Monday, September 4, 2023

ဆရာဝန်ဆိုတိုင်းလည်း ယုံကြည်စိတ်ချ၍မရ ဆိုခြင်းအကြောင်း

ကျွန်ုပ်၏ စက်ဘီးစီးခြင်းပို့စ်တွင် ကျွန်ုပ် ဘောကျ၍ ခွဲခဲ့ရခြင်းအကြောင်း အစပျိုး ထားခဲ့၏။

ထိုစဉ်က ကျွန်ုပ် ကျောင်းပြီးစကာလဖြစ်၍ ၁၉၈၆ ခုနှစ်လောက်ဟု မှန်းရပါသည်။

ဘောကြီးခြင်း နှစ်မျိုးရှိရာ မြန်မာတို့က လေမုတ်နှင့် သွေးမုတ်ဟု အမည်တပ်ကြ၏။ အင်္ဂလိပ်လိုတော့ Hydrocele နှင့် Hernia ဟု ခေါ်၏။ ကျွန်ုပ်က အင်မတန်ထူးသူဆိုတော့ နှစ်မျိုးလုံး ဖြစ်ဖူး၏။

၁၉၈၆ လောက်က ဖြစ်သည်မှာ ဟာနီယာဖြစ်၏။
ပထမပို့စ်တွင် ဆိုခဲ့သည့်အတိုင်း ကျွန်ုပ် ဟာနီယာဖြစ်တော့ လေးမျက်နှာ မြို့နယ်ဆေးရုံတွင် ခွဲ၏။
ခွဲပေးသူမှာ မြို့နယ်ဆရာဝန်ကြီး ဖြစ်ပါ၏။ 
ခွဲပေးတာ ဘာမှ ပြဿနာမရှိ။
ခွဲထားသည့်ဒဏ်ရာက အနာမကျက်သေး။
အနာမကျက်ဘဲ သည်အတိုင်း ဆေးရုံက ဆင်းလာခဲ့၏။

အနာကလေးက လက်သန်းဖျားလောက်သာ ကျန်၏။
ခွဲထားသည့် အပေါက်မပိတ်ခြင်းဖြစ်၏။

သို့သော် -
ဤသို့သော်မှာ အရေးကြီး၏။

သည် မဖြစ်စလောက် အနာကလေးက လွယ်လွယ်နှင့် ကျက်မသွား။ 
နောက်တော့ ကျွန်ုပ်လည်း အရက်ပျံနှင့်ဆေး၊ ပတ်တီးကလေးအုပ်၊ Handy plast လေးကပ် စသည့် မဖြစ်စလောက် ကိစ္စကလေးနှင့် ဆေးရုံကို မသွားတော့။ တခါတလေ ကိုယ့်ဘာသာကိုယ် လုပ်သည်။ အနီးအနားတွင် ဆေးခန်း ရှိလျှင်တော့ ဆေးခန်းကိုသွား၏။

ရွာကလူကြီးများက ပျားရည်နဲ့ထုံးနဲ့ရောလိမ်းဟဲ့ ဆိုသဖြင့် ကျွန်ုပ်လည်း ထုံးကိုပျားရည်နှင့်နယ်လျက် အနာပေါ် အုံ၏။ မပျောက်။ 

သည်အနာ လက်သန်းဖျားလောက်ကလေးကို အရက်ပျံနှင့်ဆေး၊ ပတ်တီးကလေးအုပ်၊ ပလာစတာလေးနှင့်ကပ်တာ ဘာခဲယဉ်းပါမတုံး။ ကိုယ့်ဘာသာကိုယ် လုပ်လို့လည်းရပါ၏။ သို့သော် ကျွန်ုပ်မှာ -င်ခေါင်းကျယ်လျက် ရွာမှ ဆရာမကလေး (ဟုတ်ပေါင်) ဆရာမကြီး (ဒါလည်း ဟုတ်ပေါင်) အဲ ဘယ်လိုပြောရမလဲနော်။ ဆရာမဆီ ညနေတိုင်းသွားလျက် ဆေးထည့်လေ၏။

ကျွန်ုပ်မှာ အင်ဂျင်၂၀၀ ဘွဲ့လက်မှတ်ကြီး ကိုင်မိလျက်သား ဖြစ်နေတော့ သည်အတိုင်း ရွာမှာ ထန်းရည်ကလေး မော့လိုက်၊ ဟိုအိမ်သည်အိမ်တွေ လျှောက်လည်လိုက်နှင့် အချိန်ဖြုန်းနေလို့ မဖြစ်ရကား အလုပ်ရှာရန် ရန်ကုန်သို့ လာရပြန်လေ၏။

ရန်ကုန်ရောက်တော့ သည်အနာကို ဆရာဝန်ဆက်ပြရပြန်၏။ 

ရန်ကုန်မှာ နေစရာမရှိသည့်အတွက် RIT ဝင်းထဲက အသိမိတ်ဆွေ ကျောင်းသားများထံ ကပ်နေရ၏။

RIT ဝင်း အဝင် ဆိုင်းဘုတ်ကြီးအနီးတွင် ဆေးခန်းတစ်ခုသည် ရှိ၏။ ကျောင်းသားများလည်း နေထိုင်မကောင်းဖြစ်လျှင် ထိုဆေးခန်းသို့ သွားပြ၏။

ထိုဆရာဝန်မှာ သုတေသန ဆရာဝန်မှန်း ကျွန်ုပ်မသိခဲ့။

ထိုဆရာဝန်သည် ရောက်လာသမျှ ကျောင်းသားများအား -

- ဖွားဖက်တော်ဟူသည် အဘယ်ကိုခေါ်သည်။
- လူဖြစ်လာအောင် သည်ပစ္စည်းကလေးက မည်ကဲ့သို့ စွမ်းဆောင်နိုင်သည်။
- အိပ်နေသခိုက်တွင် ၎င်းသည် မခုတ်တတ်သည့် ကြောင်ကလေးပမာ ဖြစ်နေပါလျက်
- ဒေါသူပုန်ထလာသည့်အခါတွင်မူ အဘယ်ကြောင့် မောင်စကြာဝဠာကြီးများပမာ တင်းမာထွားကြိုင်းလာရသည်
- အသားဖြူသည့် ကျောင်းသားဆိုလျင် အသေးဆုံးမည်မျှ၊ အကြီးဆုံးမည်မျှ
- အသားညိုသည့် ကျောင်းသားဆိုလျင် အသေးဆုံးမည်မျှ၊ အကြီးဆုံးမည်မျှ
- အညာသားဖြစ်လျှင် ဘယ်နှစ်မိနစ်အတွင်း ဒေါကန်တတ်၍
- အောက်သားဖြစ်ပါက ဘယ်နှစ်မိနစ်အတွင်း ဒေါကန်တတ်သည်  
- အစရှိသည်တို့ကို ကျကျနန သုတေသနပြု စမ်းသပ်လေ့ရှိသည် ဆို၏။

ကံဆိုးသူ အကျွန်ုပ်လည်း အနှီဆရာဝန်နှင့်မှ ပြမိလျက်သား ဖြစ်လေရကား တစ်ကြိမ်တည်းနှင့် ပန်လန်လက်ပြီး အပြေးပြန်ခဲ့ရလေသော ဟူသတတ်။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။ 
(အသင်တို့ မယုံလျင် ၁၉၈၇ ပတ်ဝန်းကျင်လောက်က RIT ဘလောက်များတွင်နေခဲ့ဖူးသည့် ကျောင်းသားများကို စူးစမ်းကြည့်ကြပါလေကုန်။)

ဆရာဝန်များသည် ကျွန်ုပ်အနာ မဖြစ်စလောက် လက်သန်းဖျားကလေး မပျောက်နိုင်သည်ကို အက်ဖက်ရှင်ဝင်လို့ ဆိုကာ အနာနှုတ်ခမ်းတစ်ဝိုက် ဓားနှင့်လှီးထုတ်လျက် လက်သန်းမှသည် လက်မကြီးလောက် အနာဗျက်ပြဲကြီးဖြစ်သည့်တိုင် လုပ်ကြပြန်လေ၏။ သို့သော် အခြားနေရာများအားလုံး ကျက်လျက် အနာရွတ်ဖြစ်သွားသော်လည်း ထို အနာအပေါက်၊ လက်သန်းဖျားကလေးမှာမူ မကျက်ပဲ ကျန်မြဲ ကျန်လျက် ရှိနေလေ၏။

မဖြစ်ညစ်ကျယ် အလုပ်ကလေးများလုပ်လျက် ကျွန်ုပ်ရသည့်ပိုက်ဆံများမှာ ဆရာဝန်များကို အလုပ်အကျွေးပြုနေရဘိ သကဲ့သို့ ဖြစ်လျက်ရှိ၏။

သို့နှင့် (၆) လလောက်ကြာသွား၏။

နောက်တော့ ကျွန်ုပ် လှိုင် သမဝါယမဆေးခန်းသို့ သွားပြ၏။ သမဝါယမဆေးခန်း ဖြစ်သည့်အတွက် ဆရာဝန်ပေါင်းစုံ ထိုင်၏။ ကျွန်ုပ်ပြသည့်ဆရာဝန်မှာ ခွဲစိတ်အထူးကု ဒေါက်တာသိန်းစိုး ဖြစ်၏။

ကျွန်ုပ်က ၎င်းကို အနာရာဇဝင် ပြောပြလေသော် “ဟာ၊ မင်းအနာက အထဲမှာ ချုပ်ရိုးကျန်နေတာကွ။ ကိုယ်ထဲမှာ foreign body တစ်ခုခုရှိနေရင် အဲဒီပစ္စည်း ပြန်ထွက်သွားမချင်း ခန္ဓာကိုယ်က လက်မခံဘူး။ အဲဒါကြောင့် အနာ မကျက်တာ” ဟု ရှင်းပြလျက် ခွဲစိတ်ခန်းသုံး ကပ်ကျေးကလေးဖြင့် အနာပေါက်ထဲထိုးထည့်ကာ နှိုက်ထုတ်လိုက်ရာ ချည်မျှင်လေးတစ်စ ထွက်လာ၏။ “လက်သည်ဟာ ဒါပဲကွ” ဟုဆိုပြီး အနာပေါက်ကို အရက်ပျံကလေးဆွတ်ကာ ပြန်လွှတ်လိုက်၏။ ဘာဆေးမှ မထည့်၊ ဘာဆေးမှလည်း ထိုးစရာမလို။ ယုတ်စွအဆုံး ပတ်တီးကလေးနှင့်တောင် အုပ်မပေးလိုက်။ အနာကို သန့်သန့်ရှင်းရှင်းထားဘို့ပဲ မှာလိုက်၏။ 

၃ ရက်လောက်ကြာသော် အနာပျောက်သွားလေ၏။ ယခွမ်း

ဟို ဆရာဝန်တွေ လက်တည့်စမ်း ထပ်လှီးထားသဖြင့် (ဆရာဝန် နှစ်ယောက်လောက် ကျွန်ုပ်အနာကို ပြန်လှီး ထုတ်ပါသည်။) ခွဲထားသည့်နေရာမှာ ယခုတိုင် ချိုင့်ခွက်ကြီး ဖြစ်လျက်ရှိ၏။

၂၀၀၆ ခုနှစ်တွင် ကျွန်ုပ်၌ ရေမုတ် (Hydrocele) ဖြစ်ပြန်လေ၏။
ထိုစဉ်က ကျွန်ုပ်မှာ ကုမ္ပဏီက သူဌေးနှင့် အကြီးအကျယ်ပြဿနာတက်နေချိန် ဖြစ်လေရာ ကျွန်ုပ်လည်း ဘောကြီးကို လှန်ပြလျက် ငါ ဆေးကုရအောင် ရန်ကုန်ပြန်မယ်ဆိုပြီး ပြန်ခဲ့၏။ (တကယ့်ကို လှန်ပြခဲ့တာ ဖြစ်၏။ အဲလေ အောက်ခံ ဘောင်းဘီလေးတော့ ပါသပေါ့။ ခညားတို့ကလည်း)

ရန်ကုန်ပြန်လာပြီး မဟာမြိုင်တွင် ခွဲ၏။ သည်တစ်ခေါက်တွင်မူ ဘာပြဿနာမှ မရှိပါ။ ဆရာဝန်ကြီးက နောက်ထပ် ရေမဝင်ရအောင် အဲဒီရေအိတ်ကို အပြီးထုတ်ပစ်လိုက်တယ် ဆို၏။ ကိစ္စပြတ်ကရောပေါ့လဗျာ။
ဆရာဝန်ကြီးနာမည်မှာ ဒေါက်တာဗစ်တာ ထင်ပါသည်။ မေ့နေပြီ။

ဆူးစူးသည့်အခါ အသင်တို့ နှုတ်မပစ်ပါကလည်း ဆူးစူးသည့်နေရာတွင် ပြည်တည်လာလျက် အလိုလို ကျွတ်ထွက် သွားလိမ့်မည်။ ဤသည်မှာ ခန္ဓာကိုယ်က ပြင်ပအရာဝတ္ထုတစ်ခုခု (foreign body) ကို သူတတ်နိုင်သလောက် စွန့်ထုတ်ပစ်ခြင်း ဖြစ်သတည်း။ 

အဲလေ အင်မတန်ကြီးသည့် ဆူးကြီးဆိုလျှင်တော့လည်း ဘယ်တတ်နိုင်ပါလိမ့်မတုံး။ သွေးထွက်သာ မလွန်ပါစေနှင့်။ အနာကို သန့်ရှင်းအောင်ထားပါက အနာသည် သူ့အလိုလို ကျက်သွားလိမ့်မည်။ အမေမွေးကတည်းက ခန္ဓာကိုယ်တွင် ရောဂါပြီးစနစ် (Immunity system) ပါလာပြီး ဖြစ်၏။ ဆေးဟူသည်မှာ ထိုရောဂါပြီးစနစ်ကို အထောက်အကူပြုရုံမျှ ဖြစ်လေသည်။

အသင်တို့၌ ဆီးချို၊ သွေးတိုး စသည့် ရောဂါများရလာခြင်းမှာ ခန္ဓာကိုယ် တတ်နိုင်သည့်ဘောင်ကို ကျော်သွားခြင်းကြောင့် ဖြစ်သတည်း။

ဆရာဝန်လောကတွင် ဘောခွဲတာကို ပီဘိ အသေးအဖွဲကိစ္စလေးလောက် သဘောထားသည် ဆို၏။ (ကျွန်ုပ်က ဆရာဝန် မဟုတ်၍ မသိပါ။)
ခန္ဓာကိုယ်ထဲ foreign body ရှိနေ၍ အနာမကျက်ခြင်းဖြစ်ကြောင်း အနှီဆရာဝန်များ အဘယ်ကြောင့် မသိရပါသနည်း။

ကျွန်ုပ်ကား ပိုက်ဆံများစွာကုန်လျက်၊ ခန္ဓာကိုယ်၌ အရည်တစိုစိုအနာကြီးကို (၆) လ လောက် ပိုက်ထားရပြီးသကာလ -

“ဆရာဝန်ဆိုတိုင်းလည်း ယုံကြည်စိတ်ချ၍မရ” ဆိုသည်ကို နားလည် သဘောပေါက်လိုက်ရပါကြောင်း။

ဟို - AYoe ခွေးအောင်လှိုင်သည် မနှေးအမြန် မသာပေါ်ပါစေသတည်း။


ဖတ်ရှုအားပေးသူ မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါသည်။


အေးငြိမ်း
၄ စက်တင်ဘာလ၊ ၂၀၂၃

No comments: