ကျွန်ုပ်သည် ရထားဘူတာပလက်ဖောင်း၊ စက်လှေကားနှင့် မလှမ်းမကမ်းတွင်ရှိသော ထိုင်ခုံကလေးတွင် ထိုင်လျက် စက်လှေကားမှ တက်လာသူအပေါင်းကို တစေ့တစောင်း စောင့်ကြည့်နေမိလေ၏။
ဤသို့စောင့်ကြည့်နေရာမှ အလွန်ထူးဆန်းပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် အခြင်းအရာတစ်ခုကို သတိပြုမိ၏။
အခြားမဟုတ်။ အမျိုးသမီးတို့ ဝတ်လာသည့် အဝတ်အစားနှင့် အသုံးအဆောင်များ ဖြစ်သတည်း။
ခရီးသွားအပေါင်းတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများပါသည့်တိုင် အများစုမှာ သက်လတ်ပိုင်းများ ဖြစ်၏။
ခရီးသည် မည်မျှများသည်ဖြစ်စေ အုပ်စုနှစ်ခုသာ ခွဲနိုင်၏။
နံပါတ် (၁) ပုရိသ အုပ်စု နှင့်
နံပါတ် (၂) ဣတ္ထိယ အုပ်စုတို့ ဖြစ်၏။
မဟာပုရိသအုပ်စုဝင်များကို စေ့ငုကြည့်လိုက်သည့်အခါ -
အင်္ကျီပိုင်း၌ -
၁။ တီရှပ် လက်တို၊ လက်ရှည်
၂။ စပို့ရှပ် လက်တို၊ လက်ရှည်
၃။ ရှပ်အင်္ကျီ လက်တို၊ လက်ရှည်
ဘောင်းဘီပိုင်း ၌ -
၁။ ဟို့ယခင် အင်္ဂလိပ်တို့ မြန်မာပြည်ကို ကိုလိုနီပြုစဉ်အခါက အင်္ဂလိပ်သခင်ကြီးများ ဝတ်တော်မူထသော ဒူးအောက်နား မရှိတရှိရှည်သည့် ဘောင်းဘီပွပွကြီး
၂။ ဂျင်းဘောင်းဘီရှည်
၃။ စတိုင်ဘောင်းဘီ
အားလုံးပေါင်းမှ အင်္ကျီ (၃) မျိုး၊ ဘောင်းဘီ (၃) မျိုးသာ ရှိလေသည်။ ငင့် . . .
ခဏနေပါဦး။ ဣတ္ထိယတို့ဘက် နည်းနည်းလောက် လှည့်ကြည့်လိုက်ပါရစေဦး။
အဘားလေး -
ပျိုပျို၊ အိုအို၊ နုနုဖတ်ဖတ်၊ ခပ်ရင့်ရင့်၊ ခပ်သွက်သွက်၊ ခပ်ပျံပျံ၊ ခပ်မှိုင်းမှိုင်း၊ ခပ်ထိုင်းထိုင်း အမျိုးသမီးအားလုံးကို တစ်ယောက်ချင်းစီ လိုက်ကြည့်လိုက်သည့်အခါ အမျိုးသမီး အယောက် (၁၀၀) တက်လာလျှင် ဝတ်စုံဒီဇိုင်း (၁၀၀) ရှိကြောင်း။ အားလုံး၏ ဝတ်စုံများမှာ ဘုရားစူးရပါစေ့၊ တစ်ယောက်နှင့်တစ်ယောက် လုံးဝ (လုံး x3 ဝ) မတူညီကြောင်း အံ့ဩဖွယ်ရာ တွေ့ရှိရလေ၏။
ထူးဆန်းပါပေ့ ဆတွတ်ရယ် -
အင်္ကျီများတွင် -
- ပူအိုက်သော ရာသီများတွင် ကျွန်ုပ်တို့ ယောက်ျားသားများ ဝတ်လေ့ရှိသည့် စွပ်ကျယ်ချိုင်းချိတ်ဒီဇိုင်း အင်္ကျီ
- (တချို့ကျတော့ ထိုစွပ်ကျယ်ချိုင်းချိတ်မှာ ကြိုးတစ်ဖက်ပဲပါသည်။ ကျန်သည့်တစ်ဖက်မှာ ဖျင်စဝယ်စဉ်က ပိုက်ဆံမလောက်၍ လျှော့ဝယ်လိုက်ရသဖြင့် ကြိုးကို ဖြုတ်ပစ်ခဲ့ရ၏။)
- မြန်မာအမျိုးသမီးများ ရေချိုးရာတွင် လုံချည်ကို ရင်လျှားထားသည့်ပုံစံ လုံချည်ရင်လျှားဒီဇိုင်း အင်္ကျီ
- (ရင်လျှားတောင်မှ အချို့မှာ အပ်ချည်မျှင်လောက် ကြိုးကလေးကို ပုခုံး၌ သိုင်းထားပြီး အချို့မှာ ကြိုးပျောက် ဖြစ်၏။)
- တချို့ကျတော့ အင်ဗရိုမင်တယ် ဖရန့်လီး (ရိုင်းသွားရင် ခွင့်လွှတ်ပါခင်ဗျာ) ဖြစ်အောင် အင်္ကျီကို ရှေ့ဘက်တင် ဖုံးထားပြီး နောက်ကျောတစ်ခုလုံးကို လှပ်ထား၏။ ဤဒီဇိုင်းကိုမူ ကျွန်ုပ် သဘောကျ၏။ အဘယ်ကြောင့် ဆိုသော် ၁။ ပိတ်စချွေတာရာရောက်၏။ ၂။ ပိုက်ဆံကုန်သက်သာ၏။ ၃။ ပူအိုက်သက်သာ၏။ ၄။ လျှော်ဖွပ်ရ သက်သာ၏။ ၅။ ဆပ်ပြာကုန် သက်သာ၏။ သို့မို့ကြောင့် အသင်တို့ကို ဤအင်္ကျီမျိုး ချုပ်ဝတ်ကြပါရန် တိုက်တွန်းပါ၏။ (ငါ့နှမတွေ တူမတွေသာချုပ်ဝတ်လို့ကတော့ ကြိမ်နဲ့ဆော်ပြီသာ အောက်မေ့၊ ညှင်းညှင်းညှင်း)
- တချို့ကျတော့ ချုပ်ခသက်သာအောင်ထင့်။ ပိတ်စကြီးတစ်ခုလုံးကို ပတ်လာသလား ထင်ရ၏။ ချုပ်ခဇီးရိုးဒီဇိုင်း လို့ ခေါ်ရမည် ထင်ပါရဲ့။ ဖျားစူးရပါစေ့။
- တချို့ကျတော့ အလယ်က တောင်ပို့နှစ်လုံးကို ဖော်ထားပြီး လက်မှာ လက် (၃) ဘက်စာလောက် ဝင်နိုင်လောက်အောင် ချုပ်ထား၏။ အင်မတန် အိုက်တတ်လို့ ထင်ပါရဲ့။
- တချို့မှာ အပေါ်ပိုင်းက ပုံမှန်ဖြစ်ပြီး အောက်ပိုင်းတွင် အဝတ်စကို မချုပ်ဘဲ အနားလုံးရုံလုံးပြီး ဘတ်လတ်ကြီး ချထား၏။
- တချို့ကျတော့ ကမ္ဘာကြီး ပူနွေးလာတာ မှန်ကန်ကြောင်း သက်သေပြသည့်အနေနှင့် ပေါက်စီနှစ်လုံး အုပ်မိရုံမျှသာ ချုပ်ထား၏။ ဤကဲ့သို့သော နေ့များတွင် နေကာမျက်မှန်တပ်မလာမိသည့် ကိုယ့်ကိုယ်ကိုယ် ကျွန်ုပ် အသားကုန် ကျိန်ဆဲမိလေ၏။
- တချို့ကျတော့ အပေါ်ပိုင်းပုံမှန်။ ဗိုက်ကို လက်လေးသစ်လောက် ဖော်ထား၏။ ဪ - ခါးပိုင်းက အလွန်ပူရှာ ရော့ထင့်။
ကျွန်တော်လည်း ကြည့်ရင်း ခေါင်းကိုက်လာသည်နှင့် ဆက်မမှတ်နိုင်တော့ပါ။ သေချာတာကတော့ အမျိုးသမီး အယောက် (၁၀၀၀) ရှိလျှင် အင်္ကျီဒီဇိုင်း (၁၀၀၀) ရှိလေသည်။
အောက်ပိုင်းလည်း ကြည့်လိုက်ပါဦး။
(အောက်ပိုင်းဆိုတာ လုံချည်၊ ဘောင်းဘီကို ပြောတာဗျ။ ခညားတို့ကလဲ။ ကတဲမှ)
အောက်ပိုင်းဒီဇိုင်းမှာလည်း မျိုးစုံခင်ဗျာ။
ကျွန်ုပ်တို့ အားနွဲ့သည့် ယောက်ျားသားများမှာ အရှက်အကြောက် ကြီးကြသည့်အတွက် မည်သူမှ ပေါင်ရင်းရောက်အောင် တိုနေသည့် ဘောင်းဘီကို မဝတ်ရဲရှာကြ။ အတိုဆုံးဘောင်းဘီမှာ ဒူးအောက်ထိသာ ဖြစ်ပါသည်။
သို့သော် ယခုခေတ်မှာ ဥသျှစ်တစ်တင်း၊ နှမ်းတစ်တင်းခေတ်ဖြစ်၍ (ဥသျှစ်တစ်တင်း၊ နှမ်းတစ်တင်းဟူသည့်စကားကို မသိသူများ ကျွန်ုပ် သေသေချာချာ ရှင်းပြပါမည်။ သို့သော် အခမဲ့မဟုတ်။ တစ်နာရီကို S$35 ယူပါသည်။ အဟက်စ်) ဥသျှစ်တစ်တင်း၊ နှမ်းတစ်တင်းခေတ် ဖြစ်လေရကား မမလေးတို့ ဝတ်လာသည့် ဘောင်းဘီများမှာ ပေါင်ရင်းကို ကျော်လွန်ပြီး အထက်ကို လက်သုံးသစ်ခန့် တိုနေပါသည်။ ၎င်းတို့ခါး၌ ဝတ်ထားသည့် အနှီဘောင်းဘီတိုကိုသာ ကျကျနန သွားတိုင်းကြည့်ရလျှင် ကျွန်ုပ်လက်တစ်ဖဝါးထက်တောင် ငယ်ချင် ငယ်ပါလိမ့်ဦးမည်။
ဂျင်းပင်တစ်ခုတည်းကိုပင်လျှင် ကျွန်ုပ်တို့အမျိုးသားများမှာ ဘောင်းဘီရှည် ဟု တစ်မျိုးတည်းသာရှိပေမင့် မမကလေးတို့ ဘောင်းဘီများမှာကား ပေါင်ရင်း၊ ပေါင်လယ်၊ ဒူးအထက်၊ ဒူးကျ၊ သရီးကွာတား၊ မိုက်ကယ်ဂျက်ဆင့်ဘောင်းဘီအရှည် လောက်၊ ကျွန်ုပ်ကဲ့သို့ ခြေမျက်စေ့ ဖုံးနေသည့်ဘောင်းဘီဟု အနည်းဆုံး (၇) မျိုးလောက် ရှိ၏။
စကတ်ဆိုလည်း စကတ်ဒီဇိုင်းမျိုးစုံ၊ ဘောင်းဘီမဟုတ် စကတ်မဟုတ်၊ ဂွတီးဂွကျဒီဇိုင်းတွေကလည်း မနည်း။
စူပါမားကက်ထဲ သွားကြည့်ပါအုံးခင်ဗျာ။ ပစ္စည်း (၁၀) မျိုးရောင်းလျှင် (၉) မျိုးလောက်က အမျိုးသမီး အသုံးအဆောင် တွေ ဖြစ်၏။ အင်မတန် အူကြောင်ကြောင်နိုင်လှသူ ကျွန်ုပ်မှာ ဈေးဝယ်သည့်အခါ အမျိုးသမီးသုံးပစ္စည်းတွေနှင့် မှား မဝယ်ရလေအောင် အလွန့်အလွန် သတိထား ဝယ်ရလေသော ဟူသတတ်။
ကျွန်ုပ်တို့ ထလိန်နင်စင်တာတွင် အချို့ ထလိန်နာများမှာ သင်တန်းသို့လာလျှင် လက်ဆို လက်ချည်း။ ဘာမှမပါ။ ဘောင်းဘီအိတ်ထဲတွင် ပိုက်ဆံအိတ်နှင့် ဖုန်း ထည့်လာသည်။ ဒါပဲပါ၏။ မမလေးတို့ဆို (ဟဲဟဲ) ဘယ်မှာ လက်ချည်းဗလာ လာလိမ့်မတုံးဗျာ။
(ကျွန်ုပ်သည်လည်း အလားတူပင် ကျောပိုးအိတ်တစ်လုံးနှင့် လက်ဆွဲအိတ်တစ်ခု ပါ၏။ ကျောပိုးအိတ်ထဲ၌ ပန်းသီးလေးနှင့် ချာဂျာများ၊ နောက်ပြီး သင်တန်းတက်ရအောင်လာတာကို ဘာ ရေးစရာ ချွတ်စရာတစ်ခုမှ ပါမလာသည့် ငနာလေးများအတွက် ဘောပင်များ၊ ဆီးချိုကျလျှင် စားရန် သကြားလုံးထုပ်၊ နှာခေါင်းကို လာလာကလိသည့် အလွန် မြင်ပြင်းကပ်စရာကောင်းလှသော အမွေးများကို ညှပ်ရန် ကပ်ကြေးပေါက်စန စသည့် တိုလီမုတ်စ အကုန်ပါ၏။ လက်ဆွဲအိတ်ထဲတွင်မတော့ ထမင်းချိုင့်၊ ရေဘူး၊ ရေခွက်၊ ကော်ဖီ၊ ပဲကြီးလှော်၊ ငှက်ပျောသီး၊ တစ်သျှူး စသည်။)
တချို့အမျိုးသမီးများမှာ ပုခုံးမှာလည်း မဖြစ်စလောက်အိတ်ကလေးလွယ်လို့၊ လက်မှာလည်း အိတ်တစ်ခုကိုင်လို့၊ အခြား လက်တစ်ဖက်မှာ ပိုက်ဆံအိတ်နှင့်ဖုန်း။ တစ်ယောက်တည်းနှင့် ရှုပ်ရှက်ခပ်နေတတ်၏။
ဖိနပ်တို့၊ ဆံပင်ပုံစံတို့သာ ထည့်ရေးလိုက်ရရင် လေရူးသုန်သုန်လောက် ဖြစ်သွားမှာစိုးလို့ ဒီမှာပဲ ရပ်လိုက်ပါရစေ ခင်ဗျား။
ပြုံးနေတဲ့ဘုရားဆိုလို့ ကမ္ဘာပေါ်မှာ ဒီတစ်ဆူတည်းပဲရှိတယ်ဟု ဂျင်းထည့်ခံထားရသည့် စကျင်ကျောက်ဘုရားကြီးကို သွားဖူးတဲ့ အပျိုကြီးတွေ တသက်လုံး လင်မရဘဲ နေပါစေဗျာ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄ ဩဂုတ်လ၊ ၂၀၂၃
No comments:
Post a Comment