Wednesday, August 23, 2023

ကျွန်ုပ်သည် အလွန် ‘ဂွ’ ကျသည့် လူတစ်ယောက်ဖြစ်သည် ဆိုခြင်း အကြောင်း

ကျွန်ုပ်သည် ‘သာဓု လူဝါးဝတယ်’ ကို ဖတ်ပြီးနောက် ကျွန်ုပ် ‘ဂွ’ ကျခဲ့ခြင်း အကြောင်းများကို ရေးချင်လာမိလေ၏။

 

ကျွန်ုပ်သည် အလွန် ‘ဂွ’ ကျသူတစ်ဦး ဖြစ်ပေ၏။

ကျွန်ုပ် ‘ဂွ’ တိုက်ခဲ့သည့်ကိစ္စ အတော်များများထဲက တစ်ခုကို မိတ်ဆွေတို့အား ပြန်လည် ဖောက်သည်ချပါအံ့။

 

၂၀၁၆ လား၊ ၂၀၁၇ ခုနှစ်လား၊ သိပ်မမှတ်မိတော့ပါ။

တစ်နေ့တွင် WSHM မှ ဆရာဟန်တို့ ကောင်းမှုဖြင့် ဆီဒိုးနား၌ကျင်းပသည့် ပွဲတစ်ခုသို့ ကျွန်ုပ် မျက်စိလည်၊ လမ်းမှားကာ  ရောက်သွားလေသော ဟူသတတ်။

ပွဲနာမည်က ဘာတဲ့။ “အင်တာနေရှင်နယ် စတင်းဒတ် ဒေး” ဟူ၏။

 

အင်တာနေရှင်နယ်ဒေးဆိုတော့ ဆရာ့ဆရာကြီးများ၊ ကြီးကြီးမာစတာကြီးများ တက်ရောက်လာကြလေ၏။ စံချိန်စံညွှန်း ဆိုင်ရာ စာတမ်းများလည်း တစ်စောင်ပြီးတစ်စောင် ဖတ်ကြားကြလေ၏။ ဟိုစတင်းဒတ်က ဟိုလိုရှိတယ်။ ဒီစတင်းဒတ်က ဒီလိုရှိတယ်။ ကောင်းပါ၏။ 

 

‘ဂွ’သမား ကျွန်ုပ်မှာ ၎င်းတို့၏ စတင်းဒတ်ချီးမွမ်းခန်း အမျိုးမျိုးကို နားထောင်ပြီးသကာလ အူထဲ၌ ကျလိကျလိ ဖြစ်လာ လေ၏။

 

အားလုံး ဟောပြောပြီးကြလေသော် ပိတ်သတ်ကို မေးစရာရှိတာများ မေးပါဟု ဖွင့်ပေးလေ၏။

မေးကြ၊ ဖြေကြပြု၏။ ကျွန်ုပ်လည်း နားထောင်နေ၏။

 

အားလုံးမေး/ဖြေပြီးကြလေသော် ဘယ်သူမေးစရာများ ကျန်ပါသေးလဲဆို၏။

ကျွန်ုပ်ထလာ၏။

 

“ကျွန်တော်မေးစရာလေး နည်းနည်းရှိလို့ပါခင်ဗျ။”

“ဟုတ်၊ မေးပါခင်ဗျ၊ မေးပါ”

 

“တခြားတော့ မဟုတ်ပါဘူးဗျာ။ ခုနင်က လူကြီးမင်းတို့ စတင်းဒတ်အမျိုးမျိုးတွေအကြောင်း ပြောသွားတာ အင်မတန်မှကို နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ စံနှုန်းလို့ပြောရင် ယူနစ်တွေမပါဘဲ ပြောလို့မရပါဘူး။ ကျွန်တော် သိချင်တာက မြန်မာနိုင်ငံမှာ ဘယ်လိုယူနစ်ကို စံထား သုံးပါသလဲ။ အဆောက်အဦတွေ ဆောက်တဲ့အခါ ကွန်ကရိကို ကျုဗစ်မီတာနဲ့မှာတယ်။ ထုံးနဲ့သဲကိုကျတော့ ကျင်းနဲ့ပြောတယ်။ သစ်သားကို ၆ x ၆ မူး x ၁၂ တောင် လို့ပြောတယ်။ ကျုဗစ် မီတာက SI Unit ဖြစ်ပြီး ၆ x ၆ မူး ဆိုတာက FPS စနစ် ဖြစ်ပါတယ်။ အများသိတဲ့အတိုင်း အတောင်ကတော့ မြန်မာအတိုင်းအတာပါ။ တစ်နေရာထဲမှာတင် ယူနစ်သုံးမျိုးကို ရောသုံးနေကြတယ်။

 

နောက်ပြီး အမြန်လမ်းမှာလည်း ရန်ကုန်က မန္တလေးဘက်ကို သွားတဲ့အခါ မိုင်တိုင်တွေ တွေ့ရမှာဖြစ်ပြီး မန္တလေးက ရန်ကုန် ပြန်လာတဲ့အခါကျတော့ ဟော - ကီလိုမီတာနဲ့ ဖြစ်သွားပြန်ရောခင်ဗျ။

 

တောမှာ စပါးတို့ ပဲတို့ အရောင်းအဝယ်ပြုတဲ့အခါ တင်းတောင်း၊ ခွဲတောင်းတွေ သုံးတယ်။ ဆီကို ပိဿာနဲ့ ချိန်တယ်။ ဆန်ပွဲစားတွေကတော့ တစ်အိတ်ကို ကီလို ၅၀ လို့ဆိုတယ်။ ရောင်းရေးဝယ်တာကိစ္စတွေမှာ ဘာစနစ်ကို စံထားသုံးသလဲ ဆိုတာ သိပါရစေ။”

 

“အင်း . . . အဲစ် . . . ဒါက ဒီလိုရှိပြီး . . . ဟိုဟာက ဟိုလို ရှိပါတယ်။ . . . “

 

“ခဏလေးသည်းခံပါခင်ဗျာ။ မပြီးသေးပါဘူး။ အဲဒီစပါးချင်တဲ့တင်းတောင်းဟာ တစ်တင်းပြည့်မပြည့် ဘယ်သူ အာမခံပါသလဲ။ တင်းတောင်းတစ်တောင်းဟာ ဟောဒီအတိုင်းရှိရမယ်ဆိုပြီး မြန်မာနိုင်ငံမှာ ‘စံ’ တင်းတောင်း ရှိပါသလား။ ပိဿာလေးဟာ ဟောဒီအလေးနဲ့ ကိုက်ညီရမယ်ဆိုပြီး မြန်မာနိုင်ငံမှာ ‘စံ’ ပိဿာလေး ရှိပါသလား။ နောက်ပြီး အဲဒီ အလေးချိန်ခွင်၊ တင်းတောင်းတွေကို မှန်မှန်ကန်ကန် ဖြစ်အောင် ချိန်ကိုက်ချင်တယ်ဆိုရင် ဘယ်နေရာမှာ သွားပြီး calibrate လုပ်လို့ရပါသလဲ ခင်ဗျ”

 

ထိုအခါ ယူနီဖောင်းဝတ် အမျိုးသမီးကြီးတစ်ဦး ကျွန်ုပ်အနီး ချဉ်းကပ်လာ၏။

“ဟုတ်၊ ကျမနာမည်ကတော့ ဒေါ်ဘယ်သူပါ၊ ဘယ်ဌာနက ဖြစ်ပါတယ်။ ဦးအေးငြိမ်း ပြောတဲ့ဟာတွေကို ကျမတို့ ဘာတွေလုပ်ဖို့ ဘယ်လိုတွေ စီစဉ်ထားပါတယ်။ . . . . . . “ စသဖြင့် ပြောပါ၏။ 

 

အဲ့ငယ်၊ သူပြောသလိုဖြင့် ကျုပ်ကဘဲ မသိဘဲ ရမ်းတုတ်နေသလိုလို။ 

“ဟုတ်ကဲ့ပါ။ အဲသလိုဆိုရင်တော့ဖြင့် ကောင်းပါလေရဲ့ခင်ဗျာ။” ဟု ပြန်ပြောလိုက်ပါသည်။

နောက် တစ်ယောက်နှစ်ယောက်လည်း လာမိတ်ဆက်ပြီး စကားအနည်းငယ် ပြော၏။

ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ဘာတွေလိုမလဲ စသဖြင့် အကြံဉာဏ်လေး ဘာလေး တောင်းဘို့ စိတ်ကလေးတောင် ကူးဖော်မရ။ 

နင်ပြောတာတွေ နာရို့သိပါတယ်ဟယ်။ မလုပ်ချင်သေးလို့ ကြည့်နေတာပါ ဟုများ ကျွန်ုပ်ကို ဗိုက်ထဲကနေ လှောင်ပြောင် နေမည်လား မပြောတတ်။

 

မိတ်ဆွေတို့ခင်ဗျား -

ခင်ဗျားတို့လုပ်မည့် ပွဲလမ်းသဘင်များသို့ ကျွန်ုပ်ကိုဖိတ်မည် စိတ်မကူးပါလေနှင့်။

ကျွန်ုပ်ကား ဆေးရိုးသည်ဖြစ်၏။ စိန်ကောင်းကျောက်ကောင်း ရောင်းသည့်နေရာတွင် ဝင်ပြီး ကန့်လန့်တိုက်မည့်သူ ဖြစ်လေ၏။

 

သို့သော် အထက်ပါ ကျွန်ုပ် မေးခွန်းများအား ဖြေနိုင်ပါမူ အသင်တို့ကို ကျွန်ုပ်က “အဂ္ဃမဟာ ငါ့ဓားမ သိန်ဃီ” ဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၀ ဩဂုတ်လ၊ ၂၀၂၃

No comments: