Tuesday, December 12, 2023

ကျွန်ုပ် ကြွေးများ ပြန်ရပုံ အကြောင်း

ကျွန်ုပ်က အဲသလိုတွေ လျှောက်လျှောက်ရေးတာ မဟေသီက မကြိုက်စ်ပါ။

သို့ဆိုလျှင် တစ်ပြားမရ၊ နှစ်ပြားမရ ဘယ့်နှာကြောင့် အချိန်ကုန်ခံကာ ဤအရာများကို ရေးရဘိသနည်း။

အသင် မိတ်ဆွေတို့ကို ကျွန်ုပ်ကဲ့သို့ သောက်တလွဲများ မလုပ်မိစေလိုသောကြောင့်၊ ကျွန်ုပ်ကဲ့သို့ ပိုက်ဆံများ မဆုံးရှုံး စေလိုသောကြောင့် ကျွန်ုပ်၏ အတွေ့အကြုံကို မျှဝေခြင်းမျှ ဖြစ်၏။

 

ကျွန်ုပ်သည် မြန်မာပြည်၌ သောင်းကျန်းနေသော ခွေးရူးများကို မောင်းထုတ်ရေး အော်ပရေးရှင်းတွင် အစွမ်းကုန် ပံ့ပိုးပေးလျက် ရှိ၏။ ပိုက်ဆံကလည်း အချိန်တိုင်း လိုလျက်ရှိသည်ဖြစ်ရာ လူကြီးလူကောင်းတစ်ဦးထံတွင် ရစရာရှိသည့် ဟို့ ယခင် ဆယ်နှစ်ကျော်ကာလက အကြွေးကို ပြန်တောင်းလေသော ဟူသတတ်။

 

န်ုပ်။             ။ ကိုဟိုနင်းရေ - အရေးတကြီး ပိုက်ဆံလိုနေလို့ ကျွန်တော့် ပိုက်ဆံ သိန်း (၃၀) လိုချင်ပါတယ်။

၎င်း။            ။ ဟေ၊ ဘာအတွက်လဲကွ။

န်ုပ်။             ။ $@!#%^*(@%

၎င်း။            ။ အာ - အဲဒီအတွက်ဆို ပေးလို့မဖြစ်နိုင်ဘူး။

န်ုပ်။             ။ ဒီမယ် ကိုယ့်လူ။ ကျုပ်က ခင်ဗျားကို ပေးပါလို့ တောင်းနေတာမဟုတ်ဘူး။ ကျုပ်ရစရာရှိတဲ့ကြွေးတွေ ပြန်တောင်းနေတာ။ ဒူပါ့။

၎င်း။            ။ ငမ် - ငါ မင်းကို ကြွေးပေးစရာရှိတယ်။

န်ုပ်။             ။ $@!#%^*(@% $@!#%^*(@% $@!#%^*(@% $@!#%^*(@%

၎င်း။            ။ ဟေ - ဟုတ်လား။ အဲဒါဆို ငါ့ဆီ စာရွက်စာတမ်းတွေ ပို့လိုက်။ ငါ ပြန်စစ်ပေးမယ်။

န်ုပ်။             ။ x=$xqqxe&$%*

 

ကျွန်ုပ်လည်း အလွန်ဒေါကန်လေသတည်း။ ဘယ့်နှယ်ကွယ်။ ကိုယ်ပေးရမယ့်ကြွေးများ မေ့ထားရတယ်လို့။ အဟက်စ်

မိတ်ဆွေတို့လည်း အတုယူသင့်ပါ၏။ ကြွေးယူပါ။ နောက်ပြီး မေ့ထားလိုက်ပါ (ပြန်မတောင်းမချင်း)။

 

ကျွန်ုပ်လည်း သူနှင့် စာပေးစာယူလုပ်ထားသည့် email များကို ပြန်ရှာ၏။ 

တော်ပါသေးသည်။ ယခင်က ကျွန်ုပ်က Yahoo mail ကို သုံး၏။ Yahoo mail ကလည်း ၂၀၁၃ ခုနှစ်က mail များကိုပါ ရှာလို့ရ၏။ 

 

သို့နှင့် ကျွန်ုပ်လည်း သူနှင့် email အပြန်အလှန်ရေးထားသည့် ပိုက်ဆံတောင်းခြင်းအကြောင်းများကို screen shot ရိုက်ကာ ပေးလိုက်၏။ ထိုအခါကျမှ ထိုလူကြီးလူကောင်းက ကျွန်ုပ်ကို ဖုန်းဆက်ကာ ဘယ်နေ့ပိုက်ဆံလာယူခိုင်းလိုက်ပါ ဆိုလေ၏။

 

၂၀၁၃ က ပိုက်ဆံဈေးက အမေရိကန် တစ်ဒေါ်လာမှ ၈၀၀။ အခု ၂၀၂၃ ပိုက်ဆံဈေးက စင်ကာပူတစ်ဒေါ်လာကို ၂၃၅၀ ဆိုတော့။ မိတ်ဆွေတို့ အလွယ်တကူ စဉ်းစားကြည့်နိုင်ပါ၏။ ကျွန်ုပ်တောင်းသည့် သိန်း (၃၀) မှာ ၂၀၁၃ ခုနှစ်က သိန်း (၃၀) ဖြစ်လေရာ ယခုငွေဈေးနှင့်ဆို ဘယ်လောက် ဖြစ်နေမည်နည်း။

 

သို့သော် ကျွန်ုပ် ဘာမှမပြောပါ။ သိန်း (၃၀) ပေးတာတောင် တော်လှပြီ သဘောထားလိုက်ပါ၏။ ပြီးတော့ သည် သိန်း (၃၀) ကလည်း ကျွန်ုပ် ကိုယ်ကျိုးအတွက်မဟုတ်။ ဒေါင်းဇားများကို မျိုးဖြုတ်ဘို့အတွက် တောင်းတာဖြစ်၏။ 

 

ဆိုတော့ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လူဂျီးလူဂေါင်းထံမှ ရစရာရှိသည့် ကြွေးအားလုံး ပြန်ရပြီပဲ ဆိုကြပါစို့။

 

ဒါကတစ်ပိုင်း။

 

နောက်တစ်ခု -

ဟို ဂန်းမသားလေးကို ကျောင်းထားပေးသည့် စုစုပေါင်း စင်းဒေါ်လာ ၄ သောင်းကျော်အတွက် (ကျွန်ုပ် အစွမ်းအစကြောင့် မဟုတ်။) မဟေသီ၏ စွမ်းဆောင်မှုဖြင့် တစုံတခု ပြန်ရလိုက်ပါ၏။ ထိုတစုံတစ်ခုမှာ စင်းလေးသောင်းလောက် မတန်သည့်တိုင် သုံးပုံနှစ်ပုံလောက်တော့ တန်ပါ၏။ သို့တိုင် ထိုတစုံတစ်ခု ပြန်ရဘို့အတွက် ပိုက်ဆံ သိန်း (၂၀၀) နီးပါး လောက် ကုန်လိုက်သေး၏။ ထို သိန်း (၂၀၀) လောက်ကို ထပ်နုတ်လိုက်လျင် တစ်ဝက်ပဲ ပြန်ရတော့သည့် သဘော ဖြစ်၏။

 

ကိုယ်ရစရာရှိသည့်ပိုက်ဆံ ပြန်တောင်းသည့် ထိုအတွေ့အကြုံမှ တပါးသူ၏ ဒုက္ခသုက္ခကို ရင်းနှီး၍ ပိုက်ဆံ ငမ်းငမ်းတက် နေကြသူများကိုလည်း စိတ်ပျက်စရာ တွေ့ရလေ၏။ ထိုအကြောင်းများကို ရေးချင်သည့်တိုင် မရေးသေးပါ။

 

“မီးကလေ ဟင့်၊ ရွှတ်၊ အဲဒါ ကျောင်းတက်ဘို့ ပိုက်ဆံလိုနေလို့စ် blah blah blah . . . “ ဆိုကာ ကျွန်ုပ်ထံမှ ၅၀၀ ယူ၊ ၁၀၀၀ ယူ နှင့် ယူသွားသူ မဟိုဒင်းမှာမူ (သူ့အပြောအရ) မြန်မာပြည်ပြန်သွားပြီဆို၍ ကျွန်ုပ်ရစရာရှိသည်များကို နိဗ္ဗာနဿ ပစ္စယော ဟောတု လုပ်လိုက်ရလေတော့၏။ 

 

သို့သော် ယူတုံးက ပြုံးစိပြုံးစိနှင့်ယူသွားပြီး ကျွန်ုပ်က မနိုင့်ရင်ကာ ပြန်တောင်းတော့ မပေးချင့်ပေးချင်နှင့် ၁၀၀ မျိုး၊ ၂၀၀ မျိုး ပြန်ဆပ်ခဲ့သည့်အတွက် ၃ ပုံတစ်ပုံလောက် (စုစုပေါင်း ၁၂,၀၀၀။ သူပြန်ဆပ်တာ ၄၀၀၀) တော့ ပြန်ရလိုက်ပါသေး၏။

 

ဤသည်ကို သင်ခန်းစာယူ၍ ကျွန်ုပ်သားကို သင်ပေးသည်မှာ -

 

“သား - Never pity the people.” သားကပြန်ပြောသည်မှာ “Pity yourself.” သားပေးချင်သပဆို ထမင်းခေါ် ကျွေးလိုက်။ ပိုက်ဆံ ၅၀ မျိုး ၁၀၀ မျိုး ပေးချင်သပဆို အပြတ်ပေးလိုက်။ ဒါပေမယ့် မျက်နှာငယ်လေးနဲ့လာပြီး ပိုက်ဆံချေးမယ် ဆိုရင်တော့ ကိုယ့်အမျိုးအရင်း ဖြစ်စေ၊ အင်မတန်ရင်းနှီးတဲ့သူငယ်ချင်းဖြစ်စေ၊ ဘာရာထူးကြီးယူထားတဲ့ ဘာဒေါင်းဇားကြီး ဖြစ်ပေ့စေ လုံးဝ မချေးနဲ့။ စကားကုန်ပြောရရင် ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံပါနဲ့။”

 

ဤသည်မှာ အသင်တို့ကို ပေးချင်သော ကျွန်ုပ်၏ message ဖြစ်ပါသတည်း။

မြတ်ရှင်စော ဩကာသ

 

အေးငြိမ်း

၁၂၊ ၁၂၊ ၂၀၂၃

No comments: