Thursday, July 8, 2021

ကျွန်ုပ်မိတ်ဆွေ ပါမောက္ခချုပ် ဆရာ/ဆရာမကြီးများထံသို့ အိတ်ဖွင့်ပေးစာ

(၁)

 

ကျွန်ုပ်မိတ်ဆွေ ပါမောက္ခချုပ် ဆရာ/ဆရာမကြီးများဟု ခေါင်းစဉ်တပ်လိုက်သော်လည်း အများကြီး မဟုတ်ပါ။ မြန်မာပြည်ရှိ အထင်ကရ တက္ကသိုလ်ကြီးနှစ်ခုမှ ဆရာကြီးတစ်ဦးနှင့် ဆရာမကြီးတစ်ဦးသာ ဖြစ်၏။

၎င်းတို့ ဘယ်သူဖြစ်သည်ကို ကျွန်ုပ်အနေနှင့် ဖွင့်ပြောနေစရာ မလိုပါ။

လွန်ခဲ့သည့် အနှစ် (၂၀) ကျော်လောက်ကတည်းက ကျွန်ုပ်နှင့် မိတ်ဆွေဖြစ်ခဲ့ဖူးသူများ ကောင်းကောင်း သိပါသည်။

ယခင်က ကျွန်ုပ် ၎င်းတို့ကို လေးစားမိခဲ့သော အချိန်များ ရှိကောင်း ရှိခဲ့ဖူးပါလိမ့်မည်။

သို့သော် ယခုအခါတွင်မူ ၎င်းတို့၏လုပ်ရပ်ကြောင့် ၎င်းတို့အပေါ်ထားရှိခဲ့ဖူးသည့် ကျွန်ုပ်၏ လေးစားသမှုနှင့် အထင်ကြီးမှုတို့မှာ ဆိုဗီယက်နိုင်ငံတော်ကြီး ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားခဲ့သလို ပျောက်ကွယ်သွားခဲ့ရချေပြီ။

အမှန်ကို ဆိုရလျှင် သူတို့သာမဟုတ်။ 

ကျွန်ုပ် ယခင်အခါက လေးစားခဲ့မိဖူးသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များလည်း ရှိခဲ့ဖူးပါ၏။

သို့သော် စစ်အာဏာရူးတစ်စုတို့ နိုင်ငံတော်အာဏာကို ဓားပြတိုက်သွားသည်နှင့် မရှေးမနှောင်းပင် ၎င်းတို့၏ မျက်နှာဖုံးများကွာကျကာ ဇာတိ သရုပ်ပေါ်လာသည့်အခါကျမှ . . . 

(၎င်းထံမှ ဗိုလ်နေဝင်း အာဏာသိမ်းသွားသည်ကို တအံ့တဩသိလိုက်ရသည့် ဦးနုသည် ခေါင်းလေးတဆတ်ဆတ် ငြိမ့်လျက် ဪ - ဒီလိုကိုး ဟု ရေရွတ်မိသကဲ့သို့)

ကျွန်ုပ်သည်လည်း ဪ . . . သူတို့က ဒီလိုကိုးဟု အံ့ဩစွာ ရေရွတ်မိလေသည် ဟူ၏။

 

ယခု အနှီ ပါမောက္ခချုပ် ဆရာ/ဆရာမကြီးများအတွက် ကျွန်ုပ်က အိတ်ဖွင့်ပေးစာတစ်စောင် ရေးလိုက်ပါ၏။

သို့တိုင် ကျွန်ုပ်ကဲ့သို့ ဘာကောင်မှ မဟုတ်သည့် ပမွှား၊ ငချွတ်တစ်ယောက်က ၎င်းတို့ကဲ့သို့ အထင်ကရ တက္ကသိုလ်ကြီးများမှ အဆင့်အမြင့်ဆုံး အရာရှိကြီးများအား ဝေဖန်ခြင်းအတွက် ၎င်းတို့သည် ကျွန်ုပ်အား ရုပ်ရှင်မင်းသမီးကြီး ဝါဝါဝင်းရွှေ၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို မဲ့ကာ ပြုံးလိုက်သည် မဲ့ပြုံးမျိုးဖြင့် ပြုံးကာ ကြည့်လိုက်မည်ကိုလည်း မြင်ယောင်မိပါသေး၏။

 

(၂)

 

မိတ်ဆွေ ဆရာ/ဆရာမကြီးများခင်ဗျာ

 

အသင်တို့သည် အထင်ကရ တက္ကသိုလ်ကြီးများမှ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်ကြီးများဖြစ်သည့်အတွက် အသင်တို့၏ အသိဉာဏ်ပညာ အဆင့်အတန်းကို ကျွန်ုပ်အနေနှင့် ယုံမှားသံသယ မဖြစ်ရဲပါ။ အသင်တို့သည် ဝန်ထမ်းများစွာကို အုပ်ချုပ်နေရသူများဖြစ်သည့်အတွက် အသင်တို့၏ စဉ်းစားချင့်ချိန်နိုင်စွမ်းကိုလည်း ကျွန်ုပ် အထင်မသေးရဲပါ။

ထို့အတွက်လည်း အသင်တို့သည် မင်းအောင်လှိုင်၏ လုပ်ရပ်ကို တရားသည်၊ မျှတသည်၊ ထောက်ခံလိမ့်မည်၊ အားပေးလိမ့်မည် ဟု ကျွန်ုပ်မထင်ရက်ပါ။

 

သဟာဆို အဘယ်ကြောင့် သည်လို ဖြစ်သွားရဘိသနည်း။

အဖြေကား ရှင်းလှ၏။

အသင်တို့၏ ဉာဏ်ပညာနှင့် စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို ရာထူးနှင့် အာဏာက ဖုံးကွယ်လိုက်၍ ဖြစ်သတည်း။

ပါမောက္ခချုပ်ဟူသည့်ရာထူးမှာ လွယ်လွယ်နှင့် ရနိုင်သည့်ရာထူး မဟုတ်။ ပါမောက္ခချုပ်တစ်ယောက်၏ လုပ်ပိုင်ခွင့်မှာ လည်း မသေးလှ။ သည်တက္ကသိုလ်တစ်ခုလုံး အသင်တို့လက်အောက်တွင် ရှိ၏။

ဤသည်ကို လူတိုင်းသိ၏။ ဤသည်ပင်လျှင် ပြဿနာ၏ အရင်းအမြစ်လည်း ဖြစ်၏။

 

တစ်နိုင်ငံလုံးက ဝန်ထမ်းတွေ CDM လုပ်ကြပြီဆိုတော့ အသင်တို့သည်လည်း ‘ငါရော CDM လုပ်သင့်သလား’ ဟု နဖူးပေါ် လက်တင်၍သော် လည်းကောင်း၊ လက်ပေါ် နဖူးတင်၍သော် လည်းကောင်း၊ အပြန်ပြန်အလှန်လှန် စဉ်းစားလိမ့်မည် မချွတ်။

အသင်တို့သည် ပါမောက္ခချုပ် နှင့် CDM ဟူသည့် စကားနှစ်လုံးကို အပြန်ပြန် အလှန်လှန် ချိန်ထိုးကြည့်နေမည် မုချ။ အသင်တို့သည် ပါမောက္ခချုပ်ကို ရွေးမလား၊ CDM ကို ရွေးမလားဟု ဝေခွဲမရဖြစ်နေသဖြင့် ထမင်းလည်း ကောင်းကောင်း မစားနိုင်။ အိပ်လည်း ကောင်းကောင်းမအိပ်နိုင်ဘဲ အိပ်ယာပေါ်တွင် ဟိုလူး၊ သည်လိမ့်ဖြင့် တစ်မှေးမှ မမှေးလိုက်ရဘဲ မိုးလင်းသွားသည်မှာ အနည်းဆုံး (၃) ညလောက်ပင် ရှိပေလိမ့်မည်။

 

သို့တိုင် ပါမောက္ခချုပ်တည်းဟူသည့် ရာထူးနှင့် အရှိန်အဝါကို CDM ဟူသည့် ဘာမှမဟုတ်သည့် မလောက်လေး၊ မလောက်စား၊ မဖြစ်ညစ်ကျယ် စကားလုံးလေးများက မယှဉ်နိုင်တော့ဘဲ စီဒီအမ်ချင်သည့်တိုင် မအမ်နိုင်တော့ဘဲ ရင်နာနာနှင့် လွှတ်ချလိုက်ရမှန်း ကျွန်ုပ်သိပါ၏။

 

သို့သော် အသင်တို့ ပွတ်ကာသီကာ၊ နည်းနည်းကလေး လွဲသွားသည်ဟု ကျွန်ုပ် ပြောချင်၏။

ခွေးသဒေါင်းဇားအုပ်စုသည် နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ဓားပြတိုက် သွားခဲ့၏။

အဓမ္မသမားတို့ သက်ဆိုးရှည်သည်ကို အသင်တို့ တွေ့ဖူးပါသလော။ 

ရုပ်ရှင်ထဲ၌ ရွှေဘ နောက်ပိုင်းကြမ်းသည်ကို အသင်တို့ မကြည့်ဖူးပါသလော။

၎င်းတို့သည် ကိုယ့်ဘာသာကိုယ်သာ အစိုးရလုပ်နေကြသည်။

၎င်းတို့သည် မည်သူ့ကို အစိုးရပါသနည်း။

၎င်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဟု မည်သည့်နိုင်ငံက လက်ခံသည်ဟု အသင်တို့ ကြားပါသနည်း။

အသင်တို့ကဲ့သို့ ကြောက်ချေးတုန်နေသူ လက်တစ်ဆုပ်စာ လူတစ်စုကလွဲပြီး ၎င်းတို့၏အာဏာ မည်သူ့အပေါ်၌ သက်ရောက်ပါသနည်း။

 

၎င်းတို့သည် ကျွန်ုပ်တို့၏ အစိုးရမဟုတ်။

ကျွန်ုပ်တို့ပြည်သူတစ်ရပ်လုံးက ၎င်းတို့ကို အစွမ်းကုန် ဆန့်ကျင်ဆန္ဒပြေနေသည်ကို အသင်တို့အမြင်၊ အသင်တို့ အသိ။

ကျွန်ုပ်တို့လက်မခံသရွေ့ကာလပတ်လုံး ၎င်းတို့သည် ကျွန်ုပ်တို့တိုင်းပြည်ကို မည်သည့်နည်းနှင့်မှ အုပ်ချုပ်လို့မရ။

စစ်ခွေးများသည် ကျွန်ုပ်တို့တိုင်းပြည်၏ အာဏာပိုင်အဖွဲ့အစည်းမဟုတ်။ 

၎င်းတို့သည် သူခိုး၊ ဓားပြများသာ ဖြစ်၏။

၎င်းတို့သည် လူရမ်းကားများသာ ဖြစ်၏။ 

၎င်းတို့သည် လူသတ်သမားများသာ ဖြစ်၏။

၎င်းတို့သည် လူယုတ်မာများသာ ဖြစ်၏။

၎င်းတို့သည် အကြမ်းဖက်သမားများသာ ဖြစ်၏။

 

သို့အတွက် ၎င်းတို့ထုတ်သမျှစာအားလုံး၊ အမိန့်အားလုံး တစ်ခုကမှ​ တရားမဝင်။

ထိုအမိန့်စာအားလုံး ဘာတစ်ခုကမှ $$$ဂရုစိုက်စရာ အကြောင်းမရှိ။ 

(ကတောက်စ်၊ နာ မရိုင်းတော့ဘူးလို့နေတာ။ ပြောရင်းပြောရင်း ဒေါပါလာပြီ။ စိတ်လျှော့၊ စိတ်လျှော့ကောင်လေး)

ကျွန်ုပ်တို့ပြည်သူများလက်ထဲသို့ အာဏာပြန်ရလာသည်နှင့် တပြိုင်နက် ထိုစာအားလုံး အမှိုက်စုတ်ဖြစ်သွားရမည်သာ ဖြစ်၏။ သို့အတွက် အသင်တို့သည် ဘာကိုများ ကြောက်နေရပါသေးသနည်း။

 

မိမိလုပ်ဖော်ကိုင်ဖက်များအား အလုပ်ဖြုတ်သည့် အမိန့်စာကို အသင်တို့သည် ပျော်ပျော်ကြီး လက်မှတ်ထိုးလိမ့်မည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။

အသင်တို့ထုတ်ပြန်လိုက်သည့် အလုပ်ဖြုတ်စာများကို ပြလျက် ကျွန်ုပ်တို့မိတ်ဆွေများ ဝမ်းသာအူမြူး ဖြစ်နေကြသည်ကို အသင်တို့သည် ရှက်ကြပါကုန်လော။

ပါမောက္ခဟူသည့်ရာထူးကြီးကိုစွန့်ကာ လမ်းဘေး၌ မုန့်ဟင်းခါးရောင်းနေသူများကို ပြည်သူအပေါင်းက ဝိုင်းဝန်း ချီးကျူး ကြ၊ ထောမနာပြုနေကြသည်များကို အသင်တို့သည် လန့်ကြပါကုန်လော။

CDM သမားများ၏ နေရာကိုဝင်ယူကာ ရာထူးတိုးသွားသူများအနေနှင့် မိမိရာထူးတိုးသည်ကို လူပုံအလယ်တွင် ထုတ်ဖော် ကြွားဝါဝံ့ပါသလော။ ကြွားရဲသည်ဆိုလျှင် ကြွားကြည့်ကြစမ်းပါ။

အသင်တို့သည် အများပြည်သူတို့၏ တံတွေးခွက်တွင် ပက်လက်တစ်ခါ၊ မှောက်ခုံတလှည့်ဖြင့် ပေါလော ပေါလောပင် မျောသွားပေလိမ့်ဦးမည်။

 

(၃)

 

အို - အသင်မိတ်ဆွေ ပါမောက္ခချုပ် ဆရာ/ဆရာမကြီးတို့ -

 

အသင်တို့သည် လိပ်ပြာသန့်သန့်နှင့် ထမင်းစားနိုင်၊ အိပ်နိုင်ကြပါသလား။

အသင်တို့သည် အများသူငါရှေ့မှောက်တွင် ရီရီမောမောနှင့် မော်ကြွားဝံ့နိုင်ကြပါသေးသလား။

အသင်တို့သည် ငါ ဘာတက္ကသိုလ်က ပါမောက္ခချုပ်ကွဟု ဂုဏ်ယူနိုင်ပါသေးသလား။

ကျွန်ုပ် သိလိုလှပါဘိ။

 

အသင်တို့သည် သူခိုး၊ ဓားပြ၊ လူသတ်သမား၊ အကြမ်းဖက်သမား၊ လူယုတ်မာများ ရှေ့မှောက် ဒူးထောက်နေကြရသည်ကို ရှက်ကြပါကုန်လော။

 

အသင်တို့သည် ဘာတစ်ခုမှ နားမလည်သူများက ကိုယ့်ကို အမိန့်ပေး ခိုင်းစေနေသည်များကို ရင်နာကြပါကုန်လော။

 

အသင်တို့သည် ကိုယ့်လောက်မှ​ ပညာမတတ်သူများက မဟုတ်တာတွေ အမိန့်ပေးသည်ကို လိုက်လုပ်နေရခြင်းအား ရွံရှာ မုန်းတီးကြပါကုန်လော။

 

အသင်တို့သည် အသင်တို့လက်ဝယ်ရရှိထားသည့် ရာထူးနှင့် မထိုက်တန်စွာပင် မြေမျက်နှာပြင်အောက် (၃) တောင် လောက်နက်အောင် မိမိတို့ ဂုဏ်သိက္ခာများ ကျဆင်းကုန်ရသည်ကို ကြောက်လန့်ကြပါကုန်လော။

 

အသင်တို့သည် သူခိုး၊ ဓားပြ၊ လူသတ်သမား၊ အကြမ်းဖက်သမား၊ လူယုတ်မာများပြုတ်မကျစေရေးအတွက် ထောက်ကန်ပေးထားရသည့် ဒေါက်တိုင်များ ဖြစ်နေရခြင်းကို စက်ဆုပ်ကြပါကုန်လော။

 

အသင်တို့သည် ပြည်သူတို့ အာဏာပြန်ရလာသည့်အခါ လူပုံအလယ် မျက်နှာငယ်ရမည့်အရေး တွေးကာ ထိတ်လန့်ကြပါကုန်လော။

 

လူဆိုသည်မှာ မှားတတ်ကြစမြဲဖြစ်၏။

မိမိအမှားကို မြင်ပြီး အချိန်မီ ပြန်ပြင်နိုင်သူမှသာ ပညာရှိဖြစ်၏။ သူတော်ကောင်းတို့ ချီးမွမ်းကြ၏။

အမှားကို ပြင်ခြင်း၌ နောက်ကျသည်ဟု မရှိ။

 

မိမိအမှားကို မှားမှန်းသိလျက် အမှန်ကိုမပြင်ဟုဆိုလျှင် သင်တို့လောက် မိုက်မဲသူ ဤလောက၌ မရှိနိုင်တော့ပြီ။

အသင်တို့သည် နောင်တရကြပါကုန်လော။

ငါတို့ သားမြေးတွေ သူတို့ပတ်ဝန်းကျင်ကို ဘယ်လိုမျက်နှာပြရပါမလဲဟု အသင်တို့သည် စိုးထိတ်ကြပါကုန်လော။

အသင်တို့သည် မိမိတို့သားစဉ်မြေးဆက်က ဂုဏ်ယူနိုင်သူများ ဖြစ်ကြပါကုန်လော။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၈ ဇူလိုင်၊ ၂၀၂၁

No comments: