လူများတကာတွေ ဖွတ်စာပတ်စာတက်အောင် သွားထားပြီးနောက် ကျွန်ုပ်လည်း ဘာတန်သို့ သွားလည်ရန် စိတ်ကူးလေသော ဟူသတတ်။
ဗမာပြည်မပြန်ရတာလည်း ၄ နှစ်ရှိပြီ။
ပထမ ခွားမသေးတရုတ်တွေ ထုတ်လုပ်ဖြန့်ဖြူးလိုက်သည့် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ၂၀၂၀ မှာ မပြန်လိုက်ရ။
ကိုဗစ်ပြီးပြန်တော့ ဟို MyayNoe ခွေးအောင်လှိုင် $$ရူးထမှုကြောင့် ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ လည်း မပြန်ရ။
ဗမာပြည် မပြန်ဖြစ်ရုံမက တခြား ဘယ်မှလည်း မသွားဖြစ်။ စလုံးမှာပဲ ကုပ်နေရတာ ကြာတော့ ပျင်းလာပြီ။
သည့်အတွက် သားနှင့်တိုင်ပင်ပြီး ဇွန်လ၊ ၂၀၂၃ က ထိုင်းသို့ အလည်သွားခဲ့၏။ 20/06/2023 သွား၊ 22/06/2023 ပြန်လာ။
အခုတစ်ခါတော့ နီးနီးနားနား ပိုက်ဆံလည်း သိပ်မကုန်မည့် ဘာတန်သို့ အလည်သွားကြရန် စဉ်းစားခြင်းဖြစ်၏။
သားက ၃ ရက်သွားချင်သည်။ သို့ပေသိ ကျွန်ုပ်က ၃ ရက်သွားလျင် တစ်ရက်စာ သင်တန်းရက်ပျက်မည်ဖြစ်၍ နှစ်ရက် သာသွားရန် အတင်းတိုက်တွန်းရ၏။ ၂၇ သွား၊ ၂၈ ပြန် ပေါ့။
ဆိုတော့ ကျွန်ုပ်လည်း အင်ဒိုနီးရှား ပြည်ဝင်ခွင့်လိုအပ်ချက်များ လိုက်ရှာကြည့်တော့ ကိုဗစ်ကာကွယ်ဆေးထိုး မှတ်တမ်း လည်း လိုသည်ဆိုသဖြင့် ၃ ယောက်စလုံး၏ ကာကွယ်ဆေးထိုးမှတ်တမ်းများ print လုပ်။ (တကယ်တော့ မလိုအပ်ပါ။)
အာဆီယံနိုင်ငံများအတွက် ရက် (၃၀) ဗီဇာဖရီးဆိုတော့ ဗီဇာယူရန် မလိုတော့။ ဆာဒူး ဆာဒူး ဆာဒူးစ်
နောက် ပတ်စ်ပို့အဆင်သင့်လုပ်။ မော်တော်ဘုတ်လက်မှတ် သွား/ပြန် ဝယ်။ Print ထုတ်။
ပြီးတော့ သွားဘို့အစီအစဉ်ဆွဲ။ ယူမည့်ပစ္စည်းတွေ စာရင်းလုပ်။
သွားမည့်ညကျတော့ ထိုစာရင်းအတိုင်းထည့်။ နှစ်ရက်ထည်း သွားမည့်ခရီးဖြစ်၍ ကျွန်ုပ်က အပိုပစ္စည်းဆိုလို့ ဘာတစ်ခုမှ မထည့်ခဲ့ရန် မှာကြား။ ကျွန်ုပ်နှင့်သားမူ ကျောပိုးအိတ် ခပ်သေးသေးတစ်ယောက်တစ်လုံး။ မေရီးက ကျောပိုးအိတ်အစား ဘီးပါသည့် တွန်းလှည်းလေး ဝယ်လာ၏။ သည်အိတ်ကလေးလည်း အသုံးတည့်ပါသည်။ လွယ်စရာမလိုတော့ဘဲ အသာ လေး တွန်းသွားလိုက်ရုံ ဖြစ်၏။
နှစ်ရက်တည်းလည်မှာဆိုတော့ လည်ချိန်အများဆုံးရစေရန် အသွားကို အစောဆုံးမော်တော်ဘုတ် (မနက် ၇း၄၀ နာရီ ထွက်) လက်မှတ်ဝယ်နှင့် အပြန်ကို ညနေ (၅း၄၀ ထွက်မည့်ရေယာဉ်) လက်မှတ်ဝယ်၏။ စလုံးနှင့် ဘာတန်က ၁ နာရီ ကျော်သွားရတာ၊ နောက်ပြီး စံတော်ချိန်က ၁ နာရီကွာတာဆိုတော့ သိပ်ညဉ့်နက်အောင် နေလို့မဖြစ်။ နောက်နေ့ အလုပ်က သွားရဦးမည်။
ကျွန်ုပ်စိတ်ထဲ immigration ဖြတ်မှာ ဘာညာသာရကာနှင့်ဆို အနည်းဆုံး ၁ နာရီကျော် ကြိုရောက်မှဖြစ်မည် ဆိုပြီး -
မနက် ၅ နာရီ အိပ်ယာထ။ အိမ်သာဘာညာကိစ္စများ အားလုံးရှင်းပြီး မနက် ၅ ခွဲတွင် Grab ခေါ် (Grab သမားကလည်း ဘယ်အချိန်ကတည်းက စောင့်နေသည်မသိ။) ချက်ချင်းခေါ် ချက်ချင်းရောက်လာလေ၏။ ကသုတ်ကရက် ပြင်ဆင်ပြီး ထွက်ခဲ့ကြ။
မနက်စောစောပိုင်းဆိုတော့ လမ်းရှင်းနေ၍ အိမ်မှ Harbor Front ကို နာရီဝက်ပဲ မောင်းရ၏။ ဆိုတော့ ၆ နာရီတွင် မော်တော်ဘုတ်ထွက်မည့် ဆိပ်ကမ်းကို ရောက်နေပြီ။ “ဒုတိယထပ်ကို တက်သွား၊ အဲဒီမှာ လူတွေအများကြီး စောင့်နေတာ တွေ့ရလိမ့်မယ်။ ဂိတ်တော့ဖွင့်အုံးမှာ မဟုတ်ဘူး” ဟု ကားသမားက ညွှန်း၍ ဒုတိယထပ်သို့ တက်ခဲ့။
ငင့် - လူတစ်ဦးတစ်ယောက်မှ မရှိသေး။ အနားမှ Toast Box ဆိုင်ဖွင့်ရန် အဖွားကြီးတစ်ဦး ပြင်ဆင်နေတာတွေ့။
ကျွန်ုပ်တို့လည်းထိုင်စောင့်။ ခဏနေသော် ဟုတ်သေးပါဘူး၊ ဒီနားမှာ ဆိုင်တစ်ခုခုတော့ ရှိမှာဘဲ ဟု တွေးကာ အနီးအနား ပတ်ရှာတော့ စားသောက်ဆိုင်တစ်ခု ဖွင့်ထားတာတွေ့၊ လူတစ်ဦးစ နှစ်ဦးစလည်းတွေ့သည်နှင့် ဟိုနှစ်ယောက်ကို ပြန်ခေါ်ကာ အစားအသောက်များ မှာစား။
ကြော်ငြာတီဗီတွင် ၆း၅၅ မှ ဂိတ်စဖွင့်မည်ဟု ရေးထား။ ၆ နာရီခွဲတော့မှ လူများတဖွဲဖွဲစတင်ရောက်လာလေ၏။
၇ နာရီတီးသည့်တိုင် ဂိတ်က မဖွင့်သေး။ ကိုရွှေလဝကတို့ ဟိုဝင်လိုက်၊ သည်ထွက်လိုက်နှင့် လမ်းသလားနေကြ၏။ ၇း၁၅ လောက်ရောက်မှ ဂိတ်စဖွင့်၏။ ကိုယ်ကဝီရိယကောင်းသူဆိုတော့ ထိပ်ဆုံးမှာ တန်းစီနေ၏။ လဝကဝင်ပေါက်ရောက် တော့ Boarding pass ဟု မေး၏။ ငမ် ကျော်က boarding pass လုပ်ရမှန်းမသိ။ “ဘယ်မှာလုပ်ရမတုံး” “7-11 ရဲ့ နောက်မှာ။”
သို့နှင့် ကျွန်ုပ်လည်း Boarding pass လုပ်။ ဘာမှ မခဲယဉ်းပါ။ Passport နှင့် မော်တော်ဘုတ်လက်မှတ် ပေးလိုက်သည် နှင့် သူတို့က Boarding pass ထုတ်ပေး၏။
မော်တော်ဘုတ်ပေါ် တက်လာတော့ အသိတစ်ယောက်နှင့်တွေ့၏။ တရားသွားထိုင်မလို့ ဆိုပါလား။ ကျမ်း - ငါသာ အသက် ၆၀ ကျော်ပြီး တစ်ခါမှ တရားထိုင်ဘို့ကို စိတ်မဝင်စားတာ။ လူမိုက်။ သူများသားသမီးတွေများ လိမ္မာလိုက်တာ။ ဘာတန်တောင် လာ တရားလာထိုင် ဆိုပါကလား။
မော်တော်ဘုတ်က Batam Fast ferry ဖြစ်၏။ အမှန်မှာ သည်မော်တော်ဘုတ်ကို ကျွန်ုပ် ၃ နှစ်ခန့် စီးခဲ့ဖူး၏။
၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်များက ECC Project တွင်လုပ်ခဲ့စဉ် သည်မော်တော်ဘုတ်မျိုးကို နေ့တိုင်း စီးခဲ့ရ၏။ ဤ မော်တော်ဘုတ်မျိုးတွင် ကိုယ်ထည်တစ်ခုတည်းရှိသည့် Mono hull နှင့် ကိုယ်ထည်နှစ်ခုရှိသည့် Catamaran ဟု နှစ်မျိုးရှိ ရာ ကျွန်ုပ်တို့မူ အသွားတွင် Mono hull နှင့်ဖြစ်ပြီး အပြန်တွင် Catamaran နှင့် ဖြစ်၏။
ရာသီဥတုက သိပ်အခြေအနေမကောင်းလှ။ မိုးတဖွဲဖွဲကျနေ၏။
စင်ကာပူရေပိုင်နက်တွင် နာရီဝက်ကျော် ခုတ်မောင်းရ၏။ စင်ကာပူပိုင်နက်ကျော်လာတော့ ကမ်းရိုးတန်းလေးများ စတွေ့ လာရ၏။ အင်ဒိုနီးရှားအပိုင် ကျွန်းများဖြစ်၏။ သိပ်မကြာခင် ဘာတန်ရောက်။ မိုးရွာနေ၏။
ဟိုရောက်ရင် ဘာတွေလုပ်ကြမယ်ဆိုတာ သားနှင့် စည်းဝါးရိုက်ပြီးဖြစ်၍ သိပ် ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလို။ ဆိပ်ကမ်းမှအထွက် ကောင်တာက တိုင်စီငှားမလား ဆိုတော့ မနက်စာကောင်းကောင်းစားလို့ရမယ့်နေရာ လိုက်ပို့ကွာ ဟု ပြောလိုက်၏။ သူတို့အချင်းချင်း အိအကွိကွနှင့် ပြောပြီး (ခုနစ်သောင်းဆိုလား မမှတ်မိတော့) ကျမည် ဆို၏။ ကျွန်ုပ်တို့ လည်း သိပ်စကားရှည်မနေတော့ဘဲ ကားပေါ်တက်ခဲ့၏။
ဘာတန်ကား မြန်မာပြည်မှ ဟင်္သာတ၊ ပျဉ်းမနားတို့ကဲ့သို့သော တောမြို့လေးတစ်မြို့ ဖြစ်၏။ လမ်း၊ အိမ်ဆောက်ပုံ၊ လူများ လှုပ်ရှားသွားလာနေပုံ အားလုံးမှာ မြန်မာပြည် မြို့ကလေးများနှင့် အတော်ဆင်တူ၏။ မိုးကရွာနေတော့ ဘေးဘီ၊ ဝဲယာကို သိပ်ရှုစားလို့ မကောင်းလှ။
အတော်လေး မောင်းမိတော့ စင်ကာပူက ဟော်ကာစင်တာလိုဟာမျိုး စားသောက်ဆိုင်တန်းတစ်ခုကို ရောက်ရှိ။ ပတ်ကြည့်တော့ ငင့် - ဘာမှလည်း အထွေအထူး စားစရာမတွေ့။ သို့နှင့် အနည်းငယ် အဆင်ပြေမည်ထင်သည့် ထမင်း ကြော် မှာ၏။ မေရီးဘို့ Laksa မှာ၏။ စလုံးအစားအစာဆိုတော့ စားလို့ရမည်ဆိုပြီး မှာလိုက်တာဖြစ်၏။ ထမင်းကြော်က သိပ်မဆိုးလှသော်လည်း Laksa မှာမူ မစွံပါ။ သူက မကြိုက်ဆိုပြီး တုံယမ်းတစ်ပွဲထပ်မှာ၏။
သောက်စရာအတွက် အုံးရည်မှာလိုက်၏။ အုံးရည်ကလည်း ရေကိုဆားခတ်ထားသကဲ့သို့ ထင်ရ၏။ အတော်လေးကို ချာတူးလန် လှပါသည်။ (ဤတွင် ကြားဖြတ်၍ တစ်ခုပြောပါရစေဦး။ သမီးတို့ငယ်ငယ်တုံးက ကျွန်ုပ်တို့ မောင်နှမ၊ တူဝရီးတွေ သံလျင်ကျောက်တန်းသို့ သွားကြ၏။ အုံးသီးကြီးတွေ လှသဖြင့် အုံးရည်သောက်ကြရာ ငံညိညိအရသာ ရှိသဖြင့် ကျွန်ုပ်က ရေကိုဆားခတ်ပြီး ငါတို့ကို အုံးရည်ဆိုပြီး ညာရောင်းတာ ဟု ထင်ခဲ့မိ၏။ ယခု ဘာတန်က အုံးရည် သောက်ရတော့မှ သံလျင်က အုံးရည်သည်လည်း အစစ်ဖြစ်ပါလိမ့်မည်။ နဂိုအုံးရည်ကိုက မကောင်းတာဖြစ်မည်ဟု တွေးမိလေသော ဟူသတတ်။ အတော်တုံးသော ကျွန်ုပ်ပါတကား။) ကျွန်ုပ်က ‘သားရေ၊ ငါတို့ ကမ်းစပ်ရောက်မှ ထပ် သောက်ကြသေးတာပေါ့ကွာ’ ဟု နှစ်သိမ့်ရ၏။
ဘာတန် အစားအသောက်ကတော့ နံနက်စာနှင့်ပင် တပ်လန်သွားပါသည်။
ကျွန်ုပ်တို့ အစီအစဉ်မှာ ဘာတန်ရောက်လျှင် -
မနက်စာ ကောင်းကောင်း စားမည်။
ပြီးလျှင် Supermaket ၌ Window Shopping လုပ်မည်။
နောက်ပြီးတော့ ကမ်းခြေသွားကာ ကောင်မလေးများကို ငမ်းမည်။
ပြီးတော့ နေ့လယ်စာကို ပင်လယ်စာစားကာ စားပြီးသည်နှင့် နှစ်နာရီ အနှိပ်ခံမည်။
ညနေပိုင်း မြို့ထဲလျှောက်ကြည့်ကာ ဟော်တယ်တွင် check-in လုပ်မည်။
နောက်ပြီး ဘာတန်၏ ညအလှကြည့်ရန် ထပ်ထွက်မည် . . . စသဖြင့် ဖြစ်၏။
မနက်စာကို အင်ဒိုအစားအစာလေးကောင်းကောင်းစားမည်ဆိုသည့် ပထမရည်မှန်းချက် ပျက်ယွင်းသွားပြီးသည့်နောက် Supermarket တစ်ခုခုတွင် ဈေးဝယ်မည်ဆိုပြီး ထွက်ခဲ့ကြ၏။
စားသောက်ဆိုင်မှအထွက်တွင် တိုင်စီငှားမလားဟု ကောင်တာကမေးသဖြင့် စူပါမားကက်သွားမယ်ကွယ် ဆိုပြီး တိုင်စီ ငှားခဲ့၏။ စူပါမားကက်ရောက်တော့လည်း ၆တလွဲ။ စောသေးသဖြင့် ဈေးကမဖွင့်သေး။ သို့ဖြင့် ကျွန်ုပ်တို့လည်း အပေါက် ဝနားတွင် ထိုင်လိုက် ထလိုက်နှင့် အချိန်ဖြုန်းရ၏။ မိုးကတောက်လျှောက် ရွာနေသဖြင့် ဟိုဟိုဒီဒီလေး လျှောက်ချင်တာ တောင် လျှောက်လို့မဖြစ်။ လမ်းတွေက ရွှံ့တွေ၊ သဲတွေနှင့်ဆိုတော့ ဖိနပ်တွေ ဘောင်းဘီတွေ အကုန်စိုရွှဲ ညစ်ပတ်ကုန်မှာ စိုးရ၏။
နာရီဝက်လောက် စောင့်တော့မှ စူပါမားကက် တံခါးများဖွင့်သဖြင့် ကျွန်ုပ်တို့လည်း ဝင်လာ၊ လျှောက်ကြည့်။ ဈေးဖွင့်စ ဆိုတော့ ဆိုင်အစုံ မဖွင့်သေး။
ပထမဆုံးကံကောင်းသည့်ဆိုင်ကား နာရီဆိုင် ဖြစ်၏။
ကျွန်ုပ်၏ ပန်းသီးနာရီလေးက အိုနာကျိုးကန်းဖြစ်နေပြီမို့ ကျွန်ုပ်လည်း ဘာတန်အမှတ်တရ နာရီလေးတစ်လုံး ဝယ်မည် ကြည့်မိ။ အောင်မငီး၊ ကျွန်ုပ်ဝယ်မည်ဆိုတော့ ဟိုသားအမိပါ ဝယ်မည် ဖစ်ကရော။ ကျွန်ုပ်လည်း ဘာမှ မပြောသာ။ ကျွန်ုပ် နာရီတစ်လုံးကို ၃ သိန်း ၇ သောင်းနှင့်ဝယ်ပြီးသည့်တိုင် သူတို့ နာရီရွေးလို့ မပြီးသေး။
ဝယ်တော့လည်း တစ်လုံးကို ၅ သိန်းတန်နှင့် တစ်ယောက် နှစ်လုံးတောင် ခညာ။ နာရီနှစ်လုံးကို ဘယ်လိုများ ပတ်ကြမလို့ ပါလိမ့်။ အရပ်လူကြီးတို့။ ထိုဆိုင်ကား ဆိုင်ဖွင့်ခါစ ကျွန်ုပ်တို့ သားအမိသားအဖသုံးယောက်နှင့်ပင် အတော် တွက်ချေကိုက် သွားချေပြီ။
သားက စူလီနဖာလေးတွေ ကြိုက်တတ်တော့ (ကျုပ်နဲ့တော့ ပြောင်းပြန်၊ ကျုပ်က အဲသဟာမျိုးတွေ လုံးဝ စိတ်ဝင်စားသူ မဟုတ်။) တိုးလို့တွဲလောင်းဆွဲထားသည့် (ကောင်မလေးတွေအကြိုက်) ဖန်စီဆိုင်ဝင်ကာ ဟိုကိုင်သည်ကိုင် လုပ်၏။ ထို့နောက် ဈေးတစ်ပတ်ပတ်၏။ အင်ဒိုနီးရှားပါတိတ်လေးတွေကြည့်။
ခြေညောင်းလာတော့ ကော်ဖီသောက်၊ မုံ့စား။
မိုးကလည်း ဒီလောက်တောင် ဘာတန်လာချင်တဲ့ကောင်တွေ ငါ ပညာပြလိုက်ဦးမကွဟု တေးထားသလား မပြောတတ်။ မနက်ကတည်းက ခုထိ တောက်လျှောက်ရွာနေ၏။
ထို့နောက် တိုင်စီတစ်စီးငှားကာ ထွက်ခဲ့၏။ သည်မိုးနှင့်ဆို နဂိုအစီအစဉ်ဆွဲထားသည့်အတိုင်း ပင်လယ်ကမ်းခြေသွားရန် မဖြစ်နိုင်။ သို့အတွက် ငါတို့သွားစရာဘာရှိမလဲဟု ကားဆရာကို မေးရ၏။
(ဤတွင် စကားစပ်၍ ပြောရလျှင် အင်ဒိုမှာ ယင်းဂလစ်ရှ်လို သိပ် မပြောတတ်ကြ။ ထိုအခါ သားက Google translate ဖြင့် ကိုယ်မေးချင်တာရိုက်၊ အင်ဒိုဘာသာပြန်ခိုင်းပြီး ကားသမားကို ပြောရတာ ဖြစ်၏။ ကားသမားက ပြန်ပြောတာကို လည်း google translate ဖြင့်ပင် နားလည်ရ၏။ အဲ့ငယ် - သည်နည်းက အတော်အဆင်ပြေ၏။ google translate က မြန်လည်းမြန်သဖြင့် အပြန်အလှန်ပင် စကားပြောလို့ရ၏။ ဤကား စကားချပ်)
ကားဆရာက ပြိုင်ကားသွားစီးဟုဆို၍ ပြိုင်ကားကွင်းကို သွားကြ၏။
ပထမ သားအဖနှစ်ယောက် မောင်းမလို့ဟာ တစ်ယောက်ကို တစ်သိန်းခွဲဆိုတာနှင့် သားရေ - မင်းပဲမောင်းပါတော့ကွာ ဟု သူတစ်ယောက်တည်း မောင်းခိုင်းရ၏။ ကျွန်ုပ် မောင်းလို့လည်း မဖြစ်။ သားလည်း ကားပေါ်တက်လိုက်ရော ၆ဂမြင်းမမိုး က အသည်းအသန်ရွာပါလေတော့၏။ ပြိုင်ကားက အင်ဂျင်နှင့်မောင်းတာဆိုတော့ တော်ပါသေး၏။
ထိုအနားတွင် လမ်းကြမ်းမောင်းပြိုင်ကားများလည်း တွေ့၏။ သို့သော် ဒီမိုးနှင့်တော့ အလုပ်မဖြစ်ပါ။
တိုင်စီသမားက ဒီလိုလုပ်ကွာ၊ ရာသီဥတုကလည်း မကောင်းဘူး။ ဒီတော့ မင်းတို့ငါ့တိုင်စီပဲ နေ့ပြတ်ခေါ်လိုက်တော့။ မနက်ဖြန် တစ်နေ့လုံးစာကို စင်းဒေါ်လာ ၅၀ ပေးဆိုသဖြင့် ကျွန်ုပ်တို့လည်း သဘောတူလိုက်၏။
နေပါအုံးကွာ အခု နေ့ဝက်လည်းကျိုးနေပြီဆိုတော့ ဒီနေ့လည်း တစ်နေ့လုံးယူလိုက်မယ်။ ဘယ်လောက်လည်း ဆိုတော့ ၄ သိန်း ဆို၏။ ကျွန်ုပ်တို့လည်း ဒုက္ခမများချင်တာနှင့် သူ့ကိုပဲ ခေါ်လိုက်တော့၏။
ကားမောင်းပြီး ကွင်းထဲကထွက်လာတော့ သားမှာ တစ်ကိုယ်လုံး တုတ်တုတ်ကျနေပြီ။ အဝတ်တစ်စုံ အပိုပါလို့ တော်ပါသေး၏။ အိမ်သာထဲသွား၊ အဝတ်အားလုံးလဲ။ ဖိနပ်ကလည်း မဒမ်အေးငြိမ်းက အလုပ်ထဲမှာဝတ်ဘို့ဆိုပြီး တစ်ရံ ဝယ်လာသည်နှင့် အခန့်သင့်လေတော့၏။
မိုးတအားရွာနေသဖြင့် ကျွန်ုပ် စိတ်တိုနေသည်ကို သားက “The Situation you are in is only as good or bad as how you perceive it.” ဟု ဆို၏။ ၆ ကယိုးနဲ။ အဖေထက်တစ်လကြီးသည့် သားပါတကား။
(ပျော်စရာကောင်းတယ် မကောင်းဘူးဆိုတာက အခြေအနေနဲ့ မဆိုင်ဘူး။ အဲသဟာ ကိုယ်ကအဲဒီအခြေအနေပေါ် ဘယ်ပုံ ဘယ်နည်း ခံစား/ရှုမြင်သလဲဆိုတဲ့အပေါ်မှာသာ မူတည်တယ်။)
ထို့နောက်တော့ နေ့လယ် ၂ နာရီလောက်ရှိနေပြီဆိုတော့ နေ့လယ်စာ စုဖီး (ဟုတ်ပေါင်) Sea food သွားစားကြ၏။ မဆိုးပါ။ အတော်လေး ကောင်းပါသည်။ ဤဆိုင်တွင်လည်း အုန်းရည်မှာပါသေးသည်။ သို့သော် သောက်လို့မကောင်းပါ။ ငါးပြုတ်နှစ်ကောင်အပါအဝင် သုံးယောက် စီးဖုမဆန့်မပြဲစားတာမှ ခုနစ်သိန်းတစ်သောင်း ခြောက်ထောင် (စလုံး ၆၀ ကျော်) ဆိုတော့ မဆိုးပါ။
စီးဖုပြီးတော့ ကာရာအိုကေသွားဆိုကြ၏။ ပထမ နှစ်နာရီလောက် အပီအပြင်ဟဲမလို့ဟာ သူက အင်တာနက်မရ ဆိုတော့ ယခွမ်း၊ မြန်မာသီချင်းဆိုလို့မရတော့။ ကျွန်ုပ်က ယင်းဂလစ်ရှ်သီချင်းများကို နားသာနားထောင်ပြီး ဆိုကျင့်မရှိ။ ဆိုတော့ ဆိုလို့ အဆင်မပြေ။ Radio GaGa, I want to break free, By the rivers of Babylone စသည့် သုံးလေးပုဒ်လောက်ပဲ ရ၏။ Never goona give you up ဆိုတော့ သားကလှောင်ရီသဖြင့် စိတ်ဆိုးပြီး ဆက်မဆိုတော့။ သူ့အတွက်တော့ အဆင်ပြေပါသည်။ သူက အင်္ဂလိပ်သီချင်းသာမက ဂျပန်သီချင်း၊ ကိုးရီးယားသီချင်းတွေပါ ဆိုလေ၏။
တစ်နာရီ သီချင်းဆိုတာ လေးသောင်းခုနစ်ထောင်။
အောင့်သက်သက်နှင့်ပင် ကာရာအိုကေဆိုင်မှထွက်ခဲ့ပြီး အနှိပ်ခန်းသို့ ခရီးဆက်ခဲ့ကြ၏။
ကားဆရာက ပထမ ထိုင်းအနှိပ်ခန်းသို့ လိုက်ပို့၏။ ဘွတ်ကင်လုပ်မထားသဖြင့် အခန်းပြည့်နေပြီဆိုပြီး မရသဖြင့် အနားရှိ နောက် အနှိပ်ခန်းတစ်ခုသို့ ရွှေ့ခဲ့။ သူက ဘာတဲ့ အနှိပ်ခန်းသီးသီးမဟုတ်။ Spa ဆိုလား။
ပထမ သူတို့က ဈေးနှုန်းများ ပြ၏။
ကျွန်ုပ်လည်း ဈေးအသက်သာဆုံး မိနစ် ၉၀ ကို ရွေးလိုက်၏။
အမျိုးသမီးတစ်ယောက်စီလာကာ ကျွန်ုပ်တို့နှစ်ယောက်ကို တစ်ခန်း။ သားကိုတစ်ခန်း ခေါ်သွား၏။
အခန်းကလေးပြင်ဆင်ထားပုံမှာ သဘောကျစရာကောင်း၏။
မီးကို ခပ်မှိန်မှိန်ထွန်းထားပြီး အခန်းထဲ၌ အပင်ကလေးများလည်း စိုက်ထား၏။
Instrumental တီးလုံးကလေးကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖွင့်ထား၏။
ကုတင်နှစ်လုံးရှိ၏။ ခေါင်းရင်းဘက်တွင် ကုတင်ကြမ်းခင်း၌ မျက်နှာတစ်ခုစာလောက် ဖောက်ထား၏။
လက်တန်းပါသည့် ကြိမ်ထိုင်ခုံနှစ်လုံးလည်း ရှိ၏။
အမျိုးသမီးကြီးနှစ်ဦး စဉ့်ရေအင်တုံ တစ်လုံးစီကိုင်ကာ ဝင်လာပြီး ကျွန်ုပ်တို့ကို ရေအင်တုံအတွင်း ခြေထောက်ရေစိမ် စေ၏။ ရေမှာ နွေးနွေးလေးဖြစ်ပြီး သူတို့က ခြေထောက်ကို နှိပ်နယ်ပေး၏။
အတန်ကြာသော် ရေဇလုံကို ပြန်ထုတ်သွားလျက် ကျွန်ုပ်တို့ကို အထုပ်ကလေးတစ်ခုပေးပြီး တစ်ခုခုပြောကာ ထွက်သွားကြ၏။
ကျွန်ုပ်တို့လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ အူကြောင်ကြောင်ဖြစ်လျက် ကျန်ခဲ့၏။
အဝတ်တွေချွတ်ခိုင်းတာထင်တယ် ဟု ခန့်မှန်းပြီး အင်္ကျီများ ချွတ်ထားလိုက်၏။
ခဏနေသော် သူတို့ပြန်ဝင်လာပြီး လက်ဟန်ခြေဟန်နှင့် အဝတ်အားလုံးချွတ်ခိုင်းကာ သူတို့ပေးထားသည့် အထုပ်ကလေး ထဲက အောက်ခံဘောင်းဘီကလေးသာ ဝတ်ရန်ပြော၏။ အောင်မငီးစ်
သို့နှင့် ကျွန်ုပ်တို့လည်း ကိုယ်တုံးလုံးချွတ်ကာ သူတို့ပေးထားသည့် ချည်အောက်ခံဘောင်းဘီ အပါးကလေးနှင့် လဲရ၏။ ရှက်ထှာကွာ၊ ကတောက်စ်
အတန်ကြာတော့ ပြန်ဝင်လာကြပြီး ကုတင်ပေါ်မှောက်အိပ်ခိုင်း၏။ ဖောက်ထားသည့် အပေါက်ထဲသို့ မျက်နှာကို အပ်ထားရ၏။ အပေါက်အောက်တည့်တည့်တွင် ရေဇလားတစ်ခု ထားပြီး ရေနွေးထဲတွင် ပရုပ်ဆီအနည်းငယ် ထည့်ထား သဖြင့် ပရုပ်ငွေ့သင်းသင်းကလေးကို ရှူနေရလေ၏။
ကျွန်ုပ်လည်း ဂီတသံငြိမ့်ညောင်းညောင်းလေးနားထောင်ရင်း တစ်ကိုယ်လုံးမှ အကြောပေါင်း တစ်သောင်းနှင့် ခြောက်ထောင်ကို လျှော့ထားလျက် အလွန်ဇိမ်ကျစွာ အနှိပ်ခံလေသော ဟူသတတ်။
(ဤအနှိပ်ခံခြင်းကား ကျွန်ုပ်ဘဝတွင် ဒုတိယ အနှိပ်ခံခြင်း ဖြစ်၏။ ပထမအနှိပ်ခံခြင်းမှာ ယိုးဒယားတွင်ဖြစ်၏။ ၁၉၉၅ ခုနှစ်လောက်က အစိုးရအစီအစဉ်ဖြင့် ထိုင်းသို့ ကျွန်ုပ်တို့ နှစ်ပတ် လေ့လာရေးခရီး သွားရ၏။ ထိုင်းကောင်တာပတ်များ၏ တိုက်တွန်းမှုကြောင့် ကိုကိုမောင်၊ ကိုမြင့်ဇော်နှင့် ကျွန်ုပ်တို့ သုံးဦးသား အနှိပ်ခန်းဝင်ခဲ့ကြခြင်း ဖြစ်၏။ ကျွန်ုပ်မှာမူ ဘီယာ အတော်လေးမူးနေသဖြင့် ဘယ်လိုနှိပ်လိုက်မှန်းတောင် မသိပါ။ ကိုမြင့်ဇော်ကတော့ ကိုအေးငြိမ်းရာ၊ ဘတ် ၄၀ ပေးရတဲ့ အတူတူ ကိုယ်တော့ အကုန်ကိုင်လာခဲ့တယ် ဆို၏။ အောင်မငီး)
ဆက်ပါဦးမည်။
အေးငြိမ်း
၄ ဇန္နဝါရီ၊ ၂၀၂၄
No comments:
Post a Comment