Friday, August 4, 2023

Safety အင်ဆိုက်ကလို ပီးဒီးယား

အစကတော့ safety အပါအဝင် အခြား သိစရာ မှတ်စရာ ဆောင်းပါးများပါ ပေါင်းလျက် စုပေါင်းစပ်ပေါင်းစာအုပ် လုပ်မည်ဟု မှန်း၏။ ဆြာဟန်က တူရာတူရာတွေစုပြီး တစ်ကဏ္ဍစီလုပ်၊ နောက်ပြီး အေးငြိမ်းမှတ်စု” ဆိုပြီး ထုတ်ပေါ့ ဟု အကြံပေး၏။ အမှန်က ကျွန်တော်လည်း ထိုကဲ့သို့ပင် စဉ်းစားတာ ဖြစ်ပါသည်။ 


ပထမ - အင်ဂျင်နီယာဆိုင်ရာ ဆောင်းပါးများ

ဒုတိယ - ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဆောင်းပါးများ

တတိယ - အန္တရာယ်ကင်းရေးဆိုင်ရာ ဆောင်းပါးများ

နောက် - အထွေထွေ ဟု အပိုင်း (၄) ပိုင်းပါမည်။


သို့သော် ထိုဆောင်းပါးများကို စာမျက်နှာတွက်ကြည့်လိုက်တော့ တစ်အုပ်တည်းထွက်ဘို့ မလွယ်။ အင်ဂျင်နီယာ စာစဉ်များကချည်း တစ်အုပ်စာလောက် ရှိ၏။ အထွေထွေက ပိုဆိုးသေး။ မနည်းမနောလှ။


ကျွန်တော်ရေးထားသည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဆောင်းပါးများကို စုလိုက်တော့ စုစုပေါင်း Unicode font 10, A4 size နဲ့ စာမျက်နှာ ၄၅၀ လောက် ရပါသည်။ ၎င်းကို စာအုပ်တစ်အုပ်ထဲ စုထုတ်လိုက်လျှင် စာအုပ်လည်း အတော်ထူ သွားမည်။ ဈေးလည်း အတော်များပေမည်။ သို့သော်လည်း ဖတ်စရာမှတ်စရာ စာအားလုံး တစုတစည်းထဲတော့ ရသွားမည်ပေါ့။

စိတ်ကူးချိုချိုကလည်း ဆရာဇော်ဂျီ၏ စာများကို စာပေါင်းချုပ်အဖြစ် စာအုပ်အထူကြီးများ ထုတ်၏။ ဆရာဇော်ဂျီ၏ စာများသာမက မင်းသုဝဏ် စသည့် အခြားစာအုပ် အထူကြီးများလည်း ထုတ်၏။

သို့မို့ကြောင့် ကျွန်တော့်စာအုပ်လည်း ဈေးနှုန်းအနေနှင့် သိပ် ပြဿနာမရှိလောက်ဟု ထင်ပါသည်။ နောက်ပြီး safety စာအုပ်ဆိုတာ သာမန်စာဖတ်ပရိသတ်အတွက် မဟုတ်သဖြင့် လိုသူများသာ ဝယ်ပါလိမ့်မည်။ တကယ်လည်း အသုံးတည့်ပါသည်။ 

 

ယခင်က ရေးထားသည်များမှာ ဟိုရောက်သည်ရောက် တကွဲတပြားစီဖြစ်နေ၍ မနည်း ပြန်ရှာနေရ၏။ နောက်ပြီး ၂၀၁၉ နိုဝင်ဘာမတိုင်ခင်က ဇော်ဂျီဖောင့်နှင့်ရေးထားရာ ထိုဆောင်းပါးများကို Unicode ပြန်ပြောင်းရသေး၏။

အခုတော့ ပြီးသလောက် ရှိပါပြီ။ အားလုံးစုစည်းပြီးလျှင် စာအုပ်ပြင်ပါမည်။ 

ယခု စုစည်းရသမျှမှာ အောက်ပါအတိုင်း ဖြစ်၏။

 

လုပ်ငန်းခွင်အန္တရာယ်ကင်းရေး

===================

၁။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် အင်ဂျင်နီယာပညာရပ် အကြောင်း -

၂။ မီးသတ်ဆေးဘူးအကြောင်း သိကောင်းစရာ - 

၃။ MSDS အကြောင်း သိကောင်းစရာ - 

၄။ ဆူညံသံလျှော့ချနှုန်း (NRR – Noise Reduction Rating) အကြောင်း သိကောင်းစရာ -

၅။ AFR နှင့် ASR အကြောင်း သိကောင်းစရာ - 

၆။ Risk and Opportunity အကြောင်း - 

၇။ PEL အကြောင်း သိကောင်းစရာ - 

၈။ Risk Based Thinking အကြောင်း သိကောင်းစရာ - 

၉။ အန္တရာယ်ကင်းအောင် ဒီဇိုင်းထုတ်ခြင်း - 

၁၀။ အန္တရာယ်များကို စီမံခန့်ခွဲခြင်း -

၁၁။ ISO 45001 အကြောင်းသိကောင်းစရာ

၁၂။ GFCI အကြောင်း သိကောင်းစရာ

၁၃။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အရာရှိ

၁၄။ ECO တစ်ဦး၏ တာဝန်ဝတ္တရားများ

၁၅။ ငြမ်းစင်နှင့်အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း 

၁၆။ စွမ်းအင်နှင့်အန္တရာယ် (Log Out Tag Out)

၁၇။ ဝန်ချီကြိုးများကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

၁၈။ အန္တရာယ်ကင်းစွာ ဝန်ချီခြင်း

၁၉။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး

၂၀။ နေအိမ်တွင်းအန္တရာယ်ကင်းရှင်းရေး

၂၁။ ဂဟေဆော်စက်နှင့်-အန္တရာယ်ကင်းစွာ-အလုပ်လုပ်ခြင်း

၂၂။ ကျောက်စက် (Grinder) အကြောင်း သိကောင်းစရာ 

၂၃။ ဆူညံသံများ၏ အန္တရာယ်

၂၄။ ဖောင်ဝပ်နှင့်အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း - 

၂၅။ သတ္တုတွင်းအန္တရာယ်ကင်းရှင်းရေး 

၂၆။ ကတုတ်ကျင်းများ-လိုဏ်များအတွင်း-ဝင်ရောက်အလုပ်လုပ်ကိုင်ခြင်း -

၂၇။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးခြင်း

၂၈။ အရေးပေါ်အစီအမံများချမှတ်ခြင်း

၂၉။ စိုက်ပျိုးရေးလုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး 

၃၀။ အရေးပေါ်လက်စွဲစာအုပ်

 

ထိုအထဲမှ အချို့ဆောင်းပါးများကို WSH Myanmar ဂျာနယ်တွင် လည်းကောင်း၊ အချို့ဆောင်းပါးများကို Tech Digest တွင် လည်းကောင်း၊ အချို့ဆောင်းပါးများကို The Voice နှင့် Living Colour တွင် လည်းကောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ကို စာအုပ်ထုတ်ကာ လယ်သမားများသို့ အုပ်ရေ နှစ်သောင်းကျော် အခမဲ့ ဖြန့်ဝေခဲ့ပြီး ဖြစ်၏။ အရေးပေါ်လက်စွဲစာအုပ် ကို ပုံမနှိပ်ဖြစ်ပါ။ ဟိုဟိုသည်သည် အဖွဲ့အစည်းများ/လူပုဂ္ဂိုလ်များသို့ အခမဲ့ ပေးခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာန website တွင် တင်ထားသည်ကိုလည်း တွေ့ရပါသည်။

မြန်မာနိုင်ငံ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အတွက် အထောက်အကူဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါသည်။

Safety အင်ဆိုက်ကလို ပီးဒီးယားပေါ့ဗျာ ဟု ဆရာမျိုးက မှတ်ချက်ပေးပါ၏။

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၂ မတ်လ၊ ၂၀၂၂

No comments: