Saturday, June 12, 2021

“မြန်မာပြည်ပညာရေးနှင့် အစွန်းရောက် ဝါဒီများ” ဆောင်းပါးအား ပြန်လည်ချေပခြင်း (၂)

အပိုဒ် (၄)

=======

 

စစ်ကျွန်ပညာရေး” ဟုခေါ်ဝေါ်ခြင်း

 

မြန်မာပြည်တွင် ပေါက်ဖွားကြီးပြင်းလာပြီး ယနေ့ အသက် ၃၀ နှင့်အထက်ရှိသူ အများစုမှာ ၁၉၆၂ ခုနှစ်မှစ၍ မဆလ ခေတ် ပညာရေးစနစ် နှင့် နဝတ / နယက ခေတ် ပညာရေးစနစ်တို့တွင် ကျောင်းနှင့် တက္ကသိုလ် တက်ခဲ့ကြသည်။ ၂၀၁၁ မှ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်နှင့်ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သောအစိုးရခေတ်၌ မြန်မာပညာရှင်များ ဖေါ်ထုတ်ခဲ့သော ပညာရေးပြုပြင်ပြောင်းလဲခြင်းပေါ်လစီများအရ ကျောင်းသင်ရိုးညွှန်းတမ်း အသစ်တို့ကို စတင်ရေးဆွဲခဲ့သည်။ 

 

NLD ဦးဆောင်သော ၂၀၁၆၂၀၂၀ အစိုးရခေတ်တွင် အသုံးပြုလာသော ကျောင်းသင်ရိုး ညွှန်းတမ်းအသစ်သည်လည်း ဦးသိန်းစိန်အစိုးရခေတ်က သင်ရိုးညွှန်းတမ်း တစ်စိတ်တစ်ပိုင်းပါသည်။ ထို့ပြင် ဦးသိန်းစိန်အစိုးရခေတ်တွင် အတည်ပြု ခဲ့သော တိုင်ရင်းသားဘာသာစကားများ ကျောင်းချိန်တွင် သင်ကြားရေး၊ အခမဲ့မသင်မနေရ မူလတန်း ပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေး အစရှိသည့်ပေါ်လစီ မြောက်များစွာမှာ ကောင်းမွန်မှန်ကန်သဖြင့် NLD ဦးဆောင်သော အစိုးရလက်ထက်တွင် ဆက်လက်အသုံးပြုခဲ့သည်။ ထိုကဲ့သို့လည်း ဖြစ်သင့်သည်။ ပညာရေးဟူသည်မှာ ပါတီနိုင်ငံရေးအရ လိုက်မပြောင်းသင့်ပါ။ 

 

သို့ဖြစ်၍ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အထိ အသုံးပြုသော ပညာရေးစနစ်များသည် တစ်နည်းမဟုတ် တစ်နည်း စစ်အစိုးရ သို့မဟုတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရနှင့် ဆက်စပ်နေသည်ဟုဆိုနိုင်သည်။ စစ်ကျွန်ပညာရေး” ဟုခေါ်ချင်ခေါ်၊ ကျွန်မ အပါအဝင် မြန်မာအများစုမှာ ဤပညာရေးစနစ်အတွင်း ပညာဆည်းပူးခဲ့ကြသည်။ စစ်ကျွန်ပညာရေးကို ဆန့်ကျင်သူတို့သည် မိမိတို့ကိုယ်တိုင် ဤပညာရေးစနစ်အတွင်း ပညာဆည်းပူး လာခဲ့သည့်သူများဖြစ်သည်။

 

++++++++++++++++++++++

 

ဘာတဲ့။

 

မြန်မာအများစုမှာ ဤပညာရေးစနစ်အတွင်း ပညာဆည်းပူးခဲ့ကြသည်။ စစ်ကျွန်ပညာရေးကို ဆန့်ကျင်သူတို့သည် မိမိတို့ကိုယ်တိုင် ဤပညာရေးစနစ်အတွင်း ပညာဆည်းပူး လာခဲ့သည့်သူများဖြစ်သည်။”

 

အောင်မယ်၊ လာလာချေသေး။

ခင်ဗျားပြောပုံက ကျုပ်တို့ကပဲ ကြိုက်လွန်းလှလို့ စစ်ကျွန်ပညာရေးကို အမြတ်တနိုး၊ တန်ဘိုးထားပြီး ဆည်းပူးနေရ သယောင်ယောင်။

 

ဒီမယ်၊ ဒေါ်ရင်ရင်နွယ်ရဲ့။

မြန်မာပြည်မှာ မွေးလာတဲ့ ကျုပ်တို့အဖို့ မြန်မာပြည်မှာ သင်နေတဲ့ကျောင်းမတက်လို့ ခင်ဗျားပထွေး စစ်ဗိုလ်ချုပ်ရဲ့ သားသမီးတွေလို နိုင်ငံခြားသွား ကျောင်းတက်ရမှာလားဗျ။ အသက်သာကြီးပြီး အချိန်ကလည်း တစ်စက်ကမှ မစီးပါ ကလား။ ဒီနိုင်ငံမှာနေရင် ဒီကျောင်းတက်ရမယ် ဆိုတာလောက်မှ မသိဘဲ ဒေါက်တာ ဆိုတဲ့ဘွဲ့ကြီးများ ယူထားချင်ရ သေးတယ်။ ခင်ဗျားဘွဲ့ကြီး လွှင့်သာပစ်လိုက်ပါဗျာ။ ဖွမ်

 

အပိုဒ် (၅)

=======

 

သုံးစားမရသော ပညာရေး” ဟုခေါ်ဝေါ်ခြင်း

 

မြန်မာပြည် မဆလ၊ နဝတ/နယက ပညာရေးစနစ်များမှ ထွက်လာသူအချို့သည် နိုင်ငံခြား ပညာတတ်များနှင့် ယှဉ်နိုင်ရုံသာမက သာလွန်သော အဆင့်၌ရှိကြသည်။ ထိုသူတို့မှာ နိုင်ငံခြားတွင်ဖြစ်စေ၊ မြန်မာပြည်တွင်ဖြစ်စေ အလုပ်ခွင်တွင်ထူးချွန်၍ ထိပ်သို့ရောက်သည်။ နိုင်ငံခြားသားများ လေးစားရသော ပညာရှင်များ၊ နိုင်ငံတကာအဆင့် ဆုံး ဖြတ်ချက်ချနိုင်သူများ ဖြစ်လာကြသည်။ သို့သော် နိုင်ငံခြားထွက်၍ မအောင်မြင်သူများလည်းရှိသည်။ နိုင်ငံခြားတွင် ကျောင်းတက်ခဲ့ပါလျက် ဘွဲ့မရဘဲ ပြန်လာရခြင်း၊ မကြိုက်မနှစ်သက်သော သာမညောင်ညအလုပ်များဖြင့်သာ တင်းတိမ်ရခြင်း အစရှိသော သူများကိုလည်း ကြုံဖူးသည်။ 

 

ဆိုလိုသည်မှာ မြန်မာ့ပညာရေးစနစ်သည် အားနည်းချက်များရှိသော်လည်း သုံးမရ” ဟု သိမ်းကျုံး၍ပြောလို့မရပေ။ ထိုသို့ သိမ်းကျုံးပြောနေသော မြန်မာပြည်ပေါက်များသည် ကိုယ်ပိုင်အရည်အချင်းနှင့် ကြိုးစားမှုတို့ကို ပြန်မဆန်းစစ်ဘဲ မိမိရည်မှန်းသလောက် မအောင်မြင်သည့်အတွက် စနစ်ကို အပြစ်တင်နေခြင်းဖြစ်သည်။ 

 

++++++++++++++++++++++

 

ဒေါ်ရင်ရင်နွယ်ဟာ အခုဆို အသက် (၇၀) ကို ၂ နှစ်တောင် ကျော်လာပါပြီ။

စစ်ဗိုလ်ချုပ်တွေဟာ မြန်မာ့ပညာရေးကို စုတ်ပြတ်သတ်သွားအောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာလည်း အသိ။ (အဲလေ၊ သိချင်မှလည်း သိမှာပေါ့။)

ကျွန်တော်တို့မမွေးခင်က ရန်ကုန်တက္ကသိုလ်ဆိုတာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုဆိုတာ သူမသိဘဲမနေ။ 

နောက်တော့ ဦးနေဝင်းက စလို့ စနစ်သစ်ပညာရေး၊ စနစ်သစ်ပညာရေး နဲ့ တသစ်တည်း သစ်လာလိုက်တာ။ ခုထိ သစ်လို့ပဲ မဆုံးနိုင်။ 

အဲဒီလို့ စနစ်တွေသစ်ရင်းကပဲ ဘုရားစူးရပါစေ့ ပညာရေးဘဝကို ကျဆင်းသွားခဲ့ရတာပဲ။

ဒေါ်ရင်ရင်နွယ်ဟာ နိုင်ငံတကာ လှည့်နေသေးတယ်လည်းဆိုရဲ့။ နိုင်ငံပေါင်း (၅၀) လောက် ရောက်ဖူးသေးတယ်လည်း ဆိုရဲ့။ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ပညာရေးအကြောင်းကိုလည်း သိရဲ့။ အဲဒါနဲ့များတောင် သုံးစားမရတဲ့ ပညာရေး စနစ်ကြီးကို လိုက်ဖာနေသေးတယ်ဆိုတော့ ထန်းခေါက်ဖာ လိုက်ရောင်းနေတဲ့သူများလား မသိဘူးနော်။

 

“မြန်မာပြည် မဆလ၊ နဝတ/နယက ပညာရေးစနစ်များမှ ထွက်လာသူအချို့သည် နိုင်ငံခြား ပညာတတ်များနှင့် ယှဉ်နိုင်ရုံသာမက သာလွန်သော အဆင့်၌ရှိကြသည်။”

မှန်ပါတယ်ခင်ဗျာ။ တချို့သူတွေ နိုင်ငံခြားသွား ကျောင်းတက်ကြတယ်။ တော်ကြပါတယ်။

ဒါပေမယ့် . . . 

နိုင်ငံခြားမှာ သူများနဲ့ယှဉ်နိုင်တဲ့ တစ်ယောက်နှစ်ယောက်လောက်ကြည့်ပြီး စစ်ကျွန်ပညာရေးကို ချီးမွမ်းနေချင်သေး သလားခင်ဗျ။ ဩော်စ် . . . 

မြန်မာပြည်ကြီးကို အဲသည် ထိပ်ရောက်သွားတဲ့သူ တစ်ယောက်နှစ်ယောက်လောက်က လာတည်ဆောက်ပေးမယ်လို့ ခင်ဗျားထင်ပါသလား။

နိုင်ငံဆိုတာ တိုင်းသူပြည်သားတွေနဲ့ တည်ဆောက်ထားတာခင်ဗျ။

ဗလချီးနမ်းပညာရေးကြောင့် ဗလချီးနမ်းလူတွေဖြစ်ခဲ့ပြီး ဗလချီးနမ်းတိုင်းပြည်ကြီး ဖြစ်သွားရတာ မျက်ဝါးထင်ထင် တွေ့မြင်နေရပါလျက်ကနဲ့ “သုံးစားမရတဲ့ပညာရေး” ကြီးကို လိုက်ဖာနေတယ်ဆိုတော့ . . . အင်း . . . 

 

အဲဒီက ထန်းခေါက်ဖာတွေရမယ်။ (၃) ဖာမှ တစ်ထောင်ထဲနော်။

 

“ထိုသို့ သိမ်းကျုံးပြောနေသော မြန်မာပြည်ပေါက်များသည် ကိုယ်ပိုင်အရည်အချင်းနှင့် ကြိုးစားမှုတို့ကို ပြန်မဆန်းစစ်ဘဲ မိမိရည်မှန်းသလောက် မအောင်မြင်သည့်အတွက် စနစ်ကို အပြစ်တင်နေခြင်းဖြစ်သည်။”

 

အင်း . . ဘုန်းကြီးတစ္ဆေ ပြန်တရားဟောရတာ . . အာလည်း ပေါက်ပါရဲ့။

ခညားလည်း သိမှာပါ။ 

မြန်မာပြည်က ဘယ်လိုလူမျိုးပဲ လာလာ။ မြန်မာပြည်တုံးက ဘယ်လောက်ပဲ ဗရုတ်သုက္ခ နေလာနေနေ။ အားလုံးဟာ စင်ကာပူရောက်လာတာနဲ့ အလိုလို စည်းကမ်းသေဝပ်ပြီးသား ဖြစ်သွားရတာပဲခင်ဗျ။ အဲဒါ ဘာကြောင့်လဲလို့ ခင်ဗျား ထင်သလဲ။

