Thursday, August 31, 2023

ကျွန်ုပ် စက်ဘီးစီးခြင်း အကြောင်း

(၁) အလွန်ထူးဆန်းသည့် လူတစ်ယောက်

 

ကိုယ့်မွေးနေ့ကိုယ် ဘယ်နေ့မှန်းမသိပါဘဲလျက် ကျွန်ုပ်သည် ကိုယ့်ဇာတာကိုယ် စိတ်ထင်နှင့် ရမ်းတွက်ပြီးသကာလ ကိုယ့်ဘာသာကိုယ် ဟောကိန်းများ (၁၉၈၈ ပတ်ဝန်းကျင်က) ထုတ်ခဲ့ဖူးလေ၏။  ထိုအဟောများတွင် “စီးယာဉ်တစ်ခုခု ပိုင်ဆိုင်ရလိမ့်မည်” ဟု ပါရှိ၏။ 

 

၁၉၉၀ ခုနှစ် ရေဆင်းသို့ စရောက်သည်မှ ယနေ့ထိ ကျွန်ုပ်တွင် စက်ဘီးတစ်စီး မပြတ်မလပ် ပိုင်ဆိုင်လာခဲ့လေရကား ကျွန်ုပ်၏ ဗေဒင်အဟောကို ကျွန်ုပ် လွန်စွာသဘောကျကာ ‘တယ်တော်တဲ့ ငါပါလား’ လက်မထောင်မိလေသော ဟူသတတ်။

 

တစ်ခုသော တနင်္ဂနွေနေ့တစ်နေ့က လုပ်ဖော်ကိုင်ဘက် သင်တန်းဆရာတစ်ဦးက “မင်း ဘာဖြစ်လို့ ကားမဝယ်တာလဲကွ” ဟု မေးလေ၏။ ကျွန်ုပ်လည်း ကားပိုင်ရခြင်း၏ ဒုက္ခများနှင့် ကုန်ကျစရိတ်များကို တွက်ပြလိုက်ရာ “အာလာမာ့ - မင်းရှာထားတဲ့ပိုက်ဆံတွေကို မင်းမသုံးရင် ဘယ်သူသုံးမလဲကွ” ဟု ဆိုလေ၏။ ကျွန်ုပ်ကတော့ သူ့ကို ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်ပါ၏။ ကျွန်ုပ်အတွက်မူ ကိုယ်သုံးဘို့အတွက်သာမက သူများက လာလိမ်လျှင် အလိမ်ခံရဘို့၊ ကိုယ်နှင့် ဘာမှမဆိုင်သူများကို ပေးကမ်းထောက်ပံ့ဘို့၊ ဟိုအရပ် သည်အရပ်များသို့ လှည့်လည်ကာ ဟောပြောပွဲများ လုပ်ခြင်းစသည့် ကြီးဒေါ့်နွားကျောင်းသည့် အလုပ်များ လုပ်ဖို့ကိုလည်း အရံသင့် ထားရသေး၏။ 

 

ဤဒွန္နယာကြီးတွင် ကားပိုင်ရမှာကို စိုးရွံ့သူ၊ ရွှေငွေလက်ဝတ်လက်စားများနှင့် စည်းစိမ်ဥစ္စာများကို မမက်မောသူ၊ နန်းတော်ကြီးတမျှခမ်းနားလှသည့် တိုက်ကြီးတာကြီးနှင့် မနေလိုဘဲ သာမန်အိမ်ကလေးကိုသာ နှစ်သက်သူ လူထူးလူဆန်းတစ်ဦးကို ပြပါဆိုလျှင် ကျွန်ုပ်ကို ပြရလိမ့်မည်။ ဟိ သစ္စံ - ဤစကားမှန်၏။

 

(၂) ငယ်စဉ်ဘဝက စက်ဘီး

 

ကျွန်ုပ်တို့ရွာဘက်ကား အလွန်ခေါင်လှ၏။ စက်ဆို၍ ဘာစက်ကမှ မရှိ။ ကျွန်ုပ်တို့ လေးတန်းအောင်ပြီး အလယ်တန်း သွားတက်သည့် ကွင်းကောက်တွင် စက်ဘီး လေးငါးဆယ်စီးလောက် ရှိသည် ထင်၏။ နောက်ပြီး သုံးကွင်းဆိုင်နှင့် ခြောက်ရွာတို့ကို ပြေးဆွဲပေးသည့် ဆိုက္ကားများလည်း ရှိ၏။ ကားနှင့်တူတာဆိုလို့ နွေဘက်တွင် စပါးတိုက်သော ဂျိုးဂျိုးဂျိဂျိ သံစုံထွက်သည့် ယာဉ် ၃ တန်၊ ကုန် ၃ တန်ဟုရေးထားသော သစ်သားကားကြီးများသာ ရှိ၏။ လူစီးကားဟူ၍ ရုပ်ရှင်ထဲမှာသာ မြင်ဖူးရ၏။ 

 

ကျွန်ုပ်တို့အိမ်ခေါင်းရင်းဘက် တစ်အိမ်ကျော်တွင် ဆေးကုသော မြန်မာဗိန္ဓောဆရာကြီး ဦးမောင်ဟိန်းတို့အိမ် ရှိ၏။ ကျွန်ုပ်တို့က ဘကြီးမောင်ဟိန်းဟု ခေါ်၏။ သူက စက်ဘီးတစ်စီးနှင့် အနယ်နယ် အရပ်ရပ် ဆေးလှည့်ကု၏။ ဗေဒင်လေး ဘာလေးလည်း ဟော၏။ ဗေဒင်နှင့်ပတ်သက်၍ ကျွန်ုပ်၏ လက်ဦးဆရာလည်း ဖြစ်၏။ ကျွန်ုပ်မှာ အသက် ၁၂ နှစ်မျှ ရှိသေးရာ ဘကြီးမောင်ဟိန်း သင်ပေးသည်များကို အလွတ်သာကျက်ရသည်။ ဘာတွေမှန်းမသိ။ (နောက် အသက်ကြီး လာမှ နားလည်ရ၏။)

 

ဘကြီးမောင်ဟိန်း စက်ဘီးစီးတာကိုကြည့်ပြီး ကျွန်ုပ်လည်း စက်ဘီးစီးလိုလှ၏။ သို့တိုင် ကျွန်ုပ်နှင့်စက်ဘီးမှာ မယ်သီလရင်နှင့် ဘီးကဲ့သို့ ဖြစ်လေရကား အခြားသူများ စက်ဘီးစီးသွားသည်ကို ငေးလျက် သွားရည်ကျရုံသာ ကျနိုင်ခဲ့၏။  

 

ကျွန်ုပ်တို့ အလယ်တန်းတက်စဉ်က ရွာမှ ကွင်းကောက်သို့ ခြေလျင်သွားရ၏။ ကွင်းကောက်မှသည် အလယ်ရိုးသို့ ရောက်သည့်တိုင် ဖြောင့်ဖြူးနေသည့် တာလမ်းမကြီးတလျှောက် တမေ့တမောကြီးသွားရ၏။ ခရီးမှာ အလွန်ဝေးရကား လမ်းလျှောက်ရသည်မှာ ပင်ပန်းလှ၏။

 

ထိုတာလမ်းမကြီး၌ လမ်းလျှောက်ရသည့် အခါတိုင်း ကျွန်ုပ် စက်ဘီးကို တောင့်တလှ၏။ ဒီနေရာမျိုးကိုတော့ ရှောင်စီး ရမယ်။ ဒီလိုလမ်းကျယ်ကြီးဆိုရင်တော့ လက်လွှတ်စီးလို့ရသပေါ့ကွာ။ ဒီလောက်ခြေလမ်းကလေးဆိုရင်တော့ အတော့်ကို သတိထား စီးရလိမ့်မယ်။ မဟုတ်လို့ တာပေါ်ကနေ အောက်လိမ့်ကျသွားရင် သက်သာမှာ မဟုတ်ဘူး။ ဒီနေရာကနေ ဟိုလောက်ထိ တအားနင်းလိုက်ရင် ဟိုနားလောက်ထိကို မနင်းဘဲ အသာလေး ထိုင်လိုက်သွားလို့ရမယ် စသဖြင့် အတွေးထဲ၌ စက်ဘီးစီးရင်း လမ်းလျှောက်လာလိုက်သည်မှာ ရှေ့က ဈေးတောင်းရွက်ကာ လာနေသည့် အဒေါ်ကြီးကိုပင် မမြင်မိ။

 

၈ တန်းအောင်တော့ အထက်တန်းတက်ရန် လေးမျက်နှာသို့ အသိုက်ပြောင်းလာကြပြန်၏။ နာမည်ကသာ လေးမျက်နှာ ဖြစ်သော်လည်း မြို့မှာ တစ်မျက်နှာသာ ရှိ၏။ လေးမျက်နှာကား ငဝန်မြစ်တလျှောက် တည်ထားသည်ဖြစ်ရာ တူတူတန် တန်လမ်းဆို၍ တာလမ်းမကြီးတစ်ခုသာ ရှိ၏။ အိမ်များမှာ တာလမ်းမကြီးပေါ် မေးတင်လျက် ဟိုဘက်သည်ဘက် ဆောက်ထားကြ၏။ ဆိုတော့ ထိုတာလမ်းမကြီးပေါ်တွင်သာ လူအများသွားလာကြ၏။ တခါတလေ စက်ဘီး၊ တစ်စီးစ နှစ်စီးစသွားတာ တွေ့ရ၏။ 

 

 လေးမျက်နှာသည်ကား မြို့နယ်မြို့ ဖြစ်သည့်တိုင် ဘာယာဉ်ရထားတစ်ခုကမှ မရှိ။ ကားနဲ့တူတာဆိုလို့ ဆိုက္ကားတောင် ဟုတ်တိပတ်တိ မရှိ။ တစ်မြို့လုံးမှ ဆိုက္ကားတစ်စီးလားပဲ ကျွန်ုပ်တွေ့ဖူး၏။ အနို့ ဆိုက္ကားပြေးစရာ လမ်းကလည်းမှ မရှိဘဲ ကိုး။ ဆိုက္ကားရှိပါပြီတဲ့။ ဘယ်ကိုသွားမတုံး။ ဘယ်မှ သွားစရာမရှိ။ စက်ဘီးလည်း သိပ်မရှိလှပါ။ တစ်မြို့လုံးမှ စက်ဘီး အစီး (၃၀)​ တောင် ပြည့်ပါမည်လား မသိ။ 

 

ထိုစဉ်က လေးမျက်နှာတွင် အလွန်ဂိုက်ဆိုက်ကျသော စက်ဘီးစီးသူတစ်ဦး ရှိ၏။ သူ့နာမည် ကိုဝေဦး ထင်ပါသည်။ မေ့နေပြီ။ သူက မနက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်တွင် ခတ္တူဘက်မှ ခုံကြီးဘက်သို့ စက်ဘီးစီး သွားလေ့ရှိ၏။ နေကာမျက်မှန် တပ်ထားပြီး စက်ဘီးကို လက်တစ်ဖက်က ကိုင်ကာ အခြားလက်တစ်ဖက်တွင် ၅ ဆင့် ထမင်းချိုင့်ကို ဆွဲထား၏။ တာလမ်းပေါ်တွင် စက်ဘီးစီးလို့ရသည့်လမ်းမှာ ခြေတစ်ဖဝါးစာ ၆ လက်မမှ ၈ လက်မ အကျယ်ခန့်သာ ရှိလေရာ တော်ရုံတန်ရုံ စီးတတ်ရုံနှင့် လက်တစ်ဖက်တည်း စီးသွားဘို့ရာ မလွယ်ပါ။

 

ကျွန်ုပ်တို့အိမ်နှင့် မျက်စောင်းထိုးတွင် ဦးကြီးကျင်ပျိုတို့အိမ် ရှိ၏။ ကျွန်ုပ်တို့နှင့် ဆွေမျိုးနီးစပ်တော်သည် ဆို၏။ ဘယ်လိုတော်မှန်း ကျွန်ုပ်မသိပါ။ ဦးကြီးကျင်ပျိုတွင် စက်ဘီးတစ်စီးရှိ၏။ ရာလေးစက်ဘီးကြီး ထင်ပါသည်။ သူက ထိုစက်ဘီးကို အမြဲစီးတာ မဟုတ်။ ခရီးဝေးသွားစရာရှိမှ စီး၏။ ကျွန်ုပ်တို့ညီအစ်ကို (ကျွန်ုပ်နှင့် ကိုကိုတင်ထူး) မှာ ထိုစက်ဘီးကြီးကို စီးခွင့်ရရန် အမြဲချောင်းနေလေ့ရှိ၏။ 

 

ထို့နောက်တော့ ဘယ်လိုကနေ ဘယ်လို အကြောင်းအပေါင်း တည့်သွားသည်မသိ။ ကျွန်ုပ်တို့ ဦးကြီးကျင်ပျို၏ စက်ဘီးကို သုံးခွင့်ရတော့၏။ သုံးခွင့်ရသည်နှင့်တပြိုင်နက် ကျွန်ုပ်နှင့် ကိုကိုတင်ထူးတို့ သူတို့အိမ်နောက်ဘက်ရှိ ကွင်းပြင်၌ စက်ဘီး အစီး သင်လေ၏။ ကျွန်ုပ်တို့မှာ နှစ်ယောက်စလုံး မည်သူမှ စက်ဘီးမစီးတတ်သဖြင့် စက်ဘီးစီးသင်ကြရာ၌ အတော်လေး ဂွကျလှ၏။ အလဲလဲ အကွဲကွဲ သွေးသံရဲရဲနှင့် အလွန်ပင်ပန်းသော်လည်း ကျွန်ုပ်တို့မှာ စက်ဘီးစီးတတ်ချင်သောဇော ကြောင့် နာလို့နာမှန်း၊ မောလို့မောမှန်းမသိ။ ဦးကြီးကျင်ပျိုတို့အိမ် လာတတ်သော၊ စက်ဘီးလည်းစီးတတ်သော ဝတ်ကုန်း က မောင်မောင်နိုင်ကလည်း ကျွန်ုပ်တို့ စက်ဘီးစီးသင်တာ ဝိုင်းကူပေးလေရာ များမကြာမီပင် ကျွန်ုပ်တို့ ညီအစ်ကိုနှစ်ဦး မှာ စက်ဘီးစီးတတ် သွားလေ၏။

 

စက်ဘီးစီးတတ်ပြီဆိုတော့ စက်ဘီးစီးချင်သပေါ့။ သို့ပေသိ ကျွန်ုပ်တို့မှာ ဦးကြီးကျင်ပျိုကို မပြောရဲလေရကား စက်ဘီး မကြာခဏစီးဘို့ရာ အခွင့်မသာ။ 

 

တစ်ခါသော် ဦးကြီးကျင်ပျို၏ စက်ဘီးကို ငှားလျက် ကိစ္စတစ်ခုနှင့် ကျွန်ုပ် ခတ္တူဘက်သို့ သွား၏။ လေးမျက်နှာလမ်းမှာ များသောအားဖြင့် လူရှင်းနေတတ်၏။ ဘယ်အခါမှ ရှုပ်ရှက်ခတ် မနေတတ်။ သို့စင်လျက် ကျွန်ုပ်သည် ဘာကြောင့်မှန်း မသိ။ လမ်းဘေးသို့ထိုးကျ သွားလေ၏။ လမ်းဘေးတွင် ကင်ပွန်းခြုံများရှိနေလေရာ အဝတ်များလည်း အနည်းငယ် စုတ် သွားလျက် ကျွန်ုပ်တစ်ကိုယ်လုံးလည်း ဆူးခြစ်ရာများ တင်းကြမ်း ဖြစ်သွားလေ၏။ ကျွန်ုပ်မှာ ကိုယ်နာတာကို ဂရုမစိုက် အား။ စက်ဘီးဘာများဖြစ်သွားသေးလဲ ဟု အသည်းအသန် စစ်ဆေးကြည့်မိ။ ဖူး . . . တော်ပါသေးရဲ့။ အလွန် တောင့်တင်းခိုင်မာလှသည့် စက်ဘီးကြီးမှာ ဘာခြစ်ရာခတ်ရာ တစုံတရာမှပင် မဖြစ်။ 

 

တစ်ခါသော် ရွာမှ လေးမျက်နှာသို့ စက်ဘီးစီးသွား၏။ ကျွန်ုပ်စက်ဘီးမဟုတ်။ မည်သူ့စက်ဘီး ငှားစီးသွားမှန်း မမှတ်မိတော့။ ရွာမှထွက်ပြီး များမကြာမီ ထောက်ကြံ့ကွင်းရွာ အလွန်၌ စက်ဘီးပေါက်လေရာ ကျွန်ုပ်မှာ ဒုက္ခနှင့် လှလှနှင့် တိုးလေတော့၏။ ထိုစဉ်က လမ်းတွင် မည်သည့်စက်ဘီးပြင်ဆိုင်မှ မရှိရာ ကျွန်ုပ်မှာ ထိုစက်ဘီးကြီးကို လေးမျက်နှာရောက်သည့်တိုင် ၁၀ မိုင်မျှ တွန်းသွားရလေ၏။ ပင်ပန်းလိုက်သည်မှာ ပြော မပြောချင်။

 

ကျောင်းပြီးစ၌ ကျွန်ုပ်တွင် ဟာနီယာ (hernia) ခေါ် သွေးမုတ် ဖြစ်လေ၏။ (ခပ်ရိုင်းရိုင်းပြောရရင် ဘောကျတယ် ပေါ့ဗျာ။ ကန်တော့ ကန်တော့) ထိုအခါ လေးမျက်နှာဆေးရုံ၌ ခွဲ၏။ မြို့နယ်ဆရာဝန်ကြီးကိုယ်တိုင် ခွဲပေးပါ၏။ အနှီ ဆရာဝန်ကြီး သောက်သုံးမကျမှုကြောင့် ကျွန်ုပ် ခွဲစိတ်ဒဏ်ရာမှာ ၆ လလောက်ကြာသည့်တိုင် မပျောက်ဘဲ အရည်တစိုစိုနှင့် ရှိလေ၏။ (ထိုအကြောင်း နောက်စာတစ်ပုဒ်တွင် အသေးစိတ် ရေးပြပါမည်။) 

 

ကျွန်ုပ်မှာ ဝါးတောကွင်းရွာတွင် ပြန်နေလေရာ ရွာမှ သားဖွားဆရာမ (midwife) လေးက ကျွန်ုပ်ကို ညနေတိုင်း ဆေးထည့်ပေး၏။ ထုံးစံအားဖြင့် ကျွန်ုပ်က သူတည်းသည့်အိမ်သို့သွားကာ ဆေးထည့်၏။ နောက်မျက်နှာအပေါ်ထား (ဟုတ်ပေါင်) ရှေ့မျက်နှာနောက်ထားပြီး ပြောရလျှင် ထိုဆရာမကလေး (ဟုတ်ပေါင်) ထို ဆရာမဘုတ်အီးကြီးမှာ ကျွန်ုပ်အား ချိတ်တိတ်တိတ် လုပ်လျက်ရှိ၏။ (ကျွန်ုပ်က အင်ဂျင်၂၀၀ ကျောင်းကလည်း ဘွဲ့ရ၊ ရုပ်ကလည်း ခေသူမဟုတ်ဆိုတော့ (အဲ့လယ်) ဟိုကလာချိတ်၊ သည်က လာချိတ်နှင့် အလွန် open face ဖြစ်နေချိန် ဖြစ်၏။ ထိုအကြောင်းများကို နောက်ကျမှ ကြွားလုံးထုတ်ပါဦးမည်။ ကိုယ့်ကို လာပြီး သားမက်ဖမ်းတာတောင် မရိပ်မိသော အင်မတန်ဒူသည့် ကျွန်ုပ်အကြောင်းကိုလည်း အသင်တို့ သိရပါစေ့မည်။ ဤကား စကားချပ်။)

 

တစ်ခုသော ညနေ၌ ထိုဆရာမကြီး (ဟုတ်ပေါင်) လေးသည် ကျွန်ုပ်တို့အိမ်သို့လာကာ ဆေးထည့်ပေး၏။ ဆေးထည့်အပြီး သူစီးလာသည့် မောင်ဗမာစက်ဘီးလေးနှင့် ကျွန်ုပ်က ပြန်လိုက်ပို့၏။ မောင်ဗမာစက်ဘီးခေတ်ကို သိမီလိုက်သူများ မောင်ဗမာစက်ဘီး မည်မျှ တောင့်တင်းခိုင်မာသည်ကို သိပါသည်။ ကျွန်ုပ်လည်း စက်ဘီးပေါ် တက်ခွလျက် ကိုင်း၊ ဆရာမ၊ တက် ဟု ဆိုလေသော် သူလည်း တင်ပါးလွှဲ တက်ထိုင်လိုက်၏။ 

 

ထမင်း (၇) ရက် မစားရ၍ ညောင်နာနာဖြစ်နေသည့် လူမမာနှင့်တူသော မောင်ဗမှားစက်ဘီးကလေးမှာ (၉၅) ကီလို လောက်လေးသည့် အတ္တဘောကြီးဒဏ်ကို မခံနိုင်လေရကား သူတက်ထိုင်လိုက်သည်နှင့် အောင်မလေး၊ သေပါပြီတော့ ဟု အော်ကာ ခွေကျသွားလေ၏။ 

 

ကျွန်ုပ်လည်း ချွေးတွေဘာတွေပြန်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားလေ၏။ အနီးဆုံးစက်ဘီးပြင်ဆိုင်မှာ ကွင်းကောက်နှင့် လေးမျက်နှာ ဖြစ်လေရာ (၁၄) မိုင်မျှဝေးသည့် ထိုလမ်းထိုခရီးကို သည်စက်ဘီးကြီးနှင့် . . . ဖူးစ် . . .။

 

ကျောင်းပြီးတော့ (၁၉၈၆) အလုပ်က တော်တော်နှင့်မရနိုင်။ မမနှင့် ကိုကိုတင်ထူးတို့ မောင်နှမနှစ်ယောက်တိုင်ပင်ပြီး ရှိသမျှ ရွှေတိုငွေစကလေးများ ရောင်းချကာ ဗီဒီယို ထောင်၏။ ကျွန်ုပ်လည်း ၁၀၉-၁၁၀ ဘဝမှ ဗီဒီယိုနယ်လှည့်ပြသူ ဖြစ်ရပြန်လေ၏။ (ကျွန်ုပ် ဗီဒီယိုလှည့်ပြစဉ်က ပြဿနာတက်ခဲ့ပုံများကို စာတစ်ပုဒ် ရေးထုတ်ပါဦးမည်။ အင်း - တေးထားတာကို အတော်များနေပြီ။)

 

ဗီဒီယိုမှာ အောက်စက် (video player) ၌ ဗီဒီယိုတိတ်ခွေများ ထည့်ပြရသည့်ခေတ် ဖြစ်၏။ တိတ်ခွေများကို ဟင်္သာတ တွင် သွားငှားရ၏။ 

 

ကျွန်ုပ်တို့ရွာနှင့် ဟင်္သာတမှာ မိုင် (၅၀) ခန့်ဝေး၏။ ရွာမှ ဟင်္သာတသို့ အဆင့်ဆင့် သွားရသည့်ခရီးမှာ သိပ်မလွယ်လှ။ ထို့ကြောင့် ဗီဒီယိုတိတ်ခွေငှားရန် ကျွန်ုပ်နှင့် ကိုကိုတင်ထူးတို့ ညီအစ်ကိုနှစ်ယောက် ဟင်္သာတသို့ စက်ဘီးကိုယ်စီ စီးလျက် သွားကြ၏။ ထိုစဉ်က ကျွန်ုပ်မှာ အသက်အစိတ်ခန့်ရှိရာ လူငယ်များဖြစ်သည့်အတိုင်း ရွာမှအထွက်တွင် စက်ဘီးကို အမြန်စီးကြ၏။ ကွင်းကောက်ကို ကျော်လာချိန်တွင်မူ မမြန်နိုင်တော့။ ခပ်မှန်မှန်သာ စီးနိုင်တော့၏။ နှစ်စဉ် ဦးရှင်ကြီးပွဲ ကို အကြီးအကျယ်ကျင်းပသော တလုတ်ထော်ကို ကျော်လာချိန်တွင်မူ နှစ်ယောက်သားမှာ လျှာများတန်းလန်းထွက် လျက် စက်ဘီးမှာလည်း ဘီးလိမ့်ရုံမျှသာ သွားတော့၏။ ဟင်္သာတရောက်ချိန်တွင်မူ စက်ဘီးပေါ်မှ အနိုင်နိုင် ဆင်းယူရလေသော ဟူ၏။ 

 

သို့သော် အပြန်ခရီး၌ သိပ်မပင်ပန်းတော့။ အလာခရီး အတွေ့အကြုံအရ အရမ်းမိုက်လို့မဖြစ်တော့ကြောင်း နာလည် သွားပြီ။ ခရီးစထွက်စဉ်မှစ၍ စက်ဘီးကို ခပ်ဖြည်းဖြည်း ပုံမှန်နင်းလာကြရာ ရွာရောက်သည့်တိုင် အလွန် ပင်ပန်းနွမ်းနယ် ခြင်း မရှိဘဲ သက်တောင့်သက်သာ နင်းနိုင်ခဲ့ကြလေ၏။

 

(၃) လူလတ်ပိုင်းဘဝက စက်ဘီး


၁၉၉၀ ခုနှစ်တွင် မျက်စိလည် လမ်းမှားကာ ကျွန်ုပ် ရေဆင်းသို့ ရောက်သွား၏။

 

ရေဆင်းတွင်နေခဲ့စဉ်က ထိုစဉ်က အလွန်နာမည်ကြီးလှသည့် ဟီးရိုးစက်ဘီးကို ဝယ်စီး၏။ ဟီးရိုးစက်ဘီးကား နာမည်ကြီး သလောက် ကောင်းလည်းကောင်း၏။ တောင့်လည်းတောင့်၏။ စီးလို့လည်း အလွန်သွက်၊ အလွန် သက်တောင့်သက်သာ ရှိလေရကား ထိုစက်ဘီးကလေးကို ကျွန်ုပ် အလွန်သဘောကျ နှစ်ခြိုက်လှ၏။ ရေဆင်းတွင် နေစဉ်တလျှောက်လုံး ရုံးသွားတော့လည်း သည်စက်ဘီး၊ ပေါက်ကုန်းရွာထဲက ပေါ်ကြီးတို့ဆီ မုန့်ကြိတ်သွားတော့လည်း သည်စက်ဘီး၊ ရေဆင်းရွာထဲကို မုန့်ဟင်းခါးဖတ် သွားယူတော့လည်း သည်စက်ဘီး၊ ကိုအောင်လှိုင်တို့ အေယာတိုင်သွားတော့လည်း သည်စက်ဘီး၊ ပေါက်ကုန်းရွာထိပ်တွင် ဆံပင်သွားညှပ်တော့လည်း သည်စက်ဘီး။ ထိုစက်ဘီးကလေးကိုသာ လက်ကတုံး တောင်ဝှေးလုပ် စီးခဲ့၏။ (လွမ်းလိုက်တာ၊ ရွှတ်စ်။ မျက်ရည်တစ်ပေါက် ကျ။)

 

ထို့နောက် ဘဝဇာတ်ဆရာက ကျွန်ုပ်ကို ရေဆင်းမှာတော်လောက်ပြီ။ နံနံခြားသွားဘို့ လုပ်တော့ဟု ညွှန်ကြားလာမှု ကြောင့် ၁၉၉၈ ခုနှစ်၊ နှစ်ဆန်းတွင် ရေဆင်းမှ မခွာချင့်ခွာချင်နှင့် ခွာခဲ့ရပြန်၏။ ကတောက်စ် 

 

ရန်ကုန်တွင် RIT ဝင်းထဲ၌ နေ၏။ ရေဆင်းတုံးက ပါလာသည့် ဟီးရိုးစက်ဘီးကိုပင် ဆက်စီး၏။ ဟီးရိုးဘီးကလည်း ဘယ်ကလောက် ကောင်းသလဲဆို ရေဆင်းမှာနေစဉ် ၄-၅-၆ နှစ်လောက် စီးခဲ့တာ ဘာမှမဖြစ်။ ပကတိ အကောင်း အတိုင်းပင် ရှိသေး၏။ 

 

မကြာမတင်မီပင် ကျွန်ုပ်မှာ ချစ်လှစွာသော ဗမှားပြည်ကြီးကိုခွဲကာ ရှင်ဂပူသို့ ရောက်ရှိ။

ကျွန်ုပ် နံနံခြားထွက်သွားပြီဆိုတော့ ကျွန်ုပ် မိတ်ဆွေ (ရန်ကုန် အနောက်ဘက်က တက္ကသိုလ်တစ်ခုမှာ ပေါမောက္ခလား၊ ဖြစ်နေတာ။ ခုရောရှိသေးရဲ့လား မသိ။) တစ်ဦးက ကျွန်ုပ်၏ ဟီးရိုးစက်ဘီးကို တောင်းယူသွား၏။ နောက်တော့ မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ။ ကျွန်ုပ် ချစ်လှစွာသော ဟီးရိုးစက်ဘီးကလေးမှာ အနိစ္စသဘောနှင့် ကိစ္စချောသွားလေတော့ ၏။ (ဟေ့လူ၊ ကျုပ်စက်ဘီးပြန်ပေးနော်။ နာမည်ထည့်ရေးလိုက်မှ ဟုတ်ပေ့ ဖစ်နေမယ်။)

 

ရှင်ဂပူရောက်တော့ သင်္ဘောကျင်းထဲ ဟိုနားသည်နား သွားရေးလာရေး လွယ်ကူစေရန် စက်ဘီးအဟောင်းကလေး တစ်စီး ကို စလုံး ၃၀ နှင့် ဝယ်လိုက်၏။ ၃ လ လောက်ကြာတော့ ထိုစက်ဘီးကလေး အခိုးခံလိုက်ရ၏။ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ QCV က ‘မင်းက သော့သေးသေးလေး ခတ်ထားတာကိုးကွ’ ဟု ဆို၏။ သူပြောအပြီး တစ်လလောက်နေတော့ သော့ အကြီးကြီး ခတ်ထားသည့် သူ့စက်ဘီး အကောင်းစားလေးမှာ အခိုးခံလိုက်ရပြန်သတည်း။

 

ဤတွင် စကားစပ်၍ ပြောလိုသည်မှာ စင်ကာပူတွင် သူခိုးအလွန်ပေါသလို လူလိမ်လည်း အလွန်ပေါလှ၏။

ကျွန်ုပ် စလုံးရောက်စက လမ်းဘေး သံလက်ရမ်းတန်းများတွင်သော် လည်းကောင်း၊ သစ်ပင်၊ တိုင် စသည်တို့တွင်သော် လည်းကောင်း စက်ဘီး၏ ဘီးတစ်ခုတည်း သို့မဟုတ် ကိုယ်ထည် တစ်ခုတည်းကို သော့ခတ်ထားတာ တွေ့ရ၏။ အင့်ငင် - ဘယ့်နှာကြောင့် ဘီးတစ်ဘီးထဲ သော့ခတ်ထားရပါလိမ့်။ ကျွန်ုပ် နားမလည်။

 

နောက်ကျမှ -

သူခိုးများမှာ သော့ခတ်ထားသည့် ဘီးမှ မူလီများကို လှည့်ချွတ်ကာ ဘီးကိုထားခဲ့ပြီး ကျန်သည့်အစိတ်အပိုင်းများကို ဖြုတ်ယူသွားမှန်း သိရတော့၏။ ထို့နောက် ထို ခိုးလာသည့် စက်ဘီးအစိတ်အပိုင်းများကို စုပေါင်းစပ်ပေါင်းဆင်။ ဆေးပြန် သုတ်ကာ တစ်စီး ၃၀၊ ၅၀ စသဖြင့် ပြန်ရောင်းတာ ဖြစ်၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။ 

 

အဘယ်မျှဆိုးသနည်းဟူမူ လော်ရီမောင်းသူများမှာ ကားပေါ်တွင် သံချောင်းများကို ဖြတ်သည့် ပလာယာအကြီးကြီး (wire cutter) တင်ထား၏။ ထိုပလာယာကြီးများမှာ ငါးမူးလုံးလောက် သံချောင်းကိုပင် အလွယ်တကူ ဖြတ်နိုင်ပေရာ စက်ဘီးကိုခတ်ထားသည့် သံကြိုး၊ သော့များကို အလွယ်တကူပင် ဖြတ်နိုင်လေရာ သူရို့သာ ခိုးချင်ပါက အသင်တို့ မည်မျှကြီးသည့် သော့ကြီး ခတ်ထားပါစေ။ ခိုးနိုင် သေးသည်သာ ဖြစ်၏။ 




ကျွန်ုပ်နှင့် QCV တို့ စက်ဘီးများကို ရုံးရှေ့၌ သော့ခတ်ပြီး ထောင်ထားသည်ဖြစ်ရာ ညဘက် လူအလစ်တွင် လော်ရီပေါ်သို့ အစီးလိုက် ခိုးတင်သွားခြင်းဖြစ်၏။ 

 

ကျွန်ုပ်သည် စက်ဘီးကို သော့ခတ်လျှင် စက်ဘီးပါကင်မှ သံတိုင်တစ်ခုခုနှင့်တွဲကာ ခတ်လေ့ရှိ၏။ လွန်ခဲ့သည့် တစ်နှစ်ကျော် ကမူ ကျွန်ုပ်မှာ သင်တန်း နောက်ကျနေပြီ ဖြစ်သဖြင့် စက်ဘီးကို သော့ခတ်ပြီး လွတ်နေသည့် တစ်နေရာတွင် ထားခဲ့၏။ သံတန်းနှင့် မတွဲမိခဲ့။ သင်တန်းပြီးလို့ ပြန်မည်လုပ်တော့ စက်ဘီးကို ရှာလို့မတွေ့တော့။ ဘိုင့်ဘိုင်လုပ်သွားချေပြီ။ ကျွန်ုပ်အိမ်နှင့် သင်တန်းကျောင်းမှာ သိပ်မဝေးလှ။ ၁၅ မိနစ်မျှသာ စက်ဘီးစီးရလေရာ ကျွန်ုပ်က စက်ဘီးနှင့် သွားလေ့ရှိ၏။ ထို့အတွက် စက်ဘီးက မရှိလို့ကိုမရ။ ကျွန်ုပ်မှာ သူခိုးကို ကျိန်ဆဲပြီး နောက်ထပ် ဘီးအသစ်တစ်စီးကို $ ၁၂၀ နှင့် ဝယ်လိုက်ရလေ၏။

 

ပြောရလျှင် စင်ကာပူမှာ ကျွန်ုပ် စက်ဘီးဝယ်တာ ၅ စီးမကတော့ပါ။ မှတ်မိသလောက် ပြောရလျှင် စလုံးရောက်စ သင်္ဘောကျင်းမှာပင် နှစ်စီးဝယ်ခဲ့ရ၏။ နောက် Lake Side တွင်နေစဉ်ကတစ်စီး ထင်၏။ Boon Lay ရောက်တော့ ၂ စီး။ Lakeside အိမ်မှာနေတုံးက တောလမ်းကလေးကိုဖြတ်ကာ (ထိုစဉ်က ယခုလို ပန်းခြံတွေဘာတွေ မရှိသေး။) စက်ဘီး ကလေးနင်းလျက် Boon Lay MRT မှနေ၍ Marinteknik သို့ ဘတ်စ်ကားစီးသွားရ၏။ တောလမ်းကလေးပေါ်မှာ စက်ဘီး စီးရတာ (၂) နှစ်။

 

စင်ကာပူက လူတွေသည် စက်ဘီးစီးကြ၏။ စီးသမှ ကိုယ်ပိုင်စက်ဘီး၊ ရှယ်ဘိုက် (ရှယ်ဘိုက်ဆိုလို့လည်း ၃ လနဲ့ ထွက်လာတဲ့ဘိုက် မှတ်မနေကြနဲ့အုံး။ share bike ကိုပြောတာဗျ။ ခညားတို့ကလဲ။)၊ ခေါက်လို့ရသော စက်ဘီး၊ စက်ဘီး သေးသေးလေး၊ ကားတာယာလောက်ရှိသော ဘီးကြီးနှင့် စက်ဘီး၊ မောင်းတိန်းဘိုက်၊ ပြိုင်ဘီး အတော့်ကို စုံ၏။ ဘီးမျိုး စုံသလို ဈေးမျိုးလည်း စုံ၏။ ၈၀ - ၁၀၀ မှသည် ၃၀၀၀ / ၄၀၀၀/ ၅၀၀၀ ထိ ရှိ၏။ အောင်မငီး 









ဤတွင် ကျွန်ုပ်က မိတ်ဆွေတို့ ဗဟုသုတရစေရန် စင်ကာပူမှ ရှယ်ဘိုက် (ရှယ်ဘိုက် လို့ အသံကြားတာနဲ့ တွန့်တွန့် သွားတယ်။ အဟိ) များအကြောင်း အနည်းငယ် ပြောပြပါအံ့။

 

အကြံကောင်းသူတို့သည် ၂၀၁၈ လောက်မှစကာ စက်ဘီးများကို ဝေမျှစီးမည့် စီမံကိန်းတစ်ခု အစပြုခဲ့၏။ အစီအမံကတော့ အလွန်ကောင်းပါသည်။ သို့သော် လက်တွေ့တွင် လူများသည် လူများသာဖြစ်သည့်အတိုင်း လူများကဲ့သို့ ပြုမူကြလေ၏။ ကိုယ့်စက်ဘီးမဟုတ်သည့် ရှယ်ဘိုက်များကို စီးချင်သလိုစီးပြီး ရပ်ချင်သည့်နေရာတွင် ဖြစ်ကတတ်ဆန်း ရပ်ခဲ့ကြ၏။ အပျက်အစီးလည်းများသလို တွေ့ကရာ၌ (ရေကူးကန်အတွင်း၌ပင်လျင်) ပစ်ထားခဲ့ကြ၏။ 

သို့အတွက် လမ်းအာဏာပိုင်အဖွဲ့ (LTA) က ရှယ်ဘိုက်ကုမ္ပဏီများ လိုင်စင်ယူရမည်ဟု မတ်လ၊ ၂၀၁၈ ခုနှစ်က ဥပဒေ ထုတ်ခဲ့၏။ ဥပဒေကို လိုက်နာရန် ခဲယဉ်းသောကြောင့် မူလ ရှယ်ဘိုက်ကုမ္ပဏီ (၈) ခုရှိရာကနေ ယခုတော့ (၂) ခုသာ ကျန်တော့၏။ ကုမ္ပဏီတော်တော်များများ လိုင်စင်ရုပ်သိမ်းခြင်းကို ခံခဲ့ရ၏။ 

 

စင်ကာပူတွင် ရှယ်ဘိုက်ဖြင့် စက်ဘီးစီးရတာ အဆင်ပြေလှ၏။ 

စက်ဘီးများထားသည့်နေရာတွင် ကပ်ပေးထားသည့် QR Code လေးကို scan လုပ်။ သော့ပွင့်လာတော့ ယူစီးလိုက်ရုံ ဖြစ်၏။ အိမ်နားရှိ share bike station တစ်ခုမှ စက်ဘီးတစ်စီးဆွဲပြီး ဘူတာသွား။ ဘူတာမှာထားခဲ့။ ဟိုဘက်ဘူတာ ရောက်တော့ အဲဒီနေရာက ရှယ်ဘိုက်ကို ယူစီး။ ကိုယ်သွားချင်သည့်နေရာကို ဆက်သွား။

 

ရှယ်ဘိုက်များအနက် SGBike သည် မဆိုး။ ၎င်း၏ apps ကို download/install လုပ်။ register လုပ်ထားကာ ထို apps ဖြင့် သော့ဖွင့်နိုင်၏။

Anywheel မှာမူ မည်သည့် deposit မှ တင်စရမလို။ နာရီဝက်ကိုမှ ၁ ကျပ်ပဲ ပေးရလေရာ စီးပါလေ့။

Mobike ၏ bike-sharing လိုင်စင်ကို SGBike က ဝယ်လိုက်၏။ ၎င်း၌ GPS system ပါလေရာ စက်ဘီးများကို စီးပြီးသည့်အခါ သတ်မှတ်ထားသည့် နေရာ၌ ပြန်ရပ်ခဲ့ရ၏။ တွေ့ကရာ၌ ရပ်ခဲ့လျှင် ၅ ကျပ် ဒဏ်ရိုက်မည်။ Wow !!!

သူကလည်း နာရီဝက်လျှင် ၁ ကျပ်ဖြစ်ရာ စီးပျော်ပါသည်။



ခေါက်လို့ရသော စက်ဘီးများကို ရထားနှင့် သယ်သွားနိုင်၏။ ဘူတာထဲ၌ စက်ဘီးခေါက်ရန် နေရာလုပ်ပေးထားသလို ရထားပေါ်၌လည်း ခေါက်စက်ဘီးများသယ်ရန် နေရာ သတ်သတ်မှတ်မှတ် လုပ်ပေးထား၏။




ဤတွင် ကြားဖြတ်၍ ပြောရလျှင် စင်ကာပူ၌ စက်ဘီးစီးရတာ အလွန်အဆင်ပြေလှ၏။ အလုပ်မှသည် အိမ်အဝအထိ စက်ဘီးပေါ်မှ လုံးဝမဆင်းပဲ ဆက်တိုက် စီးသွားနိုင်၏။ ပလက်ဖောင်းနှင့် ကားလမ်းအကူး၊ ရေမြောင်း၊ တံတား စသည့် အကူးအပြောင်း နေရာအားလုံးကို ဆင်ခြေလျှော လုပ်ထားပေးလေရာ တောက်လျှောက် စက်ဘီးစီးသွားနိုင်၏။ 

 

လူကူးခုံးကျော်တံတားများ၌လည်း စက်ဘီး၊ တွန်းလှည်းများသွားရန် ဆင်ခြေလျှောလမ်းရှိ၏။ ဆင်ခြေလျှောလမ်းမှ မသွားချင်လျှင် ဓာတ်လှေခါးသုံး၍ တက်/ဆင်းနိုင်၏။ 

 

စက်ဘီးရပ်ရန်အတွက် နှစ်ထပ် စက်ဘီးပါကင်များကို ဘူတာ၊ အိမ်အောက်၊ ပန်းခြံ၊ စူပါမားကက် စသည်များ၌ လုပ်ပေးထား၏။ ထိုနေရာများတွင် စက်ဘီးများနှင့် အမြဲလိုလို ပြည့်နှက်နေလျက်ရှိတတ်၏။  






ကျွန်ုပ်သည် လက်မှုလုပ်ငန်းများကို ဝါသနာပါ၊ စိတ်ဝင်စားသူ ဖြစ်လေရာ ဘောစေ့ထည့်၊ ကျောက်တိုင်ချိန်တာကအစ စက်ဘီးတစ်စီးလုံးကို ဖြုတ်ပြီး ပြန်တပ်တတ်ပါ၏။ ထို့ကြောင့် တော်တန်ရုံ စက်ဘီးပေါက်တာ၊ ချိန်းလျော့တာ၊ ဘရိတ်တုံးလဲတာ စသည်တို့လောက်ကတော့ ကိုယ့်ဘာသာ လုပ်၏။ 

 

စင်ကာပူက စက်ဘီးပြင်ဆိုင်များ စက်ဘီးပြင်သည် ဆိုခြင်းမှာ အမှန်စင်စစ် စက်ဘီးပြင်တာမဟုတ်။ မကောင်းသည့် အစိတ်အပိုင်းကို ဖြုတ်လျှက် အသစ်တစ်ခုနှင့် အစားထိုးပေးတာသာ ဖြစ်၏။ လေပေါင်ဘယ်လောက်ထိုးရမည် မှန်းလည်း မသိ။ စက်ဘီးလိမ်နေလို့လည်း ပြန်မချိန်တတ်။ ကျွန်ုပ်က ဘီးပေါက်လျှင် ဖာရန် sticker လေးများ၊ ဘရိတ်တုံးများ စသည်တို့ ဝယ်ထား၏။ သို့သော် ဘီး (ဂွေ) ချိန်ရန်အတွက် spanner အသေးကလေး မရှိသောကြောင့် ချိန်မရ။ သည်တစ်ခေါက် မြန်မာပြည်ပြန်လျှင် ထို စပုတ်တိုင်ချိန်သည့် စပန်နာအသေးကလေး လိုက်ရှာကြည့်ဦးမည်။ 

 

ကျွန်ုပ်တို့ လေးမျက်နှာ၌ နေစဉ်က ဈေးပိုင်းအဝင် ဆရာမ ဒေါ်နွဲ့ယဉ်ဝင်း (ထင်ပါသည်။ မေ့နေပြီ) တို့အိမ်အနီး၌ စက်ဘီးပြင်သည့် ဆိုင်တစ်ခုရှိ၏။ စက်ဘီးပြင်သည့် ဆရာကြီးမှာ အသက် ၅၀ ကျော်ခန့် မျက်စိတစ်ဖက် လပ်နေသည် ထင်၏။ သူ့သမီး အပျိုကြီးကလည်း သူနှင့်အတူ စက်ဘီးပြင်၏။ ထိုအဖိုးကြီးမှာ စက်ဘီးဂွေကို မျက်စိတစ်ဖက် မှိတ်လျက် စိမ်ပြေနပြေ ချိန်လေရာ ၎င်းချိန်ပြီးသွားသည့် စက်ဘီးမှာ ဘာအလိမ်အကောက်၊ အတိမ်းအစောင်းမှ မရှိဘဲ alignment အလွန်ကောင်းလှ၏။ ကျွန်ုပ်စက်ဘီး alignment out ပြီး ဘရိတ်ညိသည့်အခါတိုင်း ထိုဘကြီးကို သတိရ မိလေ၏။

 

ကျွန်ုပ်သည် စက်ဘီးကို လေထိုးရာတွင် ဘယ်သောအခါမှ ရမ်းထိုးလေ့မရှိ။ ကျွန်ုပ်၏ စက်ဘီးလေထိုးတံတွင် pressure gage ပါ၏။ လေထိုးသည့်အခါ 45 psi ထားပြီး ထိုး၏။ စက်ဘီးက လေတင်းနေမှ စီးလို့ကောင်း၏။ စက်ဘီးလည်း သက်သာ/ လူလည်း သက်သာ၏။ လမ်း၌ ဓာတ်ဆီဆိုင်တွေ့လျှင် ကျွန်ုပ် လေဝင်ထိုးတတ်၏။ ဆီဆိုင်မှ လေထိုးတံမှာ digital pressure gage ဖြစ်သဖြင့် ကျွန်ုပ် အလွန်သဘောကျ၏။ လွယ်လည်းလွယ်၊ မြန်လည်းမြန်၏။ အဲလေ ပိုက်ဆံလည်း မပေးရ။

 

စင်ကာပူသည် မပြတ်မလပ် မိုးရွာသည့်တိုင်းပြည် ဖြစ်ရကား မိုးထဲရေထဲ၌ ရပ်ထားရသည့် စက်ဘီးအတွက် bolt, nut များ၊ ချိန်းကြိုးများကို မကြာခဏ ဆီထိုးပေးရ၏။ သို့တိုင် တခါတခါ ချိန်းကြိုးက လျော့လာတတ်သေး၏။

 

၂၀၂၁ ဇန္နဝါရီလက မြန်မာတစ်ယောက် စက်ဘီးစီးလာရင်း ကားလမ်းဘေး၊ ရေမြောင်းကို ဖုံးထားသည့် သံဇကာအတွင်း ဘီးကျွံကျကာ ဒဏ်ရာရသဖြင့် စင်ကာပူဒေါ်လှ ၅ သိန်း ၇ သောင်း ၈ ထောင် ရလိုမှုဖြင့် PUB ကို တရားစွဲလေသော ဟူသတတ်။ ထိုအမှုတွင် စလုံးတို့က ၎င်းမောင်ဟိုဒင်းကို ဝိုင်းဆဲကြ၏။ မြန်မာတို့က ထိုဆဲသောစလုံးများကို ပြန်ဆဲ၏။ ကျွန်ုပ်က ဘေးကနေကြည့်ကာ ပြုံးနေမိပါ၏။ 

 

https://www.straitstimes.com/singapore/courts-crime/cyclist-injured-after-bike-wheel-caught-in-drain-grating-sues-pub-for-at-least-578k

 

ကျွန်ုပ်တွင် မကောင်းသော ဉာဉ်တစ်ခုရှိ၏။ စက်ဘီးရှေ့မှ​ ကန့်လန့် ကန့်လန့်နှင့် လမ်းပိတ်နေသူကို ဘဲတီးပြီး ဘယ်လိုမှ လမ်းဖယ်ခိုင်းလို့ မရသည့်အခါ လက်ကိုင်နှင့် မထိတထိ ဝင်တိုက်သွားတတ်၏။ နောက်ပြီးတော့မှ sorry လိုက်၏။ အချို့ လူများမှာ အတော်ဆိုးပါသည်။ နားတွင်နားကြပ်တပ်လျက် သီချင်းနားထောင် သွား၏။ ခေါ်မကြား အော်မကြား။ တချို့ စက်ဘီးများမှာ လမ်းကို သေသေချာချာ ကြည့်သွားတာမဟုတ်။ (စက်ဘီးလက်ကိုင်တွင် ဖုန်းကိုတပ်လျက် ဖုန်းကြည့် သွားခြင်းဖြစ်၏။) လမ်းလည်း ဖယ်မပေး။ ကျွန်ုပ်မှာ ထွက်လုဆဲဆဲ ဒေါသကို အတင်းမြိုသိပ်ထားရလေ၏။

 

ယခု ကျွန်ုပ်တို့အိမ်ရှေ့တွင် စက်ဘီးနှစ်စီး ယှဉ်လျက် ရပ်ထား၏။ ၂၆ လက်မတစ်စီး၊ ၂၂ လက်မ တစ်စီး ဖြစ်၏။ ၂၂ လက်မဘီးဖြင့် သားငယ်စဉ်က စက်ဘီးစီးသင်ပေးလျက် သားအဖနှစ်ယောက် စင်ကာပူအနောက်ပိုင်းတစ်ခွင် ပြဲပြဲစင်အောင် လှည့်ခဲ့ကြဖူး၏။ သူက အခု လူပျိုဖြစ်လာပြီဆိုတော့ ထိုစက်ဘီးကို မစီးတော့သဖြင့် ဒီအတိုင်း ထိုးထားရတာ ဖြစ်၏။ 

 

စက်ဘီးစီးရတာ မြန်၏။ ကျန်းမာရေးနှင့် ညီညွတ်၏။ ဘာဆီမှ ထည့်စရာမလို၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုလည်း မဖြစ်။ ပြုပြင်ထိန်းသိမ်းစရိတ်မှာလည်း အလွန်နည်းလှ၏။ သဟာတောင် ဘီးနှင့်တာရာတို့ မကောင်းတော့သဖြင့် လွန်ခဲ့သည့် တစ်လကျော်လောက်က ရှေ့နောက် အစုံလိုက် လဲလိုက်ရာ $85 တောင် ပေးရသည်။ စက်ဘီးတစ်စီးလုံးမှ ၁၂၀ ဆိုတော့ အလွန် ဈေးကြီးသည် ဆိုရမည်။ 

 

မည်သို့ပင်ဆိုစေကာမူ စက်ဘီးစီးရတာ တွက်ခြေကိုက်သလို ပျော်စရာလည်း ကောင်းပါသည်။

 

မိတ်ဆွေတို့ စက်ဘီးစီးကြပါဘိ။

 

ကျွန်ုပ် စက်ဘီးစီးခြင်းအကြောင်း ဤတွင်ရွေ့ ပြီးပါပြီ။

 

အားလုံးကို ကျေးဇူးတင်ပါသည်။


အေးငြိမ်း

၃၁ ဩဂုတ်လ၊ ၂၀၂၃




No comments: