(၅) အောက်ဆီဂျင်စုစက် (Oxygen Concentrator)
အောက်ဆီဂျင်စုစက်မှာ သေးငယ်၏။ ထိုစက်က လေကို စုပ်ယူပြီး လေထဲ၌ ၇၈% ပါဝင်နေသည့် နိုက်ထြိုဂျင်ဓာတ်ငွေ့ ကို ထုတ်ပစ်လိုက်၏။ ထိုအခါ လုံးဝနီးပါးသန့်စင်သည့် အောက်ဆီဂျင်ကို ရလေသည်။ ထိုစက်မှာ အိမ်သုံးဖြစ်၏။ များသောအားဖြင့် ထိုစက်ကို နာတာရှည်အဆုပ်ရောဂါ ခံစားနေရသူများအတွက် သုံးကြ၏။ ၁၉၉၀ ခုနှစ်များဆီက အလယ်အလတ် သို့မဟုတ် ဆင်းရဲသည့်တိုင်းပြည်များတွင် ဆေးရုံများ၌ ထိုစက်များကို ထိထိရောက်ရောက် သုံးခဲ့ကြ၏။
ဓာတ်ငွေ့အိုးထက်စာလျှင် အောက်ဆီဂျင်စုစက်သည် ပိုပြီး အန္တရာယ်နည်း၏။ အလွယ်တကူသယ်ဆောင်နိုင်၏။
(ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့က ၂၀၀၇ ခုနှစ်ခန့်က မင်းဘူးဆေးရုံကြီးသို့ Oxygen Concentrator စက် တစ်လုံးလား၊ နှစ်လုံးလားမသိ လှူခဲ့ဖူးပါသည်။)
5 lpm (တစ်မိနစ်လျှင် ၅ လီတာ) အောက်ဆီဂျင်စုစက်များကို သာမန် ကိုဗစ် ၁၉ ရောဂါသည်များအတွက် သုံးနိုင်သည် ဆိုစေ။ ရောဂါ အပြင်းအထန် ခံစားနေရသူများအတွက် မလုံလောက်ပါ။
အောက်ဆီဂျင်စုစက်တစ်လုံးလျှင် ကလေး (၅) ဦး (သို့မဟုတ်) ရောဂါခံစားနေရသည့် လူကြီး (၂) ဦး တစ်ပြိုင်နက် သုံးနိုင်၏။ အောက်ဆီဂျင်စုစက်က လေထဲမှ အောက်ဆီဂျင်ကိုယူသည်ဖြစ်ရာ အောက်ဆီဂျင်ကို အဆက်မပြတ် ပေးနိုင်၏။ ပြန်ဖြည့်နေစရာမလို။ ဈေးမှာလည်း သင့်ပါသည်။ အမေရိကန်ဒေါ်လာ ၅၀၀ မှ ၁၀၀၀ ကြားခန့်ရှိ၏။ စက်အမျိုးအစားကိုလိုက်၍ ပိုပြီးကောင်းသော စက်များမှာမူ စင်ကာပူဒေါ်လာ ၃၀၀၀ ခန့်ထိ ရှိပါသည်။ သို့သော် လျှပ်စစ် မီးလို၏။ စက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သူလို၏။ ပြုပြင်ထိန်းသိမ်းတတ်သူ လို၏။ အမေရိကန်၊ ဥရောပ၊ တရုတ်၊ အိန္ဒိယ နှင့် ရုရှားနိုင်ငံတို့တွင် ထုတ်လုပ်၏။
လေထုထဲရှိ အောက်ဆီဂျင်ကို စုယူပုံမှာ ရိုးရှင်းပါသည်။
လေထုထဲတွင် အောက်ဆီဂျင် ၂၁% နှင့် နိုက်ထြိုဂျင် ၇၈% ပါပြီး ကျန် ၁% မှာ အာဂွန်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ နီယွန်၊ ဟီလီယမ်နှင့် ဟိုက်ဒြိုဂျင်တို့ ဖြစ်၏။
လေကိုစုပ်ယူပြီး အပူချိန်ကို အနုတ် ၁၈၁ ဒီဂရီစင်တီဂရိတ်ရောက်အောင် လျှော့ချလိုက်၏။ ထိုအခါ အောက်ဆီဂျင်မှာ အရည်ဖြစ်သွား၏။ ရေဆူမှတ် အနုတ် ၁၉၆ ဒီဂရီစင်တီဂရိတ်ရှိသော နိုက်ထြိုဂျင်မှာမူ အငွေ့ဘဝနှင့်သာ ရှိသေးရာ အရည်ဖြစ်နေပြီဖြစ်သော အောက်ဆီဂျင်ကို ဖောက်ထုတ်ယူလိုက်၏။ ထို့နောက် ဖိအားကိုလျှော့ချလိုက်ပြီး ဖိအားနိမ့် ပေါင်းခံအိုးထဲတွင် သန့်စင်၏။ ထိုသန့်စင်ပြီးသား အောက်ဆီဂျင်အရည်များကို ခရိုင်ယိုဂျင်းနစ်အိုးများတွင်ထည့်ကာ သယ်ယူ၏။
- 181° Cအပူချိန်တွင် အာဂွန်သည်လည်း အောက်ဆီဂျင်နှင့် အတူရောပြီး အရည်ပျော်လိုက်လာသည်ဖြစ်ရာ အောက်ဆီဂျင်နှင့်အတူ အာဂွန်လည်း ရောပါလာ၏။ ထို့ကြောင့် အောက်ဆီဂျင်စုစက်က ထုတ်ပေးလိုက်သည့် အောက်ဆီဂျင်မှာ လုံးဝသန့်စင်သည့် အောက်ဆီဂျင် (၁၀၀% အောက်ဆီဂျင်) မဟုတ်။ အာဂွန် ၅% ခန့် ပေါင်းစပ် ပါဝင်နေသည့် အောက်ဆီဂျင် ၉၅% သာဖြစ်၏။ အကယ်၍သာ အောက်ဆီဂျင်ကို ပိုဆွဲသုံးမည်ဆိုပါက အောက်ဆီဂျင် ပါဝင်နှုန်းမှာ ၈၅-၉၀% ထိ ကျဆင်းသွားနိုင်ပေသေး၏။
အောက်ဆီဂျင်စုပုံ နောက်တစ်မျိုးမှာ ဇီယိုလိုက် (Zeolite) သုံး၍ စုခြင်းဖြစ်၏။ အောက်တွင် အောက်ဆီဂျင်စုစက် တစ်လုံး အလုပ်လုပ်ပုံကို ဖော်ပြထား၏။
အောက်ဆီဂျင်စုစက် အလုပ်လုပ်ရာတွင် အဆင့် (၅) ဆင့်ရှိ၏။
၁။ သာမန်လေထုထဲမှ လေကို စုပ်ယူခြင်း
၂။ အောက်ဆီဂျင်ကို ဖိသိပ်ခြင်း
၃။ လေထဲမှ နိုက်ထြိုဂျင်ကို ဖယ်ထုတ်ခြင်း
၄။ အောက်ဆီဂျင် မည်မျှထုတ်မည်ကို ချိန်ညှိခြင်း
၅။ သန့်စင်ပြီးသား အောက်ဆီဂျင်ကို လူနာထံ ပို့လွှတ်ခြင်း
အောက်ဆီဂျင်စုစက်၌ အစိတ်အပိုင်းကလေးများ များစွာပါ၏။ အဓိက အစိတ်အပိုင်း (၂) ခုမှာ ဖိသိပ်စက် (compressor) နှင့် ဇကာ (sieve bed filter) တို့ဖြစ်၏။ Compressor က လေကိုဖိသိပ်လိုက်ပြီး စက်အတွင်းရှိ ဇကာများဆီသို့ ပို့ပေးလိုက်၏။ ဇကာ (sieve bed filter) က လေထဲမှ နိုက်ထြိုဂျင်ကို ဖယ်ထုတ်ပေး၏။ ဇကာအတွင်း၌ ဇီယိုလိုက် ခေါ် လူလုပ်အလူမီနီယမ်ဆီလီကိတ် ပစ္စည်းတစ်မျိုးရှိ၏။ ဇီယိုလိုက်တွင် အပေါက်ကလေးများပါသည့် မျက်နှာပြင် ခြောက်ဖက်ရှိ၏။ ၎င်းက ဓာတ်ငွေ့မော်လီကျူးကလေးများကို အရွယ်နှင့်ပိုစွန်းအလိုက် ဖမ်းယူထား၏။
အောက်ဆီဂျင်စုစက်၌ ဇကာနှစ်ခုပါ၏။
အောက်ဆီဂျင်စုစက်အတွင်း ဝင်လာသည့်လေကို ဖိညှစ်လိုက်ပြီး ပထမဇကာတစ်ခုကို ဖြတ်စေ၏။ ရလာသည့် အောက်ဆီဂျင်ကို ထုတ်ကုန်တိုင်ကီအတွင်း၌စု၏။ ထိုအခါ ပထမဇကာ၌ နိုက်ထြိုဂျင်များဖြင့် ပြည့်နှက်သွား၏။
ထို့နောက် ဖိညှစ်ထားသည့်လေကို ဒုတိယဇကာဘက်သို့ ပို့ပေးလိုက်၏။
ပထမဇကာမှ လေညှစ်စက်ကို အပြင်သို့ထုတ်လိုက်၏။ ထိုအခါ ထုတ်ကုန်တိုင်ကီအတွင်းမှအောက်ဆီဂျင်သည် ပထမ ဇကာအတွင်း ပြန်ဝင်လာ၏။ ပထမဇကာအတွင်း၌ ဖိအားကျသွားသည့်အခါ ဇီယိုလိုက်က နိုက်ထြိုဂျင်ကို ထုတ်ပစ်လိုက် ၏။
နိုက်ထြိုဂျင်နှင့် အောက်ဆီဂျင်သည် အတူပြန်လာပြီးနောက် လေထုထဲသို့ စွန့်ပစ်လိုက်၏။ ထိုလေကို ဖိညှစ်ကာ ဒုတိယ ဇကာသို့ပို့လိုက်၏။ ဒုတိယဇကာမှ အောက်ဆီဂျင်ကို ထုတ်ကုန်တိုင်ကီအတွင်းသို့ ပို့လွှတ်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုအစဉ်ကြီးတစ်ခုလုံး အစအဆုံး ပြန်လည်ပတ်ပြန်လေ၏။
အခြားအရေးပါသည့် အစိတ်အပိုင်းများမှာ အောက်ဆီဂျင်စုစက်ကို အပူလွန်ကဲခြင်းမဖြစ်စေရန် ထိန်းပေးထားသည့် အအေးခံစနစ်။
လုံးဝသန့်စင်ပြီးသွားသည့် အောက်ဆီဂျင်ကို လူနာဆီပို့လွှတ်ပေးမည့် အောက်ဆီဂျင်ပိုက် (nasal cannula) တို့ဖြစ်၏။ Cannula က အောက်ဆီဂျင်စုပ်ယူနိုင်စွမ်းကို ပိုကောင်းစေ၏။
သယ်ယူရွှေ့ပြောင်းနိုင်သည့် အောက်ဆီဂျင်စုစက်များကို အောက်ဆီဂျင်ရစေရန် နှစ်မျိုးဆင်ထားနိုင်၏။ တစ်မျိုးမှာ pulse dose ဖြစ်ပြီး နောက်တစ်မျိုးမှာ continuous flow ဖြစ်၏။
Pulse dose ကို နေ့ဘက်တွင်သုံး၏။ ၎င်းမှာ အသက်ရှူရန် အောက်ဆီဂျင်ကို cannula မှပို့ပေး၏။
Pulse dose နည်းပညာသုံး အောက်ဆီဂျင်စုစက်မှာ ပိုပြီးကျစ်လျစ်၏။ ဘက်ထရီကို ပို၍ ကြာရှည်စွာသုံးနိုင်၏။
Continuous flow ဒီဇိုင်း အောက်ဆီဂျင်စုစက်မှာ ပြွန်များမှတဆင့် ပို၍တည်ငြိမ်သော အောက်ဆီဂျင်စီးနှုန်းကို ပေး၏။ အိပ်နေစဉ် အောက်ဆီဂျင်ပေးရန်လိုသူများအတွက် ဤဒီဇိုင်းမှာ ပိုမိုသင့်တော်၏။
အသေးစား အောက်ဆီဂျင်စုစက်များကို ၁၂ ဗို့ ကားဘက်ထရီဖြင့် မောင်းနှင်နိုင်၏။ ထိုစက်ကလေးများမှာ ၁၀ ကီလိုမျှသာလေးပြီး တစ်နေရာနှင့်တစ်နေရာ ရွှေ့ရာ၌ လွယ်ကူစေရန် ဘီးတပ်ထား၏။ အောက်ဆီဂျင်စုစက်များကို လေအဝင်အထွက် ကောင်းစွာရသည့်နေရာ၌ ထားရ၏။
အောက်ဆီဂျင်စုစက်ကို သုံးရန်လွယ်ကူ၏။ ၎င်းတွင် အဖွင့်အပိတ်ခလုတ်နှင့် အောက်ဆီဂျင်စီးဆင်းနှုန်းကို ချိန်ညှိပေး သည့် ခလုတ်သာပါ၏။
§ အောက်ဆီဂျင်စုစက်ကို ထိန်းသိမ်းရန်လည်း လွယ်ကူပါ၏။ စက်နောက်ဘက်ရှိ ဖုန်စစ်ကို တစ်ပါတ်တစ်ခါ ဆေးပေးပါ။ စက်ကို တစ်နှစ်တစ်ကြိမ် servicing လုပ်သင့်၏။
§ အောက်ဆီဂျင်စုစက်ကို ၂၄ နာရီဖွင့်သုံးနိုင်၏။ မလိုအပ်ပါက ရေငွေ့ပေးကိရိယာ (humidifier) သုံးစရာမလိုပါ။ အကယ်၍ လေသိပ်ခြောက်လာပြီဆိုပါမူ ရေငွေ့ပေးကိရိယာ သုံးနိုင်ပါသည်။ ရေငွေ့ပေးကိရိယာအတွက် ပေါင်းခံရည်ကို သုံးပါ။ ပေါင်းခံရည်ကို တစ်နေ့တစ်ခါ လဲပေးပါ။
§ အောက်ဆီဂျင်စုစက်သည် လေကောင်းကောင်း ဆွဲသွင်းရန် နှင့် လေဆိုးထုတ်ရန် နေရာအကျယ်အဝန်း လုံလုံလောက်လောက် လို၏။ စက်ကို လေကောင်းလေသန့်ရသည့် နေရာ၌ ထားပါ။
§ အောက်ဆီဂျင်စုစက်ကို အိမ်ထောင်ပရိဘောဂများမှ အနည်းဆုံး တစ်ပေ သို့မဟုတ် နှစ်ပေခန့်ခွာထားပါ။
§ အောက်ဆီဂျင်ကို လူနာအားမပေးမီ စက်ကို ၁၅ မိနစ်မှ မိနစ် ၂၀ လောက်ကြာသည်ထိ မောင်းထားပါ။ (တည်ငြိမ်ပြီး သန့်စင်သော အောက်ဆီဂျင်ရစေရန်ဖြစ်၏။)
§ အောက်ဆီဂျင်ပိုက်ကို ခွေခေါက် မနေပါစေနှင့်။ တတ်နိုင်သမျှ ဆန့်ထားပါ။
§ အတွင်းပိုင်းမှ လေစစ်ကိရိယာများ ဖုံများကပ်ငြိ၍ ပျက်စီးခြင်းမဖြစ်စေရန် စက်ကို တစ်လလျှင် အနည်းဆုံး (၁၀) နာရီ မောင်းပေးပါ။ (၁၀ နာရီ ဆက်တိုက်ဖြစ်စရာမလို။)
§ အကယ်၍ ရေငွေ့ထည့်ကိရိယာ (humidifier) သုံးပါက စက်ကို လစဉ်သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းရေးလုပ်သည့်အခါ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ရေနွေးနွေးဖြင့် အသာအယာ ပွတ်တိုက် ဆေးကြောပါ။ ဓာတုဆေးရည်၊ ကြမ်းတမ်းသော ရေမြှုပ် စသည်တို့ မသုံးပါနှင့်။ အကယ်၍ ခြစ်ရာများပေါ်သွားလျှင် ထိုခြစ်ရာများအတွင်း၌ ဘက်တီးရီးယားတို့ ပေါက်ဖွားတတ်၏။
(၆) အောက်ဆီဂျင် ထုတ်စက် (Oxygen Generator)
လေကိုယူပြီး အောက်ဆီဂျင်ထုတ်ပေးသည့် နောက်စက်တစ်မျိုးမှာ အောက်ဆီဂျင်ထုတ်စက် (Oxygen Generator) ဖြစ်၏။ ထိုစက်ကြီးများမှာမူ တစ်နာရီလျှင် လီတာ ၅၀၀၀ ခန့်ထိ ထုတ်နိုင်၏။ တစ်နေ့လျှင် အောက်ဆီဂျင် ဓာတ်ငွေ့အိုး အလုံး (၃၀) မှ (၅၀) ထိ ဖြည့်နိုင်၏။ ထိုစက်ကြီးများမှာမူ ဈေးကြီး၏။ စက်တစ်လုံးလျှင် အမေရိကန်ဒေါ်လာ တစ်သိန်း (မြန်မာငွေ သိန်း ၁၄၀၀ ခန့်) ရှိ၏။ ထိုစက်ကို မောင်းနှင်ဘို့ရာ ဇီဝနည်းပညာအတတ်ပညာရှင်များ လို၏။ ထိုစက်ကြီး များကိုမူ ရေရှည်သုံးရန်အတွက် ရင်းနှီးမြှုပ်နှံသင့်၏။ များသောအားဖြင့် ထိုစက်ကြီးများကို အမေရိကန်နှင့် တရုတ်က ထုတ်၏။ စက်လည်ပတ်ရန် မည်သည့်ကုန်ကြမ်းမျှ မလို။ လျှပ်စစ်မီးရှိလျှင် ရပြီ။
ကျန်းမာရေးသုံး အောက်ဆီဂျင်ထုတ်စက်များသည် European Directive 93/42/EEC on Medical Device နှင့် ကိုက်ညီ ရမည်။ အများအားဖြင့် Pressure Swing Adsorbtion (PSA) technology ကို သုံး၏။
အောက်ဆီဂျင်စုစက်နှင့် ထုတ်စက်များ၏ ကောင်းကွက်မှာ နေရာမရွေးသုံးလို့ရ၏။ စက်လည်ပတ်ရန် ကုန်ကြမ်းမလို။ လိုအပ်ပါက အောက်ဆီဂျင်ကို တောက်လျှောက် ပေးနေနိုင်၏။
(၇) ကိုဗစ်လူနာတစ်ဦးအတွက် အောက်ဆီဂျင်မည်မျှပေးရန် လိုသနည်း
Ref:
နားနေချိန်၌ သာမန်လူကြီးတစ်ဦးသည် တစ်မိနစ်လျှင် လေ (၇) လီတာမှ (၈) လီတာထိ ရှူသွင်း ရှူထုတ်လုပ်၏။ ဆိုလိုသည်မှာ တစ်နေ့လျှင် လေ ၁၁,၀၀၀ လီတာကို ရှူသွင်း ရှူထုတ်လုပ်၏။ ရှူသွင်းလိုက်သော လေတွင် အောက်ဆီဂျင် ၂၁% ပါ၍ ရှူထုတ်လိုက်သောလေတွင် အောက်ဆီဂျင် ၁၅% မျှ ပါ၏။ ရှူသွင်းလိုက်သော လေမှ အောက်ဆီဂျင်မည်မျှကို ခန္ဓာကိုယ်က စုပ်ယူထားလိုက်သနည်း ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ အချက်များပေါ် များစွာမူတည်နေ၏။
အကယ်၍ ကိုဗစ်လူနာတစ်ဦးသည် အောက်ဆီဂျင် ၉၀% အောက် လျော့ကျသွားသည် ဆိုအံ့။ ၎င်းကို အောက်ဆီဂျင် ပေးရန်လို၏။ သွေးထဲ၌ အောက်ဆီဂျင်ပါဝင်နှုန်းကို Oximeter ဖြင့် အလွယ်တကူ စစ်နိုင်၏။ ကိုဗစ်လူနာတစ်ဦး အောက်ဆီဂျင်လိုမလိုကို ၆ မိနစ် လမ်းလျှောက်စမ်းသပ်နည်းဖြင့် အောက်ပါအတိုင်း စမ်းသပ်နိုင်သည် ဆို၏။
လမ်းမလျှောက်မီ အောက်ဆီဂျင်ကို စစ်ပါ။ မှတ်ထားပါ။
ထို့နောက် ၆ မိနစ် လမ်းလျှောက်ပါ။
လမ်းလျှောက်ပြီးသည့်အခါ အောက်ဆီဂျင်ကို ထပ်မံစစ်ဆေးပါ။
လမ်းလျှောက်ပြီးနောက် တိုင်းတာ၍ရသည့် အောက်ဆီဂျင်တန်ဘိုးသည် - လမ်းမလျှောက်မီ ရှိသည့် အောက်ဆီဂျင် တန်ဘိုးထက် (ပိုမြင့်လာရမည့်အစား) လျော့ကျသွားသည်ဆိုပါက ဤလူနာအား အောက်ဆီဂျင်ပေးရန် လိုအပ်နေပြီ ဟု သတိပေးလိုက်ခြင်းပင် ဖြစ်သတည်း။
အကယ်၍ လူနာသည် ၆ မိနစ်မျှပင် လမ်းလျှောက်ရန် မတတ်နိုင်တော့ ဆိုလျှင်မူ အလျင်အမြန် အောက်ဆီဂျင် ပေးရန် လို၏။
မည်သည့် ကိုဗစ်လူနာသည် အောက်ဆီဂျင်မည်မျှလိုသနည်း ဟူသည်မှာ အခြေအနေများစွာပေါ် မူတည်နေပါ၏။ ပုံသေ ကားကျ တွက်ထားလို့မရ။
အချို့မှာ တစ်မိနစ်လျှင် (၁) လီတာမှ (၂) လီတာထိ လိုနိုင်၏။
အောက်ဆီဂျင်ပေးမှု မထိရောက်ပါက (၃) လီတာမှ (၄) လီတာထိ လိုနိုင်၏။
အချို့လူနာများမှာ HFNC (High Flow Nasal Cannula) လို၏။ ထိုလူနာများကိုမူ အောက်ဆီဂျင် တစ်မိနစ်လျှင် ၆၀ လီတာထိ လိုသည်ဆို၏။ အချို့လူနာများသည် တစ်နေ့လျှင် အောက်ဆီဂျင် ၈၆,၀၀၀ လီတာထိ လိုသည် ဆို၏။
အပိုင်း (၃) သို့ဆက်ရန်
အေးငြိမ်း (လေးမျက်နှာ)
၁၇ ဇူလိုင် ၂၀၂၁
No comments:
Post a Comment