သည်အကြောင်းတွေ ကျွန်ုပ် မရေးချင်ပါ။
မည်သူမှလည်း ရေးမည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ထမင်းအိုးနှင့် တိုက်ရိုက်ပတ်သက်နေ၍ ဖြစ်၏။
ယခု စလုံးအစိုးရက ဒစ်ဂျစ်တယ်လူနေမှုစနစ်ကို ပြောင်းနေလေရာ အကုန် ဒစ်ဂျစ်တယ်အောင် ကြိုးစားနေ၏။
မှတ်ပုံတင်ကတ်ကိုလည်း ဒစ်ဂျစ်တယ်၏။
<Long Term Pass သမားများကို ကတ်ထုတ်မပေးတော့။ SingPass မှ Digital IC သာ ပေးတော့၏။ သို့အတွက် ကတ်ကျပျောက်မှာ ပူစရာမလိုတော့။ ကတ်ကိုနေရာတကာ ယူသွားစရာလည်း မလိုတော့။ ဖုန်းလေးဖွင့်ပြလိုက်ရုံ ဖြစ်၏။>
စာရွက်စာတမ်းတွေ တင်ပြရတော့လည်း ဒစ်ဂျစ်တယ်နှင့်တင်ပြရ၏။
ပိုက်ဆံပေးတော့လည်း ဒစ်ဂျစ်တယ်နှင့် ပေးရ၏။
ကားရထားစီးတော့လည်း ဒစ်ဂျစ်တယ်။
ဒချိတော့လည်း ဒစ်ဂျစ်တယ် (ဟုတ်ပေါင် အရှိန်လွန်ကုန်ပြီ။)
ဆိုတော့ အလုပ်သမားတွေ စာမေးပွဲဖြေတော့လည်း ဒစ်ဂျစ်တယ်လေ၏။
တွေးကြည့်ပါခညာ။
မနေ့ကမှ ထွန်တုံးဖြုတ်ပြီး ရောက်လာတဲ့ကောင်တွေကို အခု ဒစ်ဂျစ်တယ်ခိုင်းတော့ ကျွန်ုပ်တို့မှာ ဒွတ်ခနှင့် လှလှနှင့် တိုးလေတော့၏။
ပထမ - အင်တာနက် ဒေါင်းသည့်ပြဿနာ။
တစ်ယောက်နှစ်ယောက်တည်းဆို ဘာပြဿနာမှ မရှိ။
ဒါပေသိ တစ်တန်းကို ၁၅ ယောက်ပဲထား။ ၃ တန်းလောက်ပြုံဆွဲလိုက်တော့ ဝိုင်ဖိုင်မှာ ကျွန်ုပ်တို့ရွာမှ စပါး ၂၀ တင်ထား သည့် နွားလှည်းကြီးကဲ့သို့ အိညောင့်အိညောင့် ဖြစ်သွားလျက် နောက်ဆုံးတော့ ဒေါင်းသွားလေ၏။
နဂိုကမှ သောက်တလွဲဘာသာပြန် မေးခွန်းတွေနှင့် တိုင်ပတ်နေကြကုန်သော ငမိုက်သားလေးများမှာ မျက်လုံးပြူး၊ မျက်ဆန်ပြူးနှင့် ကျော့်ဟာ ထွက်သွားပြီ။ ရှေ့ဆက်မသွားတော့ဘူး စသဖြင့် ဝိုင်းအုံလာကြလေ၏။
တစ်ယောက်နှစ်ယောက်တည်းဆို အကြောင်းမဟုတ်။ ကျွန်ုပ် လုပ်ပေးလို့ရ၏။
အခုဟာက တစ်တန်းလုံးဆိုတော့ ဟဲ့၊ လာကြပါအုံးဟဲ့။ ငါတစ်ယောက်တည်း ဒီမှာ ဒွတ်ခနဲ့လှလှနဲ့ တွေ့နေပြီဟု admin ကို လှမ်းခေါ်ရ၏။
ကျွန်ုပ်က လုပ်လို့မရပါဘူး ဆိုသဟာကို ဘာဖစ်လို့ ညာဖစ်လို့နှင့် အပြစ်တင်နေသည့် ထိုငနဲများမှာ ငင့် - နာတို့လည်း လုပ်လို့မရပု၊ လိုက်ဒက်လား ဆိုကာ ဖင်ကုတ်လိုက် ခေါင်းကုတ်လိုက် ဖြစ်နေလေ၏။
ကျွန်ုပ်လည်း ငါ့ဝဋ်တော့လည်ပြီဆိုကာ ငါးသလောက်ပြုံးကလေး ပြုံးနေလေသော ဟူသတတ်။
အချို့မှာကား မေးခွန်းတစ်ခုကနေ နောက်တစ်ခုကိုအပြောင်း တီးတောင် တီးတောင်နှင့် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ လည်နေသည့် အဝိုင်းကလေးကို ကသိုဏ်းရှုနေကြရကုန်၏။
အဲသဟာထားပါအုံး။
နောက်တစ်ခုဆိုးသည်မှာ $$$တလွဲဘာသာပြန်များဖြစ်၏။
အလုပ်သမားတွေမပြောနှင့်။ ကျွန်ုပ်ဖတ်တာတောင် နားမလည်။
နောက်ပြီး မြန်မာစာမဟုတ်၊ မွန်စာမဟုတ်၊ ကျောက်စာမဟုတ်တာတွေလည်း ပါသေး၏။
ပိုဆိုးသည်မှာ အလုပ်သမားတွေ အတန်းမှာ ထည့်သင်မထားတာတွေကိုပါ ထည့်မေးထားခြင်း ဖြစ်လျက် -
အဆိုးဆုံးကား နိုင်တီးဂွမ်တီးက ဥပဒေတွေပါ ထည့်မေးထားခြင်းဖြစ်သတည်း။
အဆိုးတကာ့အဆိုးဆုံးကား တချို့မေးခွန်းများ၏ အဖြေများမှာ ဘယ်အဖြေမှန်မှန်းမသိ။ ယခွမ်းဒဲ့မှ
နောက်တစ်ခုမှာ ယခင် စာရွက်ပေါ်မှမေးခွန်းများကို နားမလည်ပါက အင်္ဂလိပ်မေးခွန်း တောင်းကြည့်လို့ရ၏။
မေးခွန်းက တစ်စုံတည်းမဟုတ်။ အစုံ (၄၀) ထုတ်ထားတာဖြစ်၏။
ဥပမာ - မြန်မာမေးခွန်း Set No. 15 ဆိုလျင် အင်္ဂလိပ်မေးခွန်း Set No. 15 နှင့်တိုက်ကြည့်နိုင်၏။
ယခု online မေးခွန်းမှာ အလုပ်သမား၏ FIN No. နှင့် ဝင်ရတာဖြစ်သဖြင့် ကြည့်ချင်တိုင်း ကြည့်လို့မရ။
ကြည့်လို့ရတယ်ပဲ ထားပါဦး။ Online နှင့် ဝင်ထားသည့်မေးခွန်းမှာ Set No. မပါ။ သည့်အတွက် မည်သည့် Set No. ကို မည်ကဲ့သို့ ရွေးမည်နည်း။ ကျွန်ုပ်ထင်တာကတော့ Fin No. နှင့် ဝင်လိုက်လျှင် မေးခွန်း set no. ကို ကျပမ်းချပေးလိုက်တာ ထင်ပါသည်။
ဆိုတော့ အကယ်၍ အလုပ်သမားများ စာမေးပွဲကျသည်ဆိုပါစို့။
(ကျလည်း ကျပါသည်။ ကျလိုက်သမှ ၁၂ ယောက်ဖြေတာ ၆ ယောက်ကျ၏။ သို့သော် ယခုက စမ်းသပ်ကာလမို့ တက်ဘလက်နှင့်မအောင်လျင် စာရွက်နှင့် ပြန်ဖြေခိုင်းလို့ တော်ပါသေး၏။ စာရွက်နှင့်ပြန်ဖြေခိုင်းတာက ဒီဇင်ဘာလ ၃၁ ရက်နေ့ထိပဲ ဖြစ်ပြီး နောက်ပိုင်း လုပ်ခွင့်မပြုတော့။)
ပေါက်တတ်ကရမေးခွန်းကြီးများကို မဖြေတတ်လို့ စာမေးပွဲကျလျင် အလုပ်သမားအတွက် တရားပါမည်လား။
ကုမ္ပဏီတွေက ပထမတကြိမ်ပဲ သင်တန်းကြေးပေးတာဖြစ်၏။ ကျပြီးပြန်ဖြေရလျှင် အလုပ်သမားက သင်တန်းကြေးကို ကိုယ့်ဘာသာကိုယ် ပေးရမည်။ သင်တန်းကြေးက စင်းဒေါ်လှ ၁၂၀။ ဗမာငွေနှင့် ၃ သိန်း။
ဆိုတော့ -
ပြော မပြောချင်တော့ပါ . . .
စက်ပျက်ချက် . . .
အေးငြိမ်း
၂၂ ဒီဇင်ဘာလ၊ ၂၀၂၃
No comments:
Post a Comment