Saturday, July 17, 2021

ကိုဗစ်၁၉ နှင့် အောက်ဆီဂျင်အကြောင်း သိကောင်းစရာ (၁)

အချီး

 

ယခုအခါ ပြဿနာအတက်ဆုံးမှာ အောက်ဆီဂျင်ဖြစ်သတည်း။

ကိုဗစ်ပြဿနာသည် မည်သည့်အခါမှ ပြီးဆုံးမည်မှန်း မည်သူမှ မသိ။

ကိုဗစ်ဝေဒနာသည်များအတွက် အောက်ဆီဂျင် အရေးတကြီးလို၏။

ထိုအခါ လူတို့အတွက် အောက်ဆီဂျင်ရှိရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးလာလေ၏။

အောက်ဆီဂျင်ရရေးအတွက် အောက်ဆီဂျင်စုစက် (Oxygen Concentrator) များကိုလည်း သူ့ထက်ငါ အလုအယက် ဝယ်ယူလျက်ရှိသဖြင့် ဈေးကွက်အတွင်း ပစ္စည်းများ ပြတ်လတ်သွားသည်ထိ ဖြစ်၏။

 

လေရူးသုန်သုန်၌ (ဘရိုင်ယန် ဆိုလား၊ သူ့နာမည် မေ့နေပြီ) ပြောခဲ့တာ သွားသတိရမိ၏။

သူက “စီးပွားရှာလို့အကောင်းဆုံးအချိန်ဟာ ခေတ်ပျက်ချိန်ပဲကွ” ဟု ဆို၏။

မြန်မာစကားပုံ၌လည်း မျက်ဖြူဆိုက်လေ၊​ ဆရာကြိုက်လေ ဟူသောစကားသည် ရှိ၏။

 

ယခု အောက်ဆီဂျင်ကြောင့် လူအများ ရတက်ပွေနေရသည်ကို အခွင့်ကောင်းယူကာ သာမန်ရေငွေ့မှုတ်စက်ကို ဂျင်းထုတ်စက် (ဟုတ်ပေါင်) အောက်ဆီဂျင်စုစက်ဆိုကာ ရောင်းနေကြကြောင်းများလည်း ကြားသိရ၏။ (ကျွန်ုပ်အသေအချာမသိလေ။)

 

ကျွန်ုပ်မိတ်ဆွေ ဆေ့ဖတီးသမားများက အများပြည်သူတို့ အောက်ဆီဂျင်ကို ရရာဓာတ်ငွေ့အိုးများဖြင့် ထည့်သွင်း သိုလှောင်၊ ဖြန့်ဖြူး၊​ သယ်ယူ၊ သုံးစွဲနေသည်များကို တွေ့ရသည့်အခါ စိတ်မသက်မသာ ခံစားကြရကုန်၏။ ထိုအခါ ကျွန်ုပ်အား အောက်ဆီဂျင်နှင့် အိုးများအကြောင်း ရေးသားဝေမျှပါရန် နားပူနားဆာတိုက်လေ၏။ ကျွန်ုပ်မှာ Audit အတွက် စာရွက်စာတမ်းများပြင်ခြင်းဖြင့် အလုပ်ရှုပ်လျက်ရှိရာ အချိန်အားဟူ၍ အနည်းငယ်မျှ မရှိလေ။ 

 

သို့သော် သည်အကြောင်းကို အများပြည်သူတို့ သိသင့်သည် ထင်သဖြင့် မအားလပ်သည့်အကြားမှ ရေးလိုက်ရပြန်သည် တမုံ့။

 

ဤဆောင်းပါးတွင် . . . 

§  ကိုဗစ်နှင့်အောက်ဆီဂျင်

§  အောက်ဆီဂျင်နှင့်အသက်

§  အောက်ဆီဂျင်ဓာတ်ငွေ့အိုး

§  အောက်ဆီဂျင်စုစက်

§  စက်မှုသုံးဓာတ်ငွေ့အိုးနှင့် ကျန်းမာရေးသုံးအောက်ဆီဂျင်ဓာတ်ငွေ့အိုးတို့ ကွာခြားပုံ

§  အောက်ဆီဂျင်ကို အန္တရာယ်ကင်းစွာအသုံးပြုနည်း . . . စသည်တို့ပါ၏။


(၂) ကိုဗစ်နှင့် အောက်ဆီဂျင်

 

Sars Cov-2 ဗိုင်းရပ်စ်ပိုးသည် ကိုဗစ်၁၉နျူမိုးနီးယားနှင့် ဟိုက်ပိုဇီးမီးယားတို့ကို ဖြစ်စေ၏။ ဟိုက်ပိုဇီးမီးယားသည် သွေးအတွင်း အောက်ဆီဂျင်လျော့ကျမှုကို ဖြစ်စေ၏။ ဤသည်ပင်လျှင် ကိုဗစ်၁၉ ကြောင့် သေဆုံးမှုဖြစ်ရသော အဓိက အကြောင်းတစ်ရပ်လည်း ဖြစ်၏။ ကိုဗစ်ကူးစက်ခံရသော လူနာများအတွက် အောက်ဆီဂျင်သည် အသက်ကယ်ဆေး ဖြစ်၏။

 

သို့တိုင် အောက်ဆီဂျင်လျော့နည်းသူတိုင်းတော့ အသက်ရှူခက်ခဲခြင်းမဖြစ်ပါ။ ကိုဗစ်ဖြစ်နေသူ လူနာတစ်ဦး၏ အောက်ဆီဂျင်အဆင့်ကို pulse oximeter ဖြင့် တိုင်းနိုင်၏။ ထိုကိရိယာလေးကို လက်ဖျား၊ ခြေဖျား၊ နားရွက် တို့တွင်ညှပ် ပြီး တိုင်းနိုင်၏။ 

 

ဤကိရိယာဖြင့်တိုင်းတာခြင်းတွင် နာကျင်မှုမရှိ။ ၂ မိနစ်မတိုင်မီ အဖြေသိရသည်။ ထိုမီတာကလေးက လူနာ၏ သွေးထဲမှ အောက်ဆီဂျင်ပမာဏကို ရာခိုင်နှုန်းဖြင့် ဖော်ပြ၏။


(မှတ်ချက်။       ။ စင်ကာပူတွင် အိမ်ထောင်စုတစ်ခုလျှင် အောက်ဆီဂျင်တိုင်းစက်တစ်ခုကျ အစိုးရက (အခမဲ့) ထောက်ပံ့ပေး၏။)

 

လူကောင်း (ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ) တစ်ဦး၏ သွေးတွင်းအောက်ဆီဂျင်ပမာဏမှာ ၉၅ မှ ၁၀၀% ဖြစ်၏။ သွေးတွင်း အောက်ဆီဂျင်လျော့ကျလာမှု၏ လက္ခဏာများမှာ အသက်ရှူရခက်လာခြင်း၊ မျက်နှာ၊ နှုတ်ခမ်းများ ပြာလာ ခြင်း၊ ကောင်းစွာလမ်းမလျှောက်နိုင်ခြင်း၊ ပြာဝေလာခြင်းတို့ ဖြစ်၏။ လူကြီးများတွင် ရင်ဘတ်အောင့်တတ်၏။ ကလေး များတွင် အသက်ရှူသည့်အခါ နှာခေါင်းပွလာခြင်း၊ အသက်ရှူသံပြင်းပြင်း ကြားရခြင်း၊ မစားနိုင်မသောက်နိုင်ဖြစ်ခြင်း တို့ ဖြစ်တတ်၏။ 

 

အောက်ဆီဂျင်ကျသည့် လက္ခဏာများ မပြသည့်တိုင် သွေးတွင်းအောက်ဆီဂျင်ပါဝင်နှုန်း ၉၀% အောက်လျော့ကျသွား လျှင် ထိုလူနာကို အောက်ဆီဂျင်ပေးရန် လိုပါသည်။ အချို့ကိုဗစ်လူနာများမှာ ကိုဗစ်ရောဂါလက္ခဏာမပြသည့်တိုင် ရောဂါရှိနေတတ်၏။ ထိုလူနာများတွင် အောက်ဆီဂျင် ကျတတ်၏။ အကယ်၍ လူနာတွင် အောက်ဆီဂျင်ကျသည့် လက္ခဏာများ ပြလာပြီဆိုလျှင်မူ အလျင်အမြန် အောက်ဆီဂျင်ပေးရန် လို၏။

 

အောက်ဆီဂျင်ကို မွေးကင်းစ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအပါအဝင် အသက်အရွယ်၊ ကျားမ မရွေး မည်သူ့ကိုမဆို ပေးနိုင်၏။ 

 

အောက်ဆီဂျင်ပေးခြင်းမှာလည်း ဘာမှ မခက်ပါ။ 

အောက်ဆီဂျင်အိုး သို့မဟုတ် အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်ထားသော အောက်ဆီဂျင်ပိုက်ကို လူနာ၏ နှာခေါင်းပေါက်အတွင်း အသာအယာထိုးထည့်လိုက်ရုံဖြစ်၏။ ထိုပိုက်ကို nasal cannula ဟု ခေါ်၏။ ပိုက်ကလေးများမှာ သေးငယ်လှသည်ဖြစ်ရာ နှာခေါင်းအတွင်းထိုးထည့်သည့်တိုင် နာကျင်ခြင်းမဖြစ်ပါ။

 

အောက်ဆီဂျင်ပေးထားစဉ်၌လည်း လူနာ၏ အောက်ဆီဂျင်အဆင့်ကို Pulse oximeter ဖြင့် အမြဲမပြတ် စောင့်ကြည့် နေရန် လို၏။ လူနာ၏ အောက်ဆီဂျင်အဆင့် ၉၀%​ ကျော်လာပြီဆိုလျှင် အောက်ဆီဂျင်ပေးခြင်းကို ရပ်တန့်နိုင်ပါပြီ။ အောက်ဆီဂျင်ပေးလျက်နှင့်မှ အောက်ဆီဂျင်တက်မလာဟု ဆိုလျှင်မူ အရေးပေါ်ကုသရန် လိုပါသည်။

 

အောက်ဆီဂျင်ပေးစနစ်တစ်ခုအတွက် ကိရိယာလေးများလို၏။ ၎င်းတို့တွင် အောက်ဆီဂျင် အရင်းအမြစ် (အောက်ဆီဂျင် အိုးဖြင့်ဖြစ်စေ၊ အောက်ဆီဂျင်ထုတ်စက်ဖြစ်စေ)၊ အောက်ဆီဂျင်စီးနှုန်းတိုင်းမီတာ (flow meter)၊ အောက်ဆီဂျင်ပိုက် (Oxygen tube)၊ အောက်ဆီဂျင်သန့်စင်မှုကို တိုင်းတာပေးသည့် Oxygen Analyser နှင့် လျှပ်စစ်မီးတို့ ဖြစ်၏။ ထို့ပြင် လေ့ကျင့်ပေးထားသည့် ကျန်းမာရေးလုပ်သားများ၊ စက်ကိုပြုပြင်ထိန်းသိမ်းမည့် လုပ်သားများလည်း လိုပါသည်။

 

အောက်ဆီဂျင်ကို နည်းသုံးမျိုးဖြင့်ရနိုင်၏။ ၎င်းတို့မှာ ၁။ အောက်ဆီဂျင်အိုး (Oxygen cylinders) ၂။ အောက်ဆီဂျင် စုစက် (Oxygen concentrator)၊ အောက်ဆီဂျင်ထုတ်စက် (Oxygen Generator) တို့ဖြစ်၏။ 

 

(၃) အောက်ဆီဂျင်နှင့်အသက်

 

ကျွန်ုပ်တို့ အသက်ရှင်ရေးအတွက် အောက်ဆီဂျင်သည် မရှိမဖြစ် လိုအပ်၏။ တစ်နည်းဆိုရလျှင် အောက်ဆီဂျင်သာ မရှိပါက ကျွန်ုပ်တို့ အသက်မရှင်နိုင်။ အသက်အရွယ်ကြီးရင့်လာခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မြင့်မားသော အရပ်ဒေသ များတွင် နေထိုင်ခြင်း၊ အလွန်ပြင်းထန်သည့် လေ့ကျင့်ခန်းများလုပ်ခြင်း၊ ကာလကြာရှည်စွာ အိပ်မပျော်ခြင်း၊ ဆေးလိပ် သောက်ခြင်း သို့မဟုတ် ဆေးလိပ်မီးခိုးများကို ရှူရှိုက်ရခြင်း စသည့်အကြောင်းများကြောင့် အောက်ဆီဂျင် အလုံ အလောက် မရခြင်း ဖြစ်တတ်၏။ အောက်ဆီဂျင်အလုံအလောက်မရသည့် လူနာများကို အိုမီဂါ 3 ဖက်တီးအက်စစ်၊ branched-chain အမိုင်နိုအက်စစ်၊ ဓာတ်စာများပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အောက်ဆီဂျင် တိုက်ရိုက်ပေးခြင်း များဖြင့် ကုသနိုင်၏။

 

လူ့ခန္ဓာကိုယ်အတွင်းမှ တစ်သျှူးနှင့် ကလီစာအားလုံးလိုလိုသည် ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် အောက်ဆီဂျင်လို၏။ ဥပမာအားဖြင့် ဆိုရလျှင် အနားယူနေစဉ်၌ ဦးဏှောက်သည် အောက်ဆီဂျင် ၂၀% ကိုလိုအပ်ရာ ထိုအောက်ဆီဂျင်ကို 

နှလုံးက တွန်းပို့ပေး၏။ အထူးအားဖြင့် လူ့ခန္ဓာကိုယ် အလေးချိန်၏ ၂% မျှသာရှိသော ဦးဏှောက်သည် လူ့ခန္ဓာကိုယ်မှ ကျန်အစိတ်အပိုင်းများအားလုံးထက်စာလျှင် အောက်ဆီဂျင်လိုအပ်ချက် အများဆုံးဖြစ်၏။ အောက်ဆီဂျင်သာ မရလျှင် ဦးဏှောက်သည် ၄ မိနစ်မှ ၆ မိနစ်အတွင်း ရပ်သွားနိုင်၏။ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဦးဏှောက်က ထိန်းချုပ်ထားခြင်း ဖြစ်သည့်အတွက် ဦးဏှောက်သေခြင်းသည် အသက်သေဆုံးခြင်းလည်း ဖြစ်၏။

 

အသက်ရှူရာမှရလာသည့် အောက်ဆီဂျင်ကို အဆုပ်ရှိ လေပြွန်လေးများမှတဆင့် သွေးက စုပ်ယူလိုက်၏။ သွေးအတွင်းရှိ ဟေမိုဂလိုဘင် (သွေးနီဥ) က အောက်ဆီဂျင်အားဖြင့် တစ်သျှူးများအား အာဟာရနှင့် စွမ်းအင်ရအောင် စွမ်းဆောင်ပေး သည်။ အကယ်၍ တစ်သျှူးများသည် အောက်ဆီဂျင် အလုံအလောက်မရတော့လျှင် ကောင်းကောင်း အလုပ်မလုပ်နိုင် တော့။ ၎င်းကို ဟိုက်ပေါက်ဇစ် (hypoxic) ဟုခေါ်ပြီး အသက်အန္တရာယ်ရှိ၏။ 

 

 

သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုကို Oximeter ဖြင့်တိုင်းတာနိုင်၏။ အောက်ဆီဂျင်ပါဝင်မှုကို SpO2 ဟု ခေါ်၏။ သို့တိုင် မီတာကဖော်ပြသည့်ဂဏန်း မည်မျှမှန်ကန်တိကျသည်ဆိုသည်မှာ အချက်များစွာပေါ် မူတည်နေပါသည်။ လူနာ၏ လက်ဖျားများ အေးနေလျှင် ဖော်ပြသည့်ဂဏန်းများ မမှန်နိုင်။

 

သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုမှာ ၉၅% မှ ၁၀၀% ထိရှိရပါမည်။ အကယ်၍ ၉၅% အောက်ရောက်သွားလျှင် အောက်ဆီဂျင်ရရန် တစ်နည်းနည်းဖြင့် ပံ့ပိုးပေးရပါမည်။

 

နှိပ်နယ်ပေးခြင်းဖြင့် သွေးလှည့်ပတ်နှုန်းကောင်းလာနိုင်၏။ သွေးလှည့်ပတ်နှုန်းကောင်းလာလျှင် အောက်ဆီဂျင် ပိုရ လာနိုင်၏။ သို့တိုင် လူနာ၏ ခန္ဓာကိုယ်အနေအထား မမှန်ပါက နှိပ်ခြင်း၏ထိရောက်မှုကို အဟန့်အတား ဖြစ်စေနိုင်၏။ အချို့သောဓာတ်စာများ ဥပမာ - Coenzyme Q10 (CoQ10), Ginkgo biloba, Beetroot (Beta Vulgaris) တို့သည် အောက်ဆီဂျင်ရမှုကို အထောက်အကူဖြစ်စေ၏။


(၄) ကျန်းမာရေးသုံး အောက်ဆီဂျင်ဓာတ်ငွေ့အိုး

 

ကျန်းမာရေးသုံးအောက်ဆီဂျင်သည် အရောင်အဆင်း၊ အနံ့အရသာမရှိ။ ၎င်းကို ဖိအားမြင့်ဓာတ်ငွေ့အိုးများတွင် ထည့်သွင်း သိုလှောင်ထား၏။ အောက်ဆီဂျင်ဓာတ်ငွေ့အိုးများ၏ ကိုယ်ထည်အရောင်မှာ အနက်ရောင်၊ ဓာတ်ငွေ့အိုးပုခုံး (အပေါ်ပိုင်း) မှာ အဖြူရောင်ဖြစ်၏။ အောက်ဆီဂျင်ကို ဓာတ်ငွေ့အိုးအတွင်း ဖိအား ပေါင် ၂၀၀၀ (2000 PSI (138 bar)) ခန့်ဖြင့် ဖိနှိပ်ထည့်သွင်းထား၏။ လူနာကိုပေးသည့်ပိုက် အထွက်တွင်မူ ဖိအားမှာ ၄ ဘားမျှသာ ရှိ၏။ ဖိအားမြင့်ဓာတ်ငွေ့ ကိုဖိအားလျှော့ချရန် မင်နိုမီတာ (manometer) သို့မဟုတ် pin index ကို သုံး၏။ မည်သည့်အမျိုးအစား manometer ကိုမဆို ဓာတ်ငွေ့အိုးအားလုံး၌ သုံးနိုင်၏။

 

အိုးအရွယ် CD တွင် ထည့်နိုင်သည့် အောက်ဆီဂျင်မှာ ၄၆၀ လီတာ ဖြစ်၏။ ဓာတ်ငွေ့ အထွက်စီးဆင်းနှုန်းမှာ တစ်မိနစ် လျှင် ၁ လီတာ မှ ၁၅ လီတာ ဖြစ်၏။ အောက်ဆီဂျင်စီးနှုန်းကို အများဆုံး တစ်မိနစ်လျှင် ၂ လီတာ (2 liters per minute) ထိသာ ချိန်ထားသင့်၏။ ထို့ထက်ပိုလို့ မကောင်းပေ။

 

အောက်ဆီဂျင်ဓာတ်ငွေ့အိုးနှင့် တွဲဖက်သုံးရန် အောက်ပါကိရိယာများ လို၏။

§  အောက်ဆီဂျင်မျက်နှာဖုံး (Oxygen mask)

§  oxygen cannula, 

§  oxygen catheter or ရေဘူး (water container)

 

ထိုပစ္စည်းများကို အပိုဆောင်ထားသင့်၏။ အောက်ဆီဂျင်မျက်နှာဖုံးတပ်သည့်အခါ နှာခေါင်းရော ပါးစပ်ပါ အုပ်မိပါစေ။ ရေဘူးမှာ အောက်ဆီဂျင်သို့ ရေငွေ့ထပ်ပေါင်းပေးရန်ဖြစ်ပြီး ၎င်းကို မင်နိုမီတာနှင့် ဆက်ထား၏။

 

ကျန်းမာရေးသုံး အောက်ဆီဂျင်ဓာတ်ငွေ့အိုးများကို သံဖြင့်သော်လည်းကောင်း အလူမီနီယမ်ဖြင့်သော်လည်းကောင်း ပြုလုပ်၏။ ဓာတ်ငွေ့အိုးအရွယ် အစားစားရှိ၏။ ၁၀ လီတာဝင်ဓာတ်ငွေ့အိုးများမှာ သယ်ရလွယ်၏။ ၁၀ လီတာထက် ပိုကြီးသည့် ဓာတ်ငွေ့အိုးများကို တစ်ယောက်တည်းသယ်ရန် မတတ်နိုင်။ 

 

§  အောက်ဆီဂျင်ဓာတ်ငွေ့အိုး၌ အိုးအတွင်း ဓာတ်ငွေ့မည်မျှရှိသည်ကို သိနိုင်ရန် မီတာတပ်ဆင်ထားရမည်။ 

§  အောက်ဆီဂျင်ဓာတ်ငွေ့အိုးကိုမသုံးမီ Flow selector ကို သုည၌ချိန်ထားရမည်။

§  ဓာတ်ငွေ့အိုးမှဗားကို နောက်ဆုံးရပ်သွားသည်ထိ နာရီလက်တံပြောင်းပြန်အတိုင်း ဖြည်းညင်းစွာလှည့်ပါ။ ထို့နောက် ယိုစိမ့်မှုရှိမရှိစစ်ပါ။

§  ဓာတ်ငွေ့ထွက်ပေါက်ကို မည်သည့်အရာနှင့်မှ ပိတ်ဆို့မနေပါစေနှင့်။ အကယ်၍ အမှုန်အမွှားများ၊ အခြား အမှိုက်သရိုက် များရှိနေပါက flow ကို အဆုံးထိဖွင့်ပြီး မှုတ်ထုတ်လိုက်ပါ။

§  ထို့နောက်မှ အောက်ဆီဂျင်ပိုက်ကို သေချာစွာ ဆက်ပါ။ 

§  ဓာတ်ငွေ့အိုးနှင့် အဆက်များကို သေချာစွာစစ်ပါ။ အကယ်၍ လေချွန်သံကြားရပါက ဓာတ်ငွေ့ယိုစိမ့်ကြောင်း သိနိုင်သည်။ ထိုအခါ ဗားကိုပြန်ပိတ်ပါ။ အဆက်များကို ပြန်ဖြုတ်လျက် သေချာစွာ ပြန်ကြပ်ပါ။ 

§  ကိရိယာများကို ဓာတ်ငွေ့အိုးတွင် တပ်ဆင်သည့်အခါ အလွန်အမင်း မကြပ်ပါနှင့်။ အားလွန်ကာ ကျိုးတတ်၏။

 

အောက်ဆီဂျင်အိုးကို သုံးလျှင် . . . 

§  ထိုအောက်ဆီဂျင်အိုးကို ဆေးကုသရန်အတွက် သီးသီးသာသုံးပါ။

§  အောက်ဆီဂျင်အိုးအား မည်ကဲ့သို့သုံးရမည်ကို တတ်ကျွမ်းနားလည်သည့်သူကသာ သုံးပါ။

§  အသုံးမပြုသည့်အခါ အိုးမှဗားကို ပိတ်ထားပါ။ ဗားကိုပိတ်သည့်အခါ အားအလွန်အကျွံမသုံးပါနှင့်။

§  အိုးကို တစ်ခုခုနှင့် မရိုက်မိပါစေနှင့်။ ထောင်ထားရာမှ လဲမကျပါစေရန် အထူးသတိပြုပါ။

§  အိုးကို သယ်ရလွယ်စေရန်နှင့် လဲမကျအောင်ထိန်းရန် ဘီးပါသည့် တွန်းလှည်းပေါ်တင်ထားပါ။ တိုင်စသည့် ခိုင်မြဲသည့် နေရာတစ်ခုခုတွင် တုပ်နှောင်ထားပါ။

 






§  အောက်ဆီဂျင်ဓာတ်ငွေ့ သုံးနေသည့် လူနာအနီး၌ ဆေးလိပ်သောက်ခြင်း၊ မီးခြစ်ခြင်း စသည်တို့မလုပ်ရ။

§  အကယ်၍ မီးလောင်လျှင် မည်သည့်မီးသတ်ဘူးအမျိုးအစားနှင့်မဆို မီးသတ်နိုင်ပါသည်။ 

§  မီးလောင်ပြီဆိုပါက ဖြစ်နိုင်လျှင် ဗားကို ကြိုးစားပြီးပိတ်ပါ။ ဓာတ်ငွေ့အိုးကို ရေနှင့်ဖြန်းထားပါ။ 

§  ဓာတ်ငွေ့အိုးကို မီးနှင့်ဝေးရာသို့ သယ်သွားပါ။

 

အောက်ဆီဂျင်ဓာတ်ငွေ့အိုးမှာ အကန့်အသတ်ရှိ၏။ သယ်ရခက်၏။ ထုံးစံအားဖြင့် ဓာတ်ငွေ့အိုးတစ်လုံးလျှင် လူနာတစ်ဦး အတွက်သာ သုံးလေ့ရှိ၏။ ဓာတ်ငွေ့အိုးတစ်လုံးလျှင် လူနာ၏ ရောဂါပြင်းထန်မှု အခြေအနေပေါ်လိုက်၍ ၂၄ နာရီမှ ၇၂ နာရီထိ သုံးနိုင်၏။ သို့တိုင် ရောဂါအပြင်းအထန်ခံစားနေရသည့် ကိုဗစ်လူနာတွင် အောက်ဆီဂျင်ကို ကျစေသည့် ဟိုက်ပို ဇီးမီးယားမှာ တစ်ပတ်ထက်ပို ကြာတတ်သဖြင့် အောက်ဆီဂျင်ကို ဓာတ်ငွေ့အိုးများဖြင့် သုံးရသူများအတွက် အောက်ဆီ ဂျင် ပြတ်လတ်မည့် အန္တရာယ်ရှိ၏။ ဓာတ်ငွေ့အိုးတစ်လုံးကို မည်မျှကြာကြာ သုံးနိုင်သည်ဆိုခြင်းမှာ ဓာတ်ငွေ့အိုး အရွယ် နှင့် ဓာတ်ငွေ့စီးနှုန်းတို့ပေါ် မူတည်ပါသည်။ ဥပမာ - ၁၀ လီတာဝင် ဓာတ်ငွေ့အိုးတစ်လုံးကို ဓာတ်ငွေ့စီးနှုန်း 7 liter/min ဖြင့် သုံးပါက ၆ နာရီမျှသာ ခံပါလိမ့်မည်။ ၅ လီတာအိုးဆိုလျှင်မူ ၃ နာရီမျှသာ ခံပါမည်။


အပိုင်း (၂) သို့ ဆက်ရန်


အေးငြိမ်း (လေးမျက်နှာ)

၁၇ ဇူလိုင် ၂၀၂၁


No comments: