Monday, December 25, 2023

ချီးကျူးစရာမဟုတ်သော အလုပ်တစ်ခု အကြောင်း


See something, say something ဆိုသောစကားအရ မနေနိုင်၍ ပြောလိုက်ရဦးမည်။

 

များမကြာသေးမီက tik tok တွင် လူ (၁၅) သိန်း၊ ဖေ့စ်ဘုတ်တွင် လူ ၂ သိန်းခွဲ ကြည့်ထားသည်ဆိုသော ဗီဒီယိုလေး တစ်ခုကို ဖေ့စ်ဘုတ်၌ တွေ့လိုက်ရ၏။

 

အခြားမဟုတ်။ ကျောင်းဆရာမတစ်ဦးက ကျောင်းဝတ်စုံအပြည့်နှင့် အိမ်သာထဲ လက်နှိုက်ကာ သန့်ရှင်းရေးလုပ်နေပုံ ဖြစ်၏။

 



 

https://www.facebook.com/pann.cherry.92775/videos/351467194120480 


ကျောင်းဆရာမတစ်ဦးကို မဆိုထားပါနှင့်။ သာမန်လူတစ်ဦး ဤကဲ့သို့ လုပ်နေသည်ကိုပင်လျှင် လက်ခံနိုင်စရာအကြောင်း မရှိ။ မည်သူသည် သည်မျှညစ်ပတ်လှသော အိမ်သာခွက်အတွင်း လက်ဗလာနှင့် နှိုက်ပါမည်နည်း။ အိမ်သာခွက်ကို လက်ဖြင့်နှိုက်ဆေးရမည်ဟု သူထင်နေကတည်းက တစ်ခုခုလွဲနေပြီ ဖြစ်၏။ ထိုဗီဒီယိုအောက်တွင် ဤကဲ့သို့လုပ်ပုံမှာ မဟုတ်ကြောင်း။ တစ်ခုခုဖြင့် နှိုက်ရမည် (သို့) လက်အိတ်စွပ်ကာနှိုက်ရမည်ဖြစ်ကြောင်း ကွန်မင့်များစွာ ရေးထားသည်ကို တွေ့ရ၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပုံမှန်လူဖြစ်ပါက ဤကဲ့သို့သန့်ရှင်းရေး မလုပ်သင့်ကြောင်း သိမည်ဆိုတာ သေချာလှ၏။

 

ထိုဗီဒီယိုအောက်ရှိကွန်မင့်များအရ ထိုဆရာမသည် ဧရာဝတီတိုင်းရှိ၊ အခြေခံပညာ x x x ကျောင်းက ကျောင်းအုပ်တစ်ဦး ဖြစ်ကြောင်း သိရ၏။ သို့ဆိုလျှင် ဤကဲ့သို့မလုပ်သင့်ကြောင်း ၎င်း၌ အသိဉာဏ်မရှိတော့ပြီလော။ အဘယ်ကြောင့် လုပ်သည်ကို ကာယကံရှင်ကိုယ်နှိုက်မှ​ သိပါလိမ့်မည်။

 

၎င်းသည် သာမန်လူတစ်ဦးဆိုပါက ကျွန်ုပ်အနေနှင့် ဘာမှ ပြောစရာမရှိ။ သူသည် ကလေးငယ်များကို သင်ပြပေးနေသည့် ဆရာမတစ်ဦးဖြစ်၏။ သူသည် ဤကဲ့သို့ မဟုတ်က၊​ မဟတ်ကများကို ကလေးငယ်များအား သင်ပြပေးပါက ငါးပါး မမှောက်ပါသလော။ အကြီးအကျယ်မှောက်၏။ ဤသည်မှာ ထိတ်လန့်စရာကောင်းသည့် အခြေအနေတစ်ခုဖြစ်၏။

 

ကလေးဟူသည် ဆရာဆရာမ သင်ပေးလိုက်သည်ကို စွဲစွဲမြဲမြဲ မှတ်ယူထားတတ်၏။ 

ဤကဲ့သို့သော မဟုတ်ကမဟတ်ကကြီးကိုသာ ကလေးအနေနှင့် မှတ်ယူသွားပါက ၎င်းအတွက် အန္တရာယ်ဖြစ်၏။

မြန်မာပြည်တဝှမ်း ဤကဲ့သို့သော ဆရာ/ဆရာမများ မည်မျှရှိနေပါသနည်း။

ဝမ်းနည်းစရာ ကောင်းလှပေစွ။

 

အနှီဆရာမသည် အိမ်သာကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေးတာ မှန်၏။

သို့သော် ချီးကျူးစရာလုပ်ရပ်ကား မဟုတ်ပါချေ။ 

၎င်းကိုယ်တိုင် အဲသလိုလုပ်စရာ လိုပါသလော။ 

အနှီဆရာမသည် ထိုအိမ်သာကို နေ့တိုင်းသန့်ရှင်းရေး လုပ်နိုင်ပါမည်လော။ မည်မျှကြာအောင် လုပ်နိုင်ပါမည်နည်း။

 

အိမ်သာသန့်ရှင်းရေးလုပ်ရမှာ ကျောင်းလုပ်သား၏ တာဝန်ဖြစ်၏။

ကျောင်းလုပ်သားမရှိ ဆိုငြားအံ့။ ကလေးများကို စည်းရုံးကာ သူတို့ပါထားသောအီးကို သူတို့ဘာသာ သန့်ရှင်းတတ်စေရန် လေ့ကျင့်သင်ကြားပေးရမည်။ ကလေးများ သူတို့ဘာသာမလုပ်လျှင် ကိုယ်ကရှေ့ဆောင်ကာ သူတို့ကို ကိုယ်တိုင်လုပ် တတ်စေရန် နည်းပေးလမ်းပြ လုပ်နိုင်၏။ 

 

ကလေးများသည် ကိုယ်ပါထားသည့်အီးကို ကိုယ်တိုင်ဆေးရမည်ဟူသည့် အသိကို ရသွားလျှင် သူတို့တစ်သက်တာ ကောင်းသွားစရာရှိ၏။ ထို့ထက် ကိုယ့်တာဝန်ကိုယ်ယူတတ်အောင်သာ သင်ပေးနိုင်လျှင် အိမ်သာဆေးတာမျှသာမက မိမိပစ်သည့်အမှိုက်ကိုလည်း မိမိကိုယ်တိုင် သန့်ရှင်းတတ်သွားလိမ့်မည်။ 

 

များမကြာလှသောနှစ်များဆီက စည်ပင်လုပ်သားများသည် အလွန်ညစ်ပတ်လှသော မြောင်းအတွင်းဆင်းလျက် မြောင်းဆယ်နေကြသည်ကို ဖေ့စ်ဘုတ်ကောင်းမှုဖြင့် တွေ့ရ၏။ ရေမြောင်းကို အမှိုက်ပစ်စရာနေရာဟု မှတ်ယူကြကုန် သော ကျွန်ုပ်တို့ မြန်မာပြည်ကြီးတွင် မြောင်းအတွင်း၌ ဗရုတ်သုက္ခပေါင်းစုံပါလာမည်ကို အသင်တို့ တွေးကြည့်နိုင်ပါ၏။ အလုပ်သမားများသည် ထိုမြောင်းအတွင်း ဆင်းဆယ်ရန် လိုအပ်ပါသလော။

 

ကျွန်ုပ်လည်း မနေနိုင်မထိုင်နိုင် ကျွန်ုပ်နှင့်ရင်းနှီးသော တာဝန်ရှိလူကြီးတစ်ဦးထံ ထိုကိစ္စပြောပြမိ၏။ မြောင်းအတွင်းသို့ လူမဆင်းဘဲ ဘယ်ပုံဘယ်နည်းလုပ်လျှင် ရသည် ဆိုသည့်အကြောင်း။ မြန်မာပြည်မှ လူကြီးများသည် ကျွန်ုပ်ပြောသည် များကို ခွေးဟောင်တာလောက်မှ တန်ဘိုးမထားမှန်း သိလျက်နှင့် ပြောမိတာ ကျွန်ုပ် အမှားဖြစ်ချေ၏။

 

မကောင်းတတ်၍ ၎င်းအကြောင်းပြန်ထားသည့် email များကိုမူ မပြတော့ပါ။

 

Lead by example ဟူသည့် အင်္ဂလိပ်စကားအရ လူအများကို ရှေ့ဆောင်ရှေ့ရွက်ပြုမည့်သူများသည် လူအများ နမူနာ ယူနိုင်မည့် အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်ဖြစ်စေရန် တတ်နိုင်သမျှ စောင့်ထိန်းရမည် ဖြစ်၏။ 

 

ဤသည်ကို လုပ်ယူလို့၊ ကျင့်ယူလို့ ရပါသည်။ လုပ်ဖို့ကျင့်ဖို့ပဲ လို၏။

 

ကျွန်ုပ်မိတ်ဆွေများသည် ချင့်ချိန်နှိုင်းဆနိုင်သူ လူကြီးလူကောင်းများ ဖြစ်ကြပါစေကုန်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ ဒီဇင်ဘာ၊ ၂၀၂၃

No comments: