(၁)
လောကတွင် လူအမျိုးအစား နှစ်မျိုးတို့သည် ရှိ၏။
၎င်းတို့မှာ သူတော်ကောင်းနှင့် သူယုတ်မာတို့ ဖြစ်၏။
၎င်းတို့နှစ်ဦး၏ အဓိကကွာခြားချက်မှာ သူတော်ကောင်းသည် အဖြူကိုသာ အမြဲစဉ်းစားပြီး သူယုတ်မာမှာ အမည်းကိုသာ အစဉ်အမြဲ တွေးတော ကြံဆနေခြင်းဖြစ်၏။ သူတော်ကောင်းသည် ယုတ်မာဘို့ကို မည်သည့်အခါမှ မစဉ်းစား။ သူယုတ်မာသည်လည်း ကောင်းရာမွန်ရာ လုပ်ဖို့ကို မည်သည့်အခါမှ စဉ်းစားတွေးတောသူ မဟုတ်လေ။
သူတော်ကောင်းသည် အများကောင်းစားဘို့အရေးကိုသာ ရှေ့ရှုတွေးတော လုပ်ကိုင် ပြောဆို၏။
သူယုတ်မာသည် သူတစ်ဦးတည်းအတွက်သာ တွေးပြီး မိမိကောင်းစားရေးအတွက် မည်သူ့ကိုမဆို ဒုက္ခပေးဘို့၊ မတရားလုပ်ဘို့၊ သတ်ဘို့ဖြတ်ဘို့ ဝန်လေးသူမဟုတ်။
ဘယ်သူသေသေ ငတေမာပြီးရော ဟူသည့် စကားမှာ သူယုတ်မာတို့အတွက် ထားခဲ့တာဖြစ်၏။
လူတစ်ဦး သူတော်ကောင်းဖြစ်ခြင်း၊ သူယုတ်မာဖြစ်ခြင်းမှာ အခြားသူ လုပ်လို့မရ။ သူတို့ကိုယ်တိုင် လုပ်ယူရတာ ဖြစ်၏။
၎င်းတို့၏ ပြုမူ၊ ပြောဆို၊ နေထိုင်ပုံ၊ လုပ်ကိုင်ပုံများကို ကြည့်ပြီး ပတ်ဝန်းကျင်က သူတော်ကောင်း၊ သူယုတ်မာဟု သတ်မှတ်တာ ဖြစ်၏။
သူတော်ကောင်းသည် ရိုး၏၊ ဖြောင့်၏။ မလိမ်တတ်၊ မညာတတ်။ ရှိလျင် ရှိသည်ပြော၏။ မသိလျင် မသိဘူး ပြော၏။
ရိုးသားခြင်း၊ ဖြူစင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ကိုယ်ချင်းစာခြင်း၊ သင့်မသင့်၊ တော်မတော် ရှေ့နောက် နှိုင်းချိန်စဉ်းစားခြင်း၊ တရားမျှတမှုရှိခြင်း စသည့်စကားလုံးတို့မှာ သူယုတ်မာတို့အတွက် မဟုတ်။
လောကလူသားအပေါင်းတို့သည် သူတော်ကောင်းနှင့် ပေါင်းဖော်မှီယှဉ်တွဲ၊ မီဝဲရခြင်းအတွက် ချမ်းသာကို ရကြကုန်၏။
လောကလူသားအပေါင်းတို့သည် သူတော်မဟုတ် သူယုတ်မာတို့ကြောင့် ကိုယ်ဆင်းရဲခြင်းလည်း ဖြစ်ကြရကုန်၏။ စိတ်ဆင်းရဲခြင်းလည်း ဖြစ်ကြရကုန်၏။ မလိုလားအပ်သည့် အလုပ်ပိုတို့ကိုလည်း လုပ်ကြရကုန်၏။ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရနှင့် ဒုက္ခပင်လယ် ဝေကြရကုန်၏။
ကမ္ဘာမြေကြီးသည် သူယုတ်မာတို့ကို ထမ်းပိုးထားရခြင်းအတွက် ဝန်လေးလှဘိ၏။
သူယုတ်မာတို့ကား ဤလူ့ဘောင်လောကကြီးအတွက် အလိုမရှိအပ်၊ မတောင့်တအပ်၊ မလိုလားအပ်သော အမှိုက်သရိုက်များသာ ဖြစ်သတည်း။
အမှိုက်သရိုက်ဟူသည် အိမ်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ၊ ဈေး၌ဖြစ်စေ၊ လမ်း၌ဖြစ်စေ၊ မည်သည့်နေရာတွင်မှ ထားလို့ ရစကောင်းသော အရာမဟုတ်။ အမှိုက်မှန်သမျှ ရှင်းလင်းပစ်ကြရသည်သာ ဖြစ်၏။
ဤလူ့လောက၏ အမှိုက်များကိုလည်း . . . . . .
(၂)
ယခင်က ကျွန်ုပ်တို့သည် “ကြည် - ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်” ဟူသည့် စာတိုကလေးကို ချစ်ခင်မြတ်နိုးစွာဖြင့် ဝေဖန်သုံးသပ်ကြကုန်၏။ စာကလေးကား တိုတောင်းလှ၏။ တောဘွဲ့၊ တောင်ဘွဲ့၊ မောင်ဘွဲ့၊ မယ်ဘွဲ့တွေ၊ ဘုန်းတော် ဘွဲ့တွေလို ဘာမှ ဖွဲ့နွဲ့မနေ။
သူ့ဆန္ဒကို အလွန်ရိုးရှင်းစွာ၊ ရိုးသားစွာ ဖော်ထုတ်ပြသလိုက်ခြင်းသာ ဖြစ်၏။
သို့သော် ဤစာကလေး၏ နောက်ကွယ်တွင် စာရေးသူကို အတိုင်းသား မြင်နိုင်၏။
“ကြည် - ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်” ဟူသည့် စာတိုကလေးမှတဆင့် ဗိုလ်ချုပ်၏ နှလုံးသားကို၊ ဗိုလ်ချုပ်၏ စိတ်ဓာတ်ကို ဖွင့်ဆိုရှင်းလင်းထားသည့် စာများကား အလွန်များပြားလှသည်ဖြစ်ရာ ကျွန်ုပ်ထပ်ပြောဘို့ မလိုတော့ပြီ။
ထို့ပြင်လည်း ကျွန်ုပ်ယခုပြောလိုသည့် အကြောင်းမှာ ထိုအကြောင်းမဟုတ်သဖြင့် ပြောလိုသည့် အကြောင်းမှ ဘေးချော် သွားမည် စိုးပါသဖြင့် မပြောလိုတော့ပြီ။
ယခု ကျွန်ုပ်ပြောလိုသည်မှာ အနှီ ‘ပဲပြုတ်နှင့်နံပြား’ ၏ အင်မတန် ချစ်စရာကောင်းလှသည့် မျိုးဆက် အကြောင်းဖြစ်၏။
“လက်ထဲမှာလည်း ငွေသားက မကျန်တော့ဘူး။ မကျန်တော့တဲ့အခါကျတော့ ဖြစ်နိုင်ရင် ရှေ့နေတွေက တဆင့်ပဲ လုပ်ပေးပါလို့ တောင်းဆိုပါတယ်"
ဤစကားကလေး ကြားရတော့ ကျွန်ုပ်မှာ မျက်ရည်လည်း ဝဲမိ၏။ မချိတင်ကဲလည်း ဖြစ်မိ၏။
တခြားသူတွေတော့မသိ။ ကျွန်ုပ်မှာမူ ဤသူ့စကားတိုတိုကလေးမှတဆင့် သူ့ကို လှမ်းကြည့်နေမိပါသည်။
သူသည် စကားပြောရာတွင် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြော၏။ စကားပြောရင်း ရီလိုက်လျှင်လည်း သူ့ပွင့်လင်း ရိုးသားမှုကို သူ့အရီအပြုံးများတွင် တွေ့နိုင်၏။
သူသည် မြန်မာပြည်သူပြည်သားများ ကောင်းစားရေးကိုသာ အစဉ် ရှေးရှု၏။ သူတွေးသမျှ၊ ပြောသမျှ၊ ကြံစည်သမျှ၊ လုပ်သမျှ အားလုံးတို့ထဲတွင် သူ့ဘို့ဆိုတာ တစ်ခုမှမပါ။ အားလုံးမှာ မြန်မာပြည်အတွက်သာ ဖြစ်ကုန်၏။
ဤသည်ကို သူထုတ်ဖော် ကြေငြာနေစရာမလို။ သူလုပ်နေတာ၊ ပြောနေတာတွေကြည့်ခြင်းဖြင့် ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားများသည် သိကြကုန်၏။
မြန်မာပြည်ပေါက် လူယုတ်မာများသည် သူ့ကို အမျိုးမျိုး ဒုက္ခပေးခဲ့၏။ အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းခဲ့ကြ၏။
သို့တိုင် သူသည် ထိုသကောင့်သားများအပေါ် ဘာတစ်ခုမှ လက်တုံ့ပြန်ဘို့ မစဉ်းစားခဲ့စဖူး။
စကားအဖြစ် ပြောတာတောင် တရံတဆစ်မှ မကြားခဲ့ရစဖူး။
ဤသည့်အတွက်ကြောင့်ပင် ကျွန်ုပ်တို့ မြန်မာပြည်သားအပေါင်းသည် သူ့ကို ချစ်ကြ၏။
(မြန်မာပြည်သားအပေါင်းဟု ကျွန်ုပ်ဆိုရာတွင် လူလိုတွေးတတ်ပြီး လူလိုကြည့်တတ်၊ မြင်တတ်သူများသာ ပါသည်။ လူလိုမတွေးတတ်၊ လူလိုမကြည့်တတ်၊ မမြင်တတ်သူများကို ကျွန်ုပ်က ‘လူ’ ဟု မသတ်မှတ်ပါ။ ကျွန်ုပ်ပြောသည့် မြန်မာပြည်သားအပေါင်းတွင် ထိုသူတို့မပါပါ။)
ယခု သူက လက်ထဲမှာ ငွေမရှိတော့ဘူးဆိုတော့ အနှေးယာဉ် လုပ်သားတစ်ဦးက သူစုထားတဲ့ငွေနဲ့ဆေးလေးတွေ ဒေါ်အောင်ဆန်းစုကြည်ကို လှူချင်ပါတယ် ဟု ကွန်မန့်ပေးသည်ဆို၏။ ဤသည်မှာ ကျွန်ုပ်တို့ မြန်မာပြည်သား အားလုံး၏ ဆန္ဒပင် ဖြစ်သတည်း။ ကျွန်ုပ်တို့သည် သူ့အတွက် ဘာမဆိုလုပ်ပေးရန် အသင့်ရှိနေကြ၏။
ကျွန်ုပ်တို့ သူ့ကို ဘာ့ကြောင့် သည်လောက်ချစ်ကြသနည်း။
သူသည် သူတော်ကောင်းဖြစ်ခြင်းကြောင့်တည်း။
(၃)
အခြားတစ်ဖက်တွင် -
သူယုတ်မာနှင့် ၎င်း၏ အပေါင်းအဖော်တို့သည် မြန်မာပြည်သူပြည်သား အပေါင်းကို နေ့ရှိသရွေ့ ဒုက္ခပေးလျက် ရှိ၏။
လူကြီးလူငယ်၊ ကျားမမရွေး၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ သူတို့မျက်စိထဲ မည်းမည်းမြင်ရာမှန်သမျှ အကုန်ဖမ်း၏။ မတရားနှိပ်စက် ညှဉ်းပန်း၏။ လက်မြှောက်ထားသူကိုပင် သေနတ်နှင့် ပစ်သတ်၏။
ကျောင်းများတွင် ကျောင်းတက်မည့်သူ မရှိပါဘဲလျက်၊ စာသင်မည့် ဆရာ/ဆရာမမရှိပါဘဲလျက် အတင်း အဓမ္မ ကျောင်းဖွင့်ဘို့လုပ်၏။ အိမ်များ၊ ကားများ၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး၏။
လိမ်ညာလှည့်ဖြားထားသည့် မဟုတ်မမှန်သတင်းများကို မြဝတီ၊ မြန်မာအသံတို့မှ နေ့စဉ် ထုတ်လွှင့်၏။ ၎င်းတို့၏ ယုတ်မာမှုများကို ဖုံးကွယ်ရန် ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းယောင် ဆောင်ကြ၏။ သို့သော် ၎င်းတို့ သူတော်ကောင်းယောင် ဆောင်ခါမှ မသူတော်တို့၏ စရိုက်သည် ဘွင်းဘွင်းကြီး ပေါ်လာ၏။
ကျွန်ုပ် သူယုတ်မာတို့အကြောင်းကို အကျယ်မရေးချင်ပါ။ ကျွန်ုပ်ခံစားရသလို သင်တို့လည်း ခံစားခဲ့၊ ခံစားဆဲ ဖြစ်သဖြင့် လူတိုင်းသိနေပြီးဖြစ်သော အကြောင်းအရာ ဖြစ်ပါသည်။
လက်နက်ကိုင်လူတစ်စုမှာ ခွေးရူးတစ်ကောင်အတွက် တိုက်ခိုက်နေရခြင်းသာ ဖြစ်ပြီး ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်၏။ စိတ်ဓာတ်ရေးရာ အရဖြင့်ပင်လျှင် ကျွန်ုပ်တို့ အကြီးအကျယ် အောင်ပွဲခံနေနိုင်ပြီ ဖြစ်၏။
ကျွန်ုပ်တို့ ရေကုန်ရေခမ်းတိုက်ကြမည်။
အဆုံးသတ်တိုက်ပွဲကို ကျွန်ုပ်တို့ ဆင်နွှဲကြမည်။
အနှစ်နှစ်အလလက အမြစ်တွယ်နေခဲ့သော စစ်အာဏာရှင် စနစ်ဆိုးတည်းဟူသော ကင်ဆာရောဂါကြီးကို အပြီးတိုင် တိုက်ဖျက်ပစ်ကြမည်။
စစ်တပ်က အာဏာသိမ်းဘို့ မဆိုထားပါနှင့်။
‘အာဏာသိမ်း’ ဆိုသည့် စကားလုံးကို ကြားရုံမျှနှင့်ပင် ‘ကိန် ကိန် ကိန်’ ဟု အော်ကာ အမြီးကုတ် ထွက်ပြေးရလောက် အောင် ကြောက်ချီးတုန်သွားစေရမည်။
အရေးတော်ပုံ အောင်ရမည်။
အေးငြိမ်း
၈ ဇွန်လ၊ ၂၀၂၁
No comments:
Post a Comment