စနစ်ခင်ဗျ။ စနစ်။

စနစ်ကနေ ဟောသလို နေရထိုင်ရသကွ လို့ သူတို့ကို တစ်ခါတည်း ပုံစံသွင်းပေးလိုက်တာ။ 

သူတို့သွင်းပေးတဲ့ပုံစံထဲသာ မဝင်လို့ကတော့ နားကားသွားမှာပေါ့ခင်ဗျာ။

 

ကြိုးစားတယ်ဆိုတာ ကြိုးစားဘို့အခွင့်အလမ်းလည်း ရှိအုံးမှကိုး။ 

စနစ်တကျလေ့ကျင့်ပေးမှ သူတို့အရည်အသွေးလည်း ပေါ်လာမှာကိုးခင်ဗျ။

ခင်ဗျားအဘတွေရဲ့ “မအောင်မရှိ ငါ့တပိ” စနစ်နဲ့များ ခင်ဗျားက ဘာကိုသွား ဆန်းစစ်နေချင်သေးတာတုံး။

ပြောစမ်းပါအုံး “နိုင်ငံခြားလွှတ်တဲ့ ပညာတော်သင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ Ph.D ဘွဲ့ရခဲ့တဲ့” ဒေါက်တာမကြီးရယ်။

 

++++++++++++++++++++++

 

အပိုဒ် (၆)

 

မိမိသင်ကြားခဲ့သောဘာသာရပ်ကို လုပ်ငန်းခွင်တွင် တိုက်ရိုက်ပြန်မသုံးနိုင်သဖြင့် “သုံးစားမရသော ပညာရေး” ဟု ပြောဆိုပါက လွဲမှားမည်။ မည်သည့်နိုင်ငံတွင်မဆို တက္ကသိုလ်တွင် လေ့လာခဲ့သည့် ဘာသာရပ်များအတိုင်း ပြင်ပ အလုပ်ခွင်များတွင် တိုက်ရိုက် ပြန်အသုံးချ၍ မရနိုင်ချေ။ (တက္ကသိုလ်၌ စာပြန်သင်သော ဆရာဆရာမများပင်လျှင် ခေတ်နှင့်အညီ သင်ရိုးညွှန်းတမ်းများကို မွမ်းမံပြင်ဆင်ရပါသည်။) 

 

ကျောင်းနှင့်တက္ကသိုလ်တို့၏ အဓိကတာဝန်မှာ ကလေးလူငယ်များကို (၁) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ (Cognitive skills) သင်ကြားပေးရန် ၊ (၂) စဉ်းစားသုံးသပ် နိုင်သောကျွမ်းကျင်မှုများ (critical thinking skills) နှင့် ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှုများ (people skills) ကို ပျိုးထောင်ပေးရန် ဖြစ်သည်။ နံပါတ်(၂)တွင်ဖေါ်ပြသော အရည်အချင်းများကို “(၂၁)ရာစု ကျွမ်းကျင်မှုများ” (21st Century Skills) ဟုလည်း ခေါ်ကြသည် (အညွှန်း ၂)။ 

 

၂၀၁၉၂၀၂၀ ခုနှစ်များတွင် သီရိလင်္ကာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွင် ကျွန်မသည် နိုင်ငံတကာ ပညာရှင်တစ်ဦးအနေဖြင့် အကြံပေး ခဲ့ရာ လုပ်သားဈေးကွက် (Labour Market, အညွှန်း ၃) များတွင် အထူးလိုအပ်နေသော “(၂၁)ရာစု ကျွမ်းကျင်မှုများ” မွေးထုတ်ရေးသည် ထိုစီမံကိန်း၏ အဓိကရည်ရွယ်ချက် ဖြစ်ခဲ့သည်။

လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ထိုကဲ့သို့သောကျွမ်းကျင်မှုများ မွေးထုတ်နိုင်စွမ်းမှာ အားနည်းချက်များ ရှိနေသေးသည်။ ထိုကဲ့သို့အားနည်းချက်များ ရှိစေကာမူ ကျောင်းမှန်မှန်တက်သော ကလေးများသည် အချိန်ကြာမြင့်စွာ ကျောင်းပျက်ကွက်သော ကလေးများထက် တစ်ပန်းသာသည်။ ကလေးများသည် ကြာရှည် ကျောင်းမတက်ပါက ပညာတတ်မြောက်မှုတွင် နစ်နာဆုံးရှုံးမှုများ (Learning losses) ဖြစ်သည်ဟု တွေ့ရှိရသည်။ 

(အညွှန်း ၄)။

 

++++++++++++++++++++++

 

သုံးစားမရသော ပညာရေး ကို အဓိပ္ပာယ်ဖွင့်ထားတာကိုက စောက်တလွဲ။

ဒီမယ် ဒေါက်ချာမကြီးရဲ့။ ကျောင်းကဆင်းဆင်းချင်း အလုပ်ထဲမှာ ကျောင်းသင်ပညာရေးကို တိုက်ရိုက်သုံးလို့မရဘူး ဆိုတာ ခင်ဗျားတစ်ယောက်တည်း သိတယ်များ အောက်မေ့မနေနဲ့။ Primary 6 တက်နေတဲ့ ကျုပ်သားတောင် သိတယ်။ လူတွေကိုလည်း အထင်ကသေးလိုက်သေး။ ဟာဟ။

 

ဘာတဲ့ ပညာရေးအကြံပေး ဟုတ်လား။ 

နေစမ်းပါဦးခင်ဗျာ။

အောက်မှာ ဖြစ်ပျက်နေတာတွေ၊ ကျောင်းသားတွေရဲ့ အခြေအနေတွေ ခင်ဗျား နည်းနည်းလောက် ကွင်းဆင်းကြည့်ဖူး ပါသလား။

အဲလေ၊ သွားချင်လည်း သွားမှာပေါ့။

သွားလည်း ဘာထူးမှာတုံး။

ဟုတ်ပါတယ်ခင်ဗျ။ ကောင်းပါတယ်ခင်ဗျ။ တော်ပါတယ်ခင်ဗျ တွေနဲ့ပဲ တွေ့ခဲ့မှာပါဘဲ။ 

ကျုပ်ကတော့ ကျောင်းတွေတော်တော်များများလည်း ရောက်ဖူးသလို ကျောင်းသားတွေရဲ့ အခြေအနေတွေနဲ့လည်း မျက်ခြည်မပြတ်လို့ သုံးစားမရသော ပညာရေး ဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက်ပါသဗျ။

ခင်ဗျားကိုယ်နှိုက်က အဲဒီ သုံးစားမရသော ပညာရေး ဆိုတာ ဘာလဲလို့ သိအောင် ကြိုးစားလိုက်ပါအုံးနော်။

 

++++++++++++++++++++++

 

အပိုဒ် (၇)

========

 

ကလေးများကျောင်းမတက်စေရန် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများ

 

အစိုးရကျောင်း ထားရန်၊ မထားရန်မှာ နိုင်ငံရေးနှင့်မဆိုင်။

မိသားစုအလိုက်သာ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။ ထိုကြောင့် အကြမ်းဖက်မှုကို အားမပေးသော်လည်း ကလေးများကို အစိုးရကျောင်း မထားရန် တိုက်တွန်းနေသောသူများသည် တာလီဘန်များကဲ့သိုပင် သူတစ်ပါး၏အခွင့်အရေးကို ပိတ်ပင်သူများဖြစ်သည်။ “NUG/ CRPH အစိုးရတက်မှ ကျောင်းတက်ရမည်” ဆိုသည်မှာ သူတစ်ပါး၏ ကလေးများကို ပညာမတတ်၊ စာမတတ် ဖြစ်အောင် တွန်းပို့နေသကဲ့သို့ဖြစ်သည်။ နိုင်ငံခြားတွင်နေသော မြန်မာများ၊ ကျောင်းပြီးသွား သော လူငယ်များ၏ မိဘများ၊ ပုဂ္ဂလိကကျောင်း၊ နိုင်ငံခြားကျောင်းများတွင် ကျောင်းထားနိုင်သော မိဘများသည်လည်း အစိုးရကျောင်းများသာ ထားနိုင်သည့် မိဘများကို စာနာ ထောက်ထားသင့်သည်။ 

 

++++++++++++++++++++++

 

အောင်မငီး . . . 

ကျုပ်တို့ကို “တာလီဘန်” တဲ့ခင်ဗျ။ စွပ်စွဲချက်က မြင့်လှချေကလား။

တာကိုပဲ လီဘန်ဘန်။ မတာပဲနဲ့ပဲ လီဘန်ဘန်။ ကျုပ်တော့ ဂရုမစိုက်ပေါင်။

 

ဒီမယ် ဒေါက်တာရင် ဘယ်သူ . . . ရဲ့

အခုကျုပ်တို့လုပ်နေတာ ခင်ဗျားပထွေး၊ နိုင်ငံတော်အာဏာကို ဓားပြတိုက်သွားတဲ့ သူခိုးတွေကို တိုက်နေတာ ဖြစ်တယ် ဆိုတာ ခင်ဗျား မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့။

အိပ်ချင်ယောင် ဆောင်နေတဲ့သူကို အနှိုးရခက်ပါတယ်ဗျာ။

 

ခင်ဗျားဟာ CDM လုပ်နေတဲ့ ဆရာဝန်တွေကိုလည်း အသားလွတ် စော်ကားသေးတယ်။ 

ဆရာဝန်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ ဆရာ/ဆရာမတွေပဲဖြစ်ဖြစ်၊ ကျောင်းသားတွေပဲ ဖြစ်ဖြစ်၊ အစိုးရဝန်ထမ်းတွေပဲ ဖြစ်ဖြစ်။

ကျုပ်တို့အားလုံးလုပ်နေတာဟာ စစ်သူခိုးဓားပြတွေ ပြုတ်ကျရေးပဲ။

ကျုပ်တို့ဆီက ဓားပြတိုက်ယူသွားတဲ့ နိုင်ငံတော်အာဏာကို ပြန်တိုက်ယူနေတာဗျ။

ခင်ဗျားတို့လို စစ်ဘောမ ဒေါက်တိုင်တွေရှိနေလို့ စစ်သူခိုးတွေ သက်ဆိုးရှည်နေတာ။

တစ်ယောက်မှ ဒီအကောင်တွေနဲ့ မပူးပေါင်းပဲနေရင် အဲဒီအကောင်တွေ ပြုတ်ကျတာ ကြာပေါ့။

 

ဘှာ - - - 

“အစိုးရကျောင်း ထားရန်၊ မထားရန်မှာ နိုင်ငံရေးနှင့်မဆိုင်။”

ခင်ဗျား ဘယ်လိုအရည်အချင်းနဲ့များ UN ရောက်သွားရသလဲ ကျုပ်နည်းနည်းမှ နားမလည်နိုင်ပေါင်ဗျာ။

နိုင်ငံတစ်နိုင်ငံမှာ ဖြစ်ပျက်နေတာ အားလုံးဟာ နိုင်ငံရေးနဲ့ ဆိုင်တာချည်းပဲဗျ။

ကျောင်းမပြောနဲ့။

လမ်းဘေးမှာ ဗန်းလေးနဲ့ချရောင်းနေတဲ့ ကန်စွန်းရွက်သည်တောင် နိုင်ငံရေးနဲ့ ဆိုင်တယ်ခင်ဗျ။

တကယ်လို့ နိုင်ငံသာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူတွေသာ ပျော်ပျော်ရွှင်ရွှင် သွားလို့လာလို့သာဆို . . .

ဟော - - ကန်စွန်းရွက်ရောင်းတဲ့သူလည်း စိတ်အေးချမ်းသာနဲ့ သီချင်းလေး တငြီးငြီးဆိုပြီး ရောင်းနေနိုင်မယ်။

 

နိုင်ငံရေးသာမကောင်းလို့ကတော့ အီးအီးတောင် ဖြောင့်အောင်ယိုနိုင်မှာ မဟုတ်ဘူးခင်ဗျ။

အိမ်သာတက်နေတုံးများ . . . 

ဟာ . . ဟေ့ကောင်တွေ၊ ပြူစောထီးတွေလာနေပြီဟေ့၊ ပြေး ပြေး . . . သာဆို

အီးတောင် ကုံးချိန်ရမှာမဟုတ်ဘူး။


ဆက်ပါဦးမည်။

 

အေးငြိမ်း (လေးမျက်နှာ)

၁၂ ဇွန်လ၊ ၂၀၂၁

No comments: