Sunday, December 17, 2023

ကျွန်ုပ် အလိမ်ခံရခြင်းမှ လက်မတင်ကလေး လွတ်လာခဲ့သည် ဆိုခြင်းအကြောင်း

မနေ့မနက် ၁၁ နာရီက CNA သတင်းတွင် သတင်းထူးတစ်ခု တွေ့လိုက်မိ၏။

“စလုံး ဒုဝန်ကြီးချုပ်ကို စလုံးဘဏ်က တီဗီ live show တစ်ခု၌ ပြောဆိုခြင်းအတွက် တရားစွဲခြင်း”

ဆိုတော့ ကျွန်ုပ်လည်း ပြူးပြဲဖတ်မိ။

 

အဲ့လယ် -

သူ့ဟာက စိတ်ဝင်စားစရာ အကောင်းသားခင်ဗျ။

ဒုဝန်ကြီးချုပ် (မစ္စတာဝေါင်း) က အင်တာဗျူး၌ ပြောသည်များကို ခညားတို့နားလည်အောင် ကျုပ်က အတိုချုပ် ရေးပြပါမည်။

 

ဝေါင်း - ဟကောင်ရ - သူဌေးဖြစ်ဘို့များ ဘာမှ အလုပ်လုပ်နေစရာမလိုဘူးလကွ။ ယခွမ်း

ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းနားလည်သွားပြီဆိုတာနဲ့ ပိုက်ဆံတွေ ဝေါကနဲ ဝေါကနဲ မင်းအိပ်ကပ်ထဲ ဝင်လာလိမ့်မယ်။

 

မာတင် (အင်တာဗျူးသူ) - သူဌေးတွေကတော့ ပြောတာပဲ။ ဒါပေမယ့် လူတွေကတော့ သူတို့မိသားစုတွေအတွက် အသည်းအသန် လုပ်နေကြရတယ်။​ လုပ်လို့ရတဲ့ပိုက်ဆံနဲ့တောင် မလောက်ကြပါဘူးဗျာ။

 

ဝေါင်း - ဘာတယ်။ မင်းက ငါအလုပ်မလုပ်ဘူးထင်နေတာလား။ တစ်ယောက်ယောက်က ငါဟာ အင်မတန် ကံကောင်းတဲ့လူလို့ပြောလာတဲ့အခါ ငါကတော့ ဘူး ထွားဟားဟားဟား လို့ ဟက်ဟက်ပက်ပက် ရယ်လိုက်တာပဲကွ။

ဒီမယ်သယ်ရင်း - မဒူစမ်းပါနဲ့ကွာ။ ၂၁ ရာစုအင်တာနက်ခေတ်ကြီးမှာ အင်တာနက်သုံးပြီး သန်းကြွယ်သူဌေးဖြစ်ဘို့ အခွင့် အလမ်းတွေ လူတိုင်းအတွက် ပွင့်နေသကွ။ ညှင်းညှင်းညှင်း

 

မာတင် - တယ်လဲစာတဲ့ဆိုပါလားကိုယ့်လူရယ်

 

ဝေါင်း - ဘာလဲမင်းကမယုံဘူးလား။ ကိုင်း ပြောနေကြာရော့၊ ငါ့ကို မင်းဖုန်းပေး။ ငါ လက်တွေ့လုပ်ပြမယ်။

 

(မစ္စတာဝေါင်းက မာတင်၏ဖုန်းကို ယူ၊ Account ဖွင့်၊ ပိုက်ဆံ ၂၅၀ ထည့်ခိုင်းပြီး ဆက်စကားပြော။ သူတို့ စကားပြော နေစဉ်အတွင်း မိနစ် ၂၀ လောက်အကြာ account ကို ဖွင့်ကြည့်လိုက်တော့ ခုနက ထည့်ထားသည့် ပိုက်ဆံ ၂၅၀ ကနေ ၂၉၇ ဖြစ်နေတာ တွေ့။ ငွေဝင်ငွေထွက် အသေးစိတ်ကိုကြည့်တော့ ငွေအဝင်အထွက် ၃ ခုပြထားပြီး ပထမအကြိမ်တွင် $6.78, ဒုတိယအကြိမ်တွင် $15.29, တတိယအကြိမ်တွင် $25.36 ဝင်ထားတာတွေ့။ စုစုပေါင်း မိနစ် ၂၀ အတွင်း ပိုက်ဆံ $47.43 အမြတ်ထွက်။ ဟိုက်ရှာလဘတ်စ်ခ်ပ်တ်)

 

ငွေအဝင်အထွက်များကို screen shot ရိုက်ကာ ပြလိုက်သေး၏။ 

 

ဝေါင်း - ဟား ဟား ဟားစ်။ မင်းတွေ့ပြီမဟုတ်လား။ အခုမင်းမှာ ၂၅၀ ရှိတယ်။ ၄ ပတ်လောက်အတွင်းမှာ မင့်ပိုက်ဆံဟာ တစ်သိန်း၊ ဒါမှမဟုတ် တစ်သိန်းခွဲလောက်တောင် ဖြစ်လာနိုင်တယ်။ ဘူးထွားဟားဟား။ 

မင်းလုပ်ရမှာက $#@% မှာ register လုပ်လိုက်ရုံပဲလကွ။ နောက်ပြီး မင်းပိုက်ဆံတွေကို ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ဘဏ် မှာ သွားထုတ်ပေတော့။

 

ထိုနံရောအခါ စင်ကာပူဘဏ်လည်း မျက်လုံးပြဲလျက် အောင်မငီး၊ ငါးပါးတွေတော့ မှောက်ပါပြီ ဆိုကာ သူတို့ အင်တာဗျဲ မပြီးခင်ပင် ဖုန်းဆက်လျက် ချက်ချင်းရပ်ခိုင်းလိုက်လေ၏။ သို့သော် အင်တာဗျူးထားတာတွေကို ဖမ်းယူထားလိုက်နိုင် သဖြင့် CNA က ပြောသမျှ အကုန်ချရေးလိုက်လေတော့သတည်း။

 

အိပ်နေရင်းပိုက်ဆံရမည်ဆိုတော့ ကျွန်ုပ်လည်း သူပြောသည့် link ကို ဝင်လျက် register လုပ်ရန် ကြိုးပမ်းလေသော ဟူသတတ်။

 

သို့သော် မလုပ်ရဲ။ ရင်တုန်ပန်းတုန် (ပန်းတုန်တယ်ဆိုတာဘာလဲ လာမမေးပါနှင့်။ ကျွန်ုပ်လည်းမသိ) ဖြစ်နေသောကြောင့် အိမ်ပြန်ရောက်သော် သားကိုတိုင်ပင်ရ၏။ သားက တကယ်လို့ အဲသလိုလုပ်ရင် အဖမ်းခံရနိုင်သလား ဟု မေး။ ကျွန်ုပ် လည်း ဟကောင်ရ၊ ဒါ ဒုဝန်ကြီးချုပ်ကိုယ်တိုင် ပြောတာလကွ ဆိုတော့ သားနှင့် အချီအချပြောကြရင်း register လုပ်ဖို့ ဆုံးဖြတ်။

 

Register လုပ်တာ ဘာမှမကြာ။ တစ်မိနစ်တောင်မကြာ။ စက္ကန့် ၃၀ လောက်ပဲ ကြာပါမည်။ Register လုပ်ပြီးတော့ account ထဲကို ပိုက်ဆံထည့်ရမည်။ အနည်းဆုံး ၂၅၀။

 

အဲသဟာကို ကျွန်ုပ်က ကြောက်တာဖြစ်၏။

ပိုက်ဆံထည့်ဘို့ ကျွန်ုပ်၏ ကတ်နံပါတ်တွေ၊ အကုန်ပေးရ၏။ 

မတော်ကိုယ့် account ထဲက ပိုက်ဆံတွေ ဘတ်သွားလျင် မခက်ပါလား။ 

ကတ်နံပါတ်တွေရိုက်ထည့်ပြီးမှ -

သား - ခဏနေအုံးကွ။ အဲဒီကောင်တွေ ဘယ်လောက်စိတ်ချရတယ်ဆိုတာ နည်းနည်းလောက် survey လုပ်ကြည့်ရအောင် ဆိုကာ သားအဖနှစ်ယောက် အင်တာနက်တခွင် ပြဲပြဲစင်အောင် မွှေနှောက်ရှာကြ၏။

 

အတော်လေးကြာတော့ သားက “Better don’t” ဟုဆို၏။

ကျွန်ုပ်တို့ အလုပ်ရှုပ်နေစဉ်အတွင်း ဖုန်းနှစ်ခါလာ၏။

ပထမတော့ ကျွန်ုပ် ကောင်းကောင်းမွန်မွန်ပြန်ဖြေပါ၏။

လမ်းနာမည် ဖြည့်ပါ။ Postal code ဖြည့်ပါ ဆိုတော့ အဲသဟာတွေ ငါသိပါတယ်ကွာ။ မင်းအကူအညီမလိုပဲ ငါ ဖြည့်တတ်ပါတယ် ဟု ပြောကာ ဖုန်းချလိုက်၏။

ခဏနေတော့ ပြန်ဆက်ပြန်၏။ မင်း deposit ထည့်လိုက်။ ပိုက်ဆံထည့်ပြီး blah blah blah . . .

ငါ သိပါတယ်ကွာ။ အခု ငါတို့ လုပ်နေတယ်။

မင်းမသိရင် ငါပြောပြမယ်။ blah blah blah . . . 

 

ကျွန်ုပ်လည်း စိတ်တိုလာကာ အဲဒါတွေ ငါလုပ်တတ်တယ်။ ငါ့ဘာသာလုပ်မယ်။ မင်းထပ်ဖုန်းမဆက်နဲ့တော့ ဆိုကာ ဖုန်းချလိုက်၏။ ထိုဖုန်းနံပါတ်နှစ်ခုစလုံးကို block လုပ်လိုက်၏။

 

သားက ကျွန်ုပ်ကို credit card သုံးကာ ဖြည့်ဘို့ ပြော၏။ credit card နှင့် debit card ဘာကွာသည်။ ဤမှဆက်ကာ bit coin အကြောင်း၊ cripto currency စသည်တို့ကို ရှင်းပြ၏။

 

စင်ကာပူနံပါတ်နှင့် ဖုန်းဝင်လာပြန်၏။ 

သည်တစ်ခါတော့ ကျွန်တော် ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်၏။

ဟေ့ကောင် - မင်းကိုမဆက်ပါနဲ့လို့ ငါပြောထားတာ ဘာဖြစ်လို့ မကြာခဏဆက်နေရသလဲ။ ငါဟာ ပညာတတ်တစ်ယောက်ဖြစ်တယ်။ ဒါတွေဟာ ငါ့အတွက် ဘာမှ မဖြစ်လောက်တဲ့ ပီဘိအသေးအဖွဲလေးတွေ ဖြစ်တယ်။ မင်းအကူအညီ ဘာမှကိုမလိုဘူး။ နောက်ထပ်မဆက်နဲ့တော့။

 

ထိုဖုန်းနံပါတ်ကိုလည်း block လုပ်လိုက်၏။

 

ပထမတစ်ခါ ဖုန်းဆက်ကတည်းက ကျွန်ုပ်က သံသယရှိနေပြီ။

နောက်ထပ် ဖုန်းတွေ ထပ်ခါထပ်ခါဆက်ပြီး ပိုက်ဆံထည့်ဘို့ အသည်းအသန်တွေ ပြောနေပြီဆိုတော့ ဒီလူတွေသည် မည်သည့်နည်းနှင့်မှ လူကောင်းတွေ မဖြစ်နိုင်တာ သေချာသည်၏ဟိုဘက်ကို သုံးဘူတာလောက် လွန်နေသေး၏။

 

ထိုမျှသာမကသေး ကျွန်ုပ်အိပ်ကောင်းနေစဉ်တွင်လည်း ဖုန်းဆက်လာ၏။ ဖုန်းနံပါတ်မှာ +852 5803 0411 ဖြစ်ပြီး ဟောင်ကောင်၊ စိန ဟု ပြထား၏။ နောက်ဆုံး ကျွန်ုပ်မှာ ဖုန်းကို လုံးဝ ပါဝါပိတ်လိုက်ရလေတော့သတည်း။

 

ညာတာပါတေး link ကြီးကိုတော့ မိတ်ဆွေတို့ကို မရှယ်ပါရစေနှင့်။

 

ဤသည်ကား ကျွန်ုပ် “ကံကောင်းလို့မသေ၊ သံချောင်းတို့ဖအေ” ဖြစ်ခဲ့ရသည် ဆိုခြင်းအကြောင်း တည်း။

 

 

လူအချင်းချင်း လိမ်ညာခြင်း၊ ကင်းရှင်းကြပါစေ။

 

 

အေးငြိမ်း

၁၇ ဒီဇင်ဘာ၊ ၂၀၂၃

 

မှတ်ချက်။         ။ ထို CNA သတင်းမှာ အတုကြီးဖြစ်၍ သတင်း link မှာလည်း CNA link မဟုတ်ပါ။ လူလိမ်များက CNA သတင်း page အတုလုပ် လွှင့်တာ ဖြစ်၏။


https://wqtn4stb5jv6mepsiktgbd0a.celebrityinvesting.com/landers/sg/bank-of-singapore-is-suing-lawrence-wong-for-his-statements-on-live-tv/index.php?lp_key=170271c30b9deacb4162612a0f1171a2434d793000&fbclid=IwAR1t_LI5vhiIHdJ6mUWdlE9TXCy4cB_XYc8XTjYkQaIAoGTqWH7FWJhiXrg 




No comments: