နိုင်လျှင် မီးခလုတ်များ၊ ဓါတ်ငွေ့ခလုတ်များကို ပိတ်ပါ။ ငလျင်ကြောင့် ဓါတ်ငွေ့ပိုက်များကွဲခြင်း၊ ဓါတ်ကြိုးများ ပြတ် တောက်ခြင်း၊ ဖြစ်တတ်သည်။

o    အနံ့တစ်ခုခု၊ သို့မဟုတ် ညှော်နံ့ရမရ သေချာစွာ စစ်ဆေးပါ။ မမြင်နိုင်သော နေရာတွင် ရှော့ဖြစ် နေခြင်း၊ မီးလောင်နေခြင်း၊ ဓါတ်ငွေ့စိမ့်နေခြင်းများ ဖြစ်နေတတ်သည်။ မီးလောင်နေသည်ကို တွေ့ပါက နိုင်လောက်လျှင် အမြန်ငြိမ်းသတ်ရန် ကြိုးစားပါ။ မိမိမနိုင်သည့်မီးဖြစ်ပါက မီးသတ်ဌာနသို့ အမြန်ဆုံးအကြောင်းကြားပါ။

o    မိမိတို့ရှိနေရာသို့ အဆောက်အအုံများ၊ သစ်ပင်၊ ဓါတ်တိုင် စသည်တို့ ပြိုလဲကျလာမည့် အန္တရာယ်ကို လှည့်ပတ်စစ်ဆေးပါ။



အကယ်၍ သင်သည် အပြိုအပျက်များအောက် ရောက်နေပါက -

o    အပြိုအပျက်များအောက် ရောက်နေသောကြောင့် တုန်လှုပ်ခြောက်ချားမနေပါနှင့်။ စိတ်အေးသက်သာထားပါ။ ကယ်မည့်သူ နှင့် မည်ကဲ့သို့ဆက်သွယ်ရမည်။ ဤအပြိုအပျက်များအောက်မှ မည်ကဲ့သို့ထွက်နိုင်မည်ကို ခေါင်းအေးအေးနှင့် စဉ်းစားပါ။

o    အလင်းရောင်လာရာကို ဦးစွာရှာပြီး ထိုနေရာသို့ (စားပွဲ၊ ဘီရို စသောအရာဝတ္ထုများ အောက်မှ) တွားသွားရန် ကြိုးစားပါ။

o    မှန်ကွဲ၊ ဖန်ကွဲ၊ ကြွေကွဲ၊ သွပ်ပြားစ၊ ဒါး စသည့် အန္တရာယ်ရှိသော ပစ္စည်းများ မိမိပတ်ဝန်းကျင်တွင် ရှိနေမနေ သေချာစွာ စစ်ဆေးကြည့်ရှုပါ။ ရှိနေလျှင် ဂရုတစိုက်ရှောင်ရှားပါ။

o    ဖြစ်နိုင်သမျှ မတည်မငြိမ်၊ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေသောနေရာမှ ဝေးရာသို့အမြန်ဆုံးထွက်ခွာပါ။

o    လှေခါး၊ ဓါတ်လှေခါးစသည်တို့ကို တတ်နိုင်သမျှ မသုံးပါနှင့်။ ငလျင်ဒါဏ်ကြောင့် ကျိုးပျက်နေတတ်ပါသည်။

o    ဓါတ်ငွေ့ရှိမရှိ မီးခြစ်ပြီးစမ်းခြင်း၊ မီးခလုတ်များကို ဖွင့်ခြင်း၊ ဓါတ်ငွေ့ခလုတ်များကို စမ်းသပ်ဖွင့်ကြည့်ခြင်းများ လုံးဝမလုပ်ပါနှင့်။

o    မလိုအပ်ပဲ အသားကုန်မအော်ပါနှင့်။ ဤကဲ့သို့အော်ခြင်းဖြင့် ဖုံ၊ အမှုန်များ အသင့်နှာခေါင်း၊ ပါးစပ်များအတွင်း ၀င်ကာ အသက်ရှူခြင်းကို ထိခိုက်နိုင်သည်။

o    ရနိုင်ပါက ၀ီစီမှုတ်ခြင်း၊ ပိုက် စသည့် အသံမည်စေနိုင်သည့်အရာများကို ခေါက်ခြင်း၊ ဓါတ်မီးထိုးခြင်းဖြင့် ကယ်ဆယ်ရေး လုပ်သားများကို အချက်ပေးပါ။

o    သင့်တွင် သွေးထွက်နေသည့် ဒါဏ်ရာရခဲ့ပါက သွေးထွက်နည်းနိုင်သမျှနည်းစေရန် ဒါဏ်ရာကို လက်ဖြင့်ဖိထားပါ။



၆။  ရေကြီးခြင်း

ယခု ၂၀၁၁ ခုနှစ်အတွင်း၌ပင် မြန်မာနိုင်ငံအနှံ့ ရေကြီးခဲ့ပါသည်။ ပဲခူးရေဘေး၊ တောင်ငူရေဘေး၊ ဟင်္သာတရေဘေး၊ ပခုက္ကူ ရေဘေးများအတွင်း လူများသေကျေပျက်စီးခဲ့ပြီး ပစ္စည်းဥစ္စာများစွာ ဆုံးရှုံးခဲ့ရပါသည်။

သို့အတွက် ရေလွှမ်းသောအခါများ၌ လူအသေအပျောက် နည်းနိုင်သမျှနည်းအောင်၊ အပျက်အစီး နည်းနိုင်သမျှနည်းအောင် အာဏာပိုင်များဘက်မှ စီမံကိန်းများချကာ အရေးတယူဆောင်ရွက်ရန် လိုပါသည်။ ဖြစ်လာမှ ထလုပ်ခြင်းကား ရေကြောင့် ပျက်စီးနှင့် သေကြေနှင့်သည့်အရာများကို မကူနိုင်၊ မကယ်နိုင်တော့။ ကျန်နေသူများကိုသာ အနည်းအကျဉ်း ကူညီပေး၍ ရနိုင်ပေမည်။

အခြားနိုင်ငံအစိုးရများတွင် ရေကြီးလျှင် မည်ကဲ့သို့လုပ်ရမည်ကို စနစ်တကျ စီမံချက်ချလုပ်ထားတာ တွေ့ရပါသည်။ ဤစာ တမ်းများကို အင်တာနက်မှ download လုပ်ယူဖတ်ရှုနိုင်ပါသည်။ နှစ်စဉ်ရေလွှမ်းမိုးမှုဘေးကို ကြုံတွေ့နေရသော မြန်မာနိုင်ငံ တွင်လည်း ရေလွှမ်းမိုးမှု အရေးပေါ်စီမံချက်များ ချမှတ်လုပ်ဆောင်ရန် လိုနေပါပြီ။ တာဝန်ရှိသူ လူကြီးမင်းများ ယခုကပင် ထလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါ၏။

ဤနေရာတွင် အစိုးရပိုင်းက ကြိုတင်ဆောင်ရွက်ရမည့် ရေကာတာများဆောက်လုပ်ခြင်း၊ (ရေကာတာဟူသည် ဆည်ကို       ပြောခြင်းမဟုတ်၊ ဧရာဝတီတိုင်းမှ မြို့ကြီးများတွင် တွေ့ရတတ်သည့် မြစ်ရေများ မြို့တွင်းဝင်မလာနိုင်စေရန် ဖို့ထားသော ရေကိုကာသည့် တာကြီးများ ဖြစ်ပါသည်။ ဟင်္သာတမြို့တွင် ဤကဲ့သို့ ရေကာတာကြီးများအား တစ်မြို့လုံးပတ်လျှက် ဖို့ထားသည်ကို တွေ့နိုင်ပါသည်။) ရေနုတ်မြောင်းများချဲ့ခြင်း၊ ပြုပြင်ခြင်း စသည်တို့ကို ဖော်ပြရန်မဟုတ်ပါ။ ယခုဖော်ပြမည်မှာ ရေကြီးလာလျှင် ပြည်သူများအနေနှင့် ဘာတွေလုပ်ရမည်ဆိုသည်ကိုသာ အသိပညာပေးလိုရင်း ဖြစ်ပါသည်။ အင်တာနက်တွင်ရှာလို့ရသော အချက်အလက်များမှာ ရေလျှံမှုကို မည်ကဲ့သို့ကြိုတင် စီစဉ်ရမည်၊ ကာကွယ်ရမည်ကို အစိုးရပိုင်းနှင့် အင်ဂျင်နီယာများ တွက်ချက်ထားမှုများသာများပြီး လုပ်သားပြည်သူများအနေနှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည် ကိုမူ ဖော်ပြထားသော စာအုပ်စာတမ်းများမှာ အလွန်နည်းပါသည်။

ရှိသောစာအုပ်များမှာလည်း အမေရိကန်၊ ကနေဒါ၊ သြစတေးလျ စသောနိုင်ငံကြီးများက ပြုစုထားသော စာစောင်များဖြစ်ရာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အသုံးမတည့်။ ထို့ကြောင့် အခြားအချက်များရေးရန် လွယ်ကူသော်လည်း ရေကြီးရေလျှံမှု အတွက် မနည်းရှာယူရပါသည်။ စင်ကာပူ Emergency Handbook မှ ရေကြီးသည့်အရေးပေါ် စီမံချက်သည်လည်း ကျွန်တော်တို့အတွက် အသုံးမတည့်ပါ။

ယခု ကျွန်တော်ကောက်နုတ်ဘာသာပြန်ထားသည်မှာ Flood Preparedness Planning, Flood Waters Pose Health Risks, WHO မှထုတ်သော Flooding and Communicable Diseases စသော စာအုပ်များနှင့် အခြား website များမှ ရသမျှကို မြန်မာနိုင်ငံနှင့်ဆီလျော်အောင် ပြန်လည်ပြုပြင်ရေးသားထားခြင်း ဖြစ်ပါသည်။



ရေလျှံခြင်းမဖြစ်မီ ကြိုတင်စီမံထားရမည့်အရာများ -

·         ရာသီဥတုအခြေအနေ ဆိုးလာပြီဆိုသည်နှင့် မိုးလေ၀သသတင်းကို မပြတ်နားစွင့်နေပါ။

·         မိုးလေ၀သအခြေအနေ စိုးရိမ်ရသည်ဆိုသည်နှင့် အခြောက်အခြမ်း စားစရာ၊ သောက်စရာများ၊ အ၀တ်အနည်းငယ်၊ ဆေးဝါးများ၊ လက်နှိပ်ဓါတ်မီး၊ ဓါတ်ခဲများ၊ မီးခြစ်၊ ဖယောင်းတိုင် စသည်တို့ကို အရေးဟေ့ဆိုလျှင် ကောက်ဆွဲသွား နိုင်ရန် အဆင်သင့်ထုပ်ပိုးထားပါ။ 

·         ရွှေငွေ၊ အရေးကြီးစာရွက်စာတမ်းများကို ရေလုံသည့် ပလတ်စတစ်အိတ်အတွင်းထည့်ကာ အချိန်မရွေး ကောက်ယူသွားနိုင်ရန် မိမိနှင့်လက်တစ်ကမ်း၌ထားပါ။

·         ခိုင်မာသောကြိုးကြီးတစ်ချောင်းနှစ်ချောင်းကိုလည်း ရှာထားပါ။ ပစ္စည်းများကို ချည်နှောင်ထားနိုင်သလို မိမိတို့ ရေမျောမည့် အန္တရာယ်နှင့် ကြုံလျှင်လည်း အသုံးနိုင်သည်။

·         ရေလျှံလျှင်မည်သည့်နေရာသို့ သွားရောက်ရှောင်တိမ်းရမည်ကို ကြည့်ထားပါ။ (ရေမမြုပ်နိုင်သော ကုန်းမြင့်အရပ်)

·         ရှိနိုင်လျှင် ရှေးဦးသူနာပြုသေတ္တာကို အဆင်သင့်ဆောင်ထားပါ။

·         ရေတက်မည့်အရိပ်အရောင်ရှိပြီဆိုသည်နှင့် အိမ်မှ ပရိဘောဂ၊ ကုတင် စားပွဲစသည်တို့ကို အုတ်ခဲ စသည်တို့ခုကာ မြှင့်ထားနိုင်ပါသည်။ လျှပ်စစ်ပစ္စည်းများကို ဘီရိုကဲ့သို့သော အမြင့်များပေါ် တင်ထားပါ။



ရေတက်လာပြီဆိုလျှင် -

·         လျှပ်စစ်မီးခလုတ်၊ ဓါတ်ငွေ့မီးဖိုခလုတ်စသည်တို့ကို အားလုံးပိတ်ပါ။

·         မိမိအိမ်သည် ရေမလွတ်နိုင်ဟု ထင်ရပါက လိုအပ်သည်ပစ္စည်းများ အလျှင်အမြန်ယူကာ အိမ်သားအားလုံးကို စုရုံးစေလျှက် ကုန်းမြင့်ရှိရာ အမြန်ပြောင်းရွှေ့ပါ။

·         မိမိမသိသောနေရာ၊ ရေနက်မည်ထင်ရသည့်နေရာ၊ ရေစီးသန်သောနေရာ၊ အန္တရာယ်ရှိနိုင်သည့်နေရာများကို ရှောင်ပါ။

·         မိမိလုံခြုံရာရောက်ပြီဆိုလျှင် အခြားသူများကိုလည်း ကြည့်ပါ။ အကူအညီလိုသူများအား မိမိကိုယ်ကိုယ် အန္တရာယ်မဖြစ်စေဘဲ အကူအညီပေးပါ။



ရေတက်နေစဉ် -

·         ရေကိုကြိုချက်၍ သောက်ပါ။

·         အစားအသောက်များကို ဖုံးအုပ်ထားပါ။ သေချာစွာ ချက်ပြုတ်စားပါ။ အစိမ်းစားခြင်း၊ ယင်နားစာ စသည်တို့ကို ရှောင်ပါ။

·         လျှံနေသောရေထဲတွင် ကလေးများဆော့ကစားခြင်းကို ခွင့်မပြုပါနှင့်။ ထိုရေထဲတွင် ရောဂါပိုးများ ပါလာတတ်သည်။

·         ရေလျှံခြင်းနှင့်အတူ ၀မ်းပျက်ဝမ်းလျှောရောဂါလည်း ဖြစ်တတ်သဖြင့် ကလေးများကို အထူးဂရုစိုက်ပါ။



ရေကျသွားလျှင် -

·         ရေနှင့်အတူ မြွေ၊ ကင်း စသည်တို့မျောပါလာတတ်ပြီး ရေကျသွားလျှင် အိမ်များအတွင်း ခိုအောင်းကျန်နေတတ် သည်။ ထို့ကြောင့် ရေကျသွားပြီး အိမ်အတွင်း ၀င်တော့မည်ဆိုလျှင် အိမ်မှချောင်ကြိုမြောင်ကြားအားလုံးကို တုတ်ဖြင့်ရိုက်ကာ မြွေ၊ ကင်းစသည်တို့ကို ချောက်လှန့်မောင်းထုတ်ပါ။ အထူးသဖြင့် အိုးများ၊ ဖျာလိပ်များ၊ မွေ့ယာများ၊ အ၀တ်ထုတ်များ၊ ဘီရိုအောက်များ၊ ထုပ်တန်းများပေါ်တွင် ခွေနေတတ်သည်။

·         ရေမြောင်း၊ ချောင်းမြောင်းများသို့ မသွားပါနှင့်ဦး။

·         ကလေးများကို ရေထဲတွင် ဆော့ကစားခြင်း မပြုပါစေနှင့်ဦး။

·         ဓါတ်ကြိုးများ ပြတ်ကျ၊ ပျက်စီးနေတတ်သဖြင့် မီးဖွင့်ခြင်း၊ လျှပ်စစ်ပစ္စည်းများ သုံးခြင်းတို့ကို ချက်ခြင်းမပြုပါနှင့်။

·         ရေစိုကာပျက်စီးနေသော အစားအသောက်၊ ရေ စသည်တို့ကို စားသုံးခြင်းမပြုပါနှင့်။ ရေထဲတွင် ရောဂါပိုးများ ပါလာတတ် သဖြင့် ထိုရောဂါပိုးများသည် အစားအသောက်များ၌ တွယ်ကပ်နေတတ်သည်။

·         ရေကိုကြိုချက်သောက်ပါ။



ကြက်ခြေနီ၊ အရံမီးသတ်၊ လူမှုရေးအဖွဲ့များ၏ အကူအညီဖြင့် ရပ်ရွာလူကြီးတို့ ပြင်ဆင်ထားရန် လိုအပ်ချက်များ -

o    အရေးကြုံလာလျှင် ရပ်ရွာလူထုအတွက် အဆင်သင့်ဖြစ်နေစေရန် ကြက်ခြေနီ၊ အရံမီးသတ်စသော လူမှုရေးအဖွဲ့များ အကူအညီဖြင့် ရပ်ရွာလူကြီးများသည် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားရပါမည်။

o    ကုန်းမြင့်နေရာများကို ရွေးချယ်ကာ လူအများနေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပါ။

o    သောက်ရေ၊ ဆန်အိတ်၊ ဆီပုံး၊ ပဲအိတ်၊ ဆား၊ ငါးပိ၊ ငါးခြောက် စသည့် အစားအသောက်၊ အခြောက်အခြမ်းများကို စုဆောင်းကာ ထိုကုန်းမြင့်နေရာများတွင် လေလုံမိုးလုံ အမိုးအကာလုပ်ကာထားပါ။


o    လုပ်သားပြည်သူများအားလည်း မိုးလေ၀သနောက်ဆုံးသတင်းကို အမြဲထုတ်ပြန်ကြေငြာနေပါ။

o    ရှေးဦးသူနာပြုသေတ္တာ၊ ဆေးဝါးများစုဆောင်းပြီး လိုအပ်လျှင် အဆင်သင့်ရနိုင်စေရန် ပြင်ဆင်ထားပါ။

o    ကယ်ဆယ်ရေးအဖွဲ့များဖွဲ့ပြီး တာဝန်များ သတ်သတ်မှတ်မှတ်ပေးပါ။ ဥပမာ - ကလေးနှင့် လူကြီးသူမများ ကယ်ဆယ်ရေးအဖွဲ့၊ သဲအိတ်များ စုဆောင်းနေရာချထားရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ အစားအသောက် စုဆောင်းရေးအဖွဲ့၊ တဲဆောက်လုပ်ရေးအဖွဲ့ စသည်။

o    ဤအဖွဲ့များကို တကယ်ရေလျှံလာလျှင် အဆင်သင့်ဖြစ်နေစေရန် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားပါ။ ဥပမာ - တဲထိုးနည်း၊ ရှေးဦးသူနာ ပြုစုနည်း၊ လှေလှော်နည်း။

o    ရေလျှံလာလျှင် သုံးနိုင်ရန် လှေ၊ ၀ါးဖောင်စသည်တို့ အဆင်သင့်ပြုလုပ်ထားပါ။

o    ရေဘေးကြုံလာလျှင် စိတ်အားမငယ်ကြရန်၊ အထိတ်တလန့်မဖြစ်ကြရန် အားပေးရမည့် အစီအစဉ်များကိုလည်း စနစ်တကျ ပြင်ဆင်ထားပါ။

o    အခြားရွာ၊ အဖွဲ့များနှင့် အဆက်ပြတ်မနေစေရန် ဆက်သွယ်ရေးနည်းလမ်းများကိုလည်း ကြိုတင်ကြံဆထားပါ။



ရေလျှံခြင်း အရေးပေါ်စီမံချက် အချုပ်

o    ရေလျှံလာလျှင် လိုအပ်မည့် စားစရာသောက်စရာ ဆေးဝါးများကြိုတင်ပြင်ဆင် စုဆောင်းထားပါ။

o    ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပါ။

o    နောက်ဆုံးထုတ်ပြန်သည့် ရာသီဥတု သတင်းကို လူထုသို့ အမြဲသတင်းပေးနိုင်ရန် စီမံထားပါ။

o    ရေလျှံလာသည်နှင့် ချက်ခြင်းကယ်ဆယ်ရေးလုပ်ငန်းများလုပ်နိုင်ရန် တပ်လှန့်ထားပါ။

o    အချင်းချင်း အဆက်အသွယ်မပြတ်စေရန် စီမံထားပါ။

o    ရေကျသွားလျှင် လုပ်ရမည့် လုပ်ငန်းများကို ကြိုတင်စီစဉ်ထားပါ။



ရေလျှံခြင်းနှင့်အတူ ပါလာတတ်သောရောဂါများ

o    ရေလျှံလျှင် အိမ်သာစသော အညစ်အကြေးများအားလုံးသည် လျှံသည့်ရေနှင့်အတူ ပါလာသည့်အတွက် ရေလျှံသည့်အခါ ထိုရေကို အထူးသဖြင့် သတိထားရပါမည်။

o    လျှံသည့်ရေနှင့် အစားအသောက်၊ ရေ၊ အ၀တ်အစား၊ အသုံးအဆောင် စသည်တို့ကို မထိပါစေနှင့်။ မလွှဲမရှောင်သာ၍ ထိုရေအတွင်းဆင်းရလျှင် ရေသန့်နှင့် ရေချိုးပစ်ပါ။ ဒါဏ်ရာရှိပါကလည်း ထိုရေနှင့် မထိပါစေနှင့်။ အကယ်၍ ထိခဲ့လျှင် မေးခိုင် ကာကွယ်ဆေးထိုးရန် လိုပါသည်။

o    လျှံနေသောရေနှင့်အတူ အိမ်သာအညစ်အကြေးရေများသည် သင့်အိမ်အတွင်း ၀င်လာတတ်သည်။ ထို့ကြောင့် ဆိုဖာ၊ ကော်ဇော၊ ခန်းဆီး၊ စသည့်ရေစုပ်တတ်သည့် ပစ္စည်းများကို တတ်နိုင်သမျှ အမြင့်တွင် တင်ထားပါ။ အိမ်ထောင်ပရိဘောဂ၊ အိမ်ကြမ်းပြင်၊ နံရံစသည်တို့ကို ရေကျလျှင်ကျချင်း ရေသန့်နှင့်ဆေးကြောပါ။

o    ရေလျှံလျှင်ဖြစ်တတ်သော ရောဂါများမှာ ရေကြောင့်ဖြစ်သော ရောဂါများနှင့် ဗက်တီးရီးယားများကြောင့် ဖြစ်သော ရောဂါများ ဖြစ်၏။

o    ရေကြောင့်ဖြစ်သော ရောဂါများတွင် အူယောင်ငန်းဖျား၊ ကာလ၀မ်းရောဂါ၊ အသည်းရောင် အသားဝါ စသည်တို့ ဖြစ်ပါသည်။

o    ဗက်တီးရီးယားကြောင့်ဖြစ်သော ရောဂါများတွင် ငှက်ဖျား၊ dengue haemorrhagic fever, yellow fever စသည်တို့ ပါဝင် ပါသည်။

o    ထို့ကြောင့် အစားအသောက်နှင့်ရေများကို အထူးဂရုစိုက် ကိုင်တွယ် စားသောက်ကြရန် အရေးကြီးပါသည်။



၇။ မုန်တိုင်းတိုက်ခြင်း


မုန်တိုင်းမကျမီ -

o    မိုးဦးကျ ကာလများတွင် မုန်တိုင်းသတင်းကို မပြတ်နားစွင့်နေပါ။

o    မုန်တိုင်းသတင်း ကြားရပြီဆိုသည်နှင့် အောက်ပါအစီအမံများကို ချက်ခြင်းလုပ်ပါ။

o    မုန်တိုင်းကြောင့် ပျက်စီးပျောက်ရှနိုင်သည်များကို စစ်ဆေးကြည့်ရှုပြီး ကြိုတင်ကာကွယ်မှုများ လုပ်ထားပါ။

o    ၀ရံတာရှိ ပန်းအိုးများကို အိမ်တွင်းသွင်းခြင်း၊ အိမ်အနီး သစ်ပင်ကြီးများရှိလျှင် အိမ်ပေါ်မိုးကျနေသော အကိုင်းများကို ချိုင်ထားခြင်း။ ရေတွင်းရှိလျှင် ရေတွင်းများကို မိုးကာထားခြင်း၊ ကျွဲနွားတင်းကုပ်များ ခိုင်ခံ့အောင် ပြန်လည် ပြင်ဆင်ခြင်း၊ ပြူတင်းပေါက်များ ခိုင်မာအောင် ပြန်လည်ပြင်ဆင်ခြင်း၊ လေတိုက်၍ လွင့်ပျံသွားနိုင်သော ပန်းချီကား၊ ခန်းဆီး၊ လိုက်ကာ စသည်တို့ကို ဖြုတ်ပြီး စနစ်တကျထုပ်ပိုးခြင်းများ လုပ်ပါ။

o    မီးသတ်ဘူးဆောင်ထားပါ။ ရှိပြီးသား မီးသတ်ဘူးကိုလည်း ကောင်းမကောင်း စစ်ဆေးပါ။ မီးသတ်ဘူးကို အလွယ်တကူ ရနိုင်မည့်နေရာတွင်ထားပါ။ အိမ်သားအားလုံးကို မီးသတ်ဘူးသုံးနည်း သင်ပေးထားပါ။

o    အရေးကြီးသော ရွှေငွေလက်ဝတ်လက်စားများ၊ စာရွက်စာတမ်းများကို ရေလုံသည့် ပလတ်စတစ်အိတ်နှင့် ထုပ်ပြီး အလွယ် တကူယူသွားနိုင်မည့်နေရာတွင် ထားပါ။

o    အရေးပေါ်အိတ်ကို ပစ္စည်းများစစ်ဆေးပြီး ဆေးဝါးစသည့် လိုအပ်သည့်ပစ္စည်းများ ထပ်မံဖြည့်တင်းပါ။

o    အရေးပေါ်ဖုံးနံပတ်များကို မှတ်ထားပါ။ လက်ကိုင်ဖုံးကို ဘက်ထရီဖြည့်ထားပါ။

o    မိမိအိမ်သားများအတွက် အရေးပေါ်ကယ်ဆယ်ရေး အစီအမံများ ကြိုတင်စီမံထားပါ။ အရေးပေါ်ထွက်ပေါက်ကို ကြည့်ထားပါ။



မုန်တိုင်းကာလအတွင်း လိုအပ်မည့် ပစ္စည်းများ

o    တစ်မိသားစုလုံး အနည်းဆုံး ၅ ရက်မျှ သောက်နိုင်မည့် သောက်ရေ။

o    တစ်ပတ်စာ ဆန်၊ ဆီ၊ ငါးပိ၊ ငါးခြောက်၊ ဆား၊ ဘီစကစ်၊ ခေါက်ဆွဲခြောက်စသည့် စားစရာသောက်စရာများ။

o    ရှေးဦးသူနာပြုသေတ္တာ၊ လက်နှိပ်ဓါတ်မီး နှင့် ဓါတ်ခဲများ။ ရေဒီယို။

o    ကလေးသူငယ်ရှိသူများ။ ကလေးအတွက် လိုအပ်မည့်ပစ္စည်းများ။

o    အ၀တ်အထည်၊ စောင် စသည်။

o    ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ စသည့်တစ်ကိုယ်ရေ အသုံးအဆောင်များ။

o    မလိုအပ်သည်များ မယူပါနှင့်။ ၀န်ထုပ်ဝန်ပိုးဖြစ်တတ်သည်။ လိုသမျှသာ ယူပါ။



မုန်တိုင်းတိုက်နေစဉ် -

o    အိမ်တွင်း၌သာ နေရပါက -

o    ရေဒီယိုကိုဖွင့်ပြီး မုန်တိုင်းသတင်းကို မပြတ်နားစွင့်နေပါ။

o    ပြူတင်းပေါက်၊ တံခါးစသည်များကို ပိတ်ထားပါ။ လိုက်ကာများကို ပိတ်ထားပါ။

o    မီးခလုတ်အားလုံးကို ပိတ်ပါ။ လျှပ်စစ်မိန်းခလုတ်ကို ချထားပါ။ ဓါတ်ငွေ့အိုး ခလုတ်များကို ပိတ်ပါ။

o    မီးသတ်ဘူးကို လက်လှမ်းမီသည့်နေရာတွင် ထားပါ။

o    လက်နှိပ်ဓါတ်မီး၊ ရှေးဦးသူနာပြုသေတ္တာ၊ ရေ စသည်တို့ကို လက်တစ်ကမ်းတွင် ထားပါ။

o    အပြင်သို့လုံးဝမထွက်ပါနှင့်။ ကလေးများ၊ သက်ကြီးရွယ်အိုများကို မပြတ်စောင့်ကြည့်နေပါ။ သူတို့အား မကြောက်လန့်ရန် အားပေးပါ။

o    ညှော်နံ့၊ မီးလောင်ခြင်း၊ ဓါတ်ကြိုးများပြတ်ကျခြင်း စသည်တို့ရှိမရှိ အမြဲစစ်ဆေးနေပါ။ ၀ါယာရှော့ဖြစ်ပြီး မီးလောင်တတ်သည်။

o    အကယ်၍ မီးကိုတွေ့ပါက ချက်ခြင်းငြိမ်းသတ်နိုင်အောင် ကြိုးစားပါ။

o    မုန်တိုင်းပိုဆိုးလာပါက စားပွဲအောက် စသည်တို့တွင် ၀င်နေပါ။


မုန်တိုင်းလွန်မြောက်သွားပါက -

o    ပြူတင်းပေါက် မှန်များကွဲနေမနေ၊ သစ်ပင်များ လဲနေမနေစသည့် အပျက်အစီးများကို စစ်ဆေးပါ။

o    လျှပ်စစ်မီးခလုတ်ကို ချက်ခြင်းမဖွင့်ပါနှင့်။ မုန်တိုင်းဒါဏ်ကြောင့် ဓါတ်ကြိုးများပြတ်ကာ ရှော့ဖြစ်နေတတ်သည်။

o    အပြင်ထွက်လျှင် လမ်းပေါ်ပြတ်ကျနေသော ဓါတ်ကြိုး၊ လဲကျနေသော သစ်ပင်၊ အမြင့်တစ်နေရာတွင် တင်နေတတ်သည့် သွပ်ပြား၊ လဲကျခါနီးဓါတ်တိုင်၊ တယ်လီဖုံးတိုင် စသည့် အန္တရာယ်များကို ရှာဖွေပါ။ သက်ဆိုင်ရာကို အကြောင်းကြားပါ။

o    မီးကြိုးများ၊ မီးခလုတ်များပျက်စီးနေလျှင် ပြင်ရန် မကြိုးစားပါနှင့်။ လျှပ်စစ်ဌာနကို အကြောင်းကြားပါ။

o    အခြား အကူအညီလိုနေသူများ ရှိမရှိ စုံစမ်းပြီး အကူအညီလိုသူများရှိလျှင် ၀ိုင်းဝန်းကူညီပေးပါ။


နိဂုံး



ယခု စင်ကာပူ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (SCDF - Singapore Civil Defence Force) မှ ထုတ်ဝေသော EMERGENCY HANDBOOK အား အခြေခံကာ အရေးပေါ်လက်စွဲစာအုပ်ကို ပြုစုလိုက်ပါပြီ။

ဤစာအုပ်ပါ အချက်အလက်များကို သေသေချာချာ နားလည်သဘောပေါက်အောင်လေ့လာကာ လက်တွေ့လိုက်နာကျင့်သုံး ခြင်းဖြင့် အရေးပေါ်လာလျှင် အခက်အခဲမရှိ၊ ပူပန်သောကရောက်စရာမလိုပဲ မိမိနှင့်တကွ မိမိမိသားစု။ မိမိအနီးပတ်ဝန်းကျင်ရှိ လူများကို ကယ်ဆယ်နိုင်ပါလိမ့်မည်။

သို့သော် စာဖတ်ရုံမျှနှင့် မလုံလောက်။ လက်တွေ့လေ့ကျင့်ဖြည့်ဆည်း ထားရန်လည်း လိုပါသည်။ မိမိနားမလည်လျှင် နားလည် တတ်ကျွမ်းသူများထံ ချဉ်းကပ်မေးမြန်း သင်ယူထားရပါမည်။

