ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (27)
- Emergency handbook (7)
- Engineering (14)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (218)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (576)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင္ကာပူအေၾကာင္း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Monday, December 30, 2024
ကျွန်ုပ် အက်ဆေးဖတ်ခြင်း အကြောင်း
ယခု ကျွန်ုပ် စိတ်ကူးချိုချိုကထုတ်သည့် မြန်မာအက်ဆေး ၁၀၂ ကို ဖတ်နေ၏။ စာမျက်နှာ စုစုပေါင်း ၆၈၆ ရှိ၏။ စာမျက်နှာ ၄၂၇ ထိ ဖတ်ပြီးပြီ။ မြန်မာအက်ဆေး ၁၀၂ ဆိုသည့်အတိုင်းပင် မြန်မာအက်ဆေးစုစုပေါင်း ၁၀၂ ပုဒ် ပါဝင်၏။ စာရေးဆရာများလည်း စုံလှ၏။ ကျွန်ုပ်မသိသော စာရေးဆရာများ အများအပြားပင်ရှိသေးကြောင်း သိရ၏။
ထိုအက်ဆေးများကို သွေးသောက်၊ စာပေဗိမာန်၊ ငွေတာရီ၊ စာမော်ကွန်း၊ ဟင်္သာ၊ ပန်းအလင်္ကာ၊ စံပယ်ဖြူ၊ ရနံ့သစ်၊ ပေဖူးလွှာ၊ ဓမ္မဒူတ၊ စရဏ၊ FACES, ပင်းယ စသော မဂ္ဂဇင်းများ၊ စိန်ပန်းမြိုင် စာတမ်းနှင့်စစ်တန်း၊ ပန်းကံ့ကော် မြန်မာစာစီစာကုံးနှင့် စာတမ်းများ စသည့်စာအုပ်စာတမ်း များစွာမှ ရယူထား၏။
ရွေးချယ်စုစည်းထားသည့် အက်ဆေးကလေးများမှာ ကောင်း၏။ အချို့ကို ကျွန်ုပ် သိပ်မကြိုက်သည့်တိုင် ၉၉% လောက်မှာ ကောင်းပါသည်။
ကျွန်ုပ်က အက်ဆေးကလေးများကို ချစ်၏။ အက်ဆေးကလေးများဆိုလို့လည်း အက်ဆေးကြီးများဆိုတာ မရှိ။ အက်ဆေး၏ သဘာဝကိုက အကြောင်းအရာတစ်ခုကို ခပ်တိုတို စာမျက်နှာ သုံးလေးငါးမျက်နှာလောက် ရေးထားတာ ဖြစ်၏။
စင်ကာပူက The Straits Times သတင်းစာကြီးတွင်လည်း တစ်ခါတရံ အက်ဆေးများ ပါလာတတ်၏။ ဖတ်လို့ ကောင်း၏။
အက်ဆေးဟူသည် မိမိတဒင်္ဂ တွေ့မြင်လိုက်သည့်/ တွေ့ကြုံလိုက်ရသည့်/ ဖြစ်ပျက်သွားသည့် အကြောင်းအရာတစ်ခုကို ဖတ်ချင့်စဖွယ်ဖြစ်အောင် ရေးသားထားသည့် စာတစ်ပုဒ်ဖြစ်၏။ ထိုအရာသည် မိမိပတ်ဝန်းကျင်မှ အရာတစ်ခုခု ဖြစ်မည်။ မိမိကိုယ်တိုင် တွေ့ကြုံခံစားလိုက်ရသည့် အဖြစ်အပျက်တစ်ခုခုဖြစ်မည်။ မိမိ ချစ်ခင်နှစ်သက်သည့် လူသော်လည်း ကောင်း၊ ပစ္စည်းသော်လည်းကောင်း ဖြစ်မည်။
အက်ဆေးဟူသည် ဝတ္ထုမဟုတ်။ သူ့တွင် ဇာတ်လမ်းဇာတ်ကွက်မရှိ။ ဇာတ်ကောင် ပါချင်လည်းပါမည်၊ ပါချင်မှလည်း ပါမည်။ ထိုဇာတ်ကောင်သည် သက်ရှိဖြစ်ချင်ဖြစ်မည်၊ သက်မဲ့ဖြစ်ချင်ဖြစ်မည်။ လူတစ်ယောက်ဖြစ်ချင်ဖြစ်မည်၊ ကြောင် တစ်ကောင်၊ ခွေးတစ်ကောင် ဖြစ်ချင်ဖြစ်မည်။ ခရေပင်လေး ဖြစ်ချင်ဖြစ်မည်။ သပြေပင်လေး ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ထိုင်ခုံတစ်ခုခု ဖြစ်ချင်ဖြစ်မည်၊ ဘောပင်တစ်ချောင်း ဖြစ်ချင်ဖြစ်မည်။ မိုးရွာသည့်အကြောင်း ဖြစ်ချင်ဖြစ်မည်။ နှင်းကျ သည့်အကြောင်း ဖြစ်ချင်ဖြစ်မည်။
ဆရာကြီး ပီမိုးနင်းက စာရေးခြင်းအတတ်ပညာကို ဤကဲ့သို့ ဖွင့်ဆိုထား၏။
“အလောင်းစည်သူမင်းအကြောင်း ရေးပါဆိုလျှင် အလွန်လွယ်လှ၏။ အဘယ်ကြောင့်ဆိုသော် အလောင်းစည်သူမင်းကြီး အကြောင်း စာပေကျမ်းဂန်များ၌ ပါပြီးဖြစ်၍ ၎င်းတို့ကို ကိုးကား ရေးနိုင်၏။ သို့သော် မီးဖိုချောင်မှ လက်နှီးစုတ် အကြောင်းကိုမူ ရေးဘို့မလွယ်။ မီးဖိုချောင်မှ လက်နှီးစုပ်နှင့်ပတ်သက်၍ ကိုးကားစရာ ဘာစာရွက်စာတမ်း၊ စာအုပ်၊ ကျမ်းကြီးကျမ်းခိုင်မှ မရှိ။ စာရေးဆရာဟူသည် ထိုဘာကိုးကားစရာမှ မရှိသော အနှီလက်နှီးစုပ်အကြောင်းကို ဖတ်ကောင်းအောင် ရေးတတ်မှ စာရေးဆရာ ဖြစ်မည်။”
(ဤသည်မှာ ကျွန်ုပ်မှတ်မိသလို ပြန်ရေးထားတာဖြစ်ပြီး ဤအတိုင်း အတိအကျမဟုတ်၊ ဘယ်အထဲမှာပါမှန်းလည်း မမှတ်မိတော့ပါ။)
အက်ဆေးဟူသည် အနှီ ဘာမဟုတ်သည့် အကြောင်းကလေးများ၊ အသေးအဖွဲကလေးများကို ဖတ်ကောင်းအောင် စာမျက်နှာ အနည်းငယ်မျှဖြင့် ရေးဖွဲ့ထားသည့် စာတစ်ပုဒ် ဖြစ်၏။
အမှန်က ကျွန်ုပ်တို့ ကျောင်းသားဘဝကတည်းက အက်ဆေးများနှင့် ထိတွေ့ ရင်းနှီးခဲ့ပြီးသား ဖြစ်ပါ၏။ သို့သော် ကျောင်းစာအုပ်ထဲပါလာလို့သာ ဖတ်လိုက်ရသည်။ အက်ဆေးမှန်းလည်း မသိ။ အရသာကိုလည်း ကောင်းကောင်း မခံစားတတ်သေး။ ကြိုက်တော့ကြိုက်၏။ ဥပမာ - တင်မိုး၏ သင်္ချိုင်းကုန်းမှာ၊ တက္ကသိုလ်ဝင်းမွန်၏ ဆားဒယ်၊ မင်းယုဝေ ၏ ဦးရာကျော်ကောင်းမှု စသည်။ နောက်တော့မှ ထိုအက်ဆေးများအားလုံးမှာ ကံ့ကော်မြိုင်စာတမ်းမှ ဖြစ်ကြောင်း သိရပြီး ကံ့ကော်မြိုင်စာတမ်းတစ်အုပ်လုံးကို အားပါးတရ ဖတ်ခွင့်ရတော့၏။
ကျွန်ုပ်နှစ်သက်၍ အခါခါ (၃ ကြိမ်မက) ထပ်ဖတ်ခဲ့သော အက်ဆေးတစ်ပုဒ်မှာ ဆရာမြ၏ ‘တမာရွက်နုချိန် စစ်တမ်း’ ဖြစ်၏။ ဘယ်လိုကြိုက်မှန်း မသိ။ ကျွန်ုပ်က ရိုးမတောင်ခြေမှာ မွေးခဲ့သည့် တောသားစင်စစ်ဖြစ်သည့်အတွက် တော အကြောင်းရေးထားသည့်စာကို စိတ်ဝင်စားတာ ဖြစ်မည်။
နောက် ကျွန်ုပ်ငယ်စဉ်ကတည်းက နှစ်သက်လှ၍ အကြိမ်ကြိမ်ဖတ်ခဲ့ဖူးသော အက်ဆေးတစ်ပုဒ်မှာ ဇေယျ၏ ‘ကောက်ရိုးနွယ်’ ဖြစ်၏။ ‘ကောက်ရိုးနွယ်’ ကို ကျွန်ုပ်တို့ ဒေသကောလိပ်ကျောင်းသားဘဝက မြန်မာစာမှာ တို့စိတို့စိ သင်လိုက်ရ၏။ ကျွန်ုပ်က အဲသလောက်နှင့် မကျေနပ်၊ အစအဆုံးဖတ်ချင်သည်။ ရှာတော့ အစိမ်းရောင် မျက်နှာဖုံးမှာ တောသူလေးနှင့် ကောက်ရိုးနွယ်ပုံ သရုပ်ဖော်ထားသည့် ဆရာကြီး၏ “မြန်မာ့မျက်ပွင့်-ရွာဓလေ့” စာအုပ် သွားတွေ့၏။ ကျွန်ုပ် ဝမ်းသာလိုက်ပုံများ ပြောမပြောချင်။ ထို့နောက်ဆက်၍ ဆရာကြီး၏ စာဓလေ့၊ လူ့ဓလေ့ စာအုပ်များကို ဆက်တွေ့၏။ ဆရာကြီး၏ စာအရေးအသား၊ တင်ပြပုံများမှာ အလွန်သဘောကျစရာ ကောင်း၏။
ကျွန်တော်တို့ ကျောင်းသားဘဝကလည်း အက်ဆေးတိုနံ့နံ့ကလေးများ ရေးခဲ့ဖူးပါ၏။ ကျောင်း/အဆောင်နံရံကပ် စာစောင်များတွင်လည်း ကျောင်းသားများ လက်စွမ်းပြထားသည့် အက်ဆေးကလေးများ ဖတ်ခဲ့ရ၏။ ကျွန်တော်မှတ်မိနေ သော အက်ဆေးတစ်ပုဒ်မှာ ကျပ်တန်တစ်ရွက်အကြောင်း ရေးထားသည့် အက်ဆေးကလေးဖြစ်၏။ အတော်လေး ကောင်းပါသည်။ နှစ်လည်မဂ္ဂဇင်းလား၊ နံရံကပ်စာစောင်မှာပါတာလား ကောင်းကောင်းမမှတ်မိတော့။
‘မြန်မာအက်ဆေး ၁၀၂’ မှ ကျွန်ုပ်နှစ်သက်သည့် စာပိုဒ်အချို့ကို ပြန်လည် မျှဝေပေးလိုက်ပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၀ ဒီဇင်ဘာလ၊ ၂၀၂၄
ညီညီအောင် (မြိုင်မြို့) ၏ ကဗျာမြစ်ထဲက ကြိုးမိန့်ကျ ညနေခင်း
ကျွန်တော်ဟာ မကြာခင် မှုန်ဝါးလွင့်ပျောက်သွားတော့မယ့် နေမင်းကြီးကို ငေးငေးရီရီ ကြည့်မိနေတာ၊ ညက ဝါးမျိုသွားခြင်းခံရတော့မယ့် ကြိုးမိန့်ကျ ညနေခင်းထဲက တစ်ခုသော သစ်သားတံတားအိုလေးပေါ်မှ ရှေ့ဆက်သွားလို့ မရအောင် ခြေတုန့်ရပ်နေမိ။ လေးနက်ခြင်းတရားတွေနဲ့ ခဲပျစ်နေတဲ့ ကဗျာမြစ်တစ်စင်းက ကျွန်တော့်ကို တိုက်စားသွား နေတာလား။ ကျွန်တော်ကိုယ်တိုင်ကပဲ အဲဒီကဗျာမြစ်ထဲကို အလိုတူအလိုပါ ခုန်ချလိုက်တော့ တာလား သေချာတာ ကတော့ သောကတွေ တနင့်တပိုးသယ်ဆောင်လို့ နှေးကွေးလေးလံစွာ ရွေ့လျားနေတဲ့ ညနေခင်းထဲမှာ ခန္ဓာကိုယ်တစ်ခုနဲ့ ရပ်ငေးနေမိတာ ဖြစ်ပါတယ်။
ကျွန်တော်ရပ်နေတဲ့ သစ်သားတံတားလေးအောက်မှာ မသန့်ရှင်း မလတ်ဆတ်တော့တဲ့ စမ်းချောင်းရေဝါညစ်ညစ်တွေဟာ သေဆုံးခါနီး လူမမာ အမောဖောက်နေပုံမျိုးနဲ့ မောပန်းစွာ စီးမျောနေပါတယ်။ ဟိုး .. တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ ဘဝ သရုပ်ဖော်ဝတ္ထုအချို့မှာ “ကြည်လင် တောက်ပနေတဲ့ စမ်းချောင်းစမ်းရေပြာ”လို့ ခံစားသုံးနှုန်းခဲ့ဖူးတယ်။ တကယ်လို့သာ ကျွန်တော်ဟာ အဲဒီကတည်းက ကျွန်တော့်ရဲ့ အညာကျေးလက်ဆန်တဲ့ ဇာတိမြို့ကလေးကနေ အဝေးတစ်နေရာကို ပြစ်ဒဏ်တစ်ခုနဲ့ နယ်နှင်ခြင်း ခံခဲ့ရမယ်ဆိုရင် အခု ကျွန်တော်မြင်နေရတဲ့ စမ်းချောင်းလေးရဲ့ ပုံရိပ်ကို လွဲမှားစွာ သဘောပေါက်နေဦးမှာ ဖြစ်ပါတယ်။ အလွမ်းတွေနဲ့ ငွေရည်ဖွဲ့နေတဲ့ မိုးတိမ်လိုဖြစ်သွားမှာပေါ့။
-----
ကလျာငြိမ်းစံ - ခရေပင်လေး
------------------------------------
ခရေပင်ရဲ့အပင်နှင့်အရွက် ဖွဲ့စည်းပုံလေးက ခပ်အုပ်အုပ်လေး ဖြစ်နေသည်။ အရွက်တွေကလည်း တခြားအပင်တွေလို ကျဲမနေ။ ပြွတ်သိပ်လို့ အုပ်ဆိုင်းဆိုင်းလေး။ ထိုသို့ အရွက်များ အုပ်ဆိုင်းဆိုင်းကြားမှာ အိပ်တန်းတက်ပြီးလို့ နောက်တစ်နေ့ရဲ့ အရုဏ်ဦးမှာ အိပ်တန်းဆင်းပြီး စောစီးစွာ အစာရှာထွက်ကြဖို့ စိုင်းပြင်းနေတဲ့ ငှက်မိသားစုတွေ ဘယ်နှစုလောက်များ ဒီ အပင်ပေါ်မှာ ရှိနေကြသလဲမသိ။ သို့တည်းမဟုတ် ငှက်မိသားစုတစ်စု တည်းမှာပဲ မိသားစုဝင် တွေ အများကြီးလား။ ဒါကြောင့်သာ ကြီးစဉ်ငယ်လိုက် တစ်ကောင်နှင့်တစ်ကောင် နှိုးကြရင်း အစာရှာထွက်ဖို့ သူတို့ ဘာသာ စကားများနှင့် ပြောနေကြသည်ကို ကြားနေရတဲ့ ကျွန်မအဖို့ ငှက်ကလေး တွေရဲ့ တွတ်ထိုးသံကို ကြည်နူးနေမိ သည်။
-----------
မင်းကိုခါး (ကွမ်းခြံကုန်း) - နေပုလဲရီရေ ရန်ကုန်ပြန်ရောက်ရင် ကောက်ရိုးတွေနှင့်လုပ်သည့် ပေါင်မုန့်အဝါတွေအကြောင်း ပြန်ပြောပြပါ
စုံနံ့သာမြိုင်ဦးကျော့၏ ပန်းပိတောက်ကဲ့သို့ ရွှေဝါအဖူးဖြင့်မွှေးမြသော၊ ပန်းချီစံတိုး၏ ဆီဆေးကဲ့သို့ စိမ်းပျစ်သော အရွက်တို့ဖြင့် အေးမြ ပိတောက်ပင်ကြီးအောက်မှာ ပွေ့ဖက်ခဲ့ရသော နွေရက်များသည် ပိတောက်ပင်၏ နောက်ဆုံးရက်များ ဖြစ်သည်ကိုတော့ နောက်မှသာ ကျွန်တော်သိနိုင်ခဲ့ပါသည်။ စိမ်းသောဝါသော မွှေးသော အေးသော ပိတောက်ပင်ကြီးအောက်မှာ ပက်လက်ကုလားထိုင်တစ်လုံး၊ ရေနွေးကြမ်းတစ်အိုး၊ ငါးပုပ် ခြောက်ဆီဆမ်း၊ တောင်လေတဖြူးဖြူးနှင့် ဆရာမြ၏ အက်ဆေးစာအုပ်ကြီးမှာ နစ်မျောခဲ့ရခြင်းသည် ကျွန်တော့်အဖို့ နွေရာသီသည် ခမ်းနားဆန်းကြယ်လျှက်ရှိသည်။ ရသပြည့်လျှမ်းသော အတွေးတို့ဖြင့် လွမ်းမောပြီး မိုးအောက်မြေလွှာကိုလည်း တစ်မေ့တစ်မျှော်ကြီး ငေးမိစေသည်။ ဟိုးဆီမှာ ချောင်းကောကလေးတွေရှိသည်။ ဟိုးဆီမှာတော့ ထုံးဖွေးဖွေးနှင့် စေတီအိုကလေးရှိသည်။ တောတန်း၊ စားကျက်မြေ၊ ဆည်းလည်းသံ၊ ဟိုမှာ ... သည် မြေမဟီပေါ်က ကွေ့ကွေ့ ကောက်ကောက် လမ်းကြောင်းကလေးမှာ ဖုန်တထောင်းထောင်းနှင့် မောင်းနှင်နေသည့် နွားလှည်းကလေးတစ်စီး။ ဆရာကြီး သခင်ဘသောင်း၏ “ပန်းသာမစာအု’ ကဲ့သို့ သနားစဖွယ် “အု” ဆိုသော မြန်မာမကလေးတစ်ဦးသည်ကော၊ သည်လှည်းကလေးပေါ်မှာ ပါလာသလား။ လှည်းက တောင်ဘက်ဆီက မြစ်ဆိပ်ဆီသွားနေတာလား။ ကမ်းဆိပ်မှာ တစ်စုံတစ်ခုကို စောင့်သလို လှေကလေးတစ်စင်း ဆိုက်ကပ်ကောင်း ဆိုက်ကပ်ထားနေမည်။ မြစ်ပြင်ပေါ်ကိုတော့ လေတိုက်ပြီးကြွေလွင့်လာသည့် သရောရွက်နီနီတွေက ပျံဝဲလွင့်ကျလာနေကြသည်။
----
ခက်မာ - စီးဆင်းနေသော မိုးတိမ်များ
အေးမြနေသော သစ်သားကြမ်းပြင်ပေါ်တွင် လူးလှိမ့်ရင်း အိမ်ရှေ့တည့်တည့်က အုန်းပင်ခွကြားမှာငြိနေသည့် ဖိုးလမင်းကိုမြင်လျှင် အဘွား ဟိုမှာ လမင်းကြီးလှလိုက်တာ ++ ဆိုသောစကားကို လသာညတိုင်း ပြောမိသည်။ အဘွားကလည်း မပျက်မကွက် ခေါင်းထောင်ကြည့်ကာ ဟုတ် ပလှလိုက်တာဟု တစ်လုံးမလွဲ ပြောနေကျ။ ထိုစဉ်က မသိခဲ့ပေမယ့် ထိုကြမ်းပြင်၏အေးစက်စက်အရသာ၊ ထိုကြမ်းပြင်မှာ သုတ်လိမ်းဖို့ ရေနံချေး အဆယ် ထွက်ရသော ခရီးစဉ်တွေ၊ ထိုကြမ်းပြင်ပေါ်မှာ လူးလှိမ့်ရင်း နားထောင်ခဲ့ရသော ပုံပြင်တွေ၊ ရှူခဲ့ရသော အဘွားကိုယ်မှ နံ့သာဖြူ၊ ကရမက်နံ့တွေ၊ အဘွားခေါင်းထောင်ကြည့်ခဲ့သော လမင်း၏ ရောင်ခြည်တွေက ကျွန်မတို့ ဘဝတွေကို ကိုယ်စိတ်ဝင်စားရာ၊ ဆိုင်ရာဆိုင်ရာ ဘဝတွေဆီရောက်အောင် မောင်းနှင်ပို့ဆောင်လာခဲ့ကြတာ ဖြစ်သည်။
အခုအချိန်မှာတော့ ကျွန်မကျောအောက်မှာ စပရိန်မွေ့ရာ ရှိသည်။ ကျွန်မ လှမ်းမြင်နေရသည့် ပြတင်းပေါက်အပြင်မှာ တစ်ထွာလောက်ထူသော နှင်းလွှမ်းမြေပြင်ရှိသည်။ ကျွန်မခြေချလိုက်လျှင် နူးညံ့နွေးထွေးသော အထိအတွေ့ကို ပေးသည့် ကော်ဇောနုနုရှိသည်။ အခန်းနံရံမှာ ကပ်ထားသည့် အမွှေးရနံ့ထည့်ထားရာ လျှပ်စစ်ပုလင်းမှ ကျွန်မမသိသော ပန်းရနံ့တစ်မျိုးကို ထုတ်လွှတ်ပေးနေသည်။
Saturday, December 28, 2024
၂၀၂၄ ခုနှစ်မှာ ကျွန်ုပ် ဘာတွေလုပ်ခဲ့သနည်း ဆိုခြင်း အကြောင်း
ရက်အချိန် တစ်နှစ်နှောင်းလို့ ပြက္ခဒိန်အသစ် ပြောင်းခဲ့ရပြန်ပြီ။
ရက်ကိုလစား၊ လကိုနှစ်စားရင်း ကျွန်ုပ်တို့လည်း သင်္ချိုင်းကုန်းကို တရွေ့ရွေ့ ချဉ်းကပ်လာခဲ့ချေပြီ။
ဘှာ - သေစကား မကြားချင်ဘူး။ ဟုတ်စ
မကြားချင်လို့ မရဘူးခင်ဗျာ။ ခင်ဗျားတို့ အလိုရှိသည်ဖြစ်စေ အလိုမရှိသည်ဖြစ်စေ မွေးကတည်းက သေမယ့်ရက်ကို သတ်မှတ်ပြီးသားဖြစ်၏။ ဘယ်လိုမှ ဘယ်သူမှ ရှောင်လို့မရ။
သည်တစ်နှစ်အတွင်း ကျွန်ုပ် ဘယ်လိုတွေတောင် သွဲတလောက်တွေ လုပ်ခဲ့သနည်း။ အမှန်က ကျွန်ုပ်လုပ်ခဲ့သော သွဲတလောက်များကို FB မှတဆင့် မိတ်ဆွေများကို မျှဝေခဲ့ပြီး ဖြစ်ပါ၏။
မတ်လ တတိယပတ်က တစ်ပတ်လောက် ကျွန်ုပ် နေမကောင်းဖြစ်လိုက်သေး၏။ Covid စစ်ကြည့်တော့ နက်ဂတစ်။ ခေါင်းမာသည့် ကျွန်ုပ်မှာ တစ်ရက်ပဲနား၏။ ဖျားတာမဟုတ်။ ကိုယ်လက် မအီမသာဖြစ်ပြီး ခေါင်းထဲက ရီဝေဝေနေတာ ဖြစ်၏။ အဖျားလည်းမရှိ။ အဲလေ ပါရာစီတမော့တန်ခိုးလည်း ပါမည်ထင်ပါ၏။ ရေချိုးတာ၊ စားတာသောက်တာ မပျက်။ အိပ်မပျော်သည့်ညရယ်လို့မရှိ။ ကျွန်ုပ်က အိပ်ပြီဆို ခေါင်းချလိုက်ပြီဆိုသည်နှင့် ခေါင်းထဲကဟာတွေ အကုန်ထုတ်ပစ်။ အာနာပါနလေးရှုလျက် အိပ်ဖို့ကိုသာ အာရုံစိုက်တာဖြစ်သဖြင့် လှဲပြီး ခနနေလျှင် အိပ်ပျော်သည်သာ ဖြစ်၏။
ဆေးရုံဆေးခန်း ရက်ချိန်းရှိသည့်ရက်များနှင့် သင်တန်းမရှိသည့်ရက်များကလွဲ၍ သီးသန့်နားသည့်ရက်ဟူ၍ ကျွန်ုပ်မှာ မရှိ။ အနို့ ပိုက်ဆံက မရှာလို့မဖြစ်။ အသက် ၄၆ နှစ်ကျမှ မျက်စိလည်လမ်းမှားပြီး မိန်းမရတာဆိုတော့ သားက အခုမှ ကျောင်းတက်လို့ ကောင်းတုံး။ (သွပ်ပြားသားသမီးတွေဆို မြေးတွေတောင်ရနေပြီ။ ယခွမ်း) သူ့ကျောင်းလခနှင့် ကျူရှင်လခတင် တစ်လ တစ်လကို စင်းဒေါ်လှ ၃၀၀၀ ကျော်ကုန်၏။ စုစုပေါင်းကုန်ကျစရိတ်မှာ တစ်လကို ၄၅၀၀ လောက်ရှိ၏။ ကျော်ချင်သာ ကျော်ရမည်။ သည့်ထက်မနည်း။ သောက်ကယိုးနဲ - နည်းလှတဲ့ ပိုက်ဆံမဟုတ်။ သည်တော့ ကိုယ့်ဒွတ်ခနှင့်ကိုယ် ပိုက်ဆံကို နင်းကန်ရှာနေရလေ၏။ နောက်ပြီး ကျွန်ုပ်က သူများတွေလိုမဟုတ်။ အတော်ဒူသည့်လူ ဖြစ်သည့်အတွက် သူများအလိမ်ခံရဘို့ကိုလည်း ပိုက်ဆံက စုရသေး၏။ အဟိ
၂၀၂၄ ခုနှစ်အတွင်း အများဆုံးလုပ်ဖြစ်ခဲ့သည်များ -
၁။ Safety သင်တန်းများပို့ချခြင်း (၂၇၄.၅ ရက်)
၂။ ရုပ်ရှင်ကြည့် (ကားပေါင်း ၁၀၀ ကျော်၊ အားလုံးမှတ်မထားမိ။ အထူးသဖြင့် Youtube မှ ကားများကို မမှတ်မိ။)
၃။ စက်ဘီးစီး (နေ့တိုင်းစီး၏။ နေ့စဉ် အလုပ်သွား/ပြန် ၈ ကီလိုမီတာရှိ၏။) သားနှင့် သီးသန့်စီးပါက အနည်းဆုံး ကီလို ၂၀။
၄။ စာဖတ် (အုပ်ရေ ၅၀ လောက်ရှိမည်ထင်ပါသည်။ အချို့ကို FB link များမှ ဖတ်၏။ အားလုံးမှတ်မထားမိ။)
၅။ ကဗျာဖတ် (ကဗျာကတော့ ကြုံသလိုဖတ်တာဖြစ်၍ ကဗျာဘယ်နှစ်ပုဒ်ဆိုတာ ပြောဘို့ခက်ပါသည်။)
ကျွန်ုပ်ဟူသည်ကား တခြားဟာတွေသာ မလုပ်ချင် ရှိရမည်။ ထမင်းစားဘို့ကိုသာ ကျော်ချင်ကျော်သွားရမည်။ ကဗျာဖတ်ခြင်း၊ စာဖတ်ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်း အလုပ်သုံးမျိုးကိုမူ ဘယ်လောက်ကြီး အလုပ်ရှုပ်နေသည်ဖြစ်စေ။ မပျက်စေရ။ ကျွန်ုပ်က စာအုပ်များကို နေရာမျိုးစုံ၌ ပုံစံမျိုးစုံဖြင့် save လုပ်ထားကာ ဖတ်၏။ ဖုန်းထဲမှ My Docs ၌၊ Google drive ၌၊ Viber My Notes ၌၊ Media Fire ၌၊ DropBox ၌ ရာဂဏန်းအတော်များများသော စာအုပ်များရှိ၏။ External Hard Disk ၌ မြန်မာ၊ အင်္ဂလိပ် စာအုပ်ပေါင်း တစ်သောင်းမက ရှိ၏။
ကျွန်ုပ်သင်ခဲ့သော၊ သင်နေဆဲဖြစ်သော ထလိန်နင် စင်တာများမှာ -
1. NTUC Learning Hub
2. Ever Safe
3. Fonda Global
4. Tat Hong
5. Jurong Academy - တို့ဖြစ်၏။
ကျွန်ုပ်ကား လေသမားစင်စစ် ဖြစ်လျက် လေနှင့်ပိုက်ဆံရှာဘိ၏။ သို့တပြီးကား ကျွန်ုပ် ဘလွတ်ဘလွတ်နှင့် လေဖော ခဲ့သော၊ လေဖောနေဆဲဖြစ်သော၊ ဆက်လက်၍လည်း လေဖောနေဦးမည်ဖြစ်သော သင်တန်းများကို ပြပါဆိုလျှင် အောက်ပါတို့ကို ပြရမည် ဖြစ်၏။
1. Foreign Worker Settling In Programme
2. Apply WSH in Construction Industry
3. Apply WSH in Metal Working Industry
4. Perform Work At Height
5. Perform Work in Confined Space Operations
6. Perform Formwork Activities
7. Operate Scissor Lift
8. Operate Boom Lift
9. Operate Vertical Personal Platform
10. Supervise Construction Work for WSH
11. Manage Work At Height
ဤသင်တန်းများသည်ကား ကျွန်ုပ်အိပ်ကပ်ထဲသို့ ငွေစကလေးများ တချွင်ချွင်ဖြည့်တင်းပေးနေသည့် ကျေးဇူးရှင် သင်တန်းများ ဖြစ်ချေ၏။
၂၀၂၄ ခုနှစ်၏ ၃၆၆ ရက်ကို ဘလိတ်ဒေါင်း လုပ်ကြည့်လိုက်လျှင် အောက်ပါအတိုင်း ရ၏။
Ø သင်တန်းပို့ချခဲ့သော ရက်ပေါင်း - ၂၇၄.၅ ရက်
Ø သင်တန်းမရှိလို့ နားခဲ့ရသော ရက်ပေါင်း = ၁၃ ရက်
Ø နေမကောင်း၍ အနားယူခဲ့သောရက်ပေါင်း - ၁ ရက်
Ø ဆီးချို regular medical check-up ယူခဲ့ရသော ဆေးခွင့်ရက်ပေါင်း - ၁၁ ရက်
Ø အမျိုးသမီးအတွက် ဆေးခွင့်ယူရသောရက်ပေါင်း - ၁၅ ရက်
Ø Part Time Safety Officer အတွက် ရက်ပေါင်း - ၄၁ ရက်
Ø တစ်နှစ်အတွင်း နေမကောင်းဖြစ်ခဲ့သောရက်ပေါင်း = ၇ ရက် (မတ်လနောက်ဆုံးပတ်)
Ø မလေးရှားကိုသွားလည်တာ - ၁၀ ရက်
Ø အားလုံးပေါင်းလိုက်တော့ - ၃၆၆ ရက်
ဖတ်ခဲ့သော စာအုပ်များ
1. မဟာဆွေ - ဝတ္ထုတိုပေါင်းချုပ်
2. မဟာဆွေ - စာရေးကြီး
3. သာဓု - လူဝါးဝတယ်
4. ဗန်းမော်တင်အောင် - အညတြ
5. ဗန်းမော်တင်အောင် - ပြည်တော်သာခင်ခင်ဦး
6. ဗန်းမော်တင်အောင် - ဒေါက်တာလွမ်းဝေ
7. ဗန်းမော်တင်အောင် - မမကြီး
8. ဒဂုန်တာရာ - နရသိန်
9. ပါရဂူ - သူလိုဘုရင်
10. ပါရဂူ - စိတ္တရလေခါ
11. ကြည်ဝင်းစိန် - ကျွန်တော်နှင့် ဗိုလ်ချုပ်များ
12. အိန္ဒြာ - အချစ်၏ပဉ္စငါးပါး
13. မောင်သာရ - ပြုံးတတ်တယ် ခေါင်းငြိမ့်တတ်တယ်
14. သိန်းဖေမြင့် - တက်ဘုန်းကြီး
15. နုနုရည် (အင်းဝ) - ရွှေဖီဖူးပေါ်ရော့မယ် လေလေ့၊ မေ့ရက်ကယ် နေနိုင်တယ်
16. ၁၃၈၁ စာပေ၏အလျင်
17. ခင်နှင်းယု - ကြေးမုံရိပ်သွင် ဝတ္ထုတိုများ
18. ခင်နှင်းယု - ဥဩတွန်တဲ့ လရာသီ
19. ဂျူး - မြစ်တို့၏မာယာ (လွန်ခဲ့သော အနှစ် ၂၀ ကျော်လောက်က ဖတ်ခဲ့ပြီး ယခု ဒုတိယအကြိမ်)
20. ကျော်အောင် - ကမ္ဘာ့ဂန္ထဝင် ၁၀
21. မြသန်းတင့် - စက်ဘီးသူခိုးများ (ရုပ်ရှင်ဇာတ်ညွှန်း)
22. မြသန်းတင့် - မီးလောင်မြေ
23. တက္ကသိုလ်ဘုန်းနိုင် - သူ့ကျွန်မခံပြီ
24. ရွှေဥဒေါင်း - မျှော်တလင့်လင့်
25. ၁၃၈၁ ခေတ်ပြိုင်၏တွန်းအား
26. သခင်ဘသောင်း - ပန်းသာမစာအု
27. မြန်မာအက်ဆေး ၁၀၂
28. ဆန်းထွန်း (မန်းတက္ကသိုလ်) + ပါရဂူ - ဗော်လဂါမှ ဂင်္ဂါသို့
ကြည့်ခဲ့သော ရုပ်ရှင်များ
1. Damsel
2. Top Gun
3. Black Adam
4. The Woman King
5. Equalizer 3
6. Godzilla & King Kong
7. SISU
8. Knights of Zodiac
9. Red Eye
10. Heart of Stone
11. Those Who Wish Me Dead
12. Heart of Winter
13. Rebel Moon Part 1 and Part 2
14. Resident Evil (Afterlife)
15. Redemption
16. Mortal Combat
17. 13 Bombs
18. Don’t Breath 2
19. Civil War
20. Wonder Woman
21. The Man With the Iron Fist
22. Planet of the Apes (New Empire)
23. Revenge
24. The One
25. Revenger
26. Next
27. Atlas
28. Dragon
29. Mr & Mrs Smith
30. Divergent
31. Vikings_Valhalla
32. Mad Max: Fury Road
33. Mechanic – Resurrection
34. Beast
35. KuYang
36. Trigger Warning
37. Aka
38. The Wages of Fear
39. The Bank Job
40. Gods of Egypt
41. Restless
42. Bicycle Thieves (ဆရာမြ ဘာသာပြန်စာအုပ်ကို ဖတ်မိရာမှ ကြည့်ခြင်းဖြစ်)
43. The Gray Man
44. Hard Target (ဒုတိယအကြိမ်)
45. Hard Target 2
46. The Union
47. Fury of Gods
48. Lucy (ဒုတိယအကြိမ်)
49. Hard to Kill
50. Infinite Storm
51. Out Law
52. Rebel Ridge
53. Safe
54. Tomb Raider
55. 7 Years in Tibet
56. Claws
57. Prey
58. Fast
59. The Myth
60. The Predator
61. Uprising
62. Punisher: War Zone
63. Dead in Tombstone
64. The Man With the Iron Fist II
65. The Flash
66. Terminator: Dark Fate
67. Lost
အားလုံးမှတ်မထားမိပါ။ ဤစာရင်းမှာ မှတ်ထားမိသော ရုပ်ရှင်ကားများသာ ဖြစ်ပါ၏။
ရေးခဲ့သော/ရေးနေဆဲဖြစ်သော စာအုပ်နှင့် ဆောင်းပါးများ
စင်္ကာပူ ခြင်္သေ့မြို့တော် (၂၀၂၄ တွင် အပြီးသတ်ရန် ရည်မှန်းထားသည့်တိုင် တန်းလန်းနှင့်ရပ်ထားရဆဲ)
ဂဟေဆက်ခြင်း အတတ်ပညာ (၂၀၁၁ က စရေးပြီး ခုထိ လက်စမသပ်နိုင်သေး)
အင်ဂျင်နီယာနှင့် အခြား safety ဆိုင်ရာ ဆောင်းပါးများ (ဂျာနယ်ကလည်း မထွက်နိုင်သေးတော့ ရေးပြီး ဒီအတိုင်းရှိနေ၊ ငိုချင်မိ)
၂၀၂၄ အတွက် နောက်ထပ် အမှတ်ရစရာ တစ်ခုမှာ မလေးရှားသို့ (၁၀) ရက်ခရီးသွားခဲ့ခြင်း ဖြစ်၏။ မိတ်ဆွေတို့ကိုလည်း ၁၀ ရက်မဟုတ်တောင် ၃ - ၄ ရက်လောက်တော့ ခရီးသွားကြဘို့ရာ တိုက်တွန်းလိုက်ပါ၏။ ကိုယ်နှင့်စိတ်ကို အနားပေးရခြင်းသည် လည်းကောင်း၊ ကောင်မလေး ချောချောလေးတွေကို ငမ်းရခြင်းသည်လည်းကောင်း အသက်ရှည်ဘို့ အကြောင်းများ မဟုတ်ပါလော။
ဆရာဟန်ပို့ပေးထားသည့် စာအုပ်အထူကြီးတွေ အများကြီးရှိသေး၏။ ၂၀၂၅ မှာ နည်းနည်းခြင်း ဖြိုရမည်။ ကျွန်ုပ်ဖတ်ချင်လှသော ဗမာပြည် ကွန်မြူနစ်ပါတီ သမိုင်းကြောင်း စာအုပ်အထူကြီးကိုလည်း ဖတ်ရအုံးမည်။
သေချာသည်မှာကား လူ့ပြည်မှာနေဘို့ တစ်နှစ်တင်းတင်း လျော့သွားခြင်း ဖြစ်သတည်း။
အသင်တို့သည်လည်း မိန်းမ/ယောက်ျားယူစရာရှိလျင် အဆောတလျင် ယူကြကုန်လော့။ ရည်းစားနှင့် လေယာဉ်သည် လူကိုမစောင့်ဟူသော စကားရှိသည် မဟုတ်တုံလော။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း (မကြီးချင်ပါဘဲလျက် နေရင်းထိုင်ရင်း အသက်တစ်နှစ် ကြီးသွားရသူ)
၂၇ ဒီဇင်ဘာလ ၂၀၂၄ ခုနှစ်