မူလက ရေပြတ်လတ်ခြင်းအတွက် အရေးပေါ်စီမံချက်ကိုပါ ထည့်သွင်းရေးသားရန် ဖြစ်သော်လည်း အင်တာနက်မှရသော အချက်အလက်များမှာ ကျွန်တော်တို့နိုင်ငံနှင့် မကိုက်ညီပါ။ ရေပြတ်လတ်ခြင်းကိစ္စမှာ အစိုးရပိုင်းမှ စီမံချက်များချကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ရပါမည်။ ဤစီမံချက်များအကြောင်းကိုမူ ဤစာအုပ်၌ ချန်ထားခဲ့ပါသည်။

ဤစာအုပ်က အဓိက ပေးချင်သော ဗဟုသုတ အသိပညာများမှာ အရေးကြုံလာလျှင် လူထုအနေနှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း ဆိုတာသာ ဖြစ်ပါသည်။

ရေပြတ်လတ်ခြင်းအတွက် ဆောင်ရွက်ရန်နည်းလမ်းမှာ ရေကန်များဆောက်ကာ မိုးရေများကို ရသမျှသိုလှောင်ထားရန် ဖြစ်ပါသည်။ သို့သော် ဆင်းရဲလှသော ကျေးလက်နေပြည်သူတို့အဖို့ ရေပြတ်မည်၊ မပြတ်မည် မသေချာပဲ ငွေအကုန်အကျခံ ကာ ရေကန်များဆောက်ခြင်းသည် လက်တွေ့ဆန်ပါ၏လော ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ အလှူရှင် အဖွဲ့အစည်းများ က လာဆောက်ပေးသွားလျှင်တော့ အတိုင်းထက် အလွန်ဖြစ်ပါ၏။ သို့သော် မိုးရေကို မည်ကဲ့သို့ခံယူမည်နည်း။ ဤရေကို ကြာရှည်ခံအောင် မည်ကဲ့သို့လုပ်မည်နည်း။ ခြင်များမပေါက်ဖွားအောင် ကာကွယ်နိုင်ပါမည်လော စသည်တို့မှာ နောက်ဆက်တွဲ ပြဿနာများဖြစ်သဖြင့် ဤစာအုပ်၌ ထည့်သွင်းမရေးသားခြင်း ဖြစ်ပါသည်။

မူရင်း စင်ကာပူ Emergency Handbook စာအုပ်တွင် မီးပြတ်ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီလာခြင်း၊ စစ်ဖြစ်လာလျှင် လုပ်ဆောင်ရ မည့် အရေးပေါ်နည်းလမ်းများ၊ အကြမ်းဖက်သမားများ၏ တိုက်ခိုက်နည်းမျိုးစုံ (ဓါတုဗေဒနည်း၊ ဇီဝဗေဒနည်း၊ ဗုံးထောင်ခြင်း၊ ဘက်တီးရီးယားပိုးဖြင့် တိုက်ခိုက်ခြင်း၊ ရေဒီယိုသတ္တုကြွဗုံးဖြင့်တိုက်ခိုက်ခြင်း) ဖြင့်တိုက်ခိုက်လာလျှင် မည်သို့လုပ်ဆောင်ရ မည်၊ မည်ကဲ့သို့ ပြင်ဆင်ထားရမည် စသည်တို့ကို သရုပ်ဖော်ပုံများဖြင့် အသေးစိတ် ဖော်ပြထားပါသည်။ သို့သော် ဤအရာများ မှာ မြန်မာနိုင်ငံအတွက် အသုံးတည့်မည်မထင်ပါသဖြင့် ချန်ခဲ့ပါသည်။

ဤစာအုပ်အတွက် ကျွန်တော်ယူငင်သုံးစွဲထားသော အင်တာနက် website များမှာ အတော်များပါသည်။ သို့သော် များများ စားစားမဟုတ်၊ ပုံကလေးတစ်ခု၊ စာတစ်လုံးစ နှစ်လုံးစမျှသာဖြစ်သဖြင့် အားလုံးကို ထည့်သွင်းမဖော်ပြတော့ပါ။ အချက်အလက် အတော်များများ ယူငင်ထားသော website များသာ ဖော်ပြထားပါသည်။


အေးငြိမ်း

Singapore Ministry of Manpower Registered Workplace Safety and Health Officer (WSHO)

Singapore Natrural Environment Agency Registered Environmental Control Officer (ECO)

Certified Occupational First Aider

Certified Confined Space Assessor



လိပ်စာ

Blk 663D, Jurong West Street 65

#15-233

Singapore 644663

Tel: (65) 97303027

Email: y_nyein@yahoo.com.sg


၂၀ နိုဝင်ဘာလ၊ ၂၀၁၁ နေ့လည် ၁၂း၅၅ နာရီ